← Chapters

အခန်း (၁၄၈၈)

Vol. 100 Ch. 1488

အခန်း (၁၄၈၈)

Vol. 100 Ch. 1488

အမှတ်မထင် ချောက်ထဲသို့ ပြုတ်ကျပြီးနောက် အစီအရင်ကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့၏။ ကံကောင်းခြင်းနတ်ဘုရားဟု သတ်မှတ်နိုင်သည့် ရမ်ရှန်သည် ကောင်းကင်ကသတ်မှတ်ပေးသည့် သူ့၏ကံတရားကို အစွမ်းကုန် ထုတ်ဖော်ပြသခဲ့ပြီဖြစ်၏။

ဝှစ် ဝှစ် ဝှစ် ……။

အားကောင်းလွန်းလှသော ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများသည် လိုဏ်ဂူမှ ထွက်ပေါ်လာရုံသာမက အစီအရင်၏ အော်ရာများလည်း ပါဝင်လာသည်။

"ကျုပ်နားလည်ပြီ"

ကျန်းထယ်ကျွင်းသည် နားလည်သွားမိ၏။ "ခုနက အစီအရင်က အထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းရဲ့ အော်ရာတွေကို ဖုံးအုပ်ထားတဲ့ အစီအရင်ပဲ။"

"ဒါက အရေးမကြီးဘူး"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ပိုပြီးအရေးကြီးတာက ဒီထဲကို ရောက်နေတာပဲ"

ဤနေရာသည် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ အလွန်အားကောင်းသောကြောင့် ဤနေရာတွင် ရှိနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများသည် ကျိန်းသေပေါက် များပြားမှာသေချာ၏။ အထူးတာဝန်သည် သူ့အား မလိမ်ညာခဲ့ချေ။ ကျောက်စိမ်းတောင်၏ အတွင်းပိုင်းတွင် အစစ်အမှန် စိတ်ဝိညာဉ်မိုင်းတွင်းများ တည်ရှိနေခဲ့၏။

"သွားကြရအောင်"

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ပုခုံးပေါ်တွင် ရှိနေသည့် ကုရှောင်းရှစ်ကို ပစ်ချကာ မဲနက်လျက်ရှိနေသော လိုဏ်ခေါင်းထဲသို့ ပြေးဝင်သွား၏။ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည်လည်း နောက်မှ လိုက်ပါလာခဲ့ကြသည်။

ခနလောက်ကြာပြီးနောက် ၎င်းတို့အားလုံးသည် လိုဏ်ခေါင်း၏ အဆုံးသို့ရောက်ရှိပြီးနောက် ကျယ်ဝန်းလွန်းလှသည့် သဘာဝလိုဏ်ဂူကြီးအတွင်းသို့ ရောက်ရှိသွားကြ၏။

အထဲတွင် ကျောက်အိပ်ရာနှင့် ကျောက်စင်မြင့်တစ်ခု တည်ရှိနေ၏။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် ယခင်တုန်းက ဤနေရာတွင် နေထိုင်သွားပုံပေါ်သည်။

ကျွင်းချောင်ရှောင်းသည် ကျောက်စားပွဲရှေ့တွင် မတ်မတ်ရပ်လိုက်ပြီးနောက် အပေါ်တွင်ရှိနေသည့်ဖုန်များအား လက်ဖြင့်ထိတွေ့ကာ ပြောလိုက်၏။ "ဒီဟာက စွန့်ပစ်သွားခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲ"

"ဂိုဏ်းချုပ်"

ကျန်းထယ်ကျွင်းက ပြောလိုက်သည်။ "အစီအရင်ရဲ့ အော်ရာတွေက ပိုပြီးတော့ အားကောင်းလာတယ်"

ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ "အမှတ်မထင်နဲ့ ဖုံးကွယ်ထားတဲ့ အစီအရင်ကို ရှာဖွေ့မတွေ့ခဲ့ရင် ဒါကြီးရှိနေတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး"

ရှမ်ရှန်အား ခေါင်းဆောင်လာခဲ့ခြင်းသည် ကံကောင်းခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤအရာကြီးအား မသိရှိအောင် ဖုံးလွှမ်းထားသူသည် အလွန်အဆင့်မြင့်လွန်းလှ၏။ ထို့ပြင် အစီအရင်၏ အော်ရာများသည်လည်း မထွက်ပေါ်လာခဲ့ချေ။ ဤတိုင်းသာ ဆက်ထားပါက အခြားသူများ ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ချေ။

"ဒါ တကယ့်ကို ဆရာကြီးတစ်ယောက် တံခါးပိတ်ကျင့်ကြံခဲ့တဲ့ လိုဏ်ဂူကြီးများ ဖြစ်နေမလား" အဖြူရောင်နတ်ဆိုးက ပြောလိုက်၏။

ကုရှောင်းရှစ်သည် ဆွံ့အသွားမိသည်။ "မိုင်းတွင်းထဲမှာ လိုဏ်ဂူတစ်ခု တည်ဆောက်ပြီးတော့နေတာ။ ဒါက တစ်ကယ့်ကို ဖန်တီးနိုင်မှု မြင့်မားတယ်"

ကျွင်းချောင်ရှောင်းသည် ကျောက်စားပွဲဆီသို့ အသာလှမ်းလျှောက်လာပြီးနောက် စာအုပ်ထပ်များဆီသို့ လှမ်းလာကာ အပေါ်တွင်ရှိနေသည့် ဖုန်များကိုဖယ်ရှားလိုက်၏။ ပြီးနောက် သူသည် အပေါ်တွင်စီထားသည့် စာအုပ်တစ်အုပ်ကို တွေ့ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်၏။ "ကျင့်ကြံခြင်းနည်းစနစ် နဲ့ သိုင်းနည်းစနစ် တွေလား"

သို့ပေမဲ့ သူသည် စိတ်ဓာတ်ကျသွားမိသည်။

ထိုအရာများသည် ကျင့်ကြံခြင်းမဟုတ်ဘဲ ဒိုင်ယာရီတစ်ခုသာဖြစ်လို့နေ၏။ ထိုအရာကို ဖွင့်၍ကြည့်ရှုလိုက်သည့် အခါမှာတော့ ဤလိုဏ်ဂူ၏ပိုင်ရှင်သည် အစီအရင်နှင့်ပတ်သတ်ပြီး ကျွမ်းကျင်လွန်းလှသော လွတ်လပ်သည့်ကျင့်ကြံသူပင် ဖြစ်၏။ အမှတ်မထင် အစစ်အမှန်စိတ်ဝိညာဉ်မိုင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသည့်အထိ ဤတည်နေရာကြီးတွင် နေထိုင်ခဲ့သည်။

မိုင်းတွင်းကို မည်ကဲ့သို့ ရှာဖွေတွေ့ရှိခဲ့သနည်း။

ဒိုင်ယာရီ၏ အဆိုအရ ငယ်စဉ်အချိန်က ချစ်ခင်မြတ်နိုးရသည့် အမျိုးသမီးနှင့်အတူ ဤမိုင်းတွင်းသို့ ဝင်ရောက်ခဲ့၏။ သို့ပေမဲ့ အမှတ်မထင် အန္တရာယ်ကြုံတွေ့ခဲ့ပြီး သူ၏ခြေထောက်ကို ဆုံးရှုံးခဲ့ရရုံသာမက သူချစ်ခင်နှစ်သက်ရသော အမျိုးသမီးလည်း သေဆုံးခဲ့၏။

ထိုသို့ဆိုလျှင် မည်သူ၏ အပြစ်ဖြစ်မည်နည်း။

ဤမိုင်းတွင်းကို ရှာဖွေတွေ့ရှိခဲ့သည့် လူ၏အပြစ်ပင် ဖြစ်ပေလိမ့်မည်။ ဤအရာကိုသာ ရှာဖွေမတွေ့ရှိခဲ့ပါက သူသည် ဤတည်နေရာထဲသို့ ဝင်လာမိမည် မဟုတ်ချေ။

"ဒါက နည်းနည်း အစွန်းရောက်ဆန်သလားလို့" ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။

ဟုတ်ပေသည်။ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းကို ရှာဖွေတွေ့ရှိခြင်းသည် ကံကောင်းခြင်းဟု သတ်မှတ်ရပေလိမ့်မည်။ ထိုကဲ့သို့သော ကံကောင်းခြင်းကို ရရှိပြီးနောက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုလည်း လက်ခံရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ဖတ်ရှုနေ၏။ ဤလွတ်လပ်သောကျင့်ကြံသူသည် သူထင်ထားတာထက်ပင် ပို၍အစွန်းရောက်နေသေး၏။ ဒိုင်ယာရီတွင် အလွန်များပြားသည့်အမုန်းတရားများ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။ အဆုံးသတ်မှာတော့ လောကကြီးတစ်ခုလုံးကိုပင် မုန်းတီးနေကြောင်း တွေ့လိုက်ရသည်။

"ကျုပ်လက်စားချေမယ်။ ကြီးမားလှတဲ့ အစီအရင်တစ်ခု လိုအပ်နေတယ်"

ဤစကားစုနှစ်စုသည် စာမျက်နှာတိုင်းတွင် ပါဝင်နေ၏။ လက်ရေးလက်သားကို ကြည့်ရလျှင် သူသည် ဤအရာကို အံကိုကြိတ်ကာဖြင့် ရေးသားခဲ့ပုံပေါ်၏။ သူ၏ချစ်သူကို ဤမိုင်းတွင်းကြောင့် ဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့် ဤမိုင်းတွင်းကို အသုံးပြုကာဖြင့် အခြားသောသူများကို လက်စားချေရပေလိမ့်မည်။ နောက်ဆုံးမှာတော့ ဤလွတ်လပ်သော ကျင့်ကြံသူသည် သူ၏ခြေထောက်ထိခိုက်မှုကို လျစ်လျူရှုကာဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားတော့၏။

ပြီးနောက် စိတ်ဝိညာဉ်မိုင်းတွင်းများကို အခြားသူများ ရှာဖွေတွေ့ရှိရန်အတွက် သေသေချာချာ အကွက်ချတော့သည်။

"ဒီမိုင်းတွင်းက တစ်ကယ့်ကိုကြီးမားတယ်။ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်လောက် တည်ရှိနေနိုင်တယ်"

ကျွင်းချောင်ရှောင်းသည် ထိုစကားစုကို မြင်ရသည့်အချိန်မှာတော့ စာအုပ်ကိုပိတ်ကာ ကျောက်စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးသည့်နောက် ရင်ဘတ်ကိုဖိကာ အသက်ကို ပြင်းပြင်းရှုလိုက်၏။ "ငါ အောက်စီဂျင်ပြတ်သလိုတောင် ခံစားနေရတယ်။ အစစ်အမှန်ကျောက်တုံးသန်းတစ်ထောင်တောင်"

ဤအရာသည် အလွန်များပြားလွန်းလှသော ပမာဏဖြစ်၏။ ကုန်းရှန့်မပြောနှင့် အခြားသော မည်သူ့သိုင်းကျင့်ကြံသူမှ ထိုအရာကို ကြံကြံခံနိုင်လိမ့်မည် မဟုတ်ချေ။

"စိတ်ကိုအေးအေးထား"

ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ကို ထိန်းချုပ်ပြီးနောက် ဒိုင်ယာရီကို ဆက်လက်ကာ ဖတ်ရှုလိုက်၏။

သူ၏မျက်နှာတစ်ခုလုံးသည် အေးခဲသွားခဲ့၏။ ဒိုင်ယာရီနှင့်ပတ်သက်၍ အထဲမှာရေးသားထားသည်မှာ ရှင်းလင်းလွန်းလှ၏။ လွတ်လပ်သောကျင့်ကြံသူသည် မိုင်းတွင်းအား အစီအရင်ဖြင့် စည်းခတ်ခဲ့ပြီးနောက် သူ၏ရည်ရွယ်ချက်သည် ဤအခွင့်အရေးကို လာရောက်ယူကြသော ကျင့်ကြံသူများအတွက် များပြားလှသော ထောင်ချောက်များကို ဖန်တီးရန်ဖြစ်ပြီး ဤတည်နေရာကြီးတစ်ခုလုံးအား ငရဲခန်းအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။

"ချီးတဲ့မှ …. ဒီလူက တစ်ကယ်ကို ရူးသွပ်နေတာပဲ"

လွတ်လပ်သောကျင့်ကြံသူသည် သူ၏ချစ်သူကို ဆုံးရှုံးပြီးနောက် ရင်နင့်စရာ ခံစားချက်မျိုးကို ခံစားရနိုင်သည်။ သို့ပေမဲ့ ထို့အတွက်နှင့်လောကကြီးတစ်ခုလုံးကို ဖျက်စီးခြင်းဆိုသည်ကတော့ လွန်လွန်းမနေချေဘူးလား။

"လက်ခံသူ … မင်းဒါကိုနားမလည်ပါဘူး"

စနစ်က ပြောလိုက်၏။ "ဒါအချစ်ရဲ့ စွမ်းအင်ပဲ။ တစ်စုံတစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် ချစ်ကြိုက်မိသွားပြီဆိုရင် ရူးသွပ်တဲ့ ကိစ္စတွေအကုန်လုံးကို ပြုလုပ်နိုင်စွမ်းရှိတယ်။ ဥပမာ မင်းအနေနဲ့ အရမ်းကို ချစ်ခင်နှစ်သက်ရတဲ့ လူသားတစ်ယောက်... ချီးတဲ့မှ .. .ဆက်မပြောတော့ဘူး"

လက်ခံသူအနေနှင့် ဤကဲ့သို့သော ကိစ္စရပ်မျိုးက ဖြစ်နိုင်ပါ့မလား မသိချေ။

ကျွင်းချောင်ရှောင်းသည် မျက်လုံးများချာချာလည်ကာဖြင့် ပြောလိုက်၏။ "မင်းကြိုက်သလို ထင်ပေါ့"

"ငါ က စနစ်တစ်ခုမလို့ပဲ။ လူသားခန္ဓာကိုယ်သာ ရှိရင် အချစ်နဲ့ပတ်သက်တဲ့နေရာမှာ မင်းထက်ပိုအားကောင်းမှာ သေချာတယ်"

စနစ်သည် အမှန်ပြင်ပေးလိုက်၏။ "မဟုတ်သေးဘူး။ လူတိုင်လူတိုင်းက လက်ခံသူထက် ပိုပြီး တော်လိမ့်မယ်"

"တော်စမ်း"

ကျွင်းချောင်ရှောင်းသည် ဆူငေါက်လိုက်၏။ ပြီးသည့်နောက် နောက်ဆုံးစာမျက်နှာရောက်သည်အထိ ဒိုင်ယာရီကို ဆက်လက်ကာ ဖတ်ရှုလိုက်၏။

မိုင်တွင်းတွင် ရှိနေသည့် အစီအရင်များသည် အချိန်ကာလတစ်ခုအထိ ဖိနှိပ့်ထားနိုင်မည် ဖြစ်ပြီး ထိုအရာ၏ အလုပ်လုပ်ဆောင်နိုင်မှု ရပ်တန့်သွားပါက အစစ်အမှန်ကျောက်တုံးမိုင်းတွင်းသည် ပေါ်ပေါက်လာပေလိမ့်မည်။

စနစ်က ပြောလိုက်သည်။ "ဒီမိုင်းတွင်းက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကတည်းက ဖြစ်တည်လာခဲ့တာလေ။ ဒါပေမဲ့ လူသားတွေဝင်ရောက်လာမှာစိုးလို့ ဖိနှိပ်ထားခဲ့တာပဲ။ ဒါကြီးပေါ်လာတဲ့တစ်နေ့ လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်ပြီပဲ။ ဒီတော့ …."

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူနဲ့အတူ သေဆုံးပြီး မြုပ်နှံထားနိုင်မယ့် သိုင်းကျင့်ကြံသူတွေကို လိုအပ်ခဲ့တာပေါ့"

စနစ်က ပြောလိုက်၏။ "ဒါဆိုရင် ဘာလုပ်မှာလဲ"

ရွှီ ….။

ကျွင်းချောင်ရှောင်းသည် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်ဖက်ဆီသို့ သပ်တင်ထား၏။ ပြီးနောက် အမဲရောင်မျက်မှန်တစ်လက်ကို ဝတ်ကာပြောလိုက်၏။

"မှန်ကန်တဲ့ လူသားတစ်ယောက်အနေနဲ့ ဒီလို လူပေါင်းများစွာ သေဆုံးမှာကို ထိုင်ကြည့်နေလို့မဖြစ်တော့ဘူး"

သူသည် ခနရပ်တန့်ကာ ပြောလိုက်သည်။ "ဒီမှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ယူဆောင်သွားပြီးတော့ လောကမှာရှိတဲ့လူတွေရဲ့ အသက်ကို တစ်ဖက်တစ်လှမ်းကနေ ကူညီကယ်တင်မှ ဖြစ်တော့မယ်"

မေိုင်းတွင်းပေါ်ပေါက်လာသည့် အချိန်၌ အစီအရင်များသည် အသက်ဝင်သွားမှာ ဖြစ်၏။ ဤအကြံအစည်သည် အနည်းငယ် ရူးသွပ်လှသည်ဆိုသော်လည်း အားကောင်းလှသော လူသားတို့၏ လောဘတရားကြောင့် အောင်မြင်မှာ သေချာ၏။ နှစ်ဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ဤလူသတ်ပွဲကြီးသည် ကြီးကြီးမားမား ဖြစ်တည်လာမှာ သေချာ၏။

များပြားလှသော ပိုးဖလံလိုလူများသည် ဤတည်နေရာသို့ တိုးဝင်လာမှာသေချာသည်။

မိုင်တွင်းကို လိုချင်သည်လား၊ အရင်ဆုံး ဝင်သွားသင့်၏။ ထိုသို့ဆိုလျှင် အစီအရင်များ စောင့်ကြိုနေမှာ သေချာ၏။

ကံဆိုးစွာဖြင့် အထူးတာဝန်သည် မိုင်းတွင်းဖြစ်တည်လာမည့်အချိန်အား ကြိုတင်ကာ သတိပေးခဲ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ကြိုတင်ကာ ရောက်ရှိလာခဲ့၏။ အကယ်၍သေဆုံးသွားသော လွတ်လပ်သည့်ကျင့်ကြံသူသာ အသက်ပြန်ရှင်လာပါက ကျိန်းသေပေါက် အခေါင်းထဲမှထကာဖြင့် အော်ဟစ်နေပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အစီအရင်က လိုဏ်ခေါင်းရဲ့ အလယ်လောက်မှာ ရှိလိမ့်မယ်။ ချိုးဖျက်လို့ရမလား ကြည့်လိုက်"

ကျန်းထယ်ကျွင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ဒါက နည်းနည်းခက်ခဲတယ်"

လွတ်လပ်သောကျင့်ကြံသူသည် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် အစီအရင်များ ဖန်တီးခဲ့၏။ သူ၏ အားအင်အဆင့်အရဆိုလျှင် အချိန်ကိုက်ဖျက်စီးရန်မှာ မဖြစ်နိုင်ချေ။

"ဒါပေမဲ့ ဘိုးဘေးအကြီးအကဲကြီးကတော့ လုပ်နိုင်လိမ့်မယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီလိုမှန်းသိရင် ဆရာကြီးကို ခေါ်လာပါတယ်"

သူ့အနေဖြင့် ရွေးချယ်ခွင့်မရှိချေ။ ထို့ကြောင့် ရှေးရွက်သင်္ဘောကြီးဖြင့် ဂိုဏ်းဆီသို့ပြန်ကာ ထိုက်ရွှမ်အဘိုးအိုကို ခေါ်ဆောင်ခဲ့ရ၏။ သူသည် ရွက်သင်္ဘောကြီးကို မောင်းနှင်သည့်အချိန်တိုင်းတွင် နှလုံးသားများ ကွဲကြေသလို ခံစားရပြီး မျက်ရည်များပင် ဝိုင်းမိနေ၏။

ကျွတ်ကျွတ်ကျွတ်

ထိုက်ရွှမ်အကြီးအကဲသည် လိုဏ်ဂူရှေ့တွင် ရပ်ကာဖြင့် သေသေချာချာ အာရုံခံကြည့်ရှုလိုက်သည်။ ပြီးနောက် ထအော်လိုက်သည်။ "အစီအရင်ကို ဖန်တီးပြုလုက်တဲ့သူက တကယ့်ကို ဆရာကြီးပဲ"

"ဆရာကြီး ဒါကို ဖျက်စီးပစ်နိုင်လား"

"အင်း အချိန်တော့လိုတာပေါ့"

"ဘယ်လောက်လောက် လိုတာလဲ"

"တစ်ရက်လောက်"

"…..."

ကျွင်းချောင်ရှောင်း၊ ကျန်းထယ်ကျွင်းနှင့် အခြားသောကျင့်ကြံသူများသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဖန်တီးပြုလုပ်ခဲ့သော ရှုပ်ထွေးလှသည့် အစီအရင်စနစ်တစ်ခုလုံးကို ဖျက်စီးရန်အတွက် တစ်ရက်သာ လိုအပ်ခဲ့သည်။ တစ်ဖက်လူအား ကျွမ်းကျင်သူတစ်ယောက်ဟု အဘယ့်ကြောင့် ပြောဆိုနေရသနည်း။

ဤသည်မှာလည်း အမှန်ပင်ဖြစ်၏။ ထိုက်ရွှမ်အဘိုးအို၏ အစီအရင်အပေါ်နားလည်မှုသည် မြင့်မားလွန်းလှ၏။ ထို့ကြောင့် အစီအရင်ကျွမ်းကျင်သူ နှစ်တစ်ရာကျော်ဖန်တီးခဲ့သည်ကို လွယ်လွယ်ကူကူ ဖျက်စီးရန်မှာ ခက်ခဲလှသည့် အရာမျိုး မဟုတ်ချေ။

"ဆရာကြီး ဖြည်းဖြည်းလုပ်ပါ။ စိတ်မလောနဲ့။ စိတ်မေလာနဲ့"

ထိုက်ရွှမ်အဘိုးအိုသည် အစီအရင်ကို စတင်ကာ လေ့လာလိုက်၏။ ခနလောက်လေ့လာပြီးနောက် သူသည် ပြောလိုက်၏။ "အစီအရင်ရဲ့ စနစ်တွေအကုန်လုံးက အလိုလိုဖျက်စီးနိုင်တဲ့ အရာတွေ ပါနေတယ်လေ။ အထဲက ကျောက်ရိုင်းတုံးတစ်ခုခုကို ထိလိုက်တာနဲ့ ကျိန်းသေပေါက် ပေါက်ကွဲသွားမှာပဲ ။ဒါက တကယ့်ကို ကြမ်းတမ်း ရက်စက်လွန်းတယ်"

All Chapters