ကမ္ဘာအသစ်ဖန်ဆင်းခြင်း
Vol. 97 Ch. 1353
အခန်း (၁၃၅၃) ကမ္ဘာအသစ်ဖန်ဆင်းခြင်း
ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ပြီး တာအိုစကြာဝဠာမှ ထွက်ခွာသွားကာ အဆုံးမရှိ ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။
အရာအားလုံးတည်ငြိမ်သွားပြီးနောက် ဖန်းယွင်ရှန်း ၊ ယွဲ့ကျန့်ပေနှင့် အခြားသူများသည်လည်း ခရမ်းရောင်ဝိညာဉ်ခန်းမသို့ ပြန်လည်ရောက်ရှိလာကြသည်။
ခန်းမအတွင်း လေထုထဲတွင် လွင့်မျောနေသည့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကြီးက ကြမ်းပြင်ထက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
ရန်တိတို့အုပ်စုက တည်ကြည်လေးနက်သောမျက်နှာများဖြင့် ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုကို ကြည့်ရှုနေကြပြီး မျက်လုံးများဖွင့်မလာသေးဘဲ သတိပြန်လည်လာခြင်းမရှိသေးသည့် ရန်ကျောက်ကဲအား စူးစိုက်ကြည့်နေကြသည်။
ယခု သူတို့အနေဖြင့် တစ်ချက်ပင် အနားမယူရဲကြသေးပေ။
ရန်ကျောက်ကဲက သူ၏ဝိညာဉ်ကို အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်အဖြစ် ပြောင်းလဲလိုက်ပြီး “ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ထွက်ပေါ်လာကာ ရန်သူများကို တိုက်ခိုက်ခြင်းက နတ်မိစ္ဆာများကို အလွန်ပင် အံ့အားသင့်စေခဲ့သည်။
ဤသို့ ရုတ်တရက်လှုပ်ရှားလိုက်ခြင်းက နတ်မိစ္ဆာအုပ်စုကြီး ဆုတ်ခွာသွားစေရန် အောင်မြင်စွာ တွန်းအားပေးနိုင်ခဲ့ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အဂ္ဂိရတ်ခန်းမထဲသို့ အန္တရယ်ကင်းစွာ ယူဆောင်နိုင်ခဲ့သည်။
ထို့နောက် ရန်သူများ ထပ်မံရောက်ရှိမလာခင် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။
***
သို့ပေသိ အခြားသူများအတွက် အန္တရယ်ကင်းပြီဟု ယူဆနိုင်သည့်တိုင် ရန်တိတို့အုပ်စုကတော့ စိတ်သက်သာရာ မရနိုင်သေးပေ။
ရန်ကျောက်ကဲက သူ့ကိုယ်သူ အဂ္ဂိရတ်ခန်းမ၏ခန်းမဝိညာဉ်အဖြစ် ပြောင်းလဲခြင်းက ယာယီအစီအမံတစ်ခုသာ ဖြစ်သည်။
မူလပုံစံသို့ ပြန်လည်ပြောင်းလဲနိုင်မှသာ အရာအားလုံး အောင်မြင်သည်ဟု ယူဆနိုင်သည်။ မဟုတ်ပါက မဟာကပ်ဘေးကြီးမတိုင်ခင်က သူ ကြုံတွေ့ရသည့် ကြမ္မာဆိုးမျိုးဖြင့် ထပ်မံကြုံတွေ့ရမည်ပင်။
ထိုအချိန်...
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းမှ ရွှေရောင်အလင်းတန်းများနှင့် ခရမ်းရောင်အခိုးအငွေ့များ ဆက်တိုက်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားသည်။
ထို့နောက် မီးပြင်းဖိုအပေါ်ဘက် ဗလာနယ်ထဲတွင် အင်းသင်္ကေတများထွက်ပေါ်လာပြီး နက်နဲသော အစီအရင်တစ်ခု ဖြစ်တည်လာသည်။
ထို အင်းသင်္ကေတအစီအရင်က ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး မရေမတွက်နိုင်သော အလင်းတန်းများက ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားသည်။
ပြင်းထန်သောအလင်းတန်းများ ကျဆင်းလာသည်နှင့်အမျှ အလင်းတန်းမိုးများဖြင့် ရေချိုးခံရသည့်ပမာဖြစ်ပြီး ရန်ကျောက်ကဲမျက်ဝန်းများ တဖြည်းဖြည်း ပွင့်လာသည်။
“ဟား....”
ရန်ကျောက်ကဲ ခပ်တိုးတိုး တစ်ချက်အော်ဟစ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ချရင်း ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းမှ ခုန်ထွက်လာကာ သူ့ကိုစောင့်ကြည့်နေသည့် လူစုဘက်သို့လှည့်ကြည့်လျှက် ပြုံးပြလိုက်သည်။
ရန်ကျောက်ကဲက...
“ကျွန်တော်တို့ ဘာမှ အမှားအယွင်းမဖြစ်လို့ တော်သေးတာပေါ့”
ထိုစကားကြားမှ ရန်တိတို့အုပ်စု စိတ်သက်သာရာရသွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးရယ်နိုင်သွားကြသည်။
ရန်ကျောက်ကဲက...
“ဒါဖြင့် နောက်တစ်ဆင့် ဆက်လုပ်တာပေါ့”
ပြောပြီးသည်နှင့် သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်တစ်ဖက်ကိုဆန့်ထုတ်ကာ မီးဖိုထက်သို့ ဖိနှိပ်လိုက်သည်။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို တစ်ချက်တုန်ခါသွားပြီး ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် မှိန်ဖျော့ဖျော့အလင်းမှုံများ ထွက်ပေါ်လာသည်။
ထိုအလင်းမှုံများက ပိုးစုန်းကြူးများပမာ နေရာအနှံ့သို့ပျံ့ကျဲသွားပြီး ၊ နောက်ဆုံး ခရမ်းရောင်ဝိညာဉ်ခန်းမတစ်ခုလုံးသို့ ပြည့်နက်သွားသည်။
“ရွှီး....”
ရန်ကျောက်ကဲ လေချွန်သံတစ်ချက် ပြုလုပ်လိုက်သည်။
ထိုအသံက ခရမ်းရောင်ဝိညာဉ်ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားရုံသာမက အဂ္ဂိရတ်ခန်းမအတွင်းပိုင်း စကြာဝဠာတစ်ခုလုံးသို့ပါ ရောက်ရှိသွားကာ နေရာတိုင်းသို့ ပဲ့တင်ထပ်သွားသည်။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ကျောက်ဖြူနန်းတော်ကြီးက ပုံရိပ်ယောင်တစ်ခုပမာ ဝေဝါးသွားပြီး အဆက်မပြတ် ချဲ့ထွင်ကျယ်ပြန့်လျှက်ရှိကြောင်း တွေ့ရပေမည်။
အဂ္ဂိရတ်ခန်းမ၏ နယ်နိမိတ်က အပြင်ဘက်သို့ ဆက်လက်ကျယ်ပြန့်လာနေပြီး ပုံရိပ်ယောင်ပမာ တဖြည်းဖြည်း မှုံဝါးသွားသည်။
တစ်ဆက်တည်းပင် အဂ္ဂိရတ်ခန်းမ အတွင်းပိုင်းစကြာဝဠာသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာလေသည်။
ထိုသို့ ကျယ်ပြန့်လာသည်နှင့်အမျှ ယခင်အဂ္ဂိရတ်ခန်းမ စကြာဝဠာကဲ့သို့ သေးကျုံ့နေခြင်းမရှိတော့ဘဲ မှောင်မိုက်သည့် စကြာဝဠာဗလာနယ်များစွာ ထွက်ပေါ်လာသည်။
ဤသို့ သက်ရောက်မှုရှိလာသည်နှင့် မူလကတည်ငြိမ်နေသော အတွင်းပိုင်းစကြာဝဠာက စတင်ရွေ့လျားလာသည်။ အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသောကမ္ဘာများမှာ ခရမ်းရောင်ဝိညာဉ်ခန်းမ၏လမ်းကြောင်းမှ ဝေးရာသို့ ရွေ့လျားသွားကြသည်။
ခရမ်းရောင်ဝိညာဉ်ခန်းမထဲမှာတော့ ရန်ကျောက်ကဲ၏လက်တစ်ဖက်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ဖိနှိပ်ထားပြီး ကျန်လက်တစ်ဖက်က လက်သီးတင်းတင်းဆုပ်ထားသည်။
ထို့နောက် သူက လက်သီးကို ဓားတစ်လက်ပမာအသုံးပြုပြီး သူ့အရှေ့မှလေထုအား ခုတ်ပိုင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် အဂ္ဂိရတ်ခန်းမ စကြာဝဠာအတွင်း၌ သဏ္ဌန်မဲ့ဓားတစ်လက် ထွက်ပေါ်လာသည်။
အနန္တတန်ခိုးရှိသော ဓားတစ်လက်။
အဂ္ဂိရတ်ခန်းမ စကြာဝဠာထဲတွင်ရှိနေသော ကမ္ဘာတိုင်းက ခရမ်းရောင်ဝိညာဉ်ခန်းမနှင့် ပိုမိုဝေးကွာသောနေရာသို့ ရွေ့လျားနေကြသည်။
ထိုအချိန် သဏ္ဌန်မဲ့ဓးချက်က ထိုကမ္ဘာများအားလုံးဆီသို့ တပြိုင်တည်း ဖြတ်သန်းသွားသည်။
ထိုဓားဖြတ်သန်းသွားသောနေရာတိုင်းတွင် အဆုံးမရှိသောအမှောင်ထု အက်ကွဲသွားပြီး အတွင်းမှ အလွန်တောက်ပသော အလင်းရောင်များ မွေးဖွားလာကာ မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်(၄)ပါး အဆက်မပြတ် ထွက်ပေါ်လာသည်။
အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာ ထက်ဝက်ကျော်မှာ ရေနွေးများ ပွက်ပွက်ဆူသည့်ပမာ လှုပ်ရှားလာပြီး မတည်မငြိမ်ဖြစ်လာကာ များပြားလှစွာသော ပူစီဖောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုပူစီဖောင်းများက များပြားသည်ထက် များပြားလာသည်။
တစ်ချိန်တည်းမှာပင် အဂ္ဂိရတ်ခန်းထဲတွင်ရှိနေသည့် ဗလာနယ်တစ်ခုလုံးက အလင်းမှုံများ၏လမ်းပြမှုဖြင့် ခရမ်းရောင်ဝိညာဉ်ခန်းမဘက်သို့ နီးကပ်လာသည်။
ဆေးသိုလှောင်ရုံ ၊ ဆေးပစ္စည်းများသိုလှောင်ရုံ ၊ များပြားလှစွာသော ဆေးလုံးသန့်စင်အခန်းများ.... စသည်တို့ ဖြစ်သည်။
ထို့အတူ အထက်ဘုံကမ္ဘာမှခွဲထွက်လာသော အရှေ့ပိုင်းနယ်မြေနှင့် အရှေ့တောင်နယ်မြေများကဲ့သို့ နယ်မြေအားလုံးသည်လည်း ခရမ်းရောင်ဝိညာဉ်ခန်းမဘက်သို့ ပိတ်မိလာသည်။
ထိုနယ်မြေများက ခရမ်းရောင်ဝိညာဉ်ခန်းမမှ ဖွဲ့စည်းထားသော နဂါးငွေ့တန်းနှင့် ပေါင်းစပ်သွားသည်။
“ဖွင့်...”
ရန်ကျောက်ကဲက ကောင်းကင်ဖွင့်ကျမ်းစာ တန်ခိုးစွမ်းအားကို အပြည့်အဝထုတ်ဖော်လိုက်ပြီး အဂ္ဂိရတ်ခန်းမ၏အတွင်းပိုင်းပြောင်းလဲမှုဖြင့် ပေါင်းစပ်လိုက်သည်။
ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် ဖွဲ့စည်းထားသော နဂါးငွေ့တန်းက အခြားသောနယ်မြေများနှင့်ပေါင်းစပ်သွားပြီး အပြင်ဘက်သို့ ကျယ်ပြန့်လာသည်။
အလင်းတန်းများက ဒီရေလှိုင်းများပမာ ဖြစ်နေပြီး အဂ္ဂိရတ်ခန်းမတစ်ခုလုံးသို့ လျှင်မြန်စွာ ဖြတ်သန်းသွားသည်။
ကစဉ့်ကလျားဖြစ်နေသော မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ် (၄)ပါး ငြိမ်သက်သွားပြီး အခြေအနေက ပြန်လည်တည်ငြိမ်လာသည်။
စကြာဝဠာထဲတွင် ဓာတ်(၄)ပါးဖြင့် ဖွဲ့စည်းထားသော ကြယ်စင်များက အလင်းမှုံများပမာ တောက်ပလျှက် ရှိသည်။
ခရမ်းရောင်ဝိညာဉ်ခန်းမ မူလတည်ရှိရာနေရာတွင် ဗလာနယ်အရံအတားတစ်ခု ဖြစ်တည်လာပြီး လွတ်လပ်သော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဖြစ်တည်လာသည့်ကမ္ဘာအတွင်းမှ နက်ရှိုင်းချီစွမ်းအားက ထိုးထွက်လာပြီး မှောင်မိုက်ချီစွမ်းအားက အောက်သို့နိမ့်ဆင်းသွားသည်။
ယင်နှင့်ယန် တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားပြီး ပြန်လည်ခွဲထွက်သွားကာ ကမ္ဘာဦးကာလ အသွင်ပြေင်းခြင်းပမာ ပြောင်းလဲသွားသည်။
အသစ်ဖြစ်တည်လာသောကမ္ဘာတွင် အထက်ဘုံကမ္ဘာမှခွဲထက်လာသည့် နယ်မြေ(၅)ခုက မတူညီသော နယ်မြေ(၅)ခုပမာ ခွဲထွက်သွားပြီး တစ်ခုက အလယ်ဗဟိုတွင်တည်ရှိကာ ကျန် (၄)ခုက ပတ်ပတ်လည်တွင် ဝန်းရံထားသည်။
ထို့နောက် ထိုကမ္ဘာ၏အလယ်ဗဟိုတွင် တောင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
အဝေးမှကြည့်မည်ဆိုလျှင် ထိုတောင်တန်းကြီး၏ပုံစံက အတိတ်တစ်ချိန်က ဝါဒတောင်နှင့် အလွန်ပင် ဆင်တူသည်။
သို့ပေသည့် ဤတောင်တန်းကြီးက အတိတ်တစ်ချိန်က ဝါဒတောင်ထက် များစွာပိုမိုကြီးမားသည်။ ၎င်း၏အရွယ်အစားက အထက်ဘုံကမ္ဘာမှ ခွန်လွန်တောင်နှင့်ယှဉ်လျှင် နိမ့်ကျခြင်း မရှိပေ။
ယခု ပြီးပြည့်စုံခြင်းမရှိတော့သော ခွန်လွန်တောင်နှင့်နှိုင်းယှဉ်လျှင် လက်ရှိဝါဒတောင်က များစွာတင့်တယ်ပြီး ကျယ်ပြန့်သည်ဟု ဆိုနိုင်သည်။
တာအိုဝါဒ၏ မရှိမဖြစ်တောင်ထွတ် “ဝါဒတောင်”။
ယခု ဝါဒတောင်ထက်တွင် အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင်မှ ကျောက်စိမ်းကျောက်ဆောင် ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ် ၊ မြောက်ဖေးတောင်ထွတ်မှကြာပန်းနီကမ်းပါးနှင့် အခြားသော နေရာများစွာ တည်ရှိနေသည်။
ဤတောင်တန်းတွင်တည်ရှိသော အဓိကတောင်ထွတ်ကတော့ အသစ်စက်စက် တည်ဆောက်ထားသည့် “ဝါဒတောင်” ပင် ဖြစ်သည်။
ဝါဒတောင်၏ အဓိကတောင်ထွတ်ထက်တွင် ကျောက်စိမ်းဖြူနန်းတော်တစ်ခု တည်ရှိနေသည်။
ထိုကျောက်ဖြူနန်းတော်မှ ရွှေရောင်အလင်းတန်းများဖြာထွက်နေပြီး ခရမ်းရောင်မြူခိုးအလွှာတစ်လွှာက နန်းတော်ကို လွှမ်းခြုံထားသည်။
ထို ကျောက်ဖြူနန်းတော်မှာ ကျုံ့ဝင်အောင်လုပ်ထားသည့် အဂ္ဂိရတ်ခန်းမပင် ဖြစ်၏။
ဟုတ်ပေသည်။
ယခု အဂ္ဂိရတ်ခန်းမထဲတွင် အတွင်းပိုင်းစကြာဝဠာမရှိတော့ဘဲ ပုံမှန် အဆောက်အဦအဖြစ်သာ ကျန်ရှိတော့သည်။
ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို လက်တစ်ဖက်ဖြင့်ဖိထားပြီး ကျန်လက်တစ်ဖက်က လေထဲသို့ ခုတ်ပိုင်းချလိုက်ပြီး...
“ဖွင့်...”
ဟု အော်ဟစ်လိုက်သည်။
သူ၏အော်သံအဆုံးသတ်သွားသည်နှင့် ဝါဒတောင်အသစ်တည်ရှိရာကမ္ဘာက တဖြည်းဖြည်း တည်ငြိမ်လာသည်။
ယခင်က အထက်ဘုံကမ္ဘာနှင့်ဆက်သွယ်ထားသည့် အောက်ဘုံကမ္ဘာများစွာသည် ဤကမ္ဘာအသစ်နှင့် ဆက်နွယ်သွားပြီး ကောင်ကင်အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာသည်။
အဂ္ဂိရတ်ခန်းမ၏အတွင်းပိုင်းစကြာဝဠာက တဖြည်းဖြည်း တည်ငြိမ်စပြုလာသည်။
အဆုံးမရှိသော နယ်နိမိတ်အရံအတားများဖြစ်ပေါ်လာပြီး ဤစကြာဝဠာကို အဆုံးမရှိသော ပြင်ပဗလာနယ်ဖြင့် ပိုင်းခြားလိုက်သည်။
ဤ အသစ်စက်စက် ဖန်ဆင်းထားသော ကမ္ဘာနှင့် မျက်နှာချင်းဆိုင်တွင် ဤစကြာဝဠာအတွင်းသို့ ယခုပင်ဝင်ရောက်လာသော ‘အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ’ ရှိနေသည်။
ယခု ပြင်ပစကြာဝဠာ၏ပတ်ဝန်းကျင် တည်ငြိမ်လာသည်နှင့်အမျှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ လုပ်ဆောင်မှုများသည်လည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။ ၎င်း၏ထိန်းချုပ်မှုအောက်တွင်ရှိသော အောက်ဘုံကမ္ဘာများသည်လည်း အလားတူပင် ဖြစ်သည်။
ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင်တော့ ရန်ကျောက်ကဲက အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြုံးပြလိကု်သည်။
“ဒီစကြာဝဠာက ကောင်းကင်ဘုံနန်းတော်ရဲ့ ထျန်းစူးခန်းမကိုအခြေခံပြီး ဖြစ်တည်လာတဲ့ စကြာဝဠာဖြစ်တယ် ၊ ဒီတော့ ဒီစကြာဝဠာကို ထျန်းစူးစကြာဝဠာလို့ အမည်ပေးလိုက်မယ်”
“အရင်တုန်းက ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ၊ အခုတော့ “ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ” ... ၊ ကျွန်တော်တို့ စန်းချင်း(၃)ပါးအဆက်အနွယ်တွေ ရှင်သန်ထွန်းကားပြီး သာယာဝပြောပါစေလို့ ဆုတောင်းပါတယ်”
ထို့နောက် ရန်ကျောက်ကဲက ကြမ်းပြင်ထက်မှထလိုက်ပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းသို့ ထပ်မံဝင်ရောက်လိုက်သည်။
မီးပြင်းဖိုအဖုံးပိတ်သွားပြီးနောက် မီးပြင်းဖိုထဲတွင် မီးလျှံများစတင်လောင်ကျွမ်းလာပြီး ရန်ကျောက်ကဲ၏ရုပ်ခန္ဓာအား အားဖြည့်ပေးလိုက်သည်။
ရန်ကျောက်ကဲက တည်ငြိမ်သောမျက်နှာအမူအရာဖြင့် မီးပြင်းဖိုထဲတါင် ထိုင်နေသည်။
သူက အဂ္ဂိရတ်ခန်းမ၏အဆင်သင့်မှုကိုချေးငှားခဲ့သော်လည်း ကမ္ဘာတစ်ခုနှင့် စကြာဝဠာတစ်ခုကိုတော့ ကိုယ်တိုင်ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။
ဤသည်က ရန်ကျောက်ကဲအတွက် ယခင်က နားမလည်ခဲ့သေသာ လောကဥပဒေသများကို နားလည်သွားစေသည်။
ယနေ့...
လူသားဖြစ်စေ ၊ လောကတစ်ခုလုံးဖြစ်စေ ကောင်းကင်ကိုဖွင့်လှစ်၍ မြေပြင်ကိုထိုးခွင်းကာ ကမ္ဘာအသစ်တစ်ခု ဖန်ဆင်းခြင်းအား တွေ့မြင်ကြရမည် ဖြစ်ပေသည်။