အတိုင်းအဆမဲ့ အတွေ့အကြုံများ
Vol. 17 Ch. 240
“အဲ့ဒါက သူပြောတာကြားဘူးသလောက်တော့ မူလအတိုင်းတစ်ကြိမ် ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု လို့ ခေါ်တဲ့ အရာပဲထင်တယ်” ဟု သူမက အာရန်ကို ပြောပြလိုက်သည်။
“သူ မိစ္ဆာဂိုဏ်းထဲကို မဝင်ခင်ကတည်းက ဒီအရာအတွက် ကြိုတင် ပြင်ဆင်ထားခဲ့တာ တကယ်လို့ အမှားအယွင်းတစ်စုံတစ်ရာဖြစ်ပြီး သူသေဆုံးသွားခဲ့မှာကို စိုးရိမ်မိခဲ့လို့ပဲ”
“ မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု” အာရန်သည် ရှည်လျားသော အမည်တစ်ခုကို အသံထွက်ကာ ရည်ရွတ်လိုက်မိသည်။
“ဒါက သူ့ရဲ့ နောက်ထပ် စွမ်းရည်တစ်ခုပဲလား”
“အဲဒီစွမ်းရည်အကြောင်း ကျွန်မ သိပ်မသိပေမယ့် အဲ့ဒီအရာက ကျွန်မတောင် နားမလည်နိုင်တဲ့ တော်တော် ထူးဆန်းတဲ့ စွမ်းရည်တစ်ခုဆိုတာတော့ သေချာတယ် ကျွန်မ နားလည်မိသလောက်တော့ တစ်ကြိမ်ပဲ သုံးလို့ရတဲ့ ပစ္စည်းတွေကို အထူးသဖြင့် ထိန်းသိမ်းပေးနိုင်တဲ့ စွမ်းရည်တစ်ခုလို့ထင်တယ်”
ထိုအမျိုးသမီးသည် ထိုထူးဆန်းသော စွမ်းရည်ကို သူမနားလည်ထားသလောက် အကောင်းဆုံး ရှင်းပြရန် ကြိုးစားခဲ့သည်။
သူမ၏ ပြောစကားများအရ ထိုလူငယ်သည် သူမ၏ သားဖြစ်လေသည်။
အတိတ်၌ သူသည် ယခုကဲ့သို့ မဟုတ်သော်လည်း လွန်ခဲ့သော လအနည်းငယ်က ရုတ်တရက် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
ထိုလူငယ်သည် ဇာတ်ကောင်များနှင့် ဝတ္ထုအချို့အကြောင်းကို စတင်ပြောဆိုလာခဲ့သည့်အချိန်ကို သူမ မှတ်မိနေသေးသည်။
ထိုနေ့မှစ၍ သူမ၏သား သည် သူမနှင့် ပို၍ ဝေးကွာသွားခဲ့သည်။
၎င်းသည် ယာယီအခြေအနေတစ်ခုသာဖြစ်မည်ဟု သူမ ထင်မိခဲ့သော်လည်း နောက်ပိုင်းတွင် သူမ မည်မျှ မိုက်မဲခဲ့မှန်း သဘောပေါက်ခဲ့သည်။
ထိုလူငယ်၏ စွမ်းရည်နှင့်ပတ်သက်၍မူ သူမသည် အာရန်အား လူများအား စိတ်ပိုင်းဆိုင်ရာ အားနည်းနေသော အချိန်၌ ထိုစွမ်းရည်ဖြင့် သူ၏ ကျွန်များအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိကြောင်း ပြောပြခဲ့သည်။
သူမသည်လည်း သူ၏ လှည့်ကွက်များ၌ ကျရှုံးခဲ့မိသည့် အဖြစ်ကိုပါပြောပြခဲ့သည်။
ထိုအရာသည် ထိုလူငယ် အသုံးများသော စွမ်းရည်တစ်ခုဖြစ်ပြီး အကြွေစေ့တစ်စေ့ကို ပစ်လွှတ်၍ ဆက်တိုက် အနိုင်ရနေသမျှကာလပတ်လုံး တစ်ခါသုံးပစ္စည်းများကို အကြိမ်ပေါင်းများစွာ ထပ်မံ အသုံးပြုခွင့်ရသွားစေလေသည်။
အနိုင်ရနိုင်ခြေသည် နှစ်ဆယ့်ငါးရာခိုင်နှုန်းသာ ဖြစ်သင့်သော်လည်း ငါးဆယ်ရာခိုင်နှုန်းကျော်သည်အထိ သူသည် အောင်မြင်ခဲ့သည်ချည်းသာဖြစ်သည်။
သူမသည် ကျွန်တံဆိပ်ခပ်နှိပ်ခြင်း၏ အကျိုးသက်ရောက်မှုအောက်၌သာ ရှိနေခဲ့သော်လည်း သူမ၏ စိတ်သည် ထိုလူငယ် ပြုလုပ်နေခဲ့သော အရာများကို နားလည်နိုင်စွမ်း ရှိနေခဲ့သည်။
ဖေး သည် သူ၏ ခန္ဓာကိုယ်ကို မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု စွမ်းရည်ကို ပြန်လည် အသုံးပြုခဲ့စဥ်က ထိုလုပ်ငန်းစဉ် ဆောင်ရွက်နေစဥ်အတွင်း သူ့အား ကာကွယ်ပေးထားရန် သူမကို အမိန့်ပေးထားခဲ့သည်။
ထို့ကြောင့်လည်း သူမသည် သူ ဘာလုပ်ခဲ့သည်ကို သိနေခဲ့ခြင်းဖြစ်သည်။
သူမ၏ အဆိုအရ ဖေးသည် အခြားခန္ဓာကိုယ်တစ်ခုကို စုဆောင်းထားခဲ့သည်။
ဖန်းယုကို သိမ်းသွင်းရန် သူ၏ အစီအစဉ်သည် အလုပ်မဖြစ်ခဲ့ဘဲ သူသည် သေဆုံးနိုင်ချေရှိသည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် အစီအစဉ်သည် အလုပ်ဖြစ်ရန်အတွက် သူသည် ဤနေရာ၌ ရှိနေရမည်ဖြစ်လေသည်။
ဖေး သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ကာကွယ်ရန်နှင့် သူ၏ ဝိညာဉ်ကို ဒုတိယ ခန္ဓာကိုယ်သို့ လွှဲပြောင်းရန် မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု စွမ်းရည်ကို အသုံးပြုခဲ့လေသည်။
သူ၏ စွမ်းရည်များသည် သူ၏ ဝိညာဉ်နှင့် ချိတ်ဆက်ထားခြင်းဖြစ်သောကြောင့် သူသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေပဲ ထိုစွမ်းရည်များကို ဒုတိယ ခန္ဓာကိုယ်တွင်လည်း အသုံးပြုနိုင်ခဲ့သည်။
ဖေး သည် ဒုတိယ ခန္ဓာကိုယ်၌ သေဆုံးသွားခဲ့ပါက သို့မဟုတ် ထိုလုပ်ငန်းစဉ်ကို နောက်တစ်ကြိမ်ထပ်မံ ပြုလုပ်မိခဲ့ပါက သူသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်သို့ ပြန်ရောက်သွားလိမ့်မည်ဖြစ်သည်။
ယခု သူသည် ဤနေရာ၌ အသတ်ခံရသောကြောင့် သူသည် ထာဝရ ပျောက်ကွယ်သွားသည်ဟု မဆိုလိုပေ။
သူသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်သို့ ပြန်ရောက်သွားခဲ့ခြင်းသာဖြစ်သည်ဟု ဆိုလိုလေသည်။
“မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှု”
အာရန်သည် အသက်မဲ့နေသော ဖေး ၏ ဒုတိယ ခန္ဓာကိုယ်ကို ကြည့်ရင်း တိုးတိုးလေး ရည်ရွတ်လိုက်သည်။
“ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလိုက်တဲ့ စွမ်းရည်လဲ”
၎င်းသည် ဝါးမြိုသူစွမ်းရည်နှင့် အဆင့်တူသော စွမ်းရည်တစ်ခု ဖြစ်သောကြောင့် အနည်းငယ်ပင် မနာလိုဖြစ်မိသွားခဲ့သည်။
၎င်းသည် အကန့်အသတ်ဖြင့် အသုံးပြုနိုင်သော ပစ္စည်းများ၌ပင် အလုပ်လုပ်ခဲ့သည်။
ဖေး မှ ဤစွမ်းရည်ကို အသုံးပြုခဲ့သော ပစ္စည်းများသည် သူ၏ စနစ်မှ ရရှိခဲ့သော ပစ္စည်းများသာ ဖြစ်ရမည်ဟု အာရန်သည် သေချာနေခဲ့သည်။
ထိုသို့ထူးခြားသော အရာများမှာ ထိုစနစ်ဆိုသည့်အရာမှသာ ရရှိနိုင်လေသည်။
ထိုစွမ်းရည်သည် စနစ်ပစ္စည်းများ၌ပင် အလုပ်လုပ်နိုင်သည်။ ၎င်းသည် အာရန်ကို ၎င်း၌ ပို၍ စိတ်ဝင်စားစေခဲ့သည်။
သူ၏ လည်ဆွဲဆုလာဘ်များသည် အသုံးပြုမှု အကန့်အသတ်ရှိသော ပစ္စည်းများဖြစ်သည်။
အသုံးပြုမှုတစ်ခုစီမတိုင်မီ အကြွေစေ့ပစ်ခြင်းအစွမ်းကို အသုံးပြုနိုင်ပါက အသုံးပြုမှုအရေအတွက်ကို သုံးခါစာမှ များစွာသော အကြိမ်အရေအတွက်အထိ တိုးမြှင့်နိုင်မည် မဟုတ်ပါလား....။
ကံကောင်းခြင်းသာ ထိုအရာအတွက် အဓိက လိုအပ်သည် မဟုတ်ပါလား...။
၎င်းသည် အာရန် တောင့်တနေသော စွမ်းရည်တစ်ခုဖြစ်သည်မှာ သေချာလေသည်။
ဤစွမ်းရည်တစ်ခုတည်းအတွက်နှင့်ပင် သူသည် ဖေး ကို သတ်ရမည်ဖြစ်လေသည်။
သို့သော် ဤစွမ်းရည်မရနိုင်လျှင်ပင် သူသည် ထိုကမ္ဘာကူးပြောင်းလာသူကို အသက်ရှင်ခွင့် ပေး၍မဖြစ်တော့ပေ။
ထိုလူငယ်သည် အလွန် အန္တရာယ်များသူဖြစ်ပြီး အထူးသဖြင့် ကံကောင်းပါက အရှင်သခင်တစ်ဦးကိုပင် သူ၏ကျွန်အဖြစ် ပြောင်းလဲပစ်နိုင်သောသူဖြစ်လေသည်။
ဖေးသည် ခန္ဓာကိုယ် အတွင်းပိုင်းရောဂါတစ်ခုနှင့် တူလေသည်။ သူ၏ တည်ရှိမှုသည် အချိန် ပိုကြာနေလေလေ ပို၍ အန္တရာယ်များလာလေလေပင်ဖြစ်သည်။
“သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် ဘယ်မှာရှိလဲ သိလား” အာရန်က မေးလိုက်သည်။
သူ လွတ်မြောက်သွားလျှင် ဘာလုပ်ရမည်နည်း။ သူလုပ်ရန်လိုအပ်သည်မှာ ထိုလူငယ်ကို ထပ်မံလိုက်ဖမ်းရန်သာဖြစ်သည်။
“ကျွန်မ သူရှိနေမဲ့ နေရာကို သိထားပေမယ့် အဲဒီကို သွားတာက အသုံးဝင်မယ်မထင်ဘူး ဂိတ်တံခါးပေါက်တွေကို အသုံးပြုမယ်ဆိုရင်တောင်အရင်ဆုံး ဒီတောင်ပေါ်ကနေ ထွက်ခွာဖို့လိုအပ်မယ် အဲဒီနောက်မှာတောင် သူက မြောက်ဘက်တိုက်မှာ ရှိနေတာဖြစ်လို့ ခရီးရှည်ကြီး သွားရလိမ့်မယ်” ဟု လေမျှော်စင်သခင်မက ပြောလိုက်သည်။
“အခုချိန်မှာ သူက ထွက်ပြေးနှင့်လောက်ပြီ ရှင်အဲ့ဒီကို ရောက်သွားနိုင်ခဲ့ရင်တောင် သူ့ကို တွေ့တော့မှာ မဟုတ်ဘူး ကံကောင်းရင်တော့ အဲဒီနေရာ လုံးဝ ဗလာကျင်းဖြစ်နေလိမ့်မယ် ကံဆိုးရင် အဲဒီနေရာမှာ ထောင်ချောက်တွေအပြည့်နဲ့ ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် နစ်ခရိုမန်ဆာမျှော်စင်က မှော်ဆရာတွေနဲ့ ပြည့်နေလိမ့်မယ်”
သူမသည် ထိုလူငယ်အကြောင်းကို အလွန်ကောင်းစွာ သိရှိထားလေသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် သူ့နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့ဘူးသောကြောင့် ဖြစ်လေသည်။
သူသည် မည်ကဲ့သို့သော လူမျိုးဖြစ်သည်ကို သူမ အသိဆုံးဖြစ်သည်။
သူသည် အင်အားမကြီးမားသော်လည်း ဉာဏ်နီဉာဏ်နက်အလွန်များသူဖြစ်သည်။
သူသည် နစ်ခရိုမန်ဆာမျှော်စင်ကိုပင် သူ့ကိုယ်ကျိုးအတွက် အသုံးချခဲ့သူဖြစ်သကဲ့သို့ အခြားသူများကိုလည်း သူ၏ အကျိုးအတွက် မည်သို့ အသုံးပြုရမည်ကို ကောင်းကောင်း နားလည်ထားသူဖြစ်လေသည်။
ထိုစဥ်က သူစတေးပစ်ခဲ့သည့် အသက်များ အားလုံးသည် သူမအား စိတ်ပိုင်းဆိုင်ရာ အရအားနည်းသွားကာ သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားစေရန်အတွက်သာ ဖြစ်လေသည်။
“မြောက်ဘက်တိုက်ကြီး”
အာရန်သည် မျက်မှောင်ကြုတ်ကာ နဖူးကို ပြန်ပွတ်လိုက်သည်။
၎င်းသည် ယခုတည်နေရာနှင့် အလွန်ဝေးကွာလွန်းနေပြီး သူမ၏ စကားများသည် အဓိပ္ပာယ်ရှိလေသည်။
သူသည် ဤနေရာမှ ချက်ချင်း ထွက်ခွာလျှင်ပင် အချိန်တိုအတွင်း ရောက်ရန် မဖြစ်နိုင်သလောက်ပင်။
ထိုလူငယ်သည် ထိုနေရာမှ ထွက်ခွာသွားပြီးဖြစ်မည်မှာ သေချာနေလေသည်။
ထို့အပြင် အာရန်သည် ထိုသို့ပြုလုပ်လိုနေခဲ့လျှင်ပင် ဤနေရာမှ ထွက်ခွာ၍ မရပေ။ သူသည် ဖန်းယုနှင့် ပြုလုပ်ရမည့်အရာများ ကျန်ရှိနေသေးသည်။
ထိုကမ္ဘာကူးပြောင်းလာသူကို မသတ်နိုင်ခဲ့သောကြောင့် အာရန်သည် အနည်းငယ် စိတ်ပျက်သွားမိခဲ့သည်။
သို့သော် ထိုအတွက် အာရန်သည် မိမိကိုယ်ကိုလည်း အပြစ်တင်၍ မရပေ။
ထိုလူငယ် ဖေး သည် အလွန် လှည့်ကွက်များလွန်းသူဖြစ်ပြီး သူ၏ အစစ်အမှန် ခန္ဓာကိုယ်ဖြင့်ပင် ဤတိုက်ကြီးသို့ မဝင်ရောက်ခဲ့ပေ။
ထိုလူငယ်မှ ဖန်းယုအပေါ် အသုံးပြုခဲ့သော အစီအစဉ်နှင့်ပတ်သက်၍မူ အာရန်သည် ထိုအရာမှာ စာရေးဆရာဆိုသူထံမှ လာသော အရာဖြစ်မည်ဟု သေချာနေလေသည်။
မဟုတ်ပါက ထိုလူငယ်သည် ဖန်းယုကဲ့သို့ ခံစားချက်ကင်းမဲ့သူတစ်ဦးကို ထိုကဲ့သို့သော အရာများကို လုပ်ဆောင်ရန် နည်းလမ်းကို လွယ်ကူစွာသိရှိနိုင်မည်မဟုတ်ပေ။
ထို့နောက် အာရန်သည် နှင်းတောထဲ၌ လဲလျောင်းလျက်ရှိနေသော ဖန်းယုဆီသို့ လျှောက်သွားလိုက်သည်။
အရှေ့တိုက်၌ အင်အားအကြီးဆုံးဖြစ်သူသည် သူ၏ရှေ့၌ သနားကြင်နာမှုကို တောင်းခံနေသကဲ့သို့ပင်ဖြစ်နေလေသည်။
အကယ်၍အာရန်သာ အလိုရှိခဲ့လျှင် ယခုပင် သူမကို သတ်ပစ်နိုင်လေသည်။
သူသည် ဖန်းယုကို ဤနေရာ၌ သတ်လျှင် မည်ကဲ့သို့သော အတွေ့အကြုံရမှတ်များကို ရရှိနိုင်မည်ကို စိတ်ကူးပင် မယဉ်နိုင်အောင်ပင်ဖြစ်လေသည်။
၎င်းသည် ကြိုးစားအားထုတ်စရာမလိုဘဲ အခမဲ့ရရှိမည့် အတွေ့အကြုံရမှတ်များပင် ဖြစ်လေသည်။
သူမ၌ သွေးမျိုးဆက်မရှိသောကြောင့် သူသည် ဝါးမြိုခြင်းအစွမ်းဖြင့် သူမ၏ စွမ်းရည်များကို ခိုးယူ၍ မရသော်လည်း အတွေ့အကြုံရမှတ်မှရရှိသော အမှတ်များဖြင့် အဆင့်တက်ခြင်းကပင် လုံလောက်သောဆုလာဘ်တစ်ခုဖြစ်လေသည်။
ထို့အပြင် သူသည် သူမ၏ ရုပ်သွင်ကိုပါ မကြာခင်က ရယူထားခဲ့သော သူရဲကောင်း၏ အစွမ်းဖြင့် အသွင်ယူနိုင်သေးသည်။
အတွေ့အကြုံရမှတ်သည် ပြိုင်ဘက်ကို အနိုင်ယူသည့် နည်းလမ်းအပေါ်တွင်ပါ ထည့်သွင်းစဉ်းစားသောကြောင့် အတွေ့အကြုံရမှတ်သည် အလွန်မမြင့်မားသော်လည်း ကိစ္စမရှိပေ။
အနိမ့်ဆုံးရမှတ်ရခဲ့မည် ဆိုလျှင်ပင် ၎င်းသည် သူ၏ ကျင့်ကြံခြင်းအတွက် တတိယအတားအဆီးနံရံကို ဖြိုခွင်းရန်မှာ လုံလောက်တာထက်ကိုပိုနေပေဦးမည်။
ထို့နောက် အာရန်သည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ကာ မိစ္ဆာဂိုဏ်းချုပ် ဖန်းယုဆီသို့ သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်....။