← Chapters

မျှော်လင့်ချက်အသစ်

Vol. 015 Ch. 1461

မျှော်လင့်ချက်အသစ်

Vol. 015 Ch. 1461

ရှားရှင်းယွန်က ရီဖူရှင်းကို သူမ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း ရီဖူရှင်းကတော့ လှည့်ထွက်သွားပြီ ဖြစ်သည်။ သူ့ မျက်နှာတွင်လည်း ခါးသက်သော အပြုံးတစ်ခု ရှိနေခဲ့သည်။

ဤနှစ်များအတွင်း ရှားရှင်းယွန်သည် သူ့နောက်သို့ လိုက်ပါလာနေခဲ့သည်မှာ အင်ပါယာရှားဘုံ၌ ရှိစဉ်ကပင် ဖြစ်သည်။ သူမသည် သူ့အား အများကြီး အကူအညီပေးခဲ့သည်။ သူမသည် ရန်လိုတတ်သော မင်းသမီးလေး အဖြစ်မှ တဖြည်းဖြည်းနှင့် ယခုပုံစံကဲ့သို့ ပြောင်းလဲလာခဲ့သည်။ လက်ရှိတွင် ရှားရှင်းယွန်သည် သူ့အား ရန်မလိုတော့ဘဲ သူ့ဘေး၌သာ တိတ်ဆိတ်စွာ ရှိနေခဲ့တော့သည်။

သူက သူမ၏ ခံစားချက်အား မည်သို့ နားမလည်နိုင်ဘဲ နေပါမည်နည်း။ သို့သော် အခြေအနေအများစုတွင် သူက ရူးချင်ယောင်ဆောင်နေခဲ့သည်။ သူက ဂရုမပြုမိဘဲ ရှားရှင်းယွန်အား မျှော်လင့်ချက်အချို့ပေးမိသည်ဟု ထင်မှတ်မိသော်လည်း တကယ်တော့ သူသည်လည်း မည်သို့ လုပ်ရမည်ကို မသိတော့ပေ။ သူက ရှားရှင်းယွန်နှင့် သူ့အကြားမှ ဆက်ဆံရေးအား မည်သို့ ရင်ဆိုင်ရမည်ကို မသိချေ။

သူက သူမအပေါ်၌ မည်သည့် ခံစားချက်မှ မရှိသည်တော့ မဖြစ်နိုင်။ ဤအေးစက်၍ မာနကြီးသည့် မင်းသမီးလေးက သူ့အတွက် အများကြီး စတေးခံခဲ့သည်ကို သူ သိရှိ၏။ သို့သော် သူက အထွတ်အထိပ်ဘုံကို ရောက်လာရသည့် အကြောင်းရင်းမှာ ဂျီယူကို ရှာရန် ဖြစ်သည်။

သူကိုယ်တိုင်လည်း ရှင်းလင်းသလို ရှားရှင်းယွန်ကလည်း သိရှိထားပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးသည် အခြားကိစ္စများကို မည်သည့်အခါကမှ မတွေးခဲ့ဖူးကြပေ။ ရှားရှင်းယွန်က သူ့အပေါ် ခံစားချက် ရှိနေလျှင်ပင် သူမက ထိုခံစားချက်များကို နှလုံးသားအတွင်း၌ပင် မြှုပ်နှံထားလိမ့်မည် ဖြစ်သည်။

သို့သော် လတ်တလော၌ သူက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများကို ဂျီယူ၏ အကြောင်း နှစ်ကြိမ်တိုင်တိုင် မေးမြန်းခဲ့ပြီး ရရှိခဲ့သည့် အဖြေက သူ့ကို အမှန်တရားနှင့် ရင်မဆိုင်ဘဲ ထွက်ပြေးချင်လာစေရန်ပင် လုပ်ဆောင်နေသည်။ သူနှင့် ရှားရှင်းယွန် နှစ်ဦးလုံးက ထိုသည်မှာ အစစ်အမှန်မဟုတ်ဘဲ သူ၏ စိတ်ကူးပုံရိပ်ယောင် သက်သက် ဖြစ်ကြောင်း သိကြပေသည်။ ဂျီယူသည် အသက်ရှင်နေခြင်း မရှိတော့ပေ။

ထိုအချိန်တွင် ရှားရှင်းယွန်၏ နှလုံးသား၌ တစ်ခုခု ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူ့အတွက် အနည်းငယ် ခက်ခဲနေသည်မှာ ဂျီယူကို အပြီးတိုင် မေ့ပျောက်လိုက်ပြီး ရှားရှင်းယွန်နှင့် အတူ နေထိုင်သွားရန်ပင် ဖြစ်၏။ သူတို့ကြားမှ ဆက်ဆံရေးက အနည်းငယ် ဝေးကွာနေဆဲ ဖြစ်နိုင်သည်။  သူမနှင့် မတူစွာပင် ဂျီယူက ရီဖူရှင်းနှင့် ငယ်စဉ်ကတည်းကပင် အတူ ကြီးပြင်းလာခဲ့ကြခြင် ဖြစ်သည်။ သူတို့သည် ဘဝတစ်လျှောက် လှပသည့်နှစ်များကို အတူ ကုန်ဆုံးခဲ့ကြပြီး သူတို့ကြားမှ အရာအားလုံးကို မေ့ပစ်၍ မရနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။

သို့သော် သူက အခုသာ ရှားရှင်းယွန်အား ထွက်သွားဖို့ ပြောခဲ့ပါက အလွန် ရက်စက်ရာကျသွားလိမ့်မည် ဖြစ်သောကြောင့် သူက ရူးချင်ယောင်ဆောင်၍သာပင် သူတို့ နှစ်ဖက်လုံးကို အချိန်ပေးနေခြင်း ဖြစ်သည်။

ကောင်းကင်နတ်တံခါးအထက်တွင် မြူများက နေရာအနှံ့ ရှိနေခဲ့သည်။ ထိုသည်က နတ်ဘုရားတို့၏ နယ်မြေဖြစ်ပြီး နတ်တံခါးဂိုဏ်းတစ်ခုလုံးကို ထာဝရရှင်သန်သူတို့ အငွေ့အသက်များက ဖုံးလွှမ်းထားသည်။

ရီဖူရှင်းက ကျင့်ကြံရန်အတွက် ကောင်းကင်နတ်တံခါးတွင် ခေတ္တ နေထိုင်မည် ဖြစ်ကာ ယူချင်းက နဂါးကလန်ကို သွား၍ ရီဝူချင်းကတော့ ဝမ်ကလန်သို့ ထူးခြားလမ်းစဉ် ကျင့်ကြံရန် သွားလိမ့်မည် ဖြစ်သည်။ ဓားသခင်သည် ကောင်းကင်နတ်တံခါးတွင် မိစ္ဆာဓားကို ကျင့်ကြံနေပြီး ရှားရှင်းယွန်သည်လည်း တိမ်ပင်လယ်၌ တစ်ကိုယ်တည်း ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။

ယခု ရှားရှင်းယွန်အတွက်တော့ သူမသည် မည်သည့် အတွေးမှ မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် သန်မာလာစေရန်သာ ပြုလုပ်နေသည်။

တိမ်ပင်လယ်ရှိ မြူနှင်းများက ကမ္ဘာပေါ်ရှိ ကောင်းကင်ဘုံကဲ့သို့ပင် ဖြစ်သည်။ အဖြူ နှင့် အနက်ရောင် ကြာပန်းတစ်ပွင့်က ရှားရှင်းယွန်၏ ခန္ဓာကိုယ် လွှမ်းခြုံပေါ်ပေါက်လာပြီး ပျောက်ကွယ်သွားလိုက် ပွင့်လန်းလာလိုက်နှင့် တစ်ဖန်ပြီးတစ်ဖန် ပြန်လည်မွေးဖွားကာ သန့်စင်နေသည်။ သူမ၏ အနီးတွင် မတူကွဲပြားသည့် အသက်ဓာတ်နှစ်ခု စီးဆင်းနေပြီး နှစ်ခုလုံးက အကြွင်းမဲ့ သဟဇာတမဖြစ်ကြပေ။

တစ်ခုက ထာဝရရှင်သန်ခြင်းအတွက် ရှင်သန်ခြင်းစွမ်းအား ဖြစ်သည်။

နောက်တစ်ခုမှာ အသက်စွမ်းအားကို အဆုံးသတ်ပေးနိုင်သော သေဆုံးခြင်း စွမ်းအား ဖြစ်လေသည်။

သို့သော် ထို ဆန့်ကျင်ဘက်အင်အားများ ဖြစ်သည့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားတို့က သူမ၏ ခန္ဓာတွင် တစ်ပြိုင်တည်း ပေါ်ပေါက်လာပြီး လေဟာနယ်ကို ထိုးဖောက်နေသည်။

မူလတောင်တန်း မုန်တိုင်းအတွင်း၌ သူမသည် ကြီးမားသော ဘေးဒုက္ခကို ခံစားခဲ့ရကာ သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်။ ရီဖူရှင်းသည် သူမကို ချောက်နက်အတွင်း ခေါ်ဆောင်လာကာ ထိုကြောက်မက်ဖွယ် အခြေအနေမှ ကယ်တင်နိုင်ရန် စောင့်ရှောက်ပေးခဲ့သည်။

သို့သော် သူမသည် ကံဆိုးမိုးမှောင်ကျမှုမှ ချီးမြှောက်ခြင်းကို ခံခဲ့ရသည်။ ထိုအန္တရာယ်အခြေအနေမှ သူမသည် ရှန်သန်ခြင်းစွမ်းအားနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သေဆုံးခြင်းစွမ်းအားကို နားလည်ခဲ့သည်။

ထိုသည်မှာ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြားတွင် ကြီးမားသည့် ကြောက်ရွံ့ဖွယ် အခြေအနေ ရှိသည်။ ယခု သူမသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစွမ်းအား၏ လမ်းစဉ်နှစ်ခုကို နားလည်လာသည်ဖြစ်ရာ သူမ၏ ကျင့်ကြံခြင်းကို သန့်စင်နိုင်မည်ဟု တွေးထင်မိလေသည်။

ကောင်းကင်နတ်တံခါးမှ အခြားသော ချောက်ကမ်းပါးရှေ့တွင် တိမ်စိုင်များ မြူနှင်းများဖြင့် လွှမ်းခြုံထညးသော နေရာတစ်ခုလည်း ရှိသည်။ ရီဖူရှင်းက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ဈာန်ဝင်စားခြင်း အခြေအနေသို့ ဝင်ရောက်နေပုံရသည်။ သူ့ခန္ဓာမှ မှိန်ဖျော့ဖျော့ အလင်းတို့ လင်းလက်နေသည်ဟု ထင်မှတ်ရကာ သူ၏ ထိုးထွင်းသိမြင်မှုကို အလွန် အားကောင်းလာစေသည်။ သူက အတွေးများကို လောကကြီးအတွင်း ဖြန့်ကျက်ထားခဲ့သည်။

သူ၏ ဝိညာဉ်က အော်မြည်နေကာ တိမ်ပင်လယ်အတွင်း လေထုထဲ၌ မျောလွင့်နေသည်။ ကောင်းကင်ထက်တွင် အဖြူရောင် တိမ်တိုက်များက ပျံသန်းနေပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် လေထုများက နေရာအနှံ့ ရစ်သိုင်းထားသည်။ အရာအားလုံးသည် ရှင်းလင်းပြတ်သားနေ၏။ သူက မျက်လုံးများကို အသုံးပြုရန်မလိုသော်လည်း လောကရှိအရာအားလုံးကို အစစ်အမှန်ကဲ့သို့ ရှင်းလင်းစွာ မြင်နိုင်သည်။

သူက စိတ်ဝိညာဉ်က အရာအားလုံးမှ ခွဲထွက်ကာ တည်ရှိနေသည့် သဏ္ဌာန်အားလုံးမှ ခွဲထွက်သွားသကဲ့သို့ ခံစားချက်ရေးရေးကို ခံစားနေရသည်။ သူ၏ စိတ်ဝိညာဉ်က သီးခြားတည်ရှိနေသလို ဖြစ်သည်။

ထိုသည်မှာ ထူးခြားလမ်းစဉ်ကို အသုံးပြု၍ တန်ခိုးရှင်၏ အတွေးစကို ကောင်းကင်နှင့် မြေကြီးကြား ပေါင်းစပ်၍ တသားတည်းဖြစ်စေပြီး နတ်စွမ်းအားများကို ထုတ်လွှတ်နေသည်။

ရီဖူရှင်းနောက်တွင် စိတ်ဝိညာဉ် ပုံရိပ်က ထွက်ပေါ်လာသည်။ ယင်းဝည် ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ် စွမ်းအားများကို ထောက်လှမ်းနေသည်။ သူ၏ ထိုးထွင်းသိမြင်မှုက အဝေးဆီသို့ ပျံ့နှံ့သွားကာ သူ၏ နတ်ဝိညာဉ်သည် အလွန်ဝေးကွာသော နေရာများကိုပင် တွေ့မြင်နိုင်စွမ်းရှိသကဲ့သို့ ထင်မှတ်ရပြီး အပြင်ဘက်ဆီ အဆက်မပြတ် ဖြန့်ကျက်သွားနေသည်။ ရီဖူရှင်းက သူ၏ ဝိညာဉ် သူ့ခန္ဓာမှ ထွက်ခွာသွားသလို ခံစားနေရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မည်သည်မှ မရှိတော့သည့် အခြေအနေကဲ့သို့ ဖြစ်နေသော်လည်း သူသည် လောကရှိ လမ်းစဉ်အားလုံးကို ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိသည်ဟု ထင်မှတ်ရပေသည်။

သူက လောကကြီးနှင့် တစ်သားတည်း ဖြစ်နေသည့်အတွက် အတွေးတစ်ချက်နှင့်ပင် ပြောင်းလဲမှုများ ပြုလုပ်နိုင်ဟန်ပေါ်သည်။

သူ၏ ဗလာပုံရိပ်က ကောင်းကင်နှင့် မြေကြီးအတွင်း ရွေ့လျားသွားလာနေပြီး အဆက်မပြတ် ဝေးကွာသွားနေကာ ကောင်းကင်နတ်တံခါးအပြင်သို့ပင် ထွက်သွားတော့မည်ဟု ထင်မှတ်ရသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် တစ်ခုခုကို အာရုံခံမိလိုက်သည်။ ဗလာအခြေအနေ၌ ရှိနေသည့် ဝိညာဉ်ပုံရိပ်သည် တူညီသော အသက်ဓာတ်ကို ခံစားမိသည်ဟု ထင်မှတ်ရသည့် ကောင်းကင်နေရာတစ်ခုသို့ မော့ကြည့်လိုက်သည်။

သူက ထိုနေရာကို သိချင်စိတ်ဖြင့် မော့ကြည့်နေသော်လည်း ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားကာ ရီဖူရှင်း၏ နှလုံးသားသည်လည်း အပြင်းအထန် ခုန်လှုပ်လာသည်။

သူက ရှေ့တည့်တည့်၌  ဗလာအခြေအနေနှင့် ရှိနေသည့် အခြားပုဂ္ဂိုလ်တစ်ဦး၏ တည်ရှိမှုကို အမှန်တကယ် ခံစားမိလေသည်။

ထိုမျှသာဆိုလျှင် သူက အံ့သြမိမည် မဟုတ်သော်လည်း ထိုပုံရိပ်၏ မျက်နှာအား သူ့ထက်ပိုကာ ရင်းနှီးသည့်သူ ရှိလိမ့်တော့မည် မဟုတ်ပေ။

သူ၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါနေသည်။ သူ့ကို တစ်စုံတစ်ခုဖြင့် ခပ်ပြင်းပြင်း ရိုက်ခံသလိုပင် ဖြစ်သည်။ သူက စိတ်ဝိညာဉ် အတွေးများကို အရူးတစ်ယောက်ကို ထုတ်လွှတ်ရင်း သူက ထိုကျက်သရေရှိလှသည့် ပုံရိပ်လေးကို ငေးကြည့်ရင်းနှင့် သူ၏ ဗလာအခြေအနေ၌ ရှိနေသည့် မျက်လုံးများ၌ စိုစွတ်လာသည်။

“ဂျီယူ” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ဂျီယူ သူမက အသက်ရှင်လျက် ရှိနေသေးပေသည်။

ဘုန်း.. ဗလာအခြေအနေ၌ ရှိနေသည့် ထိုပုံရိပ်ယောင်ဝိညာဉ်က  မည်သည့်အခါကမှ ပေါ်ပေါက်မလာဖူးသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပေသည်။

“ဂျီယူ!” ရီဖူရှင်းက အော်ဟစ်လိုက်ကာ သူ၏ မျက်လုံးများက ရုတ်တရက် ဖွင့်ဟလာသည်။ သူက ထရပ်လိုက်ကာ သူမရပ်နေခဲ့သည့် နေရာသို့ အပြေးအလွှား သွားခဲ့ပေသည်။

သို့သော် ထိုနေရာ၌ အဆုံးမရှိသည့် လေဟာနယ်တစ်ခုသာ ရှိနေခဲ့ပြီး ဂျီယူကို မဆိုထားနှင့် မည်သည့်အရာမှ ရှိမနေခဲ့ပေ။

“ဒါက မဖြစ်နိုင်ဘူး.....” ရီဖူရှင်းက သူ၏ နှလုံးသားအတွင်း အော်ဟစ်လိုက်သည်။ သူက မှားယွင်းထောက်လှမ်းမိခြင်းမှာ အကြွင်းမဲ့ မဖြစ်နိုင်ပေ။

ဂျီယူသည် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ထွက်ခွာသွားသည့်အတွက် သူမက ယနေ့အထိ ဝိညာဉ်သဏ္ဌာန်ဖြင့် ရှင်သန်နေခဲ့သည်လား။

သို့သော် သူမက အသက်ရှင်နေသေးကာ ထွက်ပေါ် လာခဲ့သည်ဆိုပါက မည်သည့်အတွက်ကြောင့် တစ်ဖန် ထွက်ခွာသွားရသနည်း။

“ဂျီယူ” သူက ခေါ်လိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက အလွန် ထက်ရှလာသည်။ သူက ဗလာအခြေအနေရှိ အရာများကို ဖြတ်ကာ မြင်နိုင်သည်။ သူက တစ်နေရာသို့ ဦးတည်ကာ စတင်ပြေးလွှားလိုက်သည်။

ထိုသည်က သူ၏ အိပ်မက်လား စိတ်ကူးယဉ်မှု သက်သက်ပေလား။

သူက ဤကဲ့သို့ မြင့်မားသောကျင့်ကြံဆင့် ရောက်နေချိန်၌ အစစ်အမှန် နှင့် ပုံရိပ်ယောင်ကြား ခွဲခြားသိမြင်ခြင်းမရှိဘဲ နေလိမ့်မည်မဟုတ်ဟု ယုံကြည်ပေသည်။ အလွန်အစွမ်းထက်သော တိုက်ခိုက်မှုသာမဟုတ်ပါက သူက မခွဲခြားနိုင်စရာ အကြောင်းမရှိပေ။

ထို့ကြောင့် ထိုသည်က ဂျီယူ အစစ်အမှန်သာ ဖြစ်ရပေမည်။

ဂျီယူ သူမက အသက်ရှင်နေဆဲပင် ဖြစ်သည်။

အသက်ရှင်နေရပေမည်။

“မိတ်ဆွေလေးရီ” ထိုအချိန်၌ ကောင်းကင်နတ်တံခါးမှ တစ်ယောက်က သူ့အားမြင်ကာ ခေါ်လိုက်သည်။ သို့သော် ရီဖူရှင်းသည် သူ့ခေါ်သည်အား မကြားဟန်ဖြင့် အဝေးသို့ တစ်ဟုန်ထိုးပြေးသွားနေသည်။

“ဘာတွေ ဖြစ်နေတာလဲ” ကောင်းကင်နတ်တံခါးမှ လူများက ရီဖူရှင်းကို ကြည့်ကာ ဇဝေဇဝါဖြင့် အချင်းချင်းကြည့်ရင်း မေးလိုက်ကြသည်။

သူက တစ်စုံတစ်ခုနောက်သို့ လိုက်နေပုံပေါ်သည်။ တစ်ခုခုများဖြစ်၍လားဟု သူတို့က သိချင်မိကြသည်။

ရီဖူရှင်းက ဦးတည်ရာမဲ့ ရှေ့သို့သာ ပြေးလွှားနေသည်။ ထိုနေရာ၌ ဂျီယူ၏ သဲလွန်စ မကျန်ရှိခဲ့သော်လည်း သူက ခံစားချက်အရ ဆက်၍ သွားနေခဲ့သည်။ နတ်ဝိညာဉ်သဏ္ဌာန် အခြေအနေ၌ သူ၏ ထိုးထွင်းသိမြင်မှုက ပြိုင်ဘက်ကင်းကာ ခန္ဓာမဲ့ဖြစ်တည်မှုများကို မျက်လုံးဖြင့် မြင်တွေ့ရသည့် ခံစားမှုမှာ ထိတ်လန့်ဖွယ် ကောင်းလှသည်။

မကြာခင်တွင် ရီဖူရှင်းသည် ကောင်းကင်နတ်တံခါးအပြင်သို့ ရောက်ရှိလာကာ နေရာတစ်ခုတည်းသို့ ဆက်လက်သွားနေခဲ့၏။ သူ၏ အရှိန်က အလွန် လျင်မြန်နေကာ ရပ်တန့်ရန်ပင် မဖြစ်နိုင်ပေ။

ခဏအကြာပြီးနောက် ရီဖူရှင်းက သူဦးတည်နေရာကို ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် ထူးဆန်းသော အကြည့်တို့ ပေါ်ပေါက်လာသည်။

သူက ဤတစ်ခေါက်၌ မှားယွင်းသွားခဲ့သည်လား။

သူက အလွန် ယုံကြည်မှု ပြင်းထန်သည့် ရှန့်ထိုအဆင့်ပင် ဖြစ်သော်လည်း ပုံရိပ်ယောင်၏ တိုက်ခိုက်မှုကို ခံစားခဲ့ရသည်လား။

သူ၏ ထိုးထွင်းသိမြင်မှုက ယခင်ကလောက် အားမကောင်းတော့သည် မဟုတ်ပါက သူမအား အရမ်း လွမ်းဆွတ်နေမိ၍ များလား။

ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်၌ ရှေ့သို့ ဆက်မလိုက်တော့ဘဲ ဖြေးညင်းစွာ ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ သူက ဤနေရာသို့ ရောက်ပြီးသည့်နောက်၍ ထိုခံစားချက်က ပျောက်ကွယ်သွားခဲ့ပေသည်။

သူက ရှေ့မှ နန်းတော်ဆီသို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် အပြင်ဘက်၌ လူအချို့ ရှိနေဆဲပင် ဖြစ်သည်။ သူတို့က ရီဖူရှင်းကို မြင်သည့်အခါ အရိုအသေပြုလိုက်ကြသည်။ “သခင်လေးရီကို နှုတ်ဆက်ပါတယ်”

“တွေ့ရတာ ဝမ်းသာပါတယ် နတ်မိမယ်တို့” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တွေ မပြန်ကြသေးဘူးလား”

တိုက်ပွဲပြီးသွားသည့် အချိန်မှာ အနည်းငယ် ကြာမြင့်ပြီဖြစ်သော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများက ဤနေရာတွင် ရှိနေဆဲ ဖြစ်သည်။

သူက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများ စခန်းချနေရာသို့ ပြေးလာခဲ့မိခြင်း ဖြစ်သည်။ ယခင်က သူသည် ဤနေရာတွင် နေခဲ့သည့်အတွက် ဤနေရာနှင့် ပတ်သတ်ပြီး ရင်းနှီးသော ခံစားချက်မျိုးရှိကာ မှားယွင်းသွားခဲ့ခြင်း ဖြစ်ရမည်ဟု ခန့်မှန်းမိပေသည်။

သူက ဤနေရာတွင် အတော်လေး ကြာအောင် နေထိုင်ခဲ့ဖူးပေသည်။

“မပြန်ရသေးပါဘူး။ အစ်မချင်းက သခင်လေးရီကို စောင့်နေပါတယ်” အမျိုးသမီးတစ်ဦးက ပြောလိုက်လျှင် ရီဖူရှင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ပြီးနောက် ပြောလိုက်သည်။ “နတ်မိမယ်ချင်းက ဒီမှာ ရှိနေတုန်းပဲလား”

“ကျွန်မက သခင်လေးရီကို နှုတ်မဆက်ရသေးတာကြောင့် စောင့်နေရတာပေါ့” နူးညံ့ညင်သာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ရင်သပ်ရှုမောဖွယ် အမျိုးသမီးတစ်ယောက်က အပြုံးနှင့်အတူ အနားသို့ ရောက်ရှိလာ၏။ သူမက ချင်းဟယ်ပင် ဖြစ်သည်။

“အဲဒီနေ့က သခင်လေးရီ ကောင်းကင်နတ်တံခါးကို တစ်ခါတည်းလိုက်သွားတာကြောင့် နှုတ်ဆက်စကားတောင် မပြောလိုက်ရလို့ ဒီမှာ စောင့်နေခဲ့တာ။ အခုတော့ သခင်လေးရီ ကောင်းကင်နတ်တံခါးက ထွက်လာတယ်ဆိုတော့ ကျွန်မ အခု နှုတ်ဆက်သင့်ပြီလေ” ချင်းဟယ်က ပြောလိုက်သည်။ သူမ၏ အသံက နွေဦးလေပြည်လေးကဲ့သို့ အလွန် နူးညံ့ညင်သာနေသည်။

သူမ၏ စကားလုံးများက လေးစား ယဉ်ကျေးမှုမှ မသွေဖယ်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူမက ရီဖူရှင်းအပေါ် အာရုံစိုက်မှုကို ပြသနေသည်။ ရီဖူရှင်းက သူမကို အနည်းငယ် အန္တရာယ်များသည်ဟု ပြောနေသော်လည်း သူမက ထိပ်သီးပုဂ္ဂိုလ်များကိုပင် အရည်ပျော်ကျအောင် လုပ်ဆောင်နိုင်စွမ်းရှိပေသည်။

“အဲဒီနေ့က နှုတ်ဆက်စကားမဆိုလိုက်ရတာ ကျွန်တော့် အမှားပါ။” ရီဖူရှင်းက ပြောလိုက်သည်။ “အဲဒီအတွက် နတ်မိမယ်ကို တောင်းပန်ပါတယ်”

“ကိစ္စမရှိပါဘူး။ တကယ်လို့ ရှင့်မှာ ဆန္ဒများရှိရင် ဗြဟ္မာ့သန့်စင်ကောင်းကင်ကို လာပြီး ကျွန်မနဲ့ လက်ဖက်ရည်တစ်ခွက်လောက် လာသောက်ပါ” ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်၍ ပြောလိုက်၏။ “လာခဲ့ပါ့မယ်”

“ကောင်းပါပြီ။ ဒါဆို ကျွန်မတို့ သွားသင့်ပြီ”

“ကျွန်တော် အပြင် လိုက်ပို့ပါ့မယ်” ရီဖူရှင်းက ပြောလိုက်သည်။

“ပြောတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သခင်လေးရီမှာ လုပ်စရာတွေ အများကြီးရှိနေမှာ စိုးမိတယ်။ ကျွန်မတို့ ဂိုဏ်းက လူတွေနဲ့ပဲ သွားလိုက်ပါ့မယ်” ချင်းဟယ်က ပြောလိုက်သည်။ သူမ၏ အသံက နူးညံ့ညင်သာနေဆဲပင် ဖြစ်သည်။

“နတ်မိမယ်ချင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ” ရီဖူရှင်းက အများကြီး မပြောတော့သော်လည်း သူ၏ လက်ကို အရိုအသေပြုဟန် ဆုပ်လိုက်ကာ ပြောသည်။ “ကျေးဇူးပြု ပြီး”

“ကျေးဇူးတင်ပါတယ် သခင်လေးရီလည်း ဂရုစိုက်ပါ” ချင်းဟယ်က ပြောလိုက်၏။

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ ထွက်ခွာသွားသည်။

သူ ထွက်သွားပြီးနောက် ချင်းဟယ်က နန်းတော်ထဲသို့ ပြန်လာကာ တစ်စုံတစ်ယောက် ရှေ့၌ ရပ်လိုက်သည်။ သူမ ရှေ့မှ သူသည်လည်း သာမန်မဟုတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ်တစ်ယောက်ဖြစ်သည့် ချင်းဟယ်သည် သူမ ရှေ့၌ ရှိနေသည့်အခါ အနည်းငယ် တွန့်ဆုတ်နေပုံပေါ်ကာ မည်သည့်စကားမှ မဆိုဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်ကို ပြန်ကြရအောင်” ထိုအမျိုးသမီးက ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်ကာ အဖြေပေးလိုက်ပြီးနောက် ထိုကြီးမားသည့် လူစုမှာ လေထဲမှ ထွက်ခွာသွားကြတော့သည်။

***

All Chapters