နတ်ဘုရားလူသားကပ်ဘေးကိုဖြတ်ကျော်ပြီး သေမျိုးလူသားဘဝကိုစွန့်လွှတ်ခြင်း
Vol. 97 Ch. 1354
အခန်း (၁၃၅၄) နတ်ဘုရားလူသားကပ်ဘေးကိုဖြတ်ကျော်ပြီး သေမျိုးလူသားဘဝကိုစွန့်လွှတ်ခြင်း
သာမန်လူသားများနှင့် မသေမျိုးနတ်ဘုရားများကြားကွာဟမှုက မိုးနှင့်မြေပမာ ဖြစ်သည်။
ဤကိစ္စပြီးလျှင် သူ့အနေဖြင့် နတ်ဘုရားရုပ်ခန္ဓာကို ရရှိမည်ဖြစ်လေရာ သာမန်လူသားတစ်ယောက်အဖြစ် ရှိတော့မည် မဟုတ်ပေ။
အတိတ်ကာလတွင် မရေမတွက်နိုင်သောလူသားများသည် ဤကပ်ဘေးကိုဖြတ်ကျော်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ၎င်းတို့အနက် အနည်းငယ်သာ အောင်မြင်ခဲ့ကြသည်။
သိုင်းပညာရပ်များထွန်းကားခဲ့သော မဟာကပ်ဘေးကြီးမတိုင်ခင်ကာလမှာပင် ဤအခြေအနေအတိုင်း ဖြစ်ခဲ့သည်။
သို့သော် ယနေ့မှာတော့ ရန်ကျောက်ကဲက မမြင်ရသည့်တိုင် ခမ်းနားလှသော နတ်ဘုရားတံခါးကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပြီး ၎င်းကို တွန်းဖွင့်ရန် စောင့်ဆိုင်းနေပေသည်။
ရန်ကျောက်ကဲသည် စန်းချင်း(၃)ပါးအဆက်အနွယ် သိုင်းပညာရပ်များကို တပြိုင်တည်းကျင့်ကြံပြီး သိုင်းသူတော်စင် နဝမအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။
အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်မှ သိုင်းသူတော်စင် ဒဿမအဆင့်ဖြစ်သော လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်ရန်အတွက် စန့်ချင်အဆက်အနွယ် ၊ ထိုက်ချင်အဆက်အနွယ် ၊ ယွိချင်အဆက်အနွယ်မှ ထိပ်တန်းသိုင်းပညာရပ်များ လိုအပ်ခဲ့သည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် နတ်ဘုရားတံခါးကို တွန်းဖွင့်ရန်အတွက်လည်း စန်းချင်း(၃)ပါး အဆက်အနွယ်၏ အမြင့်ဆုံးအဆင့် သိုင်းပညာရပ်များကို လိုအပ်မည်သာပင်။
***
ယခုတစ်ကြိမ်တွင် ရန်ကျောက်ကဲအတွက် ယွိချင်အဆက်အနွယ်၏ အမြင့်ဆုံးအဆင့်သိုင်းပညာမှာ ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ဖြစ်သည်။
ထိုက်ချင်အဆက်အနွယ် ထိပ်တန်းသိုင်းပညာကတော့ ‘ရှန်းထျန်းဝူထိုက်’ မှ ထိုက်ယီလက်သီးသိုင်းပြီးလျှင် ဒုတိယမြောက်ဖြစ်သော ထိုက်ချူးနတ်လက်ချောင်းသိုင်းဖြစ်သည်။ ဤသိုင်းပညာက ကနဦးကောင်းကင်၏ သာလွန်အဆင့်ကိုလိုက်နာသော ပညာရပ်တစ်ခု ဖြစ်သည်။
စန့်ချင်အဆက်အနွယ်၏ ထိပ်တန်းသိုင်းပညာရပ်ကတော့ ‘လုန်ဟန့်ကပ်ဘေးဓားသိုင်း’ သိုင်းပညာရပ်ဖြစ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးကို အဂ္ဂိရတ်ခန်းမအတွင်း ရွှေ့ပြောင်းပေးသည့်အတွက် ကောင်းချင်းရွှမ်က ရန်ကျောက်ကဲအား သင်ကြားပေးခဲ့ခြင်းပင်။
ခေတ်သစ်ကပ်ဘေး (၅)မျိုးတွင် ‘လုန်ဟန့်ကပ်ဘေးဓားသိုင်း’ က ပထမဆုံးဖြစ်သည်။ လုန်ဟန့်ကပ်ဘေးဓားသိုင်းကို လုန်ဟန့်ကပ်ဘေးဖွင့်လှစ်ခြင်းပညာရပ်ဟုလည်း ခေါ်ဆိုသည်။
ထိုသိုင်းပညာရပ်က အရာအားလုံး၏ကနဦးအစနှင့် ကောင်းကင်ကိုဖွင့်လှစ်ပြီး မြေကြီးကိုထိုးခွင့်သည့် အခိုက်အတန့်ကို ဆိုလိုသည်။
လုန်ဟန့်ကပ်ဘေးဓားသိုင်းထဲတွင် ကောင်းကင်ဖွင့်လှစ်ခြင်း ရည်ရွယ်ချက်များပါဝင်ပြီး ခေတ်သစ်ကပ်ဘေး (၅)မျိုးတွင် ပထမဆုံးကျမ်းစာဖြစ်သည်။
အဂ္ဂိရတ်ခန်းမကိုအသုံးပြုပြီး ထျန်းစူးစကြာဝဠာနှင့် ‘ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ’ ကို တည်ထောင်ခဲ့ခြင်းက ရန်ကျောက်ကဲအတွက် အသိပညာများစွာကို တိုးတက်စေခဲ့သည်။ အထူးသဖြင့် ဤ စန့်ချင်အဆက်အနွယ်ဓားသိုင်းအား ထူးကဲသောအမြန်နှုန်းဖြင့် နားလည်ခံစားရန် အထောက်အကူ ရရှိခဲ့သည်။
လက်ရှိတွင် ကောင်းကင်ဖွင့်ကျမ်းစာ ၊ ထိုက်ချူးနတ်လက်ချောင်းသိုင်းနှင့် လုန်ဟန့်ကပ်ဘေးဓားသိုင်းတို့၏အောင်မြင်မှုဖြင့် ရန်ကျောက်ကဲက နတ်ဘုရားတံခါးကို တွန်းဖွင့်ခဲ့သည်။ ထိုပညာရပ်များတွင် သူ၏ကျွမ်းကျင်မှုက အခြားသူများထက် များစွာသာလွန်သည်။
ဤသို့ကျင့်ကြံနိုင်ခြင်းက ရှားပါးအခွင့်အရေးတစ်ခုဖြစ်ပြီး သူကိုဘ်တိုင်၏ ကျင့်ကြံခြင်းစွမ်းအားကလည်း ကောင်းကင်ကိုဖွင့်လှစ်ပြီး မြေပြင်ကိုထိုးခွင်းရန် လုံလောက်နေပေပြီ။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကျင့်ကြံခြင်းစွမ်းအား မလုံလောက်ဘူးဆိုပါက အဂ္ဂိရတ်ခန်းမ၏အကူအညီကိုရယူနိုင်သည့်တိုင် မည်သူမှ လောကသစ်တစ်ခုကို ဖွင့်လှစ်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲကတော့ ဂရုတစိုက် အစီအစဉ်ပြုလုပ်ပြီး အခွင့်အရေးကိုအသုံးချကာ လောကသစ်ဖွင့်လှစ်နိုင်ခဲ့သလို မိမိုကိုယ်တိုင်အတွက်လည်း အကျိုးဖြစ်ထွန်းစေခဲ့သည်။
စန်းချင်း(၃)ပါး သိုင်းပညာရပ်များကို ကျင့်ကြံရန်မှာ အလွန်တရာ ခက်ခဲသည်ဖြစ်ရာ ဤသို့သောအခွင့်အရေးမျိုးနှင့်မတိုက်ဆိုင်ပါက ရန်ကျောက်ကဲအနေဖြင့် နှစ်ပေါင်း(၂၀)အတွင်း နတ်ဘုရားအဆင့်သို့ခြေချရန် စွမ်းအားရှိမည် မဟုတ်ပေ။
ယနေ့မှာတော့ ပြင်ဆင်မှုများအားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ယခု ရန်ကျောက်ကဲ၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ပုံရိပ်ယောင်နှင့်အစစ်အမှန် ပေါင်းစပ်သွားကာ ထိုနှစ်ခုကြား ပိုင်းခြားထားမှု မရှိတော့ပေ။
သူက ရှေ့သို့ခြေလှမ်းလိုက်သော်လည်း သူ၏ပုံရိပ်က လုံးဝ လှုပ်ရှားသွားခြင်း မရှိပေ။ သို့သော် ထိုမမြင်ရသည့် သဏ္ဌန်မဲ့ပုံရိပ်ယောင်တံခါးက သူနှင့်ပိုပြီး နီးကပ်လာသည်။
ကြီးမားသော တံခါးကြီးရှေ့သို့ရောက်သည်နှင့် ရန်ကျောက်ကဲက တစ်ချက်မတုံ့ဆိုင်းဘဲ လက်ကိုဆန့်ထုတ်ပြီး တံခါးကိုဖွင့်လှစ်လိုက်သည်။
တံခါးထဲမှ အနန္တအဆုံးမရှိသော လေမုန်တိုင်းကြီးတစ်ခု မြင့်တက်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဝါးမျိုသွားသည်။
ဤမုန်တိုင်းက သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့်အလားဖြစ်ပြီး ခန္ဓာကိုယ်အား နှစ်ပိုင်းခွဲပစ်တော့မည့်ပမာပင်။ လေမုန်တိုင်းက ရန်ကျောက်ကဲ၏ခြေဖဝါးမှ ဦးခေါင်းအထိ ထိုးခွင်းပစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြတ်သန်းသွားသည်။
နတ်ဘုရားလူသားကပ်ဘေး။
သိုင်းကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ အမတချီစွမ်းအား ဝင်ရောက်လာသည်နှင့် ရုပ်ခန္ဓာက ထိုဝိညာဉ်စွမ်းအားကို စုပ်ယူရုံသာမက ၊ ကျင့်ကြံသူတစ်ယောက်၏ ရုပ်ခန္ဓာသည်လည်း အပြည့်အဝ ပြောင်းလဲသွားနိုင်သည်။
သူသာ ဤကပ်ဘေးကိုကျော်လွှားနိုင်ပါက အသစ်သောဘဝတစ်ခုဆီသို့ အဆင့်တက်လှမ်းသွားမည်ဖြစ်သည်။ သို့သော် မကျော်လွှားနိုင်ပါက သူ လုံးဝ ပျောက်ကွယ်ပျက်သုဉ်းသွားရပေမည်။
သိုင်းဆရာသခင်တစ်ယောက် သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်သည့်အခါ ‘သေမျိုးလူသားဘဝမှထွက်ခွာပြီး သူတော်စင်ဖြစ်ခြင်းသို့ရောက်ရှိသည်’ ဟု ခေါ်ဆိုကြသည်။
ဤသည်က လူတစ်ယောက်အနေဖြင့် သေမျိုးလူသားဘဝကို ကျော်လွန်သွားပြီဖြစ်ကြောင်း ဖော်ပြသည်။
ယခု သိုင်းသူတော်စင်အဆင့်မှ နတ်ဘုရားအဆင့်သို့တက်လှမ်းခြင်းသည် ခရီးကိုကျော်လွန်သည့် အဆုံးသတ်ကိုရည်ညွှန်းပြီး သေမျိုးလူသားဘဝမှ မသေမျိုးဖြစ်သော နတ်ဘုရားအဆင့်သို့ အပြည့်အဝ ကူးပြောင်းရောက်ရှိသွားခြင်းကို ဖော်ပြသည်။
သေမျိုးလူသားခန္ဓာ၏ အသွေးအသားများကို စွန့်ပစ်ကာ နတ်ဘုရားအဆင့်သို့တက်ရောက်ပြီး အမတနွယ်ဝင် နတ်ဘုရားများ ဖြစ်လာကြသည်။
ယခု ရန်ကျောက်ကဲက ဤကပ်ဘေးကို ထိပ်တိုက်ရင်ဆိုင်နေရပြီး သူ၏ အတိတ်မှ ကျင့်ကြံမှုနှင့်အတွေ့အကြုံများက စိတ်ထဲတွင် ပြန်လည်ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော သိုင်းပညာရပ်ဆိုင်ရာ အတွေးအခေါ်များက အတူတကွ ပေါင်းစည်းသွားခဲ့သည်။
ယခင်က သူ့အနေဖြင့် ဤသိုင်းပညာအယူအဆများကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါမှာတော့ ၎င်းတို့က ပို၍ရှုပ်ထွေးလာပြီး ကိုင်တွယ်ရန် ခက်ခဲလာသည်။
သေးငယ်သည့်အမှားအယွင်းတစ်ခုချင်းစီက သူ့အတွက် အခက်အခဲတစ်ခုချင်းစီဖြစ်လာပြီး ထိုအမှားများက ကပ်ရောဂါပမာပျံ့နှံ့သွားကာ ပို၍အင်အားကြီးမားလာသည်။
သို့သော် ရန်ကျောက်ကဲကတော့ သူ၏ခန္ဓာကိုယ်ကို အမျိုးမျိုးသော စွမ်းအားဖြည့်တင်းမှုများဖြင့် ပြင်ဆင်ထားပြီး သမိုင်းတစ်လျှောက်အသန်မာဆုံး လူသားရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့ကြောင့် သူ့အတွက် အမတချီစွမ်းအားများဖြင့် သန့်စင်ခံရခြင်း အခက်အခဲသည် အခြားသူများနှင့်မတူဘဲ ကွဲပြားသည်။
သို့ဖြစ်ရာ ဤအချက်များကြောင့်ပင် ရန်ကျောက်ကဲအတွက် နတ်ဘုရားတံခါးကိုဖွင့်လှစ်ရန် အခက်အခဲကို ပိုမိုများပြားစေသည်။ သူ့အနေဖြင့် ဤကပ်ဘေးကိုကျော်လွှားရန် ပိုမိုခက်ခဲလာပြီး အဆုံးသတ် ပျောက်ကွယ်သွားနိုင်ခြေလည်း ပိုမိုများပြားသည်။
သို့သော် ရန်ကျောက်ကဲက အလွန်အတွေ့အကြုံများသည့်အပြင် ကျင့်ကြံခြင်းကလည်း အလွန်ခိုင်မာပြီး မြင့်မားသောအဆင့်တွင် ရှိသည်။
ယွိချင်အဆက်အနွယ်၏ ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ၊ ထိုက်ချင်အဆက်အနွယ်၏ ‘ထိုက်ချူးနတ်လက်ချောင်းသိုင်း’ ၊ စန့်ချင်အဆက်အနွယ်၏ ‘လုန်ဟန့်ကပ်ဘေးဓားသိုင်း’ တို့က ရန်ကျောက်ကဲအား မိုးနှင့်မြေကိုထိုးခွင်းနိုင်သောစွမ်းအားဖြင့် ရှေ့သို့တွန်းပို့ပေးနေသည်။
အဟောင်းကိုစွန့်ပစ်ပြီး အသစ်ဖြင့်အစားထိုးသည်ဖြစ်ရာ အနာဂတ်လမ်းကြောင်း ဖော်ထုတ်ရာတွင် အတိတ်မှအမှားများက သိသာထင်ရှားခြင်း မရှိတော့ပေ။
နက်ရှိုင်းချီစွမ်းအားက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေပြီး နေရာတိုင်းတွင် ရှိနေသည်။
ဟုတ်ပေ၏။
အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်ရာတွင် ရန်ကျောက်ကဲက အမတချီစွမ်းအား (၅)မျိုးတွင် နက်ရှိုင်းချီစွမ်းအားကို ရွေးချယ်ခဲ့သည်။
ယေဘူယျအားဖြင့်ဆိုလျှင် မိစ္ဆာချီစွမ်းအားနှင့် ဖြောင့်မတ်ခြင်းချီစွမ်းအားက ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို အပြင်းထန်ဆုံး ဖြစ်ပေါ်စေသည်။
နက်ရှိုင်းချီစွမ်းအားကတော့ ပိုပြီးသာမန်ကျကာ ရိုးရှင်းသည့် ချီစွမ်းအားတစ်ခုဖြစ်သည်။
ထိုချီစွမ်းအားက ကျင့်ကြံသူများအတွက် နောက်ထပ် အမတချီစွမ်းအားတစ်ခုနှင့် ထပ်မံပေါင်းစပ်ကျင့်ကြံပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့ရောက်ရှိရန် ဖြစ်နိုင်ခြေ ပိုများသည်။
တစ်ဆက်တည်း ဓမ္မဓိဌာန်ကျကျက ပြောမည်ဆိုလျှင် မိမိတို့၏ရုပ်ခန္ဓာကို နက်ရှိုင်းချီစွမ်းအားဖြင့် သန့်စင်ထားသော ကျင့်ကြံသူများသည် နတ်ဘုရားလူသားကပ်ဘေးကိုကျော်လွှားရာတွင် ပိုမိုလွယ်ကူသည်။
ဥပမာဆိုရသော် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများဆိုလျှင် မည်သို့သောသိုင်းပညာရပ်ကို ကျင့်ကြံသည်ဖြစ်ပါစေ သူတို့၏ပထမဆုံး အမတချီစွမ်းအားကိုရွေးချယ်ရာတွင် နက်ရှိုင်းချီစွမ်းအားကိုသာ ရွေးချယ်ကြသည်။
ရန်ကျောက်ကဲအနေဖြင့် နတ်ဘုရားလူသားကပ်ဘေးကိုရင်ဆိုင်ရာတွင် အခြားသူများထက် ပိုမိုခက်ခဲနိုင်သည်။ သို့တိုင် သူက ကပ်ဘေးကိုဖြတ်ကျော်ရမည့် အခက်အခဲများ လျော့ကျစေရန်အတွက် နက်ရှိုင်းချီစွမ်းအားကို ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။
အကယ်၍ ကပ်ဘေးဖြတ်ကျော်ရမည့်အခက်အခဲက သူ့အတွက် စိုးရိမ်စရာဖြစ်ခဲ့မည်ဆိုလျှင် သူက ကပ်ဘေးဖြတ်ကျော်မည့်နေ့ရက်ကို နောက်သို့ရွှေ့ဆိုင်းပြီး လုံလောက်သောပြင်ဆင်မှုများ ထပ်မံပြုလုပ်မည်သာပင်။
ယနေ့လိုအချိန်မျိုးတွင် ကပ်ဘေးဖြတ်ကျော်ရန် ရွေးချယ်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ နက်ရှိုင်းချီစွမ်းအားကို ရွေးချယ်ရသည့် အဓိကအကြောင်းရင်းမှာ ထိုလမ်းကြောင်းက သူ့အတွက် အသင့်လျော်ဆုံး ဖြစ်သောကြောင့်ပင်။
နက်ရှိုင်းချီစွမ်းအား ကျင့်ကြံသူများသည် အသန်မာဆုံးနှင့် အတည်ငြိမ်ဆုံး ကျင့်ကြံသူများဖြစ်ကြသည်။
ထိုချီစွမ်းအားက လှုပ်ရှားမှု၏ဗဟိုချက်လည်း ဖြစ်သည်။
အကောင်းနှင့်အဆိုးကြား ဆုံချက် အလယ်ဗဟိုလည်းဖြစ်သလို မှီခိုရာအချက်လည်း ဖြစ်သည်။
ထိုချီစွမ်းအားက အခြားသော အမတချီစွမ်းအား (၄)မျိုးကို ညှိနှိုင်းစီးဆင်းစေနိုင်သည့် စွမ်းအားလည်းရှိပြီး ချီစွမ်းအား(၅)မျိုးတွင် အခြေခံအကျဆုံးလည်း ဖြစ်သည်။
သို့ဖြစ်ရာ နက်ရှိုင်းချီစွမ်းအားက စန်းချင်း(၃)ပါး အဆက်အနွယ် သိုင်းပညာရပ်များကို ကျင့်ကြံနေသည့် ရန်ကျောက်ကဲနှင့် အလွန်ပင် လိုက်ဖက်ညီလှသည်။
အစစ်အမှန်နတ်ဘုရားအဆင့်တွင် နက်ရှိုင်းချီစွမ်းအားကို ကျင့်ကြံမည်ဆိုပါ ရန်ကျောက်ကဲအနေဖြင့် အခြားသော အမတချီစွမ်းအားများကို ကျင့်ကြံခြင်းထက် ပိုမိုခိုင်မာသော တန်ခိုးစွမ်းအားကို ရရှိမည် ဖြစ်သည်။
သို့ပေသိ ဤသည်က သူ့တစ်ယောက်တည်းအတွက် သီးသန့်အခြေအနေ ဖြစ်၏။
မတူညီသောနည်းလမ်းများဖြင့် ကျင့်စဉ်လမ်းကိုလျှောက်လှမ်းကြသော ကျင့်ကြံသူများစွာသည် ရန်ကျောက်ကဲအား ဘယ်သောအခါမှ တုပနိုင်မည် မဟုတ်ပေ။
သူ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည့် အမတချီစွမ်းအားက နောက်ဆုံး အထက်သို့မြင့်တက်လာပြီး ယင်စွမ်းအားဝိညာဉ်ဗဟိုချက်တွင် စုပုံလာကာ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ကျုံ့ဝင်သွားစေသည်။
သူ၏ခန္ဓာကိုယ်သာမဟုတ် ၊ သူ၏ဝိညာဉ်သည်လည်း ကျုံ့ဝင်သွားသည်ပင်။
ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားမှန်သမျှက ယင်စွမ်းအားဝိညာဉ်ဗဟိုချက်တွင် စုစည်းသွားသည်။
အမတချီစွမ်းအား လှည့်ပတ်လာသည်နှင့် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်အတွင်း အသွင်ပြောင်းမှုများ ဖြစ်ပေါ်လာသည်။ သူ၏ရုပ်ခန္ဓာ လျှင်မြန်စွာ ကျုံ့ဝင်သွားပြီး နောက်ဆုံး လေထဲတွင် ပျောက်ကွယ်သွားသည်။
ယခင်က ရန်ကျောက်ကဲ ဤသို့လုပ်ဆောင်စဉ်က သူ၏ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲနိုင်ခဲ့ခြင်းသာရှိပြီး သူ၏ရုပ်ခန္ဓာကိုယ်က တည်ရှိနေဆဲ ဖြစ်သည်။
မည်မျှသေးငယ်အောင် ကျုံ့ဝင်သွားပါစေ သူ၏ဖြစ်တည်မှုက အမြဲတမ်း တည်ရှိနေခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိထဲတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားပြီး ဆုံချက်လေးတစ်ခုမျှသာ ကျန်ရစ်ခဲ့သည်။
ထိုဆုံချက်က ဖော်ပြ၍မရနိုင် ၊ နားမလည်နိုင်သော အဓိပ္ပါယ်များဖြင့်ပြည့်နေပြီး တည်နေရာရှာဖွေမရသလို စကားလုံးများဖြင့် ဖော်ပြရန်လည်း ခက်ခဲသည်။
ဤဆုံချက်တွင် အချိန်၏တည်ရှိမှု ရှိမနေသလို နေရာ၏ဦးတည်ချက်လည်း ရှိမနေခဲ့ပေ။
အရာအားလုံးက ပရမ်းပတာကာလမတိုင်ခင် မည်သည့်အရာမှမရှိသေးသော ကနဦးကာလသို့ ပြန်လည်ရောက်ရှိသွားသည့်ပမာ ဖြစ်သည်။
ရုတ်တရက် သတိပေးခြင်းမရှိဘဲ ထိုဆုံချက်က ချဲ့ထွင်ကျယ်ပြန့်လာသည်။
ပရမ်းပတာဖြစ်စဉ်များကို ထိုးခွင်းဖွင့်လှစ်လိုက်ပြီး မူလကနဦးဖြစ်စဉ် ထွက်ပေါ်လာသည်။
ဤဆုံချက်သည် ဖော်ပြ၍မရသော သဏ္ဌန်မရှိသည့် အမှောင်နယ်မြေအဖြစ်ပြောင်းလဲသွားပြီး အဆုံးမရှိသော တိမ်တိုက်အစုအဝေးတစ်ခုပမာ ပြောင်းလဲသွားသည်။
ထိုတိမ်တိုက် အစုအဝေးအတွင်းမှ ရန်ကျောက်ကဲ၏ပုံရိပ်ထွက်ပေါ်လာပြီး ၊ သူက ကြာပန်းအသွင်ထိုင်နေကာ မျက်လုံးများကို ဖွင့်ထားလျှက် ခန္ဓာကိုယ်မှ ရောင်စဉ်မျိုးစုံ တောက်ပနေသည်။
တိမ်တိုက်အစုအဝေးနှင့်ဆင်တူသော ပရမ်းပတာဖြစ်စဉ်က တည်ဆောက်မှုတစ်ခုကို ထပ်မံခံယူလိုက်ပြီး ကမ္ဘာလောကအတွင်းမှ အရာအားလုံး ဖြစ်ပျက်မှု ပြောင်းလဲသွားသည်။
ဖန်ဆင်းခြင်းတရားက ပြောင်းလဲသွားပြီး အဆုံးသတ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။
ထို့နောက် အရာအားလုံးက “မရှိမှု” အဖြစ် ပြောင်းလဲသွားပြီး ပရမ်းပတာအခြေအနေမှ ပြန်လည်မွေးဖွားလာသည့် ရန်ကျောက်ကဲတစ်ယောက်သာ ကျန်ရစ်လျှက် သံသရာစက်ဝန်းက ဆက်လက်လည်ပတ်လို့နေသည်။
ရွှမ်ရှောက်ကျိကျွင်းမီးပြင်းဖို ပွင့်သွားပြီး အသင်္ချေသော အလင်းရောင်များ လွင့်ပျံထွက်ပေါ်လာသည်။
အပြင်ဘက်တွင် စောင့်ဆိုင်းနေသူများက မီးပြင်းဖိုကို အာရုံစူးစိုက် ကြည့်ရှုနေကြသည်။
ရန်ကျောက်ကဲထံမှ ထွက်ပေါ်နေသော တောက်ပသည့်ရောင်စဉ်များကြားတွင် အရှိန်အဝါ တစုံတရာပါရှိနေကြောင်း ခံစားကြရပြီး ၊ ထိုအရာမှာ စန်းချင်း(၃)ပါးကို ဆက်ကပ်ပူဇော်သည့်ပွဲတော်များတွင် ဆရာဘိုးဘိုးများကို ကိုးကွယ်သည့် နံ့သာပေါင်းပမာ ဖြစ်လေသည်။