တောင်ပိုင်းချန်စန်းဧကရာဇ်
Vol. 97 Ch. 1358
အခန်း (၁၃၅၈) တောင်ပိုင်းချန်စန်းဧကရာဇ်
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့သည်လည်း ဗလာနယ်ကိုဖြတ်ကျော်ပျံသန်းရင်း လင်ချင်းနောက်သို့ အတူတူလိုက်ပါသွားကြသည်။
ဤသီးခြားဗလာနယ်တွင် အချိန်စီးဆင်းမှုက လုံးဝ အစီအစဉ်တကျ မရှိပေ။
ရန်ကျောက်ကဲက သူ၏ အချိန်ကိုထိန်းချုပ်နိုင်မှုအပေါ် အခြေခံပြီး ဤနေရာမှ အချိန်စီးဆင်းမှုကို အကဲဖြတ်နိုင်ခဲ့သည်။ သို့တိုင် အပြင်လောက၏အချိန်စီးဆင်းမှုကိုအခြေခံပြီး အချိန်မည်မျှကြာမြင့်သည်ကို ခန့်မှန်းနိုင်စွမ်း မရှိခဲ့ပေ။
အလွန်လျှင်မြန်စွာပင် သူတို့ ထိုသီးခြားဗလာနယ် စကြာဝဠာအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။
အချိန်ကြာမြင့်စွာ ရှေ့ဆက်ခရီးနှင်လာပြီး ဗလာနယ်အလွှာများစွာကို ဖြတ်ကျော်ပျံသန်းပြီးနောက် သူတို့ရှေ့တွင် အလွန်ကျယ်ပြန့်သော ကြယ်စင်တိမ်တိုက်ကွင်းပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။
အခိုးအငွေ့ဟင်းလင်းပြင်က ခရုပတ်နွယ်လိမ်ပမာ အဆက်မပြတ်လှည့်ပတ်နေသည်။
ကြင်စင်ရောင်ခြည်တန်းများက ခရုပတ်နွယ်လိမ်ထဲတွင် လှည့်ပတ်လျှက် အခိုးအငွေ့ဟင်းလင်းပြင်မှ အဝေးသို့ လွင်မျောသွားကြကာ ဗလာနယ်အဝေးဆီသို့ ပျံသန်းသွားကြပြီး ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။
ထိုအရာကိုတွေ့မြင်သည်နှင့် ရန်ကျောက်ကဲ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
***
ဤနေရာက သူတို့တွေ့ဆုံရမည့်မနေရာ ဖြစ်နိုင်သည်။
လက်ရှိတွင် အမတခုံရုံး ၊ သုခဘုံ ၊ နတ်မိစ္ဆာမျိုးနွယ်များနှင့် လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများဖြစ်သည့်’သူတော်စင်ဘုံ’ တို့က အချင်းခင်း စစ်ခင်းနေကြသည်။
သို့ပေသိ တိုက်ပွဲမည်မျှပြင်းထန်ပါစေ ၊ သူတို့၏စိတ်အာရုံများ မည်မျှအလုပ်များနေပါစေ သူတို့က လမ်းမှန်တာအိုဝါဒမှ ကောင်းကင်ဘုံအရှင်များ၏ လှုပ်ရှားမှုသဲလွန်စကို ရှာဖွေနေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့က ငရဲကိုးထပ်ကိုလည်း အလွတ်မပေးဘဲ စောင့်ကြည်နေကြဆဲ ဖြစ်၏။
တောင်ပိုင်းချန်စန်းဧကရာဇ်က နိုးတစ်ဝက်အိပ်တစ်ဝက်အခြေအနေဖြင့် လွင့်မျောနေခြင်းမှ နိုးထလာပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကဲ့သို့ လောကထဲဆင်းသက်လာမည်ဆိုပါက ရန်သူများ၏ အာရုံစိုက်မှုကို ခံရပေမည်။
သို့ဖြစ်ရာ ဤအခိုးအငွေ့ဟင်းလင်းပြင်က တောင်ပိုင်းချန်စန်းဧကရာဇ်၏တည်ရှိမှုကို ဖုံးကွယ်ထားရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အနည်းဆုံး အချိန်ခဏတာမျှ ထိရောက်မှု ရှိနိုင်ပေသည်။
ထင်သည့်အတိုင်းပင် ဤအခိုးအငွေ့ဟင်းလင်းပြင်သို့ရောက်သည်နှင့် လင်ချင်းက စကားဆိုလိုက်သည်။
“ငါတို့ ရောက်ပြီ...”
ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းတို့ ခေါင်းညိတ်လိုက်ကြပြီး အခိုးအငွေ့ဟင်းလင်းပြင်၏ ဗဟိုချက်ဖြစ်သော ခရုပတ်နွယ်လိမ်အတွင်းသို့ သူမနှင့်အတူ လိုက်ပါသွားကြသည်။
ဤနေရာတွင် လှည့်ပတ်နေသည့် ကြယ်စင်ရောင်ခြည်တန်းများက မျက်စိကျိန်းစဖွယ် ဖြစ်နေပြီး ထိုအလင်းရောင်များ ဖြည်းညင်းစွာ မှေးမှိန်သွားပြီးနောက် သူတို့၏မျက်စိရှေ့တွင် ဝေဝါးသည့်ဗလာနယ်တစ်ခု ထွက်ပေါ်လာသည်။
ဤနေရာပတ်ဝန်းကျင်က ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်နှင့်အ နည်းငယ်ဆင်တူသော်လည်း ကွဲပြားမှုများ ရှိနေသည်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ပြီး ကောင်းဟန်၏ အရိပ်အယောင်ကိုမတွေ့ရသဖြင့် မေးမြန်းလိုက်သည်။
“နေဝန်းထက်ယံအရှင်သခင် မရှိဘူးလား”
လင်ချင်းက...
“သူ ဒီမှာမရှိဘူး ၊ ရှိရင်လည်း ရောက်လာမှာမဟုတ်ဘူး ၊ မင်း သူနဲ့တွေ့ချင်လို့ အခုဆက်သွယ်လိုက်မယ်ဆိုရင်တောင် အချိန်မီရောက်လာနိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“စိတ်မကောင်းစရာပဲ ၊ ကျွန်တော်က သူ့ကိုကျေးဇူးတင်စကားပြောချင်နေတာ”
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော့်ဇနီးက ထူးကဲယင်သရဖူကိုရရှိခဲ့ပြီး ခင်ဗျားနဲ့ဆက်နွယ်လာခဲ့တယ် ၊ ကျွန်တော်က ထူးကဲယန်စည်းတံဆိပ်ကို ရရှိခဲ့တယ် ၊ ကျွန်တော်လျှောက်လှမ်းခဲ့တဲ့ခရီးတစ်လျှောက်လုံး အဲဒီပစ္စည်းရဲ့တန်ခိုးစွမ်းအားကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ရတယ် ၊ ဒီတော့ နေဝန်းထက်ယံအရှင်သခင်ကို ကျေးဇူးတင်သင့်တယ်လေ”
လင်ချင်းက အရေးမစိုက်ဟန်ဖြင့်...
“သူနဲ့တွေ့ခွင့်ရတဲ့အချိန်ကျ အဲဒီအကြောင်းပြောပြလိုက်ပေါ့”
ထို့နောက် သူမက စကားဆက်မပြောတော့ဘဲ ဗလာနယ်ထဲတွင် မတ်တတ်ရပ်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့သည်လည်း ထိုသို့ပင် ပြုလုပ်ခဲ့ကြသည်။
သို့သော် သူတို့နှစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့် အချင်းချင်းစကားပြောနေကြသည်။ လင်ချင်းအနေဖြင့် သူတို့စကားပြောနေကြောင်း သိရှိနိုင်သော်လည်း မည်သည့်အကြောင်းအရာပြောဆိုနေသည်ကိုတော့ သိရှိနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းရင်း...
“ကောင်းဟန်က အတော်သတိရှိတာပဲ...”
သူက ဆက်ပြောလိုက်သည်။
“သူရဲ့အကြံအစည်တွေနဲ့ ပရိယာယ်တွေသာ ဒဏ္ဍာရီတွင်ခဲ့မယ်ဆိုရင်... ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြံခဲ့သူတိုင်းက သူ ဘယ်လိုလူမျိုးလဲဆိုတာ သိကြမှာပဲ”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်ရင်း...
“သူ ပေါ်မလာတာနဲ့ ရှင်စိတ်အေးပြီး သတိလျှော့လိုက်ပြီလား”
“ဘယ်ကလာ...”
ရန်ကျောက်ကဲက တစ်ချက်မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက ပြုံးလိုက်ပြီး...
“သူကလည်း ငါတို့ သတိမလျှော့မှန်း သိပါတယ် ၊ သူ ဒီလိုလုပ်ရတဲ့အကြောင်းရင်းက သူ့ရဲ့စိတ်ရင်းကိုပြချင်တာ ၊ သူက လဝန်းထက်ယံအရှင်သခင်နဲ့ပေါင်းပြီး ငါ့ကိုလှည့်စားတာမဟုတ်ဘူးဆိုတာ သက်သေပြချင်တာ ၊ ဒီတော့... တောင်ပိုင်းချန်စန်းဧကရာဇ်က ငါ့ကို တကယ်ဆင့်ခေါ်တယ်ဆိုတာ သေချာသွားတာပေါ့”
သူစကားပြောနေစဉ်မှာပင် သူ့စိတ်ထဲတွင် ညင်သာသည့်တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာကြောင်း အာရုံခံလိုက်မိသည်။ ဖန်းယွင်ရှန်းသည်လည်း စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
အခိုးအငွေ့ဟင်းလင်းပြင်ထဲမှ မိုးကြိုးပစ်သံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ထိုခဏမှာပင် အခိုးအငွေ့ဟင်းလင်းပြင်တစ်ခုလုံးက ကမ္ဘာဦးကာလ ပရမ်းပတာအခြေအနေသို့ ပြောင်းလဲသွားသည့်ပမာ ထင်မှတ်ရသည်။
မိုးကြိုးပစ်သံများက ကမ္ဘာဦးကာလ ထွက်ပေါ်လာသည့်အသံပမာဖြစ်ပြီး မိုးကြိုးသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်နှင့် ကမ္ဘာဦးကာလ ပရမ်းပတာအခြေအနေ စတင်ဖွင့်လှစ်သည့်ပမာ ဖြစ်သည်။
အချိန်နှင့်နေရာ ပြောင်းလဲသွားသည်။
ဒြပ်စင်(၅)ပါး လည်ပတ်လာသည်နှင့်အမျှ သက်ရှိမျိုးစုံ စတင်မွေးဖွားဖြစ်တည်လာကြပြီး နေ့နှင့်ညသည်လည်း အဆက်မပြတ် ပြောင်းလဲဖြစ်ပေါ်လာသည်။
မိုးကြိုးသံက အလွန်ပြင်းထန်သော တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။
သို့သော်လည် လက်ရှိမှာတော့ ထိုမိုးကြိုးသံက ငြိမ်သက်ခြင်းကမ္ဘာတစ်ခုကိုတည်ဆောက်ပေးနိုင်သည့် သိမ်မွေ့သောဟန်ချက်ညီမှုတစ်ခု ဖြစ်နေပြန်သည်။
ကမ္ဘာလောကအတွင်း ကြီးကျယ်ခမ်းနားသော ရည်ရွယ်ချက်တစ်ခုထွက်ပေါ်လာသည်။ ထိုရည်ရွယ်ချက်က ဤဘုံကမ္ဘာ၏ ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်သည်။
“ယွိချင်အဆက်အနွယ်တပည့်’ရန်ကျောက်ကဲ’ ... တေင်ပိုင်းချန်စန်းဧကရာဇ်ကို ဂါရဝပြုပါတယ်”
ရန်ကျောက်ကဲက မိုးကြိုးသံများဖြင့်ဖုံးလွှမ်းနေပြီး ပကတိဗလာကျင်းနေသည့်ဗလာနယ်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း စကားဆိုလိုက်သည်။
ထိုပုဂ္ဂိုလ် ပေါ်ထွက်လာခြင်းမရှိသေးသည့်တိုင် သူ၏အမှတ်သညာက မှားယွင်းခြင်း မရှိပေ။
တာအိုဝါဒ၏ဧကရာဇ်(၄)ပါးအနက် တစ်ပါးဖြစ်သော ‘တောင်ပိုင်းချန်စန်းဧကရာဇ်’။
ထိုဧကရာဇ်က ရာသီဥတု(၄)ပါး၏ အကူးအပြောင်းကို ထိန်းချုပ်နိုင်စွမ်းရှိပြီး မိုးသက်မုန်တိုင်းကို အလိုရှိသလို ခေါ်ယူနိုင်သည်။
လျှပ်စီးစွမ်းအားကိုသာမက အခြားသူများ၏ကံကြမ္မာကိုပင် ထိန်းချုပ်နိုင်သည်။
သူက ထာဝရအသက်ရှင်သော မိုးကြိုးစွမ်းအား၏ အရှင်သခင်ဖြစ်သည်။
ထို့ကြောင့် သူ့ကို “မိုးကြိုးအရှင် မိုးကြိုးသွားသခင်” ဟုလည်း ခေါ်ဆိုကြခြင်း ဖြစ်၏။
ဖန်းယွင်ရှန်းကလည်း ဗလာနယ်ဆီသို့ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
“ယွိချင်အဆက်အနွယ် တပည့်’ဖန်းယွင်ရှန်း’ တောင်ပိုင်းချန်စန်းဧကရာဇ်ကို ဂါရဝပြုပါတယ်”
လင်ချင်းကလည်း ရိုသေစွာပင် ဂါရဝပြုလိုက်ရင်း...
“ဧကရာဇ်မင်း...”
လင်ချင်းက အေးစက်ပြီး ထူးဆန်းသည့်စရိုက်ရှိသူ ဖြစ်လေရာသူမ၏စိတ်ခံစားချက်များကို မြင်နိုင်ရန် ခက်ခဲသည်။ သို့သော် လက်ရှိမှာတော့ သူက စိတ်ရင်းမှန်ဖြစ် ရိုးသားစွာ ပြုမူနေသည်ဟု ထင်မှတ်ရသည်။
သူမက ကျန်းရှန် ၊ ချန်ရွှမ်ကျုန်းနှင့် ရန်ရှင်းထန်တို့ကဲ့သို့ စန်းချင်း(၃)ပါးအဆက်အနွယ်မှ ဆင်းသက်လာသူတစ်ယောက် မဟုတ်ပေ။
မဟာကပ်ဘေးကြီးမတိုင်ခင်က လင်ချင်းသည ကောင်းကင်ဘုံနန်းတော်မှ မိန်းမပျိုတစ်ယောက်ဖြစ်ပြီး တောင်ပိုင်းချန်စန်းဧရာဇ်ထံမှ လမ်းညွှန်သွန်သင်မှုများကို ရရှိခဲ့သည်။
ပြောရမည်ဆိုလျှင် တောင်ပိုင်းချန်စန်းဧကရာဇ်က သူမ၏ ဆရာတစ်ဝက်ဖြစ်ပေသည်။
သို့သော် တောင်ပိုင်းချန်စန်းဧကရာဇ်ကတော့ အခြားသူများကို လမ်းညွှန်ပြသပေးခြင်းမှာ အချိန်ကုန်လွယ်စေရန် ပြုလုပ်ခြင်းသာ ဖြစ်၏။
မဟာကပ်ဘေးကြီးကာလအတွင်း လင်ချင်းက အသက်ရှင်ကျန်ရစ်ခဲ့ပြီး တောင်ပိုင်းချန်စန်းဧကရာဇ်အနားသို့ ပြန်လည်ရောက်ရှိလာကာ သူ၏ သင်ပြပေးမှုများကို ထပ်မံနာယူခဲ့သည်။
ထို့အခါမှ သူတို့ကြားမှ ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာခဲ့ခြင်း ဖြစ်၏။
တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ သဘောထားကွဲလွဲကြပြီးနောက် လင်ချင်းက သဘာဝအတိုင်း တောင်ပိုင်းချန်စန်းဧကရာဇ်ဘက်တွင် ရပ်တည်ခဲ့သည်။
ဗလာနယ်ထဲတွင် ထူးဆန်းသော မိုးကြိုးသံများပဲ့တင်ထပ်နေပြီး ထိုမိုးကြိုးသံများက နားလည်ရခက်သော ဂီတတေးသွားတစ်ခုပမာ ဖွဲ့စည်းလာသည်။ သို့သော် ထိုဂီတတေးသွားက မိုးနှင့်မြေ၏ အဆုံးစွန်သော ဆင်ခြင်တုံတရားများကို ဖော်ပြနေသည့်ပမာ ထင်မှတ်ရသည်။
ဂီတတေးသွား အနည်းငယ်ပြောင်းလဲသွားသည်နှင့် ရန်ကျောက်ကဲနှင့်အခြားသူများ ထိုဂီတတေးသွားထဲတွင်ပါဝင်နေသော အဓိပ္ပါယ်ကို စတင်နားလည်လာကြသည်။
“ထကြပါ...”
လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့်အသံဖြစ်သော်လည်း ထိုအသံထဲတွင် တည်ငြိမ်အေးချမ်းသည့် အရိပ်အယောင်များ ပါဝင်နေသည်။
လင်ချင်းက...
“ဧကရာဇ်မင်း... ကျွန်မကို ခွင့်ပြုပါဦး”
ဗလာနယ်အတွင်းရှိ မိုးကြိုးသံများဆီမှ စကားပြောသံ ထွက်ပေါ်လာသည်။
“ကိစ္စမရှိပါဘူး ၊ ဒီမှာပဲနေပါ”
လင်ချင်းက ဦးညွှတ်လိုက်ပြီး...
“ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်း”
ထို့နောက် သူမက တခြားစကားများမပြောတော့ဘဲ ရုပ်တုတစ်ခုပမာ တိတ်ဆိတ်စွာဖြင့် ဘေးနားတွင် မတ်တတ်ရပ်နေလိုက်သည်။
ဤသည်ကိုမြင်တော့ ဖန်းယွင်ရှန်းလည်း နေရာမှမထွက်ခွာတော့ဘဲ ရန်ကျောက်ကဲဘေးမှာပင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေလိုက်လေသည်။
မိုးကြိုးသံများကြားမှ အသံက စကားဆက်ပြောလိုက်သည်။
“ကျန်းရွှင်ဟွားက သူမှန်တယ်ထင်တဲ့အရာကို လုပ်တတ်တဲ့အကျင့်ရှိတယ် ၊ သူက ဒီအရှုပ်အထွေးတွေအတွက် အသက်စွန့်ဖို့တောင် ဝန်မလေးခဲ့ဘူး ၊ ဒါပေမဲ့ အခုတော့ သူ့အသက်က ကြိုးစချည်မျှင်တန်းလေးတစ်ခုလောက်ပဲ ဖြစ်နေပြီ”
သူက အဂ္ဂိရတ်ခန်းမအကြောင်း ၊ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာအကြောင်းနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ပတ်သက်သည်များကို ပြောဆိုခြင်းမရှိဘဲ အရင်ဆုံး ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ အကြောင်းကိုသာ ပြောဆိုခဲ့သည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့စိတ်များ ရုတ်ချည်းပင် တင်းကျပ်လာသလို ခံစားလိုက်ရသည်။
“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့ အခွင့်အာဏာကို ခိုးယူထားတယ် ၊ သူက ဒီလိုတောင် လုပ်ရဲတဲ့သတ္တိရှိခဲ့တယ် ၊ ကျန်းရွှင်ဟွားအနေနဲ့ ဒီလိုမျိုးဒုက္ခခံယူရတာ သဘာဝကျပါတယ် ၊ ဒါပေမဲ့ မင်းတို့တွေအတွကတော့ ဒီကိစ္စက အတော်အခက်တွေ့စေခဲ့မှာပဲ”
မမြင်ရသည့်မျက်ဝန်းတစ်စုံက သူမအား စူးစိုက်ကြည့်နေသည်ဟု ဖန်းယွင်ရှန်း ဝေဝါးစွာ ခံစားလိုက်ရသည်။
ထို့နောက် မိုးကြိုးသံများကြားမှ အသံက စကားဆက်ပြောလိုက်သည်။
“ငါ့မှာ ငရဲကိုးထပ်ကလူတွေ မင်းကိုနောက်ယောင်ခံလိုက်တာကို ကာကွယ်ပေးနိုင်တဲ့ ရတနာပစ္စည်းတစ်ခုရှိတယ် ၊ မင်းကို ခဏငှားသုံးလိုက်မယ်”
ထိုစကားကြားတော့ ဖန်းယွင်ရှန်း ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ပြီးမှ ဖန်းယွင်ရှန်းက ဗလာနယ်ရှိရာသို့ ဂါရဝပြုလိုက်ပြီး...
“ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်း”
ပြင်းထန်သောလျှပ်စီးမိုးကြိုးများဖြင့်ဖွဲ့စည်းထားသည့် ငြိမ်သက်ခြင်းကမ္ဘာဆီမှ လျှပ်စီးတစ်ချက်လင်းလက်သွားပြီး ဗလာနယ်ဆီသို့ မိုးကြိုးတစ်ချက် ထိမှန်သွားသည်။
မိုးကြိုးအလင်းရောင်များပျောက်ကွယ်သွားသည်နှင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ရှေ့တွင် သေးငယ်ပြီးလက်ရာမြောက်သော အနက်ရောင် ကျောက်စိမ်းပုလင်းလေးတစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်ကျောက်စိမ်းပုလင်းလေးကိုမြင်တော့ ဖန်းယွင်ရှန်းစိတ်ထဲ အနည်းငယ်တုန်ခါသွားသည်။ ထို့နောက် သူမက ရှေ့သို့ခြေလှမ်းလိုက်ပြီး ပုလင်းလေးကို သိမ်းဆည်းလိုက်လေသည်။
ရန်ကျောက်ကဲက...
“တောင်ပိုင်းချန်စန်းဧကရာဇ်... ကျွန်တော့်ကို ဘာလို့ဆင့်ခေါ်တာလဲဆိုတာ သိပါရစေ”
အကယ်၍ ဤသည်က ဖန်းယွင်ရှန်းနှင့် ဓမ္မအဆုံသတ်ကောင်းကင်နတ်ဆိုး ပတ်သက်သည့်ကိစ္စအတွက်သာ ဖြစ်ခဲ့လျှင် ဤအနက်ရာင်ကျောက်စိမ်းပုလင်းလေးကို အခြားသူတစ်ဦးမှတစ်ဆင့် ပေးပို့နိုင်သည်။
သူက ရန်ကျောက်ကဲကို ဆင့်ခေါ်သည်ဆိုကတည်းက တခြားအကြောင်းရင်းရှိမည်မှာ သေချာသည်။
မိုးကြိုးသံဗလာနယ်ထဲမှအသံက ထပ်မံမြည်ဟည်းထွက်ပေါ်လာသည်။
“အဖြူရောင်ကြာပန်း သုခဘုံအကြောင်းကို မင်း အရင်ကတည်းက ကြားဖူးတယ် မဟုတ်လား”