← Chapters

မင်းအတွက် လိုအပ်လာနိုင်တယ်

Vol. 17 Ch. 229

မင်းအတွက် လိုအပ်လာနိုင်တယ်

Vol. 17 Ch. 229

ယီလန် သို့မဟုတ် ဆီလက်စ်သာ ရပ်တန့်သွားခြင်းမဟုတ်ပဲ ပတ်ဝန်းကျင်ရှိ အရာအားလုံးပါ ရပ်တန့်သွားခြင်းဖြစ်ကြောင်း မြင်လိုက်ရသည်။

မြေပြင်ပေါ်သို့ ကျဆင်းနေသော သစ်ပင်များမှ အရွက်ခြောက်ကလေးများသည် ယခု အချိန် လေထဲ၌ ငြိမ်သက်စွာရပ်နေကြသည်။

ကမ္ဘာကြီးတစ်ခုလုံးသည် လုံးဝရပ်တန့်သွားခြင်းဖြစ်ပုံရသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို သူနှစ်ကြိမ်အထိ မြင်ဖူးထားပြီး နှစ်ကြိမ်စလုံးသည် စာရေးဆရာဆိုသူပုဂ္ဂိုလ် ရောက်ရှိလာခြင်းကြောင့်ဖြစ်လေသည်။

အာရန်သည် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့သော်လည်း စာရေးဆရာဆိုသူသည် မည်သည့်နေရာတွင်မှ မပေါ်လာခဲ့ပေ။

“ငါ သိပြီ... ဒါဆို သူက ငါ့အတွက် ဒီမှာပေါ်လာတာ မဟုတ်ဘူး”

အာရန်သည် မင်္ဂလာနှောင်ကြိုးမှ သူ့ကို ခေါ်ငင်နေသော ဝေးလံသော တောင်ထိပ်ဆီသို့ ငေးကြည့်လိုက်သည်။

ဤသို့ဖြစ်နိုင်ခြေကို သူ ကြိုတင်မျှော်လင့်ထားပြီးဖြစ်သော်လည်း ဤတစ်ကြိမ်၌မူ သူ သည် လုံးဝ အတည်ပြုလိုက်နိုင်ခဲ့သည်။

မေးခွန်းဘောက်ချာများနှင့် တွေ့ဆုံခွင့်ရရန် အခွင့်အရေးရှိသူသည် သူတစ်ဦးတည်းသာ မဟုတ်ပေ။

သူသည် ပထမဆုံးအခွင့်အရေးရခဲ့ရုံသာ ဖြစ်လေသည်။

သို့သော် သူ့အတွက် နားမလည်နိုင်သော အရာတစ်ခု ကျန်ရှိနေသေးသည်။

စာရေးဆရာသည် သူ့အတွက် လာရောက်ခြင်းမဟုပ်ပါက သူသည် အဘယ်ကြောင့် လှုပ်ရှားနေနိုင်ရသနည်း။

သူသည် ကမ္ဘာကူးပြောင်းလာသူတစ်ဦး ဖြစ်နေသောကြောင့်လား။

“အဲဒီလိုဆိုရင် အရင်တစ်ခေါက် ဝိညာဥ်လမ်းလျှောက်သူကလည်း လှုပ်ရှားနိုင်ခဲ့သင့်တာပေါ့”

ဝိညာဥ်လမ်းလျှောက်သူသည် သူ့အားပထမဆုံးစတင် တွေ့သောအချိန်၌ စာရေးဆရာကို ဒုတိယအကြိမ် ဆင့်ခေါ်မိခဲ့သည်ကို သူ မှတ်မိနေသေးသည်။

ထိုအချိန်က ထိုကမ္ဘာကူလာသူ ဝိညာဥ်လမ်းလျှောက်သူပင် ထိုအချိန်၌ တုံ့ဆိုင်းနေခဲ့ပြီး မရွေ့လျားနိုင်ခဲ့ပေ။

“ဘာလို့ ငါကျမှ သူ့ရဲ့ ကန့်သတ်ချက်တွေကနေ လွတ်ကင်းနေတာလဲ”

အာရန်သည် ထိုပ‌ဟေဠိကို တွေးတောလိုက်မိသည်။

သူသည် ယီလန်ဘက်သို့ လှည့်ကာ သူမကိုယ်ကို တစ်ချက်ထိကြည့်လိုက်မိသည်။

အရင်အခေါက် ဆီလက်စ်ကို ထိတွေ့စဥ်ကကဲ့သို့ ဖြတ်ကျော်သွားခြင်းမျိုးမရှိပဲ သူမကိုယ်ကို ထိတွေ့နိုင်ခဲ့လေသည်။

အာရန်သည် များများစားစားထပ်မံ မတွေးတော့ပဲ ယီလန်အား သူ၏ လက်နှစ်ဖက်ဖြင့် ချီမြှောက်လိုက်သည်။

သူသည် ဤနေရာ၌ အချိန်မဖြုန်းလိုတော့ပေ။ ယီလန်အား ပွေ့ချီရင်း ဝေးလံသော တောင်ထိပ်ဆီသို့ ထပ်မံ၍ ခရီးဆက်ခဲ့လေသည်။

....

“မင်း အောင်မြင်သွားပုံရတယ်...”

တောင်ထိပ်၌ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ပေါ်လာခဲ့သည်။ သူ၏ မျက်နှာကို မြင်တွေ့ရန်မှာ မဖြစ်နိုင်ပေ။

သူသည် မေးခွန်းဘောက်ချာကို အသက်သွင်းလိုက်သော လူငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။

ထိုလူငယ်သည် မေးခွန်းဘောက်ချာကို အသုံးပြု၍ မေးခွန်းတစ်ခုမေးမြန်းရန် တစ်ကြိမ်အကျိုးသက်ရောက်မှု ရရှိထားလေသည်။

ထိုအမည်မသိရသောဖြစ်တည်မှုပုဂ္ဂိုလ် သည် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ အိပ်စက်ခြင်း၌ နစ်မွန်းလျက်ရှိနေပုံရသော အမျိုးသမီးတစ်ဦးကို ထပ်မံမြင်တွေ့လိုက်ရသည်။

သူမ၏ လက်များကို မူလကမ္ဘာပေါ်၌ အသုံးပြုသော လက်ထိပ်များနှင့် ဆင်တူသည့် အရာဖြင့် ချည်နှောင်ထားလေသည်။

“ကျုပ် ကျရှုံးမယ်လို့ ခင်ဗျား ထင်နေခဲ့တာလား”

လူငယ်က ပြန်ပြောရင်း လှောင်ပြောင်လိုက်သည်။

“ဒါက အစပဲ ရှိသေးတယ်”

“စိတ်ဝင်စားစရာပဲ...”

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်က ပြတ်သားသော ရည်မှန်းချက်တစ်ခု ရှိပုံရသော လူငယ်ဘက်သို့ ပြန်လှည့်လိုက်သည်။

“ငါ့ကို တွေ့တဲ့လူအများစုက ဒီကမ္ဘာကို သူတို့ ဘာကြောင့် ခေါ်လာခံရတာလဲ၊ ဒီကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုအကြောင်းကဘာဘဲ ဒါမှမဟုတ် မူလကမ္ဘာကို ဘယ်လိုပြန်သွားရမလဲ စတဲ့မေးခွန်းတွေပဲ မေးလေ့ရှိကြတယ် ဒါပေမဲ့ မင်းကတော့ ငါ့ကို အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခု မေးခဲ့တယ်...”

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်သည် လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ့နောက်၌ ပလ္လင်ပုံစံတစ်ခု ပေါ်လာလေသည်။

ထိုပုဂ္ဂိုလ်သည် သူ့ကို ဆင့်ခေါ်ခဲ့ရသော ထိုသေမျိုးတစ်ဦး၏ ရှေ့၌ပင် ပလ္လင်ပေါ်သို့ နတ်ဘုရားတစ်ပါးအလား တက်ထိုင်လိုက်သည်။

“ဒီကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေအကြောင်းကို ကျုပ်က ဘာလို့ ဂရုစိုက်ရမှာလဲ ကျုပ်မှာရှိတဲ့ စနစ်နဲ့ ဒီကမ္ဘာကို သိမ်းပိုက်ဖို့ပဲ လိုအပ်တယ်” ဟု လူငယ်က ပြန်ပြောလိုက်သည်။

“ခင်ဗျားကို ကျုပ်က ဒီ စိတ်လှုပ်ရှားစရာတွေပြည့်နှက်နေတဲ့ ဘဝကို စွန့်လွှတ်ပြီး အဲ့ဒီသောက်တလွဲတွေနဲ့ ပျက်စီးနေတဲ့ ကမ္ဘာကို ဘယ်လို ပြန်သွားရမလဲလို့ မေးမယ်လို့ ထင်နေတာလား...”

“ဒါက တကယ် စိတ်ဝင်စားစရာကောင်းတဲ့ တွေးခေါ်မှုတစ်ခုပဲ ဒါကြောင့် မင်းက မင်းကို မထိခိုက်စေဘဲ အရှင်သခင်တစ်ယောက်ကို ဘယ်လို အနိုင်ယူရမလဲဆိုတဲ့နည်း ငါ့ကို အတင်းအကျပ် ပြောဖို့ မေးခွန်းဘောက်ချာကို အသုံးပြုခဲ့တာပေ့ါလေ”

ဘာမှန်းမသိရသော ထိုဖြစ်တည်မှုက ဤလူငယ်မှာ အနည်းငယ် စိတ်ဝင်စားဖွယ်ပိုကောင်းသည်ဟု တွေးမိသဖြင့် ပြုံးလိုက်သည်။

သူ၏ ချဉ်းကပ်နည်းသည် အာရန်နှင့် လုံးဝ ကွဲပြားသော်လည်း ၎င်းသည် သူရရှိထားသော စနစ်ကြောင့်လည်း ဖြစ်လေသည်။

အာရန်သည် ဤကမ္ဘာသို့ကနဦး‌ရောက်လာစဥ် အစက သာမန်အသက်ရှင်သန် နိုင်ရန်ကိုသာ အလိုရှိနေခဲ့သော်လည်း ဤလူငယ်၌မူ ထိုစဥ်ကတည်းက အလွန်ကြီးမားသော ရည်မှန်းချက်များ ရှိနေခဲ့လေသည်။

သူသည် သူ၏မူလကမ္ဘာသို့ ပြန်သွားရန် နည်းလမ်းများ သို့မဟုတ် ဤကမ္ဘာ၌ သူ့ကဲ့သို့သော အခြားသူများ၏ တည်ရှိမှုများ စသည့်အရာများကို မေးမြန်းခြင်းမျိုး မပြုခဲ့ပေ။

နောက်ဆုံးသူသည် သူ့ကို ဤနေရာသို့ အဘယ့်ကြောင့် ဆင့်ခေါ်ခံခဲ့ရသည်ကိုပင် မေးမြန်းခြင်း မပြုခဲ့ပေ။

သူသည် ထိုထူးဆန်းသော ပုဂ္ဂိုလ်ပင် မမျှော်လင့်ထားသော ရိုးရှင်းသည့် မေးခွန်းလေးတစ်ခုကို မေးရန်သာ မေးခွန်းဘောက်ချာကို တိုက်ရိုက် အသုံးပြုခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်သည် ဤကမ္ဘာ၏ လျှို့ဝှက်ချက်များစွာကို သိသောကြောင့် ထိုလူငယ်အား သူ့ကိုယ်သူမထိခိုက်စေဘဲ အရှင်သခင်တစ်ဦးကို အနိုင်ယူရန် အကြံဥာဏ်များနှင့် လှည့်ကွက်အချို့ကို ပြောပြရန်မှာ မခက်ခဲပေ။

“ဟုတ်တယ်လေ ကျုပ်ရထားတဲ့စနစ်က အချိန်တစ်ခုရရင် ဘယ်သူ့ကိုမဆို ကျုပ်ရဲ့ ကျွန်အဖြစ် ပြောင်းလဲပစ်နိုင်တယ် တကယ်လို့ အရှင်သခင်လေးယောက်သာ ကျုပ်ရဲ့ ကျွန်တွေဖြစ်လာရင် တခြားဘာတွေများ သိဖို့ လိုအပ်ဦးမှာလဲ” ဟု လူငယ်က ပြန်မေးလိုက်ပြီး သူ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေပေသည်။

သူသည် ဖြတ်လမ်းနည်းကို သုံးမိမည်ကိုလည်းဂရုမစိုက်ပေ။

သူသည် ဤကမ္ဘာအကြောင်း အားနည်းချက် သို့မဟုတ် အခြားမသိနားမလည့် အရာများ အကြောင်းလည်း စိတ်ထဲတွင်ရှိမနေခဲ့ပေ။

လူငယ်သည် သူ၏ စနစ် အကူအညီကိုသုံးကာ ချက်ချင်းပင် ထိပ်ဆုံးသို့ ခပ်ကြမ်းကြမ်း ခုန်ကျော် တက်လှမ်းနိုင်ရန်သာ အာရုံရှိနေခဲ့သည်။

“အဲဒီလိုလား...”

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်သည် တစ်စုံတစ်ခုကို ခံစားမိလိုက်သကဲ့သို့ ဦးတည်ရာတစ်ခုသို့ ခေတ္တမျှငေးကြည့်ရင်း ပြုံးလိုက်မိသည်။

“ငါ နောက်ဆုံးတစ်ခေါက် ထွက်မသွားခင်တုံးက မင်းကို အကြံဉာဏ်တစ်ခုပေးခဲ့မိတာကို မှတ်မိသေးလား” ဟု ထိုပုပုဂ္ဂိုလ်က မေးလိုက်သည်။

“မှတ်မိပါတယ်ဗျာ မိစ္ဆာဂိုဏ်းချုပ် ဖန်းယုက သူမရဲ့ အဖေကို သတ်သွားတဲ့သူကို ရှာဖွေဖို့ သူမရဲ့ ပြင်းပြတဲ့ ဆန္ဒကို ဘယ်လိုအသုံးချပြီး သူမကို လျှို့ဝှက်နည်းနဲ့ ဘယ်လို အနိုင်ယူရမလဲဆိုတာ ပြောပြပြီးတဲ့နောက် ခင်ဗျားထပ်ပြောခဲ့တဲ့စကားမဟုတ်လား”

“ ဖန်းယုကို အနိုင်ယူနိုင်ပေမယ့် မင်းရဲ့ လုံခြုံရေးကို ဂရုစိုက်တယ်ဆိုရင် ဒီအရာကို မကြိုးစားကြည့်သင့်သေးဘူးလို့ ခင်ဗျားပြောခဲ့တဲ့စကားမဟုတ်လား”

“ရိုးရိုးသားသားပြောရရင် ခင်ဗျားရဲ့ ခြိမ်းခြောက်မှုက ကျုပ်အပေါ် အလုပ်ဖြစ်မယ်လို့ ခင်ဗျား ထင်နေခဲ့တာမလား ဘာလို့လဲဆိုတော့ ခင်ဗျားက အချိန်အနည်းငယ်အတွင်းမှာပဲ ကျုပ်က ဒီကမ္ဘာရဲ့ အကြွင်းမဲ့ အုပ်ချုပ်သူ တစ်ဦးဖြစ်လာမှာကို စိုးရိမ်နေခဲ့လို့ပဲမဟုတ်လား”

ထိုလျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်သည် သူ့အတွက် မိတ်ဆွေတစ်ဦး မဟုတ်ကြောင်း သူ သတိထားမိပြီးဖြစ်သဖြင့် ထိုသူ၏ သတိပေးချက်များကို သူသည် အလေးအနက် မထားခဲ့ပေ။

ထိုပုဂ္ဂိုလ်သည် သူ့အား ပို၍ လွယ်ကူစွာ ထိန်းချုပ်နိုင်ရန်အတွက် အစပိုင်းတွင် ပို၍ အားနည်းစေလိုခဲ့သည်ဟု သူ ယုံကြည်ထားလေသည်။ သို့သော် ယခု သူသည် ခြေလှမ်းတစ်ခုတည်းဖြင့် အရာအားလုံးကို ရရှိနိုင်တော့မည်ဖြစ်လေသည်။

“အဲ့ဒါက မင်း ယုံကြည်ထားတာပေ့ါလေ”

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်သည် နောက်ထပ် ဘာမှ ထပ်မံ မပြောတော့ပေ။

ထိုလူငယ်သည် အရာရာကိုလုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ရှေ့သို့ခြေလှမ်း အ‌တော်လေး ရောက်နေပြီဖြစ်လေသည်။

နောက်ထပ် ဘာဆက်ဖြစ်မည်ဆိုသည့် ကိစ္စများသည် သူ့နှင့် အမှန်တကယ် မသက်ဆိုင်တော့ပေ။

“အဲဒါတွေ လျှောက်ပြောနေတာ တော်လောက်ပြီ အတိတ်ကို ပြန်ပြောင်းပြောဖို့ အတွက် ခင်ဗျားကို ကျုပ် ဒီကို ဆင့်ခေါ်ခဲ့တာမဟုတ်ဘူး” ဟု လူငယ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

လူငယ်သည် မေးခွန်းဘောက်ချာ၏ ဖိအားပေး မေးခွန်းအကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်လေသည်။

“ကျုပ်မေးခွန်းက အရင်အတိုင်းပဲ နောက်ထပ်အရှင်သခင်တစ်ယောက်ကို ကျုပ်ကိုယ်ကျုပ် မထိခိုက်စေဘဲ ဘယ်လို အနိုင်ယူရမလဲဆိုတာ ပြောပြပါ”

ဟု လူငယ်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

ထို လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်အပေါ် အမည်မသိ သက်ရောက်အချို့ ရောက်ရှိသွားပြီးသည့်နောက် မေးခွန်းဘောက်ချာသည် လေထဲ၌ပင် ပျောက်ကွယ်သွားခဲ့သည်။

မေးခွန်းဘောက်ချာ၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် ထိုပုဂ္ဂိုလ်သည်လည်း ထိုအဖြေကို ငြင်းဆန်နိုင်စွမ်း မရှိတော့ပေ။

“မင်း အနိုင်ယူနိုင်တဲ့ နောက်ထပ်အရှင်သခင်တစ်ဦးက သန့်စင်ပုရောဟိတ်မပဲ ကိုယ့်ကိုကိုယ် မထိခိုက်ဘဲ သူမကို အနိုင်ယူဖို့ နည်းလမ်းကတော့........”

“...”

“...”

လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်သည် လူငယ်အား သူ လိုချင်နေသော အဖြေကို ပြောပြလိုက်သည်။

ထို့ကြောင့် သူ ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက် ပြည့်စုံသွားပြီး သူသည် မေးခွန်းဘောက်ချာ အကျိုးသက်ရောက်မှုမှ လွတ်မြောက်သွားလေသည်။

ထို့နောက် ထိုပုဂ္ဂိုလ်သည် ပြန်ရန် ပြင်ဆင်ကာ ထရပ်လိုက်သည်။

တဖြည်းဖြည်း သူ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်စပြုလာခဲ့သည်။

ယခင်ကကဲ့သို့ပင် သူသည် ပျောက်ကွယ်မသွားခင် နောက်ဆုံး စကားလုံးတစ်လုံးတော့ ချန်ထားရစ်ခဲ့လေသည်။

“ဘယ်သူမှ ကံကြမ္မာကို ပြောင်းလဲနိုင်ပုံမပေါ်ဘူး မင်း ကံကောင်းပါစေလို့ပဲ ငါ ဆုတောင်းပေးပါတယ်... အဲ့ဒီဆုတောင်းက မင်းအတွက် လိုအပ်နိုင်တယ်”

ထိုပုဂ္ဂိုလ်၏ ပုံရိပ်သည် လုံးဝ ပျောက်ကွယ်သွားပြီး လူငယ်၏စိတ်ကို ရှုပ်ထွေးသွာစေခဲ့သည်။

သူက ဘာကို ဆိုလိုတာလဲ။ သူ နားမလည်လိုက်ပေ။

All Chapters