← Chapters

ကောင်းကင်ကိုးထပ်ကိုကျော်လွန်သွားပြီ

Vol. 97 Ch. 1355

ကောင်းကင်ကိုးထပ်ကိုကျော်လွန်သွားပြီ

Vol. 97 Ch. 1355

အခန်း (၁၃၅၅) ကောင်းကင်ကိုးထပ်ကိုကျော်လွန်သွားပြီ

ရန်ကျောက်ကဲ၏ပုံရိပ်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

အဆုံးမရှိသော ပရမ်းပတာအခြေအနေများ ပျောက်ကွယ်သွားပြီး သူ၏ဦးခေါင်းအနောက်ဘက်တွင် ကြည်လင်သည့်ရောင်ဝါ (၃)ခု ထင်ဟပ်နေကာ ထိုရောင်ဝါများက တစ်ခုနှင့်တစ်ခု အဆက်မပြတ် ယှက်နွယ်နေသည်။

ထို ရောင်ဝါ(၃)ခုကို တွေ့မြင်သည့်အခါ ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းကို နားလည်သူအချို့က သဘောပေါက်သွားကြသည်။

“စန်းချင်း(၃)ပါး သိုင်းကျင့်စဉ်တွေကို တပြိုင်တည်းကျင့်ကြံခဲ့တာကြောင့် ဒီလိုဖြစ်တာပဲ ၊ မအံ့သြတော့ပါဘူး”

ကောင်းရွှယ်ပေါ်က ပြောလိုက်သည်။

“သူက စန်းချင်း(၃)ပါး သိုင်းကျင့်စဉ်တွေကို ပေါင်းစပ်ကျင့်ကြံပြီး ပထမဆုံးအကြိမ် နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့တာ မဟုတ်လား”

လုန်ရွှယ်ကျီးက တိုးလျသည့်လေသံဖြင့်...

“နတ်ဘုရားတံခါးကို တွန်းဖွင့်တာထက် ပိုပါတယ်”

သူက ဆက်ပြောသည်။

“စန်းချင်း(၃)ပါး အဆက်အနွယ်သိုင်းပညာရပ်တွေကို တပြိုင်တည်းကျ့င်ကြံခဲ့သူတွေရဲ့ မှတ်တမ်းတွေ အတိအကျရှိတယ် ၊ သူတို့ရောက်နိုင်တဲ့ အမြင့်ဆုံးအဆင့်က သိုင်းသူ‌တော်စင် ဆဋ္ဌမအဆင့်ပဲ”

ကောင်းရွှယ်ပေါ်က...

“လုန်ဟန့်ကပ်ဘေးဓားသိုင်းကို သူ ဘာလို့စိတ်ဝင်စားလဲဆိုတာ မအံ့သြတော့ပါဘူး”

သူက ဆက်ပြီး ချီးကျူးစကားဆိုလိုက်သည်။

“ဒီနေ့ကတော့ အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်ပြီပေါ့”

ယနေ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ၎င်း၏အောက်ဘုံကမ္ဘာများ အဂ္ဂိရတ်ခန်းမအတွင်း ရွှေ့ပြောင်းသည့် တင့်တယ်သောမြင်ကွင်းကို တွေ့မြင်ခဲ့ကြရပြီး ထျန်းစူးစကြာဝဠာနှင့် ‘ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ’ တည်ထောင်ခြင်းကိုလည်း တွေ့မြင်ခဲ့ကြရသည်။

ယခု စန်းချင်း(၃)ပါး အဆက်အနွယ် သိုင်းပညာရပ်များကို တပြိုင်တည်းကျင့်ကြံသည့် သိုင်းကျင့်ကြံသူတစ်ယောက် ပထမဆုံး နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းကိုလည်း တွေ့မြင်ကြရပြန်သည်။

***

ယနေ့သည် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လမ်းမှန်တာအိုဝါဒတွင် အမှတ်ရဖွယ် နေ့တစ်နေ့ဖြစ်ပြီး ၊ ဤနေ့ကို သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားကြပေလိမ့်မည်။

ရန်ကျောက်ကဲကို ပိုပြီးမျှော်လင့်စေသည့်အရာမှာ ယနေ့ဖြစ်ရပ်က အစမျှသာ ရှိနေသေးခြင်း ဖြစ်၏။

မရေမတွက်နိုင်သော အံ့သြဖွယ်ရာများကိုဖန်တီးခဲ့သည့် ဤလူငယ်လေးသည် ရှေ့ဆက်ရမည့်ခရီးရှည်ကြီး ရှိနေသေးပြီး သူ၏အလားအလာကောင်းမွန်မှုများသည်လည်း အဆုံးရှိပုံ မပေါ်ပေ။

ယွဲ့ကျန့်ပေက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး သူ့ဘေးတွင်ရှိနေသော ရန်တိကို လှည့်ကြည့်လိုက်သည်။

ယခု သူ၏ဆရာ ‘ရန်ရှင်းထန်’ ၏ ပုံရိပ်ကို တွေ့မြင်နေသည့်ပမာ ခံစားရပြီး ယွဲ့ကျန့်ပေစိတ်ထဲတွင် မကြုံစဖူးသော ပျော်ရွှင်ခြင်းကို ခံစားလိုက်ရသည်။

အမြဲတမ်းတည်ကြည်လေးနက်နေတတ်သော သူ၏မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးရိပ်တစ်ခု ဖြတ်သန်းသွားသည်။

ထို့နောက် သူ၏မျက်နှာက ပြန်လည်တည်ကြည်သွားပြီး...

“ဂုဏ်ပြုပါတယ် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ၊ အခုတော့ ကောင်းကင်ကိုးထပ်ကို ကျော်လွန်သွားနိုင်ပြီပေါ့”

နျဲ့ကျင်းရှန်ကလည်း ပြုံးလိုက်ပြီး ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း လေးစားစွာဖြင့် ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ၊ ကောင်းကင်ကိုးထပ်ကို ပြန်လည်ရောက်ရှိနိုင်ပြီပေါ့”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကလည်း သူ၏ အံ့သြမှုကို မထိန်းနိုင်ဘဲ လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“ဂုဏ်ပြုပါတယ် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ၊ အခုတော့ ကောင်းကင်ကိုးထပ်ကို ကျော်လွန်သွားနိုင်ပြီပေါ့”

အနည်းငယ် အံ့အားသင့်သွားသည့် ကောင်းရွှယ်ပေါ်က တစ်ချက်ပြုံးလိုက်ပြီး လုန်ရွှယ်ကျီးနှင့်အတူ ဂုဏ်ပြုစကားဆိုလိုက်သည်။

“ဂုဏ်ပြုပါတယ် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ၊ အခုတော့ ကောင်းကင်ကိုးထပ်ကို ကျော်လွန်သွားနိုင်ပြီပေါ့”

ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့သည်လည်း တစ်ယောက်မျက်နှာတစ်‌ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်နှာများထက် ပျော်ရွှင်သောအမူအရာများ ပေါ်ထွက်လာသည်။

လက်ထဲတွင် ဓားကိုင်ထားခြင်းမရှိတော့ဘဲ ပုံမှန်အတိုင်း ပျင်းရိပျင်းတွဲပုံစံဖြစ်နေသည့် လုန်ရှင်းချွမ်၏မျက်နှာထက် အပြုံးရိပ်တစ်ခုထင်ဟပ်လာပြီး ဂုဏ်ပြုစကားဆိုလိုက်သည်။

“ဂုဏ်ယူပါတယ် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ၊ ကောင်းကင်ကိုးထပ်ကို ပြန်လည်ရောက်ရှိနိုင်ပြီပေါ့”

ကောင်းချင်းရွှမ်ကလည်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး...

“ဂုဏ်ယူပါတယ် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ၊ ကောင်းကင်ကိုးထပ်ကို ပြန်လည်ရောက်ရှိနိုင်ပြီပေါ့”

ရန်တိက ရန်ကျောက်ကဲကို ပြုံးလျှက်ကြည့်နေပြီး သူ့စိတ်ထဲ အလွန်ပင် စိတ်သက်သာရာရမှုကို ခံစားနေရသည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုကြည့်ရင်း မျက်တောင်တစ်ချက်ခတ်လိုက်သည်။

ထို့နောက် သူမက ပြုံးရယ်လိုက်ပြီး...

“ဂုဏ်ပြုပါတယ် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ၊ အခုတော့ ကောင်းကင်ကိုးထပ်ကို ကျော်လွန်သွားနိုင်ပြီပေါ့”

ရန်ကျောက်ကဲ မနေနိုင်ဘဲ ရယ်မောလိုက်သည်။

ပြီးမှ သူက ချက်ချင်း မျက်နှာပိုးသပ်လိုက်ပြီး အားလုံးကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း တည်ကြည်စွာဖြင့်...

“အားလုံးရဲ့ ဂုဏ်ပြုစကားတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ထို့နောက် သူက ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်ကို ထပ်မံဂါရဝပြုလိုက်ပြီး...

“ကျွန်တော်တို့တွေ တစ်ခါမှ မဆုံဖြစ်ခဲ့ကြဘူးနော် ၊ အရင်က တွေ့ဆုံခဲ့တာလည်း ကျွန်တော့်ရဲ့ကိုယ်ပွားနဲ့ပဲဆိုတော့... အခုမှပဲ ဆရာဦးလေး’လုန်’ နဲ့ အကြီးအကဲ’ကောင်း’ တို့ကို ကိုယ်တိုင်တွေ့ဆုံရတော့တယ်”

လုန်ရှင်းချွမ်က ပြုံးလိုက်ပြီး...

“ဂိုဏ်းတူအစ်ကိုက အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာပဲ ၊ သူ့ရဲ့အဆက်အနွယ်ကိုရှာဖွေဖို့ ငါတို့အတွက် အတော်ခက်ခဲခဲ့တယ် ၊ မင်းတို့နှစ်ယောက်အကြောင်း သတင်းရတဲ့အချိန်မှာ မင်းတို့က အထက်ဘုံကမ္ဘာကို ရောက်နေကြပြီလေ”

သူက ဆက်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းတို့သားအဖနှစ်ယောက်က ဂိုဏ်းတူအစ်ကိုထက်တောင် သာနေပါပြီ ၊ သူသာ တမလွန်က ဒီအကြောင်းတွေ သိခွင့်ရမယ်ဆိုရင် အရမ်းဝမ်းသာပြီး သေရည်တစ်ခွက်ကြီးသောက်မှာ သေချာတယ်”

ကောင်းချင်းရွှမ်ကတော့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရန်ကျောက်ကဲတို့သားအဖကို ကြည့်နေခဲ့သည်။

ယွဲ့ကျန့်ပေနှင့် လုန်ရှင်းချွမ်တို့က သူတို့နှစ်ယောက်ထံတွင် ရန်ရှင်းထန်၏ပုံရိပ်ကို တွေ့မြင်ခဲ့ကြသော်လည်း သူမအတွက်တော့ သူမနှင့်နက်ရှိုင်းစွာရင်းနှီးခဲ့သော ညီမဖြစ်သူ ‘တိချင်းလျန်’ ကို သတိရနေမိသည်။

အတန်ကြာမှ စကားပြောနည်းသူ ကောင်းချင်းရွှမ်က ဝင်ရောက်စကားပြောလိုက်သည်။

“အခုလိုအခြေအနေမှာတွေ့ဆုံရတာကလည်း ငါတို့အတွက် နောင်တရစရာကိစ္စတော့ မဟုတ်ပါဘူး ၊ ဘာပဲဖြစ်ဖြစ် ငါ့ဆန္ဒတွေလည်း ပြည့်သွားပါပြီ‌ေလ”

အချိန်ကြာမြင့်စွာ မတွေ့ဆုံခဲ့ကြသည်ဖြစ်ရာ ယခုတော့ စကားပြောရင်း များစွာ စိတ်လှုပ်ရှားကြရသည်။

ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုဘေးသို့သွားပြီး လက်ဖြင့်အသာဖိနှိပ်လိုက်သည်။

ယွဲ့ကျန့်ပေနှင့်အခြားသူများ စကားပြောနေစဉ် သူက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နေပြီး စကြာဝဠာထဲမှ အပြောင်းအလဲများကို အာရုံခံစားကြည့်နေသည်။

အဂ္ဂိရတ်ခန်းမက လုံးဝ ကျယ်ပြန့်လာပြီး ခန်းမအတွင်းရှိစကြာဝဠာက အပြင်ဘက်သို့ ဆန့်ထွက်လာခဲ့သော်လည်း ၊ ဤစကြာဝဠာ၏ မူလအစက အဂ္ဂိရတ်ခန်းမထဲမှာပင် ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ဤစကြာဝဠာသည် အဂ္ဂိရတ်ခန်းမ၏ ထူးခြားသောလက္ခဏာများကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်၏။

ဥပမာ - ဤစကြာဝဠာသည် ကျယ်ပြန့်သော ဗလာနယ်အာကာသထဲတွင် လွင့်မျောနေပြီး ရန်သူများအနေဖြင့် သူတို့ကိုရှာဖွေရန် ပိုမိုခက်ခဲသွားစေသည်။

ရန်ကျောက်ကဲ၏ အမိန့်ပေးထိန်းချုပ်မှုအောက်တွင် ထျန်းစူးခန်းမက ကျယ်ပြန့်သည့် အာကာသယာဉ်ကြီးတစ်စင်းပမာ အလိုအလျောက် လွင့်မျောနေခဲ့သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာနှင့် များပြားလှစွာသော အောက်ဘုံကမ္ဘာများက ကိုယ်ပိုင်လမ်းကြောင်းများဖြင့် စတင်ရွေ့လျားနေကြသည်။

ရန်‌ကျောက်ကဲက...

“အကြီးအကဲချန်က အပြင်ဘက်မှာ ပျောက်ဆုံးနေတုန်းပဲ ၊ ကျွန်တော်တို့ သူ့ကိုသွားရှာကြရအောင်”

သူ့စကားကို အားလုံးက သဘောတူလိုက်ကြသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အဂ္ဂိရတ်ခန်းမထဲသို့ ခေါ်ဆောင်ခြင်းမပြုခင် အချိန်က ရန်သူများကို အာရုံလွှဲရန် ရေစင်ထက်ယံအရှင်သခင်’ချန်ရွှမ်ကျုန်း’ ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာသွားခဲ့သည်။

ချန်ရွှမ်ကျုန်းက ရန်ကျောက်ကဲ အဂ္ဂိရတ်ခန်းမကို ပထမဆုံး ရရှိခဲ့သည့်နေရာသို့ ဦးတည်သွားရောက်ခဲ့ပြီး ရန်သူများကို အာရုံလွှဲရန် လှည့်စားမှုတစ်ခု ဖန်တီးခဲ့သည်။

သူ၏အစီအစဉ် အောင်မြင်ခဲ့ပြီး ရန်သူအချို့ကို လမ်းလွှဲနိုင်ခဲ့သည်။

သို့သော် တိုက်ဆိုင်သည်မှာ နတ်မိစ္ဆာအဖွဲ့ကလည်း အချင်းချင်းချိတ်ဆက်မှုများပြုလုပ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ သူတို့ရည်ရွယ်ချက်က ရန်ကျောက်ကဲနှင့် အဂ္ဂိရတ်ခန်းမ ထွက်ပေါ်လာစေရန် ဖိအားပေးခြင်း ဖြစ်၏။

သို့ပေသိ သမင်ဖြူနတ်မိစ္ဆာနှင့် အခြားသော ထိပ်တန်းအဆင့် နတ်မိစ္ဆာမျိုးနွယ်များသာ ချန်ရွှမ်ကျုန်းဖန်တီးခဲ့သော လှည့်စားမှုကြောင့် အာရုံလွဲသွားခဲ့ပြီး ၊ ကျန်နတ်မိစ္ဆာများကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့ကြသည်။

သို့ဖြစ်ရာ အန္တရယ်များသော တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည့်တိုင် ရန်ကျောက်ကဲတို့အုပ်စု၏ အစီအစဉ်က အောင်မြင်ခဲ့သည်။

ယခု အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ချန်ရွှမ်ကျုန်းကို ပြန်ခေါ်ရန် လိုအပ်သည်။

ကြီးမားသည့်အရှုံးတရားကို ခံစားရပြီးနောက် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် ၊ ဖုလော်ကျီနှင့် အခြားမဟာနတ်မိစ္ဆာများက မည်သည့်နည်းနှင့်မှ ကျေနပ်ကြမည် မဟုတ်ပေ။

“လောင်ကျွင်း” ၏ တည်ရှိမှုကို ဝေဝါးစွာမှန်းဆမိခဲ့ကြသော နတ်မိစ္ဆာမျိုးနွယ် အကြီးအကဲများအနေဖြင့် အခြေအနေကသာ တွန်းအားမပေးပါက စန်းချင်း(၃)ပါးအဆက်အနွယ်များကို သတ်ဖြတ်လိုကြမည် မဟုတ်ပေ။

သို့သော် လူတစ်ယောက်လောက်ကိုသတ်ဖြတ်ရန်ကိုတော့ သူတို့အနေဖြင့် ဝန်လေးကြမည် မဟုတ်ပေ။

လက်ရှိတွင် ချန်ရွှမ်ကျုန်းက တစ်ယောက်တည်း အပြင်တွင်ရှိနေပြီး မျက်လုံတစ်ရာတာအိုဆရာနှင့် အခြားသူများ၏ အမျက်ဒေါသကိုခံရနိုင်သည့် ပစ်မှတ်ဖြစ်သွားပါက အခြေအနေ ဆိုးရွားသွားနိုင်သည်။

ချန်ရွှမ်ကျုန်းက ဤအခွင့်အရေးကိုအသုံးချပြီး ကျဲ့မင်ခုန်နှင့် ချူးလီလီတို့၏တည်နေရာကိုစုံစမ်းလိုကြောင်း ရန်ကျောက်ကဲ ရိပ်မိသည့်တိုင် ၊ သူ့အနေဖြင့် ချန်ရွှမ်ကျုန်းကို အရင်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ရန်ကျောက်ကဲက ချန်ရွှမ်ကျုန်း၏အလုပ်များကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

သို့ပေသိ သူ့အနေဖြင့် ချန်ရွှမ်ကျုန်းဘေးကင်းစေရန် သေချာစေပြီး ရန်သူများ အခွင့်အရေးရမသွားစေရန် သေချာအောင် ပြုလုပ်ရပေမည်။

လမ်းခရီးတွင် ရန်ကျောက်ကဲက မိဘများဖြစ်သော ရန်တိနှင့် ရွှယ်ချူးချင်တို့ကို ခရမ်းရောင်ဝိညာဉ်ခန်းမသို့ ဖိတ်ကြားလိုက်သည်။

“ဆရာဘွားဘွားကို ဘယ်မှာမြှုပ်နှံထားတယ်ဆိုတာ အမေ သိပြီလား”

ရန်ကျောက်ကဲစကားကိုကြားတော့ ရွှယ်ချူးချင် ခဏမျှ အံ့အားသင့်သွားရသည်။

ပြီးမှ သူမက သဘောပေါက်သွားဟန်ဖြင့်...

“ဖြစ်နိုင်တာက...”

ရန်ကျောက်ကဲက...

“ကျွန်တော့်အထင်တော့ အခြေအနေတွေတည်ငြိမ်သွားရင် အဲဒီနေရာမှာ ရှာကြည့်လို့ရမယ်ထင်တယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူ၏လက်ချောင်းထိပ်တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းရောင်က တောက်ပလွန်းခြင်းမရှိ ၊ မှောင်မိုက်လွန်းခြင်းမရှိဘဲ မှုံဝါးလျှက်ရှိသည်။ ထို့နောက် အလင်းရောင်က ပိုမိုကြီးမားလာပြီး အလင်းတစ်ဝက် အမှောင်တစ်ဝက် အခြေအနေသို့ ပြောင်းလဲသွားသည်။

အလင်းနှင့်အမှောင်ကြား ပိုင်ခြားသတ်မှတ်ထားသော မျဉ်းတစ်ကြောင်ပမာဖြစ်ပြီး အနက်ရောင် သတ္တုစက်ဝန်းကြီးတစ်ခု ထွက်ပေါ်လာကာ ရန်ကျောက်ကဲလက်ထဲသို့ ဆင်းသက်လာသည်။

ထိုအရာမှာ ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ ၏ “ယိုးမင်ဂမ္ဘီရစက်ဝန်း’ ပင် ဖြစ်လေ၏။

ရန်တိနှင့် ရွှယ်ချူးချင်တို့၏ အကဲခတ်နည်းပညာက ထူးခြားလှသည်။ တစ်ချက်ကြည့်ရုံဖြင့် ယိုးမင်ဂမ္ဘီရစက်ဝန်းသည် အရင်ကနှင့်မတူတော့ကြောင်း ချက်ချင်းသိလိုက်သည်။

ယခု ဤပစ္စည်းက တကယ့် ‘အမတမှော်ဝင်ပစ္စည်း’ တစ်ခု ဖြစ်လာခဲ့ပေပြီ။

ဤ ‘အမတမှော်ဝင်ပစ္စည်း’ က အတော်လေး ထူးခြားဆန်းကျယ်ပုံလည်း ရလေသည်။

All Chapters