← Chapters

နတ်ဆိုးကျင့်ကြံသူနဲ့ရင်ဆိုင်ခြင်း

Vol. 5 Ch. 61

နတ်ဆိုးကျင့်ကြံသူနဲ့ရင်ဆိုင်ခြင်း

Vol. 5 Ch. 61

"စီနီယာအစ်မ။"

ချီမင်ရဲ့မျက်နှာက နည်းနည်းစိုးရိမ်နေတယ်။ သူ့စီနီယာအစ်မက သူ့ကိုကယ်ဖို့ သူကိုယ်တိုင်စတေးလိုက်တဲ့မြင်ကွင်းကို ပြန်တွေးမိတော့ သူနည်းနည်းခံစားသွားရတယ်။

စီနီယာအစ်မလုချင်းယန်သာ သူ့အသက်နဲ့ရင်းပြီးမကယ်ခဲ့ရင် ချီမင်ခုချိန်ဆို အန္တရာယ်ကျရောက်နေလောက်ပြီ။

ဘုန်း! ဘုန်း!

ဝေါင်း!

ဒီအချိန်မှာ ချီမင်က မလှမ်းမကမ်းကနေ ထူးဆန်းတဲ့လှုပ်ရှားမှုတွေနဲ့ သားရဲဟိန်းသံတွေကိုကြားလိုက်ရတယ်။ နတ်ဆိုးသားရဲတွေရဲ့ခြေရာတွေဖြစ်တယ်။ သူဆက်ပြီး ဝမ်းနည်းပူဆွေးနေဖို့ အချိန်မရှိတော့ဘူး။

သိထားရမှာက ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကနေတစ်ဆင့် ချီမင်က အရမ်းများတဲ့နတ်ဆိုးသားရဲတွေ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို နှောင့်ယှက်ပြီး ပါဝင်သူအများအပြားကို သတ်ဖြတ်နေတာကို မြင်ရုံတင်မကဘူး၊နတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်‌တော်ကျင့်ကြံသူတွေရဲ့ခြေရာတွေကိုလည်း တွေ့လိုက်ရတယ်။

အခြေအနေက ပိုပိုပြီးရှုပ်ထွေးလာနေပြီ။

"ထွက်ခဲ့။"

ဝှီး! ဝှီး!

စိတ်ကူးလိုက်တာနဲ့ ချီမင်က ညာလက်ကိုဝှေ့ယမ်းပြီး မဟာနတ်ဆိုးလင်းနို့နဲ့ ဟော့ချန်ချင်းကို ဆင့်ခေါ်လိုက်တယ်။ သူတို့က ချီမင်ရဲ့ရှေ့မှာ ရပ်နေကြတယ်။

"သခင်။" ဟော့ချန်ချင်းက ဦးညွှတ်လိုက်တယ်။

"အင်း။" ချီမင်က ခေါင်းညိတ်တယ်။ "တိုက်ပွဲအတွက်ပြင်ဆင်ထား။"

"ဟုတ်ကဲ့။" ဟော့ချန်ချင်းက ပြန်ဖြေတယ်။

"ပြေး!"

ရှေ့မှာ ချီမင်က ရင်းနှီးတဲ့ပုံရိပ်နှစ်ခုကို ထူထပ်တဲ့တောအုပ်ထဲမှာ အလန့်တကြားပြေးလွှားနေတာတွေ့လိုက်တယ်။ သူတို့နားရောက်လာတော့ ချီမင်က သူတို့က ယွမ်ဖုန်းနဲ့ စုချင်းယင်မှန်း သိလိုက်တယ်။

သူတို့နောက်မှာတော့ နတ်‌ဆိုးသားရဲအနည်းငယ် လိုက်နေတယ်။

"သူတို့ကံကောင်းတာပဲ။" ချီမင်က ပြောတယ်၊ "ငါနဲ့လာကြုံရတာ။"

"အစ်မယွမ်။" စုချင်းယင်က အော်တယ်၊ "ရှေ့မှာ လူတစ်ယောက်ရှိတယ်။"

"သူ့ကိုဂရုမစိုက်နဲ့။" ယွမ်ဖုန်းက အော်ပြောလိုက်တယ်၊ "မြန်မြန်ပြေးကြစို့။ နောက်က နတ်‌ဆိုးသားရဲနည်းနည်းက မွေးရာပါသိုင်းသမားတောင်မယှဉ်နိုင်ဘူး။ တကယ့်ကျင့်ကြံသူအစစ်တစ်ယောက်ယောက်မလာရင် သေမှာပဲ။"

"ဟုတ်ကဲ့။" စုချင်းယင်က ခေါင်းညိတ်တယ်။

သူတို့စကားပြောနေတုန်းမှာပဲ ချီမင်ရှိရောက်ရှိလာကြတယ်။

ပြီးတော့ ပုံရိပ်နှစ်ခုက တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြတယ်။

"သူ…"

ယွမ်ဖုန်းက ခြေလှမ်းအနည်းငယ်ပြေးပြီး မနေနိုင်ဘဲ နောက်လှည့်ကြည့်လိုက်တယ်။ တစ်ဖက်လူက ရုပ်ထုတစ်ရုပ်လို မလှုပ်မယှက်ရပ်နေတာကိုတွေ့တော့ ယွမ်ဖုန်းက မအောင့်နိုင်ဘဲ အော်လိုက်တယ်၊ "နင်ကြောက်ပြီးကြောင်သွားတာလား။ ပြေးလေ! အဲဒါ နတ်ဆိုးသားရဲတွေ။ ငါတို့က သာမန်လူတွေပဲ။ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို လုံးဝခြေမချရသေးဘူး။ ငါတို့အာလုံးနတ်ဆိုးသားရဲတွေသတ်တာ ခံရလိမ့်မယ်။"

ချွမ်! ချွမ်!

ချီမင်က ခေါင်းမော့ကြည့်လိုက်တော့ နတ်ဆိုးသားရဲအနည်းငယ် ပြေးဝင်လာတာကိုတွေ့လိုက်ရတယ်။ သူတို့အရှိန်က မနှေးဘူး၊ ဒါပေမဲ့ တစ်ချက်တွေးလိုက်ပြီး သူက သူ့ရဲ့ကျင့်စဉ်ကို လည်ပတ်လိုက်ရင်းသူ့ရဲ့ဝိညာဉ်ချီစွမ်းအင်က အစိမ်းရောင်တဲ့ဓားချီအဖြစ်ပြောင်းလဲကာ ပိုင်းဖြတ်လိုက်တယ်။

ဖောက်! ဖောက်! ဖောက်!

သွေးတွေ ပန်းထွက်ကုန်တယ်။

ချက်ချင်းဆိုသလိုပဲ ပြေးဝင်လာတဲ့နတ်‌ဆိုးသားရဲတွေအားလုံး အသတ်ခံလိုက်ရတယ်။ သူတို့ခေါင်းတွေပြတ်ထွက်ပြီး သူတို့ကိုယ်လုံးတွေက မြေပြင်ပေါ်ပြုတ်ကျသွားပြီး ဖုန်တွေထသွားစေတယ်။

သူတို့အားလုံး အလွယ်တကူအသတ်ခံလိုက်ရတယ်။

"သူ… သူ…" စုချင်းယင်ရဲ့လှပတဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့ရဲ့ကျောက်စိမ်းလိုလက်ကလေးက သူ့ရဲ့နီထွေးနေတဲ့နှုတ်ခမ်းကိုအုပ်ထားရင်း မျက်နှာမှာ အံ့ဩမှုတွေအပြည့်နဲ့၊ "သေ… သေကုန်ပြီ! အဲဒီနတ်ဆိုးသားရဲတွေအားလုံး သေကုန်ပြီ! အားလုံးအသတ်ခံလိုက်ရတာ!"

"ဟူး…"

ယွမ်ဖုန်းက အသက်ကိုခက်ခက်ခဲခဲရှူရင်း အမြန်သတိပြန်ဝင်လာတယ်။ တုန့်ဆိုင်းမနေဘဲသူက မြေပြင်ပေါ်တိုက်ရိုက်ဒူးထောက်ချလိုက်ပြီး ချီမင်ကို ဦးညွှတ်ကာ၊ "ကျွန်မက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲက ပါဝင်သူ ယွမ်ဖုန်းပါ၊ စီနီယာ ကျွန်မအသက်ကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ မျက်စိကန်းပြီး စီနီယာဒီမှာရှိနေတာကို မသိခဲ့ပါဘူး။ အစောပိုင်းက ကျွန်မစကားတွေအတွက် စီနီယာခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

"အစ်မယွမ်…"

စုချင်းယင်က တစ်ခဏကြောင်သွားတယ်။ သူလည်း သတိပြန်ဝင်လာပြီး ယွမ်ဖုန်းနဲ့အတူ ဒူးထောက်ချလိုက်တယ်။ သူက ချီမင်ကို ဦးညွှတ်ကာ၊ "ဂျူနီယာညီမ စုချင်းယင်က စီနီယာ ကျွန်မတို့အသက်ကိုကယ်တင်ပေးတဲ့အတွက်အရိုအသေပေးပါတယ်။"

"အင်း။" ချီမင်က လှည့်ကြည့်ပြီး ယွမ်ဖုန်းနဲ့ စုချင်းယင်ကိုကြည့်ကာ၊ "ယွမ်ဖုန်း၊ စုချင်းယင်၊ တစ်ယောက်က ယွမ်ရှန်းအင်ပါယာရဲ့မင်းသမီး၊ နောက်တစ်ယောက်က မင်းသမီးရဲ့အစေခံမလေးပေါ့။"

"အရင်က ဝိညာဉ်တိမ်တိုက်ဆန်းကြယ်ဘုံနဲ့ ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံမှာ မင်းတို့နှစ်ယောက်ရဲ့စွမ်းဆောင်ရည်ကို ငါတွေ့ခဲ့တယ်။ မင်းတို့စွမ်းဆောင်ရည်က မဆိုးပါဘူး။"

"ဒါဆို စီနီယာကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကစီနီယာတစ်ယောက်ပေါ့။"

ယွမ်ဖုန်းက အရမ်းဝမ်းသာသွားပြီး၊ "စီနီယာကကျွန်မကို မြှောက်လွန်းနေပါပြီ။ ကျွန်မက ညီမလေးချင်းယင်နဲ့ယှဉ်ရင် အများကြီးညံ့ပါတယ်။"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။" စုချင်းယင်က အမြန်လက်ကာပြပြီး ပြောတယ်၊ "အစ်မယွမ်သာမရှိရင် ကျွန်မ သေနေတာကြာလောက်ပြီ။"

ဝေါင်း! ဝေါင်း! ဝေါင်း!

ပတ်ဝန်းကျင်မှာ ချီမင်က သားရဲဟိန်းသံတွေ ပိုပိုပြီးကြားလာရတယ်။ ဒါတွေကအရေအတွက် အများအပြားရှိတဲ့ နတ်ဆိုးသားရဲတွေနဲ့ရက်စက်တဲ့ သားရဲရိုင်းတွေဖြစ်တယ်။ သူတို့က အုပ်စုဖွဲ့ပြီး သူတို့ကိုဝိုင်းထားကြတယ်။

ဒါတင်မကဘူး၊ ချီမင်က ပါဝင်သူအများအပြားရဲ့အော်ဟစ်သံတွေကိုလည်း ကြားနေရတယ်။

"ယုတ်မာတဲ့ကောင်တွေ။"

ချီမင်ရဲ့အကြည့်က အေးစက်သွားပြီး သူ့ရဲ့သတ်ဖြတ်လိုစိတ်က မြင့်တက်လာတယ်၊ "ယွမ်ဖုန်း၊ စုချင်းယင်၊ မင်းတို့နှစ်ယောက် လောလောဆယ် ငါ့နောက်လိုက်ခဲ့။ ဘယ်မှမသွားနဲ့။"

"အခု နတ်ဆိုးသားရဲတွေနဲ့ သားရဲရိုင်းတွေတင်မကဘူး၊ နတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေလည်း စိမ့်ဝင်နေတယ်။ မင်းတို့သာ လျှောက်သွားနေရင် အန္တရာယ်အရမ်းများတယ်။"

"ဟုတ်ကဲ့။" ယွမ်ဖုန်းက အရမ်းဝမ်းသာသွားတယ်၊ "ကျေးဇူးတင်ပါတယ် စီနီယာ။"

"ကျေးဇူးတင်ပါတယ် စီနီယာ။" စုချင်းယင်ကလည်း ပြောတယ်။

"ထပြီး ငါ့နောက်ကိုသေချာလိုက်ခဲ့။" ချီမင်က ပြောတယ်။

"ဟုတ်ကဲ့။" ယွမ်ဖုန်းနဲ့ စုချင်းယင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မြေပြင်ကနေ ချက်ချင်းထရပ်လိုက်ကြတယ်။ ပြီးတော့ သူတို့က ချီမင်ရဲ့နောက်ကနေလိုက်ပြီး အမြန်ထွက်ခွာသွားကြတယ်။

ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမြို့ကို ပြန်ဖို့ စီစဉ်မထားဘူး။ ဒါ့အပြင် ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားရဲ့စွမ်းရည်က နဂါးမိကျောင်းအရှင်သခင်ရဲ့အထွတ်အထိပ်စွမ်းအားကြောင့် စည်းခတ်ခံထားရတယ်။ နေရာရွှေ့ပြောင်းဖို့ မဖြစ်နိုင်ဘူး။

ချီမင်က အဲဒီိတ်ဆိုးသားရဲတွေနဲ့ သားရဲရိုင်းတွေကို သတ်ဖြတ်ဖို့ စီစဉ်ထားတယ်။

တစ်ချိန်တည်းမှာပဲ သူက အဲဒီနတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကိုလည်း သတ်ဖို့စီစဉ်ထားတယ်။

ဘာပဲဖြစ်ဖြစ်၊ ဒီနတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်‌ တော်ကျင့်ကြံသူတွေမှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ်တွေ အနည်းနဲ့အများဆိုသလိုရှိနေမှာပဲ။ သူတို့ကိုအမဲလိုက်တာက တော်တော်လေးဝင်ငွေကောင်းတဲ့အလုပ်ဖြစ်လိမ့်မယ်။

ဒါ့အပြင် ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို ထိန်းချုပ်ထားတယ်။ စွမ်းရည်အများစု ကန့်သတ်ခံထားရပေမဲ့ ချီမင်က ကိုယ်ပွားကနေတစ်ဆင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု ဝေးပွဲထဲက အခြေအနေကို စောင့်ကြည့်နိုင်သေးတယ်။

သူက အဲဒီနတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ရှာတွေ့နိုင်တယ်။

မကြာခင်မှာပဲ ချီမင်က နတ်ဆိုးသားရဲတစ်လှိုင်းနဲ့ဆိုင်လိုက်ရတယ်။ အရေအတွက်က အများကြီးပဲ၊ တစ်ထောင်ကျော်လောက်အထိရှိတယ်။ အများစုက ချီသန့်စင်ခြင်းအဆင့်တွေပဲဖြစ်တယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်နတ်ဆိုးသားရဲအရေအတွက်က လက်တစ်ဖက်စာတောင်မရှိဘူး။

နတ်ဆိုးသားရဲတွေက ပါဝင်သူသောင်းချီကို ဝိုင်းပြီးသတ်ဖြတ်နေကြတယ်။

မြင်ကွင်းက ဆိုးဝါးလွန်းတယ်။

သူ တစ်ချက်ပဲကြည့်လိုက်ပြီး သူ့ရဲ့သတ်ဖြတ်လိုစိတ်က တောက်လောင်လာတယ်။

"မင်းတို့အားလုံး သေသင့်တယ်။" ချီမင်ရဲ့အကြည့်က အေးစက်နေတယ်။

"သွေးမိစ္ဆာနတ်ဆိုးသရဲ၊ မဟာနတ်ဆိုးလင်းနို့။"

ဝှစ်! ဝှစ်!

ချီမင်က နောက်လိုက်နှစ်ယောက်ကို လွှတ်လိုက်တယ်။

"ဟီးဟီးဟီး…"

နတ်ဆိုးသရဲက ယုတ်မာ‌တော့မယ့်အသံနဲ့ရယ်လိုက်ပြီးနတ်ဆိုးသားရဲတွေထဲကို ပြေးဝင်သွားတယ်။ သူက သတ်ဖြတ်ပွဲကြီးတစ်ခုစတင်လိုက်ပြီး နတ်ဆိုးသားရဲတွေကို ခြောက်သွေ့တဲ့အလောင်းတွေဖြစ်အောင် စုပ်ယူလိုက်တယ်။

ဝေါင်း!

မဟာနတ်ဆိုးလင်းနို့က အသံလှိုင်းနည်းစနစ်တစ်ခု ထုတ်လွှတ်လိုက်တယ်။ အသံလှိုင်းအမြင့်က နတ်ဆိုးသားရဲအများအပြားရဲ့ခေါင်းတွေကို တိုက်ရိုက်ကြေမွသွားစေတယ်။

"သေစမ်း!"

ချွမ်! ချွမ်! ချွမ်!!!

ချီမင်က ညာလက်နဲ့ညွှန်ပြပြီး သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို လည်ပတ်လိုက်တယ်။ သူ့ရဲ့ဝိညာဉ်စွမ်းအင်က အရမ်းကိုထက်မြိတဲ့ဓားချီအဖြစ်ပြောင်းလဲသွားပြီး အဲဒီအခြေခံတည်ဆောက်ခြင်းအဆင့် နတ်ဆိုးသားရဲတွေရဲ့ခေါင်းတွေကို အလွယ်တကူထိုးဖောက်သွားပြီးအားလုံးကိုသတ်ပစ်လိုက်တယ်။

ပြီးတော့ သွေးမိစ္ဆာနတ်ဆိုးသရဲက ဒီနတ်ဆိုးသားရဲတွေရဲ့အလောင်းတွေကို ဝါးမျိုနေတယ်။ သူ့ကိုယ်ပေါ်က နတ်ဆိုးစွမ်းအင်နဲ့သရဲယင် စွမ်းအင်တွေက ပိုပိုပြီးလေးလံလာပြီး သူကအခြေခံတည်ဆောက်ခြင်း အလယ်ပိုင်းအဆင့်ကို တက်လှမ်းမလ်ိုဖြစ်သွားတယ်။

"သ… သရဲ!!"

"သရဲရှိတယ်!"

"နတ်ဆိုးကြီး!"

...

ကြောက်လန့်တကြားအော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

နတ်ဆိုးသားရဲတွေရဲ့လက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ပါဝင်သူတွေက သွေးမိစ္ဆာနတ်ဆိုးသရဲကြောင့် အရမ်းကြောက်လန့်သွားကြတယ်။ သူတို့မျက်နှာတွေမှာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတယ်။

"စိတ်ထိန်းကြ! အားလုံးစိတ်ထိန်းကြ!"

"ငါတို့ကိုကယ်တင်ခဲ့တာ ဒီစီနီယာပဲ!"

"စီနီယာ မင်းက လူကောင်းတစ်ယောက်ပဲ။"

...

ဒါပေမဲ့ အော်ဟစ်နေတဲ့လူတွေလည်း ရှိနေတယ်။

"သူ… သူက တကယ်ပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက စီနီယာတစ်ယောက်လား။"

စုချင်းယင်က တံတွေးမျိုချလိုက်တယ်။ သူ့ရဲ့ကြည်လင်တဲ့မျက်လုံးတွေက ချီမင်ရဲ့ကျောပြင်ကိုကြည့်ပြီး နည်းနည်းမသေမချာဖြစ်နေတယ်၊ "ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တောင်ပိုင်းဒေသရဲ့ ဖြောင့်မတ်တဲ့ဂိုဏ်းတွေရဲ့ခေါင်းဆောင်ပဲ၊ ဒါပေမဲ့ ဒီစီနီယာက သရဲတစ်ကောင်ကို ထိန်းချုပ်ထားတာလား။"

"ချင်းယင်။" ယွမ်ဖုန်းက မျက်မှောင်ကြုတ်ပြီး လေသံတိုးတိုးနဲ့အော်တယ်၊ "လျှောက်မပြောနဲ့။ စီနီယာကိုငါတို့ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိရင် ငါတို့အားလုံး အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ငါ့အမြင်အရတော့ နည်းလမ်းတွေနဲ့ သိုင်းနည်းစနစ်တွေကို ဖြောင့်မတ်တယ်၊ နတ်ဆိုးဆန်တယ်လို့ မခွဲခြားဘူး။ ကျင့်ကြံသူကိုယ်တိုင်ကိုသာ ဖြောင့်မတ်တယ်၊ နတ်ဆိုးဆန်တယ်လို့ ခွဲခြားတာ။"

"ငါ့နောက်လိုက်ခဲ့။" ချီမင်က လှည့်ကြည့်ပြီး ယွမ်ဖုန်းနဲ့ စုချင်းယင်ကို တစ်ချက်ကြည့်လိုက်တယ်။

"ဟုတ်ကဲ့။"

"ဟုတ်ကဲ့။"

ယွမ်ဖုန်းနဲ့ စုချင်းယင်တို့ ထိတ်လန့်သွားပြီး အမြန်ပြန်ဖြေကာ အလျင်အမြန်လိုက်သွားကြတယ်။

ဘာပဲဖြစ်ဖြစ်၊ စုချင်းယင်က အမွေခံတပည့်အလားအလာရှိသူတစ်ဦးမို့ ချီမင်က သူ့ကို အထူးအခွင့်အရေးနည်းနည်းပေးတယ်။ ယွမ်ဖုန်းရဲ့အရည်အချင်းက စုချင်းယင်ထက် အများကြီးနိမ့်ကျပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်က ချီမင်ရဲ့အာရုံစိုက်မှုကို ရခဲ့တယ်လို့ ယူဆနိုင်တယ်။

ဒါကြောင့် ချီမင်က သူတို့ကို ခေါ်ဆောင်သွားတာဖြစ်တယ်။

တခြားသူတွေအတွက်ကတော့ ချီမင်က သူတို့ကို နတ်ဆိုးသားရဲတွေရဲ့လက်ကနေ ကယ်တင်နိုင်ခဲ့တာတင် သူတို့အတွက် ကံအရမ်းကောင်းနေပြီ။ သူတို့ကို ကလေးထိန်းတစ်ယောက်လို ကာကွယ်ပေးဖို့က မဖြစ်နိုင်ဘူး။ သူတို့က သူတို့ကိုယ်ပိုင်ကြိုးစားမှုအပေါ်မှာပဲ အားကိုးရမှာဖြစ်တယ်။

"အားလုံး စိတ်မပူကြနဲ့။" မထွက်ခွာခင် ချီမင်က ပါဝင်သူတွေကို ပြောလိုက်သေးတယ်၊ "ဒီတစ်ခေါက် မမျှော်လင့်ထားတဲ့အဖြစ်အပျက်ဖြစ်ခဲ့ပေမဲ့ အရာအားလုံးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိတယ်။"

"ဒီဆူပူ‌သောင်းကျန်းမှုကို မကြာခင်မှာပဲ နှိမ်နင်းနိုင်လိမ့်မယ်။"

"အဲဒီမတိုင်ခင်မှာ ပုန်းအောင်းဖို့နေရာတစ်ခုရှာပြီဆူပူမှုပြီးဆုံးတဲ့အထိ စောင့်နေကြပါ။"

"ဟုတ်ကဲ့ပါ စီနီယာ။"

"ကျွန်တော့်အသက်ကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။"

"စီနီယာ ကောင်းကင်ဘုဲဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲကရော ဘယ်လိုလုပ်မလဲ။ နောက်စစ်ဆေးမှုကရော။"

"စီနီယာ… စီနီယာ…"

လူတိုင်းက ဒူးထောက်အရိုအ‌‌သေပေးပြီး ထပ်အော်လိုက်ကြတယ်။

ဒါပေမဲ့ ချီမင်က သူတို့ကိုဂရုမစိုက်ဘဲ ယွမ်ဖုန်းနဲ့ စုချင်းယင်ကိုခေါ်ပြီး ထွက်ခွာသွားခဲ့ပြီ။ သူ့ပုံရိပ်က သူတို့အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားပြီး ကျန်ခဲ့တဲ့ပါဝင်သူတွေက ချီမင်နောက်ကိုမလိုက်နိုင်ခဲ့တဲ့အတွက် နည်းနည်းစိတ်အ‌နှောက်အယှက်ဖြစ်သွားကြတယ်။

"ဒီစီနီယာရဲ့အသံက နည်းနည်းရင်းနှီးနေတယ်လို့ မထင်ကြဘူးလား။"

"ရင်းနှီးလို့လား။"

"မင်းပြောမှပဲ ရင်းနှီးသလိုလိုပဲ။"

"ငါ… ငါမှတ်မိပြီ!"

"ကောင်းကင်ဘုံဉာဏ်အလင်းစုဝေးပွဲရဲ့ ကြေညာသူလေ၊ သူ့အသံက တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်ရဲ့အသံနဲ့ တစ်ထပ်တည်းပဲ။ ဟုတ်တယ်၊ သူပဲ၊ သူပဲ။ သူဖြစ်ရမယ်၊ သူ့အသံပဲ။"

"ဒီစီနီယာက တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် တကယ်ဖြစ်နိုင်ပါ့မလား။"

"ဒါ… ဒါ…"

လူတိုင်းက တုန်လှုပ်သွားကြတယ်။ သူတို့က အရမ်းကိုတုန်လှုပ်သွားပြီး အချိန်အ‌တော်ကြာစိတ်တည်ငြိမ်အောင်မလုပ်နိုင်လိုက်ဘူး။

အချိန်တွေကုန်လွန်သွားတယ်။

ချီမင်က ရှေ့ဆက်သွားပြီး နတ်ဆိုးသားရဲတွေနဲ့ သားရဲရိုင်းအများအပြားကို သတ်ဖြတ်လိုက်တယ်။ သွေးမိစ္ဆာနတ်ဆိုးသရဲက အသွေးသားနဲ့သွေးအနှစ်သာရအများအပြားကို စုပ်ယူပြီးအခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်ကို တက်လှမ်းသွားတယ်။

ယွမ်ဖုန်းနဲ့ စုချင်းယင်တို့ လမ်းတစ်လျှောက်လုံချီမင်ရဲ့အင်အားကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတယ်။ အဲဒီစွမ်းအားကြီးတဲ့နတ်ဆိုးသားရဲတွေက ချီမင်ရဲ့လက်ထဲမှာ ပုရွက်ဆိတ်တွေလို အားနည်းကြတယ်။

အရမ်းကို အစွမ်းထက်လွန်းတယ်။

"တစ်နေ့နေ့မှာ ငါလည်း သူ့လောက်အစွမ်းထက်လာရမယ်။"

စုချင်းယင်ရဲ့နှလုံးသားထဲမှာ မီးတောက်တွေလောင်ကျွမ်းနေတယ်။

"ဒါက ကျင့်ကြံသူတွေရဲ့အစွမ်းလား။"

ယွမ်ဖုန်းက သက်ပြင်းချလိုက်တယ်။ "အဖေတို့တောင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို လုံးဝမဆန့်ကျင်ရဲတာ အံ့ဩစရာမရှိပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမိန့်တွေရှေ့မှာဒီလိုစွမ်းအားမျိုးရှိတဲ့အင်ပါယာနန်းတွင်းရဲ့သိုင်းသမားစစ်တပ်တောင် လုံးဝအားနည်းနေမှာပဲ။"

ဝှစ်! ဝှစ်! ဝှစ်!!!

အဲ့ဒီအချိန်မှာ ချီမင်က နတ်ဆိုးကျင့်ကြံသူတွေနဲ့ရင်ဆိုင်လိုက်ရတယ်။

စုစုပေါင်းသုံးယောက်ရှိတယ်။

ယောက်ျားနှစ်ယောက်နဲ့ မိန်းမတစ်ယောက်က ချီမင်ရဲ့လမ်းကို ပိတ်ဆို့ထားတယ်။

"ဟီးဟီးဟီး…"

"သွေးမိန်းမပျို၊ ငါတို့ပစ်မှတ်ကိုတွေ့ပြီ။"

"တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်။"

"ဒီတစ်ခေါက် ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့မစ်ရှင်အတွက် ဆုလာဘ်က ငါတို့ပိုင်ဖြစ်ရမယ်။"

နတ်ဆိုးကျင့်ကြံသူသုံးယောက်က ချီမင်ကို စိုက်ကြည့်နေကြတယ်။

စိမ့်ဝင်လာတဲ့ ဒီနတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူအများစုက ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ဆုငွေထုတ်ထားတဲ့မစ်ရှင်ကို လက်ခံထားကြတယ်။ သူတို့က ချီမင်ကိုသတ်ဖို့ ဒီကိုစွန့်စားလာခဲ့ကြတာဖြစ်တယ်။

"ငါ ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို ပါမယ်မှန်း မင်းတို့ဘယ်လိုသိလဲ။"

ချီမင်က တစ်ဖက်လူကို တည့်တည့်ကြည့်ပြီးအသံနက်ကြီးနဲ့မေးလိုက်တယ်၊ "မင်းတို့ ဘယ်ကသတင်းရခဲ့တာလဲ။"

"ဟီးဟီးဟီး…"

"ငရဲပြည်သွားပြီးမှ ယမမင်းကိုမေးလိုက်။"

"တိုက်ခိုက်!"

နတ်ဆိုးကျင့်ကြံသူသုံးယောက်က ချီမင်ရဲ့မေးခွန်းကို လုံးဝမဖြေချင်ကြဘူး။ သူတို့စကားဆုံးတာနဲ့ ချီမင်ကို တိုက်ရိုက်တိုက်ခိုက်ပြီးသိုင်းနည်းစနစ်တွေနဲ့တိုက်ခိုက်လာကြတယ်။

All Chapters