အခန်း (၁၄၈၉)
Vol. 100 Ch. 1489
ထိုင်ရွှမ်အကြီးအကဲ ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် လှိုဏ်ဂူထဲတွင်ရှိနေသော အစီအရင်စနစ်တစ်ခုလုံးသည် အသုံးမဝင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ရက်အတွင်း အလုံးစုံထိန်းချုပ်မှုကိုရရှိခဲ့သောကြောင့်ပင်။
“ဒါကထိုက်တန်လွန်းတယ်။”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ခံစားရသက်သာလာခဲ့မိ၏။ သူ့အနေနှင့် များပြားလှသော စိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးပြုကာ ထိုက်ရွှမ်အဘိုးအိုအား သွားရောက်ကာ ပင့်ဖိတ်ခဲ့ရ၏။ သို့ပေမဲ့ အစီအရင်ကိုသာ မချိုးဖြတ်နိုင်ဘူးဆိုပါက ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။
“အထဲက ပေါက်ကွဲနိုင်တဲ့ အစီအရင် အကုန်လုံးကို ငါပိတ်ခဲ့ပြီးပြီ။ ဒီတော့ မင်းတို့ စိတ်ပူစရာမလိုဘဲ အထဲကို ဝင်လို့ရပြီ။” ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။
“သွားကြရအောင်။” ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သူ၏ လူများကို ဦးဆောင်ကာဖြင့် လှိုဏ်ဂူ၏ ဘယ်ဘက်ခြမ်းတွင်ရှိနေသော အတွင်းပိုင်းသို့ ဝင်လိုက်သည်။
ဝှစ် ဝှစ် ….။
သန့်စင်လွန်းသော ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သတ္တဝါများသည် ထွက်ပေါ်လာခဲ့၏။ အထဲတွင်တော့ အလွန် ဆန်းကြယ်လှသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးက တည်ရှိနေ၏။
“ငါတို့ချမ်းသာတော့မှာပဲ။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလျက်ရှိ၏။ အထက်နယ်မြေတစ်ခုလုံးသည် ထိုအချင်းအရာကို မသိရှိကြချေ။ သူတို့သည် လျှို့ဝှက်စွာဖြင့် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးကို ရရှိသည့်အတွက် ကြီးမားသည့် ခံစားချက်ကို ရရှိနေသည်။ အစီအရင်စနစ်တစ်ခုလုံးကိုလည်း ထိုက်ရွှမ်အကြီးအကဲက ထိန်းချုပ် ထားခဲ့ပြီဖြစ်သောကြောင့် လမ်းတစ်လျှောက်တွင်ရှိနေသော ထောင်ချောက်များအားလုံးသည် အသက်မဝင်တော့ချေ။ ထို့ကြောင့် လမ်းတစ်လျှောက်လုံးတွင် သူတို့ မည်သည့်အန္တရာယ်မှ မတွေ့ရှိရချေ။
အန္တရာယ်များလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းထဲသို့ ဝင်ရောက်နေရခြင်းနှင့် မတူဘဲ အေးအေးဆေးဆေး လမ်းလျှောက်ကာ အပန်းဖြေ ခရီးထွက်နေခြင်းနှင့်ပင် ဆင်တူနေ၏။
တစ်လှမ်း နှစ်လှမ်း …။
ရှည်လျားလှသည့်လှိုဏ်ဂူကြီးကို ဖြတ်လျှောက်ပြီးသည့်နောက် ၎င်းတို့အဖွဲ့သည် အနည်းငယ် မှောင်မဲသည့် တည်နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
တည်နေရာတစ်ခုလုံးသည် ရွှံ့များနှင့်ပြည့်နေပြီး သလင်းအမြုတေ ကျောက်ရိုင်းတုံးများသည် ထိုအထဲတွင် နစ်ဝင်နေ၏။ သူတို့သည် ဝက်ဝံလေး၏ ရန်ကို ကြောက်ရွံ့သောကြောင့် ရွှံ့နွံများထဲတွင် ခေါင်းတစ်ဝက် ဝှက်ထားသည်နှင့်ပင် ဆင်တူ၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးတွေပဲ။”
ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပုံပန်းသွင်ပြင်တူလှသော်လည်း အထဲတွင်ရှိနေသည့် စွမ်းအင်များမှာ တော့ ပိုမိုကာ သန့်စင်လွန်း၏။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည် အစစ်အမှန် ကျောက်တုံးများကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
အထူးသဖြင့် ၎င်းတို့သည် များပြားလွန်းသော အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးများကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးအပြူးသားပင် ဖြစ်မိနေကြ၏။ ထိုအရာများကို အသုံးပြု၍ ကျင့်ကြံခြင်းကို ပြုလုပ်မည်ဆိုလျှင် မည်မျှ ကောင်းမွန်လိုက်မည်နည်း။
ကုကျောင်းရှစ်သည် သူနှင့်အတူ ယူဆောင်လာခဲ့သည့် ဂေါ်တစ်ခုကို ထုတ်ယူကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။
“အစစ်အမှန်ကျောက်တုံးတွေက အပြင်ကို ထွက်မလာသေးဘူး။ ဒီတော့ တူးတဲ့အချိန်မှာ သေသေချာချာ ဂရုစိုက်ဖို့ လိုတယ်။ မဟုတ်လို့ ထိခိုက်မိပြီဆိုတာနဲ့ အထဲမှာရှိနေတဲ့ စွမ်းအင်တွေက ပျက်စီးသွားနိုင်တော့တယ်။”
သူ့အား နယ်မြေဟောခန်း၏ သစ္စာဖောက်တစ်ယောက်ဟု သတ်မှတ်ထားခဲ့သည်ဖြစ်သော်လည်း သူသည် လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်သာလျှင်ဖြစ်၏။ ထို့ကြောင့် အကြိမ်ပေါင်းများစွာ ပြန်လည် မွေးဖွားရှင်သန်လာခဲ့ပြီးသည့်နောက် မိုင်းတွင်းတူးသည့် သူ၏ စွမ်းရည်သည် ကျိန်းသေပေါက် ထိပ်ဆုံးအဆင့်တွင် ရှိနေလေသည်။
“အစ်ကိုကြီး။ မြန်မြန်တူးလိုက်ကြအောင်။”
လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ထိုင်ခုံပုပေါ်တွင် ထိုင်ပြီး လက်ထဲတွင် ရေနွေးခွက်ကို ကိုင်ကာဖြင့် စိန်ပြေနပြေ သောက်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။
“အစ်ကိုကြီး။ မိုင်းတွင်းတူးဖို့ ဒီနေရာကို ရောက်လာတာလေ။ ပျော်ပွဲစားထွက်လာတာမဟုတ်ဘူး။” ကုကျောင်းရှစ်သည် စိတ်ပျက်လက်ပျက်ပင် ဖြစ်မိနေသည်။
“ရှောင်ကျီ”
“ကောင်းပါပြီ။”
ဘုန်း
ရှောင်ကျီသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကြီးမားလှသည့် စက်ကြီးတစ်ခုကို ထုတ်ယူပြီး မြေပေါ်သို့ ချလိုက်၏။ ပုံပန်းသွင်ပြင်ကို ကြည့်ရှုရသည်မှာ သေတ္တာကြီး အကြီးကြီးတစ်ခုနှင့် ဆင်တူလှ၏။
“ဒါဘာကြီးလဲ။” ကုကျောင်းရှစ်သည် ကြောင်အသွားမိသည်။
“ဂိုဏ်းတူဦးလေး”
ရှောင်ကျီက ပြောလိုက်၏။ “ဒါက ကျောက်ရိုင်းတူးတဲ့ အရာပဲလေ။”
ကုကျောင်းရှစ်သည် ပိုမိုကာဖြင့် ဇဝေဇဝါဖြစ်မိလာခဲ့သည်။
“စလိုက်ရအောင်။” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။
ဖောက်
ရှောင်ကျီသည် စတင်မည်ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း
စက်သည် ဖြည်းညှင်းစွာ လှုပ်ရှားလာပြီးသည့်နောက် သေးငယ်လှသည့် လက်များသည် ထိုစက်ကြီးမှ ထွက်ပေါ်လာပြီး အထဲတွင်ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးများကို ချဲ့ထွင်ကာဖြင့် စုပ်ယူတော့၏။
အချိန်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ နံရံထဲတွင် နစ်မြုပ်လျက်ရှိနေသော အစစ်အမှန် ကျောက်တုံးတစ်ထောင်ကျော်တို့သည် ကုန်ခမ်းသွားခဲ့၏။ ပြီးသည့်နောက် ဆက်လက်ကာဖြင့် အထဲသို့ တိုးဝင်ပြီး စုပ်ယူလျက်ရှိနေသည်။
“ဒါက”
ကုကျောင်းရှစ်၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ဖြစ်လို့နေတော့၏။ ဤထူးဆန်းလှသည့်အရာလေးသည် အမှန်ပင် အလုပ်ဖြစ်လျက်ရှိနေ၏။
“ညီငယ်လေး … ငါ့ရဲ့ ကျောက်တွင်းတူးတဲ့စက်က ဘယ်လိုနေလဲ။”
“အရမ်းကောင်းတယ်။ အံ့အားသင့်စရာပဲ။”
ကုကျောင်းရှစ်သည် ကျွင်းချောင်ရှောင်းကို အမှန်ပင် အထင်ကြီးလေးစားလာခဲ့၏။ သူသည် ချက်ချင်းပဲ ဘေးတစ်ဖက်ဆီသို့ ရောက်ရှိသွားပြီး ကျွင်းချောင်ရှောင်း၏ ပေါင်ကြီးကို ဖက်၍ပြောလိုက်သည်။ “ဒီနေ့ကစပြီးတော့ လောကကြီးတစ်ခုလုံး ပျက်စီးသွားမယ်ဆိုရင်တောင်မှ ညီလေးက အစ်ကိုကြီးနားကနေ မခွာတော့ဘူး။”
“သွားစမ်း”
…….
ဆွစ် ဆွစ် ဆွစ်
ကျောက်တွင်းတူးသည့်စက်အတွင်းမှ ထွက်ပေါ်လာခဲ့သည့် သေးငယ်လှသည့် ကျောက်တွင်းတုံးစက်ရုပ်များသည် ပြင်းပြင်းထန်ထန်နှင့် တူးလျက်ရှိနေ၏။ တစ်ခုပြီးတစ်ခု တူးထုတ်ပြီးသည့်နောက် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး များသည် ပုံလျက်ပင်တည်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် ထိုအရာများကို လွယ်လွယ်ကူကူဖြင့် သူ၏ လက်စွပ်ထဲသို့ သိမ်းဆည်းလျက်ရှိနေ၏။
စနစ်ကပြောလိုက်သည်။ “အခြေအနေကို ကြည့်ရတာ အစစ်အမှန်ကျောက်တုံးထဲမှာရှိနေတဲ့ စွမ်းအင်တွေက ပုံမှန် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေထက် ဆယ်ဆပိုပြီး အားကောင်းတာပဲ။”
ရေနွေးခွက်ကို ကိုင်ဆောင်ထားသည့် ကျွင်းချောင်ရှောင်း၏ လက်များသည် တဆတ်ဆတ်နှင့် တုန်ယင်လာခဲ့၏။ ထိုသို့ဆိုလျှင် အစစ်အမှန်ကျောက်တုံးတစ်ခုသည် ရွှမ်စိတ်ဝိညာဉ်ကျောက်တုံးဆယ်ခုနှင့် ညီမျှပေလိမ့်မည်။ သန်းတစ်ရာဟု သတ်မှတ်ထားသည်ဆိုပါက သန်းတစ်ထောင်ပင်ဖြစ်ပေလိမ့်မည်။
သူသည် မျက်နှာကို ဖုံးကာကာဖြင့် ပုခုံးများလှုပ်ခါသည်အထိ ရယ်မောလျက်ရှိနေတော့၏။ တခြားပြိုင်ဘက်များ လည်းမရှိ။ တစ်ခြားအန္တရာယ်များလည်းမရှိ။
လွတ်လွတ်လပ်လပ်ကြီးမားလှသည့် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်ကြီးကို တူးထုတ်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းအနေနှင့် အဘယ်သို့ စိတ်မပျော်ရွှင်ဘဲ နေမည်နည်း။ သူ၏ တပည့်များသာ ဤနေရာတွင် မရှိပါက ကျိန်းသေပေါက် ထ၍ပင် ကမိနေလိမ့်မည်။
…….
ကျောက်ရိုင်းတူးသည့်စက်ရှိနေသောကြောင့် မိုင်းတွင်းတူးသည့် လုပ်ငန်းစဉ်သည် ပြောနေစရာမလိုအောင်ပင် လွယ်ကူလွန်းလှ၏။ နှစ်ရက်အတွင်းမှာပဲ ကြီးမားလှသည့် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးသည် ပြောင်သလင်းခါသွားတော့၏။
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်း၏ ရယ်မောသံသည် မိုင်းတွင်းလွတ်ကြီးထဲမှ ထွက်ပေါ်လာခဲ့၏။ ဒဏ္ဍာရီအရ ပြောမည် ဆိုလျှင် ဤအထဲတွင် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်နီးပါးခန့်ရှိ၏။ ယခု ထိုအရာများအားလုံး သည် ပြောင်ရှင်းသွားခဲ့ပြီဖြစ်ပြီး သေသေချာချာရေတွက်ပြီးသည့်နောက်တွင် တကယ်တမ်းရရှိသည့် စိတ်ဝိညာဉ် ကျောက်တုံးသည် တကယ်ပင် သန်းတစ်ထောင်ကျော်ခဲ့၏။ ဤအရာသည် အစစ်အမှန် စိတ်ဝိညာဉ် ကျောက်တုံးများသာ ဖြစ်နေသည်။
“မကောင်းတော့ဘူး။”
“ဂိုဏ်းချုပ် သတိလစ်သွားပြီ။”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ပက်လက်လှန်ကျသွားခဲ့တော့၏။ သူသည် စိတ်လှုပ်ရှား ရလွန်းသောကြောင့် သတိလစ်မေ့မြောသွားခဲ့၏။
သူ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုတည်ရှိနေသေး၏။ အိမ်မက်များပင် မက်လျက် ရှိ၏။ အိပ်မက်ထဲမှာတော့ သူသည် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးပင်လယ်ထဲတွင် ကူးခတ်လျက်ရှိနေပြီး စိတ်လှုပ်ရှားလွန်းသောကြောင့် ကြီးမားလှသည့်စိတ်ဝိညာဉ်ကျောက်တုံးကြီးတစ်တုံးကို လှမ်းကိုင်ကာ တပြွတ်ပြွတ်နှင့် နမ်းရှိုက်လျက်ရှိနေသည်။
ရွှတ် ရွှတ်
ရုတ်တရက် အိပ်မက်ထဲမှ နိုးထလာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် နှင်းဆီရနံ့များကို ရရှိလိုက်၏။ ပြီးနောက် သူဖက်ထားသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးကြီး မဟုတ်ဘဲ နှင်းဆီဧကရီဖြစ်နေကြောင်းကို ရုတ်တရက် သိရှိလိုက်ရ၏။
သူမ၏ ပါးများသည် နီရဲလျက် ရှိနေ၏။ မျက်နှာပေါ်တွင်လည်း ကြောင်အသည့် အမူအရာမျိုး တည်ရှိနေသည်။ “သူ သူ ငါ့ကို တကယ်နမ်းခဲ့တာလား။”
ရွှီ …. ရွှီ
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် ချက်ချင်း အခြားတစ်ဖက်ခြမ်းဆီသို့ လှည့်လိုက်ကြ၏။ ၎င်းတို့ဆိုလိုသည်မှာ မည်သည့်အရာကိုမှ မမြင်လိုက်ဟူသည် သဘောပင်ဖြစ်ပေလိမ့်မည်။
“အံ့အားသင့်စရာပဲ။ ငါ့တို့ ဂိုဏ်းချုပ်က ….”
စုရှောင်မိုက တွေးလိုက်မိသည်။ “လူရှေ့သူရှေ့မှာတောင် နမ်းရဲတာပဲ။”
သူသည် အချစ်ရေးအချစ်ရာနှင့် ပတ်သက်လျှင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ ရှရွှေယွင်အား ပြီတီတီဆန်သောစကားလုံးများကိုသာ လူမြင်ကွင်းတွင် ပြောခဲ့ဖူး၏။ သို့ပေမဲ့ ဤကဲ့သို့ လက်ရဲဇက်ရဲ ဖက်နမ်းခြင်းကိုတော့ မပြုလုပ်ရဲချေ။
“အင်း … ငါ ခုနတုန်းက ဘာလုပ်လိုက်တာလဲ။” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အော်ဟစ်လျက်ရှိ၏။
စနစ်က ပြောလိုက်သည်။ “မင်း မိန်းမကို နမ်းလိုက်တာလေ။”
“မဟုတ်ဘူး။ ငါအစစ်အမှန်စိတ်ဝိညာဉ် ကျောက်တုံးကြီးကို နမ်းတာပါ။”
“ဒါက အရေးမကြီးဘူး။ အရေးကြီးတာက အားလုံးမြင်သွားတာပဲ။” စနစ်က ထပ်ပြောလိုက်သည်။
“…….”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ တနုံ့နုံ့ နှင့်ခံစားနေရသည်ဆိုသော်လည်း လက်ရှိအခြေအနေသည် ဤကဲ့သို့ ဇဝေဇဝါ ဖြစ်နေရမည့် အချိန်မျိုးမဟုတ်ချေ။ ထို့ကြောင့် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ပြီးသည့်နောက် အမြန်ပဲ ပြောလိုက်၏။ “ဂိုဏ်းကို ပြန်ကြရအောင်။”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “အစ်ကိုကြီး အခုသွားလို့ မရသေးဘူး။”
“ဘာလို့လဲ” ကျွင်းချောင်ရှောင်းသည် ပြန်မေးလိုက်၏။
ကုကျောင်းရှစ်သည် လေးလေးနက်နက် ပြောလိုက်သည်။ “အစစ်အမှန်ကျောက်တုံးမိုင်းတွင်းဆိုတာက အားကောင်းလှတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေ တည်ရှိ နေတာကြောင့် ဖြစ်ပေါ်လာတာ မှန်တယ်။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ ဒီလိုကြီးမားလှတဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး ရှိနေတာက အဓိပ္ပာယ်မရှိဘူး။ အကြောင်းအရာ တစ်ခုခုရှိရမယ်။”
“ဒါကတော့ အမှန်ပဲ။” ဖြူမဲညီနောင်တို့သည်လည်း သဘောတူညီလိုက်ကြ၏။ ဤဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသည် သီးသန့်ဆန်လွန်းလှပြီး မွန်းစတားသားရဲများပင်လျှင် ဤတည်နေရာသို့ လာရောက်ခြင်းမရှိချေ။
“ဒါဆိုရင် ဘာအကြောင်းအရာလဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ကုကျောင်းရှစ်သည် သူ၏ မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “အစစ်အမှန်ကျောက်တုံးမိုင်းတွင်းမှာရှိတဲ့ အစီအရင်တွေက ဒီမှာရှိတဲ့ ပတ်ဝန်းကျင်ကို အခြေခံထားတာလေ။ ဒါပေမဲ့ တခြားအကြောင်းအရာလည်း ရှိနိုင်သေးတယ်။ ဒါက မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးပဲ။”
“မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးလား။”
စနစ်က ဝင်ပြောလိုက်သည်။ “ဒါအစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေရဲ့ အရင်းအမြစ်ပေါ့။”
“ငါနားလည်တယ်။ မင်းရှင်းပြဖို့ မလိုဘူး။”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မကြားဖူးချေ။ သို့ပေမဲ့ နာမည်ကို နားထောင်လိုက်သည်ဆိုသည်နှင့် အကြမ်းဖျဉ်း နားလည်လိုက်မိ၏။ ထို့ကြောင့် သူ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ “ဒီထဲမှာ မိခင်အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး ရှိနေတယ်လို့ ဆိုလိုတာလား။”
ကုကျောင်းရှစ်သည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်၏။ “ခန့်မှန်းရုံသက်သက်ပါပဲ။”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ မိုင်းတွင်း၏ အတွင်းဘက်သို့ လှမ်းလျှောက်ဝင်သွားသည့် ကံကောင်းခြင်းလူသား ရမ်ရှမ်၏ အသံသည် ထွက်ပေါ်လာသည်။ “ဒီကို လာကြည့်ပါအုံး။”