အခန်း (၁၄၇၃)
Vol. 99 Ch. 1473
သံမဏိသစ်ပင်တောတန်း
ဤအရာသည် အထက်နယ်မြေ၏ တတိယအဆင့် တားမြစ်တည်နေရာတစ်ခုဖြစ်၏။ သံမဏိကဲ့သို့ မာကျောလှသော သစ်ပင်များ ပေါက်ရောက်သည့် တည်နေရာဖြစ်သောကြောင့် သံမဏိသစ်ပင်တောတန်းဟု ခေါ်၏။ ဤသံမဏိ သစ်ပင်များအား အသုံးအဆောင်ပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုတတ်ပြီး တခြားသော ရတနာများ မရှိဘူးဆိုလျှင်တောင်မှ သိုင်းကျင့်ကြံသူများအနေနှင့် ထိုနေရာဆီသို့ ရောက်ရှိလာ၍ သစ်ပင်များ ခုတ်ဖြတ်ကြသည်။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ခေါ်ဆောင်ကာဖြင့် သံမဏိသစ်ပင် တောတန်းထဲသို့ ဝင်ရောက်လာခဲ့၏။ အထဲတွင် တိုက်ခိုက်လျက်ရှိနေသော လေများသည် ကြမ်းတမ်းလွန်းသော ကြောင့် ဝိညာဉ်များ၏ အော်ညည်းသံကဲ့သို့ပင် အသံမျိုးထွက်ပေါ်လျက်ရှိ၏။
“ဟမ်”
အထဲသို့ ဝင်ရောက်လျက်ရှိနေကြသော တကိုယ်တော်ကျင့်ကြံသူများသည် သူတို့ ဝင်ရောက်လာသည်ကို သတိပြုမိ ပြီးသည့်နောက် သေသေချာချာ ကြည့်ရှုလိုက်ကြ၏။ ရင်ဘတ်ပေါ်တွင် ရေးသားထားသော ပြိုင်စံရှားဂိုဏ်းဆိုသည့် စာတမ်းကို မြင်ရသည့်အချိန်မှာတော့ တစ်ဖက်လူများသည် မည်သူဖြစ်ကြောင်းကို ချက်ချင်းပဲ သိရှိလိုက်ကြသည်။
“ပြိုင်စံရှားဂိုဏ်းက လူတွေက ဘာလို့ ဒီကို ရောက်လာတာလဲ။”
“သူတို့ ဒီကိုလာပြီး လေ့ကျင့်တာလား။”
“အဲ့ဂိုဏ်းက နတ်ဆိုးမြူတောတန်းတစ်ခုလုံးကို မကြာသေးခင်က မီးရှို့ခဲ့တယ်တဲ့။”
အားလုံးသည် သီးသန့်ဆွေးနွေးလျက်ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် ခပ်ဝေးဝေးတည်နေရာ၌သာ နေထိုင်ခဲ့ကြ၏။ အမှတ်မထင် ထိုသူများအား သွားရောက်ရန်စမိပြီး ပြဿနာတက်မည်ကို စိုးရွံ့လျက်ရှိနေ၏။
အပြင်ဘက်ကို ထွက်သည့်အချိန်တွင် ရုတ်တရက် ကောက်ရသည့် ကျောက်တုံးတစ်ခုပင်လျှင် နတ်ဘုရားလက်နက်တစ်ခုဖြစ်နိုင်ပြီး အမှတ်မထင်နှင့် တွေ့ရှိသည့်လူများသည်လည်း ရန်သူများပင် ဖြစ်သွားနိုင်သည်။
ထို့ကြောင့် အားလုံးသောသူများသည် ဉာဏ်ကောင်းကောင်းဖြင့် ခပ်ဝေးဝေးဆီမှ ရှောင်ရှားလျက်ရှိနေ၏။
ဟုတ်ပေသည်။ ကုန်းရှန့်အနေနှင့် အကြောင်းအရာမရှိဘဲ ပြဿနာရှာတတ်သည့် လူစားမျိုးတော့ မဟုတ်ချေ။ ဤတစ်ကြိမ် သူသည် သံမဏိသစ်ပင်တောတန်းထဲသို့ ဝင်ရောက်လာခဲ့ခြင်းမှာ တပည့်များကို လေ့ကျင့်ပေးစေရန်အတွက် ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူ၏ ကုန်ဆုံးသွားခဲ့သော အမှတ်များကို ပြန်လည်ရရှိစေရန် သိုင်းပညာအရင်းအမြစ်များကို ရယူလိုခြင်းကြောင့်ပင် ဖြစ်သည်။
“ဂိုဏ်းတူဦးလေး”
ရှောင်ကျီသည် သစ်ပင်တစ်ခု၏ ရှေ့တွင် မတ်မတ်ရပ်ကာဖြင့် သစ်ပင်ကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “ဒါက သံမဏိသစ်ပင်လား။
“အမှန်ပဲ။” ကုကျောင်းရှစ်က ခေါင်းညိတ်လိုက်သည်။
ဘန်း …။
ရှောင်ကျီသည် ထိုအရာကို လက်သီးနှင့်ထိုးလိုက်၏။ သို့ပေမဲ့ သံမဏိသစ်ပင်သည် အနည်းငယ်သာ လှုပ်ခါသွားသည်။ ကျိုးမသွားခဲ့ချေ။
ထို့ကြောင့် ရှောင်ကျီသည် အံ့အားတသင်ဖြင့်ပြောလိုက်၏။ “ဒီသစ်ပင်က မာလိုက်တာ။”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒီသံမဏိသစ်ပင်တွေက ပိုပြီးတော့ နှစ်ကာလကြာလေ ပိုပြီးတော့ မာကျောလေပဲလေ။ တကယ့်ကို တော်လွန်းပါတယ်ဆိုတဲ့ ပန်းပဲဆရာတွေရဲ့ လက်ထဲမှာ အကောင်းမွန်ဆုံးသော အကာအကွယ်ပစ္စည်းမျိုးတွေ ထုတ်လုပ်နိုင်တဲ့ အရာမျိုးဖြစ်သွားလိမ့်မယ်။”
“ဒါတွေကို ယူသွားပြီးတော့ ဆရာဖန်းကိုသာ သန့်စင်ခိုင်းလိုက်မယ်ဆိုရင်….” ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။
လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများသည် သူ၏စနစ်ဆီမှ ပန်းပဲခန်းမဆောင်တွင် သွန်းလုပ်၍ ရနိုင်သည်ဆိုသော်လည်း ပစ္စည်းပစ္စယများ တည်ရှိသည်ဆိုပါက ဆရာဖန်းအား ကောင်းကောင်းမွန်မွန်နှင့် သွန်းလုပ်ခိုင်း၍လည်း ရနိုင်သည်။
အထက်နယ်မြေတွင်ရှိသော ပစ္စည်းများကို အသုံးပြု၍ ပန်းပဲပြုလုပ်မည်ဆိုလျှင် ဆရာဖန်းအနေနှင့် ပိုမို၍ အားကောင်းသည့် အသိပညာများကို ရရှိလာမှာသေချာ၏။
ဂိုဏ်းအတွက် အမြဲတမ်းစဉ်းစားလျက်ရှိနေသည့် ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် ဤကဲ့သို့ တွေးတောသည်မှာ မှားယွင်းလှသည့်တော့ မဟုတ်ချေ။
“အဲဒါဆို ဒီမှာ ရပ်မနေနဲ့တော့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခုတ်စရာရှိတာကို ခုတ်တော့။”
“ကောင်းပါပြီ။”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် ၎င်းတို့၏ဓားများကို ထုတ်ယူကာဖြင့် မေးလိုက်သည်။
“ဂိုဏ်းချုပ်”
“ဘယ်လောက်လောက်ခုတ်သွားရမလဲ။”
“ခုတ်နိုင်သမျှ အကုန်ခုတ်ကွာ။” ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ။”
သူတို့သည် ရှောင်ကျီ ရှာတွေ့ခဲ့သည့် သံမဏိသစ်ပင်များဆီသို့ ရောက်ရှိလာခဲ့ပြီး မြန်မြန်ဆန်ဆန်ဖြင့် ခုတ်ပိုင်းလိုက်၏။ အစိတ်အပိုင်းအနည်းငယ်လောက် ပိုင်းဖြတ်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ကြသည်။ ဖြစ်စဉ်တစ်ခုလုံးသည် အလွန်မြန်ဆန်ပြီး ရိုးရှင်းလွန်းလှ၏။
သူတို့သည် တားမြစ်တည်နေရာ၏ အပြင်ဘက်တွင် တည်ရှိနေသောကြောင့် သံမဏိသစ်ပင်များသည် များများစားစားတော့ မရှိကြချေ။ ရှိသလောက်ကို အောင်အောင်မြင်မြင်ဖြင့် ခုတ်ပိုင်းကာ သိမ်းဆည်းလျက်ရှိကြသည်။
သို့ပေမဲ့ သစ်ပင်များ ခုတ်ပိုင်းနေသည့်အချိန်တွင် ပြဿနာတစ်ခုက တက်လာ၏။ အဘယ့်ကြောင့်ဆိုသော် သံမဏိချပ်ဝတ်ကဲ့သို့သော အရေခွံ့များကို ပိုင်ဆိုင်သော သားရဲများ သည် အပြင်ဘက်သို့ ထွက်လာခဲ့ကြခြင်းပင်။
ဒင်
လီချင်းယန်သည် သူ၏ ဓားနှင့် အသာလှမ်းကာ ခုတ်လိုက်၏။ သို့ပေမဲ့ မီးပွားများသည် နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။
ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒီသားရဲတွေက အရမ်းကို အားကောင်းတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ သံမဏိချပ်ဝတ်တွေက အသုံး အဆောင်ပစ္စည်းတွေ ပြုလုပ်ဖို့ အရမ်းကို သင့်တော်တာပေါ့။”
“ဒါဆိုရင် ဒီကောင်တွေကို ရင်ဆိုင်လိုက်ကြတာပေါ့။”
သူတို့သည် ဤတောထဲသို့ ဝင်ရောက်လာသည်မှာ ရတနာများကို လာရောက်ရှာဖွေခြင်းဖြစ်၏။ ရတနာ ကဲ့သို့သော အရာများကို တွေ့သည်ဆိုသည်နှင့် ကျိန်းသေပေါက် လက်လွှတ်ပေးလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဝင်ရောက်ကာ သတ်ဖြတ်တော့၏။
“သေစမ်း။”
ဟူး ဟူး ဟူး ….။
အားကောင်းလွန်းလှသော ပုဆိန်ကြီး၏ ခုတ်ပိုင်းချက်တွင် သံမဏိချပ်ဝတ်သားရဲသည် အစိတ်အပိုင်း ၂ ခုအဖြစ်သို့ ပြောင်းလဲပြီး သေဆုံးသွားခဲ့သည်။
ရွှီ …။
စုရှောင်မိုသည် ရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် သေဆုံးသွားသည့် သံမဏိချပ်ဝတ်သားရဲဆီမှ အရေခွံ့ကို ခွာကာဖြင့် သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ လီချင်းယန်နှင့် ရှောင်ကျီတို့သည် သစ်ပင်များကို ခုတ်ပိုင်း သည့်နေရာတွင် တာဝန်ယူထားကြပြီး စုရှောင်မိုနှင့် ရီရှင်းချန်တို့မှာတော့ သားရဲများကို သတ်ဖြတ်သည့်တာဝန်ကို ယူထားကြ၏။
သေသေချာချာ တာဝန်ခွဲဝေပြီးသည့်နောက်မှာတော့ ၎င်းတို့၏ လုပ်ဆောင်နိုင်မှုသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ အချိန်အတိုင်းအတာအတိုအတွင်း များပြားလှသည့် ပစ္စည်းပစ္စယများကို ရရှိကြသည်။
အနောက်မှ လိုက်ပါလျက် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် ဆွံ့အလျက်ရှိနေကြ၏။ ဤနှုန်းအတိုင်းသာ ဆက်လက် လွှတ်ပေးမည်ဆိုပါက သံမဏိသစ်ပင်တောကြီးသည် မည်သည့်အခါကမှ မရှိခဲ့သလို ပြောင်သလင်းခါသွားမှာ သေချာ၏။
“ဒါက ကြောက်စရာပဲ။ တကယ့်ကို အညှာအတာမဲ့တဲ့ ခုတ်ပိုင်းမှုပဲ။”
သံမဏိသစ်ပင် တောတစ်ခုလုံးကလည်း နတ်ဆိုးမြူတောရဲ့ အနောက်ကို လိုက်သွားတော့မယ်နဲ့ တူတယ်။ မဖြစ်ဘူး။ မဖြစ်ဘူး။”
သူတို့အနေနှင့် အနောက်မှ ပြတ်ကျန်နေ၍မဖြစ်ချေ။ ထို့ကြောင့် သံမဏိသစ်ပင်အနည်းငယ်ကို ခုတ်ယူရန် စဉ်းစား လိုက်ကြတော့၏။ သို့ပေမဲ့ သူတို့ခုတ်ပိုင်းရန် ပြင်လျက်ရှိနေတုန်းမှာပဲ အသံတစ်ခု ထွက်ပေါ်လာသည်။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီသံမဏိသစ်ပင်တွေအကုန်လုံးကို ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ပိုင်တာလေ။ ခင်ဗျားတို့အနေနဲ့ သစ်ပင်တစ်ပင်ကို ခုတ်ရဲရင်ခုတ်ကြည့်လိုက်။ မနက်ဖြန် ခင်ဗျားတို့ ဂိုဏ်းဆီကို ကျုပ်အရောက်လာခဲ့မယ်။”
ရှေ့မှာတော့ တပည့်များသည် သစ်ပင်ကို ခုတ်သူကခုတ်၊ သားရဲကို သတ်သူကသတ် လုပ်လျက်ရှိနေကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ဖြစ်သည့် ကျွင်းချောင်ရှောင်းသည် အလကားမနေခဲ့ချေ။ တခြားသောသူများကို ခြိမ်းခြောက်ကာဖြင့် ဟန့်တားသည့် အလုပ်ကို လုပ်လျက်ရှိသည်။
ထိုအချိန်မှာပဲ အလွန်အားကောင်းလှသော အော်ရာတစ်ခုသည် ထွက်ပေါ်လာပြီး ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူ အားလုံးကို ထိတ်လန့်ကြောက်ရွံ့စေ၏။
ထို့ကြောင့် သစ်ပင်ခုတ်ပိုင်းရန် ပြင်ဆင်နေကြသည့် သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ အကြံအစည်ကို ချက်ချင်းဖယ်ရှားကာဖြင့် ဘေးမှ ပွဲကြည့်ပရိသတ်ကဲ့သို့ပင် ငြိမ်ငြိမ်သာ ရပ်ကြည့်လျက် ရှိနေကြသည်။
ဝေါင်း ဝေါင်း
ရုတ်တရက် သစ်တော၏ အတွင်းဘက်ဆီမှ နားကွဲလောက်စရာ ကျယ်လောင်သည့် အော်သံကြီး ထွက်ပေါ်လာခဲ့၏။ နှစ်ပေါင်းတစ်ထောင်ကြာမြင့်နေသည့် လိပ်အိုကြီးတစ်ကောင်ကဲ့သို့ အသွင်သဏ္ဍာန်မျိုးရှိသည့် ကြီးမားလွန်းလှသော သံမဏိချပ်ဝတ်သားရဲကြီးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ဟာ သားရဲဘုရင်ပါလား။ ဒီကောင်ကြီးက နယ်မြေဟောခန်းရဲ့ စည်းခတ်ခြင်းကို ခံထားရတာ မဟုတ်လား။”
ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် တုန်လှုပ်သွားခဲ့ကြတော့၏။ ၎င်းတို့သည် တစ်ချက်ကလေးမှ မစဉ်းစားတော့ဘဲ ချက်ချင်းလှည့်ကာ ထွက်ပြေးကြတော့၏။ သူတို့၏ အားအင်အဆင့်အရဆိုလျှင် သံမဏိချပ်ဝတ်သားရဲ အနည်းငယ်ကို ရင်ဆိုင်ရန်ပင် ခက်ခဲလွန်းလှနေပြီဖြစ်၏။ ယခု ဘုရင်ပါ ထွက်လာပြီဆိုတော့ ထွက်ပြေးခြင်းက သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ပြောလိုက်၏။ “တစ်စုံတစ်ခုကတော့ မှားယွင်းနေပြီ။”
ဤသားရဲဘုရင်သည် နယ်မြေဟောခန်း၏ စည်းခတ်ခြင်းကို ခံထားရသည့် သားရဲပင်ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ထို့ကြောင့် ထိုအရာမှာ ထူးခြားလွန်းလှချေသည်။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားခဲ့၏။ သံမဏိချပ်ဝတ်သားရဲဘုရင် ပေါ်ပေါက်လာခဲ့ခြင်းသည် နတ်ဆိုးမြူတောထဲတွင် နတ်ဆိုးမြူဘုရင်ပေါ်ပေါက်လာခဲ့သည့်အချက်အလက်ကို ပြန်လည်ကာသတိရ စေ၏။ ထို့ကြောင့် သူက တွေးလိုက်မိ၏။ “တစ်စုံတစ်ယောက်က ငါတို့ကို ကြိတ်ပြီး ဒုက္ခပေးနေပြီပဲ။”
…
သံမဏိသစ်ပင်တောရိုင်း၏ အခြားသောတည်နေရာတစ်ခုမှာတော့…..
ဝှစ်
အလင်းတန်းများပျောက်ကွယ်သွားပြီးသည့်နောက် ကျင်းဟောင်သည် ထိုအရာဆီမှ လျှောက်ထွက်လာခဲ့၏။
“ဒီတတိယအဆင့် တားမြစ်တည်နေရာထဲမှာ ရှိနေတဲ့ သားရဲဘုရင်ကတော့ တစ်ဖက်လူကို သေစေလောက်တဲ့ အခြေအနေမျိုး မဖြစ်ဘူးဆိုရင်တောင်မှ ပြဿနာတော့ ရှာနိုင်မှာပဲ။”
သူ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ သူ၏ မျက်နှာပေါ်တွင်ရှိနေသော အပြုံးသည် တခြားသောသူ များကို ရိုက်နှက်ချင်သည့် အခြေအနေတစ်ခုဆီသို့ပင် ရောက်ရှိစေ၏။
အလင်းတန်းများ တောက်လောင်လျက် ရှိနေသည့် တည်နေရာတစ်ခုလုံးသည် သားရဲဘုရင်အား စည်းခတ်ထားသည့် တည်နေရာပင် ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာသည် ကျင်းဟောင်ပြုလုပ်ခဲ့ သည့်အရာပင်ဖြစ်၏။ ပြောရမည်ဆိုလျှင် နတ်ဆိုးမြူတောထဲတွင် နတ်ဆိုးမြူသားရဲဘုရင် ထွက်ပေါ်လာခဲ့ခြင်းသည် ကျင်းဟောင်၏ လက်ချက်ပင်။
“ကျွင်းချောင်ရှောင်း။”
ကျင်းဟောင်သည် ရုတ်တရက် စစ်ထားပေါ်သို့ ခုန်တက်ကာဖြင့် ခြေချိတ်ကာ ထိုင်လိုက်၏။
“ကြီးမြတ်သူတုံးကုက မင်းရဲ့ နောက်မှာ ရှိနေတယ်ဆိုပေမဲ့ ငါ့ဆီမှာ မင်းကို သတ်ဖို့ နည်းလမ်းပေါင်းများစွာ ရှိတယ်။”
“ဟုတ်ရဲ့လား။”
ရုတ်တရက် သူ၏အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။
ကျင်းဟောင်၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးသည် အေးခဲသွားခဲ့၏။ သူသည် အသာလှည့်ကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူ့အား မုန်းတီးစွာဖြင့် ကြည့်ရှု၍ လှမ်းလျှောက်လာခဲ့သည့် လူငယ်ကို မြင်လိုက်ရသည်။
“ငါ့ကို ရှာတွေ့သွားပြီလား။”
သူသည် မထင်မဲ့မြင်ဖြင့် လှမ်းကာမေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် စစ်ရထားနှင့် ပေအနည်းငယ်အကွာတွင် မတ်တပ်ရပ်ကာဖြင့် ဦးခေါင်းကို ခါယမ်းလိုက်မိသည်။ “ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ကြိတ်ပြီး ဒုက္ခပေးနေတာ ဧကရီလင်းရောင်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ခင်ဗျားလို အရှုံးသမားဖြစ်နေတာကိုး။”
အရှုံးသမားဟူသည့် စကားအား ထွက်ပေါ်လာသည့်အချိန်မှာတော့ ကျင်းဟောင်၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်း သွားခဲ့၏။ သူ၏ မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်သွားခဲ့၏။ “မင်းက ရတနာအားကိုးနဲ့ ငါ့ကို အနိုင်ယူခဲ့တာလေ။ အဲဒါသာ မပါဘူးဆိုရင် မင်းက ငါ့ရှေ့မှာ ခွေးလေးတစ်ကောင် သာသာပဲ။”
“အရူး”
ဒေါသတကြီးအော်ဟစ်သံသည် အခြားတစ်ဖက်ဆီမှ ထွက်ပေါ်လာ၏။ “မင်းရဲ့ ပါးစပ်ကို ပလုပ်သွားကျင်းလိုက်စမ်း။”
“ဟမ်”
ကျင်းဟောင်သည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ်ခန့်ရှိသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရ၏။ သူသည် နှာခေါင်းရှုံ့လိုက်မိသည်။ “အရွယ်တောင်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်က ဘာတွေကြီးကြီးကျယ်ကျယ်တွေ ဝင်ပြောနေတာလဲ။”
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် သုန်မှုန်နေသည့် မျက်နှာဖြင့် ပြောလိုက်၏။ “ဒီကောင်က အရိုက်ခံချင်နေတာပဲ။”
ဖြောက် ဖြောက်
ကျွင်းချောင်ရှောင်းသည် သူ၏ ခြေလက်နှင့် ဦးခေါင်းများကို ခါရမ်းလိုက်၏။ ပြီးနောက် ခန္ဓာကိုယ်ထဲတွင် ရှိနေသော ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်နှင့် ဆက်သွယ်လိုက်၏။ သူ၏ အသားအရေ တစ်ခုလုံးသည် ကျောက်ကဲ့သို့ ဖြစ်တည်လာပြီး နတ်ဆိုးလင်းယုန် ကျောက်ရုပ်ထုကြီး၏ ပုံပန်းသွင်ပြင်မျိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“အရိုက်နှက်ခံဖို့ ခွင့်တောင်းနေပြီဆိုတော့လည်း ဒီနေ့ သေတဲ့အထိ ရိုက်သတ်လိုက်ကြတာပေါ့။”
“ကောင်းပြီ။”
ကုကျောင်းရှစ်သည်လည်း လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ညီအစ်ကိုတွေဆိုတာ တစ်စိတ်တစ်ဝမ်းတည်း ရှိတယ်လေ။ တိုက်စရာရှိတာ တိုက်လိုက်ကြတာပေါ့။”