ခေတ်တစ်ခေတ်၏အဆုံးသတ်
Vol. 97 Ch. 1352
အခန်း (၁၃၅၂) ခေတ်တစ်ခေတ်၏အဆုံးသတ်
“ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ၏ လက်ဖဝါးကြီးက ဧရာမနွားရိုင်းကြီး၏ဦးခေါင်းထက်သို့ ကျရောက်လာသည်။
မဟာအမတရူယိ၏ ‘ကောင်းကင်ချဲ့ထွင်တန်ခိုးစွမ်းအား’ မှာ ဖိအားပေးခံရပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
ဧရာမနွားရိုင်းကြီး၏ပုံသဏ္ဌန်က လျှင်မြန်စွာ ကျုံ့ဝင်သွားပြီး ၎င်း၏ မူလပုံစံထက် ပိုမိုသေးငယ်သောပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
သူက ဗလာနယ်ထဲတွင် လူးလှမ့်နေပြီး သူ၏ ဦးချိုတစ်ချောင်းမှာလည်း ကျိုးသွားခဲ့ပြီ ဖြစ်သည်။
မဟာအမတရူယိ ထိုနေရာတွင် ထပ်မနေရဲတော့ဘဲ အလွန်အဆင်မပြေစွာခံစားရပြီး နောက်သို့လှည့်ကာ ထွက်ပြေးသွားတော့သည်။
အခြားတစ်ဖက်တွင် မျက်လုံးတစ်ရာနတ်မိစ္ဆာမှာလည်း မခံမရပ်နိုင်တော့ဘဲ သူ၏ နံရိုးအောက်မှ ရွှေရောင်အလင်းတန်းများကို အကာအကွယ်ယူကာ ထွက်ပြေးသွားတော့သည်။
ခရမ်းရွှေရောင် သံချပ်ကာဝတ်ဆင်ထားသည့် ဧရာမပုံရိပ်ကြီးက ခေါင်းတစ်ချက်မော့လိုက်ပြီး တာအိုစကြာဝဠာအတွင်းမှ တုန်ခါမှုတစ်ခုကို အာရုံခံလိုက်သည်။ ထိုတုန်ခါမှုက ချက်ချင်းပင် ပြန်လည်ငြိမ်သက်သွားခဲ့သည်။
အခြေအနေက အနည်းငယ် ပုံမှန်မဟုတ်သည့်ပမာပင်။
***
လက်ရှိတွင် သူက အဂ္ဂိရတ်ခန်းမနှင့် တစ်သားတည်းပေါင်းစည်းပြီး အဂ္ဂိရတ်ခန်းမ၏ စောင့်ရှောက်သူနတ်ဘုရားအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားက ထိပ်တန်းအဆင့်’ထျန်းကျွင်းနယ်ပယ်’ ကျင့်ကြံသူနှင့်ပင် ကောင်းစွာ ယှဉ်ပြိုင်နိုင်သည်။
သူ၏ အာရုံခံနိုင်စွမ်းကလည်း ယခင်က မရှိခဲ့ဖူးသောအဆင့်သို့ ရောက်ရှိနေသည်။
ထို့ကြောင့် သူ့စိတ်ထဲ မသက်မသာခံစားရသည့်အခါ ချက်ချင်းသိရှိလိုက်ပြီး ထိုအရာက ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်ပေ။
ထိုအချိန်တွင် နတ်မိစ္ဆာမျိုးနွယ်၏ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များဖြစ်သော ‘နွားရိုင်းမိစ္ဆာဘုရင်’ နှင့် ‘ခေါင်းကိုးလုံးသူတော်စင်’ တို့က တာအိုဝါဒမှ ကောင်းကင်ဘုံအရှင်များနှင့် ဗုဒ္ဓဘာသာဘက်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ ရောက်ရှိလာနိုင်သည့်အတွက် ခံစစ်အနေအထား အသင့်ပြင်ထားကြသည်။
ထိုသူများ ဤနေရာကို အာရုံစိုက်လာပါက ယနေ့ အခြေအနေက ပို၍ပင် ရှုပ်ထွေးလာနိုင်သည်။
မည်သို့ပင်ဖြစ်စေ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာသို့ ဝင်ရောက်သွားပြီဖြစ်လေရာ ရန်ကျောက်ကဲ၏ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်၏။
ကြီးမားသော ခရမ်းရွှေရောင်ဧရာမပုံရိပ်ကြီး ပြိုကွဲသွားသည်။
ကောင်းချင်းရွှမ် ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများက ထွက်ပြေးသွားကြသော နတ်မိစ္ဆာများကို လိုက်လံဖမ်းဆီးခြင်း မပြုကြတော့ပေ။
“ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” က အဂ္ဂိရတ်ခန်းမကို ကာကွယ်ပေးသူဖြစ်ပြီး သူ၏လှုပ်ရှားမှုများက အဂ္ဂိရတ်ခန်းမ အနီးတစ်ဝိုက်တွင်သာ သက်ရောက်မှုရှိသည်။
ယခု “ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ပြိုကွဲသွားပြီဖြစ်ရာ ထွက်ပြေးသွားသော နတ်မိစ္ဆာများကို လိုက်လံဖမ်းဆီးခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမှ ရရှိမည် မဟုတ်ပေ။
လိုက်လံဖမ်းဆီးမည်ဆိုလျှင် ကံဆိုးပါက နွားရိုင်းမိစ္ဆာဘုရင်ကဲ့သို့သောသူများ၏ ဟန့်တားခြင်းကို ခံရနိုင်သည်။
လုန်ရှင်းချွမ် ၊ ယွဲ့ကျန့်ပေနှင့် အခြားသူများ စုစည်းလိုက်ကြပြီး လူတိုင်း အဂ္ဂိရတ်ခန်းမသို့ ပြန်လာကြသည်။
အဂ္ဂိရတ်ခန်းမက ၎င်း၏တောက်ပသော ရွှေရောင်အသွင် ပြန်လည်ရရှိလာပြီး ပတ်ဝန်းကျင်တွင် ခရမ်းရောင်တိမ်တိုက်မြူခိုးများ ပိုမိုထူထပ်လာသည်။
ခရမ်းရောင်တိမ်တိုက်များက အဂ္ဂိရတ်ခန်းမကို ဆောင်ယူသွားပြီး တာအိုစကြာဝဠာအား ဖြတ်သန်းသွားပြီး နယ်နိမိတ်ကိုဖြတ်ကျော်ကာ ပြင်ပဗလာနယ် အစွန်အဖျားသို့ ပြန်လည်ထွက်ခွာသွားသည်။
ပြင်ပဗလာနယ်က ရှုပ်ထွေးလွန်းသည့်နေရာဖြစ်လေရာ ဦးတည်ရာကို သတ်မှတ်ရန် ခက်ခဲသည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်ဆိုသော အမည်နာမ ခန့်မှန်းနိုင်ခြင်းများ မရှိပေ။
တစ်ဦးနှစ်တစ်ဦး တွေ့ဆုံရန် ကြိုတင်ချိန်းဆိုထားခြင်းမရှိပါက တစ်နေရာမှထွက်လာသည့်လူတစ်ယောက်သည် နောက်တစ်နေရာမှလူတစ်ယောက်နှင့် တွေ့ဆုံနိုင်ခြင်းမရှိမည် မဟုတ်ပေ။
သို့သော် တိုက်ဆိုင်စွာ အမှတ်မထင် တွေ့ဆုံခြင်းဆိုသည်ကလည်း ရှိလာနိုင်သည်။
ကံကောင်းသည်မှာ ရန်ကျောက်ကဲတို့အုပ်စုကတော့ တာအိုစကြာဝဠာမှ ထွက်ခွာလာသည်နှင့် ဖုလော်ကျီအပါအဝင် အခြားမည်သူနှင့်မှမတွေ့ဘဲ ပြင်ပဗလာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
အခြားတစ်ဖက်မှာတော့ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် ၊ မဟာအမတရူယိ ၊ ကျောက်စိမ်းယုန်နတ်မိစ္ဆာ ၊ နဂါးဘုရင်’ဟွမ်ချန်’ နှင့် အခြားသူများမှာ ခက်ခက်ခဲခဲကြိုးစားပြီးမှ ဖုလော်ကျီတို့နှင့် ပြန်လည်ဆုံဆည်းခဲ့ကြသည်။
သူတို့အုပ်စု ပြန်လည်စုစည်းပြီးနောက် အနောက်ဒေသ သူတော်စင်ယုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများအား တားဆီးနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး ၊ မဟာနတ်မိစ္ဆာကြီးများ တာအိုစကြာဝဠာသို့ ချက်ချင်းပင် ပြန်လာခဲ့ကြသည်။
ဖုလော်ကျီ၏ ဟန့်တားမှု မရှိတော့သည့်အခါ ဗုဒ္ဓဘာသာကျင့်ကြံသူများသည်လည်း ချက်ချင်းစုဝေးပြီး တာအိုစကြာဝဠာသို့ ဆင်းသက်လာကြသည်။
သို့သော် ထိုနေရာတွင် မည်သူမှ မရှိတော့ပေ။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ၎င်း၏အောက်ဘုံကမ္ဘာများအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လက်ရှိ တာအိုစကြာဝဠာတွင် အထက်ဘုံကမ္ဘာနှင့် ၎င်း၏အောက်ဘုံကမ္ဘာ အနည်းငယ်သာ ကျန်ရှိတော့သည်။
သူတို့ဘက်မှ အသေအပျောက်များခဲ့သော နတ်မိစ္ဆာများမှာ ရှူးရှူးရှဲရှဲ ဒေါသထွက်သွားကြပြီး သူတို့၏မျက်လုံးများကလည်း သွေးနီရောင်သမ်းနေကြသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်နှင့် ကျောက်စိမ်းယုန်နတ်မိစ္ဆာက အခြေအနေကောင်းသေးသော်လည်း မဟာအမတရူယိနှင့် နဂါးဘုရင်ဟွမ်ချန်တို့က ဒဏ်ရာပြင်းထန်စွာရထားပြီး အခြားသူများကို တိုက်ခိုက်ရန် စွမ်းအားမရှိတော့ပေ။
ထိုသို့ဖြစ်နေခြင်းက သူတို့ကို ပို၍ပင် ဒေါသထွက်စေပြီး သတ်ဖြတ်လိုစိတ်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိဖြစ်နေရသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်သည်လည်း မျက်နှာပျက်နေပြီး အတော်လေး မကျေမနပ် ဖြစ်နေသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ဒေါသတကြီးဖြင့် အံကြိတ်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။
“တောက်... နတ်ဆေးလုံး ပါးစပ်ထဲရောက်ပြီးမှ ပြန်ထွက်သွားရတယ်”
ဖုလော်ကျီ၏မျက်နှာအမူအရာကတော့ တည်ကြည်လေးနက်နေသည်။
သူက သက်ပြင်းချရင်း...
“ငါတို့တွေ ရန်သူကို လျှော့တွက်ခဲ့မိတယ် ၊ ဒါကြောင့် လုံလောက်တဲ့ပြင်ဆင်မှုတွေ မလုပ်ခဲ့မိဘူး”
မဟာနတ်မိစ္ဆာကြီးများမှာ စိတ်ထဲတွင် မကျေနပ်မှုများကို နက်နက်ရှိုင်းရှိုင်း ခံစားနေရပြီး တာအိုစကြာဝဠာကို အငြိုးတကြီးမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ကြသည်။
သူတို့အားလုံး၏ မျက်ဝန်းများက အထက်ဘုံကမ္ဘာဆီတွင် ရပ်တန့်သွားသည်။
“အဓိပ္ပါယ်မရှိပါဘူး ၊ ဒီလိုလုပ်လိုက်ရင် ပိုတောင် ပြဿနာရှိသွားနိုင်တယ် ၊ ငါတို့ဒေါသပုံချချင်ရုံနဲ့တော့ ဒီလိုလုပ်မယ်ဆိုရင် မတန်ပါဘူး”
ဖုလော်ကျီကပြောရင်း လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး အခြားသူများကို အဝေးသို့ ဆွဲခေါ်သွားသည်။
“အခု အနောက်ဒေသ သုဘုံနဲ့ နောက်ထပ်စစ်ပွဲတစ်ပွဲ ကြေညာဖို့ သင်တော်တဲ့အချိန် မဟုတ်ဘူး ၊ ပြီးတော့ မင်းတို့အားလုံး ဒဏ်ရာရထားကြတယ် ၊ ရန်သူတွေက ဒီအခြေအနေကို အခွင့်ကောင်းမယူဘူးလို့ မပြောနိုင်ဘူး ၊ ဒီတော့ ငါတို့တွေ အခုထွက်သွားသင့်တယ်”
ထိုစကားများကိုကြားတော့ နတ်မိစ္ဆာအုပ်စု တိတ်ဆိတ်သွားပြီး တဖြည်းဖြည်း စိတ်တည်ငြိမ်လာကြသည်။ ထို့နောက် စိတ်မပါလက်မပါဖြင့် တာအိုစကြာဝဠာအတွင်းမှ ထွက်ခွာသွားကြတော့သည်။
အနောက်ဘက် သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများကလည်း နတ်မိစ္ဆာအုပ်စုကို စူးစိုက်ကြည့်နေခဲ့သည်။
သို့သော် နောက်ဆုံးမှာတော့ မည်သည့်တိုက်ပွဲမှ မဖြစ်ပွားခဲ့ပေ။
ထိုအချိန်...
အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် တောင်ပိုင်း ၊ ချီလင်ကမ်းပါးတွင် အဘိုးအိုတစ်ယောက် မတ်တတ်ရပ်လျှက် ရှိသည်။
သူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ကျယ်ပြောသည့်ကောင်းကင်ပြင်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏အကြည့်များက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ နယ်နိမိတ်ကိုဖြတ်ကျော်ပြီး အဝေးတစ်နေရာသို့ ရောက်ရှိသွားသည့်ပမာ ဖြစ်သည်။
ထိုအဘိုးအို၏နောက်တွင် လူပေါင်းများစွာ အုပ်စုလိုက် မတ်တတ်ရပ်နေကြပြီး အလားတူပင် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်နေကြသည်။
ထိုအဘိုးအို၏ အနောက်ဘက်တွင်ရှိသော အနက်ရောင်ဝတ်ထားသည့် အဘိုးအိုတစ်ယောက်က တိုးလျသည့်လေသံဖြင့်...
“တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ကြည့်ရတာ ဒီကပ်ဘေးက အဆုံးသတ်သွားပြီထင်တယ်”
ထိုသူသက အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်ပင် ဖြစ်သည်။
အရှေ့တွင် ဦးဆောင်နေသော အဘိုးအိုက တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ ပင် ဖြစ်၏။
သူက ခေါင်းလှည့်မကြည့်ဘဲ အဝေးတစ်နေရာ ဗလာနယ်ထဲသို့ စူးစိုက်ကြည့်ရင်း...
“ဟုတ်တယ် ၊ အဆုံးသတ်သွားပြီ...”
ယခင်အချိန်က ရန်ကျောက်ကဲက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ နယ်မြေများစွာကို ထုတ်ယူသွားခဲ့သဖြင့် ကျန်းရှန်မှာ အထက်ဘုံကမ္ဘာကို ပြန်လည်ထိန်းညှိရန်နှင့် ဝိညာဉ်စွမ်းအားစီးဆင်းမှု တည်ငြိမ်စေရန်အတွက် အချိန်များစွာ အသုံးပြုခဲ့ရသည်။
အမတခုံရုံ ၊ အဖြူရောင်ကြာပန်း သုခဘုံ ၊ အနောက်ဒေသ သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များက အချင်းချင်း ပြင်းထန်သော တိုက်ပွဲတွင် ပါတင်နေကြသော်လည်း တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် အခြားသူများက အထက်ဘုံကမ္ဘာတွင်သာ နေထိုင်ခဲ့ကြပြီး အပြင်သို့ မထွက်ခဲ့ကြပေ။
လက်ရှိတွင် သူတို့၏ အဓိကဦးစားပေးမှာ ရန်ကျောက်ကဲတို့အုပ်စုကြောင့် ဖြစ်ပေါ်ခဲ့သော ယခင်သက်ရောက်မှုများကို ဖယ်ရှားရန်နှင့် အခြေအနေကို အကောင်းဆုံး တည်ငြိမ်အောင်ကြိုးစားရန် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် သူတို့အားလုံး ဤနေရာတွင် စုဝေးပြီး တာအိုစကြာဝဠာထဲတွင် ဖြစ်ပွားခဲ့သော တိုတောင်းပြင်းထန်သည့်တိုက်ပွဲကို မျက်မြင်လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။
စောမင်ကျန့်က ကျန်းရှန်၏ ကျင့်ကြံခြင်းကို လျှော့ချခဲ့သော်လည်း သူ၏ အမြင်အာရုံနှင့် အခြားသောစွမ်းရည်များက ပျက်ဆီးသွားခြင်း မရှိခဲ့ပေ။
ပြီးတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ဤသို့ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည့်အခါ တာအိုစကြာဝဠာတွင်ရှီနေသော ကျန်းရှန်အနေဖြင့် ချက်ချင်းသတိပြုမိသည်မှာ သဘာဝပင် ဖြစ်သည်။
အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များသည်လည်း ထိုသတင်းကိုကြားသိသည်နှင့် ချက်ချင်းပင် ချီလင်ကမ်းပါးတွင် စုဝေးခဲ့ကြသည်။
ရန်ကျောက်ကဲတို့အုပ်စုအား နတ်မိစ္ဆာများ ဝိုင်းဝန်းတိုက်ခိုက်သည့်အခါ ရန်ကျောက်ကဲတို့အုပ်စု အဆုံးသတ်ဖြင့်ရင်ဆိုင်ရတော့မည်ဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြသည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း(၂၀) က ကဲ့သို့ပင် မျှော်လင့်မထားသည့် အပြောင်းအလဲများက သူတို့ကို ထပ်မံ အံ့အားသင့်သွားစေခဲ့သည်။
ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာတစ်ဝက်ကို ထုတ်ယူရန် အသုံးပြုခဲ့သော နည်းလမ်းအတိုင်းပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလည်း ထုတ်ဘူသွားခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ သူက အပြာရောင်ခရီးရှည်ကောင်ကင်ဘုံ၏ အစိတ်အပိုင်းတစ်ခုကို ယူဆောင်သွားခြင်းမဟုတ်ဘဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးကို ယူဆောင်သွားခြင်း ဖြစ်၏။
အနောက်ပိုင်းထိပ်တန်းအရှင်သခင်’လန်ချင်း’ က တိုးတိတ်သည့်လေသံဖြင့်...
“သူတို့က အပြာရောင်ခရီးရှည်တစ်ခုလုံးတင်မဟုတ်ဘူး အောက်ဘုံကမ္ဘာတွေကိုပါ ယူဆောင်သွားခဲ့တာလား”
ကျန်းရှန်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ တွန့်ခေါက်နေတဲ့ ဗလာနယ်အနည်းငယ်နဲ့ ၊ အေးစိမ့်စမ်းချောင်းနဲ့ဆက်စပ်နေတဲ့ အောက်ဘုံကမ္ဘာတွေကလွဲရင် ကျန်တာအားလုံးကို ယူသွားတာပဲ”
အားလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိကြသည်။
ကျန်းရှန်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်။
သူတို့ ခေတ်တစ်ခေတ်၏အဆုံးသတ်ကို မျက်မြင်ကြုံတွေ့ရသည့်ပမာ ခံစားနေကြရသည်။
ယခင်က ခွန်လွန်အထင်ကရ(၉)ပါးက အထက်ဘုံကမ္ဘာကိုတည်ထောင်ခဲ့ပြီး အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တည်ထောင်ခဲ့ကြသည်။
ထို့နောက် ထိုကမ္ဘာနှစ်ခုပေါင်းစည်းပြီး တာအိုစကြာဝဠာအဖြစ် ဖွဲ့စည်းကာ စကြာဝဠာနယ်နိမိတ်များ တည်ငြိမ်သွားပြီး စကြာဝဠာတံတိုင်းတစ်ခု ဖြစ်တည်လာခဲ့သည်။
ယခု ထို “တံတိုင်း” မရှိတော့ပေ။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး အထက်ဘုံကမ္ဘာ၏ နယ်မြေ ထက်ဝက်ကျော်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် နှစ်ပေါင်းထောင်ချီ အချိန်ကြာမြင့်ပြီးမှ တာအိုစကြာဝဠာက တည်ငြိမ်လာခဲ့ပြီး တာအိုဝါဒသည်လည်း အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယခုတော့ တာအိုစကြာဝဠာတစ်ခုလုံး အတော်လေး ဗလာကျင်းသွားသည်ဟု ထင်မှတ်ရသည်။
အရာရာတိုင်း ပြိုကွဲကျနေသကဲ့သို့ ထင်မှတ်ရသည်။
ခေတ်ဟောင်းတစ်ခု ကုန်ဆုံးပြီး ခေတ်သစ်တစ်ခု ထွက်ပေါ်လာမည့် နိမိတ်လက္ခဏာများ ထွက်ပေါ်လာသည်ဟု ခံစားရပေသည်။