← Chapters

ဘယ်ကိုသွားမလို့လဲ

Vol. 17 Ch. 236

ဘယ်ကိုသွားမလို့လဲ

Vol. 17 Ch. 236

လူငယ်သည် လေမှော်ဆရာအများစုကို စတေးပစ်ခဲ့ပြီး ထိုအရာအားလုံးသည် အထူးသဖြင့် လူတစ်ဦးကို သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနိုင်ခဲ့ စေရန်အတွက်သာ ဖြစ်လေသည်။

သူသည်သာ အချိန်တစ်ခုယူနိုင်ခဲ့ပါက နောက်ဆုံး၌ လေမျှော်စင်တစ်ခုလုံးကိုပင် သူ၏လက်အောက်တွင် ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သော်လည်း သူသည် ထိုမျှအထိ စောင့်ဆိုင်းလိုစိတ်မရှိခဲ့ပေ။

သူ၏ လက်ဖြင့် ချက်ချင်း ရယူနိုင်သောအရာကို သူသည် အဘယ်ကြောင့် အချိန်များစွာအကုန်ခံ၍ စောင့်ဆိုင်းနေရမည်နည်း။

သူ၏ စိတ်မရှည်တတ်သောအကျင့်စရိုက်သည် သူ၏ အကြီးမားဆုံးသော ဝိသေသတစ်ခုဖြစ်နေခဲ့သော်လည်း ထိုအကျင့်ကြောင့်ပင် မဖြစ်နိုင်ဟုထင်ရသော အရာများကိုပင် အချိန်တိုတိုအတွင်း ရယူနိုင်ခဲ့ခြင်းလည်းဖြစ်လေသည်။

သူ၏ ပထမဆုံး ကျွန်ပြုခံခဲ့ရသူမှာ သူ၏ မိခင်ဘေး၌ ရပ်နေသော မိန်းကလေးပင် ဖြစ်သည်။ သူမသည် သူနှင့် အသက်အရွယ်ချင်း အတူတူလောက်ပင် ရှိပုံရလေသည်။

သူမသည် ဤကမ္ဘာသို့ သူပထမဆုံး ကူးပြောင်း‌ရောက်ရှိလာစဥ်က သူ့အား အကူအညီများစွာပေးခဲ့သော မူလခန္ဓာကိုယ်ပိုင်ရှင်၏ ငယ်သူငယ်ချင်းမလေးပင် ဖြစ်လေသည်။

သူမသည် သူ၏ စွမ်းရည်များအတွက် ပထမဆုံး အစမ်းသပ်ခံတစ်ဦးလည်း ဖြစ်ခဲ့လေသည်။

သူမကို ကျွန်အဖြစ် ပြောင်းလဲကာ ခေါင်းတလားထဲ၌ ထည့်ထားခဲ့ပြီးနောက် နစ်ခရိုမန်ဆာမျှော်စင်မှ လူယုတ်မာများ၏ လက်ချက်ဖြင့် ထိုမိန်းကလေး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း လူတိုင်းကို ဇာတ်လမ်းဆင်၍ ပြောပြခဲ့ကာ ထို့ကြောင့်ပင် သူ့အား မည်သူမျှ သံသယမဝင်စေခဲ့ပဲ စုံစမ်းစစ်ဆေးမှုအများစုမှ လွတ်မြောက်နိုင်ခဲ့သည်။

တတိယနှင့် နောက်ဆုံး ကျွန်မှာ သူအတွက် အထူးခြားဆုံးဖြစ်လေသည်။

၎င်းသည် လေမျှော်စင်နှင့် တိုက်ပွဲ၌ သေလုမြောပါးဖြစ်နေခဲ့သော နစ်ခရိုမန်ဆာမျှော်စင်မှ မှော်ဆရာတစ်ဦးဖြစ်လေသည်။

ထိုသူသည် နစ်ခရိုမန်ဆာမျှော်စင်၌ အလောင်းသန့်စင်းရေးနှင့် အလောင်းများ စုဆောင်းခြင်းတို့အတွက် တာဝန်ယူရသော သာမန်မှော်ဆရာတစ်ဦးသာ ဖြစ်လေသည်။

၎င်းနစ်ခရိုမန်ဆာသည် သူ၏မိခင်ကဲ့သို့ သူပိုင်သည့် ကျွန်များထဲတွင် အင်အားကြီးမားသူတစ်ယောက် မဟုတ်ခဲ့‌ပေ။

သို့သော် ထိုသူသည် နောင်တစ်ချိန်၌ နစ်ခရိုမန်ဆာမျှော်စင်သို့ ဝင်ရောက်ရန် သူ၏ ဝင်ခွင့်လက်မှတ်တစ်ခုပင် ဖြစ်သောကြောင့် သူအတွက် အရေးပါနေလေသည်။

နစ်ခရိုမန်ဆာမျှော်စင်နှင့် ဆက်နွှယ်သူများ သို့မဟုတ် သူတို့၏ သွေးကြောများ၌ နစ်ခရိုမန်ဆာမှ မှော်စွမ်းအင်များ ကိန်းအောင်းနေသော သူများသာလျှင် နစ်ခရိုမန်ဆာမျှော်စင်၏ ဂိတ်အဝင်တံခါးကို ဖွင့်နိုင်လေသည်။

လူငယ်သည် ကျွန်များ လုံလောက်စွာ စုဆောင်းပြီးနောက် နစ်ခရိုမန်ဆာမျှော်စင်သို့ ဝင်ရောက်ရန် အစီအစဉ်ဆွဲထားပြီးဖြစ်သည်။

ဤကမ္ဘာ၏ အင်အားအကြီးဆုံး အုပ်ချုပ်သူတစ်ဦး ဖြစ်လာရန် သူ၏ အစီအစဥ်များ၌ နစ်ခရိုမန်ဆာမျှော်စင်သခင်သည် သူ၏ နောက်ထပ် ခြေလှမ်းတစ်ခုဖြစ်လေသည်။

သူ၏ နောက်ဆုံးပစ်မှတ်မှာမူ သူရဲကောင်းအကယ်ဒမီ၏ ကျောင်းအုပ်ဖြစ်သော မစ်ထ် ပင်ဖြစ်ပြီး သူမသည် သူ့အတွက်ရင်ဆိုင်ရန်ခက်ခဲသော အရှင်သခင်တစ်ဦးပင် ဖြစ်လေသည်။

ထို့ကြောင့် သူမကိုမူ နောက်ထပ် မေးခွန်းဘောက်ချာတစ်ခု ထပ်မံရရှိပြီးမှသာ ရင်ဆိုင်ရန် နောက်ဆုံး၌ ထားထားခဲ့ခြင်းဖြစ်လေသည်။

“သားရဲ့ ချစ်လှစွာသော မေမေရေ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် က သားရဲ့ အဖိုးတန် အရုပ်ကလေးကို ဖျက်ဆီးပစ်ခဲ့တယ် အဲဒီလူကို သားကိုယ်တိုင် ချေမှုန်းပစ်ချင်နေပေမယ့် မေမေ့ရဲ့ သားလေးမှာ ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြီးမြောက်အောင် လုပ်ဖို့ရှိနေတယ်”

“အဲ့ဒါကြောင့် သားကိုယ်စား မေမေကပဲ အဲဒီလူကိုသွားပြီး သားအရုပ်ကို ဖျက်ဆီးခဲ့သလိုပဲ ပြန်ပြီး ဖျက်ဆီးပစ်လိုက်ပါ”

လူငယ်က ရင့်ကျက်ဟန်ရသော အမျိုးသမီးကို ငြင်သာသောလေသံဖြင့် ပြောလိုက်ပြီး သူ၏ လက်ချောင်းများသည် သူမ၏ ပါးပြင်ကို ပွတ်သပ်နေခဲ့သည်။

သူ၏ မေမေဟုခေါ်သော အမျိုးသမီး၌ လူသေတစ်ယောက်ကဲ့သို့အသက်မဲ့နေသော မျက်လုံးအကြည့်များသာရှိနေပြီး သူမ၏ လွတ်လပ်သော ဆန္ဒကို ကျွန်တံဆိပ်ဖြင့် ဖိနှိပ်ခံထားရခြင်းဖြစ်လေသည်။

သူမ၏ ခန္ဓာကိုယ်သည် ထိုလူငယ်၏ အမိန့်များကို မနာခံ၍မရပေ။

သူမ၏ သားသည် အဘယ်ကြောင့် ထိုမျှ ပြောင်းလဲသွားသည်ကို သူမ မသိနိုင်ခဲ့သော်လည်း သူမသည် မည်သည့်အရာကိုမျှ ပြောင်းလဲပစ်နိုင်စွမ်း မရှိတော့ပေ။

သူမသည် ငရဲဘုံတစ်ခု၌ ပိတ်မိနေသကဲ့သို့ဖြစ်ပြီး သူမ၏ သားသည် ဤလူမဆန်အောင် ရက်စက်လွန်းသည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသည်ကိုသာ ကြည့်ရှုနေနိုင်ခဲ့သည်။

သူမ၏ ခန္ဓာကိုယ်သည် သူ့အလိုလို လှုပ်ရှားသွားလာနေခဲ့သည်။

သူမသည် သခင်ကို ပြန်လည် နှုတ်ဆက်သော လက်အောက်ငယ်သားတစ်ဦးကဲ့သို့ပင် လူငယ်ရှေ့၌ ခေါင်းငုံ့လိုက်လေသည်။

လေစွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး လေထဲ၌ လွင့်မျောနေသကဲ့သို့ ရွေ့လျားသွားစေခဲ့သည်။

၎င်းသည် ပျံသန်းခြင်းမျိုး မဟုတ်သောကြောင့် ဤတောင်၏ ကန့်သတ်ချက်များသည် သူမအပေါ်သို့ မသက်ရောက်ခဲ့ပေ။

၎င်းသည် လေစွမ်းအင်၏ အကူအညီဖြင့် အမြင့်သို့ခုန်ခြင်းနှင့် ဝဲပျံခြင်းများကို ပြုလုပ်နိုင်လေသည်။

သူမသည် ပစ်မှတ်ကို ရှာဖွေရန် တောင်ပေါ်မှ အလျင်အမြန်ပင် ဆင်းသွားခဲ့သည်။

သူမ၌ လွတ်လပ်သော ဆန္ဒတစ်စုံသာရှိနေပါက ထိုသို့ ပြုလုပ်မိမည်မဟုတ်ပေ။

သူမသည် သူမ၏ သားဖြစ်သူကို တားဆီးရန် တစ်စုံတစ်ဦးကို လိုအပ်နေခဲ့ပြီး ထိုသူသည် ယခုလာရောက်နေသည့်ပုဂ္ဂိုလ် ဖြစ်နိုင်ချေရှိသည်ဟု သူမမသိစိတ်၌ ခံစားမိနေသည်။

သို့သော် သူမ၏ နှလုံးသားသည် ထိုကျူးကျော်သူအား အကူအညီတောင်းရန် လိုလားနေခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်သည် ထိုသို့မပြုလုပ်ရန် ငြင်းဆန်နေခဲ့လေသည်။

လူငယ်သည် သူ၏ မိခင် တောင်ပေါ်မှ အလျင်အမြန် ဆင်းသွားသည်ကို စောင့်ကြည့်နေလိုက်ပြီး သူ၏ နှုတ်ခမ်း‌ဒေါင့်များသည် အပေါ်သို့ ကွေးညွှတ်သွားခဲ့သည်။

သူ့ကဲ့သို့ ကမ္ဘာကူးပြောင်းလာသူတစ်ဦး၏ လက်ချက်ဖြင့် သူမ၏ သားဖြစ်သူကို ဆုံးရှုံးခဲ့ရရုံသာမက သူမကိုယ်တိုင်လည်း ကျွန်အဖြစ် အတင်းအကျပ် ခိုင်းစေခံခဲ့ရသော ထိုအမျိုးသမီးကို သူသည် သနားစိတ် အနည်းငယ်ပင်မဝင်မိပေ။

သူမသည် သူ့အား သစ္စာဖောက်ရန် ကြိုးစားချင်နေကြောင်း သူသိထားသော်လည်း ထိုကျွန်တံဆိပ်ခပ်ထားခြင်းဖြင့် သူမသည် သူ၏ သစ္စာရှိသော နယ်ရုပ်ကလေး တစ်ရုပ်ကဲ့သို့သာ ဖြစ်နေဦးမည်ဖြစ်သည်။

“င့ါလက်ကနေ လွတ်မြောက်အောင် ဘယ်လောက်ပဲ ကြိုးစားနေပါစေ မင်းဟာ အမြဲ ငါ့ခြေထောက်အောက်မှာ အမြဲရှိနေဦးမှာပဲ”

“သားရဲ့ ချစ်လှစွာသော မေမေရေ ဟီး ဟီး...”

လူငယ်သည် သူ့စကားကို သူပြန်သဘောကျသွားဟန်ဖြင့် ရယ်မောလိုက်ကာ ထွက်ခွါသွားသော သူ၏ မိခင်ဆိုသူဆီမှ သူ၏ ထိုစကားများကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။

ထိုကျူးကျော်သူ၏ အစစ်အမှန်ပုံစံကို သူသည် စိတ်ဝင်စားမိနေခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ပျော်ရွှင်မှုတစ်ခုကို ခံစားရင်း သူ၏ မိခင်ဆိုသူအမျိုးသမီးမှ ထိုကျူးကျော်သူအား မည်သို့ ရက်စက်စွာ သတ်ဖြတ်မည်ကို သူသည် စောင့်စား ကြည့်ရှုလိုနေခဲ့သည်။

ကံမကောင်းစွာဖြင့် သူ၏ အိတ်ကပ်အတွင်းရှိ နာရီလက်တံသည် တစ်ဆယ့်နှစ်အတိ သို့ ရောက်ရှိ‌တော့မည်ဖြစ်လေသည်။

ဤတောင်တန်း၌ သူအတွက်အချိန်သည် နောက်ထပ် နှစ်ဆယ့်လေးနာရီ ပြည့်တော့မည်ဖြစ်ပြီး ၎င်းသည် သူ့အား ပို၍ အားနည်းသွားစေလိမ့်မည်ဖြစ်သည်။

လူငယ်သည် ပထမတစ်ရက်ကုန်ဆုံးခါနီးတွင် ဤဆုံးရှုံးခြင်းတောင်မှ ထွက်ခွာကာ နာရီကို အသစ်တဖန် ပြန်လည် စတင်ပြီးမှသာ အပြင်မှ ပြန်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤနေရာ၌ သူသည် ဒုတိယနေ့ကို ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် အာရုံတစ်ခုကိုပင် ဆုံးရှုံးခဲ့ခြင်းမရှိသေးပေ။

ထိုကျူးကျော်သူသာ ရောက်ရှိလာခြင်း မရှိပါက သူသည် မည်သည့်အာရုံကိုမျှ မစွန့်လွှတ်လိုဘဲ ယခုပင် ထွက်ခွာသွားလိမ့်မည်ဖြစ်သည်။

သူသည် ကျန်ကျွန်နှစ်ဦးကို ထိုကျူးကျော်သူဆီသို့ မစေလွှတ်ခဲ့ပေ။

အထူးသဖြင့် နစ်ခရိုမန်ဆာကျွန်ကို မစေလွှတ်လိုခဲ့ခြင်းဖြစ်သည်။

သူသည် ထိုကျွန်အား အရေးကြီးသော တာဝန်တစ်ခုကိုသာ ပေးအပ်ထားခဲ့သည်။

ထိုကျွန်၏ တာဝန်မှာ မိစ္ဆာဂိုဏ်းချုပ် ဖန်းယုကို စောင့်ကြည့်ရန်ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာဂိုဏ်းချုပ် ဖန်းယုသည် နိုးထလာခဲ့လျှင်ပင် ထိုသူအား ဘာမှ ပြန်လုပ်နိုင်မည်မဟုတ်သောကြောင့် ၎င်းသည် ခက်ခဲသောတာဝန်တစ်ခုတော့ မဟုတ်ပေ။

သို့သော် လူငယ်သည် သူမကို စောင့်ကြည့်ရန် ထိုလူကို နောက်၌ ချန်ထားခဲ့သည်။

“သူမ နိုးလာပြီး ဆူညံသံအနည်းငယ်ပြုခဲ့မယ်ဆိုရင် သူမရဲ့ လက်ချောင်းအနည်းငယ် ကို ချိုးခွင့်ရှိတယ်” ဟု လူငယ်သည် သူ၏ နစ်ခရိုမန်ဆာကျွန်အား ပြောလိုက်ပြီး ငယ်သူငယ်ချင်းကျွန်ကိုပင် ထိုနေရာကို စောင့်ကျပ်ရန် ချန်ထားခဲ့လေသည်။

“မေမေက အဲဒီကောင်ကိုအဆုံးသတ်ပေးနိုင်မယ်လို့ မျှောင့်လင့်ထားပေမဲ့ တကယ်လို့ မအောင်မြင်ခဲ့ရင်.... င့ါရဲ့ အထူးဧည့်သည်တော်အတွက် နောက်ထပ် အထူးလက်ဆောင်တစ်ခု ထပ်ပြီး ချန်ထားပေးခဲ့ဦးမှပဲ”

လူငယ်သည် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်ကာ ကစားစရာဝင်္ကဘာတစ်ခုနှင့် တူသောအရာတစ်ခုကို ထုတ်ယူလိုက်သည်။

သူသည် ထို အရုပ်ဝင်္ကဘာလေးကို မြေပြင်ပေါ်၌ ချထားလိုက်သောအခါ ၎င်းသည် ဖြည်းဖြည်းချင်း ပို၍ ကြီးမားလာကာ မိုင်တစ်ရာခန့်အထိ ကျယ်သော ဝင်္ကဘာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိအရာအားလုံးကို လွှမ်းခြုံသွားတော့သည်။

ကျူးကျော်သူသည် သူ၏ မိခင်ကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် ထိုဝင်္ကဘာသည် သူ ဤနေရာသို့ ပြန်‌ရောက်လာသည်အထိ ထိုကျူးကျော်သူအား အလုပ်ရှုပ်နေစေလိမ့်မည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူသည် သူ၏ ပထမဆုံး အရှင်သခင်အဆင့် ကျွန်တစ်ဦးဖြစ်တော့မည့် ဖန်းယုကို အဆုံးရှုံးခံရန် အစီအစဉ်မရှိပေ။

“မင်း ဘယ်သွားမလို့လဲ”

လူငယ်သည် ဝင်္ကဘာကို ဖန်တီးပြီးနောက် ထွက်ခွာတော့မည်ဟန်ပြင်လိုက်စဥ် အခြားလူတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

လူငယ်သည် မျက်မှောင်ကြုတ်လိုက်ကာ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။

All Chapters