← Chapters

သတ္တမ အာရုံ

Vol. 17 Ch. 231

သတ္တမ အာရုံ

Vol. 17 Ch. 231

အာရန်သည် ဤနေရာ၌ ပျံသန်းနိုင်စွမ်းမရှိသဖြင့် တောင်တန်းများကို ခြေကျင်သာဖြတ်လျှောက်သွားခဲ့ရသည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သော လအနည်းငယ်အတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်များ သည် အတော်လေး မြင့်တက်လာခဲ့ပြီး ၎င်းသည် သူ၏ ခံနိုင်ရည်အားကိုလည်း တိုးမြင့်စေခဲ့သည်။

တောင်များစွာကို ဖြတ်သန်းပြေးလွှားခဲ့ရသော်လည်း သူသည် အလွယ်တကူ မပင်ပန်းနိုင်ခဲ့ပေ။

ထို့ပြင် သူပင်ပန်းနေလျှင်ပင် အနည်းငယ်သော ပေးဆပ်မှုအချို့ဖြင့် သူ၏ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားရန် နဂါးလျှာအစွမ်းကို အသုံးပြုနိုင်သေးသည်။

သို့သော် အာရန်သည် တတ်နိုင်သမျှ အမြန်ဆုံး ခရီးသွားနေသော်လည်း အလယ်တောင်သို့ ရောက်ရန် တစ်ရက်ခန့် ကြာမြင့်ခဲ့သည်။

သူသည် တောင်ခြေရင်း၌ ရပ်နေပြီး မှောင်မိုက်လာသော ကောင်းကင်ကို ကြည့်နေခဲ့သည်။

သူသည် ဤဆုံးရှုံးခြင်းတောင်တန်းသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ဆယ့်လေးနာရီနီးပါး ရှိခဲ့ပြီဖြစ်ပြီး ဆုံးရှုံးခြင်း၏ ကျိန်စာ သက်ရောက်ရန် အချိန်လည်းဖြစ်လေသည်။

သူသည် ဘာကို ဆုံးရှုံးသွားမည်ကို မသေချာပေ။

ထိုအရာသည် သူ၏ အမြင်အာရုံ မဟုတ်သမျှကာလပတ်လုံး ၎င်းသည် သူ့အား များစွာ အဟန့်အတား မဖြစ်စေနိုင်ပေ။

သို့သော် ပထမအကြိမ်၌ အမြင်အာရုံဖြစ်ပါက သူသည် သူ၏ ကံဆိုးမှုကိုသာ ကျိန်ဆဲနိုင်တော့မည်ဖြစ်သည်။

ဤကမ္ဘာ၌ သူ၏ တောက်လျှောက် ကြုံတွေ့ခဲ့ရသော ကံကြမ္မာနှင့် သူ၏အတိတ်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ကောင်းသောအရာ မဖြစ်နိုင်ဟု သူ ခံစားမိခဲ့သည်။

သူသည် ကံကြမ္မာ၏ သားတော် မဟုတ်ခဲ့ပေ။

ကံကောင်းစွာဖြင့် သူသည် ဤနေရာ၌ တစ်ယောက်တည်း မဟုတ်ပေ။ သူ၌ ယီလန် ရှိနေသည်။

သူမသည်လည်း ဤတောင်တန်း၏ ကျိန်စာ သက်ရောက်မှုကို ခံစားနေရသော်လည်း လူနှစ်ဦးသည် တူညီသော အာရုံကို တစ်ပြိုင်နက်ထဲ ဆုံးရှုံးရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

ဖြစ်နိုင်ခြေသည် အလွန်နည်းပါးသည်။

ထို့ကြောင့် ထိုသို့ဖြစ်ခဲ့ပါက သူမသည် လမ်းညွှန်ဖြစ်လာနိုင်သည်။

ထိုသို့ မဟုတ်ပါက လည်း ထိုကဲ့သို့သော အခြေအနေအတွက် သူသည် အရာများကို ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

“တစ်ဆယ်...”

အာရန်သည် အဓိကတောင်ပေါ်သို့ နောက်ဆုံး ခြေချမိလိုက်စဥ် ရေတွက်ခြင်းအမှုကို စတင်ပြုလိုက်သည်။

“ကိုး...”

“ရှစ်...”

ခြေလှမ်းတိုင်း၌ ကျိန်စာအသစ် သက်ရောက်တော့မည့် အချိန်ကို သူ ရေတွက်ခဲ့သည်။

၎င်းတို့သည် ဤတောင်တန်း၌ ရှိနေသမျှကာလပတ်လုံး ထိုကျိန်စာကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဆုံး

ရှုံးခြင်းတောင်မှ ထွက်ခွာမှသာ ထိုကျိန်စာ ပျောက်ကွယ်သွားနိုင်မည်ဖြစ်သည်။

“ခုနစ်”

“ခြောက်”

“ငါး”

“လေး”

“သုံး”

“နှစ်”

“တစ်”

နောက်ဆုံး၌ သူသည် ဆုံးရှုံးခြင်းတောင်အတွင်း၌ နှစ်ဆယ့်လေးနာရီ ပြည့်သွားခဲ့ပြီဖြစ်သည်။

ရေတွက်ခြင်း အဆုံးသတ်သောအခါ အာရန်သည် သူ အစောပိုင်းက စိုးရိမ်ခဲ့သော မျက်လုံးများကို ပွတ်သပ်လိုက်သည်။

သူ၏ ပတ်ဝန်းကျင်ရှိမြင်ကွင်းများသည် ရုတ်တရက် မည်းမှောင်ကျသွားခဲ့သည်။

သူသည် ဘာကို ဆုံးရှုံးသွားခဲ့မှန်းကို သဘောပေါက်လိုက်သည်။

၎င်းသည် သူ အစိုးရိမ်ဆုံးသောအရာလည်းဖြစ်လေသည်။ ပထမဦးဆုံးကျိန်စာ၌ပင် သူသည် သူ၏ အမြင်အာရုံကို ဆုံးရှုံးသွားခဲ့ရလေသည်။

သူ၏ မျက်လုံးများသည် ငွေရောင်အဖြစ်ပြောင်းလဲသွားပြီး သူ၏ အမြင်အာရုံမှ အရာအားလုံးကို ပိတ်ဆို့ခံလိုက်ရလေသည်။

ကမ္ဘာကြီးသည် သူ၏ မျက်စိရှေ့၌ လုံးဝပိန်းပိတ်

သွားသကဲ့သို့ သူသည် ဘာတစ်ခုကိုမျှ မမြင်နိုင်တော့ပေ။

“မင်းကော ဘာကိုဆုံးရှုံးခဲ့လဲ” ဟု ဘာမှမမြင်နိုင်တော့သော အာရန်သည် ယီလန်ရှိရာနေရာကို မှန်းသန်းရင်းလှည့်ကြည့်ကာ မေးလိုက်သည်။

အာရန်သည် စောင့်လျှောက်သူနှင့်နှစ်ကိုယ်ကြား

သီးသန့် ဆက်သွယ်မှုအပေါ်တွင် မူတည်၍ သူမ၏ တည်နေရာကို ခန့်မှန်းနိုင်ခဲ့သည်။

ယီလန်က “အရသာ အာရုံ...” ဟု ပြန်ဖြေလိုက်သည်။

အာရန်သည် သူ၏ နဖူးကို လက်ဖြင့် ပြန်ရိုက်လိုက်မိသည်။

“ငါက အဓိကဇာတ်လိုက် မဟုတ်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ ဒါကြီး အရမ်း အနိုင်ကျင့်လွန်းရာကျမနေဘူးလား”

သူသည် ဖြစ်နိုင်သမျှများထဲမှ အဆိုးဆုံးအရာကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ယီလန်မှာမူ အနည်းငယ်မျှပင် အရေးမပါသော အရာတစ်ခုကိုသာ ဆုံးရှုံးခဲ့လေသည်။

ပထမဦးဆုံးနေ့၌ပင် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေသည် ဆယ်ရာခိုင်နှုန်းကျော်သာ ရှိပြီး သူသည် ၎င်းကို အောင်မြင်စွာပင် ရရှိနိုင်ခဲ့လေသည်။

“ငါ့ကို ဒုက္ခပေးနိုင်တဲ့ အခြေအနေမျိုးတွေမှ ဘာလို့ အဲဒီလို ရှားပါးတဲ့ ဖြစ်နိုင်ခြေတွေက အလုပ်ဖြစ်နေရတာလဲ”

အာရန်သည် သူ၏ နဖူးကို ပြန်လည်ပွတ်လိုက်သည်။ သို့သော် ဒေါသထွက်နေ၍လည်း ဘာမှ အဓိပ္ပာယ်မရှိကြောင်း သူ သဘောပေါက်ထားသည်။

သူ၏ ကံကြမ္မာမှတ်တမ်းများကိုကြည့်ခြင်းအားဖြင့် သူသည် ဤကဲ့သို့သောအရာမျိုးကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။

ထို့ကြောင့် သူသည် သူ၏ ကျန်ရှိသည့် အာရုံခြောက်ပါးအနက် အနံ့ခံအာရုံနှင့် အကြားအာရုံတို့ကို ပေါင်းစည်းကာ သူ၏ သိစိတ်ပင်လယ်အတွင်း၌ ပတ်ဝန်းကျင်၏ မြေပုံတစ်ခုကို ဖန်တီးပေးသော နဂါးလျှာ၏ မှော်စွမ်းအင်သစ်တစ်ခုကို စမ်းသပ် ကြည့်လိုက်သည်။

အာရန်သည် သူ၏ နဖူးပေါ်၌ လက်ညှိုးဖြင့်ထောက်လိုက်ကာ “သတ္တမ အာရုံ” ဟု ပြောလိုက်သည်။

သူ၏ စကားဆုံးသောအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ သူတစ်ယောက်သာ ခံစားသိရှိနိုင်သော အဆီအနှစ်စွမ်းအင်အချို့သည် တုန်ခါမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် သူ၏ သိစိတ်ပင်လယ်အတွင်း၌ ပတ်ဝန်းကျင်၏ မြေပုံတစ်ခု ပေါ်လာကြောင့် ထူးဆန်းစွာ ခံစားမိလိုက်လေသည်။

ထိုအရာသည် အလွန်ထူးဆန်းလေသည်။ သူသည် မျက်လုံးဖြင့် မကြည့်ဘဲ လုံးဝ အသစ်သော သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းသစ် တစ်ခုဖြင့် ကြည့်နေရသည်ဟူ၍ ခံစားမိနေလေသည်။

သူသည် အမြင်အာရုံဖြင့် ကန့်သတ်ခြင်းပင်မခံရတော့ဘဲ နောက်ကိုပင် လှည့်ကြည့်စရာမလိုဘဲ သူ့နောက်ကျောကိုပင် လှမ်း၍ ကြည့်ရှုနိုင်လေသည်။

သူ၏ စိတ်၌ မြင်ရသော ထိုမြင်ကွင်း၌ အရောင်များ မရှိပေ။

တစ်စုံတစ်ဦးသည် မည်သည့်အရောင်မျှ မပါဝင်သော ပုံကြမ်းတစ်ခုဖြင့် ကမ္ဘာကို ဆွဲထားသကဲ့သို့ မြင်ရခြင်းဖြစ်သည်။

သူသည် ဤနဂါးလျှာအစွမ်းကို ယခင်ကလည်း ကြိုးစားကြည့်ဘူးခဲ့သော်လည်း ထိုမျှ အထိ တိကျမှု မရှိခဲ့ပေ။

အတိတ်၌ သူ ကြိုးစားခဲ့သည့်အချိန်တိုင်းတွင် သူသည် မျက်လုံးများကို အသုံးပြုနိုင်ခဲ့သဖြင့် ထိုအစွမ်းအသုံးပြုရာတွင် အနှောင့်အယှက် ဖြစ်စေခဲ့ဟန်ရလေသည်။

ယခုမူ သူသည် မည်သည့်အရာမျှ မမြင်နိုင်တော့သောကြောင့် နဂါးလျှာ၏အစွမ်းသက်ရောက်မှုများသည် ပိုမိုတိကျလာခဲ့ဟန်ရလေသည်။

၎င်းသည် ပထမကျိန်စာမှ သူရရှိလိုက်သော ချို့ယွင်းချက်တစ်ခုကိုလည်း ဖယ်ရှားပြီးသားဖြစ်သွားခဲ့သည်။

အာရန်သည် ယီလန်အား စိတ်မပူရန်နှင့် သူသည် ပတ်ဝန်းကျင်ကို ဆက်လက်မြင်တွေ့နိုင်ကြောင်း ပြောရန် ပြင်လိုက်သည်။

သို့သော် သူ ဘာမှ မပြောနိုင်ခင်မှာပင် ယီလန်သည် သူမ၏ လက်ကလေးများဖြင့် သူ၏ လက်မောင်းကို လာရောက်ဆုပ်ကိုင်ထားလိုက်သည်ကို ခံစားလိုက်ရသည်။

သူမသည် ရယ်မောခြင်း သို့မဟုတ် သူ၏ အမြင်အာရုံချို့ယွင်းသွားခြင်းကို လှောင်ပြောင်ခြင်း မပြုခဲ့ပေ။

သူမ၏ ပထမဆုံး အတွေးမှာ ရိုးရှင်းစွာပင် သူ့အား တတ်နိုင်သမျှ နည်းလမ်းဖြင့် ကူညီရန်ပင်ဖြစ်သည်။

“ကျွန်က ရှင့်ကို ကျွန်မရဲ့ အမြင်အာရုံတွေ မျှဝေပေးနိုင်ပါတယ် ရှင်ကိုယ်တိုင် မမြင်နိုင်ပေမယ့် ကျွန်မအမြင်အာရုံတွေကနေတဆင့် ကျွန်မ မြင်နိုင်သမျှ အရာအားလုံးကို ရှင်လဲ မြင်နိုင်လိမ့်မယ်” ဟု သူမသည် အာရန်ကို ပြောပြီး သူ့အား စိုးရိမ်ပုံအနည်းငယ်ရသော လေသံဖြင့်ပြောလိုက်သည်။

သူမ၏ အသံ၌ စိုးရိမ်ပူပန်မှုကို ကြားလိုက်ရသောအခါ အာရန်ပင် အံ့အားသင့်သွားရသည်။

နောက်ဆုံး၌ သူမသည် သူ့အား အမှန်တကယ် အကူအညီပေးလိုနေ ခဲ့ခြင်းဖြစ်လေသည်။

တာဝန်အရ စောင့်လျှောက်သူတစ်ဦးနေဖြင့်သာ မဟုတ်ပေ။

ထို့ပြင် သူမ၏ အမြင်အာရုံကို မျှဝေခံစားစေနိုင်ခြင်းသည်လည်း စိတ်ဝင်စားဖွယ်ကောင်းသော စွမ်းရည်တစ်ခုဖြစ်လေသည်။

သူသာ ထိုသို့အသုံးပြုလိုက်ပါက ၎င်းသည် တတိယပုဂ္ဂိုလ်ရှုထောင့်မှ သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကို မြင်နိုင်ခြင်းနှင့် တူနေပေလိမ့်မည်။

ဂိမ်းကစားသောအခါ မတူညီသော ကင်မရာရှုထောင့်မှ ဇာတ်ကောင်တစ်ဦးကို မြင်ခြင်းနှင့် မခြားနားတော့ပေ။

အကယ်၍ သူ့၌ စိတ်မြေပုံကဲ့သို့ စွမ်းရည်မျိုး မရှိပါက ထိုစွမ်းရည်ကို စမ်းသုံးကြည့်ရန် သူ အမှန်တကယ် လိုလားခဲ့လိမ့်မည်ဖြစ်လေသည်။

“မင်းရဲ့ စိုးရိမ်ပူပန်မှုတွေအတွက် ကိုယ်တကယ် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကိုယ် အဆင်ပြေပါတယ်” ဟု အာရန်က သူမ၏ မေးစေ့ကို လက်ဖြင့် ဖွဖွလေး ပင့်ကိုင်လိုက်ရင်း ပြန်ဖြေလိုက်သည်။

အာရန်၏ မျက်လုံးများသည် ငွေရောင်ဖြစ်ပြီး လုံးဝ အလွတ်ဖြစ်နေပုံရသည်။

သို့သော် သူသည် သူမ၏ မေးစေ့ကို ထိကာ သူမ၏ ခေါင်းကို သူ့မျက်နှာဆီသို့ မြှင့်ပေးလိုက်နိုင်ခဲ့သည်။

“ရှင် မြင်နိုင်သေးတာလား” ယီလန်သည် အံ့အားသင့်သွားရသည်။

“ဒီလောက် လှပတဲ့မိန်းကလေးတစ်ယောက် ကိုယ့်အနားမှာရှိနေတဲ့ အချိန်မှာ ကိုယ်က မင်းရဲ့ အလှကို မျက်စိဒေါက်ထောက် ကြည့်နေရမှာမဟုတ်ဘူးလား ကိုယ့်ရဲ့ မြင်နိုင်စွမ်းကို ဒီတိုင်း အဆုံးရှုံးခံလိုက်လို့ ဘယ်ဖြစ်ပ့ါမလဲ”

အာရန်က ထိုသို့ ပြန်ပြောလိုက်သောအခါ ယီလန်သည် နောက်တစ်ကြိမ် မျက်နှာတစ်ခုလုံး နီရဲသွားရပြန်လေသည်။

(ဘာသာပြန်သူမှတ်ချက်။ ။ လူတွေမှာ အာရုံ (၅) မျိုးပဲရှိတယ်လို့ အရင်ကသတ်မှတ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အာရုံ (၇) မျိုးရှိတယ်လို့ ထပ်တိုးသတ်မှတ်လာကြပါတယ်.. ဆဌမအာရုံ ကို ကြိုတင်သိမြင်နိုင်စွမ်း (Premonition)၊ စိတ်နဲ့ဆက်သွယ်တာ (Telepathy) နဲ့ အန္တရာယ်ကိုအာရုံခံနိုင်တာ (Sense of danger ) စသည်ဖြင့် အမျိုးမျိုး သတ်မှတ်သုံးနှုန်းကြပါတယ်။ သတ္တမအာရုံဆိုတာကတော့ ဆဌမအာရုံထက် တစ်ဆင့်ပိုမြင့်တဲ့ အဆင့်တစ်ခု လို့ပြောလို့ရပါတယ် ပိုမိုမြင့်မားတဲ့အသိဉာဏ် (Higher Consciousness)၊ ဝိဉာဥ်ရေးဆိုင်ရာနိုးကြားမှု(Spiritual Awakening) ၊ စကြာဝဠာဆိုင်ရာ တစ်သားတည်းဖြစ်တည်မှု (Connection with the universe) စသဖြင့် အမျိုးမျိုးသတ်မှတ်ဖော်ပြကြပါတယ်... ခုစာစဥ်ထဲမှာတော့ အာရန်က သတ္တမအရုံကို နဂါးလျှာအစွမ်းနဲ့ပေါင်းစပ်ပြီး ဆုံးရှုံးခြင်းတောင်တန်းရဲ့ တည်ရှိမှုနဲ့ တစ်သားတည်းဖြစ်သွားတဲ့ပုံစံမျိုးနဲ့ မြင်ရတဲ့သဘောပေ့ါ ဒါပေမဲ့မျက်စိတစ်ဆုံးက အကွာအဝေး ဝန်းကျင်လောက် မြင်နိုင်တဲ့ အဆင့်အထိပဲသုံးနိုင်သေးတယ်လို့ ယူဆရပါတယ်။)

All Chapters