← Chapters

တာအိုဝါဒ၏’ကောင်းကင်ဘုံအရှင်’ သိမြင်သည့်အရာ

Vol. 97 Ch. 1360

တာအိုဝါဒ၏’ကောင်းကင်ဘုံအရှင်’ သိမြင်သည့်အရာ

Vol. 97 Ch. 1360

အခန်း (၁၃၆၀) တာအိုဝါဒ၏’ကောင်းကင်ဘုံအရှင်’ သိမြင်သည့်အရာ

ရန်ကျောက်ကဲစိတ်ထဲ အလျှင်အမြန်ပင် တွက်ချက်မှုများ ပြုလုပ်လိုက်သည်။

သို့သော် မျက်နှာထက်တွင်တော့ အလွန်ပင် ရိုးသားပွင့်လင်းဟန်ဖြင့်...

“ဧကရာဇ်မင်းရဲ့အမိန့်ဖြစ်တဲ့အတွက် ကျွန်တော် လိုက်နာပါ့မယ် ၊ ဧကရာဇ်မင်း စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ်”

မိုးကြိုးသံများကြားမှအသံက ပဲ့တင်ထပ်ထွက်ပေါ်လာပြီး...

“မင်း အခွင့်အရေးကို အလုံအလောက်အသုံးချနိုင်မယ်ဆိုရင် မဖြစ်နိုင်စရာ ဘာမှမရှိပါဘူး”

ရန်ကျောက်ကဲက...

“ဒါဖြင့် ကျွန်တော် ဒီခရီးစဉ်အတွက် ပြင်ဆင်မှုတွေ ပြန်လုပ်ချင်ပါတယ်”

မိုးကြိုးသံများထွက်ပေါ်နေသည့် ဗလာနယ်ထဲမှအသံက တဖြည်းဖြည်းဝေးကွာသွားပြီး...

“ရတယ်... ကိစ္စမရှိဘူး ၊ မင်း ပြင်ဆင်မှုတွေလုပ်ပြီးရင် လင်ချင်းကို အသိပေးလိုက်ပါ”

ရန်ကျောက်ကဲ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် တောင်ပိုင်းချန်စန်းဧကရာဇ် ထွက်ခွာတော့မည်ကိုသိရှိသဖြင့် ရန်ကျောက်ကဲက ကမန်းကတန်းပင် စကားဆိုလိုက်သည်။

“ဧကရာဇ်မင်းကို ပို့ဆောင်ပါတယ် ၊ ပြီးတော့ ကျွန်တော်တို့ ဝါဒတောင်အဆက်အနွယ်အတွက် ထိပ်တန်းသိုင်းပညာတစ်ရပ်ကို ပေးအပ်တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်”

တောင်ပိုင်းချန်စန်းဧကရာဇ် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြင်းထန်သည့်လျှပ်စီးမိုးကြိုးများ တဖြည်းဖြည်းမှေးမှိန်သွားက အခိုးအငွေ့ဟင်းလင်းပြင်က မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။

***

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို အံ့အားသင့်သလိုကြည့်လိုက်ရင်း...

“တောင်ပိုင်းချန်စန်းဧကရာဇ်က ဘယ်တုန်းက ကျွန်မတို့ဂိုဏ်းကို ထိပ်တန်းသိုင်းပညာတစ်ရပ် ပေးအပ်ခဲ့လို့လဲ ၊ နေဦး... အရင်တုန်းက ဆရာဘိုးဘိုး’ယွမ်ကျန်းဖုန်း’ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနှင့် စိတ်စေရာမိုးကြိုးစွမ်းအားကိုရရှိခဲ့တာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးပေါ့”

ဖန်းယွင်ရှန်း အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်း တဖြည်းဖြည်း သဘောပေါက်သွားသည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်က ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား... ဟုတ်တယ်... အဲဒီ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာက ယွိချင်အဆက်အနွယ်ရဲ့ မူလကျမ်းစာပဲ”

မတူညီသောကျင့်ကြံသူများက တူညီသောသိုင်းပညာတစ်ရပ်ကို သိရှိနားလည်ရန်ကြိုးစားသည့်အခါ ထိုသူများ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ သူတို့၏ကိုယ်ပိုင်နားလည်မှုများနှင့် သိမြင်မှုများက ကွဲပြားသွားကြသည်။

ဆရာတစ်ယောက်တည်းထံမှ ပညာသင်ကြားခဲ့သော တပည့်များပင်လျှင် တူညီသောသိုင်းပညာရပ်တစ်ခုအပေါ် နားလည်မှုကွဲပြားမှု အနည်းငယ် ရှိနိုင်သည်။

ထိုသို့ နားလည်မှုကွဲပြားသွားကြသည့်တပည့်များက သူတို့၏တပည့်များကို ဆက်လက်သင်ပြပေးမည်ဆိုလျှင် နောက်ပိုင်းမျိုးဆက်တပည့်များ၏နားလည်မှုသည်လည်း ထပ်မံကွဲပြားသွားပေလိမ့်မည်။

သူတို့အနေဖြင့် တူညီသည့်ဂိုဏ်းတစ်ခုမှ ဆင်းသက်လာကြသည့်တိုင် မတူညီသည့်နားလည်မှုများကို ပိုင်ဆိုင်ထားပြီး ထူးခြားမှုတစ်မျိုးစီ ရှိနေကြပေလိမ့်မည်။

ယွိချင်အဆက်အနွယ်၏ မူလကျမ်းစာဆိုသည်မှာ ဆရာဘိုးဘိုး’ယွိချင်’ ယွမ်စီထျန်းကျွင်းကိုယ်တိုင် ဟောပြောသွန်သင်ခဲ့သည်များအား မှတ်တမ်းပြုစုထားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

တူညီသောရင်းမြစ်မှ ဆင်းသက်လာသည့်တိုင် ဤကောင်းကင်ကျမ်းစာတွင်ပါဝင်သည့် အချက်အလက်များကို နောက်ပိုင်းမျိုးဆက်များက နားလည်နိုင်စွမ်း မရှိကြပေ။

ထိုကျမ်းစာက မဟာာအိုအပေါ် ယွမ်စီထျန်းကျွင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အနီးစပ်ဆုံး ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်က ထိုကျမ်းစာကို ဘယ်လောက်အထိ နားလည်မည်လဲဆိုသည်မှာ နောက်ပိုင်းမျိုးဆက်အပေါ်တွင် မူတည်မည်ဖြစ်ပြီး သူတို့ရရှိသော နားလည်မှုပမာဏသည် အခြားသူများနှင့်နှိုင်းယှဉ်ပါက ပိုမိုအားနည်းနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ယွမ်ကျန်ဖုန်းရရှိလိုက်သည့်ကောင်းကင်ကျမ်းစာက အစစ်အမှန်ဆုံးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

ထိုကျမ်းစာက မူရင်းကျမ်းစာဖြစ်ပြီး ယွိချင်အဆက်အနွယ်မှ ဆရာဘိုးဘိုး’ယွမ်စီထျန်းကျွင်း’ ၏ သင်ကြားမှုများကို ရှင်းလင်းပြရာတွင် အနီးစပ်ဆုံး ဖြစ်သည်။

အရင်က တာအိုစကြာဝဠာ ၊ အထက်ဘုံကမ္ဘာ၏အုပ်ချုပ်မှုအောက်တွင်ရှိသော ‘ယန်ဖူကမ္ဘာ’ တွင် ယွမ်ကျန်းဖုန်း ရှေးဟောင်း‌ ကျောက်ဂူအိမ်တော်တစ်ခုသို့ဝင်ရောက်မိပြီး “ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ” ကို ရရှိခဲ့သည်။

ဤသည်က ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ အတွင်းရှိမှတ်တမ်းများသည် ယွမ်စီထျန်းကျွင်း၏ဟောပြောချက်ကို ကိုယ်တိုင်နားထောင်ခဲ့သူတစ်ဦးမှ ဆင်းသက်လာကြောင်း ညွှန်ပြနေသည်။

စိတ်စေရာမိုးကြိုးစွမ်းအားနှင့် ပေါင်းစပ်လိုက်သည့်အခါ ရန်ကျောက်ကဲသံသယဝင်မိသည်မှာ ထိုကျောက်ဂူအိမ်တော်ထဲတွင် ကျမ်းစာများထားခဲ့သူမှာ “ယွိချင်မိုးကြိုးအရှင်” __ တောင်ပိုင်းချန်စန်းဧကရာဇ်ပင် ဖြစ်ရမည်ဆိုသောအချက် ဖြစ်သည်။

သို့သော် ထိုအချိန်က တောင်ပိုင်းချန်စန်းဧကရာဇ်အပါအဝင် လမ်းမှန်တာအိုဝါဒမှ အခြားသော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်ကြီးများနှင့်ပတ်သက်ပြီး သူ၏ သတင်းအချက်အလက်များက ကန့်သတ်ချက် ရှိနေခဲ့သည်။

ထို့ကြောင့် သူက ထိုအကြောင်းများကို အလွန်အမင်း တွေးတောခဲ့ခြင်း မရှိပေ။

ဖြစ်နိုင်သည်မှာ ဤ ကျောက်ဂူအိမ်တော်က တောင်ပိုင်းချန်စန်းဧကရာဇ် ချန်ထားခဲ့‌သော အိမ်တော်တစ်ခုဖြစ်နိုင်ပြီး တိုက်ဆိုင်စွာပင် ဝါဒတောင်နှင့် ယွမ်ကျန်းဖုန်းအတွက် အကျိုးအမြတ်ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် ယခုတော့ ရန်ကျောက်ကဲ၏အတွေးက ထိုသို့မဟုတ်တော့ပေ။

ယခု သူ တွေးတောနေသည်မှာ ဝါဒတောင် သို့မဟုတ် သူကိုယ်တိုင်သည် တောင်ပိုင်းချန်စန်းဧကရာဇ်၏စောင့်ကြည့်မှုအောက်သို့ မည်သည့်အချိန်က ရောက်ရှိသွားခဲ့သည်ဆိုသောအချက် ဖြစ်သည်။

ယခင်က ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနှင့် စိတ်စေရာမိုးကြိုးစွမ်းအားတို့ကို တောင်ပိုင်းချန်စန်းဧကရာဇ်က တမင်သက်သက်ချန်ထားခဲ့ခြင်းဖြစ်နိုင်သည်။ အကြောင်းမှာ ကြိုတင်ရင်းနှီးမြှုပ်နှံခြင်းက ပိုမိုကောင်းမွန်သည် မဟုတ်ပါလား။

ယခု ရန်ကျောက်ကဲနှင့် ဝါဒတောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်ဦးနှစ်ဖက် တရားဝင် ထိတွေ့ဆက်ဆံမှုများ စတင်လာခဲ့သည်။

သို့သော် တောင်ပိုင်းချန်စန်းဧကရာဇ်က သူတို့ကို မည်သည့်အချိန်က စတင်ပြီး စောင့်ကြည့်နေခဲ့သည်ကို မသိရပေ။

အခြားသူများအနေဖြင့် ဤကိစ္စကို နက်နက်နဲနဲ သိမြင်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲကတော့ ကောင်းကင်ဘုံနန်းတော် ၊ သိုင်းကျမ်းစာကြည့်တိုက်၏ ခန်းမဝိညာဉ်ဖြစ်ခဲ့ပြီး ကောင်းကင်ဘုံနန်းတော်နှင့်အတူ ပျောက်ကွယ်ပျက်ဆီးသွားကာ အချိန်အတော်ကြာမြင့်ပြီးမှ ပြန်လည်မွေးဖွားလာသူ ဖြစ်သည့်အတွက် ဤကိစ္စကို နက်နက်နဲနဲ သိမြင်နိုင်ခဲ့ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူရင်ဆိုင်နေရသည်မှာ ကောင်းကင်ဘုံနန်းတော်တွင် ထင်ရှားသော ဧကရာဇ်များထဲမှတစ်ဦးဖြစ်သည့် တောင်ပိုင်းချန်စန်းဧကရာဇ် ဖြစ်နေသောကြောင့်ပင်။

တောင်ပိုင်းချန်စန်းဧကရာဇ်နှင့်တွေ့ဆုံသည့်အခါ သူက ဤကိစ္စကို စုံစမ်းစစ်ဆေးရန် ရည်ရွယ်ခဲ့သည်။

ယခု သူ ရရှိခဲ့သော ဆုလာဘ်များက သူမျှော်လင့်ထားသည်ထက် ပိုမိုကြီးမားကျယ်ပြန့်နေခဲ့သည်။

“အရင်က ငါ သံသယဝင်ခဲ့ပေမယ့် အဲဒီသံသယကိုအတည်ပြုဖို့ အထောက်အထား မရှိခဲ့ဘူး”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“ဒါပေမဲ့ အခု အခြေအနေကိုကြည့်ရတာ ဖြစ်နိုင်ခြေရှိတယ်”

တောင်ပိုင်းချန်စန်းဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲ၏ ထုတ်ဖော်ပြောဆိုမှုကို လက်ခံခြင်းမရှိသလို ငြင်းပယ်ခြင်းလည်းမရှိဘဲ လျှို့ဝှက်ထားသည်ဟု ထင်ရသော်လည်း ထိုကိစ္စက အမှန်ဖြစ်သည်ဟု ရန်ကျောက်ကဲ၏ ပင်ကိုယ်သိစိတ်က ပြောပြနေသည်။

သို့သော် ဖြစ်ပျက်ခဲ့သည်များကို နားလည်ရန်အတွက် နောက်ထပ်ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် လိုအပ်သေးသည်။

“ထူးကဲယန်စည်းတံဆိပ်နဲ့ ထူးကဲယင်သရဖူကလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အချိန်အကြာကြီးရှိနေခဲ့တယ် ၊ အဲဒီအချိန်တုန်းက ရှင်နဲ့ကျွန်မက အဲဒီပစ္စည်းတွေရဲ့ ပိုင်ရှင်တွေ မဟုတ်သေးဘူး”

ဖန်းယွင်ရှန်းက မရေရာခြင်းများစွာဖြင့် ပြောလိုက်သည်။

“ပြီးတော့ ကျွန်မကလည်း ရာဟုကြယ်ထက်ယံအရှင်သခင်ရဲ့ ရာဟုဓားကလည်း ကျွန်မဆီရောက်လာတယ်”

ရန်ကျောက်ကဲက...

“လက်ရှိမှာ ငါတို့သိတဲ့အရာတွေက အကန့်အသတ်ရှိတယ် ၊ မလိုအပ်ဘဲ အလျင်စလို ကောက်ချက်မချပါနဲ့”

နှစ်ယောက်သား အသံပို့လွှတ်စနစ်ဖြင့် စကားပြောဆိုနေသည်ကို ရပ်တန့်လိုက်ပြီး ရန်ကျောက်ကဲက လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ထံသို့ လှမ်းကြည့်လိုက်သည်။

လင်ချင်းကလည်း သူတို့ထံသို့ လှမ်းကြည့်လာသည်။

သူမ၏မျက်နှာက ပုံမှန်အတိုင်းတည်ငြိမ်နေပြီး သူမ၏စွမ်းအားရောင်ဝါကလည်း အေးစက်နေဆဲ ဖြစ်သည်။

ရန်‌ကျောက်ကဲက တည်ကြည်သည့်မျက်နှာထားဖြင့်...

“ရှေ့လျှောက် အကြီးအကဲကိုပဲ ဒုက္ခပေးရပါတော့မယ်”

လင်ချင်းက...

“မင်း မလှုပ်ရှားခင် ငါ့ကိုအသိပေးပါ ၊ ငါက တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ ကောင်းဟန်ကိုဆက်သွယ်ပြီး မင်းကိုကူညီဖို့အတွက် အဖြူရောင်ကြာပန်းသုခဘုံကို အာရုံလွှဲထားပေးရမယ်”

ရန်ကျောက်ကဲက...

“ကောင်းပါပြီ”

ထို့နောက် ဖန်းယွင်ရှန်းက လင်ချင်းကို ဦးညွှတ်လိုက်ပြီး...

“အကြီးအကဲ ဂရုစိုက်ပါ”

သူတို့နှစ်ယောက် လင်ချင်းအားနှုတ်ဆက်ပြီးနောက် ဗလာနယ်ထဲသို့ပျံသန်းထွက်ခွာသွားပြီး အခိုးအငွေ့ဟင်းလင်းပြင်ထဲမှ ထွက်ခွာသွားကြသည်။

အခိုးအငွေ့ဟင်းလင်းပြင်မှ ထွက်ခွာလာပြီးနောက် သူတို့နှစ်ယောက် အဂ္ဂိရတ်ခန်းမရှိရာသို့ ပြန်လာကြသည်။

လမ်းတစ်လျှောက်လုံးတွင် သူတို့နှစ်ယောက်လုံး သတိထားနေဆဲဖြစ်ပြီး အခြားသူများလိုက်လာကာ လျှို့ဝှက်တိုက်ခိုက်ခြင်းမှ ရှောင်တိမ်းရန်အတွက် ကျန်ရစ်ခဲ့သော သဲလွန်စများအားလုံးကိုလည်း ရှင်းလင်းခဲ့သည်။

သတိဆိုသည်က ပိုသည်မရှိပေ။

ရန်သူများအနေဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်တို့အုပ်စုကို ကြောက်ရွံ့သည်ဆိုဦးတော့ ၊ ရန်ကျောက်ကဲတို့အနေဖြင့်လည်း ရန်သူကို သတိထားရမည်သာ ဖြစ်၏။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းလက်ထဲမှ အနက်ရောင်ကျောက်စိမ်းပုလင်းလေးကိုယူပြီး အသာပွတ်သပ်ကြည့်ရင်း...

“ဒီပုလင်းလေးက တောင်ပိုင်းချန်စန်းဧကရာဇ် အခုပဲသန့်စင်လိုက်တဲ့ ရတနာပစ္စည်းတစ်ခု ဖြစ်ပုံရတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါကို ပါဝင်ပစ္စည်းတစ်ခုတည်းနဲ့ ဖန်တီးထားတာမဟုတ်ဘူး ၊ ဝိညာဉ်စွမ်းအားမြေကြီးမျိုးစုံနဲ့ပေါင်းစပ်ပြီး ရွှေစက္ကူငွေစက္ကူနဲ့ မီးရှို့သန့်စင်ထားတာ ဖြစ်နိုင်တယ်”

“အတော်သန့်စင်တာပဲ ၊ ငရဲကိုးထပ်အမှောင်ထုမြေသား ၊ နက်ရှိုင်းမာန်နတ်ကျောက်တုံး ၊ ငရဲကိုးထပ်ပျက်သုဉ်းကျောက်တုံး... အိုး... ငရဲကိုးထပ်ရတနာပစ္စည်း(၇)မျိုးကိုပါ ထည့်ပြီး အဂ္ဂိရတ်ထိုးထားတာပဲ”

ရန်ကျောက်ကဲက ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းရင်း...

“တောင်ပိုင်းချန်စန်းဧကရာဇ်ရဲ့ အရည်အချင်းနဲ့ဆိုရင်တောင် အချိန်တိုအတွင်းမှာ ဒီလောက်များတဲ့ အဖိုးတန်ရတနာတွေကို စုဆောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ်တွေအတွက် အခြေအနေတွေက ပိုပြီးဆိုးရွားလာတယ်ဆိုတာလည်း ထင်ရှားနေတာပဲလေ”

ဖန်းယွင်ရှန်းက တိုးလျသည့်လေသံဖြင့်...

“ဒါဖြင့် သူက ဒီပစ္စည်းကိုပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့တာလား ၊ ကြည့်ရတာ... ရာဟုကြယ်ထက်ယံအရှင်သခင်ရဲ့ လှုပ်ရှားမှုတွေကို ကူညီပေးဖို့လား”

သူမက ဆက်ပြောလိုက်သည်။

“ရာဟုကြယ်ထက်ယံအရှင်သခင် အောင်မြင်သွားမယ်ဆိုရင် ဒီပစ္စည်းက သေချာပေါက် အသုံးဝင်လာမှာပဲလေ”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ မူလအစီအစဉ်ကတော့ သတ္တုပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးကို ပစ်မှတ်ထားတာပဲ ၊ ဒါပေမဲ့... ရာဟုကြယ်ထက်ယံအရှင်သခင်က ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့ အခွင့်အာဏာကို ရယူဖို့ ဆုံးဖြတ်လိုက်တော့ လူတိုင်းကို အံ့အားသင့်သွားစေခဲ့တယ်လေ”

“ဆိုတော့... ဒီအနက်ရောင်ကျောက်စိမ်းပုလင်းက မင်းကို နည်းနည်းလောက်ပဲ ကူညီနိုင်လိမ့်မယ် ၊ အခြေအနေတွေ ပြောင်းလဲသွားတဲ့အထိတော့ ဒါကို သုံးလို့ရမှာမဟုတ်ဘူး ၊ မင်း သတိထားနေရဦးမှာပဲ”

ဖန်းယွင်ရှန်းက...

“ကျွန်မလည်း ရိပ်မိပါတယ်”

သူမက ရန်ကျောက်ကဲလက်ထဲမှ အနက်ရောင်ကျောက်စိမ်းပုလင်းလေးကို ပြန်ယူလိုက်ပြီး သေချာစူးစမ်းကြည့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီရတနာပစ္စည်းအကူအညီနဲ့ဆိုရင် ကျွန်မ တချို့ကိစ္စတွေကို ပိုပြီးလုပ်နိုင်လာမှာပဲ ၊ ပိုပြီး ရဲရဲတင်းတင်း လှုပ်ရှားနိုင်လာမှာပေါ့လေ”

All Chapters