← Chapters

အခန်း (၁၄၈၇)

Vol. 100 Ch. 1487

အခန်း (၁၄၈၇)

Vol. 100 Ch. 1487

အနောက်မြောက်ဒေသသည် အရှေ့ဘက်ထက် ပိုမိုကာ ကြီးမားလွန်းလှ၏။ ထို့အပြင် အဆုံးမဲ့သော တောင်တန်းများနှင့် မြက်ခင်းစိမ်းများကို မျက်စိတစ်ဆုံး မြင်တွေ့နိုင်၏။ များပြားလွန်းလှသော နေထိုင်၍ကောင်းသည့် တည်နေရာများလည်း တည်ရှိနေ၏။

ဆယ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းတို့သည် တည်နေရာဆီသို့ ရောက်ရှိလာကြ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဤတည်နေရာဆီသို့ ရောက်ရှိရန် နှစ်အနည်းငယ်ကြာ ခရီးသွားရမှာဖြစ်၏။ သို့ပေမဲ့ ပျံသန်းနိုင်သည့် အဆင့်မြင့် ရွက်သင်္ဘောကြီးကို စီးနင်းလာခဲ့သောကြောင့် လအနည်းငယ်အတွင်း ရောက်ရှိလာနိုင်သည်။

ဟုတ်ပေသည်။ ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာရခြင်းကြောင့် ကုန်ဆုံးရသည့် စိတ်ဝိညာဉ်ကျောက်တုံးများ၏ ပမာဏသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ရွက်သင်္ဘောကြီးသည် အကန့်အသတ်မဲ့ များပြားသော မြက်ခင်းပြင်ကြီးတွင် ရပ်တန့်လိုက်၏။ ကျွင်းချောင်ရှောင်းသည် သူ၏ရင်ဘတ်ကို အသာဖိကိုင်ကာဖြင့် မြက်ခင်းနှင့် မြေကြီး၏ သဘာဝရနံ့များကို ရှူရှိုက်လျက်၏။ သို့ပေမဲ့ သူ၏နှလုံးသားထဲတွင်တော့ သွေးစက်စက်ယိုလျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကုန်ဆုံးသွားသော စိတ်ဝိညာဉ်ကျောက်တုံးများသည် များပြားလွန်းသောကြောင့် တွက်ချက်၍ပင် မရနိုင်တော့ချေ။

“အင်း”

ကုကျောင်းရှစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “နှမျောစရာ ကောင်းလိုက်တာ”

စိတ်ဝိညာဉ် ကျောက်တုံး မည်မျှအများအပြားကို အသုံးပြုခဲ့သည်ဖြစ်ကြောင်း သူမသိရှိချေ။ သို့ပေမဲ့ အနည်းဆုံး ဆယ်သန်း ကျော်ခန့် ရှိပေလိမ့်မည်။ ဤကဲ့သို့သော ပမာဏသည် များပြားလွန်းလှချေ၏။ သူ့အစ်ကိုကြီး ရည်မှန်းချက်ကို သူ သေသေချာချာ မသိချေ။ အဘယ်ကြောင့် ဤမျှများပြားသည့် ပိုက်ဆံများကို အသုံးပြုပြီး လာရောက်ဖြုန်းတီးနေ ရသနည်း။ “ဒါကို များတယ်လို့ မထင်ဘူးဆိုရင် ကျုပ်ကိုပေးလိုက်တော့”

နှင်းဆီဧကရီသည် မြေပုံတစ်ခုကို ထုတ်ယူကာဖြင့် ပတ်ဝန်းကျင်တည်နေရာကြီးကို သေချာကြည့်ရှုလျက် ရှိ၏။ “ကျွန်မတို့သွားမယ့် ခရီးရဲ့ ကီလိုမီတာ တစ်ရာကျော်မှာ ရောက်နေတာပဲ”

ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ထဲတွင် ဖြစ်ပေါ်နေသည့် နာကျင်မှုများကို ဖိနှိပ်ကာဖြင့် ပြောလိုက်သည်။ “ရပါတယ်။ ရပါတယ်”

ဆက်သွားရမည့် ခရီးသည် ကီလိုမီတာ တစ်ရာကျော်လောက်သာ ကျန်ရှိနေသောကြောင့် ခရီးရှည်ကြီးတစ်ခုအဖြစ် မသတ်မှတ်တော့ချေ။ ထို့ကြောင့် သူ၏စိတ်ကို ပြန်လည်ထိန်းချုပ်ကာဖြင့် ကျောက်စိမ်းတောင်တန်းရှိရာသို့ ဆက်လက်ကာ ပျံသန်းတော့သည်။ လမ်းတလျှောက်မှာတော့ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုနေမိ၏။

အနီးအနားတွင် သိုင်းကျင့်ကြံသူများ ရှိနေသည်ဆိုသော်လည်း တစ်ဖွဲ့တစ်ဖွဲ့ ပျံ့နှံ့လျက် ရှိနေသည်။ ဆိုလိုသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ပေါ်ပေါက်လာမည့် အကြောင်းကို မည်သူမှ မသိရှိခြင်းပေ။ မဟုတ်ပါက အဓိကဂိုဏ်းများသည် ဤတည်နေရာတွင် စုဝေးနေမှာသေချာသည်။

ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ ဤစိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကိုသာ ရှာတွေ့မည်ဆိုပါက ဂိုဏ်းအတွက် များပြားလွန်းသည့် အရင်းအမြစ်များကို ရရှိရုံသာမက သူသည်လည်း အဓိကတာဝန်ကို ပြည့်စုံမှာဖြစ်သည်။ ထို့ကြောင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သည်ဟု ဆိုရမှာဖြစ်သည်။

.........................

ကျောက်စိမ်းတောင်တန်း

ဤတည်နေရာသည် သာမန်ထက်ပိုသော တည်နေရာတစ်ခုတော့ မဟုတ်လှချေ။ သို့ပေမဲ့ မြင်ကွင်းတစ်ခုလုံးသည် ပန်းချီရေးဆွဲထားသလို လှပလွန်းလှသည်။ သဘာဝတရား၏ ဓာတ်သဘာဝ အားနည်းမှုကြောင့် ကောင်းမွန်ပြီး အရည်အသွေးမြင့်မားသည့် သဘာဝရတနာ မရှိချေ။ သာမန်သားရဲများသည်ပင်လျှင် ဤတည်နေရာသို့ ရံဖန်ရံခါမှသာ လာတတ်သည်။

ကျွင်းချောင်ရှောင်းသည် ရှေးရွက်သင်္ဘောကြီးဆီမှ ပျံသန်းလာပြီးသည့်နောက် အနားပတ်ဝန်းကျင်ကို လှည့်လည်ကာ ကြည့်ရှုလိုက်သည်။ သူ့အနေနှင့် မစဉ်းစားဘဲ မနေနိုင်တော့ချေ။ “ဒီလိုနေရာမျိုးမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခုက ပေါ်ပေါက်လာမယ် ဟုတ်လား”

နှင်းဆီဧကရီက မေးလိုက်သည်။ “ဘာစိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းလဲ”

“အင်း... ဘာလဲဆိုတော့ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းလေ” သူသည် အမှတ်တမဲ့ဖြင့် ပါးစပ်မှ ထွက်သွားခဲ့၏။ ကျွင်းချောင်ရှောင်း အနေဖြင့် ပါးစပ်မှ အမှတ်တမဲ့ ထွက်သွားသည်ဆိုလျှင်တောင် ပြောဆို၍ ရနိုင်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် အပြင်လူတစ်ယောက် မဟုတ်သောကြောင့်ပင်။

“နားလည်မှု မလွဲနဲ့”

စနစ်က ရှင်းပြလိုက်သည်။ “ဒါက အပြင်လူ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့မိန်းမ”

နှင်းဆီဧကရီသည် ရုတ်တရက် နားလည်သွားမိ၏။ “ယောက်ျားက ဒီကို လူတွေအများကြီးခေါ်လာတာ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ရှာဖွေဖို့ ရှိနေတာကိုး”

.........................

ရွှီး ရွှီး

ဘုတ် ဘုတ်

အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးသည် ရွက်သင်္ဘောကြီးပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ချ လိုက်၏။ ၎င်းတို့ အားလုံးသည် တောင်တန်းတည်နေရာတစ်ခုကို ရောက်ရှိနေသည်ဖြစ်ကြောင်း သိရှိလိုက်ရ၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ဒီနေရာမှာ သာမန် မွန်းစတားသားရဲတောင် ရှိတာ မဟုတ်ဘူး။ ဘယ်လိုလုပ် ဒီမှာ ကျုပ်တို့လေ့ကျင့်လို့ ရမှာလဲ”

အဘယ်ကြောင့် ကျောက်စိမ်း တောင်တန်းဆီသို့ ရောက်ရှိလာသည်ဖြစ်ကြောင်းကို သူသေသေချာချာ အဖြေရှာ၍ မရသေးချေ။

သို့ပေမဲ့ ရောက်ရှိလာပြီးနောက် ကျွင်းချောင်ရှောင်းသည် အားလုံးကိုခေါ်ကာဖြင့် အကြောင်းအရင်းကို ပြောပြလိုက်သည်။

“ဘာ”

ကုကျောင်းရှစ်၏ မျက်လုံးများသည် ပြူးထွက်သွား၏။ ပြီးနောက် မယုံကြည်နိုင်ဟန်ဖြင့် အကုန်လုံးကို လှည့်ပတ်ကြည့်ရှုကာ ပြောလိုက်သည်။ “ဒီတည်နေရာမျိုးထဲမှာ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ရှိတယ် ဟုတ်လား”

စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများ ပေါ်ထွက်လာခြင်းဆိုသည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ တော်တော်များမျာ သည် အားကောင်းလွန်းလှသော ဓာတ်သဘာဝများကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။ ဤကဲ့သို့ သာမန်ကျလှသည့် တည်နေရာမျိုးတွင် အဘယ်သို့ ကြီးမားလှသည့် မိုင်းတွင်းကြီးက တည်ရှိနေ မည်နည်း။

“အစ်ကိုကြီး”

ကုကျောင်းရှစ်က မေးလိုက်သည်။ “ဒီသတင်းကို ဘယ်က ကြားလာတာလဲ။ ကောလဟလတွေ ဖြစ်နေအုံးမယ်”

“မဖြစ်နိုင်ဘူး” ကျွင်းချောင်ရှောင်း၏ အသံသည် အမှန်ပင် တိကျခိုင်မာလွန်းလှ၏။ စနစ်၏ တာဝန်ဆီမှ ကြိုတင်ကာ ပြောပြခဲ့ခြင်းမှာသည် အမှန်ပင် တိကျလွန်းလှ၏။ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး ဤနေရာတွင် ပေါ်လာရမည်ဆိုခြင်းကို သူအမှန်ပင် ယုံကြည်နေမိ၏။

မပေါ်လာတော့လည်း ဘာဖြစ်သနည်း။ သူ့အနေနှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု၍ ပြန်လိုက်ရုံသာ ရှိသည်။ ဤတစ်ကြိမ်တွင် သူသည် ကျောက်စိမ်းတောင်တန်းရှိရာသို့ ရောက်ရှိရန်အတွက် များပြားလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုခဲ့ရ၏။ အထူးတာဝန်သည် မှားယွင်းပြီး မဟုတ်တာတွေ ပြောဆိုသည် ဆိုပါက ကုန်းရှန့်သည် သူ၏တစ်ဘဝလုံးကို အဆုံးရှုံးခံကာ စနစ်နှင့် တိုက်ခိုက်ရန် စဉ်းစားလိုက်မိသည်။

“ဘယ်နေရာမှာလဲ” ကုကျောင်းရှစ်က မေးလိုက်၏။

“ရှာကြမယ်လေ”

ကျွင်းချောင်ရှောင်းသည် ပြန်ဖြေလိုက်သည်။ “နေရာအနှံ့ ရှာကြ”

တာဝန်သည် ကျောက်စိမ်းတောင်တန်း တည်နေရာဟု ပြောဆိုခဲ့သည်ဆိုသော်လည်း ကျောက်စိမ်းတောင်တန်း ဆိုသည်မှာ အလွန်တရာ ကြီးမားလွန်းလှ၏။ တိကျသည့် တည်နေရာတစ်ခုကို ရှာဖွေရန်ဆိုသည်မှာ ခက်ခဲလွန်း လှချေသည်။

ထိုသို့ဆိုလျှင် ရတနာရှာဖွေသည့် ပစ္စည်းကို အသုံးပြု၍ မရနိုင်ပေဘူးလား။

မရနိုင်ပေ။ စိတ်ဝိညာဉ် ကျောက်တုံးများသည် ကောင်းကင်၏ ရတနာများအဖြစ် သတ်မှတ်နိုင်သည် ဆိုသော်လည်း လက်နက်နှင့် အသုံး အဆောင်ပစ္စည်းများကဲ့သို့ အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် ရတနာရှာသည့် ပစ္စည်းဖြင့် ရှာဖွေ၍ မရနိုင်ချေ။

“ရမ်ရှန်”

ကျွင်းချောင်ရှောင်းသည် လျှောက်လာပြီးသည့်နောက် အဓိပ္ပာယ်ပါသည့်လေသံဖြင့် ပြောလိုက်သည်။ “အခုအချိန်မှာ မင်းရဲ့ပါရမီကို ထုတ်ဖော်အသုံးပြုရမယ့်အချိန်ရောက်ပြီပဲ”

ဤလူကို စာဖတ်သူ တော်တော်များများသည် မေ့လျော့နေပေလိမ့်မည်။ ဤအရာမှာ သာမန်ပင်ဖြစ်၏။ ဂိုဏ်းထဲတွင် တပည့်ပေါင်း တစ်သိန်းကျော်လောက် ရှိပြီး ဤကဲ့သို့သော နာမည်မျိုးနှင့်လူသည် အလွန်များပြားပေလိမ့်မည်။

သို့ပေမဲ့ ရမ်ရှန်သည် စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းများကို ရှာဖွေတွေ့ရှိနိုင်သည့် ကံတရားကို ပိုင်ဆိုင်သော လူတစ်ယောက်ဖြစ်၏။ ဤတစ်ကြိမ် ရောက်ရှိလာရခြင်းသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကိုရှာဖွေရန် ဖြစ်ကြောင်း သိရှိထားသောကြောင့် ကျွင်းချောင်ရှောင်းသည် ရမ်ရှန်ကို တကူးတက ခေါ်ယူခဲ့၏။

“အမ်”

ရမ်ရှန်သည် ကြီးမားလှသည့် တာဝန်ဝတ္တရားကြီး ပခုံးပေါ်သို့ ရောက်ရှိလာသလို ခံစားနေမိသည်။

“ကျယ်ကျယ်ပြော.... ဒီစိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ရှာဖွေတွေ့ရှိဖို့အတွက် မင်းမှာ ယုံကြည်ချက်ရှိလား”

“ယုံကြည်ချက်ရှိပါတယ်”

“ဒါဆိုလည်း သွားတော့”

“ကောင်းပါပြီ” တပည့်များသည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် စတင်ကာ ရှာဖွေတော့၏။ ကျောက်စိမ်း တောင်တန်းတွင် မည်သည့်အန္တရာယ်မှ မရှိလှချေ။ ရှုပ်ထွေးလှသည့် ပတ်ဝန်းကျင်တည်နေရာကြောင့် လမ်း ပျောက်သည့်အခက်အခဲ တစ်ခုသာ ရှိသည်။ သို့ပေမဲ့ အရမ်း ခက်ခဲသည့် အန္တရာယ်မျိုးတော့ မဟုတ်လှချေ။ ယခု စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ရှာဖွေရမည်ဆိုသောကြောင့် ၎င်းတို့သည် တိတ်တိတ်ဆိတ်ဆိတ်နှင့် ဆက်လက်ကာ ရှာဖွေလျက် ရှိနေကြ၏။

“မှတ်ထား”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “အလုပ်ကို ကောင်းကောင်းကြိုးကြိုးစားစား လုပ်မယ် ဆိုရင် သံမဏိတုတ်ချောင်းကြီးကိုတောင် အပ်အဖြစ် ပြောင်းလဲလို့ရတယ်။ ဒီတော့ ကြိုးကြိုးစားစား ရှာဖွေမယ် ဆိုရင် မတွေ့ဘဲမနေဘူး”

စကားလုံးတိုင်းသည် အဓိပ္ပာယ်များနှင့် ပြည့်ဝနေကြ၏။ ထို့ကြောင့် ဂိုဏ်းချုပ်၏ အားပေးမှုနှင့်အတူ အထက်ပိုင်း အကြီးအကဲများနှင့် တပည့်များ အားလုံးသည် သေသေချာချာ ရှာဖွေခြင်းကို ပြုလုပ်ကြ၏။

ဂိုဏ်းချုပ်မှာတော့ ကြီးမားသည့် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ကာဖြင့် ရေနွေးကြမ်းကို စိတ်အေးလက်အေး သောက်လျက်ရှိ၏။ သူသည် တစ်ခါတစ်ရံ နားကြပ်ကို တပ်ကာဖြင့် သီချင်း နားထောင်လျက်ပင် ရှိနေသေးသည်။

......................

“ဘယ်လိုရှာကြမလဲ”

“ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝတွေက အရမ်းကို နည်းပါးလွန်းတယ်။ သဲလွန်စလည်း မရှိဘူး”

“ငါတို့ မြေပြင်ကြီးတစ်ခုလုံးကို သုံးပေအထိ တူးဖို့ဆိုတာလဲ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား”

တပည့်များ အားလုံး သည် ရက်အနည်းငယ် ရှာဖွေပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ချင်စိတ်များပင် ပေါက်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘာတစ်ခုကိုမှ ရှာဖွေမတွေ့ရှိကြသောကြောင့်ပင်။ ၎င်းတို့အနေနှင့် ပင်လယ်ထဲတွင် အပ်ပျောက်ရှာသလိုပင် ခံစားနေမိကြ၏။

ပို၍ စိတ်ပျက်စရာ အကောင်းဆုံးမှာ ရှာဖွေနေရင်း မိုးများရွာသွန်းလာခြင်းပင်ဖြစ်သည်။ မိုးများ ရွာသွန်းလာသောကြောင့် မြေပြင်တစ်ခုလုံးသည်လည်း ဗွက်များထလျက် ရှိသည်။ ရှာတွေ့ရန်ဆိုသည်မှာ ပိုမိုကာ ခက်ခဲလာသည်။

“တောဝက်ရိုင်းလေး”

လီချင်းယန်သည် အရှေ့မှ လှမ်းလျှောက်လာကာ မေးလိုက်၏။ “မင်းတွေ့လား”

“မတွေ့ဘူး”

တောဝက်ရိုင်းလေးသည် ခေါင်းကိုခါယမ်းလိုက်သည်။ ပြိုင်စံရှားဂိုဏ်း၏ အသုံးဝင်လှသော ပစ္စည်း အဖြစ် နာမည်ကျော်ကြားလှသလို မြေဓာတ်သဘာဝအမျိုးအစား စိတ်ဝိညာဉ်သားရဲလည်း ဖြစ်သောကြောင့် တောဝက်ရိုင်းလေးသည် ကျောက်စိမ်းတောင်တန်းတစ်ခုလုံးတွင် အချိန်အတော်ကြာ ရှာဖွေခဲ့၏။ သို့ပေမဲ့ မည်သည့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။

“အိုး မဟုတ်ဘူး”

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ “ဂျူနီယာညီလေးရမ်က ချောက်ထဲ လျှောကျသွားပြီ”

ဝှစ် ….။

လီချင်းယန်နှင့် တခြားသူများသည် အနောက်ဘက်သို့ မြန်မြန်ဆန်ဆန် လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ တောင်ကြောတစ်ခုလုံး တွင် လူလျောကျသွားရာ စွပ်ကြောင်းကြီးသာ ကျန်ရှိတော့၏။ ကြည့်ရသည်မှာ ရမ်ရှန်သည် ဤတည်နေရာသို့ ဖြတ်သွားရင်း အမှတ်မထင် အောက်သို့ပြုတ်ကျသွားခြင်း ဖြစ်ပေလိမ့်မယ်။

“ဂိုဏ်းချုပ်”

ရုတ်တရက် စူးရှလှသည့် အော်သံတစ်ခုသည် အောက်ဘက်ဆီမှ ပေါ်ထွက်လာ၏။ “တစ်စုံတစ်ခုကို ရှာတွေ့ပြီ”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ချက်ချင်း ကြီးမားလှသည့် ကျောက်တုံးကြီးပေါ်မှ ပျောက်ကွယ်သွား၏။ တည်နေရာ တွင်တော့ နားကြပ်သာ ကျန်ရှိခဲ့၏။ မိုးများ ရွာသွန်းလွန်းသောကြောင့် နားကြပ်ဆီမှ တရှီးရှီးအသံများ ထွက်ပေါ်လာပြီး မီးများတောက်လောင်ကာဖြင့် အခိုးအငွေ့များ ထွက်ပေါ်လာ၏။ ဆိုလိုသည်မှာ ဤနားကြပ်သည် ရေစိုခံ မဟုတ်ပေ။ စနစ်သည် ဂျင်းထည့်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။

..............

ရမ်ရှန် ကျဆင်းခဲ့သည့် ချောက်လျှောကြီး တည်နေရာမှာတော့ ရှည်လျားလွန်းလှ၏။ ရေများ စီးဆင်းနေသော် လည်း အလယ်ပိုင်းတွင် လူများ နှစ်ယောက်၊ သုံးယောက်လောက် ရပ်လို့ရသည့် တည်နေရာလေးတစ်ခု တည်ရှိ နေ၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ပျံသန်းရောက်ရှိလာပြီးနောက် မေးလိုက်သည်။ “ဘာရှာတွေ့တာလဲ”

ရမ်ရှန်သည် တောင်ကြောတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ ဤမြေနေရာ၏ မျက်နှာပြင်တွင် စိတ်ဝိညာဉ်ကျောက်တုံးများ တည်ရှိနေသည်ဆိုသည့် အရိပ်အယောင်များ တည်ရှိနေတော့သည်။

“အမ်”

ကျွင်းချောင်ရှောင်းသည် အနီးအနားသို့ အသာချဉ်းကပ်ပြီးနောက် ပြောလိုက်သည်။ “ဒါ အစီအရင်လား”

အမှန်ပင်။ ကျန်းတယ်ကျွင်းသည် ကျောက်တုံးပေါ်တွင် ရှိနေသော အစီအရင်ကို သေသေချာချာ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ဒါ တကယ့်ကို အစီအရင် တစ်ခုပဲ”

ကုကျောင်းရှစ်သည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါဆိုရင် ဒီလိုတည်နေရာမျိုးမှာ ဘာလို့ အစီအရင် တစ်ခု ရှိနေရတာလဲ”

“ဒါက ဆန်းကြယ်လွန်းတယ်” ဖြူမဲညီနောင်တို့သည် သံပြိုင် ဆိုသလိုပဲ ပြောလိုက်သည်။

“ကိုယ့်လူတို့ …”

ကျွင်းချောင်ရှောင်းသည် သူ၏အတွေးများကို ရပ်တန့်ကာဖြင့် ပြောလိုက်၏။ “ဒီနေရာက အရမ်းကို သေးငယ်တယ်။ လူတစ်ယောက်၊ နှစ်ယောက်လောက်ပဲ ဆန့်တယ်။ အခု လူ အရမ်းများနေတယ်လို့ မထင်ဘူးလား”

“မများပါဘူး”

“ပေါက်ကရတွေ... လူမများဘူးသာ ထင်နေတာ၊ မင်းတို့တွေ တစ်ယောက်ကုပ်ပေါ် တစ်ယောက်ခွနေကြပြီ”

ကျွင်းချောင်ရှောင်းအနေဖြင့် အပြစ်တင် ပြောဆိုလိုက်သည် ဆိုသော်လည်း ကျောက်ပြားချပ်ပေါ်တွင် ရှိနေသော အစီအရင်ပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။ “စမ်းပြီး ထိကြည့်ရအောင်”

ဒွီး

လက်ချောင်းနှင့် ထိလိုက်သည့်အချိန်မှာတော့ အလင်းတန်းများ ဖြစ်တည်လာ၏။

ဂျိန်း

ချက်ချင်းပဲ အပေါက်ကြီးတစ်ခုသည် သူတို့၏ရှေ့ တည်နေရာတွင် ဖြစ်တည်လာခဲ့တော့၏။ အလွန်အားကောင်း လွန်းလှသော ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများသည် ထွက်ပေါ်လာသည်။

“ဒါက စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းပဲ”

ကျွင်းချောင်ရှောင်း၏ ကုပ်ပေါ်တွင် ခွစီးလျက်ရှိသော ကုကျောင်းရှစ် သည် စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်လိုက်၏။ “အထဲမှာ တကယ့်ကို စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး ရှိနေတာပဲ”

All Chapters