← Chapters

အကြွင်းမဲ့ နာခံမှု

Vol. 17 Ch. 232

အကြွင်းမဲ့ နာခံမှု

Vol. 17 Ch. 232

“ရှင် ဘယ်တော့မှ အတည်အတံ့ ပြောနိုင်မှာလဲ”

ယီလန်သည် အာရန်အား မျက်လုံးကိုဝေ့ကြည့်ရင်း ပြောလိုက်သော်လည်း သူ၏ လက်များကို သူမ၏ မေးစေ့ဆီမှ မဖယ်ရှားပစ်ခဲ့ပေ။

“ကိုယ် အတည်အတံ့ မပြောဘူးလို့ မင်းကို ဘယ်သူကပြောလဲ”

အာရန်က သူ၏ လက်ကို သူမမေးစေ့ဆီမှ ပြန်လည် ဖယ်ရှားရင်း မေးလိုက်သည်။

“ကိုယ်ကအမြဲတမ်း အတည်အတံ့ပဲ ပြောတတ်တာလေ”

“ဟုတ်လို့လားရှင်”

ယီလန်သည် သူပြောနေသော စကားတစ်ခွန်းကိုပင် မယုံကြည်ပေ။

အာရန်ထင်ထားသည်ထက်ပင် သူမသည် အာရန်အကြောင်းကိုပို၍ သိသည်ဟု ယူဆထားသည်။

အာရန်သည် သူ၏ စကားများ၌ အမှန်တရားများပါဝင်နေသော်လည်း ထပ်မံမငြင်းခုန်တော့ပေ။

အာရန်သည် အတွင်း၌ လုံးဝတည်ငြိမ်စွာအရာရာကို အကွက်ချလျက်ရှိနေသော်လည်း အခြားသူများ စိုးရိမ်ပူပန်မည်စိုးသဖြင့် သူ၏ မျက်နှာ၌ ပေ့ါပေ့ါပါးပါးအမူအရာကို သာဖော်ပြခဲ့ခြင်းဖြစ်သည်။

ဤအခြေအနေသည် မည်မျှ အန္တရာယ်များကြောင်း သူသည်သာ အသိဆုံးဖြစ်သည်မဟုတ်ပါလော...။

“ကိုယ်တို့ သွားတဲ့ အရှိန်ကို တိုးမြှင့်မှရမယ် မင်း ကိုယ့်နောက်ကို လိုက်နိုင်မယ်မလား ဒါမှမဟုတ် အစောကလိုမျိုး မင်းကို ကိုယ် သယ်သွားရမလား” ဟု အာရန်သည် နဂါးလျှာကို နောက်တစ်ကြိမ် ထပ်မံ အသက်သွင်းရင်း မေးလိုက်သည်။

အာရန်သည် သူ၏ ရင်ဘတ်ပေါ်သို့ သူ၏ လက်ညှိုးကို တင်လိုက်သောအခါ

နဂါးသွေးမျိုးဆက်စွမ်းအင်များသည် ထိုနေရာ၌ စုဝေးရောက်ရှိလာကြသည်။

“ခွန်အားတိုးမြှင့်စေ”

“သွက်လက်မှုတိုးမြှင့်စေ”

သူသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ တစ်ပြိုင်နက် မှော်စွမ်းအင်နှစ်ရပ်စလုံးကို တစ်ပြိုင်နက် အသက်သွင်းလိုက်သည်။

၎င်းတို့သည် နားလည်ရန်အတွက် များစွာ အားစိုက်ထုတ်ရန် မလိုသော အရေးမပါသော မှော်အနည်းငယ်သာ ဖြစ်သည်။

သို့သော် ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်အပေါ်သို့ သက်ရောက်မိသွားသောအခါ သူ၏ ရှိရင်းစွဲစွမ်းအင်များကို ဖြည့်စွက်ပေးလိုက်သလိုဖြစ်သွားကာ များစွာပို၍ ထိရောက်မှုရှိသွား ခဲ့လေသည်။

“ရှင် ကျွန်မအတွက် စိုးရိမ်စရာ မလိုပါဘူး ကျွန်မကခုချိန် ဝိညာဥ်လောကမှာ မရှိပေမယ့် အားနည်းတဲ့သူတစ်ဦးတော့ မဟုတ်နေဘူး”

“ဒါဆို ကောင်းတယ်”

အာရန်သည် ခေါင်းညိတ်ပြလိုက်ကာ သူ၏ သတ္တမ အာရုံကို လုံးဝ အာရုံပြုထားလိုက်သည်။

“လေစွမ်းအင်”

သူသည် နဂါးလျှာ၌ နောက်ထပ် မှော်စွမ်းအင်တစ်ခုကို ထပ်မံအသက်သွင်းလိုက်သည်။

အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် သူသည် တောင်ပေါ်သို့ ပြေးတက်သွားတော့သည်။

လမ်း၌ သူ့အတွက် အတားအဆီးများစွာ ရှိနေခဲ့သည်။

မီတာအနည်းငယ် မြင့်ကာ ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိနေသော ကျောက်တုံးများ၊ ဤမြေသြဇာမရှိသော မြေ၌ပင် မည်သို့မည်ပုံ ပေါက်ရောက်နေမှန်းမသိသော ထူးဆန်းသည့် သစ်ပင်ကြီးများစွာလည်း ရှိနေခဲ့သည်။

အာရန်သည် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း တောင်ပေါ်သို့ ဆက်လက်ပြေးတက်နေခဲ့သည်။

သူ၏ လမ်းကြောင်း၌ သစ်ပင်ကြီးများ ခံနေသောအခါများတွင် သူသည် လမ်းကြောင်းကိုရိုးရှင်းစွာပင် ပြောင်းလဲခဲ့သည်။

သူ၏ လမ်းကြောင်း၌ ကျောက်တုံးများ ရှိသောအခါတိုင်း သူသည် ၎င်းတို့ကို ခုန်ကျော်ခဲ့သည်။ သို့သော် သူသည် တစ်စက္ကန့်မျှပင် အချိန်ကို ထပ်မံ မဖြုန်းတီးတော့ပေ။

မင်္ဂလာနှောင်ကြိုးသည် သူ၏ လမ်းညွှန်ပင်ဖြစ်သောကြောင့် သူသည် မှားယွင်းသော ဦးတည်ရာသို့ ရောက်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

......

“အဲဒီဘာမှန်းမသိတဲ့ပုဂ္ဂိုလ်... သူက ကြောက်စရာကောင်းတဲ့ စကားတွေနဲ့ပဲ လူကိုခြောက်လှန့်ချင်ပုံရတယ် သူရဲ့ သတိပေးချက်ကို ငါ ကြောက်မယ်လို့ သူက တကယ်ကြီး ထင်နေတာလား”

တောင်ထိပ်၌ရှိသော လူငယ်သည် မေးခွန်းဘောက်ချာဖြင့် ဆင့်ခေါ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ် ၏ စကားများကို ဂရုမစိုက်ခဲ့ပေ။

သူ့အတွက် အရာအားလုံးသည် သူ၏ အစီအစဉ်အတိုင်းသာ ဖြစ်နေသည်ဟု ယူဆထားလေသည်။

သူ လုပ်ရမှာက ရက်ခုနစ်ရက်ပြည့်သည်အထိ ယခုနေရာတွင် စောင့်ဆိုင်းပြီးနောက် ဖန်းယု၏ အာရုံများအားလုံး ဆုံးရှုံးသွားအောင် ပြုလုပ်ရုံပင်ဖြစ်သည်။

အရာ အားလုံး ပြီးဆုံးသွားသောအခါ သူ၏ ချည်နှောင်ခြင်းစွမ်းရည် ကို အသုံးပြုပြီး သူမ၏ အားနည်းနေခြင်းအား အခွင့်ကောင်းယူကာ သူမ၏ ခန္ဓာကိုယ်ကို ကျွန်အဖြစ် ပြောင်းလဲပစ်လိုက်ရုံသာ ဖြစ်လေသည်။

သူမ၏ အာရုံခံစားမှုများ အားလုံး ဆုံးရှုံးသွားပြီးနောက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားမည့်အတွက်ကြောင့် သူမသည် မည်သည့်ခုခံမှုကိုမျှ ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။

ထို့နောက်လူငယ်သည် ထရပ်ကာ ကြမ်းပြင်ပေါ်၌ လဲလျောင်းနေသော အမျိုးသမီးဆီသို့ ပို၍ နီးကပ်စွာ လျှောက်သွားလိုက်လေသည်။

သူမ၏ လက်များကိုမူ နောက်ဘက်ဆီမှ လက်ထိပ်တစ်ခုနှင့် ခတ်ထားလေသည်။

အာရန်၏ သေနတ်သည် ဤကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင် ပြောင်းလဲထားသော မူလကမ္ဘာမြေမှ ပစ္စည်းတစ်ခုဖြစ်သကဲ့သို့ ဤလက်ထိပ်များသည်လည်း အလားတူပင်ဖြစ်သည်။

လက်ထိပ်များသည် လူတစ်ဦးအပေါ်၌ တပ်လိုက်ပြီးသည်နှင့် ၎င်းတို့၏ ခုခံနိုင်စွမ်းများအားလုံးကို ပျက်ပြယ်သွားစေလေသည်။

၎င်းသည် အဆိပ်မဟုတ်သောကြောင့် အဆိပ်ကို ခုခံနိုင်သည့် စွမ်းအားများဖြင့်လည်း ၎င်းကို မတားဆီးနိုင်ပေ။

ဤလက်ထိပ်၏ ပို၍ အသုံးဝင်သောအချက်တစ်ခုမှာ အချိန်ကာလတစ်ခုအတွင်း ပိုင်ရှင်မှလွဲ၍ ၎င်းတို့ကို မည်သူမျှ ဖယ်ရှားပေးနိုင်မည် မဟုတ်ခြင်းပင်ဖြစ်သည်။

လူတစ်ဦးသည် မည်သည့်မှော်ပညာ သို့မဟုတ် ကျင့်စဥ်စွမ်းရည်များကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့သည် ဤလက်ထိပ်များကို ဖယ်ရှားပစ်နိုင်မည် မဟုတ်ပေ။

“မင်းက ဒီကမ္ဘာမှာ အရှင်သခင်တစ်ယောက် ဖြစ်နေရင်တောင် ငါ့ရှေ့မှာတော့ သာမန်မိန်းကလေးတစ်ယောက်လို အားနည်းနေမှာပဲ ဒါကြောင့် မင်းရဲ့အချိန်တွေ မြန်မြန် ကုန်ဆုံးသွားဖို့ပဲ စောင့်နေလိုက်ပါ”

လူငယ်သည် ဒူးတစ်ဖက်ထောက်ကာ ဖန်းယု၏ အိပ်မောကျနေဟန်ရသော မျက်နှာလှလှလေးကို ငေးကြည့်လိုက်သည်။

ထို့နောက် သူသည် သူ၏ လက်ကို ဆန့်တန်းလိုက်ကာ လက်ချောင်းလေးများဖြင့် သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။

“နောက်ရက်အနည်းငယ်ဆို ငါ့မှာ အရှင်သခင်အဆင့် ကျွန်တစ်ယောက် ရတော့မယ် အဲဒီကျွန်က ဒီလောက် လှပတဲ့မိန်းကလေးတစ်ယောက် ဖြစ်နေတော့ ပိုတောင်ကောင်းသေးတာပေါ့”

“ဒီလောက် လှနိုင်လွန်းတဲ့သူမျိုးရှိမယ်လို့တောင် မထင်ခဲ့မိဘူး သူမရဲ့အလှက တောင့်ခံဖို့ အတော်လေး ခက်ခဲပေမယ့် ငါခုချိန် သီးခံမှရမယ် ဒီအရသာရှိတဲ့ အစားအစာကို မြည်းစမ်းကြည့်ဖို့ ငါ ပိုစောင့်နိုင်လေလေ အချိန်တန်တဲ့အခါ ရလာဘ်က ပိုကောင်းလေလေပဲ နောက်ရက်အနည်းငယ်ဆို မင်း ငါ့ကို ဒူးထောင်ပြီး အလုပ်အကြွေးပြုရလိမ့်မယ် သိပ်မကြာတော့ပါဘူး”

လူငယ်သည် သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူသည် နောက်သို့ လှည့်ကာ မှောင်မိုက်သော ကောင်းကင်ကို တစ်ချက်ငေး ကြည့်လိုက်သည်။

“အနောက်တိုက်ရဲ့ သန့်စင်ပုရောဟိတ်မ... ငါ့ရဲ့ ဒုတိယမြောက် ကျွန်မလေးကကော ဘယ်လောက်ထိ မိမိုက်နေမလဲလို့ ငါ အာရုံရနေတယ် ငါ့ရဲ့ ပထမဆုံး ကျွန်မလေးကို သိမ်းပိုက်ပြီးတဲ့အခါ မင်းဆီကို သေချာပေါက် လာလည်ဦးမယ်”

“ဒါက င့ါအတွက် အစပဲ ရှိသေးတယ် အများဆုံး တစ်လလောက်ပဲ ကြာလိမ့်မယ် အဲ့ဒီကျရင် ငါ့ကို အလုပ်အကြွေးပြုနေတဲ့ အရှင်သခင် လေးယောက်လုံးအတူ ဒီကမ္ဘာရဲ့ အကြွင်းမဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာလိမ့်မယ်”

လာမည့် အနာဂတ်ကို တွေးရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ် ကော့တက်သွားကာ သူ၏ အပြုံးသည် ပို၍ပီပြင်လာခဲ့သည်။

သူသည် ဤကမ္ဘာသို့ ရောက်ရှိလာသည့် အချိန်မှစ၍ ဤအရာကိုသာ တွေးတောနေခဲ့ခြင်းဖြစ်သည်။

ဤကမ္ဘာအကြောင်း ပို၍ စူးစမ်းရန်လည်း သူပင် မကြိုးစားခဲ့ပေ။

ဤကမ္ဘာ၌ ကမ္ဘာကူးပြောင်းလာသူမည်မျှ ရှိသည်ဟုလည်း သူသည် သိရှိထားခြင်းမရှိပေ။ ‌စုံလဲမစုံစမ်းခဲ့ပေ။

လူငယ်သည် ဤကမ္ဘာတွင် သူရင်ဆိုင်ရမည့် ဇာတ်လိုက်တစ်ဦး ရှိနေသည်ဟု သိထားသော်လည်း ထိုသူကို သူသည် လုံးဝ ဂရုမစိုက်ခဲ့ပေ။

အစကတည်းက သူသည် ဤကမ္ဘာ၏ အထွတ်အထိပ်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း ထိုပန်းတိုင်ကို မည်သို့ ရောက်အောင်သွားရမည်ကို သူသည် မသိထားခဲ့ပေ။

ထိုအရာသည် မဖြစ်နိုင်ဟု ခံစားမိနေသော်လည်း သူသည် သူ၏ ပန်းတိုင်ကို မစွန့်လွှတ်ခဲ့ပေ။

ဤသို့ဖြင့် သူသည် အရာရာကို ကြိုတင်ပြင်ဆင်ရင်း စောင့်ဆိုင်းနေသော အခိုက် အချိန်တစ်ခုရောက်သောအခါ အခွင့်အရေးတစ်ခုအဖြစ် သူသည် မေးခွန်းဘောက်ချာ တစ်ခုကို ရရှိနိုင်ခဲ့လေသည်။

မေးခွန်းတစ်ခုကို ဖြေဆိုရန် အတင်းအကျပ် ခိုင်းစေခံရသော အမည်မသိသော ထို ပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် သူသည် မည်သူမျှ စိတ်ကူးပင်မရင်ဝံ့သော အရာဆီသို့ ပထမဆုံး ခြေလှမ်းကို စတင်ခဲ့ပြီးဖြစ်လေသည်။

အကယ်၍ သူ၏ လက်အောက်၌ အင်အားအကြီးဆုံး ဖြစ်တည်မှုများသာ ရှိနေပါက သူသည် အင်အားကြီးလာရန်အတွက် အချိန်ကုန်ခံလေ့ကျင့်ရန် လိုအပ်နေပါဦးမည်လား..။

သူတို့က သူ့အတွက် အရာအားလုံးကို လုပ်ဆောင်ပေးနိုင်သောအခါ ပို၍ အင်အားကြီးမားလာရန် သူသည် အဘယ်ကြောင့် ကြိုးစားအားထုတ်ရန် လိုအပ်ဦးမည်နည်း။

သူ၏ပထမခြေလှမ်းကိုအောင်မြင်ရန် ရက်အနည်းငယ်သာ စောင့်ဆိုင်းရန် လိုအပ်သော်လည်း သူသည် အလွန် စိတ်အားထက်သန်နေဆဲဖြစ်သည်။

စက္ကန့်တိုင်းသည် အလွန်ဖြည်းညှင်းစွာကုန်လွန်နေသကဲ့သို့ ခံစားနေရသည်။

“တစ်ပတ်လောက် အချိန်ကို အမြန်ကျော်သွားစေနိုင်တဲ့ ပစ္စည်းတစ်ခုခုသာ ရှိနေရင် ဘယ်လောက်ကောင်းမလဲ” ဟု သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းရင်း တိုးတိုးလေး ပြောလိုက်သည်။

ထိုစဉ်...

“ဟင်”

သူ၏ နှုတ်ခမ်းပေါ်၌ အပြုံးသည် တစ်ခုခုကို အာရုံခံစားမိလိုက်သဖြင့် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သူသည် အထူးဦးတည်ရာတစ်ခုဆီသို့ စိုက်ကြည့်လိုက်မိသည်။

“ငါ သတ်မှတ်ထားတဲ့ အကွာအဝေးတစ်ခုထဲကို တစ်စုံတစ်ယောက် ကျူးကျော် ဝင်လာတာလား တစ်ယောက်ယောက် တကယ်ကြီး ဒီကို ရောက်လာတာလား”

“ မိစ္ဆာဂိုဏ်းက တစ်ယောက်ယောက်များ ဖြစ်နေမလား မဟုတ်ဘူး ဒါမျိုး မဖြစ်နိုင်ဘူး သူတို့ ဒီကို ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ရောက်လာနိုင်မှာလဲ ငါက ဘာခြေရာလက်ရာမှ ချန်ထားခဲ့တာမဟုတ်ဘူး”

သူသည် ထိုအရာကို လုံးဝ မဖြစ်နိုင်ဟု တွေးလိုက်ရင်း ခေါင်းတစ်ချက်ခါလိုက်သည်။

“ငါ မလာခင်ကတည်းက ဒီတောင်တန်းထဲမှာ ရှိနေတဲ့ တစ်ယောက်ယောက်ပဲ ဖြစ်ရမယ် ဘယ်လောက် မိုက်မဲလိုက်တဲ့အရူးမျိုးလဲ မင်းက ဒီတောင်တန်းထဲမှာ အသက်ရှင်နေနိုင်ခဲ့ပြီး ငါ့ဆီ ရောက်လာနိုင်ခဲ့တာလား အဲဒီလိုဆိုရင်တော့ မင်းကို ငါကလဲ ကောင်းကောင်းလေး ကြိုဆိုပါရစေ...”

All Chapters