သဏ္ဌာန်မဲ့ ကျမ်း
Vol. 5 Ch. 75
ယွမ်ဖုန်းရဲ့လှပတဲ့မျက်လုံးကကျယ်သွားပြီး ကြောင်ကြည့်နေမိတယ်။ 'မုန်တိုင်း ပုလဲပွင့်လန်းခြင်း ကျည်ဖူး' ထဲကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့ စွမ်းအားက သွေးမျောက်နတ်ဆိုးဘုရင်ကို သေစေလောက်တဲ့ အန္တရာယ်ကို ချက်ချင်းပေးလိုက်တယ်။
အဲ့ဒီအချိန်မှာ သွေးမျောက်နတ်ဆိုးဘုရင်က ကြောင်သွားတယ်။
'မုန်တိုင်း ပုလဲပွင့်လန်းခြင်း ကျည်ဖူး' ထဲမှာပါတဲ့ 'တာအို စာလုံး'တွေရယ်၊ 'ဓားတာအို'ရဲ့ ကြီးမားတဲ့ စွမ်းအားကြောင့် သူ ခဏတာ အတိတ်မေ့သလို ဖြစ်သွားတယ်။
သွေးမျောက်နတ်ဆိုးဘုရင်ရဲ့ အာရုံခံစားမှုမှာ သူမြင်လိုက်ရတာက ဆံချည်မျှင်လောက်ပဲ ရှိတဲ့ အပ်ချောင်းသေးသေးလေး ၁၂၉,၆၀၀ ချောင်း မဟုတ်ဘူး။ အရမ်းကို အစွမ်းထက်တဲ့ ဓားပညာရှင်တစ်ယောက်ကို မြင်လိုက်ရတာ။ အဲ့ဒီဓားပညာရှင်က မိုးပေါ်ကနေပြီးသူ့ကိုတရားစီရင်သလိုမျိုး အေးစက်တဲ့ အကြည့်နဲ့ ငုံ့ကြည့်နေတယ်။
ဒါ့အပြင် ဒီအစွမ်းထက်တဲ့ ဓားပညာရှင်ရဲ့ ခေါင်းပေါ်မှာ ဆယ့်နှစ်လွှာသောင်းပြောင်းကြာပန်းစိမ်းတစ်ပွင့်ရှိပြီး ဘယ်ဘက်မှာက သုံးပေအရှည်ရှိတဲ့ အစိမ်းရောင်ဓားတစ်လက်၊ ညာဘက်မှာက ဓားရိုးလိုမျိုး တောင်တစ်ခု ရှိနေတယ်။
ရှဲ...
ပြီးတော့ အဲ့ဒီအစွမ်းထက်တဲ့ ဓားပညာရှင်က သွေးမျောက်နတ်ဆိုးဘုရင်ဆီကို ခုတ်ချလိုက်တယ်။
အဲ့ဒီတစ်ချက်ခုတ်ချလိုက်တာက မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတဲ့ မုန်တိုင်းအဖြစ် ပြောင်းလဲသွားတယ်။ လေပြင်းတွေက ဓားလေပြင်းတွေနဲ့ ဖြစ်ပေါ်လာတယ်။ မိုးသည်းထန်စွာရွာတာက ဓားမိုးတွေကြောင့် ဖြစ်ပေါ်လာတယ်။ ဘယ်လိုမှ ခုခံလို့ မရ၊ တားဆီးလို့ မရနိုင်အောင်ကို ဖြစ်သွားတယ်။
သွေးမျောက်နတ်ဆိုးဘုရင် ကြောက်လန့်တကြား အော်ဟစ်လိုက်တယ်။
ပု၊ ပု၊ ပု...
ဆံချည်မျှင်လောက်ပဲထူတဲ့ အပ်ချောင်းသေးသေးလေး ၁၂၉,၆၀၀ ချောင်းကသွေးမျောက်နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ထဲကို ဖောက်ဝင်သွားပြီး သူ့ရဲ့ ကိုယ်အထက်ပိုင်းတစ်ခုလုံးကို အသားစ၊ သွေးစတွေအဖြစ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင်ကို အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်တယ်။
ခွမ်း...
သွေးတွေ ပန်းထွက်လာပြီး ယွမ်ဖုန်းရဲ့ ကိုယ်တစ်ပိုင်းလုံးနီးပါးကို ရဲရဲနီသွားစေတယ်။ ပြင်းရှတဲ့ သွေးနံ့က ယွမ်ဖုန်းကို သူ့ရဲ့ မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်နေတဲ့ အခြေအနေကနေ လှုပ်နိုးပေးလိုက်တယ်။
သူမ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
ယွမ်ဖုန်း တကယ်ကို ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
"ဟူး..."
ပြီးတော့ သူမ ပါးစပ်ကနေ 'ဟူး'ခနဲ အသံထွက်သွားတယ်။ ပတ်ဝန်းကျင်က အပူချိန်ရုတ်တရက် ကျသွားတယ်။
ယွမ်ဖုန်းရဲ့ အကြည့်က လုံးဝသေနေပြီဖြစ်တဲ့ သွေးမျောက်နတ်ဆိုးဘုရင်ဆီကနေ မခွာနိုင်အောင် စိုက်ကြည့်နေမိတယ်။ သူမ လုံးဝကို တုန်လှုပ်ခြောက်ခြားသွားတယ်။ "ဒါ... ဒါ... ဒီ 'မုန်တိုင်း ပုလဲပွင့်လန်းခြင်း ကျည်ဖူး' ရဲ့ စွမ်းအားက ကောင်းကင်ကို ဆန့်ကျင်လွန်းတယ်"
"ဒါက 'အမြူတေဖွဲ့စည်းခြင်း အဆင့်နဲ့ ယှဉ်နိုင်တဲ့ သွေးမျောက်နတ်ဆိုးဘုရင်လေ"
"တကယ်သေသွားတာလား? ဒီလိုပဲ သေသွားတာလား?"
"ငါမှတ်မိတာ မှန်တယ်ဆိုရင် ဆရာဦးလေးရဲ့ ကျင့်ကြံမှုအဆင့်က 'အခြေခံတည်ဆောက်ခြင်းအဆင့်'ပဲ ရှိသေးတယ်လေ!"
"ဆရာဦးလေး... အာ... ဆရာဦးလေး..."
" တကယ်ကို မိုက်လွန်းတယ်။ ဆယ်မိနစ်တောင် မကြာဘူး။ တစ်ခါသုံးရတဲ့ 'ဓမ္မလက်နက်' တစ်ခုကို သေသေချာချာ လုပ်ပြီး အမြူတေဖွဲ့စည်းခြင်း အဆင့်နဲ့ ယှဉ်နိုင်တဲ့ သွေးမျောက်နတ်ဆိုးဘုရင်ကို အတင်းအဓမ္မ သတ်ပစ်လိုက်နိုင်တယ်"
ဗြုန်း...
သွေးမျောက်နတ်ဆိုးဘုရင်ရဲ့ အလောင်းကြီး လဲကျသွားတော့ မြေပြင်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားတယ်။ မြေကြီးတွေ၊ ကျောက်တုံးတွေ လွင့်စဉ်ပြီး ဖုန်မှုန့်တွေ ပျံ့နှံ့သွားတယ်။ ယွမ်ဖုန်းလည်း တဖြည်းဖြည်း သတိပြန်ဝင်လာတယ်။
သူမ လက်ထဲက 'မုန်တိုင်း ပုလဲပွင့်လန်းခြင်း ကျည်ဖူး' ကို ကြည့်လိုက်တယ်။ တကယ်ပဲ လုံးဝပျက်စီးသွားပြီ။ တစ်ခုလုံး ပေါက်ကွဲသွားပြီး အတွင်းထဲက အသေးစိတ်ကျတဲ့ အစိတ်အပိုင်းတွေ အားလုံး ပျက်စီးကုန်ပြီး ပြင်လို့ မရတော့ဘူး။
ဂလု...
ယွမ်ဖုန်း မြေပြင်ပေါ်က သွေးမျောက်နတ်ဆိုးဘုရင်ရဲ့ အလောင်းကို ကြည့်ပြီး 'ဂလု'ခနဲ မနေနိုင်ဘဲတံတွေးမျိုချလိုက်တယ်။
ဝေါင်း... ဝေါင်း...
ပတ်ဝန်းကျင်မှာရှိတဲ့ သွေးမျောက်နတ်ဆိုးစစ်သူကြီးတွေနဲ့ သွေးမျောက်နတ်ဆိုးသားရဲအများကြီးက အရမ်းကို ကြောက်လန့်သွားကြတယ်။ သူတို့ရဲ့ သွေးမျောက်နတ်ဆိုးဘုရင်သတ်ဖြတ်ခံရတာကို ကိုယ်တိုင်မြင်လိုက်ရတော့ လန့်ဖျပ်သွားတယ်။
ဒီသွေးမျောက်နတ်ဆိုးစစ်သူကြီးတွေနဲ့ သွေးမျောက်နတ်ဆိုးသားရဲတွေရဲ့ မျက်လုံးထဲမှာ သူတို့ရဲ့ သွေးမျောက်နတ်ဆိုးဘုရင်က မယှဉ်နိုင်တဲ့ သတ္တဝါကြီးဖြစ်တယ်။ဒါပေမဲ့ အခု ချက်ချင်း သတ်ဖြတ်ခံလိုက်ရတယ်။အလောင်းကလည်း ပြည့်ပြည့်စုံစုံ မရှိတော့ဘူး။
ဘယ်လိုလုပ် ဆက်တိုက်ဖို့ သတ္တိရှိတော့မလဲ?
ကြောက်လန့်တကြား အော်ဟစ်သံ တွေပြုပြီး သူတို့ရဲ့ နတ်ဆိုးဘုရင်အတွက် လက်စားချေဖို့တောင် မစဉ်းစားတော့ဘူး။ အဲ့ဒီအစား နောက်လှည့်ပြီး ထွက်ပြေးကြတော့တယ်။ မကြာခင်မှာပဲ ပတ်ဝန်းကျင်က သွေးမျောက်တွေ ကစဉ့်ကလျား ဖြစ်ကုန်ကြတယ်။
ခဏအကြာမှာ ယွမ်ဖုန်း သတိပြန်ဝင်လာတယ်။
အဲ့ဒီအခါကျမှ ပတ်ဝန်းကျင်က တိုက်ပွဲမြေပြင်ကို ကြည့်ဖို့ အချိန်ရတော့တယ်။ သူမနဲ့ အတူပါလာတဲ့ စီနီယာအစ်ကို၊ စီနီယာအစ်မ တော်တော်များများက သေဆုံးကုန်ကြပြီ ဒါမှမဟုတ် ပြင်းထန်စွာ ဒဏ်ရာရကုန်ကြပြီ။ မြေပြင်ပေါ်မှာလဲကျပြီး သွေးအန်နေကြတာများတယ်။
ယွမ်ဖုန်းကို တွန်းချခဲ့တဲ့ စီနီယာအစ်မလည်း သွေးမျောက်နတ်ဆိုးစစ်သူကြီးရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတယ်။ ယွမ်ဖုန်းသာ သွေးမျောက်နတ်ဆိုးဘုရင်ကို မသတ်ခဲ့ရင် မျောက်နတ်ဆိုးတွေအားလုံးကို မကြောက်စေခဲ့ရင် သူလည်း သွေးမျောက်နတ်ဆိုးစစ်သူကြီးရဲ့ အဆွဲဖြဲခံရမှာ သေချာတယ်။
"နင်... နင်..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"
"ခုနက..."
"သွေးမျောက်နတ်ဆိုးဘုရင်ကို... နင်သတ်လိုက်တယ်.."
ပတ်ဝန်းကျင်မှာ အသက်ရှင်ကျန်ခဲ့တဲ့ စီနီယာအစ်ကိုတွေ၊ စီနီယာအစ်မတွေ မျက်လုံးပြူးကုန်ကြတယ်။ ထိတ်လန့်မှုနဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားတယ်။ ဒါ့အပြင် သူတို့ အရမ်းစိတ်လှုပ်ရှားနေကြပြီး ဘေးကနေ လွတ်မြောက်ခဲ့တဲ့အတွက် ကံကောင်းတယ်လို့ ခံစားနေကြရတယ်။
"အဟွတ် အဟွတ်..."
ဒီအချိန်မှာ ယွမ်ဖုန်း ချောင်းဆိုးသံခပ်ပါးပါး ကြားလိုက်ရတယ်။ ကျန်းချူယု ခြေထောက်ထော့နဲ့ထော့နဲ့ လျှောက်လာပြီး ယွမ်ဖုန်းကို ကြည့်လိုက်တယ်။ "နင့်မှာ ဒီလိုဝှက်ဖဲ ရှိလိမ့်မယ်လို့ မထင်ထားဘူး"
"ဒီတစ်ခါ နင့်ကျေးဇူးကြောင့်ပဲ။ နင်သာမရှိရင် ငါတို့အားလုံး အကုန်သေကုန်မှာ"
"သွေးမျောက်နတ်ဆိုးတွေ ကြောက်လို့ ဆုတ်ခွာသွားကြပြီ။ ဒါပေမဲ့ နင့်လက်ထဲက လက်နက်က တစ်ခါပဲ သုံးလို့ရတာမလား? ငါတို့အားလုံးအ ပြင်းအထန် ဒဏ်ရာရထားပြီး အတော်ကြာကြာလှုပ်ရှားနိုင်မှာမဟုတ်ဘူး"
"ယွမ်ဖုန်း... အခု ငါတို့ကို ကာကွယ်ပေးထားပါဦး။ ငါတို့ ဒဏ်ရာနည်းနည်း ပြန်ကောင်းလာရင် သွေးမျောက်အသိုက်ဆီ သွားပြီး သွေးမျောက်ဝိုင်တွေ အကုန်ယူခဲ့မယ်"
"စိတ်မပူပါနဲ့... နင့်အဖို့လည်း ခွဲတမ်းရမှာပါ"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"
ယွမ်ဖုန်းက ပြောတယ်။ "စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့ မြန်မြန်လေး ကိုယ်ကိုကို ပြန်သက်သာအောင်လုပ်ကြပါ။ အဲ့ဒီသွေးမျောက်နတ်ဆိုးတွေကို ဘယ်လောက်ကြာကြာ လန့်အောင် လုပ်ထားနိုင်မယ် မသိဘူး။ သူတို့ ပြန်လာရင် ကျွန်မတစ်ယောက်တည်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
"ကျွန်မလူတိုင်းရဲ့ အကူအညီလိုသေးတယ်"
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ" ကျန်းချူယုပြုံးလိုက်တယ်။
ကျန်တဲ့ စီနီယာအစ်ကိုတွေ၊ စီနီယာအစ်မတွေလည်း စိတ်အေးသွားကြတယ်။ သူတို့ ခြေချိတ်ထိုင်ပြီး ဆေးလုံးတွေ ထုတ်ယူကြတယ်။ ဆေးလုံးတွေ သောက်ပြီး အသက်ရှူသံကို ထိန်းညှိကာ ဒဏ်ရာသက်သာဖို့ စတင်လုပ်ဆောင်လိုက်တယ်။
ဒါပေမဲ့ ကျန်းချူယုနဲ့ တခြားသူတွေ ခြေချိတ်ထိုင်ပြီး အသက်ရှူသံကို ထိန်းညှိနေကြတဲ့အချိန်မှာပဲ ယွမ်ဖုန်း လှုပ်ရှားတော့တယ်။ သူမ ပထမဆုံး ကျန်းချူယုရဲ့ ကိုယ်ပေါ်ကို အသံမထွက်ပဲ ရောက်သွားတယ်။ အမြန်ဆုံး လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ဘယ်ဘက်လက်နဲ့ ကျန်းချူးယွီရဲ့ ပါးစပ်ကို အုပ်လိုက်ပြီး အသံမထွက်နိုင်အောင် လုပ်လိုက်တယ်။
ချက်ချင်းပဲ သူမရဲ့ ညာဘက်လက်မှာ ဓားမြှောင်ပုံသဏ္ဌာန်ရတနာ တစ်ခု ကိုင်ထားတယ်။
ပု၊ ပု၊ ပု...
သူမ ဆက်တိုက်သုံးကြိမ် ထိုးလိုက်တယ်။
တစ်ခါထိုးတိုင်း အားပိုထည့်ပြီး ကျန်းချူယုရဲ့ နှလုံးကို တိုက်ရိုက်ဖောက်ဝင်သွားတယ်။ သွေးတွေ ပန်းထွက်ပြီး အကုန်လုံး ပေါက်ထွက်သွားတယ်လို့တောင် ပြောလို့ရတယ်။ ကျန်းချူယု ရုန်းကန်ပေမဲ့ အသံမထွက်နိုင်လိုက်ဘူး။
မကြာခင်မှာပဲ ကျန်းချူယုရဲ့ လှပတဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး ကျန်ရှိနေတဲ့ မကျေနပ်ချက်တွေနဲ့ သေဆုံးသွားတယ်။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အားမရှိတော့ပဲ လဲကျသွားတယ်။
သူမ သေဆုံးသွားပြီ။
"ဟူး..."
ယွမ်ဖုန်း အသက်ပြင်းပြင်း ရှူလိုက်တယ်။ စိတ်ကို ငြိမ်ငြိမ်ထားပြီး ဆက်လက် လှုပ်ရှားတယ်။ ကျန်ရှိနေတဲ့ စီနီယာအစ်ကို၊ စီနီယာအစ်မလေးယောက်ရဲ့ နှလုံးတွေကို ဆက်တိုက် ထိုးဖောက်လိုက်တယ်။
သူတို့အားလုံး သေဆုံးကုန်ပြီ!!!
"နင်တို့ တကယ်ပဲ ငါ ယွမ်ဖုန်းကို ဒီလောက် လွယ်လွယ်လေး လှည့်စားလို့ရမယ်လို့ ထင်နေကြတာလား?"
ယွမ်ဖုန်းရဲ့ လက်တွေ နည်းနည်းတုန်ယင်နေတယ်။ သူမ ကျန်းချူယုနဲ့ တခြားသူတွေရဲ့ အလောင်းတွေကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ "သွေးမျောက်နတ်ဆိုးဘုရင်ကို သတ်လိုက်တာ ငါပါ။ မျောက်တွေကို ကြောက်လန့်ပြီး ဆုတ်ခွာသွားအောင် လုပ်လိုက်တာ ငါပါ။ ဒါတောင် နင်တို့က ငါ့ကို ခွဲတမ်းနည်းနည်းပဲ ပေးချင်သေးတာလား?"
"လမ်းတစ်လျှောက်လုံး ဘယ်သူမှ ကောင်းတဲ့လူ မဟုတ်ဘူး။ နင်တို့ ပြန်ကောင်းလာရင် ငါ့ကို သတ်ကြလိမ့်မယ်။ ငရဲကို သွားတော့"
သူမရဲ့ ဒေါသကို ဖြေဖျောက်ပြီးနောက် ယွမ်ဖုန်း သွေးမျောက်အသိုက်ထဲကို အမြန်ပြေးဝင်သွားပြီး သွေးမျောက်ဝိုင်ကို ရှာလိုက်တယ်။ သွေးမျောက်နတ်ဆိုးဘုရင်ရဲ့ ကလေးကိုလည်း ရှာတွေ့သွားတယ်။ ခုမှ မွေးခါစဖြစ်လို့ မျက်လုံးတောင် မပွင့်သေးဘူး။ နတ်ဆိုးသားရဲအနေနဲ့ မွေးမြူလို့ရတယ်။
"ကောင်းလိုက်တာ"
ယွမ်ဖုန်း စိတ်လှုပ်ရှားနေတယ်။
သူမ သွေးမျောက်ဝိုင်တွေကို အမြန် သိမ်းဆည်းပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့သွေးမျောက်ဘုရင်ကလေးရယ်၊ သွေးမျောက်ရဲ့ နှလုံးသွေး ဆယ်ကီလိုဂရမ်ရယ်ကို သယ်ဆောင်ပြီး သွေးမျောက်တောင်ကုန်းကနေ အမြန်ဆုံး ထွက်ခွာသွားတယ်။
မသိလိုက်ခင် ညနေစောင်းနေပြီ။
ယွမ်ဖုန်း သွေးတွေပေပွနေတဲ့ ကိုယ်နဲ့ 'တိမ်စိမ်းတောင်ထွတ်'ဆီ ပြန်လာတယ်။ မစ်ရှင်ကို အပ်ပြီး မစ်ရှင်ရဲ့ အခြေအနေကို ပေါ့ပေါ့ပါးပါးပဲ သတင်းပို့ပြီး သူ့နေအိမ်ကို ပြန်လာခဲ့တယ်။
သူမ သွေးမျောက်ဝိုင်နဲ့ သွေးမျောက်နတ်ဆိုးဘုရင်က လေးကို မနက်ဖြန်ကျရင် ဆရာဦးလေးချီဆီ ခေါ်သွားဖို့ စီစဉ်ပြီးထားတယ်။
'တိမ်စိမ်းတောင်ထွတ်'ရဲ့ 'အမွေအနှစ်ခန်းမ'ထဲမှာ ချီ့မင်လည်း ဖုံးကွယ်ဖို့အတွက် သုံးလို့ရတဲ့ 'အမြူတေဖွဲ့စည်းခြင်း' နည်းလမ်းတစ်ခုကို ရှာတွေ့သွားတယ်။
"သေချာလား?"
ဖုန်းဇီမုနဲ့ မော့ဟန်ကျန်းတို့ ချီ့မင် ထွက်လာမယ့်အချိန်ကို စောင့်နေကြတယ်
"အင်း" ချီ့မင် ခေါင်းငြိမ့်တယ်။ "ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ"
"တကယ်တော့ မင်း 'ဓားတာအိုကျမ်း'ကို ရွေးသင့်တယ်။ ဒီ 'အမြူတေဖွဲ့စည်းခြင်း နည်းလမ်းက ' သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း'နဲ့ ပိုပြီး သင့်တော်တယ်။ နှစ်ခုက တစ်ခုနဲ့တစ်ခု ဖြည့်စွက်ပေးနိုင်တယ်"လို့ မော့ဟန်ကျန်းက ပြောတယ်။
"ကျွန်တော်က ဒီ 'သဏ္ဌာန်မဲ့ ကျမ်း'က ကျွန်တော့်အတွက် ပိုသင့်တော်တယ်လို့ ခံစားရတယ်"လို့ ချီ့မင်က ပြန်ပြောလ်ိုက်တယ်။
"တောင်ထွတ်သခင် ပြောတာကို နားမထောင်နဲ့" ဖုန်းဇီမုက ပြောတယ်။ "မင်းရဲ့ အတွင်းစိတ် ပြောတာကို နားထောင်သင့်တယ်။ ဘာပဲဖြစ်ဖြစ် မင်းလျှောက်တဲ့ လမ်းက တကယ်ကို သင့်တော်တယ်လို့ မင်းတစ်ယောက်ပဲ ထင်တာလေ"
"မင်း ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ယုံကြည်ရမယ်"
ဒီလိုပြောပြီးနောက် ဖုန်းဇီမု ချီ့မင်ရဲ့ ပခုံးကို ပုတ်ပြီး အားပေးစကား ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ဆရာ" ချီ့မင် အရိုအသေပြုလိုက်တယ်။
"ကဲ... ရပြီ" ဖုန်းဇီမုက ပြောတယ်။ "မင်း ပြန်လို့ရပြီ"
"ဟုတ်ကဲ့"
ရှဲ... ရှဲ...
ချီ့မင် 'တိမ်စိမ်းတောင်ထွတ်'ကနေ ထွက်ခွာပြီး 'တိမ်ပြိုတောင်ထွတ်'ဆီ ပြန်လာခဲ့တယ်။
"တကယ်တော့ ချီ့မင်ရဲ့ 'ဓားတာအို' စွမ်းရည်က တကယ်ကို အရမ်းအစွမ်းထက်တယ်" မော့ဟန်ကျန်းက ပြောတယ်။ "မင်းက ချီ့မင်ကို 'ဓားတာအိုကျမ်း ရွေးဖို့ တကယ်တော့ အကြံပေးသင့်တယ်"
"မဟုတ်ဘူး!" ဖုန်းဇီမုက ခေါင်းခါတယ်။ ချီ့မင် ထွက်သွားတဲ့ဘက်ကို စိုက်ကြည့်ရင်း အသံခပ်တိုးတိုးနဲ့ ပြောလိုက်တယ်။ "တောင်ထွတ်သခင်... သတိမထားမိဘူးလား? ချီ့မင် အများကြီး ပြောင်းလဲသွားပြီ။ သူ လျှောက်ချင်တဲ့ လမ်းကို ရှာတွေ့သွားပြီလို့ ကျွန်တော် ထင်တယ်"
မော့ဟန်ကျန်းဆိတ်ဆိတ်နေလိုက်တယ်။
"ဆရာက လမ်းညွှန်မှုပေးပေမဲ့ ကျင့်ကြံမှုက ကိုယ်တိုင်ပေါ်မှာ မူတည်တယ်"
ဖုန်းဇီမုက ဆက်ပြောတယ်။ "ကျွန်တော်က ချီ့မင်ကို တပည့်အဖြစ် လက်ခံခဲ့ပေမဲ့ ဘာမှ မသင်ပေးခဲ့ဘူး။ သူ အခုရောက်နေတဲ့ အဆင့်ထိ ရောက်လာတာက သူ့ဘာသာသူ အများအားဖြင့် လုပ်ခဲ့တာပဲ"
"ဒါက ပါရမီရှင်ပဲ!"
"ဒီလို ပါရမီရှင်တပည့် ရှိနေတော့ ကျွန်တော် သူ့ကို လမ်းညွှန်ပေးဖို့တောင် မလိုဘူးလို့ ခံစားရတယ်"
ဒီအကြောင်း ပြောရင်း ဖုန်းဇီမု ခါးသီးစွာ ပြုံးလိုက်တယ်။
" တော်ပါတော့" မော့ဟန်ကျန်းက ဒေါသတကြီး ပြောလိုက်တယ်။ "ရတနာတစ်ခု ကောက်ရထားပြီးမှ ဒီလိုမျိုး ဆက်လုပ်နေသေးတယ်။ တခြား 'အမွေအနှစ် အကြီးအကဲ'တွေ ချီ့မင်အကြောင်း သိသွားရင် မင်းကို ဘယ်လောက် မနာလိုကြမလဲမသိဘူး"
"ဟားဟားဟား..."
ဖုန်းဇီမု ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
'တိမ်ပြိုတောင်ထွတ် ဂူစံအိမ်'။
ချီ့မင် ပြန်ရောက်လာတယ်။
"'သဏ္ဌာန်မဲ့ ကျမ်း"
တွေးလိုက်တာနဲ့ ချီ့မင် 'သဏ္ဌာန်မဲ့ ကျမ်း ကျောက်စလစ်ကို ထုတ်လိုက်တယ်။ သင်္ကေတတွေ ပေါ်လာပြီး ဖန်သားလို ကြည်လင်လာတယ်။ အဲ့ဒါတွေက ချီ့မင်ရဲ့ နဖူးအလယ်ကနေ သူ့စိတ်ထဲကို ရောက်လာတယ်။
အချိန်ကုန်လွန်သွားတယ်။
အမြူတေဖွဲ့စည်းခြင်းအဆင့်'သဏ္ဌာန်မဲ့ ကျမ်းနည်းစနစ်က ချီ့မင်ရဲ့ စိတ်အနက်ဆုံးနေရာမှာ လုံးဝ စွဲမြဲသွားတယ်။ သူ ဘယ်တော့မှ မေ့နိုင်တော့ဘူး။ သူ့လက်ထဲက ကျောက်စလစ်ကလည်း ကြေမွပြီး ပြာပုံဖြစ်သွားတယ်။
ပြီးတော့ ချီ့မင် ဒီ 'သဏ္ဌာန်မဲ့ ကျမ်းကို လေ့လာတယ်။
"သြော်... သိပြီ"
မကြာခင်မှာပဲ ချီ့မင် 'သဏ္ဌာန်မဲ့ ကျမ်း'ကို အခြေခံနားလည်သွားတယ်။ ဒါက တကယ်ကို အစွမ်းထက်တဲ့ ' ရွှေအမြူတေအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်တယ်။ ဒါ့အပြင် ဒါက အဆင့်ကိုးရွှေအမြူတေကို သိပ်သည်းနိုင်တဲ့နည်းစနစ်တစ်ခုလည်း ဖြစ်တယ်။
'သဏ္ဌာန်မဲ့ ရွှေအမြူတေ'လို့ ခေါ်တယ်။
သတ်မှတ်ထားတဲ့ ပုံသဏ္ဌာန် မရှိဘူး။
ဒါကြောင့် သက်ရှိအားလုံးရဲ့ ပုံစံအားလုံးကို ပေါင်းစပ်နိုင်တယ်။
ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ဆင်းသက်လာစေနိုင်တယ်။
အရမ်းကို အစွမ်းထက်တယ်။
ဒါ့အပြင် 'သဏ္ဌာန်မဲ့ ရွှေအမြူတေ'က ပုံစံအားလုံးကို ထည့်သွင်းနိုင်တာမို့ ' သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း'ကိုလည်း သဘာဝအတိုင်း ထိန်းချုပ်နိုင်တယ်။
"မဆိုးဘူး"
ချီ့မင် ခေါင်းနည်းနည်း ငြိမ့်လိုက်တယ်။ သူ 'သဏ္ဌာန်မဲ့ ရွှေအမြူတေ'ကို အရမ်းကျေနပ်တယ်။ ဒါ့အပြင် ချီ့မင်က 'မဟာ ရွှေအမြူတေတာအိုကျမ်းနဲ့ 'သဏ္ဌာန်မဲ့ ကျမ်း'ကို အတူတူ ကျင့်ကြံဖို့ စီစဉ်ထားတယ်။
'မဟာရွှေအမြူတေတာအိုကျမ်း'က အဓိက နည်းလမ်းဖြစ်ပြီး 'သဏ္ဌာန်မဲ့ ကျမ်းက အားဖြည့်ပေးတယ်။ အဓိကကတော့ အမှန်တရားကို ဖုံးကွယ်ထားဖို့အတွက်ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ သူကနှိမ့်ချနေလို့ရပြီး ရန်သူကို သူအပေါ်အကဲဖြတ်မှုကို မှားယွင်းသွားစေနိုင်တယ်။ ပြီးတော့ ရန်သူကို သတ်ဖို့ အခွင့်အရေးရသွားစေနိုင်တယ်။