အခန်း (၁၄၇၅)
Vol. 99 Ch. 1475
ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်တို့ ကျင်းဟောင်အား အနိုင်ယူနိုင်မလား ဆိုသည်ကို အဆုံးသတ်မှ သိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သံမဏိသစ်ပင် တောတန်းတစ်ခုလုံးသည် ပြင်းပြင်း ထန်ထန်ဖြင့် ထိခိုက်လျက် ရှိနေသည်။ တတိယအဆင့် သတ်မှတ်ထားသော တားမြစ်တည်နေရာကြီးတစ်ခုလုံး သည် ၎င်းတို့ အဆင့်မြင့် တိုက်ခိုက်သူများကြား တိုက်ပွဲတွင် မည်သို့မှ ကြံ့ကြံ့ခံ မနေနိုင်ခဲ့ချေ။
ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ ငါးယောက်တစ်ဖွဲ့သည် အပြင်ဘက်တွင် မွန်းစတားဘုရင်နှင့် တိုက်ခိုက်လျက် ရှိနေသေး၏။ ၎င်းတို့သည် အမြူတေအသွင်ပြောင်းလဲခြင်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများလောက် အားမကောင်းလှသော်လည်း အတူတူ ယှဉ်တွဲကာ တိုက်ခိုက်လိုက်သည့်အချိန်မှာတော့ ကြမ်းတမ်းလွန်းလှသည့် အားအင်ကို ဖြစ်တည်စေ၏။ ဤကဲ့သို့ ဆက်လက်ကာ တိုက်ခိုက်မည်ဆိုပါက ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိသွားမှာ သေချာ၏။
ဖြောက် ဖြောက် ဖြောက်
ဒက် ဒက် ဒက်
သေနတ်ပြောင်းဝဆီမှ ကျည်ဆန်များသည် တောက်လျှောက်ဆိုသလိုပဲ ထွက်ပေါ်နေ၏။ ထိုအရာများသည် မွန်းစတားဘုရင်၏ မာကျောလွန်းလှသော ခန္ဓာကိုယ်ကို ထွင်းဖောက်နိုင်ခြင်း မရှိသော်လည်း သူ၏ အနီးအနားတွင် ရှိနေသော သံမဏိသစ်ပင်များ အားလုံးသည် အပေါက်များ ဖြစ်တည်သွားခဲ့သည်။
“အလုံးစုံ သတ်ဖြတ်မှု”
ရီရှင်းချန်သည် သူ၏ ပုဆိန်ကြီးကို ဆုပ်ကိုင်ကာဖြင့် ကြမ်းကြမ်းတမ်းတမ်း ဝှေ့ယမ်းကာ တိုက်ခိုက်လျက် ရှိနေ၏။ ထို့ကြောင့် အနီးနား ပတ်ဝန်းကျင်တွင် ရှိနေသော သစ်ပင်များ အားလုံးသည် နှစ်ပိုင်းပြတ်ကုန်၏။ တိုက်ပွဲ သည် အဆုံးစွန်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီး ဖျက်ဆီးနိုင်မှုကလည်း တိုးတက်လျက် ရှိနေ၏။
“သွားပြီ။ ဒီသံမဏိသစ်ပင်တောကြီး တစ်ခုလုံးကတော့ ပျက်စီးသွားပြီပဲ”
များပြားလွန်းလှသော သစ်ပင်များ ဖျက်ဆီးခံနေရကြောင်း တွေ့မြင်ရသည့်အချိန်မှာတော့ အဝေးမှ ကြည့်ရှုလျက် ရှိနေကြသည့် သိုင်းကျင့်ကြံသူများ အားလုံးသည် စိတ်ပိုင်းဆိုင်ရာအရ ညှိုးငယ်ကြကုန်၏။ ဤအရာများ အားလုံးသည် ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများသာ ဖြစ်လေသည်။
ဘုန်း ဘုန်း ဘုန်း
အခြားတဖက်ခြမ်းတွင် တိုက်ခိုက်လျက် ရှိနေသည့် တိုက်ပွဲမှာ ပိုမို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်း သုံးခုသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လျက်ရှိပြီး ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးကို မရပ်မနားဆိုသလို ဖျက်စီးလျက် ရှိနေ၏။ စွမ်းအင်လှိုင်းများ တိုက်ခိုက်မှုကြောင့် မြေပြင်တစ်ခုလုံးသည် ကွဲအက်လျက် ရှိနေ၏။
သံမဏိသစ်ပင်များ အားလုံးသည်လည်း အကုန်လုံး ပြောင်သလင်းခါလျက် ရှိနေကြပြီး ဤအပင်များ စိုက်ပျိုး ထားသည့် မြေဆီလွှာများပင်လျှင် ဖျက်ဆီးခြင်းကို ခံနေရ၏။ သိုင်းကျင့်ကြံသူများ အားလုံးသည် တတိယအဆင့် တားမြစ်တည်နေရာကြီးတစ်ခုလုံးအတွက် သနားဖို့တောင်မှ အချိန်ကောင်းကောင်း မရခဲ့ချေ။ တိုက်ပွဲသည် ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ခပ်ဝေးဝေး တည်နေရာဆီသို့သာ ဆုတ်ခွာနေရသည်။
.............
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
ကျောက်ရုပ်ထုကြီး၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်နေသော ကျွင်းချောင်ရှောင်းသည် အလွန်ကြမ်းတမ်းလှပြီး မြန်ဆန်လွန်းလှသော တိုက်ခိုက်ရေးသမားအဖြစ်သို့ ပြောင်းလဲလျက် ရှိနေပြီး နည်းလမ်းမျိုးစုံကို အသုံးပြုကာဖြင့် ကျင်းဟောင်အား တိုက်ခိုက်လျက် ရှိနေ၏။ ကြမ်းတမ်းလှသော တိုက်ခိုက်မှုစွမ်းအင်များ၏အောက်တွင် သူ၏လက်သီးချက်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး တည်နေရာကြီး တစ်ခုလုံးကိုပင် စုတ်ပြတ်သွားစေ၏။
အားအကောင်းဆုံးသော တိုက်ခိုက်ရေးမျိုးနွယ်ထဲမှ တစ်ခုဖြစ်သည် ကျောက်ရုပ်ထုမျိုးနွယ်သည် တိုက်ခိုက်ရေး ပညာနှင့်ပတ်သက်သည့် နားလည်မှုမျိုးတော့ မတည်ရှိပေ။ သို့ပေမဲ့ ၎င်းတို့၏ အားသာချက်သည် မြန်ဆန်သည်၊ ကြမ်းတမ်းသည်၊ တိကျသည်။ အပွင့်အလင်းဆုံး ပြောရမည်ဆိုလျှင် ဤမျိုးနွယ်သည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရန်အတွက် ဖြစ်တည်မွေးဖွားလာခဲ့သော မျိုးနွယ်တစ်ခုပင် ဖြစ်လေသည်။
ကျောက်ရုပ်ထုကြီး၏ ပုံပန်းသွင်ပြင်မျိုးအဖြစ် ပြောင်းလဲလျက် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သူ၏ တိုက်ခိုက်မှုပုံစံကို အဆုံးစွန်အထိ ထုတ်ဖော်ပြသလျက် ရှိ၏။ လက်ရှိအချိန်မှာတော့ သူသည် လူသား တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။ အဆုံးစွန်သော တိုက်ခိုက်မှု အားအင်နှင့် ကြမ်းတမ်းလွန်းလှသော လက်သီးချက်များကို ထုတ်ဖော်ကာဖြင့် အားအင်အပြည့် တိုက်ခိုက်နေ၏။
ကျင်းဟောင်အနေဖြင့် လက်ရှိအခြေအနေတွင် ခံစစ်စည်းဆီသို့ ရောက်ရှိနေ၏။ သူသည် သူ၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို အဆုံးစွန်အထိ ထုတ်ဖော်ရန် အချိန်ပင် မရခဲ့ချေ။ တစ်ဖက်လူ၏ တိုက်ခိုက်ချက်များကို အပြင်းအထန်နှင့် ခုခံနေရ၏။ ထို့အပြင် အနောက်ဘက်မှ သူ့အား အလစ်ချောင်းကာ တိုက်ခိုက်လျက်ရှိနေသည့် သစ္စာဖောက်ကိုလည်း အာရုံစိုက်ထားခဲ့ရသေးသည်။
ကုကျောင်းရှစ်သည် တိုက်ခိုက်ရာ၌ အလျင်မလိုချေ။ သူ၏ အထင်အရဆိုလျှင် ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်ကို အသက်သွင်းခဲ့ပြီဖြစ်သော သူ၏အစ်ကိုကြီးသည် အချိန်အတိုင်း အတာတစ်ခုအတွင်း တစ်ဖက်လူအား အသာစီးမှ ရယူကာ တိုက်ခိုက်နေမှာဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ဟာကွက်ရှိနေသည့် နေရာမျိုးကို ဝင်ရောက်ကာ တရစပ်တိုက်ခိုက်ခြင်းကို ပြုမူနေ၏။ တစ်ဖက်လူအား အားမွေးရန် အချိန်လုံးဝမပေးဟု သူက ဆုံးဖြတ်ထား၏။
ဘုန်း
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းနှင့် ကျင်းဟောင်တို့သည် တိုက်ကွက်ဆယ်ကွက်ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီး နှစ်ယောက်လုံးသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။ ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက် ထောက်ပံ့မှုကို ရရှိထားသည် ဖြစ်သောကြောင့် ယခင်ကထက် ပိုမိုကာ ကြမ်းတမ်းလာခဲ့သည်ဖြစ်သော်လည်း သူသည် အမြူတေအသွင်ပြောင်းလဲခြင်းအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ကို အစဉ်သဖြင့် အသာစီးမှ တိုက်ခိုက်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
အခွင့်အရေး - ကုကျောင်းရှစ်သည် ထိုအခွင့်အရေးကို ကောင်းကောင်းဆုပ်ကိုင်လိုက်၏။ ကျင်းဟောင် တစ်ယောက် လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပဲ သူသည် အရှေ့ဆီသို့ လှမ်းတက်ကာ တည်နေရာတစ်ခုကို ပိတ်ဆို့ကာဖြင့် တိုက်ခိုက်လိုက်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ သူသည် ထိုအရာများကို အရောင်ပြ တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး ကျင်းဟောင်၏ ပေါင်ခွကြားကို ပြင်းပြင်းထန်ထန်ဖြင့် ကန်ကျောက်လိုက်၏။
ဤကဲ့သို့သော တိုက်ခိုက်မှုပုံစံမျိုးသည် အမြူတေအသွင်ပြောင်းလဲခြင်း အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ထုတ်ဖော်တိုက်ခိုက်တတ်သည့်နေရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ကုကျောင်းရှစ်မှာတော့ ထိုအရာများကို ထည့်တွက်မနေတော့ချေ။ သူ့အတွက် ဂုဏ်သိက္ခာတရားဆိုသည်မှာ ဘာတစ်ခုမှ အရေးကြီးလှသည် မဟုတ်ပေ။
ချလွမ်
ပြောဆိုခဲ့သည်ကမှ ကြာမြင့်နေပေဦးမည်။ ညာဘက်ခြေထောက်သည် အလွန်အားကောင်းသော စွမ်းအင်များ နှင့်အတူ ကျင်းဟောင်၏ ပေါင်ခွကြားဆီသို့ ရောက်ရှိလာ၏။ သို့ပေမဲ့ ကန်ကျောက်လိုက်သည့်အချိန်မှာတော့ သံ သံချင်းထိမှန်သည့်အသံသာ ထွက်ပေါ်လာသည်။
အား အား
ကုကျောင်းရှစ်သည် သူ၏ခြေထောက်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ပြီးနောက် ခုန်ဆွ၊ ခုန်ဆွဖြင့် အနောက်သို့ ဆုတ်လိုက်၏။ သူသည် အလွန်တရာ နာကျင်သွားခဲ့၏။ ကျင်းဟောင်၏ ပေါင်ခွကြားကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်ဆိုသော်လည်း သူ၏ညှို့သကျည်းပင်လျှင် နာကျင်မှုကို ခံစားလိုက်ရ၏။
ဘုန်း
ကျင်းဟောင်သည် အသာလှည့်ပြီးသည့်နောက် ကုကျောင်းရှစ်ကို ခပ်ဝေးဝေးတည်နေရာဆီသို့ ကန်ထုတ်လိုက်၏။ ပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်တန့်လျက်ရှိ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တလက်လက် တောက်ပလျက် ရှိသော ရွှေရောင်လူတစ်ယောက်ကဲ့သို့ ပြောင်းလဲလျက် ရှိနေသည်။
“မင်းဆီမှာ ခန္ဓာကိုယ်အသွင်ပြောင်းလဲတဲ့ အတတ်ပညာ ရှိတယ် ဟုတ်လား။ မင်းတို့ဆီမှာ ကျောက်ရုပ်ထုမျိုးနွယ်ရဲ့ သွေးမျိုးဆက်ရှိတယ် ဟုတ်လား။ အားနာပါတယ်။ ငါ့ဆီမှာလည်း ငါ့ရဲ့အားအင်ကို တိုးမြှင့်စေနိုင်တဲ့ နည်းလမ်း ရှိတယ်”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ ကျင်းဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ အားအင်အဆင့်သည်လည်း ပိုမိုကာ တိုးတက်သွား၏။ ထို့ကြောင့် သူနှင့် သူ၏ညီငယ် လေးသည် အထက်စီးမှ ရယူကာ တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
“ကောင်လေး”
ကျင်းဟောင်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ရှိနေသော မာနတရားသည် ပိုမိုကာ ကြီးထွားလာ၏။ “လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မင်းက အထူးရတနာတစ်ခုကို အသုံးပြုပြီး ငါ့ကို ဒဏ်ရာ ရရှိအောင် လုပ်ခဲ့တယ်။ အခု မင်းဆီမှာ ဘာဝှက်ဖဲမှ မရှိတော့ဘူး။ ဒီတော့ ငါ့ရဲ့ရှေ့မှာ မင်းက အမှိုက်တစ်ခု သာသာပဲ”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းလိုက်၏။ ပြီးနောက် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော မိုးကြိုးတုတ်ကြီးသည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
သူ၏ ရင်ဘတ်ကို ထွင်းဖောက်ခဲ့သော အထူးရတနာတစ်ခုကို မြင်ရသည့်အချိန်မှာတော့ ကျင်းဟောင်၏ မျက်နှာ ပေါ်တွင်ရှိသော အပြုံးများသည် ပျောက်ကွယ်သွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်များ ထင်ပေါ်လာခဲ့၏။
ကုကျောင်းရှစ်သည် ပျော်ရွှင်စွာဖြင့် တွေးတောလိုက်မိသည်။ “အစ်ကိုကြီးဆီမှာ ဝှက်ဖဲတွေ ရှိသေးတာပဲ”
နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော မိုးကြိုးတုတ်ကြီးသည် ကျင်းဟောင်ကို အမှန်ပင် စိုးရွံ့စေမိသည်။ သို့ပေမဲ့ ခဏလောက် ကြာပြီးသည့်နောက် ကျင်းဟောင်သည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်၏။ “မင်းလက်ထဲမှာ ဒါက အရမ်းကို အားကောင်းခဲ့တယ်ဆိုပေမဲ့ တစ်ခါပဲ သုံးလို့ရတာ မဟုတ်လား”
သူသည် နှစ်နှစ်ကြာသည်အထိ ပြန်လည်ကာ အားမွေးခဲ့ရ၏။ ထိုအတောအတွင်းတွင် တောက်လျှောက် တွေးတောခဲ့၏။ သူ၏ ရင်ဘတ်ကို ထွင်းဖောက်ခဲ့သော ဤမိုးကြိုးလက်နက်သည် မိုးကြိုးအပြစ်ပေးမှုဆီမှ စွမ်းအင်များကို စုစည်းပြီး ရယူထားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ ရတနာသည် မိုးကြိုးအပြစ်ပေးမှု၏ စွမ်းအင်များ မရှိလျှင် အသုံးပြု၍ မရနိုင်လောက်ချေ။ ထိုအရာကို သူက ကောင်းကောင်းနားလည်မိသည်။
သူ၏မျက်စိ ရှေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ဓားထုတ်ကာ ကိုင်လိုက်သည်ဆိုသော်လည်း ဓားမရှိဘဲ ဓားအိမ် သာရှိသော အရာပင် ဖြစ်လို့နေခဲ့၏။
“ခင်ဗျား သိသွားပြီလား” ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ခေါင်းကိုခါယမ်းလိုက်မိသည်။
“........”
ကုကျောင်းရှစ်သည် ဆွံ့အသွားမိ၏။ သူ၏ အစ်ကိုကြီးသည် ဝှက်ဖဲအဖြစ် မိုးကြိုးတုတ်ကြီးကို ထုတ်ယူလိုက် သည်ဟု သူက တွေးထင်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထိုအရာသည် ဟန်ထုတ်ခြင်းသက်သက်သာ ဖြစ်နေသည်။ ထို့အပြင် တစ်ဖက်လူအား ခြောက်လန့်သည့် အခြေအနေကို မဖြစ်စေရုံသာမက ထုတ်လိုက်သည်နှင့် တပြိုင်နက် အားနည်းချက်က ပေါ်ပေါက်သွားခဲ့တော့သည်။ သောက်ကျိုးနည်းလှချေသည်တကား။
ဆွစ်
ကျင်းဟောင်သည် လက်ကိုမြှောက်လိုက်၏။ ရွှေရောင်လှံကြီးတစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။
“မင်းအနေနဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးနဲ့ မိုးကြိုးတစ်သောင်း ကပ်ဘေးအစီအရင်ထဲမှာရှိတဲ့ အပြစ်ပေးမှုကနေ အသက်ရှင်လာခဲ့တယ်ဆိုတာ တော်တော်ကြီးကို ကံကောင်းလို့ပဲ။ ဒါပေမဲ့ အဲဒီကံတရားက ဒီနေ့မှာတော့ ကုန်သွားပြီ။ အဆုံးသတ်မှာတော့ မင်းက”
သူသည် သူ၏လက်နက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် အေးစက်စက် အကြည့်ဖြင့် ပြောလိုက်သည်။ “သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့ဘူး”
ဝှစ်
ရွှေရောင်အလင်းတန်းများသည် တောက်ပလာ၏။ တည်နေရာတစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလျက် ရှိနေ၏။ “နတ်ဘုရားလှံ”
ကုကျောင်းရှစ်သည် အသံပို့လွှတ်လိုက်သည်။ “အစ်ကိုကြီး... ဒါက အင်မော်တယ်အဆင့်နဲ့တောင် နီးကပ်နေတဲ့ နတ်ဘုရားလက်နက် တစ်ခုပဲ”
ဖောက်
ထိုအချိန်မှာတော့ ကျင်းဟောင်သည် သူ၏ရှေ့တည့်တည့်တွင် ရွှေရောင်လှံကြီးကို ထားကာဖြင့် လှံကြီးသည် ရွှေရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ပင် တဝူးဝူးနှင့် အသံထွက်ပေါ်လျက် ရှိနေတော့၏။ ထူးခြားလွန်းလှသော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေ၏။
ဝှစ် ဝှစ် ဝှစ်
အဆင့်မြင့် နတ်ဘုရားလက်နက်တစ်ခု၏ အကျိုးသက်ရောက်မှုသည် အမှန်ပင် ဖြစ်တည်လာခဲ့၏။ အစစ်အမှန် စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေပြီး အားကောင်းလွန်းလှသော ဖိအားများကို ဖြစ်တည်စေသည်။
“ဒါ ဘယ်လိုစွမ်းအင်တွေလဲ။ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်တာ”
သံမဏိသစ်ပင်တောတန်း၏ အပြင်ဘက် တွင် တည်ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် အထဲမှဖြစ်တည်လာခဲ့သော ရွှေရောင်အလင်းတန်း များကို မြင်တွေ့ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ စိတ်တစ်ခုလုံးကို ကြီးမားသည့် ဖိအားကြီး သက်ရောက်လာခဲ့ တော့သည်။ ၎င်းတို့၏ အမူအရာများသည် ပြောင်းလဲသွားခဲ့၏။
အဆင့်ကိုးအမြူတေအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် အင်မော်တယ်အဆင့်နှင့် နီးကပ် လျက်ရှိနေသည့် လက်နက်တစ်ခုကို ထုတ်ကာကိုင်လိုက်သည့်အချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်း လှသည့် အရှိန်အဟုန်တစ်ခုကို ထုတ်ဖော်နိုင်ပြီဖြစ်သည်။
သို့ပေမဲ့ ကျင်းဟောင်တစ်ယောက် တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် မိုးကြိုး တုတ်ကြီးကို ကိုင်ကာဖြင့် သူ၏လက်မနှင့် ခလုတ်ကို ဖိလိုက်တော့၏။ ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက် သည်။ “နတ်ဘုရားတွေနဲ့ သွားတွေ့လိုက်လေ”
“ဘာ”
ဝှစ်
ရုတ်တရက် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းလျက်ရှိနေသည့် သံမဏိသစ်ပင်တောကြီးတစ်ခုလုံးသည် အဖြူရောင်အလင်းတန်းများအဖြစ် ပြန်လည်ကာ ဖြစ်တည်လာခဲ့တော့သည်။ အားကောင်းလွန်းလှသော တုန်ခါမှု သည် မြေပြင်ဆီမှ ဖြစ်တည်လာပြီး ကြမ်းတမ်းလွန်းလှသော မိုးကြိုးစွမ်းအင်များသည် ထိုနေရာဆီသို့ ကျဆင်းလာခဲ့၏။
ဘုန်း …..။
နားကွဲလောက်စရာ အသံကြီးတစ်ခု ဖြစ်တည်လာပြီး လီချင်းယန်နှင့် တခြားသောသူများသည် တိုက်ခိုက်ရာမှ ရပ်တန့်ပြီး အနောက်ဘက်သို့ပင် ပြန်လည်ကာ လှည့်ကြည့်မိကြသည်။
သံမဏိသစ်ပင် မွန်းစတားဘုရင်၏ မျက်လုံးများ တွင်လည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ သူတို့၏ အမြင်နှင့် လှမ်း၍ ကြည့်ရှုလိုက်မည် ဆိုလျှင် ကြီးမားလွန်းလှသော အက်ကွဲကြောင်းကြီးတစ်ခုသည် သံမဏိသစ်ပင်တောကြီးတစ်ခုလုံးတွင် ဖြစ်တည်လျက်ရှိပြီး တောတန်းကြီးတစ်ခုလုံးသည် နှစ်ပိုင်းကွဲသွားသကဲ့သို့ပင်။