ဒြပ်စင်ငါးပါးတောင်သို့နောက်တစ်ခေါက်
Vol. 97 Ch. 1359
အခန်း (၁၃၅၉) ဒြပ်စင်ငါးပါးတောင်သို့နောက်တစ်ခေါက်
တောင်ပိုင်းချန်စန်းဧကရာဇ်၏မေးခွန်းကိုကြားတော့ ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် တုန်ခါသွားသည်။
အတိတ်တစ်ချိန်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရယူခဲ့ပြီးနောက် မတော်တဆ အဖြူရောင်ကြာပန်း’သုခဘုံ’ သို့ ရောက်ရှိသွားခဲ့ပြီး ထိုနေရာမှလူတချို့နှင့် ဆက်ဆံခဲ့ဖူးသည်။
ထိုစဉ်အချိန်က သူ၏တည်ရှိမှုကို လျှို့ဝှက်ထားရန်အတွက် အခြားသူများကို သတ်ဖြတ်ခြင်းမပြုခဲ့ပေ။ ပြီးတော့ ထိုသို့ပြုလုပ်ရန်လည်း မလိုအပ်သောကြောင့် ဖြစ်သည်။
ထို့ပြင် ထိုအချိန်က သူ၏ကျင့်ကြံခြင်းမှာလည်း အားနည်းသေးသည်ဖြစ်ရာ အခြားသူများ၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်း မရှိပေ။
သို့ဆိုလျှင် တောင်ပိုင်းချန်စန်းဧကရာဇ်က ဤအကြောင်းကို မည်သို့ သိရှိသွားပါသနည်း။
ရန်ကျောက်ကဲစိတ်ထဲ တွေးတောနေသည့်တိုင် မျက်နှာကတော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး တစ်ချက်မတုံ့ဆိုင်းဘဲ ဖြေကြားလိုက်သည်။
“ဟုတ်တယ်... ကျွန်တော် အဲဒီနေရာကိုရောက်ဖူးတယ် ၊ အဲဒီတုန်းက အနောက်ဘက်’သူတော်စင်ဘုံ’ ရဲ့တည်ရှိမှုကိုမသိသေးတော့ အဖြူရောင်ကြာပန်း’သုခဘုံ’ ကိုပဲ ဗုဒ္ဓဘာသာအမွေအနှစ်ဘက် ကျန်ရှိနေတဲ့ တစ်ခုတည်းသောနယ်မြေလို့ ထင်မှတ်ခဲ့တာပါ”
ဗလာနယ်ထဲရှိမိုးကြိုးသံများကြားမှ အသံက...
“ဟိုးအရင်ကတည်းက အနောက်ဘက်’သူတော်စင်ဘုံ’ က လောကနဲ့ခွဲထွက်ပြီး သီးသန့်နေထိုင်ခဲ့ကြတယ် ၊ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကမှ သူတို့တွေ ဒီလောကမှာ ပြန်လည်ထွက်ပေါ်လာခဲ့တာပဲ”
အသံက ဆက်ပြောသည်။
“ဒါပေမဲ့ သူတို့တွေက အမြဲတမ်းတည်ရှိနေခဲ့တာပါ”
......
ရန်ကျောက်ကဲက တွေးတောစပြုလာသည်။
ဗလာနယ်ထဲရှိ မိုးကြိုးသံများကြားမှအသံက...
“အဖြူရောင်ကြာပန်းသုခဘုံနယ်မြေကိုရောက်တုန်းက မင်း ဘယ်ကမ္ဘာတွေကို ဖြတ်သန်းခဲ့သလဲ”
ခဏမျှတွေးပြီးနောက် ရန်ကျောက်ကဲက ကမ္ဘာအချို့၏နာမည်များကို ထုတ်ဖော်ပြောလိုက်သည်။
ထိုကမ္ဘာနာမည်များက သူ အဖြူရောင်ကြာပန်းသုခဘုံမှ ထွက်ခွာရန်ကြိုးစားစဉ် ဖြတ်သန်းခဲ့သော ကမ္ဘာများဖြစ်လေသည်။
ထိုကမ္ဘာများထဲတွင် ယခုထိတိုင် သူ့စိတ်ထဲ စွဲထင်နေသည့် ‘ကျဲရှင်ကမ္ဘာ’ လည်း ပါဝင်လေသည်။
သို့သော် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် စကားပြောနေချိန်တွင် ထိုစဉ်အချိန်က သူ့စိတ်ထဲမှပဟေဠိများကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိပေ။ သူက ‘ကျဲရှင်ကမ္ဘာ’ ကိုလည်း အခြားကမ္ဘာများနှင့်အတူ ပုံမှန်တိုင်းထုတ်ဖော်ပြောခဲ့ရုံသာ ဖြစ်သည်။
သိုသော် မိုးကြိုးသံများကြားမှအသံက ‘ကျဲရှင်ကမ္ဘာ’ အကြောင်း အထူးတလည် မေးမြန်းလာခဲ့သည်။
“ဗုဒ္ဓဘာသာဘက်က ကမ္ဘာတစ်ခုဖြစ်တဲ့ ‘ကျဲရှင်ကမ္ဘာ’ ... အဲဒီနေရာကိုဝင်ရောက်တဲ့ တည်နေရာကို မင်းမှတ်မိသေးလား”
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“ဟုတ်ကဲ့... အဲဒီကမ္ဘာကို ကျွန်တော် ပြန်ပြီးရှာဖွေပေးနိုင်ပါတယ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်က ဘာများတောင်းဆိုချင်လို့ပါလဲ”
မိုးကြိုးသံများထဲမှ အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ကျဲရှင်ကမ္ဘာတည်ရှိတဲ့ ဗလာနယ်က အတော်လေးထူးခြားတယ် ၊ မဟာကပ်ဘေးကြီးကြောင့် ထိခိုက်ခဲ့ပေမယ့်... အဲဒီမှာ နေရာတစ်ခုကို ပြီးပြည့်စုံစွာ ထိန်းသိမ်းထားနိုင်ခဲ့တယ် ၊ အဲဒီနေရာကို နယ်ခြားတောင်လို့ခေါ်တယ်”
အသံက ဆက်ပြောသည်။
“ငါရရှိတဲ့သတင်း မှန်တယ်ဆိုရင် အဲဒီနေရာမှာ ဖိနှိပ်ခံထားရတဲ့ တည်ရှိမှုတစ်ခုရှိနေတယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး စကားပြောဆိုခြင်းမရှိဘဲ တောင်ပိုင်းချန်စန်းဧကရာဇ်ဆက်ပြောမည့်စကားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
မိုးကြိုးသံများထဲမှအသံက ဆက်ပြောလာသည်။
“မင်း အချိန်ရရင် ကျဲရှင်ကမ္ဘာကို ထပ်ပြီးသွားစေချင်တယ်”
ရန်ကျောက်ကဲက...
“ဧကရာဇ်မင်း... ကျွန်တော်က ငြင်းဆန်ဖို့ ကြိုးစားတာမဟုတ်ပါဘူး ၊ ဒါပေမဲ့ ပုံမှန်ဆိုရင် ကျွန်တော်က စိတ်လိုက်မာန်ပါ လုပ်တတ်တာမျိုးတွေရှိတယ်”
သူက ဆက်ပြီးမေးမြန်းလိုက်သည်။
“အဲဒီ ဖိနှိပ်မှုစည်းတံဆိပ်ကို ဘယ်သူဖန်တီးခဲ့တာလဲ သိနိုင်ပါသလား ၊ ပြီးတော့ ကျွန်တော့်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ဒီတာဝန်ကို ထမ်းဆောင်နိုင်ပါ့မလား”
သူက စကားပြောနေရင်း အကြည့်က လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ထံသို့ ကျရောက်သွားသည်။
မိုးကြိုးသံများထဲမှအသံက ရန်ကျောက်ကဲ၏အပြုအမူကို အရေးမစိုက်ဟန်ဖြင့်...
“အဲဒီကို ကောင်းဟန်နဲ့လင်ချင်းသွားမယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက်က အရမ်းသိသာသွားနိုင်တယ် ၊
“မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ ဝူတန့်မယ်တော် ၊ မကြာခင်ကမှ ကျင့်ကြံခြင်းအဆင့်တက်ထားတဲ့ တာအိုဆရာ’စောမင်ကျန့်’ နဲ့ ငါတို့အကြောင်းတွေကို အဖြူရောင်ကြာပန်းသုခဘုံက လွယ်လွယ်နဲ့သိသွားနိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“မင်းက အရင်တုန်းက ကျဲရှင်ကမ္ဘာကို ရောက်ခဲ့ဖူးတယ်ဆိုတော့ အဲဒီနေရာနဲ့ ရင်းနှီးတယ် ၊ လက်ရှိအချိန်မှာ မင်းရဲ့ဂုဏ်သတင်းကလည်း အတော်လေး ထင်ရှားလာနေပြီဆိုတော့... ဒီအလုပ်ကို လုပ်နိုင်မှာပါ ၊ ဒါပေမဲ့ မင်းက အဂ္ဂိရတ်ခန်းမနဲ့ဆက်စပ်နေတဲ့အတွက် တခြားသူတွေအာရုံစိုက်တာ ခံရလိမ့်မယ် ၊ စိတ်ပူစရာတော့မရှိဘူး... ငါရယ် ၊ ကောင်းဟန်နဲ့လင်ချင်းရယ်က မင်းအတွက် ကာကွယ်ပေးထားမယ် ၊ အဖြူရောင်ကြာပန်းသုခဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေ အာရုံလွဲအောင် လုပ်ထားပေးမယ်”
ယခုအချိန်တွင် အဖြူရောင်ကြာပန်း’သုခဘုံ’ နှင့် အမတခုံရုံးတို့၏တိုက်ပွဲက အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေပေပြီ။ သို့ဖြစ်ရာ သုခဘုံအနေဖြင့် အာရုံစူးစိုက်မှု ခွဲထုတ်နိုင်ခဲ့လျှင်တောင် အကန့်အသတ် ရှိပေလိမ့်မည်။
သုခဘုံနှင့် အမတခုံရုံး၏တိုက်ပွဲများ ငြိမ်သက်သွားပါက ရန်ကျောက်ကဲနှင့် အခြားသူများအနေဖြင့် ထိုသို့သောအခွင့်ကောင်းကို ထပ်မံရရှိတော့မည် မဟုတ်ပေ။
ယခု တောင်ပိုင်းချန်စန်းဧကရာဇ် ရွေးချယ်သောချိန်က အသင့်တော်ဆုံးအချိန် ဖြစ်သည်။
မိုးကြိုးသံများကြားမှအသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ငါက မင်းကို စည်းတံဆိပ်အတွက် သွားခိုင်းတာမဟုတ်ဘူး”
ရန်ကျောက်ကဲမျက်ဝန်းထဲ အလင်းရောင်တစ်ချက် တောက်ပသွားပြီး...
“ဒါဖြင့် ကျွန်တော်က ဘာသွားလုပ်ရမှာလဲ”
တောင်ပိုင်းချန်စန်းဧကရာဇ်က...
“နယ်ခြားတောင်အောက်မှာ ဖိနှိပ်ထားတဲ့တည်ရှိမှုရဲ့ အမှန်တရားက ဘာလဲဆိုတာ အတည်ပြုပေးရုံပါပဲ”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“ဟုတ်ကဲ့ပါ ဧကရာဇ်မင်း”
ခဏမျှစဉ်းစားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ကျွန်တော် နယ်ခြားတောင်အကြောင်း အရင်ကတည်းက ကြားဖူးထားပါတယ်”
“ဒဏ္ဍာရီတွေအရဆိုရင်... ရှေးဟောင်းခေတ်အလယ်ပိုင်းလောက်က အဲဒီနေရာမှာ နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးဖြစ်တဲ့ ‘ချီထျန်းသာ့စန့်’ ကို ချုပ်နှောင်ထားတယ်လို့ပြောတယ် ၊ နောက်မှ ဘုန်းတော်ကြီးတစ်ပါးက သူ့ကိုကယ်တင်ခဲ့ပြီး အနောက်ဘက် လင်စန်းတောင်မှာ ဗုဒ္ဓကျမ်းစာတွေ သွားရောက်ပင့်ဆောင်ခဲ့တယ် ၊ ဒီဖြစ်ရပ်ကြောင့် အနောက်ဒေသက ဗုဒ္ဓဘာသာဟာ မြောက်ပိုင်းကိုပျံ့နှံ့သွားပြီး အလယ်ပိုင်းသုခဘုံကို စည်ပင်ဝပြောစေခဲ့တယ် ၊ အဲဒီနောက် ‘ချီထျန်းသာ့စန့်’ မဟာသူတော်စင်လည်း ဗုဒ္ဓဖြစ်လာပြီး တိုက်တိုင်းအောင်ဗုဒ္ဓလို့ အမည်တွင်ခဲ့တယ်”
မိုးကြိုးသံများကြားမှ အေးဆေးတည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“အမှန်ပဲ ၊ ဒီဒဏ္ဍာရီက အမှန်အတိုင်းပါပဲ ၊ ဒါပေမဲ့ အခုချိန်မှာပြန်ကြည့်ရင် ဒီကိစ္စက အရမ်းစိတ်ဝင်စားစရာကောင်းတယ်”
အသံက ဆက်ပြောသည်။
“တိုက်ဆိုင်စွာပဲ အဲဒီနေရာမှာ ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့ ဖြစ်တည်မှုတစ်ခုကို ဖိနှိပ်ချုပ်နှောင်ထားတယ် ၊ ဒီတော့... အဲဒီသံသယကို ဖြေရှင်းဖို့လိုအပ်တယ်”
ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်သည်။
“ပြည့်စုံခြင်းမရှိသည့်အမှန်တရားက လိမ်လည်မှုတစ်ခုထက်ပိုပြီး လှည့်စားနိုင်စွမ်းရှိတယ်”
ရန်ကျောက်ကဲက ဤနိယာမကို ကန့်ကွက်ခြင်း မရှိပေ။
သို့သော် တောင်ပိုင်းချန်စန်းဧကရာဇ်အနေဖြင့် နယ်ခြားတောင်အောက်တွင် ဖိနှိပ်ခံထားရသည့် သက်ရှိတစ်ယောက်အကြောင်းကို မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သူ လုံးဝ ယုံကြည်ခြင်း မရှိပေ။
တောင်ပိုင်းချန်စန်းဧကရာဇ်က သူ့ကို အဘယ့်ကြောင့်စေလွှတ်ရသည်ကို သိရှိသော်လည်း ဤကိစ္စနောက်ကွယ်တွင် လျှို့ဝှက်ချက်များရှိနေကြောင်း သူ ခံစားရသည်။
ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များအနေဖြင့် ဤကိစ္စကို စိတ်ဝင်စားသည်ဆိုပါက အတည်ပြုနိုင်ရန်အတွက် အရင်ကတည်းက အဘယ့်ကြောင့် လူများမစေလွှတ်ခဲ့ပါသနည်း။
ရန်ကျောက်ကဲ ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူမရရှိခဲ့သော အနက်ရောင်ကျောက်စိမ်းပုလင်းလေးက ဤလုပ်ဆောင်ချက်အတွက် မလွဲမသွေ ဆုလာဘ်တစ်ခု ဖြစ်နိုင်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က ပွင့်လင်းပြတ်သားသူဖြစ်ပြီး သူက ကြိုတင်၍ပင် ဆုလာဘ်ပေးကမ်းခြင်းကို ပြုလုပ်ခဲ့သည်။
ရန်ကျောက်ကဲအနေဖြင့် ငြင်းဆန်၍ရနိုင်သော်လည်း ငြင်းဆန်လိုစိတ်မရှိခဲ့ပေ။
တကယ်တော့ သူကိုယ်တိုင်လည်း နယ်ခြားတောင်ဟုခေါ်ဆိုသော ဒြပ်စင်ငါးပါးတောင်အကြောင်းကို စိတ်ဝင်စားလျှက်ရှိသည်။
အခြားသူများအနေဖြင့် ဤကိစ္စကို မသိရှိနိုင်သော်လည်း ယခင်က ရန်ကျောက်ကဲ ကျဲရှင်ကမ္ဘာအတွင်း ကိုယ်တိုင်ဝင်ရောက်ခဲ့ပြီး နယ်ခြားတောင်အနီးတွင် အချိန်ကြာမြင့်စွာ လှည့်ပတ်ကြည့်ရှုနေခဲ့ဖူးသည်။
ထိုအချိန်ကတည်းက သူ့စိတ်ထဲတွင် အားကောင်းသည့် ခန့်မှန်းချက်တစ်ခု ရှိနေခဲ့၏။
တောင်အောက်တွင် ဖိနှိပ်ချုပ်နှောင်ခံထားရသည်မှာ ရှေးယခင်ကတည်းက လွတ်မြောက်သွားပြီဖြစ်သော မျောက်မင်းပင် ဖြစ်နိုင်သည်။
ထိုအချိန်က ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က အားနည်းနေသလို ဂုဏ်သတင်းသည်လည်း ထင်ပေါ်ကျော်ကြားခြင်း မရှိသေးပေ။
ထို့ကြောင့် သူ သုခဘုံသို့ဝင်ရောက်ခဲ့သည့်တိုင် မည်သူမှ သူ့ကို သတိထားမိခြင်း မရှိခဲ့ပေ။
ယခုတော့ အရာအားလုံးက လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။ သုခဘုံမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များက သူ့ကို အလွယ်တကူပင် အာရုံစိုက်လာနိုင်သည်။
မည်သို့ပင်ဖြစ်စေ တောင်ပိုင်းချန်စန်းဧကရာဇ် ၊ ကောင်းဟန်နှင့် လင်ချင်းတို့က ရန်သူများကို အာရုံလွှဲပေးမည်ဖြစ်လေရာ ဤအခွင့်အရေးက သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။
ထျန်းစူးစကြာဝဠာ ၊ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့နှင့် ပတ်သက်သောကိစ္စများက အဓိကအားဖြင့် ပြီးဆုံးသွားပြီဖြစ်လေရာ မည်သည့်ပြောင်းလဲမှုမှ ကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ပေ။
သူက မကြာသေးမီကမှ နတ်ဘုရားလူသားကပ်ဘေးကို ဖြတ်ကျော်ထားသည်ဖြစ်လေရာ တံခါးပိတ်ကျင့်ကြံရန်လည်း မလိုအပ်သေးပေ။
လောလောဆယ်တွင် ရန်ကျောက်ကဲအတွက် အပြင်လောကသို့ထွက်ပြီးစွန့်စားခြင်းနှင့် မိမိကိုယ်ကို ပိုမိုသန်မာအောင် လေ့ကျင့်ခြင်းက ပိုပြီးအကျိုးရှိပေသည်။
သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် မိမိကိုယ်ကို ပိုမိုသန်မာအောင်ပြုလုပ်ရန်မှာ အချိန်ပေးရမည်ဖြစ်ပြီး ထိုသို့ သန်မာလောင်လုပ်ခြင်းတစ်ခုတည်းကလည်း သူ့အတွက် တိုးတက်မှုမရှိနိုင်ပေ။
အကယ်၍ နယ်ခြားတောင်အောက်တွင်ရှိနေသူက ထိုမျောက်မင်းဖြစ်နေသည်ဆိုလျှင် ထိုမျောက်မင်း၏ ထူးခြားမှုက နတ်မိစ္ဆာမျိုးနွယ် ၊ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒတို့နှင့်ပတ်သက်သော လျှို့ဝှက်ချက်များစွာ ရှိနေနိုင်သည်။
သို့ဖြစ်ရာ လက်ရှိတွင် ရန်ကျောက်ကဲအတွက် ဤခရီးစဉ်၏တန်ဖိုးက အခြားရတနာပစ္စည်းများထက် များစွာသာလွန်သည်။
သူ သတိထားရမည့် တစ်ခုတည်းသော အရာမှာ…
“ဧကရာဇ်မင်း... ကျွန်တော် အချိန်ဘယ်လောက်ရမှာပါလဲ”
ရန်ကျောက်ကဲက မေးလိုက်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က...
“မင်း အဖြူရောင်ကြာပန်း’သုခဘုံ’ ကို ခြေချလိုက်တဲ့အချိန်ကစပြီး (၂)နာရီ အချိန်ရမယ်”
နတ်ဘုရားအဆင့်ရောက်ရှိပြီးသော တန်ခိုးစွမ်းအားရှင်တစ်ယောက်အတွက် ခရီးသွားချိန်ပါဝင်နေလျှင်ပင် အချိန်(၂)နာရီက လုံလောက်သည်ဟု ယူဆနိုင်သည်။
သို့သော် ကျဲရှင်ကမ္ဘာ ၊ နယ်ခြားတောင်အောက်ခြေတွင် မည်သည့်အခြေအနေဖြစ်ပေါ်လာမည်ကို မည်သူ ခန့်မှန်းနိုင်ပါမည်နည်း။
ယခုပုံစံအရဆိုလျှင် (၂)နာရီဆိုသည်က ခဏအတွင်း ကုန်ဆုံးသွားနိုင်သည်။
ရန်ကျောက်ကဲ စိတ်ထဲကတွေးလိုက်သည်။
“ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်ဆိုတာလည်း သတိထားရဦးမယ် ၊ ဘာပဲဖြစ်ဖြစ် အချိန်လုံလောက်နိုင်ပါတယ်လေ”