အခန်း (၁၄၈၆)
Vol. 100 Ch. 1486
အထူးတာဝန်သည် ရောက်ရှိလာခဲ့၏။ ထိုအတူ အရှေ့တွင် ဘာဖြစ်မည်ဆိုသည်ကိုလည်း အပြည့်အဝ ပြောပြခဲ့ သေး၏။
အချိန်ကာလ - နှစ်ဝက်ကြာပြီးသည့်နောက်၊
တည်နေရာ - ကျောက်စိမ်းတောင်တန်း၊
အကြောင်းအရာ - စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းပေါ်ပေါက်လာခြင်း၊
အကျယ်အဝန်း - အကြီးမားဆုံး။
ဤအရာများသည် ရှေ့တွင် ဘာတွေရှိနေသည်ဆိုသည်ကို ကြိုတင်ပြောပြနေခြင်းပင် ဖြစ်ပေလိမ့်မည်။
ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်လှုပ်ရှားမိသည်။ လက်ရှိ အခြေအနေမှာတော့ သူသည် ဆေးဟောခန်းမဆောင်နှင့်အတူ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လျက် ရှိသည်။ များပြားလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း ဝင်ငွေအဖြစ် ရရှိနေ၏။ ထို့ကြောင့် သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လိုအပ်နေသည်တော့ မဟုတ်ချေ။
သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးဆိုသည်မှာ အထက်နယ်မြေတွင် အသုံးပြုရသည့် ငွေကြေးဟုလည်း သတ်မှတ်နိုင်၏။ ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများ၏ အထက်တွင် အစစ်အမှန်၊ တာအိုနှင့် အင်မော်တယ် ကျောက်တုံးများသာ တည်ရှိတော့၏။
“တပည့်တွေအနေနဲ့ အဆင့်တက်တာ နှေးကွေးနေလို့ ငါစိုးရိမ်ပူပန်နေတာလေ”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။ “တကယ်တမ်း ကြီးမားတဲ့ အစစ်အမှန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးသာရမယ်ဆိုရင် ဂိုဏ်းရဲ့ အလုံးစုံသော အားအင်အဆင့်က ကျိန်းသေပေါက် တခြားအဆင့်ကို ရောက်သွားမှာပဲ”
သူဆုံးဖြတ်ခဲ့ပြီဖြစ်၏။ သူ့အနေနှင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ကျောက်စိမ်းတောင်တန်းရှိရာသို့ ဦးတည်ရပေလိမ့်မည်။
ထိုကဲ့သို့သော သတင်းကို သိရှိပြီးသည်ဆိုမှတော့ အဘယ်ကြောင့် မြန်မြန်ဆန်ဆန်နှင့် မသွားရမည်နည်း။ ထို့အပြင် နှစ်ဝက်ကြာပြီးသည့်နောက်တွင် ပေါ်ပေါက်လာမည်ဖြစ်၏။ ဆိုလိုသည်မှာ ထိုအကြောင်းအရာကို မည်သူမှ မသိနိုင်သေးချေ။ သူသာ ထိုနေရာသို့ အမြန်ဆုံး သွားရောက်၍ တည်နေရာကို အတည်ပြုထားမည်ဆိုပါက ကြိုတင်ကာ တူးထုတ်ခြင်းမျိုးကို ပြုလုပ်နိုင်မှာဖြစ်၏။ ဘာတစ်ခုမှ မကျန်ရအောင် ရယူနိုင်စွမ်း ရှိပေလိမ့်မည်။
ကျွင်းချောင်ရှောင်းအနေဖြင့် လောကတွင် ရှိနေသော ကြီးမားလှသည့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများကို သိရှိနိုင်ရန် ပါရမီရှင်များ၊ အထောက်အကူများကို ခေါ်ယူရန် မလိုအပ်ချေ။ ဤကဲ့သို့ သိရှိနိုင်စွမ်း ရှိနေတော့၏။
သို့ပေမဲ့ ကြီးမားလှသည့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး ပေါ်ပေါက်လာမှုသည် များပြားလှသော အဓိက ဂိုဏ်းများ လာရောက်ကြမှာ သေချာ၏။ ထို့ကြောင့် ဤတည်နေရာသို့ သွားလျှင် လုံလောက်အောင် အားကောင်းရန် လိုအပ်သည်။ မဟုတ်ပါက ပွဲကြည့်ပရိသတ်သာ ဖြစ်ပေလိမ့်မည်။
ပွဲကြည့်ပရိသတ်ကိုတော့ သူသည် ကျိန်းသေပေါက် ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ဖြစ်နိုင်သမျှ တိုက်ခိုက်၍ ရယူဖို့ ကြိုးစားမှာ သေချာ၏။ ယခု အထူးတာဝန်၏ ကြိုတင်ပြောပြမှုများကို သိရှိပြီးပြီဖြစ်သောကြောင့် သူသည် ထိုနေရာသို့ အရင်ဆုံးသွားမည်ဖြစ်၏။ တခြားသူများသည် သိရှိ၍ ရောက်ရှိလာသည်ဆိုလျှင်တောင်မှ သူသည် အထဲသို့ ကြိုတင်ရောက်ရှိနေပြီ ဖြစ်သောကြောင့် စိတ်အေးလက်အေးဖြင့် နေထိုင်နိုင်ပေလိမ့်မည်။
သို့ပေမဲ့ ဤနေရာတွင် ပြဿနာတစ်ခုက တည်ရှိလို့နေ၏။ ကျောက်စိမ်းတောင်တန်းဆိုသည်မှာ မည်သည့်နေရာ တွင်ရှိနေသနည်း။
ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေ၏ မြေပုံကို အလောတကြီးဖြင့် ထုတ်ယူလိုက်၏။ သေသေချာချာ ရှာဖွေပြီးသည့်နောက် အနောက်မြောက်ဘက်အဆုံးတွင် တည်ရှိသည့်နေရာတစ်ခုဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်၏။
သူသည် ခေါင်းကိုအုပ်ကိုင်ကာဖြင့် ပြောလိုက်၏။ “ဝေးလိုက်တာ”
သူ၏ဌာနေသည် အရှေ့တောင်ဘက်တွင်ဖြစ်၏။ တစ်ဖက်တည်နေရာသည် အနောက်မြောက်ဘက်တွင် ဖြစ်နေ၏။ သာမန်အမြန်နှုန်းဖြင့် သွားမည်ဆိုပါက သူရောက်ရှိသည့်အချိန်တွင် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်ပြီးပြီ ဖြစ်နေပေလိမ့်မည်။
“ဒါက ပြဿနာကြီးတစ်ခုတော့ မဟုတ်လောက်ဘူး”
ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ရှေးရွက်သင်္ဘော ကြီးကို ထုတ်ပြီးအသုံးပြုလို့ရတယ်”
ယခု ရရှိမည့် စိတ်ဝိညာဉ်ကျောက်တုံးများ၏ ပမာဏလောက် ကုန်ခမ်းဖို့တော့ မရှိလောက်ချေ။ ထို့ကြောင့် ကုန်းရှန့်အနေနှင့် ထိုအရာကို များများစားစား ထည့်သွင်းကာ လောင်စာအဖြစ် အသုံးပြု၍ ရှေးရွက်သင်္ဘောကြီးကို အသုံးပြုရန် စီစဉ်ထားခဲ့၏။ ဤအရာသည် ကံကြမ္မာပင် ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် ကံကြမ္မာကို ပိုင်စိုးနိုင်ရန်အတွက် ကြီးမားသည့် အလောင်းအစားကို ပြုလုပ်ရမှာ သေချာသည်။
“နေအုံး”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။ “ဧကရီလင်းရောင်ရဲ့ နယ်မြေ ကလည်း အနောက်မြောက်ပိုင်းမှာ တည်ရှိတာပဲ။ ကောင်းတယ်။ အရမ်းကောင်းတယ်”
သူ့အနေနှင့် အခွင့်အရေး ရမည်ဆိုလျှင် တစ်စုံတစ်ခုပြုလုပ်နိုင်မည်ဟု စဉ်းစားလိုက်မိသည်။
ဧကရီလင်းရောင်လို လူမျိုးနှင့် ထိပ်တိုက် ရင်ဆိုင်ရန်အတွက် သူသည် ရူးကြောင်ကြောင် လူမျိုးတော့ မဟုတ်ချေ။ သို့ပေမဲ့ အခြေအနေသာ ပေးလာသည် ဆိုပါက ကျိန်းသေပေါက် သူမ စိတ်တိုစေလောက်မည့် ကိစ္စရပ်မျိုးကို လှည့်ပတ်ပြုလုပ်ခဲ့မှာ သေချာသည်။ အရှက်မဲ့လှသောကုန်းရှန့်၏ ဥပဒေသဆိုသည်မှာ သူ့အား လှည့်စားဖို့ ကြိုးစားခဲ့သည်ဆိုပါက သူ့အနေနှင့် တူညီသည့် နည်းလမ်းများကို အသုံးပြုကာ ပြန်လည်ဒုက္ခပေးခြင်းပင်။
........
သိုင်းလေ့ကျင့်ရေးကွင်းပြင်
လီချင်းယန်နှင့် တခြားသော လက်ရွေးစင်တပည့်များ အားလုံးသည် တန်းစီကာ မတ်မတ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့အားလုံးကို ဤတည်နေရာတွင် စုစည်းရန် ဂိုဏ်းချုပ်က အမိန့်ပေးထားခဲ့၏။
အရေးကြီးအေကြောင်းအရာကို ပြောဆိုရန်ပင် ဖြစ်ပေလိမ့်မည်။ ကုကျောင်းရှစ်နှင့် ဖြူမဲညီနောင်တို့သည်လည်း ရောက်ရှိလာခဲ့ကြသည်။
ဖောက်
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လာပြီး ကျယ်လောင်စွာပြောလိုက်၏။ “အနောက်မြောက်ဒေသမှာရှိတဲ့ ကျောက်စိမ်းတောင်ဆီကို ငါနဲ့အတူ လိုက်ခဲ့ကြ”
“ကျောက်စိမ်းတောင် ဟုတ်လား” ကုကျောင်းရှစ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာ၏။ ဤတည်နေရာကို အရင်ကတည်းက သူကြားခဲ့ဖူး၏။ မိုင်ပေါင်းတစ်သောင်းလောက် ကျယ်ပြန့်သည့် တောင်တန်း ကြီးတစ်ခုဖြစ်ပြီး ထိုအထဲတွင် ဘာဆိုဘာမှမရှိချေ။ စိတ်ဝိညာဉ်သားရဲများတောင်မှ ရှားရှားပါးပါးသာ တည်ရှိသော တောင်တန်းကြီးဖြစ်သည်။
“ဂိုဏ်းချုပ်”
အဖြူရောင်နတ်ဆိုးက မေးလိုက်မိ၏။ “ဘာသွားလုပ်မှာလဲ”
“ဂိုဏ်းကို လေ့ကျင့်ဖို့အတွက်ပေါ့”
.........
အားလုံး စိတ်ဓာတ်ကျသွားမိ၏။ လေ့ကျင့်ဖို့အတွက်ဆိုလျှင် သူတို့သည် တားမြစ်တည်နေရာများထဲသို့ သွားသင့် သည်မဟုတ်ပါလား။ အဘယ်ကြောင့် အနောက်မြောက်ဘက်သို့ သွားရသနည်း။
သို့ပေမဲ့ အားလုံးသောသူတို့သည် ထိုကဲ့သို့ တွေးတောမိသည် ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်က ပြုလုပ်မည်ဆိုသောကြောင့် ကျိန်းသေပေါက် လိုက်လံ ပြုလုပ်ရပေလိမ့်မည်။ ထို့ကြောင့် သက်တံ့အလင်းတောင်ပံများကို ထုတ်ယူကာဖြင့် ပျံသန်းရန် ပြင်ဆင် လိုက်ကြ၏။
“အဲလောက်ကြီး ဒုက္ခခံစရာ မလိုဘူး”
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။ ပြီးနောက် ရှေးရွက်သင်္ဘောကြီးကို ထုတ်ယူလိုက်၏။ “တက်ကြတော့”
...........
ကုကျောင်းရှစ်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ဤရွက်သင်္ဘောကြီးသည် ကြီးမြတ်သူတုံးကု ဖန်တီး ထားသည်ဖြစ်သောကြောင့် အလွန်ပင် အားကောင်းလွန်းလှ၏။ ထို့အတူ စွမ်းအင်ကုန်ဆုံးမှုကလည်း ကြီးမားလွန်း လှ၏။ ဂိုဏ်းတစ်ခုလေ့ကျင့်ရန်အတွက် ဤကဲ့သို့ သယ်ယူပို့ဆောင်မှုမျိုးကို အသုံးပြုမည်ဆိုခြင်းမှာ....
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် ရှေ့ဆီသို့ လှမ်းလျှောက်လာပြီး တီးတိုးမေးလိုက်၏။ “စိတ်ဝိညာဉ်ကျောက်တုံးတွေ အရမ်းပေါများနေတာလား။။ ဒါဆိုရင် ကျုပ်ကိုပေးအုံး”
“ပေါက်ကရတွေ မပြောနဲ့”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားသည်။ “မြန်မြန် တက်တော့”
“ကောင်းပါပြီ”
လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော လက်ရွေးစင်တပည့်များသည် ကျောက်စိမ်းတောင်ဆီသို့ ဦးတည်ကြတော့၏။ ထိုအထဲတွင် ဖြူမဲညီနောင်၊ ခရမ်းရောင်ဘုရင်၊ တင်းရှင်းဝမ်နှင့် တခြားသော အတွင်းစည်းတပည့်များလည်း ပါဝင်နေခဲ့၏။ ထို့အတူ ကျွဲရိုင်းစက်ရုပ်များကို အသုံးပြုနိုင်သည့် သားရဲစီးဟောခန်းမှ အဖွဲ့ဝင်တစ်ရာကျော်တို့လည်း ပါဝင်လျက်ရှိနေသေး၏။ ဂိုဏ်း၏ လက်ရွေးစင်များအားလုံးသည် ထွက်ခွာလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် မိုင်းတွင်းကို တူးဖော်ရန်ပင် ဖြစ်၏။
“ယောက်ျား”
မထွက်သွားခင်မှာပဲ နှင်းဆီဧကရီက မေးလိုက်သည်။ “ကျွန်မလည်း လိုက်လို့ရလား”
“ခင်ဗျားလိုက်မယ်ဆိုရင် ဂိုဏ်းကို ဘယ်သူက စီမံအုပ်ချုပ်မှာလဲ”
“ဟောခန်းသခင်ဝေနဲ့ တခြားသူတွေပေါ့”
............
“ရှင် ဒီလောက် လက်ရွေးစင်လူတွေ ခေါ်သွားတာဆိုတော့ လေ့ကျင့်ဖို့သက်သက် မဟုတ်လောက်ဘူး။ ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်” နှင်းဆီဧကရီသည် အသံပို့လွှတ်လိုက်၏။
“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် လိုက်လျောလိုက်ရတော့၏။ လက်ရှိအခြေအနေမှာတော့ မိုင်းတွင်းသည် မည်သည့်အချိန်တွင် ပေါ်ပေါက်လာမည်ကို သူသေချာမသိချေ။ တခြားသော ပြဿနာများ ကြုံဆုံလာမည်ဆိုပါက အနည်းဆုံး အကူအညီ တစ်ခုတော့ ရရှိနိုင်စွမ်းရှိ၏။ ကုန်းရှန့်သည် နှင်းဆီဧကရီနှင့် ပူးပေါင်းပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်ဖြစ်သွားသည်နှင့် ပတ်သက်၍ အသားကျခြင်း မရှိသော်လည်း နှင်းဆီဧကရီ၏ အကူအညီသည် ကောင်းမွန်လွန်းလှသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ချေ။
“သွားကြရအောင်”
ဆွစ်
ရှေးရွက်သင်္ဘောကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး အင်မော်တယ်တောင်တန်းဆီမှ ပျံသန်းထွက်ခွာ သွား၏။
“ငါ ပင်ပန်းလိုက်တာ၊ ခဏလောက် အိပ်လိုက်အုံးမယ်”
“ကျင့်ကြံကြ၊ ကျင့်ကြံကြ” အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် အကြောင်းအရာအမျိုးမျိုးကို ပြသကာဖြင့် ထွက်ခွာသွားခဲ့ကြသည်။
ဤတည်နေရာထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သာလျှင် ကျန်ရစ်ခဲ့၏။
၎င်းတို့၏ အသိအမြင်သည် အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ ရွှေချထားရလောက်ပေသည်။
“ယောက်ျား”
နှင်းဆီဧကရီသည် ပြတင်းပေါက်တွင် မတ်တပ်ရပ်ကာဖြင့် အပြင်ဘက်တွင်ရှိနေသော မြင်ကွင်းများ ကို ကြည့်ရှုလိုက်သည်။ သူမသည် ပြုံးကာပြောလိုက်တော့၏။ “ကြည့်ရတာ အထက်နယ်မြေမှာ ဆော့ကစားဖို့ အတွက် ရှေးရွက်သင်္ဘောကြီးနဲ့ ခရီးထွက်လာတာ ကျွန်မတို့ရဲ့ ပထမဆုံးအကြိမ်ပဲ ထင်တယ်”
“......”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “ကျုပ်တို့ သွားကစားမှာ မဟုတ်ဘူး။ စီးပွားရေး သွားလုပ်မှာလေ”
“ဘာစီးပွားရေးလဲ။ ကျွန်မကို ပြောလို့ရလား”
ဆွစ်
ကျွင်းချောင်ရှောင်းသည် များပြားလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာဖြင့် စွမ်းအင်ထည့် သွင်းနိုင်တဲ့ တည်နေရာကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “စွမ်းအင်က မလုံလောက်ဘူးဆိုရင် ဒီဟာတွေကို ထည့်လိုက်”
“လက်ခံသူက မိန်းမကို စကားကောင်းကောင်း ပြောသင့်တယ်” စနစ်က ပြောလိုက်သည်။
“တော်စမ်း” ကျွင်းချောင်ရှောင်းသည် ခရီးစဉ်အပေါ်တွင်သာ အာရုံစူးစိုက်ထား၏။ ရံဖန်ရံခါဆိုသလို မောင်းနှင်နိုင် သည့် ပစ္စည်းထဲတွင် ရှိသော စိတ်ဝိညာဉ်ကျောက်တုံး ကုန်ဆုံးမှုကို လှည့်၍ ကြည့်တတ်၏။
သူ၏ မျက်နှာပေါ်တွင်တော့ နာကျင်နေသည့်အမူအရာများသည် တမဟုတ်ချင်း ဖြစ်ပေါ်လာတတ်သည်။ အနောက်မြောက်ဒေသသည် အလွန်ပင် ဝေးကွာလွန်းလှ၏။ သို့ပေမဲ့ ဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ပြီးပြီ ဆိုမှတော့ မြန်မြန်ဆန်ဆန် ရောက်ရှိရန်သာ လိုအပ်သည်။
“ယောက်ျား... စိတ်ဝိညာဉ်ကျောက်တုံးတွေ ကုန်တော့မယ်”
နာရီအနည်းငယ်သာ ရှိသေး၏။ ကျွင်းချောင်ရှောင်း အနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများကို အသုံးပြုခဲ့ရပြီးပြီဖြစ်သည်။ နာကျင်မှုကို အောင့်အည်း သည်းခံကာဖြင့် သူသည် နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံးများကို ထပ်မံကာ ထုတ်ပေးလိုက်၏။ စိတ်ထဲမှာတော့ ကြိတ်ကာ ဖြေသိမ့်လျက် ရှိနေတော့၏။ “အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကိုသာ ရရှိမယ်ဆိုရင် ဒါတွေအကုန်လုံးက ထိုက်တန်ပါတယ်လေ”
“လှလိုက်တာ” နောက်တစ်ရက်မှာတော့ ရှေးရွက်သင်္ဘောကြီးသည် ပန်းပင်လယ်ထဲကို ဖြတ်သန်းသွား၏။ နှင်းဆီ ဧကရီသည် ပြတင်းပေါက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူမ၏ မျက်လုံးထဲတွင်တော့ ပျော်ရွှင်မှုများနှင့် တောက်ပလျက်ရှိ၏။ သူမသည် ပန်းများကို နှစ်သက်၏။ အထူးသဖြင့် နှင်းဆီပန်းများကို နှစ်သက်သည်။
“ကလေးဆန်လိုက်တာ”
ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်၏။ ပြီးနောက် ရွက်သင်္ဘောကြီးကို ရပ်ကာ ပြောလိုက်သည်။ “ဖယ်တော့... ကျုပ် စွမ်းအင် အရင်းအမြစ်ကို ပြောင်းအုံးမယ်”
“ခုနကသေူ၏ တင်းမာခက်ထန်နေသည့် မျက်နှာကို မြင်ရပြီးသည့်နောက် နှင်းဆီဧကရီသည် မနေနိုင်ဘဲ ရယ်ချင်စိတ်ပင် ပေါက်မိနေ၏။ “ရွက်သင်္ဘောကို တမင်တကာ ရပ်ပေးတာမလား။ ကျွန်မ ပန်းခင်းကို ကြည့်လိုရအောင်လေ”
“သိနေတယ်ဆိုရင်လည်း ဘာလို့ မေးနေတာလဲ။ မြန်မြန် သွားကြည့်တော့”
“ဒါဆိုရင် စီးပွားရေးကိစ္စကို နှောင့်နှေးမှာ မစိုးရိမ်ဘူးလား”
“ခင်ဗျားက တော်တော်ကို လျှာရှည်တာပဲ။ မကြည့်ဘူးဆိုရင် မောင်းလိုက်တော့မယ်”
“ယောက်ျားက ခြံဝန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ စိုက်ပျိုးပေးခဲ့တယ်။ ဒါတွေကို ကြည့်ရတာ ရိုးနေပြီ။ ဒီတော့ စီးပွားရေးကိစ္စပဲ အရင်လုပ်လိုက်ကြတာပေါ့”
ဝှစ်
ရှေးရွက်သင်္ဘောကြီးသည် ပြန်လည်ကာ ထွက်ခွာသွားခဲ့၏။ နောက်ကို တစ်ချက်ကလေးမှ ပြန်မလှည့်ဘဲ အရှေ့ဆီသို့ တည့်တည့်သာ မောင်းနှင်သွားခဲ့တော့သည်။