အကူအညီလက်မှတ်
Vol. 17 Ch. 227
အာရန်သည် ဖန်းယုကို နောက်ဆုံးမြင်ခဲ့သော ခန်းမကြီးထဲသို့ ဝင်ရောက်လိုက်သည်။
ကံမကောင်းစွာဖြင့် ဂိုဏ်းချုပ်၏အရိပ်အယောင်ကို ယခုအချိန်၌ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
အာရန်သည် ထိုနေရာသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အစောပိုင်းက ဘိုးဘေးအကြီးအကဲ နှစ်ဦးကို တွေ့မြင်လိုက်ရသည်။
၎င်းတို့သည် ဖန်းယု၏ ပလ္လင်ရှေ့၌ ရပ်နေကြပြီး ထိုပလ္လင်၏ ထောင့်တစ်နေရာ၌ အကျိုးအပဲ့အချို့ကို လေ့လာကြည့်နေပုံရသည်။
သူတို့ နှစ်ဦးစလုံးသည် တစ်စုံတစ်ခု ပြောနေကြမှန်း မြင်နေရသော်လည်း ၎င်းတို့ ဘာပြောနေသည်ကိုမူ အာရန်သည် မကြားနိုင်ခဲ့ပေ။
‘ဒါ နစ်ခရိုမန်ဆာမျှော်စင်ရဲ့ လက်ချက်လို့ မင်း ထင်မိလား’ အာရန်သည် ဓားခုတ်ရာတစ်ခုကို မြင်နေရသော နံရံဆီသို့ လျှောက်သွားရင်း ယီလန်ကို မေးလိုက်သည်။
နန်းတော်၏ နံရံများသည် အလွန်ခိုင်ခန့်အောင်အထူးပြုလုပ်ထားသော ပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ဤနံရံများသည် အလွန်ကြီးမားခိုင်ခန့်ရုံသာမက ထူလည်းအတော်ထူလေသည်။ သို့သော် နံရံ၌ ကျန်ရစ်ခဲ့သော ဓားခုတ်ရာသည် အနည်းဆုံး ငါးလက်မခန့် နက်လေသည်။
“သူတို့ရဲ့ လက်ချက်နဲ့ မတူဘူး ဒီနေရာမှာ သေခြင်းရဲ့ အငွေ့အသက်တွေကို ကျွန်မအာရုံမခံမိဘူး တကယ်လို့ အဲ့အငွေ့အသက်တွေကို ဖျောက်ဖျက်ပစ်ခဲ့တာ ဆိုရင်တောင် လက္ခဏာ
အကျွင်းအကျန်အချို့တော့ ရှိသင့်တယ်”
ယီလန်သည် အာရန်၏ ခန့်မှန်းချက်ကို ပြန်ဖြေပေးလိုက်သည်။
‘ကိုယ် ထင်ထားသားပဲ မျှော်စင်သခင်က ဓားကို အသုံးပြုမှာ မဟုတ်ဘူး တစ်ချိန်တည်းမှာ မစ်ထ်ကလည်း ဓားကို မသုံးဘူး သန့်စင်အင်ပါယာလား.... မဟုတ်နိုင်လောက်ဘူး သူတို့တွေက နတ်ဘုရားမရဲ့ ကောင်းချီးအစွမ်းတွေမရှိတဲ့ အခြားတိုက်ကြီးတွေမှာ ပိုတောင် အားနည်းနေသေးတယ်’
ဤနေရာ၌ ဘာဖြစ်ခဲ့သည်ကို အာရန် နားမလည်နိုင်ပေ။
အရှင်သခင်များသာ ဖန်းယုကို အနိုင်ယူနိုင်မည်ဖြစ်သော်လည်း ၎င်းတို့ မည်သူမျှ ပါဝင်ပတ်သတ်ခဲ့ပုံ မပေါ်ပေ။
ဤသို့ဆိုလျှင် ၎င်းတို့ မဟုတ်ပါက မည်သူ့လက်ချက်နည်း။
အာရန်သည် ထိုသို့ပြုလုပ်ရန် အလုံအလောက် အင်အားကြီးမားသော နောက်ထပ် တစ်စုံတစ်ဦးကို သတိရလိုက်သည်။
ထိုသူသည် စာရေးဆရာဆိုသူပုဂ္ဂိုလ်ဖြစ်ပြီး ထိုသူသည်လည်း ဤအရာများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု နားလည်ထားလေသည်။
ထိုပုဂ္ဂိုလ်သည် သူ၏ မေးခွန်းများကို ဖြေကြားခဲ့ခြင်းမှလွဲ၍ မည်သည့်အရာတွင်မှ ဝင်မပါခဲ့ပေ။
အကြောင်းတစ်ခုခုကြောင့် ဤကမ္ဘာ၏ ကိစ္စများတွင် ပါဝင်ရန် တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ပင် ခံစားမိလေသည်။
‘အခြား ကမ္ဘာကူးပြောင်းလာသူတစ်ယောက်လား’
အာရန်သည် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိလိုက်သောအခါ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် မည်းမှောင်သွားရသည်။
အကယ်၍ ဖန်းယုကိုသာ ခေါ်ဆောင်သွားသည်အထိ လုံလောက်အောင် အင်အားကြီးမားသော ကမ္ဘာကူးပြောင်းလာသူ တစ်ဦးသာ အမှန်တကယ် ရှိနေပါက ၎င်းသည် သူ့အတွက် သေချာပေါက် ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်သည်။
သူသည် စာရေးဆရာဆိုသူဆီမှလည်း အချက်အလက်များကို သိရှိခဲ့ပြီးဖြစ်ကာ အခြား ကမ္ဘာကူးပြောင်းလာသူများမှာလဲ သူ့ကဲ့သို့ ကမ္ဘာကူးပြောင်းလာသူများအချင်းချင်းနှင့် ဇာတ်လိုက်များကို သတ်ရမည်ဆိုသည့်အကြောင်းကို သိရှိသွားပါက ထိုသူများသည် သူ့ထံသို့ လာရောက်ရန် အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်မည်ဖြစ်လေသည်။
“ဟူး... ဘယ်လောက် ရှုပ်ထွေးလိုက်တဲ့ကိစ္စလဲ...”
အာရန်သည် သူ၏ ခေါင်းကို ပြန်လည် ကုတ်လိုက်ရင်း စိတ်ပျက်မှုအချို့ကို ထုတ်ဖော်လိုက်သည်။
ထို့သို့ခေါင်းကုတ်ရန် လက်ကို မြှောက်လိုက်မိသည်နှင့်တစ်ပြိုင်နက် သူ၏ လက်ကောက်ဝတ်၌ ချည်နှောင်ထားသော ပုံရိပ်ယောင် ကြိုးတစ်ချောင်းကို သတိပြုမိလိုက်သည်။
‘အော် ဟုတ်သားပဲ ဒါကို ငါဘယ်လိုလုပ်ပြီး မေ့နိုင်ရတာလဲ ဒါက မင်္ဂလာနှောင်ကြိုးပဲ သူမက ငါ့ကို မထိခိုက်စေနိုင်အောင် သေချာစေဖို့အတွက်ပဲ ဒီအရာကို အသုံးပြုခဲ့တာ ဒါပေမဲ့ သူမကို ရှာဖွေရာမှာလည်း ဒီအရာက အကူအညီပေးနိုင်လိမ့်မယ်လို့ တကယ် မထင်မိခဲ့ဘူး သူမ အသက်ရှင်နေသမျှကာလပတ်လုံး ကြိုးက ပျောက်ကွယ်မသွားဘူး’
အကယ်၍ ၎င်းသည် အခြားတိုက်ကြီးမှ ကမ္ဘာကူးပြောင်းလာသူ၏ လက်ချက်ဖြစ်ပါက ထိုသူသည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လေသည်။
သူသည် ထိုသူကို လွတ်မြောက်သွာခွင့် မပြုနိုင်ပေ။ ၎င်းသည် အခြားအရာများ အားလုံးထက် ပို၍ အရေးကြီးလေသည်။
ထို့နောက် အာရန်သည် ထိုနေရာမှ ပြန်လှည့်၍ ခန်းမကြီးဆီမှ ထွက်ခွာလာခဲ့သည်။
ဇီယာသည် အာရန်ထွက်သွားသည်ကို အနည်းငယ် စိတ်ရှုပ်ထွေးစွာြဖင့် ကြည့်နေမိသည်။
သူသည် တစ်ခုခုကို သတိပြုမိသွားပုံရသော်လည်း သာမန်ဓားခုတ်ရာလေး တစ်ခုဆီမှ သူသည် ဘယ်အရာကို သတိပြုမိနိုင်မည်နည်း...။
သူမသည်လည်း သတိဝင်လာသောအခါ ခန်းမကြီးဆီမှ အာရန်နောက်သို့ ထွက်လိုက်သွားခဲ့သော်လည်း နန်းတော်အပြင်ဘက်သို့ ထွက်လိုက်သောအခါ အာရန်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
........
နန်းတော်နှင့် အတော်ဝေးကွာသော နေရာတစ်ခုတွင် ဒဏ္ဍာရီလာ ဖီးနစ်ငှက်တစ်ကောင်သည် ကောင်းကင်ယံ၌ ပျံသန်းလျက်ရှိနေသည်ကို မြင်တွေ့နိုင်လေသည်။
ဖီးနစ်ငှက်၏ ကျောပေါ်၌ လူငယ်တစ်ဦး ရပ်လျက်ရှိနေပြီး သူ၏ ဝတ်ရုံရှည်ကြီးသည် ဖီးနစ်ငှက်၏ အရှိန်ဖြင့် ပျံသန်းမှုကြောင့် လေပြင်းများ၏ တိုက်ခတ်မှုခံရသဖြင့် တလူလူ လွင့်လျက်ရှိသည်။
အာရန်သည် မင်္ဂလာနှောင်ကြိုးမှ သူ့အား ဦးဆောင်ညွှန်ပြနေသော ဦးတည်ရာကို ဆက်လက်ကြည့်ရှုနေပြီး ဖီးနစ်ငှက်ကို ထိုနေရာသို့ အမြန်ပျံသန်းရန် အမိန့်ပေးလျက်ရှိသည်။
မိနစ်တိုင်းမိနစ်တိုင်းတဖြည်းဖြည်းကုန်ဆုံးပြီးနောက်တွင် သူသည် ထို မင်္ဂလာနှောင်ကြိုးမှ ညွှန်ပြရာအရပ်နှင့် ပို၍ နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
နောက်ထပ် နာရီအနည်းငယ်ကြာပြီးနောက် သူသည် မင်္ဂလာနှောင်ကြိုး ၏ တည်ရှိရာနေရာသို့ ရောက်ရှိရန်ပိုမိုနီးကပ်လာနေခဲ့ပြီး သူ၏ ဖီးနစ်ငှက်ကို အရှိန်နှေးကွေးရန် ပြောဆိုလိုက်သည်။
ကြိုးသည် သူ့အား အဝေးတစ်နေရာ၌ ဦးတည်ရာအဖြစ် တောင်တန်းတစ်ခုကို ညွှန်ပြနေသည်ကို မြင်လိုက်ရသည်။
“ဒါက ဆုံးရှုံးခြင်းတောင်တန်း မဟုတ်ဘူးလား”
အာရန်သည် မျက်မှောင်ကြုတ်ကာ အသံထွက်၍ ပြောလိုက်မိသည်။
ဤနေရာသည် မစ်ထ်၏ သမီး လိုချင်နေခဲ့သော ပစ္စည်းလေးခုထဲမှ တစ်ခုကို သိမ်းဆည်းထားသော နေရာလည်းဖြစ်လေသည်။
သူသည်လည်း ထိုပစ္စည်းကို လိုချင်နေခဲ့ပြီး မစ်ထ်၏ သမီးဖြစ်သူ ဆီရာမှ ၎င်းကို သူ့အရင်လာရောက် ရယူ သွားခဲ့မည်ဟု သူသည် လုံးဝမမျှော်လင့်ထားမိခဲ့ပေ။
မူလဝတ္ထု၏ အချိန်ကာလ၌ ရဲ့လန်သည် ဤတောင်ဆီမှ နှောင်ကြိုးဖြတ်ဓားကို ရယူကာ သူ၏ အင်အားကို အဆမတန် မြင့်တက်သွားစေခဲ့မည်ဖြစ်သည်။
ထို့ကြောင့် အာရန်သည် ဇာတ်လိုက်မှ ထိုတောင်ရှိ ဓားကို ရယူနိုင်မည့်အချိန်ကို စောင့်ဆိုင်းနေပြီး ၎င်းကို အလွယ်တကူ ပြန်လည်လုယူမည်ဟုစီစဥ်ခဲ့သော်လည်း အရာများသည် ထင်သလို ဖြစ်မလာခဲ့ပေ။
မစ်ထ်၏ သမီးကို ဓား၏ တည်နေရာအား လမ်းညွှန်ပေးခဲ့ကာ အနာဂတ်ကို ပြောင်းလဲပစ်ခဲ့သော ထိုအမည်မသိပါမောက္ခတစ်ယောက်ကြောင့်သာ ဖြစ်လေသည်။
ဤ ကမ္ဘာရှိဖြစ်ရပ်များ သည် လျင်မြန်စွာ ပြောင်းလဲလျက်ရှိနေပြီး ထိုအရာကိုလည်း အာရန်သည် ခံစားမိနိုင်ကာ ၎င်းသည် သူတစ်ယောက်တည်းကြောင့်ချည်းသက်သက် မဟုတ်နေပေ။
သူ၏ ထိန်းချုပ်မှုအပြင်ဘက်၌လည်း အရာများစွာ ဖြစ်ပွားလျက်ရှိနေလေသည်။
အာရန်သည်ပင် ထိုဆုံးရှုံးခြင်းတောင်တန်းဆီသို့ ဝင်ရောက်ရန် တွန့်ဆုတ်နေခဲ့လေသည်။
၎င်းသည် ဝင်ရန်လွယ်ကူသော်လည်း ပြန်လည်ထွက်ခွာရန်အတွက်မူ လွန်စွာ ခက်ခဲသော တောင်ဖြစ်လေသည်။
ကောင်းကင်ဘုံမှပေးအပ်ထားသော ကံကောင်းခြင်းနှင့် ပြည့်စုံသော ဇာတ်လိုက် သို့မဟုတ် လျှို့ဝှက်လှည့်ကွက်အချို့ မရှိပါက ထိုနေရာမှ ပြန်လမ်းရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
မူလဝတ္ထုထဲ၌ပင် ဇာတ်လိုက်သည် ထိုဆုံးရှုံးခြင်းတောင်တန်း၌ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ကာ နှောင်ကြိုးဖြတ်ဓားကိုရယူနိုင်မှသာလျှင် အနည်းငယ်လေး ပွတ်ခါသီခါ ထွက်ခွာနိုင်ခဲ့ခြင်းဖြစ်လေသည်။
“မင်း အဲဒီတောင်တန်းတွေထဲမှာ ဝိညာဥ်လောကကိုသွားဖို့ ဂိတ်ပေါက်တစ်ခု ဖွင့်ပေးနိုင်မလား” အာရန်သည် ယီလန်အား မေးလိုက်သည်။
အကယ်၍ သူသည်သာ လမ်းပျောက်သွားခဲ့လျှင်ပင် ဝိညာဥ်ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လှစ်နိုင်ပါက လွတ်မြောက်ရန် နည်းလမ်းတစ်ခု ရှိနေသည်ဟု ဆိုလိုသည်မဟုတ်ပါလား။
“ဒီတောင်တန်းက အနှောင့်အယှက်တွေ အများကြီး ဖြစ်ပေါ်စေတယ်လို့ ကျွန်မ ခံစားမိတယ် ဂိတ်ပေါက်တစ်ခုကို ဖွင့်လို့တော့ရနိုင်ပါတယ် ဝိညာဥ်တွေကို ဆင့်ခေါ်ဖို့တော့ အဆင်ပြေပေမဲ့ လူသားတွေ ကူးလူး သွားလာဖို့အတွက်ကျ အန္တရာယ်များလွန်းပြီး စွန့်စားရမှာနဲ့ မထိုက်တန်ဘူး”
အာရန်သည် ယီလန်၏ တုံ့ပြန်စကားကြောင့် ပြန်လည်ချင့်ချိန်လိုက်ရသည်။
အကယ်၍ သူမသည် သူ့အတွက် ဂိတ်ဝင်ပေါက်ကို ဖွင့်ပေး၍အဆင်မပြေပါက သူသည် ထိုနေရာမှ ထွက်ခွာရန် သူ၏ ကိုယ်ပိုင်နည်းလမ်းကိုသာ ကိုယ်တိုင် ရှာဖွေရတော့မည်လည်းဖြစ်လေသည်။
၎င်းခရီးစဥ်သည် စွန့်စားရကျိုးနပ်ပါ့မလား.......
အာရန်သည် ချိန်ဆ တွေးတောနေမိသည်။
[သင်သည် မူလ ရွေးချယ်စရာများကို ထပ်မံ ရရှိပါသည်]
[ရွေးချယ်မှု တစ် : ယခုပင် ဖန်းယုကိုသွားရောက် ကယ်တင်ပါ။
ဆုလာဘ်: အကူအညီလက်မှတ် (ထူးခြားအဆင့်)]
[ရွေးချယ်မှု နှစ် : ဖန်းယုကို စွန့်လွှတ်လိုက်ပြီး ဂိုဏ်းသို့ ပြန်သွားပါ။
ဆုလာဘ်: အဆင့် +၃]
[ရွေးချယ်မှု သုံး: ဖန်းယု၏ တည်နေရာအကြောင်း ဘိုးဘေးအကြီးအကဲများကို အသိပေးပြီး ၎င်းတို့အား သူမကို ကူညီကယ်တင်ခိုင်းပါ။
ဆုလာဘ်: တိုက်ကြီးများဆီမှ လွတ်မြောက်ခြင်း အဆောင်]
[ရွေးချယ်မှု လေး : ရှုယင် ပြန်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းပြီး ဖန်းယုကို ကယ်တင်ရန် သူမ၏ အကူအညီကို ရယူပါ။
ဆုလာဘ်: ဉာဏ်ရည် +၁၀]
“ထင်တဲ့အတိုင်း တကယ် ရှုပ်ထွေးတာပဲ...”
အာရန်သည် နဖူးကို ထပ်မံပွတ်သပ်လိုက်ရင်း ရွေးချယ်စရာများကို ဆက်လက်စိုက်ကြည့်နေလိုက်သည်။
အမှန်တကယ်၌မူ ဤရွေးချယ်စရာများထဲမှ တစ်ခုသာ အဓိပ္ပာယ်ရှိလေသည်။
ဘိုးဘေးအကြီးအကဲများ၏ အကူအညီကို သူသည် ယူ၍မဖြစ်ပေ။
သူသည် ၎င်းတို့ကို ထိုသတင်း ပြန်ပို့လိုက်ပါက သူ့အား သတ်ပစ်ရန် အလားအလာ အများဆုံးရှိသောကြောင့်ဖြစ်သည်။
ယခုအချိန်၌ ဖန်းယု သေဆုံးသည်ကို မည်သူက ၎င်းတို့ထက် ပို၍ လိုချင်နေမည်နည်း။
ထို့ကြောင့် ဆုလာဘ်သည် သူ၏ အသက်ကို ကယ်တင်ရန် လွတ်မြောက်ခြင်းအဆောင် ဖြစ်နေခြင်းသာဖြစ်ပေမည်။
စောင့်ဆိုင်းခြင်း သို့မဟုတ် ပြန်လာခြင်းအတွက် ဤရွေးချယ်စရာ နှစ်ခုစလုံးသည် သူ့ကဲ့သို့သောကမ္ဘာကူးပြောင်းလာသူကို လွတ်မြောက်သွားခွင့်ပေးလိုက်ခြင်းဖြင့်သာ အဆုံးသတ်သွားမည်ဖြစ်သည်။
ထို့ပြင် ဖန်းယုသည် ထိုအချိန်ထိစောင့်ဆိုင်းလိုက်ပါက သေဆုံးသွားနိုင်ခြေ အများဆုံးဖြစ်လေသည်။
အကူအညီလက်မှတ် ၏ အဓိပ္ပာယ်ကို သူ မသိသေးသော်လည်း ၎င်းသည် ရှားပါးအဆင့်ထက် မြင့်မားသော ထူးခြားအဆင့် ဆုလာဘ်တစ်ခုလည်းဖြစ်လေသည်။
“ကောင်းပြီလေ အနာဂတ်အတွက် ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားဖို့ဆိုရင် အခုငါ ကိုယ်တိုင် လုပ်မှရတော့မယ်” သူသည် ထိုတောင်တန်းထဲသို့ ဝင်ရန် ဖီးနစ်ငှက်အား အမိန့်ပေးလိုက်သည်။