← Chapters

မှားယွင်းတဲ့ဘက်ကိုရွေးမိခြင်း

Vol. 17 Ch. 228

မှားယွင်းတဲ့ဘက်ကိုရွေးမိခြင်း

Vol. 17 Ch. 228

ဖီးနစ်ငှက်သည် တောင်တန်းအတွင်းသို့ စတင်ဝင်ရောက် ပျံသန်းလိုက်သော်လည်း ပထမတောင်ကို မကျော်ဖြတ်နိုင်ခင်မှာပင် အာရန်က သူမကို တားဆီးလိုက်သည်။

“ဒီလောက်ပို့ပေးရင် လုံလောက်ပြီ ဒီနေရာကစပြီး ပျံသန်းခွင့် ကန့်သတ်ချက်တွေ ရှိနေလိမ့်မယ်” ဟု သူသည် ဖီးနစ်ငှက်ကို ပြောလိုက်သည်။

အာရန်သည် သူ့စကားကို နားလည်နိုင်သော အသိဉာဏ်ရှိသည့် တစ်စုံတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

ဖီးနစ်ငှက်သည် တောင်တန်း၏ ပထမတောင်ကို ကျော်ဖြတ်တော့မည့်အချိန်တွင် အန္တရာယ်ရှိသည့်တစ်စုံတစ်ခုကို ခံစားမိလိုက်သော်လည်း အာရန်အတွက် သူမသည် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ရန် ဆန္ဒရှိနေခဲ့သည်။

“မင်း ငါ့ကို စိုးရိမ်နေတာမလား” ဟု သူမ၏ စိတ်ခံစားချက်အနည်းငယ်ကို ခံစားမိသဖြင့် အာရန်က မေးလိုက်သည်။

သူမက ဘာမှ ပြန်မပြောနိုင်သော်လည်း သူမနှင့်စာချုပ်ချုပ်ဆိုထားသော သခင်ဖြစ်သောကြောင့် သူမ၏ ခံစားချက်များကို သူသည်လည်း မျှဝေခံစားနိုင်လေသည်။

“မင်း မသိလိုက်ခင်မှာတင် ငါ ပြန်ထွက်လာနိုင်လိမ့်မယ် စိတ်မပူနဲ့” ဟု အာရန်သည် အောက်သို့ ခုန်ချရန် ပြင်ဆင်နေရင်း ပြောလိုက်သည်။

“ငါ့အသက်က အဖိုးတန်ဆုံးအရာပဲ ဘယ်သူ့ကိုမှ ငါ့ဆီကနေ အဲ့ဒီအရာကို ယူဆောင်သွားခွင့်မပေးဘူး”

အာရန်သည် သူ့ကိုယ်သူ သေခြင်းအလံကို မလွှင့်ထူချင်သောကြောင့် နောက်ထပ် ဘာမှ ထပ်မံ မပြောတော့ချေ။

“စိတ်မပူပါနဲ့ ငှက်ကလေး ငါလဲ သူ့နဲ့အတူရှိနေမှာ ဘာအမှားအယွင်းမှ ဖြစ်လာမှာမဟုတ်ဘူး” ယီလန်သည် သူမ၏ စွမ်းရည်များကို အလွန်ယုံကြည်စွာဖြင့် ဝင်ပြောလိုက်သည်။

အရှင်သခင်အဆင့် တစ်ဦးကိုပင် ထိပါးနိုင်သော ပြိုင်ဘက်တစ်ဦးကိုမူ သူမသည် အနိုင်မယူနိုင်သေးသော်လည်း အနည်းဆုံး ထိုပုဂ္ဂိုလ်လက်မှ အာရန်ကို ကာကွယ်ရန်တော့ တတ်နိုင်ပေသေးသည်။

လွတ်မြောက်ရန် ဂိတ်ဝင်ပေါက်သည် မတည်ငြိမ်သော်လည်း သူမ၏ အသက်ဓါတ်စွမ်းအင်များကို အသုံးပြု၍ တည်ငြိမ်အောင် ပြုလုပ်ပါက လုံးဝ မဖြစ်နိုင်ဟု ပြော၍မရတော့ပေ။

အာရန်သည် သူမ၏ စကားများကို ကြားသောအခါ နဖူးကို လက်ဖြင့် ဖိထာားလိုက်သည်။

“လုပ်ပြီ သေခြင်းအလံလွှင့်ပြန်ပြီ”

“သေခြင်းအလံဟုတ်လား အဲဒါ နစ်ခရိုမန်ဆာမျှော်စင်ရဲ့ လက်ရာတစ်ခုကိုပြောတာလား” ယီလန်သည် ထိုစကားလုံးကို ပထမဆုံး အကြိမ်ကြားဘူးခြင်းဖြစ်သည့် အတွက် နားမလည်နိုင်ဖြစ်သွား၍ မေးလိုက်မိသည်။

သူမသည် အာရန်က သေခြင်းအလံလွှင်းနေသည်ဟု ဘာကြောင့်ပြောသည်ကို တွေးတောရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဝိုက် ကြည့်ရှုနေခဲ့သည်။

သူမသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသော်လည်း ၎င်းသေခြင်းအလံဟု ယူဆစရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိခဲ့ရပေ။

“ဘာမှ မဟုတ်ဘူး အခု ဒီ‌ထိတောင်ရောက်နေပြီဆိုတော့ အဲ့ဒီအရာပါလာရင်လဲ သယ်သွားရုံပဲရှိတော့မှာပေ့ါ မတတ်နိုင်ဘူး” အာရန်သည် ခေါင်းကို ပြန်ပွတ်ရင်း ပြောလိုက်သည်။

ထို့နောက် အာရန်သည် သူ၏ ဖီးနစ်ငှက်ကို စနစ်သိုလှောင်ခန်းအတွင်းသို့ ပြန်လည် ထည့်ထားလိုက်ပြီး ထိုနေရာသည် သူမအတွက် အလုံခြုံဆုံးနေရာလည်း ဖြစ်လေသည်။

ပထမဆုံးတောင်၌ ဆင်းသက်လိုက်ကြပြီးနောက် သူမကို စနစ်သိုလှောင်ခန်းအတွင်း ပို့ထားလိုက်ခြင်းဖြစ်သည်။ ဤနေရာမှစ၍ သူသည် ခြေလျင်ခရီးသာ ဆက်သွားနိုင်ပေတော့မည်။

အာရန်သည် ထိုပထမတောင်ဆီမှ ဆင်းကာ တောင်တန်း၏ အမြင့်ဆုံးတောင်ဖြစ်သော အလယ်ဘက်ရှိတောင်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။

မင်္ဂလာနှောင်ကြိုး၏ ဦးတည်ရာကို ကြည့်ရင်း ထိုနေရာသည် ဖန်းယုရှိနေသည့်နေရာဖြစ်ကြောင်း သူ သေချာသိထားလေသည်။

“ကဲခရီးဆက်လိုက်ရအောင်...”

အာရန်သည် ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် ဤတောင်တန်းတစ်ခုလုံး၏ ကိုးဆယ်ရာခိုင်နှုန်းကို လွှမ်းခြုံထားသော ဆုံးရှုံးခြင်းတောင်ဟု တရားဝင် သတ်မှတ်ထားသော နယ်နိမိတ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

အထဲသို့ဝင်လိုက်သည်နှင့် ဤတောင်တန်း၏ သဘာဝနိယာမများသည် သူ၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားလိုက်ကာ ပျံသန်းနိုင်စွမ်းကို ဆုံးရှုံးသွားသည်ဟု သူ ခံစားလိုက်မိသည်။

ပျံသန်းနိုင်စွမ်း ဆုံးရှုံးခြင်းသည် ဆုံးရှုံးခြင်းတောင်၏ သဘာဝစွမ်းရည်များထဲမှ တစ်ခုပင်ဖြစ်သော်လည်း ထိုအရာသည် ဤတောင်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ရသည့် အကြောင်းရင်း မဟုတ်သေးပေ။

ဤတောင်၌ လူတစ်ဦးသည် သူ၏ အာရုံခံစားမှုအားလုံးကို ဆုံးရှုံးသွားနိုင်သည်။

၎င်းသည် ဤနေရာသို့ စတင်ခြေချလိုက်သည်နှင့် ထိုသူသည် အာရုံခံစားမှုများ တဖြည်းဖြည်း ဆုံးရှုံးလာကာ ဦးတည်ရာ တဖြည်းဖြည်း ပျောက်ဆုံးသွားကြသောကြောင့် ဖြစ်လေသည်။

လမ်းပြအိမ်မြှောင်များကဲ့သို့ မိမိတို့သွားရမည့် ဦးတည်ရာကို လမ်းပြပေးမည့် ရတနာပစ္စည်း အားလုံးသည် ဤတောင်တန်း၌ အသုံးမဝင်တော့ပေ။

အကယ်၍ ဤတောင်၌ ထိုမျှသာ ဆိုပါက အာရန်သည် သိပ်ဂရုစိုက်မည် မဟုတ်ပေ။

သူ၌ မင်္ဂလာနှောင်ကြိုးရှိနေပြီး ၎င်းသည် ပုံရိပ်ယောင် ကြိုးတစ်ချောင်းသာဖြစ်ပြီး ဦးတည်ရာကိုညွှန်ပြပေးသည့် ရတနာပစ္စည်းမျိုး မဟုတ်ပေ။

၎င်းသည် လူတစ်ဦး၏ လက်၌ ကြိုးတစ်ချောင်းကို ချည်နှောင်ပေးလိုက်ပြီး ဤတောင်တန်းတွင်း၌ လျှောက်သွားခွင့်ပေးလိုက်ခြင်းနှင့် တူသည်။

ကြိုးသည် ပျောက်ကွယ်သွားနိုင်မည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် ဤတောင်၏ သက်ရောက်မှုသည် ထိုမျှသာ မကခဲ့ပေ။

တောင်တန်း၌ ကြာကြာပိုနေလေလေ ဆုံးရှုံးခြင်းစွမ်းအင်များ ၏ သက်ရောက်မှုကို ပို၍ ခံစားရလေလေဖြစ်သည်။

လူတစ်ဦးသည် ဆုံးရှုံးခြင်းတောင်၌ တစ်ရက်နေထိုင်မိတိုင်း ၎င်းတို့၏ အာရုံခံစားမှုတစ်ခုကို ယာယီ ဆုံးရှုံးသွားပေလိမ့်မည်။

ထို့နောက် ဤတောင်တန်း၌ တစ်ပတ်ခန့်ကြာအောင်နေထိုင်မိပါက မည်သည့်အရာကိုမျှ မြင်နိုင်၊ ကြားနိုင်တော့မည်မဟုတ်ပေ။

သင့်ကို ကူညီရန် မည်သည့်အရာမျှမရှိဘဲ တောင်တန်းအတွင်း၌ လမ်းပျောက်သွားခြင်းနှင့် တူညီလေသည်။

အနံ့ခံအာရုံများပင် တစ်ပတ်အတွင်း ပျောက်ဆုံးသွားပေလိမ့်မည်။

ဆုံးရှုံးခြင်းစွမ်းအင်သက်ရောက်မှုသည် လူတိုင်းအတွက် ကျပန်းပုံစံမျိုးဖြစ်လေသည်။

လူတစ်ဦးသည် နှစ်ဆယ့်လေးနာရီကြာပြီးနောက် အမြင်အာရုံကို ဆုံးရှုံးသွားနိုင်ပြီး အခြားတစ်ဦးမှာမူ အနံ့ခံအာရုံကိုသာ ဆုံးရှုံးသွားသည်မျိုးဖြစ်နိုင်လေသည်။

သို့သော် ခုနစ်ရက်ကြာပြီးနောက်တွင်မူ အားလုံးသည် တူညီသောအဆုံးသတ်၌သာ ရောက်ရှိသွားကြမည်ဖြစ်ပြီး ၎င်းတို့၏ အာရုံခံစားမှု ခုနစ်မျိုးစလုံး ပျောက်ဆုံးသွားလိမ့်မည် ဖြစ်လေသည်။

“ဂိုဏ်းချုပ်ကို အမြန်တွေ့အောင်ရှာရမယ် ပြီးရင် အဲဒီကောင်ကို သတ်ပြီး ရက်အနည်းငယ်အတွင်း ဒီနေရာကနေ ထွက်သွားရမယ် ဒီမှာ ငါ ကြာကြာပို နေလေလေ ပိုပြီး အားနည်းလေလေဖြစ်သွားလိမ့်မယ်”

သူသည် ဤနေရာသို့ ရောက်ရှိနေသောကြောင့် ယခုအချိန်မှ နောက်သို့ပြန် ဆုတ်ခွာချင်၍မရတော့ပေ။

မည်သည့် ကမ္ဘာကူးပြောင်းလာသူပင်ဖြစ်နေပါစေ သူသည် ၎င်းကို သတ်ရမည်သာ ဖြစ်လေသည်။

အမှန်တကယ်တွင်မူ ဂိုဏ်းချုပ်ကို ကယ်တင်ခြင်းသည် သူ၏ ဒုတိယမြောက် ဦးစားပေး အကြောင်းပြချက်တစ်ခုသာ ဖြစ်လေသည်။

ဤတစ်ကြိမ်၌ ထိုသူသည် မိစ္ဆာဂိုဏ်းချုပ်အတွက် ရောက်လာခဲ့ခြင်းသော်လည်း နောက်တစ်ကြိမ်တွင်မူ သူ့အတွက် ‌ရောက်လာခြင်းမျိုးကောမဖြစ်နိုင်ဘူးလား...။

သေခြာတွေးကြည့်ပါက အရာရာသည် အန္တရာယ် အလွန်များလွန်းနေလေသည်။

ထိုသူကို ပို၍ အချိန်ပေးထားလေလေ ထိုသူသည် ပို၍ အန္တရာယ်များလေလေ ဖြစ်သွားနိုင်လေသည်။

သူသာ ယခုအကြိမ် ထိုသူကို သတ်ဖြတ်ရန် ကျရှုံးခဲ့ပါက နောက်တစ်ကြိမ် ထပ်မံရှာဖွေ နိုင်ရန်မှ ပို၍ပင် ခက်ခဲသွားလိမ့်မည်ဖြစ်သည်။

........

အာရန်သည် အရှေ့တိုက်၏ ကြောက်မက်ဖွယ်အကောင်းဆုံး တားမြစ်နယ်မြေ တစ်ခုဖြစ်သော ဆုံးရှုံးခြင်းတောင်တန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးသည်။

သို့သော် ဤနေရာ၌ သူတစ်ဦးတည်းရောက်ရှိနေခြင်းတော့ မဟုတ်ပေ။

ရာစုနှစ်များတစ်လျှောက် ဤနေရာ၌ သေဆုံးခဲ့ရသောလူများစွာ၏ အလောင်းပုံများကြား၌ အခြားလူနှစ်ဦးမှာလည်း အသက်ရှင်လျက်အကောင်းအတိုင်း ရှိသေးလေသည်။

အမြင့်ဆုံးတောင်တန်းတစ်ခု၏ ထိပ်တစ်နေရာ၌ လူငယ်တစ်ဦးသည် နံရံတစ်ခုကို ကျောမှီလျက် ထိုင်နေလေသည်။

သူသည် လေထဲ၌ပင် တစ်စုံတစ်ခုကို ထိတွေ့နေသကဲ့သို့ သူ၏ လက်ချောင်းများဖြင့် ထူးဆန်းသော အမူအရာများ ပြုလုပ်နေလေသည်။

သူ၏ လုပ်ဆောင်ချက်များကို လူအများသာ မြင်မိသွားပါက ထိုနေရာနှင့်ဆက်စပ်၍ သူ့အား အစိတ်ပျောက်ကာ ရူးသွပ်သွားသောသူတစ်ဦးဟုသာ ထင်မှတ်သွားမိကြမည် ဖြစ်ပေသည်။

“ဒီမှာပဲ...”

သူသည် လေထဲမှ တစ်ခုခုကို တို့ထိလိုက်ပြီး ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်။

အကယ်၍ အာရန်သာ ဤနေရာ၌ ရှိနေပါက ထိုပစ္စည်းကို မြင်ရသောအခါ သူ သည် အလွန်အံ့အားသင့်သွားလိမ့်မည်ဖြစ်သည်။

၎င်းသည် သူ အလွယ်တကူ မှတ်မိနိုင်သော ပစ္စည်းတစ်ခုဖြစ်ပြီး တတ်နိုင်သမျှ များများ စုဆောင်းရန် သူ အလွန်တောင့်တ နေခဲ့သော အရာလည်းဖြစ်လေသည်။

၎င်းသည် ‘မေးခွန်းဘောက်ချာ’ ပင်ဖြစ်ပြီး အာရန်သည် သူ၏ ယခု ဒုတိယဦးစားပေးလမ်းကြောင်းအတွင်း ရွေးချယ်ခဲ့သော ဆုလာဘ်လည်းဖြစ်လေသည်။

“လှည့်လည်ခြင်းစနစ်ကို အသက်သွင်းပါ” ဟု လူငယ်က ပြောလိုက်သည်။

ထို့နောက် ထိုလူငယ်၏ရှေ့၌ ပုံရိပ်ယောင် အကြွေစေ့တစ်ခု ပေါ်လာလေသည်။

သို့သော် ထိုအကြွေစေ့၌ မျက်နှာပြင်နှစ်ခုတည်း မရှိပေ။ ၎င်း၌ မျက်နှာပြင်လေးခု ရှိနေလေသည်။

“ဒုတိယမျက်နှာပြင်ကို ရွေးတယ် မေးခွန်းဘောက်ချာကို ပစ်မှတ်ထားပြီး လှည့်လိုက်ပါ” ဟု သူက ပြောလိုက်သည်။

မျက်နှာပြင်လေးခုပါသော အကြွေစေ့လေးသည် လေထဲ၌ ပျံတက်သွားပြီး ထိုလူငယ်လေး၏ရှေ့ရှိ မြေပြင်သို့ မကျဆင်းမီ ထောင်နှင့်ချီသော ပေအမြင့်သို့ ရောက်ရှိသွားလေသည်။

[သင်သည် ကျရှုံးခဲ့ပါသည်။ မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု ကို ဤ မေးခွန်းဘောက်ချာ၌ အသုံးပြုနိုင်တော့မည် မဟုတ်ပါ။]

[ထိန်းသိမ်းခြင်းအကျိုးသက်ရောက်မှုမရှိဘဲ မေးခွန်းဘောက်ချာကို အသက်သွင်းလိုက်ပါပြီ။ တစ်ကြိမ်အသုံးပြုပြီးပါက မေးခွန်းဘောက်ချာကို ဆုံးရှုံးသွားပါလိမ့်မည်။]

“ချီးပဲကွာ”

လူငယ်သည် ကျိန်ဆဲလိုက်မိသည်။

“မှန်ကန်တဲ့ မျက်နှာပြင်ကိုသာ ရွေးချယ်နိုင်ခဲ့ရင် မေးခွန်းဘောက်ချာအသုံးပြုမှုကို အရင်တစ်ခေါက်ကလိုပဲ တစ်ကြိမ်ထပ်ပြီး ထိန်းသိမ်းထားနိုင်ခဲ့ရမှာ”

မေးခွန်းဘောက်ချာကို အသုံးပြုလိုက်မိပြီဖြစ်သဖြင့် အမျိုးအမည်မသိရသော ဖြစ်တည်မှုတစ်ဦးအား ဆင့်ခေါ်ခြင်း ဖိတ်ကြားလွှာတစ်ခုအား ပေးပို့လိုက်မိပြီး ဖြစ်လေသည်။

မြူနှင်းများထူထပ်စွာ ကျဆင်းနေသော ပတ်ဝန်းကျင်၌ ရုတ်တရက် ကြည်လင်သွားကာ မြူနင်းများ ထပ်မံကျဆင်းလာခြင်းမရှိတော့ပဲ အချိန်သည် ထိုနေရာဝန်းကျင်၌ ရပ်တန့်သွားပုံရလေသည်။

ထို့အပြင် ကမ္ဘာပေါ်ရှိ လူတိုင်းအတွက်လည်း အချိန်သည် ရပ်တန့်သွားပုံရလေသည်။

အနည်းဆုံး သာမန်လူများအတွက်တော့ ရပ်တန့်သွားခြင်းဖြစ်ပေမည်။

တောင်နှင့် မနီးမဝေး၌ အာရန်သည် လွတ်လပ်စွာ ရှေ့သို့လျှောက်သွားနေစဉ် သူ၏ ဘေးရှိ ယီလန်မှာ ရုတ်တရက် ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။

သူ၏အိပ်ကပ်ထဲရှိ ဆီလက်စ်ကလေးသည်လည်း အချိန်များရပ်တန့်သွားသကဲ့သို့ ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။

“စာရေးဆရာပဲလား”

အာရန်သည် မျက်မှောင်ကြုတ်ကာ အမြင့်ဆုံးတောင်ထိပ်ဆီသို့ လှည့်ကြည့်လိုက်မိသည်။

(ဘာသာပြန်သူမှတ်ချက်။ ။ သေခြင်းအလံလွှင့်ထူခြင်း (Raise a death flag) ဆိုတာ ရှင်းအောင်ပြောရရင် ဇာတ်လမ်းထဲမှာ ဇာတ်ကောင်တစ်ကောင်ဟာ နောက်ပိုင်းသူသေတော့မယ်ဆိုတာ ကြိုတင်ညွှန်ပြတဲ့လုပ်ရပ်တွေ၊စကားလုံးတွေကို ရည်ညွှန်းတဲ့အနေနဲ့သုံးတဲ့ ဘန်းစကားပါ။ ဥပမာ - ဒီတိုက်ပွဲပြီးရင် မင်းသမီးနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားကြမယ် ဘာညာပြောပြီး အဲ့တိုက်ပွဲမှာပဲ မင်းသားက သေဆုံးသွားတာမျိုးပေ့ါ)

All Chapters