တိုးတက်မှုလျှင်မြန်မည်ကိုကြောက်နေရသူ
Vol. 97 Ch. 1357
အခန်း (၁၃၅၇) တိုးတက်မှုလျှင်မြန်မည်ကိုကြောက်နေရသူ
ချန်ရွှမ်ကျုန်းပြောသည့် ‘တာအိုရောင်းရင်း လင်ချင်း’ ဆိုသည်မှာ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ကို ပြောခြင်း ဖြစ်၏။
“တောင်ပိုင်းချန်စန်းဧကရာဇ်” ဆိုသည်က တာအိုဝါဒ၏ ဧကရာဇ်(၄)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။
‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ဆိုသောအမည်ကို ကြားလိုက်ရသည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများထဲ အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး အတွေးထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားတော့သည်။
ချန်ရွှမ်ကျုန်းပြောသည့်အတိုင်းပင် ထိုဧကရာဇ်က “ဒဏ္ဍာရီ” ဆိုသော ဘွဲ့ထူးဂုဏ်ထူးနှင့် သဘာဝကျကျ ထိုက်တန်သူ ဖြစ်၏။
တောင်ပိုင်းချန်စန်းဧကရာဇ်ကို “ယွိချင်ဘုရင်” ဟုလည်း ခေါ်ဆိုကြပြီး သူ၏ ဘွဲ့နာမည်အပြည့်အစုံမှာ “မိုးကောင်းကင်ယွိချင်ဘုရင်ချန်စန်းဧကရာဇ် ထုန်ထျန်းယွမ်စန့်သူတော်စင်” ဟူ၍ ဖြစ်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ် ၊
ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ် ၊
မဟာဖြောင့်မတ်သူအလင်းရှင်မြေကမ္ဘာဘုရင်မ ၊
မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်။
သူတို့အားလုံးက တာအိုဝါဒ၏ ဧကရာဇ် (၄)ပါး ဟု ခေါ်ဆိုကြသည်။
ထို့ပြင် ဧကရာဇ်(၄)ပါးအနက် တောင်ပိုင်းချန်စန်းဧကရာဇ်က စန်းချင်း(၃)ပါး အဆက်အနွယ်များထဲတွင် အကောင်းဆုံး အသက်ရှင်နေထိုင်မှု အခြေအနေရှိသူဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက ယွိချင်အဆက်အနွယ် ယွမ်စီထျန်းကျွင်း၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။
***
ရှေးခေတ်အချိန် နတ်ဘုရားများအုပ်စိုးစဉ်ကာလသို့ ပြန်သွားမည်ဆိုပါက ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ မဝင်ရောက်မီ ယွမ်စီထျန်းကျွင်း၏လမ်းညွှန်မှုအောက်တွင် ရှိစဉ်အခါက သူ့ကို ‘တောင်ပိုင်းချန်စန်းနတ်ဘုရား’ ဟု ခေါ်ဆိုခဲ့ကြသည်။
‘တောင်ပိုင်းချန်စန်းနတ်ဘုရား’ ဆိုသည်မှာ ‘တောင်ပိုင်းသက်ရှည်ကြယ်ဘိုးဘိုး’ နှင့် တူညီခြင်းမရှိပေ။ တောင်ပိုင်းသက်ရှည်ကြယ်ဘိုးဘိုးဆိုသည်က ‘သက်ရှည်နတ်မင်းဘိုးဘိုး’ ကို ပြောခြင်း ဖြစ်၏။
နတ်ဘုရားများအုပ်စိုးသည့်ခေတ်ကာလသို့ ရောက်ရှိပြီးနောက် ‘တောင်ပိုင်းချန်စန်းနတ်ဘုရား’ က ကောင်းကင်ဘုံနန်းတော်သို့ဝင်ရောက်ခဲ့ပြီး သူ၏အမည်ကို ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ဟု ပြောင်းလဲခဲ့သည်။
ထိုနာမည်က ယနေ့ထိတိုင် တည်ရှိနေခဲ့လေသည်။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် လမ်းမှန်တာအိုဝါဒ ပြန်လည်ထွန်းကားလာမည့်အချိန်ကို စောင့်မျှော်နေချိန် အဆက်အနွယ်တစ်ခုချင်းစီက ဘာမှမကျန်တော့သည်အထိ ဆုတ်ယုတ်လုနီးပါးဖြစ်နေကာ အင်အားကြီးမားသူဆို၍ အနည်းငယ်သာ ကျန်ရစ်တော့သည်။
နှစ်ပေါင်းများစွာကြာမှာ အတော်အတန်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လမ်းမှန်တာအိုဝါဒ အထွတ်ထိပ်သို့ ပြန်လည်ရောက်ရှိလာသည့် လက္ခဏာများ တစ်ဖန်ပြသလာခဲ့သည်။
ရန်ကျောက်ကဲ၏အဘိုး ၊ ယွဲ့ကျန့်ပေ၏ဆရာဖြစ်သူ ‘ရန်ရှင်းထန်’ က တာအိုဆရာ’ယွိတင်’ ၏ အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။
နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ ကတော့ ယွိချင်အဆက်အနွယ်၏ ကျော်ကြားသူတစ်ယောက်ဖြစ်သော ‘ကုနာနတ်ဘုရား’ ယွင်ကျုန်းကျီ၏အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ၏ အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် ချီလင်ကမ်းပါး အဆက်အနွယ်မှာ မူလအခြေခံအားဖြင့် ကွမ်းချန်ထျန်းကျွင်း၏အဆက်အနွယ်မှ ဆင်းသက်လာခြင်း ဖြစ်၏။
အနောက်မြောက်ထိပ်တန်းအရှင်သခင်’လျန်ကျူးလင်’ ၏ ပင်လယ်နီအဆက်အနွယ်မှာ ‘ချိကျင်းကျီ’ အဆက်အနွယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
အထက်ဘုံကမ္ဘာ၏ အုပ်စိုးရှင်(၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော ‘ဖယောင်းနေခြည်ဧကရာဇ်’ က ပုံရိပ်ယောင်အရှင်၏ အဆက်အနွယ်မှ ဆင်းသက်လာခြင်း ဖြစ်၏။
ရန်ကျောက်ကဲ၏မိခင်’ရွှယ်ချူးချင်’ ၏ တည်ထောင်သူဆရာဘွားဘွားဖြစ်သော ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ ၏ အဆက်အနွယ်ကတော့ အထက်ဘုံကမ္ဘာမှ အရှေ့မြောက်ထိပ်တန်းအရှင်သခင်’လျိုကျန်းကူ’ ၏ ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်အဆက်အနွယ် ၊ သေဆုံးသွားပြီဖြစ်သော အရှေ့ပိုင်းထိပ်တန်းအရှင်သခင်’တာအိုဆရာထျန်းယိ’ ၏ အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်နှင့် အတူတူပင်ဖြစ်သည်။
ဤအဆက်အနွယ် (၃)ခုလုံးက ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ၏ အဆက်အနွယ်မှ ဆင်းသက်လာသူများ ဖြစ်ကြသည်။
နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ နှင့် လဝန်ထက်ယံအရှင်သခင်’လင်ချင်း’ တို့ကတော့ မဟာကပ်ဘေးကြီးမတိုင်မီက ကောင်းကင်ဘုံနန်းတော်မှ ဆင်းသက်လာသူများဖြစ်ကြပြီး ယခင်က ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ၏ ဟောပြောလမ်းညွှန်မှုများကို ခံယူခဲ့ဖူးကြသည်။
ဤသို့ဆက်နွယ်မှုများကြောင့် စန်းချင်း(၃)ပါးအဆက်အနွယ်ကျင့်ကြံသူများအနေဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မည်သို့ပင် အယူအဆ ကွဲလွဲနေစေကာမူ အများစုက သူ့ကို ရိုသေလေးစားကြသည်ပင်။
ချန်ရွှမ်ကျုန်းသည်ပင် သူ၏သတင်းစကားကို ရန်ကျောက်ကဲထံ တလေးတစားဖြင့် ယူဆောင်လာခဲ့သည် မဟုတ်ပါလား။
အထက်ဘုံကမ္ဘာကို ခွဲထုတ်ယူဆောင်သွားခြင်းကြောင့် နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်ခဲ့ရခြင်းများရှိသော်လည်း ယခုတော့ အရာအားလုံးပြီးဆုံးသွားပြီဖြစ်သည်။
လက်ရှိတွင် နှစ်ဖက်စလုံး မည်သည့်ပဋိပက္ခမှ မရှိတော့ပေ။
ပြောရလျှင် တောင်ပိုင်းချန်စန်းဧကရာဇ် ၊ ကောင်းဟန်နှင့် လင်ချင်းတို့အုပ်စုက ရန်ကျောက်ကဲနှင့် တစ်လမ်းတည်းလျှောက်သူများဟုဆိုနိုင်ပြီး ပြင်ပတာအိုကျင့်ကြံသူများကို ကိုင်တွယ်ရာတွင် တစ်သဘောတည်း ရှိခဲ့သည်။
ထို့ပြင် ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် တွေ့ဆုံရန် ဆန္ဒရှိမရှိဆိုသည်မှာ သူ့အပေါ်တွင်သာ မူတည်သည်။
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီးနောက်...
“တောင်ပိုင်းချန်စန်းဧကရာဇ်က ကျွန်တော့်ကို ဆင့်ခေါ်တယ်ဆိုတော့... ကျွန်တော့်ဘက်က အဖြေတော့ပြန်ပေးရမှာပေါ့”
ရန်ကျောက်ကဲနှင့် နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ကြားတွင် ထင်ရှားသောပဋိပက္ခ သို့မဟုတ် မဖြေရှင်းနိုင်သောအမုန်းတရားများရှိမနေသည့်တိုင် ရန်ကျောက်ကဲက ကောင်းဟန်ကို သတိထားနေဆဲ ဖြစ်သည်။
အကြောင်းမှာ ကောင်းဟန်က သူ့ကို အချိန်မရွေး သစ္စာဖောက်သွားနိုင်သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကိုယ်တိုင်က တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ဆက်သွယ်ရန် ဆန္ဒရှိနေလေသည်။
အဘယ်ကြောင့်ဆိုသော တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် သွားရောက်တွေ့ဆုံခြင်းဖြင့် လက်ရှိအခြေအနေကို ပိုမိုနက်ရှိုင်းစွာနားလည်လာနိုင်ပြီး အမှန်တရားကိုလည်း ပိုမိုသိရှိလာနိုင်ပေမည်။
ထို့ပြင် သူ့စိတ်ထဲတွင် နားမလည်သည့်မေးခွန်းတချို့ရှိနေသည်ဖြစ်ရာ တောင်ပိုင်းချန်စန်းဧကရာဇ်က ထိုမေးခွန်းပဟေဠိများကို ဖြေရှင်းပေးနိုင်မည်ဟု တွေးထားခဲ့သည်။
ကိစ္စရပ်များကိုသိရှိပြီးနောက် ရန်တိက သားဖြစ်သူကို အကြံပေးစကားဆိုလိုက်သည်။
“တောင်ပိုင်းချန်စန်းဧကရာဇ်က မင်းကို ဆင့်ခေါ်တာဆိုတော့... ငါတို့က မင်းနေရာကို အစားထိုးလို့မရဘူး”
သူက ဆက်ပြောသည်။
“တောင်ပိုင်းချန်စန်းဧကရာဇ်က မင်းကို အခက်တွေ့အောင်တော့ လုပ်မှာမဟုတ်ပါဘူး ၊ ဒါပေမဲ့ မင်းရဲ့နောက်ကွယ်မှာ တခြားသူတွေ တစ်ခုခုလုပ်နိုင်တာကိုတော့ သတိထားရမယ်”
ရွှယ်ချူးချင်ကတော့ တိတ်ဆိတ်စွာပင်ရှိနေပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။
ပြောရမည်ဆိုလျှင် သူမ၏အဆက်အနွယ်က တောင်ပိုင်းချန်စန်းဧကရာဇ်၏အဆက်အနွယ် ဖြစ်လေရာ ၊ လက်ရှိအချိန်တွင် ရန်ကျောက်ကဲအား တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် သွားရောက်တွေ့ဆုံရန် တွန်းအားပေးခြင်း ၊ သို့မဟုတ် တွေ့ဆုံခြင်းမပြုရန် ကန့်ကွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပေ။
ထို့ကြောင့် သူမက စကားဝင်မပြောဘဲ ရန်ကျောက်ကဲကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အခွင့်ပေးခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက ရန်တိကို ကြည့်ရင်း...
“အဖေပြောတာ မှန်ပါတယ် ၊ ကျွန်တော်လည်း အဲဒီပြဿနာကိုပဲ စဉ်းစားနေတာ”
ထို့နောက် သူက ရွှယ်ချူးချင်ဘက်သို့လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး...
“နေဝန်းထက်ယံအရှင်သခင်ကို ယုံကြည်လို့မရဘူး”
ထို့နောက် သူက ဘေးနားတွင်ရှိသော ဖန်းယွင်ရှန်းကို လှည့်ကြည့်လိုက်ပြီး...
“ယွင်ရှန်း... ငါနဲ့အတူလိုက်ခဲ့နော် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်က ငါတို့လို အငယ်တွေကိုတော့ အခက်တွေ့အောင် မလုပ်လောက်ပါဘူး ၊ ဒါဆို သိပ်ပြီး ပြဿနာမရှိလောက်ဘူး”
ဖန်းယွင်ရှန်းက ပြုံးလျှက် ခေါင်းညိတ်ရင်း...
“ကောင်းပြီ... ကျွန်မတို့အနေနဲ့ ပြင်ပတာအိုကျင့်ကြံသူတွေ ၊ နတ်မိစ္ဆာတွေနဲ့ အနောက်ဘက် သူတော်စင်ဘုံကလူတွေကို သတိထားဖို့တော့လိုတယ်”
ရန်ကျောက်ကဲ၏ထိန်းချုပ်မှုအောက်တွင် အဂ္ဂိရတ်ခန်းမကို ထျန်းစူးစကြာဝဠာအဖြစ် ပြောင်းလဲထားသော်လည်း ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမတွင် အချိန်တိုင်းနေထိုင်ပြီး ထိန်းချုပ်ပေးနေရန် မလိုအပ်ပေ။
အရာရာက မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိနေပြီးဖြစ်လေရာ အစီအစဉ်အတိုင်း ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက ထျန်းစူးစကြာဝဠာအနေဖြင့် တည်ငြိမ်နေမည် ဖြစ်သည်။
အပြောင်းအလဲတစ်ခုခုလုပ်ဆောင်မှသာ ရန်ကျောက်ကဲကို လိုအပ်ပေမည်။
ရွှယ်ချူးချင်က အဂ္ဂိရတ်ခန်းမကိုဦးဆောင်ပြီး အစီအရင်ကို ထိန်းသိမ်းထားမည်ဆိုပါက မည်သည့်မူမမှန်မှုမှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။
ထို့နောက် ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကောင်းချင်းရွှမ် ၊ လုန်ရှင်းချွမ်းနှင့်အခြားသူများကို အသိပေးပြီးနောက် ဖန်းယွင်ရှန်းနှင့်အတူ ထျန်းစူးစကြာဝဠာမှ ထွက်ခွာသွားခဲ့သည်။
လမ်းတွင် ဖန်းယွင်ရှန်းက သက်ပြင်းတစ်ချက်ချရင်း...
“နောက်ဆုံးတော့ နွယ်ပင်ဧကရီ ထွက်ခွာသွားပြီပဲ”
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း...
“သူ့ကို လွှတ်ထားလိုက်ပါ ၊ ငါတို့လည်း ဘာမှလုပ်ပေးလို့ရတာ မဟုတ်ဘူးလေ”
သူက ဖန်းယွင်ရှန်းကိုကြည့်လိုက်ပြီး...
“မင်းရော ဘယ်လိုလဲ ၊ အခြေအနေ ဆက်ပြီးတည်ငြိမ်နေရဲ့လား”
“တခြားသူတွေနဲ့ မတိုက်ခိုက်ဘူးဆိုရင် နောက်ထပ် နှစ်နည်းနည်းလောက်တော့ ဆက်ထိန်းထားနိုင်ဦးမယ်ထင်တယ်”
ဖန်းယွင်ရှန်းမျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းများဖြင့် ပြည့်နက်နေသည်။
ရန်ကျောက်ကဲ တစ်ချက်ပြုံးလိုက်သော်လည်း သူ့မျက်နှာထက်တွင် စိတ်ခံစားချက်များ ရောထွေးနေသည်။
အခြားသူများအနေဖြင့် မည်သည့်အရာကိုမဆို ဆက်လက်တိုးတက်ရန် ကြိုးစားလေ့ရှိကြသည်။ သို့သော် သူ့ဇနီးကတော့ သူမ၏တိုးတက်မှုကို နှေးကွေးအောင်ပြုလုပ်ရန် ကြိုးစားနေရသည်။
ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြပြီး စကားပြောရင်းဆိုရင်းဖြင့် ဗလာနယ်ကိုဖြတ်သန်းခရီးနှင်လာခဲ့ကာ နက္ခတ်ဧကရာဇ်ပြောသည့် တည်နေရာသို့ ဦးတည်ခဲ့ကြသည်။
မကြာမီ သူတို့ ထူးခြားလှသည့် သီးခြားဗလာနယ်တစ်ခုဆီသို့ ရောက်ရှိလာသည်။
သီးခြားဗလာနယ်အတွင်းသို့ ဝင်လိုက်သည်နှင့် သူတို့ကိုစောင့်ဆိုင်းနေသော မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀)ခန့်က တာအိုစကြာဝဠာတိုက်ပွဲတွင် ရန်ကျောက်ကဲတို့ ထိုမိန်းမပျိုနှင့် တစ်ခါတွေ့ဆုံခဲ့ဖူးသည်။
သူမက အခြားသူမဟုတ် ၊ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ပင် ဖြစ်ပေ၏။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့နှစ်ယောက်လုံး လင်ချင်းကို နှုတ်ဆက်စကားဆိုလိုက်ကြသည်။
“လဝန်းထက်ယံအရှင်သခင်ကို နှုတ်ဆက်ပါတယ်”
လင်ချင်းကလည်း မယိမ်းယိုင်သောမျက်နှာထားဖြင့် သူတို့ကို ယဉ်ကျေးစွာပင် ပြန်လည်နှုတ်ဆက်သည်။
ထို့နောက် သူမက သူတို့နှစ်ယောက်ကို တစ်ချက်အကဲခတ်လိုက်သည်။
လင်ချင်းက ဖန်းယွင်ရှန်းနှင့်ပိုပြီးဆက်နွယ်မှုရှိသော်လည်း သူမက ဖန်းယွင်ရှန်းကို သိပ်ပြီးအာရုံမစိုက်ဘဲ ရန်ကျောက်ကဲကိုသသာ အတန်ကြာ အကဲခတ်နေခဲ့သည်။
ပြီးမှ သူမက အကြည့်များကို ရုတ်သိမ်းလိုက်ပြီး...
“မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့ကြပါ”
ပြောပြီးသည်နှင့် သူမက ပေါ့ပါးစွာပင် ပျံသန်းလျှက် သီးခြားဗလာနယ်အတွင်းမှသည် နက်ရှိုင်းပြီးအဆုံးမရှိသော ပြင်ပဗလာနယ်ဆီသို့ ဦးတည်ထွက်ခွာသွားလေတော့၏။