အခန်း (၁၄၇၇)
Vol. 100 Ch. 1477
သံမဏိသစ်ပင်တောအုပ်
ထိုတည်နေရာကြီးထဲရှိ ကြမ်းတမ်းလွန်းလှသော တိုက်ပွဲကြီးသည် ပြီးဆုံးသွားခဲ့၏။ သို့ပေမဲ့ ထိခိုက်ခဲ့သည့် အခြေအနေကတော့ ကြမ်းတမ်းလွန်းလှချေသည်။ တားမြစ်တည်နေရာကြီး၏ တစ်ဝက်လောက်သည် ပျက်စီးလျက် ရှိနေလေ၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်၏ အသံက ထွက်ပေါ်လာသည်။ “ဒီမှာ စစ်ရထားလုံး”
“ဪ”
ကျွင်းချောင်ရှောင်းသည် ကျင်းဟောင် ကျန်ရစ်ခဲ့သော စစ်ရထားလုံးကြီးကို သတိပြုမိသွား၏။ ထို့ကြောင့် သူသည် သွားဖြီးကာ ပြောလိုက်၏။ “နောက်ထပ် ရတနာကောင်းတစ်ခုကို ပေးခဲ့ပြန်ပြီ”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “အစ်ကိုကြီး.... ဒီရထားလုံးရဲ့ အရည်အသွေးက မနိမ့်လောက်ဘူး။ အမြန်နှုန်းနဲ့ သွားလာနိုင်တဲ့ပုံက ရှေးရွက်သင်္ဘောကြီးနဲ့ နှိုင်းယှဉ်လို့ ရနိုင်လိမ့်မယ်နဲ့တူတယ်”
“ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ပြီးနောက် သူ၏ သိစိတ်ကို ရထားလုံးဆီသို့ ပို့ဆောင်လိုက်တော့၏။ ထိုအထဲတွင် လက်နက်စိတ်ဝိညာဉ် မရှိပေ။ သို့ပေမဲ့ ရှုပ်ထွေးလှသော မျဉ်းကြောင်းများ တည်ရှိနေပြီး အစီအရင်တစ်ခုနှင့် ထိုအရာကို မောင်းနှင်ရပုံပေါ်၏။ ထိုကဲ့သို့သော အဆင့်မြင့် ရွှေရထားလုံးကို ထိန်းချုပ်ချင်သည်ဆိုပါက သူ့အနေနှင့် တည်ရှိနေသော ဝိညာဉ်အသိအမှတ်ပြုမှုကို ဖျက်ဆီးရမည်ဖြစ်ပြီး သူ၏ ကိုယ်ပိုင်ဝိညာဉ်အသိအမှတ်ပြုမှုကို ထည့်သွင်းရပေလိမ့်မည်။
ဘုန်း ဘုန်း
တခြားတစ်ဖက်မှာတော့ တိုက်ခိုက်နေသည့်အသံများ ထွက်ပေါ်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် ရထားလုံး ကြီးအား သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာဖြင့် ကုကျောင်းရှစ်နှင့်အတူ ရှေ့သို့ လှမ်းလာခဲ့၏။
လီချင်းယန်တို့အဖွဲ့သည် မွန်းစတားဘုရင်နှင့် တိုက်ခိုက်နေတုန်းပင်ဖြစ်၏။ သို့ပေမဲ့ ကြည့်ရှုရသည်မှာ အထက်စီးမှ တိုက်ခိုက်လျက် ရှိနေပြီး တစ်ဖက်မွန်းစတားဘုရင်အား လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်စွမ်း ရှိနေကြသည်။
အချိန်ရသည်ကို အခွင့်အရေးယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရထားလုံးကြီးကို ထုတ်ယူကာဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းကာ ဖုံးလွှမ်းလိုက်၏။ “နေအုံး... ဒီထဲမှာရှိနေတဲ့ ဝိညာဉ်သိစိတ်က ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ”
သူပထမ တစ်ခေါက် ကြည့်ရှုလိုက်သည့်အချိန်တွင် ကျင်းဟောင်၏ ဝိညာဉ်အသိအမှတ်ပြုမှု တည်ရှိနေသည်ကို ရှင်းရှင်း လင်းလင်း မြင်ခဲ့ရ၏။ သို့ပေမဲ့ ခဏလောက် ကြာပြီးသည့်နောက် ထိုအရာသည် ပျောက်ကွယ်သွားခဲသည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။ သို့ပေမဲ့ ရတနာသည် သူ၏လက်ကို ရောက်ရှိသွားပြီဖြစ်သောကြောင့် တစ်ဖက်လူသည် သူ၏သိစိတ်ကို ဖယ်ရှားလိုက်လေသည်လား။
“လူကောင်းလေးတစ်ယောက်ပဲ” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာဖြင့် ကျေးဇူးတင်လျက် ရှိနေ၏။
ဘုန်း ဘုန်း
ထိုအချိန်မှာပဲ မွန်းစတားဘုရင်သည် မည်သို့မှ တောင့်မခံနိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားတော့၏။ တိုက်ပွဲသည် ကြမ်းတမ်းလွန်းလှပြီး ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည်လည်း ပျက်စီးလျက် ရှိနေတော့၏။ အဆိုးရွား ဆုံးသော ပျက်စီးမှုသည် မြေဆီလွှာများပင် ဖြစ်၏။ မြေများသည် အက်ကွဲပြီး ညိုမဲလျက် ရှိနေ၏။ စွမ်းအင်များ အားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
တတိယအဆင့် သတ်မှတ်ထားသည့် တားမြစ်တည်နေရာကြီးသည် တည်နေရာချိုးဖြတ်ခြင်းအဆင့်နှင့် အမြူတေ အသွင်ပြောင်းခြင်းစဦးအဆင့် ကျင့်ကြံသူများ ဝင်ရောက်ကာ လေ့ကျင့်ရသည့် တည်နေရာတစ်ခုဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုမြေပြင်တည်နေရာကြီး တစ်ခုလုံးသည် ပျက်စီးသွားခဲ့၏။
“တိုက်ပွဲတည်နေရာကို ပြန်ပြီးရှင်းလင်းကြ”
“ကောင်းပါပြီ”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် တည်နေရာထဲတွင် ရှိနေသော တန်ဖိုးကြီးရတနာများကို သိမ်းဆည်းပြီး အမှိုက်များကို မီးရှို့ပစ်လိုက်ကြ၏။ သူတို့ ဤတည်နေရာသို့ မဝင်ရောက်ခင်က တည်နေရာတစ်ခုလုံးသည် တန်ဖိုးကြီးမားသော မြေဆီလွှာများ ဖြစ်ခဲ့၏။ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့်အချိန်မှာတော့ မီးလောင်တစပြင်ကဲ့သို့ပင် စုတ်ပြတ်လျက် ရှိနေသည်။ ဤအရာသည် ပြိုင်စံရှား ဂိုဏ်းပင်ဖြစ်၏။ သူတို့ ဝင်ရောက်သွားသည်ဆိုသည်နှင့် လက်ဗလာ ဘယ်တော့မှ မပြန်သွားချေ။
“သွားပြီပဲ။ ဒီတောကြီးက တကယ့်ကို သုံးစားလို့ မရတော့ဘူး”
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များနှင့်အတူ ထွက်ခွာသွားသည်ကို မြင်ရသည့်အချိန်မှာတော့ များပြားလှ သည့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့၏ အရှေ့တွင် ရှိနေသော ပျက်စီးလျက်ရှိနေသည့် ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ကြည့်ရှုကာဖြင့် မျက်နှာပေါ်တွင် စိတ်မချမ်းသာခြင်း များဖြင့် ပြည့်နှက်ကုန်ကြတော့၏။ ဤအရာသည် တတိယအဆင့် တားမြစ်တည်နေရာတစ်ခုဖြစ်သောကြောင့် အမြူတေအသွင်ပြောင်းခြင်း အဆင့်မြင့်နှင့် အစစ်အမှန်ရှာဖွေခြင်း အဆင့်များအတွက် ဘာမှမဟုတ်သော်လည်း အဆင့်နိမ့် သိုင်းကျင့်ကြံသူများအတွက်တော့ တကယ့်ကို နတ်ဘုံနတ်နန်းကြီး တစ်ခုပင် ဖြစ်၏။
“ဟင်း...”
တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ “အနီးဆုံးမှာ ရှိတဲ့ မီးတိမ်ချောက်ကမ်းပါးဆီကိုပဲ သွားကြတာပေါ့”
မီးတိမ်ချောက်ကမ်းပါးဆိုသည်မှာ တတိယအဆင့် သတ်မှတ် ထားသော တားမြစ်တည်နေရာတစ်ခုပင်ဖြစ်၏။ နာမည်ကို ကြည့်ရှုလိုက်သည်နှင့် ဤတည်နေရာသည် မီးများနှင့် ပတ်သက်နေသည့် တည်နေရာတစ်ခုမှန်း သိရှိနိုင်၏။ ထို့အပြင် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများကို သွန်းလုပ်လို့ရသည့် မီးတိမ်ကျောက်များလည်း အများအပြား တည်ရှိလို့နေသည်။
“သွားကြရအောင်”
သံမဏိသစ်ပင်တောတန်းတစ်ခုလုံး ပျက်စီးသွားပြီးသည့်နောက် များပြားလှသော ကျင့်ကြံသူ များအားလုံးသည် တခြားသောတည်နေရာတစ်ခုဆီသို့ ဦးတည်လိုက်ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ဤတည်နေရာ သို့ ရောက်ရှိလာသည့်အချိန်မှာတော့ အရှေ့တွင် လူများစုစည်းနေသည်ကို မြင်လိုက်ရ၏။ သူတို့သည် ဇဝေဇဝါဖြင့် မေးလိုက်ကြ၏။ “ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေတာလဲ”
“ပြိုင်စံရှားဂိုဏ်းက တောင်ကြီးတစ်ခုလုံးကို စည်းခတ်ထားတယ်လေ”
“ဘာ” အားလုံးတို့သည် အရှေ့ဆီသို့ တိုးကာ ကြည့်ရှုလိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ခေါ်ဆောင်ကာဖြင့် မီးတိမ်ချောက်ကမ်းပါးထဲသို့ အရင်ဆုံး တိုးဝင်သွားခဲ့၏။ ပြီးနောက် အပြင်ဘက်မှ ဝင်ရောက် လာမည့် တကိုယ်တော် ကျင့်ကြံသူများ အမှတ်တမဲ့နှင့် ထိခိုက်ဒဏ်ရာ ရရှိမည်ကို ကာကွယ်သည့်အနေနှင့် ကြင်နာစွာဖြင့် ဤတည်နေရာကြီးတစ်ခုလုံးကို စည်းခတ်ထားလိုက်၏။
အမွေအနှစ် အခွင့်အရေးများ ရယူရန် လာရောက်ကျင့်ကြံကြသည့် လွတ်လပ်သော ကျင့်ကြံသူများသည် သူ့အား ကျေးဇူးပင်တင်ရမလို ဖြစ်နေသည်။
“ဖေဖေ... ဒီနေရာမှာရှိတဲ့ မီးဓာတ်အမျိုးအစားတွေက တကယ့်ကို အားကောင်းတယ်လေ။ ဒါတွေကို စုပ်ယူလို့ ရနိုင်လား”
“ရတာပေါ့”
ဝှစ် ဝှစ် ဝှစ်
တောင်၏ချောက်ကမ်းပါးအောက်ခြေတွင် ရှိနေသော ရှောင်ဟော့သည် သူ၏ပါးစပ်ကြီးကို ဟကာဖြင့် ဆာလောင် လွန်းလှသော သားရဲကြီးတစ်ကောင်ကဲ့သို့ ရှိရှိနေသမျှသော သန့်စင်သည့် မီးဓာတ်သဘာဝများအားလုံးကို စုပ်ယူ လျက်ရှိနေ၏။ အမှောင်ထဲတွင် ပုန်းအောင်းနေကြသော နတ်ဆိုးသားရဲများ၊ အထဲတွင် ရှိနေသည့် မွန်းစတား သားရဲများအားလုံးသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တုန်ယင်လျက်ပင် ရှိနေကြ၏။ အားကောင်းလွန်းလှသော မီးဓာတ်စိတ်ဝိညာဉ်နှင့် ရင်ဆိုင်ရသည့်နေရာတွင် သူတို့ထွက်သွားပါက ကျိန်းသေပေါက် တစ်ဖက်လူ၏ အစာအဖြစ်သို့ ပြောင်းလဲသွားမှာဖြစ်၏။
မီးတိမ်ချောက်ကမ်းပါးသည် မီးဓာတ်အမျိုးအစား စွမ်းအင်များ တည်ရှိနေပြီး အလွန်လည်း အားကောင်းလွန်း လှ၏။ အထဲသို့ ဝင်ရောက်သွားလေ အပူချိန်ပိုကာ တိုးကာလေဖြစ်၏။ သို့ပေမဲ့ ရှောင်ဟော့တစ်ယောက် တည်ရှိ နေသည်ဖြစ်သောကြောင့် ရှိရှိနေသမျှသော အပူဓာတ်နှင့် မီးများကို စုပ်ယူလျက် ရှိနေ၏။ ထို့ကြောင့် အပူချိန် တစ်ခုလုံးသည် ကျဆင်းနေခဲ့သည်။
လီချင်းယန်နှင့် တခြားသူများသည် လွယ်လွယ်ကူကူနှင့် ရှေ့သို့သွားပြီး များပြားလွန်းလှသော မီးဓာတ်အမျိုးအစား ကျောက်ရိုင်းတုံးများကို ရယူသိမ်းဆည်းလျက် ရှိနေ၏။ နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် အပြင်ဘက်တွင် ရှိနေသော သီးခြားဖြစ်တည်ခြင်း အစီအရင်သည် ပျောက်ကွယ်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် အားလုံး ကြည့်ရှုနေသည့် မျက်လုံးများ အောက်မှာပဲ တပည့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွား၏။
သူတို့ ထွက်ထွက်ချင်းမှာပဲ တစ်ကိုယ်တော် ကျင့်ကြံသူများသည် မီးတိမ်ချောက်ကမ်းပါးထဲသို့ ဝင်လိုက်ကြ၏။ အထဲတွင် မည်သည့် မီးဓာတ်စွမ်းအင်မျိုးမှ မရှိတော့ဘဲ ရတနာများပါ ပြောင်သလင်းခါသွားသည်ကို မြင်ရသည့် အချိန်မှာတော့ စိတ်ပျက်လက်ပျက် အော်ဟစ်လျက် ရှိနေသည်။ “ဒီတားမြစ်တည်နေရာကြီးကလည်း သွားပြန်ပြီ”
“အဆင်ပြေသေးတယ်။ ငါတို့ ရေနတ်မိမယ်ကန်ဆီကို သွားကြရအောင်”
သို့ပေမဲ့ ထိုနေရာသို့ ရောက်သည့်အချိန် မှာတော့ တတိယအဆင့် သတ်မှတ်ခြင်းခံထားရသည့် တားမြစ်တည်နေရာကြီး တစ်ခုလုံးသည်လည်း ပြောင်သလင်းခါလျက် ရှိနေတော့သည်။
ဖြစ်နိုင်သည်မှာ ….
အားလုံးက ခန့်မှန်းထားသည့်အတိုင်းပင် ရင်းနှီးသည့် ပုံရိပ်တစ်ခုသည် အဝေးတည်နေရာတွင် မြောက်ကြွ မြောက်ကြွနှင့် ထွက်ခွာသွားသည်ကို မြင်လိုက်ရ၏။ သူတို့သည် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်၏။ “သူတို့ပဲ ထပ်လုပ်သွားပြန်ပြီ”
သံမဏိသစ်ပင်တော၊ မီးတိမ်ချောက်ကမ်းပါးနှင့် ရေနတ်မိမယ်ကန် အချိန်အတိုင်းအတာ တစ်ခုအတွင်း ကျွင်းချောင်ရှောင်းသည် ထိုတည်နေရာများကို သွားရောက်လည်ပတ်ခဲ့၏။ အဆုံးသတ်မှာတော့ ထိုနေရာများတွင် ရှိနေသော အရာပစ္စည်းအကုန်လုံးကို သိမ်းဆည်း ရယူသွားခဲ့၏။ တချို့သော တည်နေရာများသည် ပတ်ဝန်းကျင်နှင့် တည်နေရာတစ်ခုလုံး စုတ်ပြတ်ကုန်ကြပြီး တချို့သော နေရာများသည် ဓာတ်သဘာဝများ အကုန်လုံး ပျောက်ကွယ်ကုန်ကြသည်။
ထူးခြားလှသည့် စွမ်းအင်နှင့် အကျိုးကျေးဇူးများ မရှိတော့သောကြောင့် ထိုတတိယအဆင့် သတ်မှတ်ထားသည့် တားမြစ်တည်နေရာကြီးသည် သာမန်တည်နေရာတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့တော့၏။
အထက်နယ်မြေတစ်ခုလုံး သည် အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။ သိုင်းကျင့်ကြံသူများသည်လည်း ဒေါသထွက်လျက် ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် သူသွားရောက်သည့် တည်နေရာတစ်ခုလုံးတွင် ဘာတစ်ခုမှ မကျန်အောင် သိမ်းဆည်း ရယူခဲ့၏။ ထိုအရာကို မတားမြစ်ပါက ၎င်းတို့အားလုံးသည် အနာဂတ်တွင် မည်ကဲ့သို့သော အခွင့်အရေးမျိုးကို သွားရောက်ကာ ရှာဖွေရတော့မည်နည်း။
“ဒီလူရဲ့လမ်းကို ကြည့်ရတာ ဖီးနစ်အင်မော်တယ်တောင်တန်းဆီကို သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ တားမြစ်တည်နေရာတွေ အကုန်လုံးကို ဝင်သွားမယ့်ပုံပဲ။ ဒီတော့ ငါတို့ သူတို့နောက်သွားမယ့် တားမြစ်တည်နေရာကနေ သွားပြီး တားဆီးရမယ်”
ထို့ကြောင့် များပြားလွန်းလှသော တစ်ကိုယ်တော် သိုင်းကျင့်ကြံသူများ အားလုံးသည် အပေါင်းအဖော်များ စုစည်း ကာဖြင့် ကျွင်းချောင်ရှောင်း၏ ရှေ့ဆီသို့ရောက်အောင် ကြိုးစားကာ ပြေးကြတော့၏။ ပြီးသည့်နောက် ဆိုင်းဘုတ် များကို ကိုင်ဆောင်ကာဖြင့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ကြသည်။
‘သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း သည် အားလုံးသောသူများ၏ တာဝန်ပင်ဖြစ်သည်။’
ထိုကဲ့သို့သော ဆိုင်းဘုတ်များသည် တည်နေရာအနှံ့တွင် တည်ရှိနေ၏။
“ဂိုဏ်းချုပ်ကျွင်း”
အဘိုးကြီးတစ်ယောက်သည် လေးလေးနက်နက် ပြောလိုက်၏။ “တားမြစ်တည်နေရာထဲမှာ အန္တရာယ်တွေ ရှိတယ်ဆိုပေမယ့် ဒါတွေက အခွင့်အရေးတွေပဲလေ။ ဒါတွေ မရှိရင် ကျုပ်တို့ ဘယ်လို ကျင့်ကြံရမလဲ။ ခင်ဗျားက ရှေ့ကိုဝင်သွားပြီး အားလုံးကို ဖျက်ဆီးပစ်လိုက်တော့ အနာဂတ်မှာ ကျုပ်တို့က ဘာမှ ဆက်လုပ်လို့ မရတော့ဘူးလေ”
“ဒါက ခင်ဗျားရဲ့ ပြဿနာလေ။ ကျုပ်ရဲ့ပြဿနာ မဟုတ်ဘူး” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။
တားမြစ် တည်နေရာဆိုသည်မှာ အားလုံး ပိုင်ဆိုင်သည့်အရာပင်ဖြစ်၏။ သူတို့အနေနှင့် အထဲသို့ ဝင်ရောက်ပြီး တိုက်ခိုက်ချင် တိုက်ခိုက်၊ အသေခံချင် အသေခံ သို့မဟုတ် ရတနာများကို ရယူချင် ရယူ ကြိုက်သလို ပြုလုပ်နိုင်စွမ်း ရှိနေ၏။
“ဂိုဏ်းချုပ်ကျွင်း”
သတ်လတ်ပိုင်း လူတစ်ယောက်သည် အဝေးတစ်နေရာဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ရှေ့မှာ ရှိနေတဲ့ ဝိညာဉ်တောင်ကြားက ဒုတိယတန်းစား တားမြစ်တည်နေရာတစ်ခုပဲလေ။ အဲမှာ ရေတွက်လို့ မရအောင် များပြားတဲ့ ရတနာတွေ တည်ရှိနေတယ်။ ခင်ဗျားက အားကောင်းတဲ့လူတစ်ယောက်ပဲ။ တတိယအဆင့် တားမြစ်တည်နေရာထဲမှာ လာပြီး ဆော့ကစားတာမျိုး မပြုလုပ်ဘဲနဲ့ ဒုတိယအဆင့် တားမြစ်တည်နေရာမျိုးကို သွားရင် ပိုပြီးကောင်းမယ် မဟုတ်ဘူးလား”
“ဟုတ်တယ်၊ ဟုတ်တယ်” အားလုံးသောသူများသည် ဝင်ရောက်ကာ ထောက်ခံလိုက်ကြ၏။ သူတို့အနေနှင့် ကျွင်းချောင်ရှောင်းတစ်ယောက် တတိယအဆင့် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်ခြင်းအား တားမြစ်ချင်သည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် အသားစားသည်ဆိုလျှင်တောင်မှ သူတို့အတွက် အရိုးတော့ ချန်ထားသင့်သည် မဟုတ်ပါလား။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ ရှိရှိသမျှအရာအားလုံးကို ပြောင်သလင်းခါအောင် ယူဆောင်လျက် ရှိနေသည်။ ဤအတိုင်းသာ ဆက်ကာလွှတ်ပေးမည်ဆိုပါက သူတို့ ဘာမှ ဆက်လုပ်၍ မရတော့ချေ။
“ဝိညာဉ်တောင်ကြား ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒုတိယတန်းစား တားမြစ်တည်နေရာလား”
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဝိညာဉ်တောင်ကြားထဲမှာ ရှိတဲ့ရတနာတွေက ဒီမှာရှိတဲ့ ရတနာ တွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူး။ အရေအတွက်ကော၊ အရည်အသွေးကို သာလွန်းတယ်လေ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “ဒါဆိုလည်း စမ်းသပ်ကြတာပေါ့”
ထို့ကြောင့် လွတ်လပ်သောကျင့်ကြံသူများ၏ ကြည့်ရှုနေသည့်မျက်လုံးအောက်မှာပဲ ကုန်းရှန့်သည် ဤတားမြစ် တည်နေရာထဲသို့ ဝင်ရောက်ရန် မကြိုးစားတော့ဘဲ ဝိညာဉ်တောင်ကြား တည်ရှိရာနေရာဆီသို့ ဦးတည်လိုက်တော့သည်။
ဟူး
အားလုံးသောသူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ပြိုင်စံရှားဂိုဏ်းသည် ရွှမ်အဆင့်ဂိုဏ်း တစ်ခု၏ အဆင့်သို့ပင် မရောက်သေးချေ။ သို့ပေမဲ့ ဒုတိယအဆင့် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်ရဲလျက် ရှိနေ၏။ ကြည့်ရှုရသည်မှာ သေလမ်းရှာသည်နှင့် ဆင်တူလျက်ရှိနေ၏။
သို့ပေမဲ့ သူတို့သည် အဘယ်ကြောင့် တစ်ဖက်လူအတွက် စိုးရိမ်ပူပန်ရမည်နည်း။ သူတို့ ဤနေရာဆီသို့ ရောက်ရှိလာရသည့် အဓိကရည်ရွယ်ချက်သည် တတိယအဆင့် တားမြစ်တည်နေရာအား ဖျက်ဆီးခံရခြင်းမှ တားဆီးကာကွယ်ခဲ့ခြင်းပင်ဖြစ်သည်။
ပြောရမည်ဆိုလျှင် ဝိညာဉ်တောင်ကြားသည်သာ စကားပြောနိုင်မည်ဆိုပါက ၎င်းတို့အား ထ၍ ဆဲမှာ သေချာ၏။