အခန်း (၁၄၈၅)
Vol. 100 Ch. 1485
ကျွဲရိုင်းစက်ရုပ် ပေါ်ပေါက်လာခြင်းသည် အဆင့်နိမ့်တပည့်များအား အမြူတေပြောင်းလဲခြင်းအဆင့်တစ်၏ အားအင်များကို ချက်ချင်းပင် ပိုင်ဆိုင်ရရှိစေခဲ့၏။ ဤအရာသည် ဟန်ပြသက်သက်တော့ မဟုတ်ချေ။ ကျွင်းချောင်ရှောင်း အနေနှင့် အရေးကြီးသော အခြေအနေမျိုးတွင် ၎င်းတို့အား အကူအညီဖြစ်စေသည့် အရာများ ပေးအပ်ထားခြင်းပင် ဖြစ်၏။ ထိုမှသာလျှင် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်ကာဖြင့် အရင်းအမြစ်များကို ရယူရင်း ဂိုဏ်း၏တာဝန်များကို ပြည့်စုံအောင် ပြုလုပ်နိုင်မှာ ဖြစ်၏။
အစွမ်းသက်ရောက်မှုသည် မဆိုးလှချေ။ ရက်အနည်းငယ် အတွင်းမှာပဲ စက်ရုပ်များ၏ အကူအညီကြောင့် တပည့်များ၏ တာဝန်ပြည့်စုံမှုနှုန်းထားသည် ယခင်ကထက် ပိုမိုကာ မြန်ဆန်လာခဲ့သည်။ ထို့အပြင် ရတနာများကိုလည်း တော်တော်များများ ရရှိနေခဲ့၏။ ထိုအရာများကို အချိုးချ ပြန်လည်တွက်ချက်လိုက်မည်ဆိုပါက စွမ်းအင် ကုန်ဆုံးမှုထက် ပြန်လည်ရရှိသည့် အကျိုးအမြတ်သည် သာလွန်လျက် ရှိနေသည်။
ထို့အပြင် ဆေးလုံးခန်းမဆောင်၏ ဆိုင်ခွဲများသည် လည်ပတ်လျက် ရှိနေသေး၏။ စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိနိုင်မှုနှုန်းသည် တဖြည်းဖြည်းနှင့် ပိုမိုကာ မြင့်မားလာခဲ့၏။ ထို့ကြောင့် စက်ရုပ်များကို အသုံးပြုခြင်းဖြင့် ကုန်ဆုံးနိုင်သည့် စိတ်ဝိညာဉ်ကျောက်တုံးများ၏ ကုန်ကျစားရိတ် ခံနိုင်ရည် ရှိနေ၏။
“စိတ်သက်တောင့်သက်သာ ဖြစ်လိုက်တာ” စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို ကောက်မော့ကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်မိသည်။ ဂိုဏ်းသည် မှန်ကန်သည့် လမ်းစဉ်ထဲတွင် ကျရောက်လျက် ရှိနေသည်။
ဒုတိယအသုတ် ဖန်တီးပြုလုပ်ထားသည့်စက်ရုပ်များအား တပည့်များကို အသီးသီး ခွဲဝေပေးပြီးပြီဖြစ်၏။ အနာဂတ်တွင် သိုင်းပညာအရင်းအမြစ်များကို ရယူနိုင်မှုနှုန်း ပိုမို မြန်ဆန် များပြားလာမှာဖြစ်၏။ သို့ပေမဲ့ တပည့်များ၏ အဆင့်တက်နိုင်မှုနှုန်းသည် အနည်းငယ် နှေးကွေးနေသည်ဟု ကုန်းရှန့်က ခံစားနေမိသေး၏။
အဘယ်ကြောင့်ဆိုသော် အဓိက တာဝန်၏ အချိန်အကန့်အသတ်သည် နည်းပါးလွန်းလှသောကြောင့် သူ့အနေနှင့် အထက်နယ်မြေတွင် အမြန်ဆုံး အားကောင်းရန် လိုအပ်နေသောကြောင့်ပင်။
စနစ်၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းသည် ဂိုဏ်း၏အဆင့်ကို တိုးမြှင့်စေရန်အတွက် ဂိုဏ်းစုဆောင်းမှတ် သို့မဟုတ် ဂိုဏ်းအောင်မြင်မှုအမှတ်များကို အသင့်မှီခိုနေစရာ မလိုအပ်ချေ။ တစ်လောကလုံးက အသိအမှတ်ပြုခံနိုင်လောက်သည့် အားအင်အဆင့်များကို ပိုင်ဆိုင်နိုင်မည်လား ဆိုသည်ကသာ အရေးကြီးလွန်းလှ၏။
အတိတ်တုန်းကသာဆိုလျှင် မည်သည့်အဆင့်ရှိသည်ကို ဂိုဏ်းအသိအမှတ်ပြုဟောခန်းမှ ရောက်ရှိလာပြီး စစ်ဆေးကြ၏။ ထို့ကြောင့် ဂိုဏ်းအနေနှင့် တခြားသောသူများ၏ အသိအမှတ်ပြုမှုများကို ခက်ခက်ခဲခဲဖြင့် ရှာဖွေနေစရာ မလိုအပ်ချေ။
ယခု အထက်နယ်မြေတွင် ဤကဲ့သို့သော အဖွဲ့အစည်းမျိုး မရှိချေ။ ထို့ကြောင့် သူ အားကောင်းလာလား၊ အားမကောင်းလာလား ဆိုသည်ကို မည်သူက ဆုံးဖြတ်ပေးမည်ဆိုခြင်းမှာ ပြဿနာတစ်ခုဖြစ်လာ၏။ တစ်စုံ တစ်ယောက်အနေနှင့် တခြားသောသူများ၏ အသိအမှတ်ပြုမှုကို လိုချင်သည်ဆိုပါက သွားရောက်ကာ တိုက်ခိုက်ရမည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်နေ၏။
လတ်တလော ကျွင်းချောင်ရှောင်းသည် အနီးအနား ပတ်ဝန်းကျင်သို့ လှည့်လည်ကာ သွားရောက်ခဲ့သည်။ သွားလာ စုံစမ်းကြည့်သည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်း၏ အဆင့်သည် ရွှမ်အဆင့်ဂိုဏ်းတစ်ခု၏ အားအင်မျိုး ပိုင်ဆိုင်သည်ဟု မည်သူကမှ တွေးတောမထားခဲ့ကြချေ။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “အနာဂတ်မှာ ငါတပည့်တွေကို ခေါ်ပြီးတော့ ရွှမ်အဆင့်ဂိုဏ်းတွေကို စိန်ခေါ်လို့ ရတာပဲ”
ဂိုဏ်း၏အဆင့်ကို သတ်မှတ်ပေးနိုင်သည့် အသိအမှတ်ပြုဟောခန်း မရှိဘူးဆိုမှတော့ ကုန်းရှန့်အနေနှင့် သူ၏ ကိုယ်ပိုင်အားအင်ကို အသုံးပြုကာဖြင့် တခြားသောသူများကို သွားရောက်ကာ စိန်ခေါ်နိုင်သည်။ ရွှမ်အဆင့်ဂိုဏ်းတစ်ခုကို စိန်ခေါ်ရန် မလုံလောက်ဘူးဆိုပါက နှစ်ခု သို့မဟုတ် သုံးခုလောက်ကို ထပ်မံကာ စိန်ခေါ်ရပေလိမ့်မည်။ ထိုသို့ပြုလုပ်ပြီးသည်အထိ အဆင်မပြေသေးလျှင် အသိအမှတ်ပြုခံရသည်အထိ လိုက်လံကာ စိန်ခေါ်တိုက်ခိုက်နေမှာ သေချာသည်။
ထိုအချင်းအရာကို ရွှမ်အဆင့်ဂိုဏ်းများသာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် သက်ဆိုင်ရာဌာနချုပ် တစ်ခုခုဆီသို့ သွားရောက်ကာ ဂိုဏ်းအသိအမှတ်ပြုဟောခန်းတစ်ခု ဖန်တီးတည်ဆောက်ပေးရန် တောင်းဆိုကြ ပြေိုင်စံရှားဂိုဏ်းသည် တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း အပေါ်တွင် အာရုံစိုက်သည်မှာ အလွန်ပင် ရှားပါးလွန်းလှသည်။
ရံဖန်ရံခါဆိုသလို သူသည် လတစ်လ၏ အဆုံးသတ်အပိုင်း၌ Refresh လုပ်နိုင်သည့် အကြိမ် ပြည့်လေုပ်လိုက်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဘာတစ်ခုကိုမှ မဝယ်ယူနိုင်ခဲ့ချေ။ ပစ္စည်းကောင်းများမှာလည်း မရှိချေ။
သူ့အနေနှင့် ဗွီအိုင်ပီအကောင့်ကို အသုံးပြုသူအဖြစ် ဖြစ်လာသည်ဆိုမှသာ ပစ္စည်းကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ကောင်းကောင်းနားလည်ထားသည်။
ကျွဲရိုင်းစက်ရုပ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခြင်းကြောင့် အရှေ့တောင်ဘက် တစ်ခုလုံးတွင် ကြီးမားသည့် သတင်းကြီးအဖြစ် ပျံ့နှံ့လျက် ရှိနေ၏။ တားမြစ်တည်နေရာထဲသို့ ဝင်ရောက်လာသည့် သိုင်းကျင့်ကြံသူများသည် မည်သည့်နည်းစနစ်နှင့် ပြုလုပ်ထားမှန်းမသိသည့် စက်ရုပ်များကို မြင်ရသည့်အချိန်မှာတော့ အမှန်ပင် အံ့အားသင့်မိနေကြ၏။
ထိုက်ရွှမ်အကြီးအကဲနှင့် ၎င်း၏အကူအညီနှစ်ယောက်ဖြစ်သော ကျန်းတယ်ကျွင်းနှင့် ရှန့်ကွမ်းရှင်းရောင်တို့သည် ဤစက်ရုပ်ကြီးကို အဆင့်တိုးတက်အောင် ဆက်လက်ပြုလုပ်လျက် ရှိနေ၏။
စွမ်းအင်ကုန်ဆုံးမှုနှုန်းထားကို လျော့ချနိုင်ခဲ့ပြီး ထိုအရာကို အသက်သွင်းထားသည်ဆိုပါက စက်ရုပ်ကြီးသည် အဆင့်နိမ့်စွမ်းရည်ကိုသာ ထုတ်ဖော်နိုင်မည်ဖြစ်ကာ တိုက်ခိုက်နိုင်မှု စွမ်းရည်ကလည်း တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်တွင်သာ တည်ရှိနေပေလိမ့်မည်။
ဟန်ချက်ညီသည့် လုပ်ဆောင်နိုင်မှုကိုလည်း အသက်သွင်းနိုင်ပြီး ထိုအရာကို အသက်သွင်းထားပါက တိုက်ခိုက်ရေးစွမ်းရည် နှင့် စွမ်းအင်ကုန်ဆုံးမှုသည် သာမာန်ပျဉ်းမျှအဆင့် ကုန်ကျပေလိမ့်မည်။
အကောင်းမွန်ဆုံးသော လုပ်ဆောင်နိုင်မှုကို အသက်သွင်းလိုက်ပါက စက်ရုပ်ကြီးသည် အထဲ၌ ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်ကို ရူးရူးမူးမူး စုပ်ယူမည် ဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားပေလိမ့်မည်။
“မဆိုးဘူး” ကျွင်းချောင်ရှောင်းသည် အသိအမှတ်ပြုလိုက်မိ၏။
အချက်အလက်အားဖြင့် သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များသည်လည်း အသုံးပြုရင်း ဖြစ်ပေါ်လာသည့် အခက်အခဲ နှင့် အဆင်မပြေမှုများကို ပြန်လည်ကာ သတင်းပေးပို့ကြသည်။ ထပ်တိုး အဆင့်မြင့်တင်စရာ များအဖြစ် အစီအရင်ဟောခန်းကလည်း မှတ်တမ်းတင်ထားကြသည်။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်လို့ ဒီနည်းပညာတွေ ထပ်ပြီးတော့ တိုးတက်သွားမယ်ဆိုရင် တိုက်ခိုက်နိုင်မှုစွမ်းရည်ကို အဆုံးစွန်အခြေအနေထိ ဖြစ်သွားအောင် ပြုလုပ်လို့ရလား။ တပည့်တွေ အနေနဲ့ အသက်အန္တရာယ်ကြုံတဲ့အချိန်မှာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ လုပ်ဆောင်နိုင်မှုမျိုးပေါ့”
“ဒီလိုလုပ်မယ်ဆိုရင် အစီအရင်ရဲ့ အတွင်းပိုင်းလုပ်ဆောင်နိုင်မှုကို လွယ်လွယ်ကူကူနဲ့ ပျက်စီးစေလိမ့်မယ်” ထိုက်ရွှမ်အကြီးအကဲက ပြန်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “တစ်စုံတစ်ယောက်က သေတော့မယ်ဆိုရင် ဒီစက်ရုပ်ကြီးရဲ့ ပျက်စီးမှု၊ မပျက်စီးမှုကို ဘယ်လိုလုပ် ဂရုစိုက်နေမှာလဲ”
ထိုက်ရွှမ်အကြီးအကဲသည် ချက်ချင်းပဲနားလည်သွားခဲ့၏။ ထို့ကြောင့် နောက်ဆုံးဝှက်ဖဲအဖြစ် ကျွဲရိုင်းစက်ရုပ်ကြီး၏ နောက်ဆုံးအကန့်အသတ်ကို ထည့်သွင်းခဲ့တော့သည်။
အသုံးပြုသူသည် အသက်အန္တရာယ်ကြုံတွေ့ပြီး အသက်ရှင်ရန် လုံးဝမဖြစ်နိုင်တော့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဆိုပါက စက်ရုပ်ကြီး၏ အတွင်းပိုင်းတွင် ထိုင်၍ အသေခံနေမည့်အစား ထိုကဲ့သို့ အဆုံးစွန်သော အခြေအနေမျိုးကို ထုတ်ဖော်ကာ တိုက်ခိုက်နိုင်စွမ်း ရှိလာပေလိမ့်မည်။
“ကောင်းပြီ.. အနာဂတ်မှာ အစီအရင်တွေကိုလည်း ထပ်ပြီး တိုးတက်အောင်ပြုလုပ်ဖို့ လိုအပ်နေသေးတယ်” ကျွင်းချောင်ရှောင်းအနေဖြင့် စက်ရုပ်တစ်ခုချင်းစီတိုင်းကို လွယ်လွယ်ကူကူနှင့် ထိန်းချုပ်နိုင်ရန် လိုချင်မိနေသေး ၏။
“ဒါက ပြဿနာတစ်ခုမဟုတ်ဘူး”
ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်သည်။ စက်ရုပ်ကြီး၏ အတွင်းပိုင်းတွင် ရှိနေသော အစီအရင်များသည် ရှုပ်ထွေးလွန်းလှ၏။ ထို့ကြောင့် ပိုမိုလွယ်ကူမြန်ဆန်သည့် နည်းလမ်းများဖြင့် အသက်သွင်းနိုင်ရန် စီစဉ်ထားမှသာလျှင် အားလုံးသောသူများ အသုံးပြုနိုင်မှာ ဖြစ်သည်။
အထက်နယ်မြေရှိ တခြားသော အဓိကဂိုဏ်းများသည် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအင်ကို တိုးတက်ရန် နည်းလမ်း ပေါင်းများစွာကို စဉ်းစားလျက်ရှိနေကြ၏။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ၎င်းတို့စက်ရုပ်များ၏ လုပ်ဆောင်နိုင်မှု ပိုမိုတိုးတက်ရန် စဉ်းစားလျက် ရှိနေ၏။ ဤနှစ်ခု၏ လုပ်ငန်းသွင်ပြင်သည် အမှန်ပင် ခြားနားလွန်းလျက် ရှိနေသည်။
..........
နှစ်ဝက်လောက် ကြာမြင့်ပြီးသည့်နောက် ရီရှင်းချန်၊ လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် အမြူတေ အသွင်ပြောင်းလဲခြင်း ဒုတိယအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီး ၎င်းတို့၏ အားအင်အဆင့်များသည်လည်း ကြီးကြီး မားမား တိုးတက်သွားခဲ့၏။ သာမန်တပည့်များ၏ တိုးတက်မှုသည်ကလည်း ကြီးမားလွန်းလှ၏။ ဂိုဏ်းတစ်ခုလုံး၏ အလုံးစုံသော အားအင်အဆင့်သည် တည်နေရာချိုးဖြတ်ခြင်း အနိမ့်အဆင့်သို့ ရောက်ရှိနေခဲ့၏။ ထိုအရာသည် သိုင်းအင်ပါယာ၏ အဆင့်ထက် ပိုမိုကာ မြင့်မားသည် မဟုတ်ပါလား။
လစဉ်လတိုင်း ၎င်းတို့အားလုံးသည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်ကြ၏။ အစီအရင် ဟောခန်းသည်လည်း ကျွဲရိုင်းစက်ရုပ်ပေါင်း တစ်ရာကျော်တို့ကို နည်းလမ်းများပေါင်းစုံ အသုံးပြု၍ ထုတ်လုပ်ခဲ့ပြီး အသုံးပြု ထိန်းချုပ် နိုင်သည့် နည်းလမ်းကလည်း ယခင်ကထက် နှစ်ဆပိုမြန်ဆန်လာခဲ့၏။
ဟုတ်ပေသည်။ ဤအရာသည် ဒုတိယမျိုးဆက် စက်ရုပ်များအဖြစ်သာ တည်ရှိနေသေးသည် ဆိုသော်လည်း များပြားလှသည့် လုပ်ဆောင်နိုင်မှုပုံစံများကို ထပ်တိုး ထည့်သွင်းခဲ့၏။ အထူးသဖြင့် ကျွင်းချောင်ရှောင်း အကြံပြုခဲ့ သည့် အဆုံးစွန်အခြေအနေကို အသက်သွင်းနိုင်ခဲ့ခြင်းပင်။
သေးငယ်လှသော အစီအရင်များထဲတွင် တည်ရှိနေသော အနီရောင်ခလုတ်လေးကို နှိပ်လိုက်မည်ဆိုပါက ထိုအရာသည် အဆုံးစွန်သော စွမ်းအင်များကို ထုတ်ဖော်နိုင်သည့်အရာအဖြစ်သို့ အသက်ဝင်သွားပေလိမ့်မည်။
ဘုန်း
သိုင်းလေ့ကျင့်ရေး တည်နေရာအတွင်းမှာတော့ ရှောင်ကျီသည် အလွန်ခိုင်ခံ့လွန်းလှသော အကာအကွယ် အတားအဆီးတစ်ခုကို ရှေ့တွင်ထားကာဖြင့် စက်ရုပ်ကြီး၏ အားကုန်အပြည့်တိုက်ခိုက်မှုကို ကာကွယ်လိုက်၏။ သူ၏ အမူအရာတစ်ခုလုံးသည် လေးနက်တည်ကြည်နေ၏။
ဖြောက် ဖြောက် ဖြောက် ဖြောက်
တိုက်ခိုက်ပြီးသည့်နောက် ကျွဲရိုင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ခါသွားခဲ့သည်။
ဝှစ်
ရှန်ကွမ်းရှင်းရောင်သည် ထိုအရာကို အသက်သွင်းနေရာမှ ရပ်တန့်လိုက်၏။ ပြီးနောက် စက်ရုပ်ကြီး၏ ခန္ဓာကိုယ် အတွင်းမှ ခုန်ထွက်ကာဖြင့် အလောတကြီး ပြောလိုက်၏။ “ဖယ် ဖယ် ဖယ်... မြန်မြန်ဖယ်ကြတော့။ ဒါက ပေါက်ကွဲတော့မယ်”
ဘုန်း
တိုက်ခိုက်ရေးတည်နေရာအတွင်းတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး တိမ်တိုက်ပုံသဏ္ဍာန်ဖုံလုံးများ ဖြစ်တည်လာသည်။
“ချီးတဲ့မှ”
အစောကြီးကတည်းက ကြိုတင်ရှောင်ရှားပြီးဖြစ်သော စုရှောင်မိုသည် မျက်လုံးအပြူးသား ဖြစ်သွားမိ၏။
လီချင်းယန်သည် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်လျက် ရှိနေ၏။ နှလုံးသားထဲတွင်တော့ နာကျင်မှုကို ခံစားလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူတမြတ်တနိုးဖြင့် ဖန်တီးထားခဲ့ရသော သိုင်းလေ့ကျင့်ရေးကွင်းပြင်သည် ကြီးမားသည့် ပေါက်ကွဲမှုကြီးကြောင့် ပျက်စီးခဲ့ပြီ မဟုတ်ပါလား။ ဤအရာကို ပြန်လည်ပြင်ဆင်ရန်အတွက် ဂိုဏ်းချုပ်ဆီမှ ပိုက်ဆံများကို ပြန်လည်ကာ တောင်းခံရပေဦးမည်။ မဟုတ်သေးပေ။ နောက်တစ်ကြိမ်ဆိုလျှင် အပြင်ဘက်သို့ သွားရောက်ကာ စမ်းသပ်ရန် အကြံပေးမှ ဖြစ်ပေလိမ့်မည်။
“အဟမ့် အဟမ့်” ရှောင်ကျီသည် ဖုန်များတလုံးလုံး ဖြစ်နေသော တည်နေရာထဲမှ လျှောက်ထွက်လာခဲ့၏။ သူ၏ အဝတ်အစားတစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေ၏။ သူ၏ အကာအကွယ် တစ်ခုလုံးသည် စောနတုန်းက ဖြစ်တည်ခဲ့သည့် ပေါက်ကွဲမှုကြောင့် ပျက်ဆီးခဲ့ရ၏။
သူသည် အမြူတေပြောင်းလဲခြင်း ဒုတိယအဆင့်သို့ ချိုးဖြတ် ရောက်ရှိခဲ့ပြီဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး၏ တပည့်များထဲတွင် ဒိုင်းတစ်ခုကဲ့သို့ မာကျောလှသည့်တပည့်တစ်ယောက် ဖြစ်သည်။ သူကဲ့သို့သော လူမျိုးပင်လျှင် ဤကဲ့သို့သော ဆိုးဆိုးရွားရွား အခြေအနေမျိုးကို ကျရောက်ခဲ့သည် ဆိုသောကြောင့် ကျွဲရိုင်းစက်ရုပ်ကြီး၏ အဆုံးစွန်သော တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာ ထင်ရှားလွန်းလှသည်။
“အင်း”
ထိုက်ရွှမ်အကြီးအကဲသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်သည်။ “ငါထင်ထားတာထက်တောင် ပိုပြီး ကြမ်းတမ်းလွန်းတာပဲ”
ကျွဲရိုင်းစက်ရုပ်၏ အဆုံးစွန်သော တိုက်ခိုက်နိုင်မှုသည် ပြင်းထန်လွန်းသည်ဟု သူသိ၏။ သို့ပေမဲ့ ဤကဲ့သို့ စက်ရုပ်ကြီးတစ်ခုလုံး တစ်စစီ ဖြစ်သွားလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။
“မဆိုးဘူးပဲ”
ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်၏။ “ဒါကို အရေးအကြောင်းအခြေအနေမျိုးမှာ ဝှက်ဖဲအဖြစ် အသုံးပြုရုံတင်မကဘူး ဒါကို ဗုံးလိုမျိုး ဖောက်ခွဲပစ်လိုက်လို့ ရတာကိုး”
“........”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွား၏။ ဂိုဏ်းချုပ်သည် အမှန်ပင် အကောင်းမြင် တတ်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ ဆက်လက်ကာ စမ်းသပ်ထုတ်လုပ်မှုများကို ပြုလုပ်နေဦးမည် ဆိုလျှင် ဤစက်ရုပ်ကြီး၏ လုပ်ဆောင်နိုင်မှုသည် ယခုထက်ပိုမိုကာ အားကောင်းလာတော့မှာ သေချာ၏။
“ဒင်... အထူးတာဝန် အသက်ဝင်”
“လာပြီ။ လာပြီ။ နောက်ဆုံးတော့ ရောက်လာပြီပဲ”
ဤနှစ်ဝက်အတွင်း တပည့်များသည် ဆက်တိုက်ကျင့်ကြံနေ ခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလကားမနေခဲ့ချေ။ ဤအတောအတွင်း အတွေ့အကြုံအဆောင်နှစ်ခုကို ချိုးချေခဲ့သည့်အပြင် သူ့ကိုယ်သူကြိုးစား၍ သိုင်းပညာများကိုလည်း လေ့လာခဲ့သေး၏။
ထိုတင်မကသေးချေ။ အဆုံးစွန်သော စိတ်ဝိညာဉ်ကျောက်တုံးများ၏ ထောက်ပံ့မှုနှင့်အတူ သူ၏ အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ခဲ့၏။ နောက်ဆုံးမှာတော့ အမြူတေပြောင်းလဲခြင်းအဆင့်ခြောက် ထိပ်ဆုံးအဆင့်တွင် တစ်လျက်ရှိနေလေသည်။
ယခု အထူးတာဝန်သည် ပေါ်ပေါက်လာခဲ့၏။
ဆွစ်
သူသည် စနစ်ကို ဖွင့်ကာ ကြည့်ရှုလိုက်သည်။
အထက်နယ်မြေဗားရှင်း၊ အထူးတာဝန်နံပါတ် (၄)
တာဝန်၏ အသေးစိတ် - ဂိုဏ်းတစ်ခု၏ အားအင်အဆင့်ဆိုသည်မှာ အရင်းအမြစ်များ၏ ပမာဏအပေါ်တွင် မူတည်လျက် ရှိနေ၏။ ထို့ကြောင့် နှစ်ဝက်အတွင်း ကျောက်စိမ်းတောင်ပေါ်တွင် ပေါ်ပေါက်လာမည့် ကြီးမားလှသည့် စိတ်ဝိညာဉ်မိုင်းတွင်းကြီးကို ရယူရန်
တာဝန်၏ဆုလာဘ် - ????”
“ကြီးမားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပေကလပ် ပေကလပ် ဖြစ်သွား၏။
“ချီးတဲ့မှ”
စနစ်သည် အကူအညီမဲ့စွာဖြင့် စောဒက တက်လိုက်မိသည်။ “သောက်ကျိုးနည်း အထူးတာဝန်ကလည်း ရှေ့မှာဖြစ်မယ့် အကြောင်းအရာတွေကို ကြိုပြီးပြောနေတာပါလား”