← Chapters

တွေ့ချင်နေသည့်လူတစ်ယောက်

Vol. 97 Ch. 1356

တွေ့ချင်နေသည့်လူတစ်ယောက်

Vol. 97 Ch. 1356

အခန်း (၁၃၅၆) တွေ့ချင်နေသည့်လူတစ်ယောက်

‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ သည် ယခင်က အမတမှော်ဝင်ပစ္စည်း သန္ဓေသားလောင်းတစ်ခု ဖြစ်သော်လည်း ယခုတော့ စစ်မှန်သည့် အမတမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပေပြီ။

ရန်ကျောက်ကဲ နတ်ဘုရားတစ်ပါးဖြစ်လာပြီးသည့်နောက် သူက ယင်နှင့်ယန်၏ ကြားကာလကို အသုံးချကာ ယိုးမင်ဂမ္ဘီရစက်ဝန်းကို နောက်ဆုံးအကြိမ်အဖြစ် ပြောင်းလဲသန့်စင်ခဲ့သည်။

ယိုးမင်ဂမ္ဘီရစက်ဝန်း ပြောင်းလဲမှု အောင်မြင်သွားသည်နှင့် အတွင်းပိုင်းတွင်ဖုံးကွယ်ထားသော သတင်းအချက်အလက်များက ပိုမိုထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းပင် ထိုသတင်းအချက်အလက်များအားလုံး ရန်ကျောက်ကဲ၏စိတ်တွင်းသို့ ထည့်သွင်းခံလိုက်ရသည်။

ထို သတင်းအချက်အလက်များထဲတွင် ရွှယ်ချူးချင်၏ဆရာဘွားဘွား ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ တည်နေရာလည်း ပါဝင်နိုင်ခြေရှိသည်။

အတိတ်တစ်ချိန်က ကောင်းကင်အမြုတေကျောက်တုံး၏ အစိတ်အပိုင်းတစ်ခု ထွက်ပေါ်လာချိန်တွင် အမတခုံရုံးနှင့် ကြာပန်းဖြူသုခဘုံတို့ကြား အပြင်းထန်ဆုံး စစ်ပွဲကာလနှင့် တိုက်ဆိုင်နေခဲ့သည်။

ယင်ထျန်းရှက ထိုအခြေအနေကို အသုံးချကာ လျှို့ဝှက်လှုပ်ရှားခဲ့ပြီး ကောင်းကင်အမြုတေကျောက်တုံး အစိတ်အပိုင်းကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။

ဟုတ်ပေ၏။

တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသော’ကောင်းကင်ဘုံအရှင်’ များသည်လည်း ဤကိစ္စနောက်ကွယ်တွင် ပါဝင်ပတ်သက်ခဲ့ကြသည်။

***

သို့သော် သူတို့၏ရည်မှန်းချက်က အလွန်ကြီးမားသောကြောင့် အခြားသူများ၏စိတ်အာရုံကို ဆွဲဆောင်ရလွယ်ကူခဲ့သည်။

သို့ပေသိ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသော’ကောင်းကင်ဘုံအရှင်’ များ ပါဝင်ခဲ့ကြသဖြင့် စစ်ပွဲတွင်ပါဝင်နေသော အမတခုံရုံးမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များက သူတို့ထံသို့ အာရုံလွဲသွားခဲ့သဖြင့် ယင်ထျန်းရှနှင့် ဟူယွဲ့ရှင်းတို့ လုပ်ဆောင်မှုများ အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။

ယင်ထျန်းရှက အောင်မြင်ပြီးသည်နှင့် မကြာခင်မှာပင် ထိုပစ္စည်းကို ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ ထံသို့ လွှဲပြောင်းပေးခဲ့သည်။

ထို့ကြောင့် ဟူယွဲ့ရှင်းသည်လည်း အခြားသူများ၏ သံသယဝင်မှုကိုခံရပြီး အနီးကပ်စောင့်ကြည့်ခံခဲ့ရသည်။

သူမထံတွင် ထိုပစ္စည်း အမှန်တကယ်ရှိသည်လား မသေချာသည့်တိုင် ရန်သူများကတော့ သူမ၏တည်နေရာကို ပြင်းပြင်းထန်ထန် ရှာဖွေခဲ့ကြသည်။

ဟူယွဲ့ရှင်း ထွက်ပြေးရင်းဖြင့် ထူးဆန်းပြီး အန္တရယ်များသော နေရာတစ်ခုသို့ မတော်တဆ ဝင်ရောက်ခဲ့မိပြီး ရာစုနှစ်များစွာ ပိတ်မိနေခဲ့သည်။

နောက်ပိုင်းမှ သူမ နည်းလမ်းရှာပြီး ထိုနေရာမှ လွတ်မြောက်လာခဲ့သည်။ သို့သော် မကြာမီပင် အမတခုံရုံးမှလူများက သူမကို အလျှင်အမြန် သတိပြုမိသွားခဲ့ကြသည်။

ထို့ကြောင့် ဟူယွဲ့ရှင်းက ယင်ထျန်းရှ၏ ယခင်နည်းလမ်းအတိုင်းအသုံးပြုကာ ရန်သူများ၏ စိတ်အာရုံကို သူမထံသို့ ဆွဲဆောင်လိုက်ပြီး ကောင်းကင်အမြုတေကျောက်တုံး အပိုင်းအစကိုတော့ သူမ၏တပည့်ဖြစ်သူ ၊ ရွှယ်ချူးချင်၏ဆရာထံ လွှဲပြောင်းပေးခဲ့သည်။

ထို့နောက် ဟူယွဲ့ရှင်း အချိန်ကြာမြင့်စွာ ထွက်ပြေးနေခဲ့ပြီး ပြင်ပဗလာနယ်အစွန်အဖျားတွင် ပျောက်ကွယ်သွားခဲ့ကာ နောက်တစ်ကြိမ် ပြန်ပေါ်လာခြင်း မရှိတော့ပေ။

သူမက သဲလွန်စမကျန်ပျောက်ကွယ်သွားခြင်းဖြစ်ပြီး ဤအကြောင်းက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပမာ ဖြစ်လာခဲ့သည်။

သို့သော် သူမ၏ဆက်ခံသူများတွင် ထူးခြားသော အတတ်ပညာတစ်ခု ရှိခဲ့သည်။

ထိုပညာရပ်မှတစ်ဆင့် ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ သည်လည်း ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ နောက်သို့လိုက်သွားခဲ့ပြီး ပြင်ပဗလာနယ်အစွန်အဖျားတွင် တိတ်တဆိတ်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့တိုင် ရွှယ်ချူးချင်နှင့် သူမ၏ဆရာမှာ ဟူယွဲ့ရှင်း မည်သည့်နေရာတွင် သေဆုံးသွားကြောင်း ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် သူတို့ ဆရာတပည့်နှစ်ယောက်တွင် သံသယအတွေးများရှိနေပြီး ဟူယွဲ့ရှင်း သက်ရှိထင်ရှားရှိနေဦးမည်လားဟု အနည်းငယ် မျှော်လင့်ခဲ့မိကြသည်။

မည်သို့ပင်ဖြစ်စေ ထိုမျှော်လင့်ချက်က လက်တွေ့တွင် လုံးဝမဖြစ်နိုင်သလောက် နည်းပါးကြောင်း သူတို့ သိရှိထားခဲ့ကြသည်ပင်။

နောက်ပိုင်း အထက်ဘုံကမ္ဘာမှ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ’ထျန်းယိ’ လက်ချက်ဖြင့် ရွှယ်ချူးချင်၏ဆရာ သေဆုံးသွားခဲ့ရပြီး သူမစိတ်ထဲတွင် ဝမ်းနည်းမှုစိတ်ခံစားချက်များ ပြင်းထန်ခဲ့ရသည်။

သူမ၏ ဆရာဘွားဘွား’ဟူယွဲ့ရှင်း’ ပြန်လာနိုင်ရန်မှာ ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်သလို သူမ၏ဆရာသည်လည်း ဆရာဘွားဘွား မည်သည့်နေရာတွင်ရှိကြောင်း ရှာဖွေမတွေ့ရှိခင် ကွယ်လွန်သွားခဲ့ရသည်။

ရွှယ်ချူးချင်က...

“ဘာပဲဖြစ်ဖြစ် ဆရာဘွားဘွားရှိတဲ့နေရာ ဒါမှမဟုတ် သူ့ရုပ်အလောင်းကို ရှာတွေ့နိုင်မယ်ဆိုရင် ဒါက အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခု ဖြစ်လာမှာပါ”

သူမက သက်ပြင်းချလိုက်ရင်း...

“အခုဖြစ်ပျက်နေတဲ့အရာတွေကိုသာ ဆရာဘွားဘွား တွေ့မြင်ခွင့်ရမယ်ဆိုရင် သူလည်း အရမ်းဝမ်းသာပျော်ရွှင်မှာပါပဲ ၊ ဆရာဘွားဘွားရော... ပြီးတော့ သူတို့အားလုံး အသက်စွန့်ဖို့ ကတိပြုခဲ့ကြတဲ့ကိစ္စက... နောက်ဆုံးတော့ အလကားမဖြစ်ခဲ့ဘူးလေ”

ရွှယ်ချူးချင် ခဏမျှ စိတ်ခံစားချက် ပြင်းထန်သွားသည့်တိုင် သူမ၏မျက်ဝန်းများ ပြန်လည်တည်ငြိမ်သွားပြီး ခိုင်မာသောစိတ်ဓာတ်ဖြင့် ပြန်လည်ပြည့်ဝလာသည်။

ရန်တိက...

“အရင်တုန်းက ယိုးမင်ဧကရာဇ်နဲ့ ထုန်းမင်ဧကရာဇ်တို့ရဲ့လုပ်ရပ်ကြောင့် လက်ရှိမှာ ငါတို့အားလုံး အကျိုးအမြတ်တွေ ခံစားခဲ့ရတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီတော့ ငါတို့အနေနဲ့ သူတို့ကိုပြန်ခေါ်သင့်ပါတယ် ၊ အခု ယိုးမင်ဧကရာဇ်ကို ပြန်ခေါ်ခဲ့ပြီးပြီဆိုတော့... ထုန်းမင်ဧကရာဇ် ဘယ်မှာလဲဆိုတာ ဆက်ရှာဖွေရမယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒီကိစ္စကို ကျွန်တော်လည်း သဘောတူပါတယ် ၊ ကိစ္စတွေပြီးတာနဲ့ ယိုးမင်ဂမ္ဘီရစက်ဝန်းထဲက အချက်အလက်တွေကို ပိုပြီးသိနိုင်ဖို့ ကျွန်တော်ကြိုးစားပါ့မယ်”

သူက ဆက်ပြောလိုက်သည်။

“လော‌လောဆယ်မှာတော့ ဒီလိုကြီးမားတဲ့ကိစ္စကြီး ဖြစ်သွားတယ်ဆိုတော့ တခြားအင်အားစုတွေက ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေနိုင်တယ် ၊ ဒီတော့ ခဏလောက် ငြိမ်နေဖို့လိုတယ်”

ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမမှတစ်ဆင့် ထျန်းစူးစကြာဝဠာကို ထိန်းချုပ်လိုက်ပြီး အဆုံးမရှိသော ပြင်ပဗလာနယ်အစွန်းသို့ ရွေ့လျားစေလိုက်သည်။

“အခြေအနေတွေ နည်းနည်းငြိမ်သွားရင်... ကျွန်‌တော်တို့လည်း လှုပ်ရှားကြတာပေါ့”

ပြင်ပဗလာနယ်အစွန်အဖျားရှိ အာကာသအခြေအနေက သပွတ်အူပမာဖြစ်ပြီး အလွန်ပင် ရှုပ်ထွေးလှသည်။

ထျန်းစူးစကြာဝဠာက ဗလာနယ်ကိုဖြတ်သန်းသွားပြီး အဂ္ဂိရတ်ခန်းမ မူလထွက်ပေါ်လာရာနေရာသို့ တဖြည်းဖြည်း နီးကပ်လာသည်။

နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ က ဤနေရာတွင်ထွက်ပေါ်လာပြီး ၊ ဤနေရာတွင် အဂ္ဂိရတ်ခန်းမရှိနေနိုင်သည်ဟု မှားယွင်းစွာယူဆစေကာ ရန်သူများကို မျှားခေါ်နိုင်ခဲ့သည်။

သမင်ဖြူနတ်မိစ္ဆာကြီးသည်ပင် ဤသတင်းရရှိပြီးနောက် လှည့်စားခံခဲ့ရသည်။

ထို့ကြောင့် ရန်ကျောက်ကဲကလည်း အလားတူပင်လုပ်ဆောင်ပြီး ဤနေရာမှာပင် ချန်ရွှမ်ကျုန်းနှင့် ပြန်လည်ဆုံတွေ့ရန် ဆုံးဖြတ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော အခြားသူများအနေဖြင့် တစ်ခါရှာဖွေပြီးသားနေရာကို ဒုတိယအကြိမ်ထပ်မံရှာဖွေမည်မှာ ရှားပါးသောကြောင့် ဖြစ်၏။

ချန်ရွှမ်ကျုန်း ဖမ်းဆီးခံလိုက်ရသည်ဆိုလျှင်တော့ အခြေအနေက လုံးဝ ပြောင်းလဲသွားနိုင်သည်။ ထို့သို့ဖြစ်နိုင်ခြက နည်းပါးသော်လည်း ရန်ကျောက်ကဲကတော့ သတိထားရန် ဆုံးဖြတ်ခဲ့သည်။

သတ်မှတ်နေရာသို့ရောက်သည်နှင့် ရန်ကျောက်ကဲက ထျန်းစူးစကြာဝဠာကို ထုတ်ဖော်ပြသခြင်းမရှိသေးဘဲ ပတ်ဝန်းကျင်ကို အချိန်ကြာရှည်စွာ စောင့်ကြည့်လေ့လာနေခဲ့သည်။

ထူးခြားအခြေအနေ မတွေ့ရှိရတော့မှ သူက ချန်ရွှမ်ကျုန်းနှင့် ထပ်မံဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ခဏအကြာမှာတော့ ချန်ရွှမ်ကျုန်းထံမှ သတင်းစကား ရောက်ရှိလာသည်။

ရန်ကျောက်ကဲက အခြေအနေကို ခဏမျှ တိတ်ဆိတ်စွာ စောင့်ကြည့်ပြီးမှ နက္ခတ်ဧကရာဇ်နှင့် တွေ့ဆုံလိုက်လေသည်။

ရန်ကျောက်ကဲက...

“အကြီးအကဲ’ကျဲ့’ နဲ့ အကြီးအကဲ’ချူး’ တို့ကိစ္စနဲ့ပတ်သက်ပြီး အလျင်စလို မလုပ်စေချင်ပါဘူး ၊ နက္ခတ်ဧကရာဇ်... စိတ်အေးအေးထားစေချင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“အခြေအနေတွေငြိမ်သက်သွားရင် ကျွန်တော်တို့တွေ လူတွေအများကြီးစေလွှတ်ပြီး သူတို့ကိုရှာလို့ရပါတယ်”

ချန်ရွှမ်ကျုန်းက ဝါဒတောင်ထိပ်တွင် မတတ်ရပ်နေပြီး အဝေးဆီမှ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ၏နယ်မြေများကို လှမ်းမျှော်ကြည့်ရှုရင်း စကားပြန်‌ပြောလိုက်သည်။

“ဟုတ်တယ် ၊ ဒီကိစ္စ အလောတကြီးမလုပ်သင့်ဘူးဆိုတာ ငါနားလည်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“တခါတလေ လက်တွေ့ကိုရင်ဆိုင်ဖို့လိုအပ်တယ် ၊ ငါက အရာအားလုံးထက် သူတို့ဘေးကင်းဖို့ပဲ မျှော်လင့်ပါတယ်”

ဟုတ်ပေ၏။

သူတို့ပြန်မလာလျှင်တောင် အရေးမကြီးပေ။ အနည်းဆုံး သူတို့ ဘေးကင်းကြောင်း အာမခံနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

သူ့မျက်ဝန်းများက ဝါဒ‌တောင်၏ အနောက်ဘက် တောင်ခြေဆီသို့ ကျရောက်သွားသည်။

ထိုနေရာက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ပြောင်းရွှေ့လာပြီးသည့်နောက် ချန်ရွှမ်ကျုန်းနေထိုင်ရာ ‘ကျောက်စိမ်းကောင်းကင်တောင်ထွတ်’ တည်ရှိရာ နေရာဖြစ်သည်။

ချန်ရွှမ်ကျုန်းသည် ကျောက်စိမ်းကောင်းကင်တောင်ထွတ်၏ဦးတည်ရာသို့ ငေးစိုက်ကြည့်နေပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ရန်ကျောက်ကဲကလည်း စကားတစ်ခွန်းမှမဆိုဘဲ နက္ခတ်ဧကရာဇ်၏ဘေးတွင် တိတ်ဆိတ်စွာပင် မတ်တတ်ရပ်နေခဲ့သည်။

အချိန်အတန်ကြာပြီးနောက် ချန်ရွှမ်ကျုန်းက သူ၏အကြည့်များကို ပြန်လည်ရုတ်သိမ်းကာ ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်သည်။

“နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့တဲ့အတွက် မင်းကို ဂုဏ်ပြုစကားတောင် မပြောရသေးဘူး”

သူက ဆက်ပြောလိုက်သည်။

“ကမ္ဘာတစ်ခုကိုတည်ထောင်တယ် ၊ နတ်ဘုရားတံခါးကိုလည်း တွန်းဖွင့်နိုင်ခဲ့ပြီ ၊ ဒီလိုကိစ္စမျိုးက အရင်က မကြုံဖူးသေးတဲ့ကိစ္စမျိုး ဟုတ်မဟုတ် မသေချာပေမယ့်... ငါသိသလောက် ဒီလောက်ခမ်းနားတဲ့ အောင်မြင်မှုမျိုး ရအောင်လုပ်နိုင်တဲ့သူက မင်းတစ်ယောက်ပဲ ရှိသေးတယ်”

သူက သက်ပြင်းချလိုက်ရင်း...

“နှစ်ပေါင်း(၂၀)အတွင်းမှာ မင်းတို့သားအဖနှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတယ် ၊ ဒါက သမိုင်းတစ်လျှောက် အထင်ကရဖြစ်ဖို့ လုံလောက်နေပါပြီ ၊ အခု မင်းကလည်း ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာကို တည်ထောင်နိုင်ခဲ့ပြီဆိုတော့... ဒီလို ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုမျိုးဆိုတာ ဒဏ္ဍာရီတစ်ခုလို့ သတ်မှတ်နိုင်နေပြီလေ”

ချန်ရွှမ်ကျုန်း၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ပြောဆိုလိုက်သည့် “ဒဏ္ဍာရီ” ဆိုသည့်စကားမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများတွင် ပြောလေ့ရှိသော “ဒဏ္ဍာရီ” နှင့် တူညီခြင်း မရှိပေ။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ သို့မဟုတ် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် ပျံ့နှံ့နေသော ဒဏ္ဍာရီများနှင့်လည်း ကွဲပြားသည်။

တကယ်တော့ ဤသည်က ယနေ့ခေတ်၏ဒဏ္ဍာရီတစ်ခုဖြစ်သည်သာမက နောင်အနာဂတ် သမိုင်းတစ်လျှောက် ပျံံနှံ့သွားမည့် ဒဏ္ဍာရီတစ်ခု ဖြစ်လေသည်။

နှစ်ပေါင်းရာနှင့်ချီ ၊ ထောင်နှင့်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းနှင့်ချီပြီး ကျော်လွန်သွားပါစေ ၊ သို့တည်းမဟုတ် ထို့ထက်ပိုပြီး အချိန်ကြာမြင့်စွာ ကျော်လွန်ဖြတ်သန်းသွားပါစေ လူအများသည် ဤဒဏ္ဍာရီကို ပြန်လည်အောင်းမေ့ပြီး ရန်ကျောက်ကဲ၏လုပ်ရပ်များကို ချီးကျူးပြောဆိုကြပေမည်။

“ကောင်းကင်ကိုးထပ်ကို ကျော်လွန်သွားတဲ့အတွက် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားကို ဂုဏ်ပြုပါတယ်”

ထိုစကားကိုပြောလိုက်ချိန် ချန်ရွှမ်ကျုန်း၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခုရှိနေသော်လည်း လေသံက တည်ကြည်လေးနက်လျှက် ရှိသည်။

ထို့နောက် သူက ရန်ကျောက်ကဲအား လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်လေသည်။

ရန်ကျောက်ကဲကလည်း ချန်ရွှမ်ကျုန်းကို ပြန်လည်ဂါရဝပြုရင်း...

“ကျေးဇူးတင်ပါတယ် နက္ခတ်ဧကရာဇ်”

ရန်ကျောက်ကဲကို ဂုဏ်ပြုစကားဆိုပြီးနောက် ချန်ရွှမ်ကျုန်းက ဆက်ပြောသည်။

“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ် ၊ ဒဏ္ဍာရီဆန်တဲ့ပုဂ္ဂိုလ်တစ်ယောက်က မင်းနဲ့တွေ့ဆုံချင်တယ်လို့ ငါကတစ်ဆင့် စကားပါးခိုင်းလိုက်တယ်”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...

“အိုး... ဘယ်သူများလဲ”

ချန်ရွှမ်ကျုန်းက...

“‌တောင်ပိုင်းချန်စန်းဧကရာဇ်”

ချန်ရွှမ်ကျုန်း၏အဖြေစကားကိုကြားသည်နှင့် ရန်ကျောက်ကဲက မျက်လုံးများကျဉ်းမြောင်းလိုက်သည်။

ချန်ရွှမ်ကျုန်းက ခေါင်းညိတ်လိုက်ပြီး...

“ငါ ဒီနေရာကို ရောက်လာတဲ့အချိန်မှာ ကောင်းကင်ဘုံနန်းတော်က သက်ရှည်နတ်မင်းဘိုးဘိုးရဲ့စီးတော်ဖြစ်တဲ့ သမင်ဖြူနတ်မိစ္ဆာကြီးနဲ့အတူ ပြင်ပတာအိုကျင့်ကြံသူတွေ ၊ အနောက်ဘက် သူတော်စင်ဘုံက ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်တွေ ဒီကို ရောက်လာကြတယ်”

သူက ဆက်ပြောသည်။

“နောက်တော့ တာအိုရောင်းရင်း’လင်ချင်း’ လည်း ရောက်လာတယ် ၊ သူက တောင်ပိုင်းချန်စန်းဧကရာဇ်က မင်းနဲ့ မျက်နှာချင်းဆိုင်တွေ့ချင်တယ်လို့ ပြောသွားတယ်”

All Chapters