← Chapters

အဖြူရောင်ကြာပန်းသုခဘုံ

Vol. 97 Ch. 1362

အဖြူရောင်ကြာပန်းသုခဘုံ

Vol. 97 Ch. 1362

အခန်း (၁၃၆၂) အဖြူရောင်ကြာပန်းသုခဘုံ

“လူငယ်မျိုးဆက်” ဆိုသည့်စကားကိုကြားတော့ ချန်ရွှမ်ကျုန်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

အမြဲတမ်း မျက်နှာထား တည်တည်တန့်တန့် နေလေ့ရှိသော ယွဲ့ကျန့်ပေသည်ပင် မနေနိုင်ဘဲ ပြုံးရယ်လိုက်မိလေသည်။

ရန်တိကလည်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို လှမ်းကြည့်ပြီး ပြုံးပြလိုက်သည်။

လက်ရှိအချိန် ဝါဒတောင်တွင် မည်သို့သောအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို တပည့်ငယ်များအဖြစ် သဘောထားကြခြင်း မရှိတော့ပေ။

သို့ပေသိ သူတို့နှစ်ယောက်က ဂိုဏ်ကိုထိန်းချုပ်ရန်အတွက် အာဏာကိုဆက်ခံမည့်သူများ မဟုတ်ကြပေ။

တစ်ယောက်က ဂိုဏ်းချုပ်ဖြစ်လာရန် အရည်အချင်းရှိကြောင်း တစ်ခါမှထုတ်ဖော်ပြသခြင်းမရှိသလို နောက်တစ်ယောက်သည်လည်း ဂိုဏ်းချုပ်လုပ်ရန် ရည်ရွယ်ချက် မရှိပေ။

သို့ဖြစ်ရာ ဂိုဏ်းချုပ်ရာထူးကို မည်သူဆက်မည်နည်းဟု စဉ်းစားသည့်အခါ သူတို့နှစ်ယောက်ကို ချန်ထားခဲ့ရမည် ဖြစ်သည်။

***

ကံ‌ကောင်းသည်မှာ ဝါဒတောင်၏လူငယ်မျိုးဆက်များက တဖြည်းဖြည်းကြီးထွားလာပြီဖြစ်ရာ ရန်တိအနေဖြင့် ဂိုဏ်းချုပ်နေရာကို ဆက်ခံမည့်သူမရှိမည်ကို ပူပန်စရာ မလိုတော့ပေ။

ယွမ်ကျန်းဖုန်း ၊ ဖန်ကျွင်း ၊ ဖူအန်းစုနှင့် အခြားသူများသည်လည်း သူတို့၏ကိုယ်ပိုင်ကျင့်ကြံမှု ၊ ကိုယ်ပိုင်လေ့လာမှုများဖြင့် စိတ်အေးလက်အေး နေထိုင်နိုင်ကြပြီ ဖြစ်သည်။

အဆင့်တစ်ခုအထိ ရောက်ရှိနေပြီဖြစ်သော သိုင်းကျင့်ကြံသူများဆိုလျှင် သူတို့ကိုယ်ပိုင် သိုင်းပညာရပ်များကို ဝါသနာအလျောက် စူးစမ်းလေ့လာနေကြပြီ ဖြစ်၏။

ယခု ဝါဒတောင်က ‘ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ’ တွင်ရှိနေပြီး မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လမ်းမှန်တာအိုဝါဒမျိုးဆက်များတွင် သူတို့၏အနေအထားက အရင်ကနှင်မတူ အတော်လေး ကွဲပြားနေပေပြီ။

လူငယ်မျိုးဆက်များအနေဖြင့် ရန်ကျောက်ကဲနှင့် ရန်တိထံမှ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံလိုပါက သူတို့အနေဖြင့် ပိုမိုကြိုးစားအားထုတ်ရန် လိုအပ်သည်။

သို့သော် ရန်တိအနေဖြင့် ဂိုဏ်း၏နေ့စဉ်ကိစ္စရပ်များ မည်သို့လည်ပတ်နေသည်ကို အရေးမစိုက်လျှင်ပင် မည်သည့်ပြဿနာမှ ဖြစ်လာစရာအကြောင်းမရှိတော့ပေ။

အမှန်တော့ တာဝန်ခန်းမ၏ပထမအဆင့် ထိပ်တန်းအကြီးအကဲဖြစ်သော ‘ဖန်ကျွင်း’ က ကျင့်ကြံခြင်းကို အာရုံစိုက်ခြင်းသိပ်မရှိတော့ဘဲ ဝါဒတောင်၏အတွင်းရေးစီမံခန့်ခွဲမှုအများစုကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။

တာဝန်ခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲအနေဖြင့် သူက အရာရာကို စနစ်တကျ စီမံခန့်ခွဲနိုင်လေသည်။

သို့သော် ရွှီဖေးက ရာထူးနေရာပြောင်းလဲသွားသည်ဖြစ်ရာ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲရာထူးက လစ်လပ်နေခဲ့သည်။

ထိုရာထူးကို ဆက်ခံမည့်သူအတွက် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်လေသည်။

ထိုနေရာအတွက် အခြားသူများနှင့်နှိုင်းယှဉ်ပါက ရှကွမ်းက အခွင့်အလမ်း အကြီးမားဆုံး ဖြစ်သည်။

ရှကွမ်းက မကောင်းမှုကိုမုန်းတီးသူဖြစ်ပြီး စိတ်ဓာတ်ပြင်းထန်သလို တည်ကြည်သူလည်းဖြစ်သည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်နောက် သူက ယခင်ကလို ဒေါသထွက်လွယ်သူတစ်ယောက် မဟုတ်တော့ဘဲ တဖြည်းဖြည်း စိတ်ကို ထိန်းချုပ်လာနိုင်သည်။

ယခင်အချိန် ဝါဒတောင်က အထက်ဘုံကမ္ဘာ၏ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကို လွှမ်းမိုးထားပြီး ခွန်လွန်တောင် ချီလင်ကမ်းပါးနှင့် တိုက်ပွဲဝင်စဉ်တွင် ရှကွမ်းက ယုံကြည်မှုရှိစွာဖြင့် သုံးပေတောင်ကို ကိုယ်တိုင်ချေမှုန်းပစ်ခဲ့သည်။

သူက သုံးပေတောင်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး သူ၏မိသားစုအတွက် လက်စားချေခဲ့သည်။

လက်စားချေပြီးသည့်နောက် သူ၏အငြိုးအာဃာတနှင့် အမျက်ဒေါသများ ပျောက်ကွယ်သွားသည်ဖြစ်ရာ ကျန်ရှိသည့်နှစ်များတစ်လျှောက် သူ၏စိတ်နေစိတ်ထားကို သေချာစွာပြုပြင်ခဲ့ပြီး စိတ်ခံစားချက်များကို ကိုင်တွယ်ရာတွင် ပိုမိုကောင်းမွန်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူက အနည်းငယ် စိတ်တိုလွယ်နေဆဲဖြစ်လေရာ ရန်တိ ၊ ယွမ်ကျန်းဖုန်း ၊ ဖန်ကျွင်းနှင့် အခြားသူများက ရှကွမ်းကို စောင့်ကြည့်နေကြရဆဲပင်။

သူက စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲဖြစ်လာရန် အရည်အချင်း ရှိ မရှိကို စောင့်ကြည့်နေရဆဲ ဖြစ်၏။

ယေဘူယျဆိုရလျှင် လက်ရှိဝါဒတောင်သည် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဦးတည်နေသည်ဖြစ်ရာ သူတို့အနေဖြင့် ယခုချိန်မှစတင်ပြီး ရှေ့လျှောက် ဖွံ့ဖြိုးတိုးတက်ရန်သာ အလားအလာ ရှိတော့သည်။

အားလုံစုပေါင်းကာ ကြိုးစားအားထုတ်ခဲ့ခြင်း၏ အကျိုးကျေးဇူးများက တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီး ၊ ထိုအကျိုးကျေးဇူးများကို အပြည့်အဝပြသရန်အတွက် အချိန်ကာလတစ်ခုသာလျှင် လိုအပ်သည်။

ရန်တိက တည်ကြည်လေးနက်စွာဖြင့်...

“ဒီတစ်ခေါက်တော့ တာအိုရောင်းရင်း’ကျဲ့’ နဲ့ တာအိုရောင်းရင်း’ချူး’ တို့ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ် ၊ ရှီကျွင်းလေးတို့သားအမိ ရင်ဆိုင်နေရတဲ့ နတ်ဆိုးကပ်ဘေးကို ကုသဖို့လည်း နည်းလမ်းတစ်ခု ရှာတွေ့နိုင်မယ်ထင်ပါတယ်”

ထိုစကားများကိုနားထောင်ရန် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့၏မျက်နှာများသည်လည်း တည်ကြည်လေးနက်လာသွားကြသည်။

ချန်ရွှမ်ကျုန်းက ခေါင်းညိတ်ရင်း...

“ဒါဖြင့် ပြင်ဆင်မှုတွေလုပ်ပြီးရင် ငါတို့ သွားကြရအောင်”

ထို့နောက် သူတို့အားလုံး အချင်းချင်း လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း နှုတ်ဆက်လိုက်ကြသည်။

အားလုံး ထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲက ရန်တိနှင့်အတူ ရွှယ်ချူးချင်ထံသို့ သွားရောက်လည်ပတ်ကြသည်။ ခင်ပွန်း‌ရော သားဖြစ်သူပါ နှစ်ယောက်လုံးခရီးထွက်မည်ဆိုသဖြင့် ရွှယ်ချူးချင်ကတော့ အနည်းငယ် စိတ်လက်မကြည်မသာ ဖြစ်သွားရသည်။

သူမအနေဖြင့် ခင်ပွန်းနှင့်သားဖြစ်သူကို ဆယ်စုနှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသည်။

မိသားစု ပြန်လည်ပေါင်းစည်းနိုင်ပြီးနောက် အနှစ်(၂၀)ကြာ ပျော်ရွှင်စရာကောင်းသောအချိန်များကို ခံစားခဲ့ရသည်။ ယခင်က ရန်ကျောက်ကဲက ခရီးများထွက်ခွာလေ့ရှိသော်လည်း သူမ၏ခင်ပွန်းကတော့ သူမနံဘေးတွင် ရှိနေခဲ့သည်။

ယခု သူမအနေဖြင့် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် လုံခြုံစွာနေထိုင်နိုင်သော်လည်း သူမ၏မိသားစုက သူမကို တစ်ယောက်တည်းချန်ထားရစ်တော့မည်ဖြစ်လေရာ သူမစိတ်ထဲ မည်သို့မှ မခံစားရဘူးဟုပြောလျှင် မှန်နိုင်မည် မဟုတ်ပေ။

သူမ၏ငယ်စဉ်ဘဝတစ်လျှောက်လုံး ပြေးလွှားနေရသည်ဖြစ်ရာ ကြုံရာကျပန်းနေခဲ့ရသော်လည်း သူမက ဇနီးတစ်ယောက်ဖြစ်သလို မိခင်တစ်ယောက်လည်းဖြစ်လေရာ ငြိမ်းချမ်းစွာဖြင့် မိသားစုနှင့်အတူ နေထိုင်လိုပေသည်။

သို့သော် ရွှယ်ချူးချင်က သာမန်လူတစ်ယောက်မဟုတ်လေရာ စကားများစွာမပြောဆိုဘဲ ခင်ပွန်းနှင့်သားဖြစ်သူကို ဂရုစိုက်ကြရန်သာ သတိပေးခဲ့လေသည်။

ရွှယ်ချူးချင်က...

“ကျွန်မက အဂ္ဂိရတ်ခန်းမရဲ့အစီအရင်ကို ထိန်းသိမ်းဖို့ ကူညီပေးမယ် ၊ အရေးပေါ်ကိစ္စတ်စခုခု မဖြစ်ဘူးဆိုရင် ဒီမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး”

သူမက ဆက်ပြောသည်။

“ဒါပေမဲ့ ရှင်တို့နှစ်ယောက် ပြင်ပလောကကိုသွားတဲ့အခါ ဂရုစိုက်ကြပါ”

ရန်တိက သူမကို အသာပွေ့ဖက်လိုက်ပြီး...

“စိတ်မပူပါနဲ့...”

ရန်တိနှင့် ရွှယ်ချူးချင်ကိုကြည့်ပြီး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

လူငယ်နှစ်ယောက်က သူတို့ကိုကြည့်ပြီး ပြုံးနေကြသော်လည်း ရွှယ်ချူးချင်က ဒေါသထွက်ခြင်းမရှိဘဲ ဖန်းယွင်ရှန်းကို ပြုံးလျှက်ကြည့်ရင်း စကားဆိုလိုက်သည်။

“ယွင်ရှန်း... ကျောက်ကဲကို ဂရုစိုက်ဖို့မမေ့နဲ့နော် ၊ သူ စိတ်ရူးပေါက်ပြီး ပေါက်ကရတွေလုပ်ရင် သမီးက ထိန်းပေးရမှာနော်”

သူမက ဖန်းယွင်ရှန်းကို သဘောကျလေသည်။

သူတို့နှစ်ယောက်က စရိုက်လက္ခဏာလုံးဝကွဲပြားသော်လည်း ဆက်ဆံရေးအတော်လေး ကောင်းမွန်ကြသည်။

ဖန်းယွင်ရှန်းက ပြုံးရင်း...

“ကျွန်မ ကြိုးစားကြည့်ပါ့မယ် ၊ ဒါပေမဲ့ အမေပြောသလိုပဲ... သူက စိတ်ရူးပေါက်ရင် ဘာမှထိန်းမရတော့ဘူး”

ရွှယ်ချူးချင်က တည်ငြိမ်သည့်မျက်နှာထားဖြင့်...

“အခုကတည်းက သမီးက သူ့ကို မနိုင်လို့မရဘူးလေ ၊ ထိန်းလို့မရဘူးဆိုရင် အတင်းသာဖိနှိပ်ပြီး အနိုင်ကျင့်ထားလိုက်”

ထိုစကားကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ရန်တိကတော့ အသံထွက်သည်အထိ ရယ်မောလိုက်လေသည်။

မိသားစုများ အချင်းချင်းနောက်ပြောင်နေကြပြီး နောက်ဆုံးတော့ ပတ်ဝန်းကျင်တစ်ခုလုံး စိတ်သက်သာရာရသည့်အငွေ့အသက်များ ဖုံးလွှမ်းလာသည်။

ပြင်ပလောကနှင့်ပတ်ဝန်းကျင်မှ ရောက်ရှိလာသည့် ပြဿနာနှင့်ဖိအားများက လူတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုထံမှ ရောက်ရှိလာသည့် ပြဿနာနှင့်ဖိအားများထက် အတော်လေး သက်သာရာရတတ်ပေသည်။

ပြင်ဆင်မှုများ ပြုလုပ်ပြီးသည့်နောက် ရန်တိနှင့် ချန်ရွှမ်ကျုန်း ခရီးထွက်ခွာသွားကြတော့သည်။

ရန်ကျောက်ကဲသည်လည်း ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီးသွားသည်နှင့် ဖန်းယွင်ရှန်းနှင့်အတူ ‘ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ’ မှ ထွက်ခွာသွားခဲ့လေသည်။

သူတို့နှစ်ယောက် ထျန်းစူးစကြာဝဠာမှ ထွက်ခွာလာခဲ့ပြီး ပြင်ပဗလာနယ်အစွန်အဖျားသို့ ရောက်ရှိလာကြသည်။

သူတို့နှစ်ယောက် ကျယ်ပြန့်သည့်ဗလာနယ်ကို ဖြတ်သန်းလာပြီးနောက် ရန်ကျောက်ကဲက သူ၏မှတ်ဉာဏ်ကိုအသုံးချကာ ‘အဖြူရောင်ကြာပန်းသုခဘုံ’ သို့ သွားရောက်နိုင်သည့်လမ်းကြောင်းကို ပြန်လည်ရှာဖွေလိုက်သည်။

ယခင်က အဖြူရောင်ကြာပန်းသုခဘုံသို့ သူက တာအိုစကြာဝဠာမှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

သူ့အနေဖြင့် အဖြူရောင်ကြာပန်းသုခဘုံသို့ နောက်တစ်ကြိမ် သွားရောက်လိုသည်ဆိုလျှင် လမ်းကြောင်းအသစ်တစ်ခု ရှာဖွေရန် လိုအပ်သည်။

ကံကောင်းသည်မှာ သူက ကျဲရှင်ကမ္ဘာ၏ တည်နေရာ ကိုသြဒိနိတ်များကို အလွတ်မှတ်မိနေခဲ့သည်။ ကိုသြဒိနိတ်များကို လမ်းညွှန်အဖြစ်သုံးပြီး သူက ဗလာနယ်ထဲတွင် သဏ္ဌန်မဲ့လမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိခဲ့သည်။

သူတို့ အဖြူရောင်ကြာပန်းသုခဘုံသို့ နောက်ဆုံးချဉ်းကပ်လာသည့်အချိန် ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းက ခြေလှမ်းများကိုရပ်တန့်ပြီး လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ကို ဆက်သွယ်လိုက်သည်။

ယခင်က သူ၏ကျင့်ကြံခြင်းအားနည်းသေးသည်ဖြစ်ရာ မည်သူမှ သူ့ကို အာရုံစိုက်မိခြင်း မရှိပေ။

သို့သော် ယခုတော့ သူက ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားလာပြီဖြစ်သလို အဂ္ဂိရတ်ခန်းမကိစ္စလည်း ဖြစ်ပေါ်လာလေရာ ရန်ကျောက်ကဲက လူတိုင်းလိုချင်သော လူတစ်ယောက်ဖြစ်နေသဖြင့် အထူးသတိထားရန် လိုအပ်သည်။

အချိန်ခဏမျှကြာပြီးနောက် လင်ချင်းထံမှ အသံပို့လွှတ်စနစ်ဖြင့် ဆက်သွယ်လာခဲ့လေသည်။

သဘောတူထားသည့်အတိုင်းပင် လင်ချင်းတို့ဘက်မှ ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကာ မကြာခင်အချိန်အတွင်း လှုပ်ရှားမှု စတင်မည်ဟု ဆိုသည်။

ဟုတ်ပေ၏။

ခဏအကြာမှာပင် သုခဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏စကြာဝဠာအနားတွင် တုန်ခါမှုတစ်ခုဖြစ်ပေါ်လာကြောင်း အာရုံခံလိုက်မိသည်။

သဏ္ဌန်မရှိသော “စကြာဝဠာတံတိုင်း” များသည်ပင် တုန်ခါလာလေသည်။

“သွားကြမယ်”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တပြိုင်တည်းပြောလိုက်ကြသည်။ ထို့နောက် သူတို့ အရှေ့ဆီသို့ ဦးတည်ထွက်ခွာသွားကြသည်။

သဏ္ဌန်မဲ့ “စကြာဝဠာတံတိုင်း” ကို ဖြတ်ကျော်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အဖြူရောင်ကြာပန်းသုခဘုံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

သူတို့တွင် အချိန် (၂)နာရီသာလျှင် ရှိပေသည်။ သို့မဟုတ် ဒီထက်လည်းပိုပြီး အချိန် နည်းပါးကောင်း နည်းပါးနိုင်သည်။

သူတို့နှစ်ယောက်လုံး တုံ့ဆိုင်းမနေဘဲ ကျဲရှင်ကမ္ဘာတည်ရှိရာသို့ လျှင်မြန်စွာပင် ပြေးလွှားထွက်ခွာသွားကြသည်။

နတ်ဘုရားအဆင့်သို့တက်ရောက်ပြီးသား ရန်ကျောက်ကဲက ဗုဒ္ဓဘာသာစကြာဝဠာထဲသို့ရောက်သည်နှင့် ဗုဒ္ဓအလင်းတန်းများကို စတင်တွေ့မြင်လိုက်ရသည်။

အဝေးမှ ဗုဒ္ဓအလင်းရောင်များတောက်ပလာပြီး နက်နဲသည့်အလင်းတန်းများက မြင့်ချည်နိမ့်ချည် လှုပ်ရှားလာကြသည်။

ဤသည်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို ကာကွယ်ပေးရန်အတွက် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ ဖန်တီးလိုက်သော ရှုပ်ထွေးသည့်အခြေအနေတစ်ခုသာ ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့နှစ်ယောက်လုံး သူတို့၏သဲလွန်စများကို အကောင်းဆုံးဖုံးကွယ်လိုက်ကြပြီး ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

သို့သော် ကျဲရှင်ကမ္ဘာနှင့် ပိုမိုနီးကပ်လာချိန်တွင် အခြားတစ်ဖက်တွင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကြီးတစ်ခု ဖြစ်ပေါ်လာကြောင်း တွေ့လိုက်ရသည်။

ရန်ကျောက်ကဲက ထိုရုန်းရင်းဆန်ခတ် ဖြစ်ပေါ်နေသည့်နေရာသို့ အံ့အားသင့်စွာဖြင့်လှမ်းကြည့်လိုက်သည်။

နေရာအတည်တကျ ခွဲခြားရန်ခက်ခဲသော်လည်း ထိုအလင်းတန်းများက သုခဘုံစကြာဝဠာအတွင်းသို့ ထိုးဖောက်ထွက်ပေါ်လာကြောင်း တွေ့မြင်လိုက်ရသည်။

စကြာဝဠာထဲတွင် ရွှေရောင်မီးအိမ်များ များစွာထွန်းလင်းလာပြီး အစိမ်းရောင်ကြာပန်းများသည်လည်း ပွင့်လန်းလာလေသည်။

ဖန်းယွင်ရှန်းက အံ့အားသင့်စွာဖြင့်...

“ရွှေရောင်မီးအိမ်... အစိမ်းရောင်ကြာပန်းတွေ... သူတို့က အနောက်ဘက် သူတော်စင်ဘုံက လူတွေလား”

သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

“အနောက်ဘက် သူတော်စင်ဘုံကလူတွေက အဖြူရောင်ကြာပန်းသုခဘုံကို ဝင်ရောက်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာများလား”

All Chapters