အခန်း (၁၄၈၃)
Vol. 100 Ch. 1483
လေ့ကျင့်ရေးကွင်းပြင်ကြီး ပျက်ဆီးသွားသောကြောင့် လီချင်းယန်သည် တိုက်ခိုက်ရန် စိတ်မရှိတော့ချေ။ ထို့ကြောင့် စမ်းသပ်တိုက်ခိုက်မှုသည် အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ရှန့်ကွမ်းရှင်းရောင်မှာ အနိုင်ရရှိခဲ့၏။
အချိန်အနည်းငယ်ကြာ တိုက်ခိုက်ပြီးသည့်နောက်မှာ ဝါးတောင်တန်းနံပါတ်တစ် ၏ တိုးတက်မှုသည် တိုက်ခိုက်မှု စွမ်းရည် သာမက ပျံသန်းနိုင်မှုလည်း ပါဝင်လာသည်ကို မြင်လိုက်ရသည်။ တင်းရှင်းဝမ်နှင့် တစ်ခြားသောသူများသည် အံ့အားသင့်လျက် ရှိနေသည်။
ဤအရာသည် ဝါးအပုံလိုက်ကြီး တစ်ခုသာဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် ဤမျှအံ့အားသင့်စရာကောင်းအောင် ပြုလုပ်နိုင်ခဲ့သနည်း။
ဝါးတောင်တန်းချပ်ဝတ်ကို ထိန်းချုပ်နေသူသည် ရှန့်ကွမ်းရှင်းရောင်ဖြစ်၏။ ဤမိန်းကလေးသည် သိုင်းပညာ နည်းစနစ်များကို သုတေသနပြုလုပ်ခြင်း၊ အစီအရင်များကို ဖန်တီးရခြင်းတွင် အလွန်အားကောင်းသည် ဆိုသော်လည်း သိုင်းပညာလေ့ကျင့်နိုင်မှုတွင်တော့ သာမန်သာဖြစ်၏။
သူမသည် ဝါးတောင်တန်းနံပါတ်တစ် ကို အသုံးပြုပြီးသည့်နောက် အမြုတေအသွင်ပြောင်းလဲခြင်းအဆင့်တစ် ကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်၍ ရနေသည်။
“ကောင်လေး”
ထိုက်ရွှမ်အကြီးအကဲသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဘယ်လိုလဲ။”
“စွမ်းအင်ကုန်ဆုံးမှုကို ထိန်းချုပ်နိုင်သေးလား။”
ဝါးတောင်တန်းနံပါတ်တစ် သည် အမှန်ပင် ကောင်းမွန်လွန်းလှသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ သို့ပေမဲ့ အကြီးမားဆုံးသော အားနည်းချက်သည် လောင်စာကုန်ခမ်းခြင်းပင် ဖြစ်၏။ ပိုက်ဆံများကို မီးရှို့နေခြင်းနှင့် ပင် ဆင်တူ၏။
“တကယ်လို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး တိုက်ခိုက်ရေးစွမ်းရည်ကို ဖွင့်လှစ်မယ်ဆိုရင် သူ့ရဲ့ ကုန်ကျနိုင်မှုက တစ်နာရီကို တစ်သောင်းနီးပါးလောက် ကျလိမ့်မယ်။” ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်သည်။
“……..”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
“တစ်နာရီကို တစ်သောင်းဆိုရင် တပည့်တစ်သိန်းစာအတွက်…” ကျွင်းချောင်ရှောင်း သည် သေသေချာချာ စဉ်းစားကြည့်ပြီးသည့်နောက် ကျောပင်ချမ်းလာမိသည်။
စနစ်က ပြောလိုက်၏။ “ဒါတွေကို တပည့်အကုန်လုံးဆီ ပေးဖို့ဆိုတာ တကယ့်ကို မိုက်ရူးရဲ ဆန်လွန်းတယ်။”
“တခြားကော ဘာရှိလို့လဲ။”
ပြိုင်စံရှားဂိုဏ်းသည် အထက်နယ်မြေသို့ တက်လှမ်းလာသည်မှာ အနည်းငယ်သာကြာမြင့်သေး၏။ ၎င်းတို့သည် ဂိမ်းဆာဗာကို ခိုးယူနိုင်သည်ဆိုလျှင်တောင်မှ နှစ်တစ်သောင်းကျော်ကြာမြင့်ခဲ့ပြီဖြစ်သော အခြားသောသူများ၏ အခြေခံကို လိုက်လံတုပနိုင်ရန်အတွက်မူ ခက်ခဲလွန်းလှချေသည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် မတူညီသည့် နည်းလမ်းများနှင့် ချဉ်းကပ်ရန် လိုအပ်နေသည်။ ဝါးတောင်တန်း နံပါတ်၁ကိုသာ များများစားစား ထုတ်လုပ်သည်ဆိုပါက အားလုံးသောသူများသည် အမြုတေအသွင်ပြောင်းလဲခြင်း အဆင့်တစ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်မှာသေချာ၏။ ထိုသို့ဆိုလျှင် ဂိုဏ်း၏ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် တစ်မဟုတ်ချင်း တိုးတက်သွားပေလိမ့်မည်။ ထိုအရာသည် တွေးကြည့်လိုက်ရုံနှင့်ပင် စိတ်ချမ်းသာစရာ ကောင်းလှ၏။
စနစ်သည် စောဒက တက်လိုက်သည် “တဂိုဏ်းလုံး တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို မရောက်ရှိဘဲနဲ့ ဒီလိုမျိုးလုပ်ဖို့ဆိုတာ အဆင်မပြေနိုင်ဘူး။ သတိထားဖို့က အလှမ်းကျယ်ရင် အလယ်လပ်တတ်တယ်နော်။”
“ဒါဆိုရင် စွမ်းအင်ကုန်ခမ်းမှုကို ထပ်ပြီး လျှော့ချနိုင်သေးလား။”
“လျှော့ချနိုင်လိမ့်မယ်။”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။
“ဒါပေမဲ့”
ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်သည်။ “စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချလိုက်မယ်ဆိုရင် တိုက်ခိုက်နိုင်မှုစွမ်းရည်ကလည်း လျော့ကျလာလိမ့်မယ်။”
စက်ရုပ်ကြီး၏ အဓိက အမြုတေထားရှိသည့် စနစ်သည် အစီအရင်များနှင့်ဖန်တီးထားသည်ဖြစ်သောကြောင့် ဤအရာ ကို အသက်သွင်းရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးဆိုသည်မှာ မဖြစ်မနေ လိုအပ်နေသေး၏။
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် ဝါးတောင်တန်းနံပါတ်တစ် အနေနှင့် အမြုတေအသွင်ပြောင်းလဲခြင်းအဆင့် ၁ စွမ်းအားမြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည်ဆိုခြင်းအား လက်ခံလိုက်ပြီဖြစ်၏။ ထို့ကြောင့် မေးလိုက်မိသည်။ “များများစားစား ထုတ်လုပ်လို့ ရသေးလား။”
“ဘယ်လောက်လောက်ထုတ်လုပ်ချင်တာလဲ။”
“တစ်သိန်းလောက်။”
…..
ထိုက်ရွှမ်အဘိုးအိုသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွား၏။
ကျန်းတယ်ကျွင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် …. ဝါးတောင်တန်းနံပါတ်တစ် မှာ အစီအရင်ပေါင်း တစ်သောင်းလောက်ရှိနေတယ်။ ဒါတွေတစ်ခုချင်းကို အဆင့်မြှင့်တင်ပြီး ပြုလုပ်ဖို့ဆိုတာ အရမ်းကို ကြာမြင့်တယ်။ ၂နှစ်လောက်တောင် ကြာဖို့ရှိတယ်။”
“သုတေသနပြုလုပ်တယ်ဆိုမှတော့ တကယ့်ကို ကြာမြင့်မှာပေါ့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ပြောတော့လွယ်လိုက်တာ။”
ထိုက်ရွှမ်အကြီးအကဲ၏ မျက်လုံးများချာချာလည်လျက်ရှိ၏။ “လောလောဆယ် တစ်သိန်းကို မပြောနဲ့အုံး။ လုံလောက်တဲ့ပစ္စည်းကိုတောင် မထောက်ပံ့နိုင်သေးဘူးမဟုတ်လား။”
ပစ္စည်းပစ္စယများအကြောင်းကို တွေးပြီးနောက် ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို သတိရလိုက်မိ၏။ ထို့ကြောင့် မေးလိုက်သည်။ “ဆရာကြီး ….. ဒီစက်ရုပ်တွေ ဖန်တီးဖို့အတွက် သံမဏိသစ်ပင်တွေကို သုံးလို့ရနိုင်လား။”
“အသုံးပြုလို့ ရရုံတင်မကဘူး။ အကျိုးသက်ရောက်မှုကလည်း ပိုပြီးကောင်းလိမ့်မယ်။” ထိုက်ရွှမ်အကြီးအကဲသည် အားတက်သရောနှင့် ပြောလိုက်၏။
“ဒါဆိုရင် အဲဒါတွေကို သုံးလိုက်ရအောင်။”
“မင်းဆီမှာ များများစားစား ဘယ်လောက်ရှိလို့လဲ။”
“လာ … တောင်အနောက်ကို သွားကြည့်လိုက်။ တွေ့လိုက်မယ်။”
ထိုက်ရွှမ်အကြီးအကဲသည် တောင်၏အနောက်သို့ ဇဝေဇဝါဖြင့် လိုက်ပါလာခဲ့သည်။ များပြားလွန်းလှသော သံမဏိ သစ်ပင်များ စိုက်ပျိုးထားသည်ကို မြင်ရသည့်အချိန်မှာတော့ သူ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိ၏။
“သံမဏိသစ်ပင် တောကြီးတစ်ခုလုံးကို ဒီကို ရွှေ့ပြောင်းလာတာလားကွာ။”
“ဒီသံမဏိသစ်ပင်တွေနဲ့ဆိုရင် ဝါးတောင်တန်းနံပါတ်တစ် ကို ဘယ်လောက်များများလုပ်နိုင်လဲ။”
“အင်း … ၅၀၀ လောက်ပေါ့။”
“ဒါဆိုရင် ဖြစ်နိုင်သမျှ အမြန်ဆုံးပြုလုပ်ပေးဖို့ ဆရာကြီးကို ဒုက္ခပေးချင်တယ်။”
“အနည်းဆုံး ၅ နှစ်လောက်ကြာမယ်။”
“ကိစ္စမရှိဘူး။”
“တစ်နှစ်ကို ငါးဆယ် လား။ ငါးနှစ်ကို ငါးရာပေါ့”
“ပုံစံပြုလုပ်ခြင်း၊ တပ်ဆင်ခြင်း၊ အစီအရင်တွေကို ပုံစံဆွဲခြင်း ဒါတွေအကုန်လုံးက အချိန်ကြာတယ်လေ။” ထိုက်ရွှမ် အဘိုးအိုသည် စဉ်းစဉ်းစားစား တွေးတောကာ ပြောလိုက်သည်။
“ပြဿနာမရှိဘူး။ ဆရာကြီးအနေနဲ့ အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲကို သွားပြီးလုပ်ပေါ့။”
“…….”
ထိုက်ရွှမ်အကြီးအကဲသည် အလုပ်လုပ်ရန် စတင်ကာ စီစဉ်တော့၏။ သို့ပေမဲ့ အစီအရင်ဟောခန်းထဲသို့ ပြန်ရောက်လာသည့်အချိန်မှာတော့ သူသည် လက်ချောင်းများကို ထောင်ကာဖြင့် ရေတွက်နေမိသည် “ငါးနှစ်ကို ၅၀၀ ဆို၊ တစ်နှစ်ကို ၅၀ ဆိုတာ ဟုတ်လို့လား။”
…….
နောက်တစ်ရက်
အစီအရင်ဟောခန်းသည် အလုပ်များလျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် စာရွက်တစ်ရွက်ကို ထုတ်ယူကာ ဖြင့် စက်ရုပ်၏ ပုံပန်းသွင်ပြင်ကို သေသေချာချာ ရေးဆွဲလျက်ရှိနေ၏။ ပြီးနောက် ပြောလိုက်၏။ “ဆရာကြီး … ဒီလိုပုံစံမျိုးလုပ်ပေးလို့ရလား။”
ထိုက်ရွှမ်အကြီးအကဲ၏ ဝါးတောင်တန်းနံပါတ်တစ် သည် အနည်းငယ် အဆင့်နိမ့်လွန်းလှ၏။ ထို့ကြောင့် သူသည် ပုံပန်းသွင်ပြင်နှင့်ပတ်သက်လျှင် တစ်ချို့သော ပြောင်းလဲမှုများကို ပြုလုပ်ချင်မိ၏။ သို့မှသာ ကြည့်လိုက်သည်နှင့် တခြားသူများ ရှိန်သွားပေလိမ့်မည်။
ကုန်းရှန့်ဆွဲထားသော စက်ရုပ်၏ ပုံစံဒီဇိုင်းသည် အမှန်ပင် ကောင်းမွန်လွန်းလှ၏။ အလုံးစုံသော ပုံပန်းသွင်ပြင်သည် ကွာခြားသွားသည်သာမက အထူးသဖြင့် ဘယ်ဘက်တွင် နဂါးပုံများရေးထိုးထားပြီး ညာဘက်ခြမ်းတွင်လည်း တိမ်တိုက်ပုံများ ရေးထိုးထား၏။
“မဖြစ်နိုင်ဘူး။”
ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်သည်။ “ဒါက ရုပ်ဆိုးလွန်းတယ်။”
ဤပုံစံသည် အမှန်ပင် ရုပ်ဆိုးလွန်းသည်ဟုလည်း မဆိုလှပေ။ ရှေးပုံစံနှင့် နည်းပညာပိုင်းဆိုင်ရာကို ပေါင်းစပ်ထား သည့် ပုံစံပင်ဖြစ်၏။ သို့ပေမဲ့ သူ့ကဲ့သို့ ရှေးရိုးစွဲ အဘိုးကြီးတစ်ယောက်အနေနှင့် ဤကဲ့သို့သော ပုံစံကို အဘယ့်ကြောင့် ခွင့်ပြုပေးရမည်နည်း။
“ဒီကိစ္စကို ဆွေးနွေးစရာမလိုဘူးလေ။ ကျုပ်စကားကိုပဲ နားထောင်ပါ။” ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။
“………..”
ထိုက်ရွှမ်အကြီးအကဲသည် ဘယ်လိုမှ သဘောမကျဘူးဆိုသော်လည်း စားပွဲပေါ်ရှိ စာရွက်များကို ယူဆောင်ကာဖြင့် ဤပုံစံအတိုင်း ပြုလုပ်ရန် လှည့်ကာထွက်ခွာသွားခဲ့ရ၏။ ပြီးနောက်သူက ပြောလိုက်၏။ “ဟောခန်းသခင်ဖန် …. ဝါးတောင်တန်းနံပါတ်၁ အတွက် အစိတ်အပိုင်းပြုလုပ်ဖို့ကိစ္စကို ခင်ဗျားတို့ ပန်းပဲခန်းမဆောင်က တာဝန်ယူရလိမ့်မယ်။”
“ပြဿနာမရှိပါဘူး။”
ဖန်းရီကျိသည် အလကား အားယားလျက်ရှိနေ၏။ ထို့ကြောင့် သံမဏိသစ်ပင် တော်တော်များများကို ခုတ်ထွင်ပြီးသည့် နောက် ဒီဇိုင်းပုံစံများအတိုင်း ပြုလုပ်လျက်ရှိနေ၏။ ဤကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူများ တည်ရှိခြင်းသည် ဂိုဏ်းအတွက် ကြီးမားသည့် အကျိုးကျေးဇူးပင်ဖြစ်ပေ၏။
ဝါးတောင်တန်းနံပါတ်တစ် ၏ အစိတ်အပိုင်းများသည် ပြုလုပ်ရန် အလွန်လွယ်ကူလွန်းလှ၏။ အခက်အခဲဆုံးအရာမှာမူ အသေးစိတ် သေသေချာချာ ရေးဆွဲရသည့် အစီအရင်များပင် ဖြစ်၏။ မတော်တဆ အမှားအယွင်းလေးတစ်ခုသာ ပါသွားသည်ဆိုပါက ယခင်ပြုလုပ်ခဲ့သည့် အရာများအားလုံးသည် ချက်ချင်းပဲ ပျက်စီးကုန်မှာ သေချာသည်။
အစီအရင် ဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲတွင် စီစီရီရီနှင့် မတ်တပ်ရပ်လျက် ရှိ၏။ ၎င်းတို့အားလုံးသည် စုတ်တံများကို အသုံးပြုကာ အစိတ်အပိုင်းများအပေါ်တွင် အစီအရင်များ ရေးဆွဲလျက်ရှိနေ၏။ သေသပ်လှပသော လက်ရာများသည် အစိတ်အပိုင်းများပေါ်၌ တစ်ခုချင်းစီ ပေါ်ပေါက်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် လာရောက်ကြည့်ရှုသည့်အချိန်မှာတော့ မနေနိုင်ဘဲ သက်ပြင်းပင်ချလိုက်မိသည်။ “များများစားစား ထုတ်လုပ်လို့ရမယ်ဆိုရင် အရမ်းကောင်းမှာပဲ။”
“စတိုးကို အသုံးပြုလိုက်လေ။” စနစ်က သတိပေးလိုက်၏။
“………”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိ၏။ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ၂ သိန်းသာလျှင် ရှိ၏။ ထို့ကြောင့် သူ့အား စိုးရွံ့စေ၏။
အချိန်မြန်ဆန်မှု၏အောက်တွင်တော့ ဝါးတောင်တန်းနံပါတ်တစ် ၁၀ ခုသည် ရက်အနည်းငယ်အတွင်း ဖြစ်တည်လာခဲ့သည်။
ပြုလုပ်သည့်ပစ္စည်းများသည် သံမဏိသစ်ပင်များနှင့် ပြုလုပ်ထားသောကြောင့် မဲနက်လျက်ရှိနေပြီး ပုံပန်းသွင်ပြင် မှာလည်း ပြောင်းလဲသွားခဲ့သလို ကြည့်လိုက်သည်နှင့် လူရှိန်ရလောက်သည့် အရုပ်ကြီးများအဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝါးတောင်တန်း ဆိုတဲ့နာမည်က အရမ်းကို ခေတ်နောက်ကျတယ် လို့ ခံစားရတယ်။ နာမည် ပြောင်းလိုက်ရအောင်။”
“ဘယ်လိုပြောင်းမှာလဲ။”
“ကျွဲရိုင်း”
စက်ရုပ်၏ အရောင်သည် မဲမှောင်ပြီး တောက်ပလျက်ရှိ၏။ ထိုအရာသည် အားအင်နှင့် ဖျက်ဆီးနိုင်မှုအစွမ်းကို ဖော်ညွှန်းပြသသည့် ကျွဲရိုင်းတစ်ကောင်နှင့်ဆင်တူ၏။
ကျွင်းချောင်ရှောင်းသည် နာမည်ပေးသည့်ပါရမီတွင် ကောင်းမွန်လိမ့်မည်ဟု သူ့ကိုယ်သူ တစ်ခါမှ မတွေးခဲ့ချေ။ သို့ပေမဲ့ လက်ရှိနာမည်ကို ပေးအပ်ပြီးသည့်နောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ကိုယ့်သူ လက်မပင် ထောင်ပြနေမိသည်။
ထိုက်ရွှမ်အဘိုးအိုသည် ငြင်းပယ်ရန် စဉ်းစားလိုက်သေး၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်၏ စကားကို နားထောင်ရသည်မှာ သဘာဝပင် ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် လိုက်လျောခဲ့ရတော့၏။
“ကျွဲရိုင်းကလည်း ကောင်းတာပါပဲ။”
လက်ရှိအခြေအနေမှာတော့ ဝါးတောင်တန်းနံပါတ်တစ် သည် ကျွဲရိုင်းဆိုသည့် နာမည်ကို တရားဝင်ရရှိခဲ့၏။ တတိယနှင့် စတုတ္ထမျိုးဆက်သစ် ကျွဲရိုင်းများ ထပ်မံဖြစ်တည်လာမလားဆိုသည်ကတော့ အစီအရင်ဟောခန်း၏ ကြိုးစားမှုအပေါ်တွင် မူတည်လျက်ရှိနေသည်။