အနောက်ရပ်မှဓား
Vol. 5 Ch. 62
သူ့ရှေ့က နတ်ဆိုးကျင့်ကြံသူသုံးယောက်က တော်တော်သန်မာကြတယ်။ သူတို့အားလုံးကအမြူ တေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွေပဲဖြစ်တယ်။အဆင့်နိမ့်အမြုတေအတု အမြူတေဖွဲ့စည်းခြင်းအဆင့်ဆ်ိုပေမယ့်သူတို့သုံးယောက်ပေါင်းပြီး တိုက်ခိုက်တာကိုအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်မှာပဲရှိသေးတဲ့ ချီမင်က သူတို့ပြိုင်ဘက်မဟုတ်တာ သဘာဝကျတယ်။
ချီမင်က သူ့ရဲ့လှုပ်ရှားမှုသိုင်းနည်းစနစ်ကိုသုံးပြီးနတ်ဆိုးကျင့်ကြံသူသုံးယောက်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းလိုက်တယ်။ ကြီးမားတဲ့ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ချီမင်မူလရပ်နေတဲ့နေရာမှာ တွင်း ပေါက်အများကြီးအဖြစ် ပေါက်ကွဲထွက်သွားတယ်။
"ဓားချီပိုင်းဖြတ်ခြင်း။"
ဝှစ်!
ချီမင်က ညာလက်ကိုဝှေ့ယမ်းပြီး ဓာတ်ငါးပါးဓားတာအိုရဲ့စွမ်းအားကို ထုတ်ဖော်လိုက်တယ်။ ပြီးတော့အခြေခံတည်ဆောက်ခြင်းအဆင့် သိုင်းနည်းစနစ်ဖြစ်တဲ့ဓားချီပိုင်းဖြတ်ခြင်းကို အသုံးပြုလိုက်တယ်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီးသုံးမီတာလောက်ရှည်တဲ့ ဓားချီစွမ်းအင်တစ်ခုက ပိုင်းဖြတ်တိုက်ခိုက်သွားတယ်။
"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲရှိသေးတယ်။ ကိုယ့်နေရာကိုယ်မသိဘူး။"
နတ်ဆိုးကျင့်ကြံသူသုံးယောက်က ရက်စက်တဲ့အပြုံးတွေနဲ့ ပြုံးလိုက်ကြတယ်။ အကန့်အသတ်မဲ့တဲ့ မှော်စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး ချီမင်ရဲ့ဓားချီစွမ်းအင်ကို တိုက်ရိုက်ချေမှုန်းပစ်လိုက်တယ်။ အင်အားနဲ့ ကျင့်ကြံမှုအဆင့်ကအရမ်းကိုသိသာထင်ရှားတဲ့ကွာခြားချက်ရှိနေတယ်။
"စီနီယာ... စီနီယာ..."
ယွမ်ဖုန်းနဲ့ စုချင်းယင်တို့က သာမန်လူသားတွေဖြစ်ပေမဲ့ ချီမင်အသာစီးမရမှန်း သူတို့မြင်နေရပြီး သူတို့ရဲ့လှပတဲ့မျက်ဝန်းတွေထဲမှာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကြောက်ရွံ့မှုတွေ ပေါ်လာတယ်။
"ဟားဟားဟား..."
နတ်ဆိုးကျင့်ကြံသူသုံးယောက်က ရယ်မောကြပြီး "ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်၊ တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်က ဒီနေ့ငါတို့သုံးယောက်လက်ထဲမှာ သေရတော့မယ်။"
"ဒါကိုတွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ။"
"ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ရတဲ့အရသာက တကယ်ကို မယုံနိုင်စရာပဲ။"
"အမြူတေဖွဲ့စည်းအဆင့် နတ်ဆိုးကျင့်ကြံသူတွေ..."
ချီမင်က လုံးဝထိတ်လန့်မနေဘဲ အရမ်းတည်ငြိမ်နေတယ်။ "ခုနက တိုက်ခိုက်မှုအရ ငါက သောင်းပြောင်းကြာပန်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ပြီးသားဖြစ်ပေမဲ့ အဆင့်ကြီးတစ်ခုလုံးကွာခြားနေတာကိုတော့ ကျော်ဖြတ်ဖို့မဖြစ်နိုင်ဘူး၊ အမြူတေဖွဲ့စည်းခြင်းအ စောပိုင်းအဆင့် နတ်ဆိုးကျင့်ကြံသူသုံးယောက်ဆို တော့ပိုဆိုးတယ်။"
ချီမင် ခုနက တိုက်ခိုက်ကြည့်တာက သူနဲ့ အမြူတေဖွဲ့စည်းခြင်းအဆင့်ကြားက ကွာခြားချက်ကို သိချင်လို့ဖြစ်တယ်။
ချီမင်သာ သူ့ရဲ့ကိုယ်ပိုင်ဓားဖြစ်တဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အောင်မြင်စွာကျင့်ပြီးသွားရင် အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ခုခံနိုင်လောက်တယ်။
" ဟော့ချန်ချင်း၊" ချီမင်က ပြောလိုက်တယ်။ "သွားပြီး သူတို့ကိုသတ်လိုက်တော့။"
"ဟုတ်ကဲ့။" ဟော့ချန်ချင်းက ခေါင်းညိတ်ပြီး သူ့ဘေးက သစ်ပင်နောက်ကနေ ထွက်လာတယ်။ သူ့ခန္ဓာကိုယ်က တစ်ချက်လက်သွားပြီး နေရာရွှေ့ပြောင်းလိုက်သလို ချီမင်ဘေးကို ရောက်လာတယ်။
"တစ်ယောက်ရှိသေးတယ်။"
"သတိထား။"
"ဒီကျင့်ကြံသူဆီက ငါအန္တရာယ်အငွေ့အသက်ရနေတယ်။"
နတ်ဆိုးကျင့်ကြံသူသုံးယောက်က ပြောလိုက်ကြတယ်။
"ဓားထိန်းချုပ်ခြင်းသိုင်းနည်းစနစ်။"
ကလန်!
ဟော့ချန်ချင်း တိုက်ခိုက်လိုက်တယ်။ ညာလက်တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ ခါးမှာချိတ်ထားတဲ့ ရှုတောင်ဓမ္မဓားက ပျံထွက်သွားပြီး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ အသက်ဝင်လာတဲ့ ရေနဂါးတစ်ကောင်လို ဖြစ်သွားတယ်။
ဓားစွမ်းအင်တွေ နေရာအနှံ့ပြန့်ကျဲသွားတယ်။
"သေစမ်း!"
ကလန်! ကလန်! ကလန်!!
ဟော့ချန်ချင်းက အရမ်းသန်မာပြီးအမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။ ဒါ့အပြင် အဆင့်နိမ့် အမြူတေအတုထဲမှာအမြင့်ဆုံးအဆင့်ဖြစ်တဲ့ တတိယတန်းစားအမြူတေတုကိုလည်း ဖွဲ့စည်းထားတယ်။
အမြူတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်မှာပဲရှိသေးတဲ့ နတ်ဆိုးကျင့်ကြံသူသုံးယောက်က ဟော့ချန်ချင်းရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူး။ သူတို့နည်းလမ်းအကုန်သုံးပေမဲ့ ဟော့ချန်ချင်းက သူတို့ကို လုံးဝဖိနှိပ်ထားနိုင်တယ်။
"မင်း... မင်းက အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ပဲ"
"သေစမ်းကွာ!"
"ချီမင်ဘေးမှာဘာလို့ အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်တာအိုကာကွယ်သူရှ်ိနေတာလဲ။ သောက်ကျိုးနည်း၊ ဘာလို့ သတင်းအချက်အလက်ထဲမှာ ဒါမပါတာလဲ? ပြေး!"
သူတို့တွေ ထိတ်လန့်တုန်လှုပ်သွားကြတယ်။
ဖောက်! ဖောက်! ဖောက်!
သွေးတွေ ပက်ဖြန်းကုန်တယ်။
တော်တော်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုပြီးတော့ နတ်ဆိုးကျင့်ကြံသူသုံးယောက်လုံး ဟော့ချန်ချင်းလက်ချက်နဲ့ သေဆုံးသွားတယ်။ သူတို့ခေါင်းတွေ ဓားနဲ့ဖြတ်ခံလိုက်ရပြီး ခေါင်းမပါတဲ့အလောင်းသုံးလောင်းကလဲကျသွားတယ်။ သွေးတွေစီးထွက်လာပြီး သွေးအိုင်ငယ်တစ်ခုဖြစ်သွားတယ်။
"သခင်၊ ရန်သူတွေကို ရှင်းလင်းပြီးပါပြီ။"
ဟော့ချန်ချင်းက ဓားကိုဓားအိမ်ထဲပြန်ထည့်ရင်း ချီမင်ကို သတင်းပို့လိုက်တယ်။
"ကောင်းပြီ။" ချီမင်က ခေါင်းညိတ်လိုက်တယ်။ "သွားပြီး ပစ္စည်းတွေ သိမ်းလိုက်။"
"ဟုတ်ကဲ့။" ဟော့ချန်ချင်းက ပြန်ဖြေတယ်။
"အမွေခံတပည့်... အမွေခံတပည့်ချီ..."
ယွမ်ဖုန်းနဲ့ စုချင်းယင်တို့က နတ်ဆိုးကျင့်ကြံသူသုံးယောက်ရဲ့စကားကိုကြားပြီး ချီမင်ရဲ့ တကယ့်အထောက်အထားကို သိသွားကြတယ်။ သူတို့ရင်ထဲမှာ စိတ်လှုပ်ရှားမှုနဲ့ တုန်လှုပ်မှုတွေ ပြည့်နှက်နေတယ်။
ယွမ်ဖုန်းက ချီမင်ရဲ့အသံကို ပထမဆုံးအကြိမ်ကြားကတည်းက ရင်းနှီးတဲ့ခံစားချက်တစ်ခုရတာဖြစ်တယ်။။ ခဏလောက်တော့ သူမသေချာမရေရာဖြစ်နေခဲ့တာဖြစ်တယ်။ အခု နတ်ဆိုးကျင့်ကြံသူသုံးယောက်ရဲ့စကားကိုကြားတော့ လုံးဝသေချာသွားပြီ။
သူက သူတို့နှစ်ယောက်ကို တစ်ချက်ပဲကြည့်ပြီး ဘာမှမပြောဘူး။ သူတို့သိသွားရင်လည်း သိသွားပေါ့။ ချီမင်က သူ့အထောက်အထားကို ဖုံးကွယ်ထားဖို့ အစီအစဉ်မရှိဘူး။
"သခင်။"
ဟော့ချန်ချင်းက အရင်းအမြစ်ပစ္စည်းတွေသိမ်းဆည်းပြီး ချီမင်ကို ရိုရိုသေသေဆက်သလိုက်တယ်၊ "ဒါတွေအားလုံး နတ်ဆိုးကျင့်ကြံသူသုံးယောက်ရဲ့ ပစ္စည်းတွေပါပဲ။ သခင် ကျေးဇူးပြုပြီးလက်ခံပေးပါ။"
"အင်း။" ချီမင်က ခေါင်းညိတ်ပြီး ဟော့ချန်ချင်းလက်ထဲက ပစ္စည်းကို လှမ်းယူလိုက်တယ်။
ရုတ်တရက်!
"နတ်ဆိုးသားရဲ၊ ဒါကိုယူ! အနောက်အရပ်မှ ဓား!"
ကလန်!
အဲ့ဒီအချိန်မှာ ချီမင်က တိုးညှင်းတဲ့အော်သံတစ်ခုကြားလိုက်ရတယ်။ အသံက ကျယ်လောင်ခြင်းမရှိပေမဲ့ လူတိုင်းရဲ့နားထဲကို စိတ်ဝိညာဉ်ရဲ့အနက်ရှိုင်းဆုံးနေရာကနေ ထွက်ပေါ်လာသလိုမျိုးရောက်လာတယ်။
လူတိုင်း မော့ကြည့်လိုက်ကြတယ်။
"အဲ့ဒါက..."
အနောက်အရပ်မှာ ဓားအလင်းတန်းတစ်ခုရှိနေတယ်။
အဲ့ဒါက စကားလုံးတွေနဲ့ဖော်ပြလို့မရနိုင်လောက်အောင် ကျယ်ပြန့်ကြီးမားတဲ့ဓားအလင်းတန်းပဲ။
တောက်ပနေတာလား?
အဆုံးအစမဲ့လား?
ခမ်းနားကြီးကျယ်တာလား?
ထည်ဝါခန့်ညားတာလား?
အမြင့်မြတ်ဆုံးလား?
မဟုတ်ဘူး!
ဒီစကားလုံးတွေကဒီဓားရဲကြောက်မက်ဖွယ်ကောင်းမှုနဲ့ ခမ်းနားမှုကို ဖော်ပြနိုင်စွမ်းမရှိဘူး။ ဒါကကောင်းကင်နဲ့မြေကြီးကနေ မွေးဖွားလာတဲ့ပယင်းရောင်အလင်းတန်းတစ်ခုလိုပဲဖြစ်တယ်။
ဒါက ကောင်းကင်နဲ့မြေကြီးကြားက တံတားကို ထိုးဖောက်သွားတယ်။
အရမ်းအားကောင်းလွန်းတယ်။
အရမ်းအားကောင်းလွန်းတယ်။
"ယန်လီ!!!"
နဂါးမိကျောင်းအရှင်သခင်က ခေါင်းမော့လိုက်တယ်။ သူ့ရဲ့ မယုံနိုင်လောက်အောင်ကြီးမားတဲ့နဂါးခေါင်းက 'အနောက်အရပ်မှ ဓား' ကို တည့်တည့်စိုက်ကြည့်နေတယ်။ သူ့ရဲ့ကြီးမားတဲ့နဂါးမျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်မှုတွေ ပြည့်နှက်နေတယ်၊ "မင်း!!"
"ဂိုဏ်းချုပ်!!!"
"ဂိုဏ်းချုပ်ကိုယ်တိုင်ပါလား!"
အကြီးအကဲဖုန်းနဲ့ တခြားသူတွေ တုန်လှုပ်သွားကြတယ်။
တစ်ချိန်တည်းမှာပဲ သူတို့ရင်ထဲမှာ အဆုံးမဲ့တဲ့ဝမ်းမြောက်မှုတွေ ပေါ်လာတယ်။
ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားပြီ။
နဂါးမိကျောင်းအရှင်သခင် သေချာပေါက်သေရတော့မယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက လူတိုင်းရဲ့စိတ်ထဲမှာ လက်ရှိဂိုဏ်းချုပ်ယန်လီကအနိုင်ယူလို့မရတဲ့တည်ရှိမှုတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းအတွက် အကြီးမားဆုံးအားကိုးရာပဲလို့ ပြောလို့ရတယ်။
"ဂိုဏ်း... ဂိုဏ်းချုပ်..."
"ဒါ... ဒါ..."
"ပြီးပြီ၊ ပြီးပြီလေ..."
နတ်ဆိုးသားရဲဘိုးဘေးတွေလည်း ကြောက်လန့်တကြား တုန်ရီနေကြတယ်။
ဝေါင်း! ဝေါင်း!
နဂါးမိကျောင်းအရှင်သခင်က ဟိန်းဟောက်လိုက်တယ်။ သူက ကမ္ဘာပေါ်က နဂါးစစ်စစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ သူ့ရဲ့မြင့်မားလှတဲ့ခန္ဓာကိုယ်ကနေ အဆုံးမဲ့တဲ့နတ်ဆိုးစွမ်းအင်တွေမြင့်တက်လာပြီး သူ့ခန္ဓာကိုယ်ထဲက အစွမ်းအကုန်လုံးကို သိပ်သည်းလိုက်တယ်။
"နဂါးမိကျောင်း ကောင်းကင်ဝါးမျိုခြင်း။"
ဘုန်း!
နဂါးမိကျောင်းအရှင်သခင်က သူ့ရဲ့အပြင်းထန်ဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်တယ်။ သူက အဆုံးအစမဲ့တဲ့သားရဲကြီးတစ်ကောင်လို ဟင်းလင်းပြင်ကြီးကိုပြည့်သွားပြီးမယုံနိုင်လောက်အောင်ကြီးမားတဲ့ နဂါးမိကျောင်းပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားတယ်။
ဖြောင်း!
ဒါပေမဲ့ ဓားက အနောက်အရပ်ကနေလာပြီး ခြောက်သွေ့နေတဲ့ပေါင်းပင်တွေကိုဖြတ်သလို အရာအားလုံးကို ဆွဲဖြဲသွားတယ်။ ဒါကပြိုင်ဘက်ကင်းဓားတာအို၊ ခမ်းနားကြီးကျယ်တဲ့ဓားတာအို၊ လောကမှာပြိုင်ဘက်ကင်းတဲ့ဓားတာအိုဖြစ်တယ်။
ဖြောင်း! ဖြောင်း!
နဂါးမိကျောင်းအရှင်သခင်ရဲ့ အပြင်းထန်ဆုံးတိုက်ကွက်က အနောက်အရပ်မှ ဓားရဲ့တိုက်ရိုက်ထိုးဖောက်မှုကိုခံလိုက်ရပြီး အလယ်ကနေနှစ်ပိုင်းကွဲသွားကာ ဓားတာအိုရဲ့စွမ်းအားနဲ့အတူ ပျောက်ကွယ်သွားတယ်။
"မဟုတ်ဘူး!!!"
အဲ့ဒီအချိန်မှာ နဂါးမိကျောင်းအရှင်သခင်က ယန်လီရဲ့အစွမ်းဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျခံစားလိုက်ရတယ်။ ဒီဓားတာအိုက ဘယ်လောက်တောင် အစွမ်းထက်လာလဲဆိုတာ သူတကယ်ခံစားရတယ်။
စိတ်ကူးလို့တောင်မရနိုင်ဘူး။
ဒါဟာ လောကရဲ့အထွတ်အထိပ်လိုပဲ။
ဒါပေမဲ့ နဂါးမိကျောင်းအရှင်သခင်ပေးဆပ်ရမယ့်တန်ဖိုးက သူ့အသက်ပဲဖြစ်တယ်
ဖောက်!!!
သွေးတွေ ပက်ဖြန်းကုန်တယ်။
သန့်စင်တဲ့ရွှေရောင်သွေးတွေကပက်ဖြန်းကုန်တယ်။
ဓားက အနောက်အရပ်ကနေလာပြီး နဂါးမိကျောင်းအရှင်သခင်ရဲ့ခေါင်းကိုထိုးဖောက်ကာ သူ့ခန္ဓာကိုယ်ထဲကနေ ပြန်ထွက်သွားတယ်။ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။
ဒါ့အပြင် ဓားတာအိုရဲ့စွမ်းအားက နဂါးမိကျောင်းအရှင်သခင်ရဲ့ခန္ဓာကိုယ်ထဲက သက်စောင့်စွမ်းအားကို ဖျက်ဆီးပစ်လိုက်တယ်။ သူ့ရဲ့ပင်မဝိညာဉ်တောင်မှ ပြာမှုန့်အဖြစ် ချေမှုန်းခံလိုက်ရတယ်။ သူ့ရဲ့ကြီးမားတဲ့နဂါးမျက်လုံးတွေထဲက အရှိန်အဝါတွေ လျင်မြန်စွာနဲ့မှေးမှိန်သွားတယ်။
နတ်ဆိုးနန်းတော်ရဲ့ အရှင်သခင်၊ နဂါးမိကျောင်း သေဆုံးသွားပြီ!
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ယန်လီက သူ့ကို တစ်ချက်တည်းနဲ့ သတ်ဖြတ်လိုက်တယ်!
ဂျိန်း!!!
နဂါးမိကျောင်းအရှင်သခင်ရဲ့ခန္ဓာကိုယ်က ပြိုကျလာပြီး တောင်ထွတ်တော်တော်များများကို ချေမှုန်းပစ်လိုက်တယ်။ မြေကြီးကတုန်ခါသွားပြီး ချီမင်လည်း မြေကြီးကပြင်းထန်စွာနဲ့တုန်ခါသွားတာကို ခံစားလိုက်ရတယ်။
"အရမ်း... အရမ်းအားကောင်းတာပဲ!"
ချီမင်က အသက်ပြင်းပြင်းရှူလိုက်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကနေတစ်ဆင့် သူက 'အနောက်အရပ်မှ ဓား' ရဲ့စွမ်းအားကို အစကနေအဆုံး မြင်တွေ့လိုက်ရတယ်။ ဒါက တကယ်ပဲ တစ်ချက်တည်းနဲ့ နတ်ဆိုးနန်းတော်ရဲ့အရှင်သခင်ကို သတ်ဖြတ်လိုက်တယ်။
ပြိုင်ဘက်ကင်းဓားစွမ်းအင်ပဲ။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတဲ့အတိုင်းပဲ။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။"
အကြီးအကဲဖုန်းနဲ့ တခြားအမွေခံတပည့်အကြီးအကဲလေးယောက်ပြီးတော့ တောင်ထွတ်ဆယ့်နှစ်ခုက အတွင်းစည်းအကြီးအကဲတွေကသူတို့အားလုံးရိုရိုသေသေဦးညွှတ်လိုက်ကြတယ်။
"နဂါးမိကျောင်းအရှင်သခင် သေပြီ။"
ဝှစ်!
ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြ ကြေးမုံကိုယ်ပွားကနေတစ်ဆင့် ပုံရိပ်တစ်ခုပေါ်လာတာကို မြင်လိုက်ရတယ်။ ဒါပေမဲ့ သူ့ပတ်လည်မှာ မြူတွေဝိုင်းနေလို့ ချီမင်က သဲသဲကွဲကွဲမမြင်ရဘူး၊ "ကျန်တာတွေကို မင်းတို့ပဲ ဆက်လုပ်လိုက်တော့။"
"ဟုတ်ကဲ့။"
"ဟုတ်ကဲ့။"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။"
အကြီးအကဲဖုန်းနဲ့ တခြားသူတွေက တညီတညွတ်တည်းပြောလိုက်ကြတယ်။
နောက်တစ်ခဏမှာ အဲ့ဒီပုံရိပ်က လေထဲမှာတင် ပျောက်ကွယ်သွားပြန်တယ်။
ဘယ်တုန်းကမှ မပေါ်လာခဲ့သလိုဖြစ်တယ်။
"ဟူး..."
ချီမင်က သက်ပြင်းချလိုက်တယ်။ "နဂါးမိကျောင်းအရှင်သခင်က ဂိုဏ်းချုပ်လက်ချက်နဲ့ သေသွားပြီ။ ကျန်တဲ့ နတ်ဆိုးသားရဲဘိုးဘေးတွေနဲ့ ခိုးဝင်လာတဲ့ နတ်ဆိုးကျင့်ကြံသူတွေ၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေကတော့ ပြောပလောက်တာမဟုတ်တော့ဘူး။"
"ဒီဆူပူမှုကို အခြေခံအားဖြင့် နှိမ်နင်းပြီးသွားပြီ။"
"ဒါပေမဲ့..."
ချီမင်က ခဏစဉ်းစားပြီးပြောတယ်၊ "နဂါးမိကျောင်းအရှင်သခင်က တကယ်ပဲ အရမ်းအားကောင်းတယ်။ အမွေခံတပည့်အကြီးအကဲလေးယောက်ပေါင်းမှ သူ့ကို မနည်းခုခံနိုင်ခဲ့တာ။"
"ဒါပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အစွမ်းက ပိုပြီးနက်နဲသိမ်မွေ့တယ်။ သူ့ရဲ့အခြေခံအုတ်မြစ်က နက်ရှိုင်းပြီး ခိုင်မာတယ်။ ဂိုဏ်းချုပ်ရဲ့အစွမ်းကလည်း မှန်းဆလို့မရနိုင်ဘူး။ နဂါးမိကျောင်းအရှင်သခင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု ဝေးပွဲကို ဒီလောက်တောင်သိသိသာသာကြီးနှောင့်ယှက်ပြီး သေလမ်းရှာနေတာပဲ။ သူ့ရဲ့တကယ့်ရည်ရွယ်ချက်က ဘာများလဲ?"
ဒါပေမဲ့ ချီမင်က အခုလက်ရှိသိထားတာ အရမ်းနည်းနေသေးတယ်။ သူ ဘာမှယူဆလို့မရဘူး။
"ဘယ်သူလဲ?"
ရုတ်တရက် ချီမင်က အငွေ့အသက်တစ်ခုခံစားမိပြီး အမြန်လှည့်ကြည့်လိုက်တယ်။ ဆံပင်ရှည်နဲ့စိမ်းရောင်ဝတ်စုံဝတ်ထားတဲ့လူငယ်တစ်ယောက် လေထဲကနေရုတ်တရက်ပေါ်လာပြီး သူ့ရှေ့မှာ လက်နောက်ပစ်ပြီးရပ်နေတာကို တွေ့လိုက်ရတယ်။
ချီမင်ရဲ့အမြင်မှာတော့ ဒီလူငယ်ဆီကနေ ဘာလှုပ်ရှားမှုမှ မခံစားရဘူး။ သူက သာမန်လူတစ်ယောက်လိုပဲ၊ ဒါပေမဲ့ လေထဲကနေရုတ်တရက်ပေါ်လာတဲ့သူက ဘယ်လိုလုပ်သာမန်လူဖြစ်နိုင်မှာလဲ?
"မင်းက တကယ်ပဲ မျိုးစေ့ကောင်းလေးတစ်ယောက်ပဲ။"
ဒီဆံပင်ရှည်လူငယ်က ချီမင်ကို ဂရုမစိုက်ဘဲ သူ့အကြည့်တွေက စုချင်းယင်ပေါ်ကို ကျရောက်နေတယ်။ သူက ချောမောတဲ့မျက်နှာ၊သွယ်လျတဲ့လက်ချောင်းတွေနဲ့ စိတ်ဝိညာဉ်ကိုလှုပ်နှိုးနိုင်တဲ့မျက်လုံးတွေနဲ့ စုချင်းယင်ကို တိတ်ဆိတ်စွာကြည့်နေတယ်။
စုချင်ယင်က ခေါင်းငုံ့ထားပြီး ဆံပင်ရှည်လူငယ်ကို မကြည့်ရဲဘူး။
"ငါနဲ့လိုက်ခဲ့။"
ဆံပင်ရှည်လူငယ်က လက်ဆန့်ထုတ်လိုက်တယ်။ သူ့လက်တွေက သွယ်လျပြီး ဘာအပြစ်အနာအဆာမှမရှိဘူး။ ဒါတွေကလောကမှာအပြည့်စုံဆုံးအနုပညာလက်ရာတွေလိုဖြစ်တယ်၊ "ငါမင်းကို ငါ့တပည့်အဖြစ် လက်ခံမယ်။"
"ကျွန်မ... ကျွန်မ..."
စုချင်ယင် ဘယ်လိုပြန်ဖြေရမှန်းမသိဘူး။
ယွမ်ဖုန်းကတော့ အသက်ရှူတောင်ရပ်သွားပြီး ဘာလှုပ်ရှားမှုမှမလုပ်ရဲတော့ဘူး။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။"
အဲ့ဒီအချိန်မှာ ချီမင်လည်း သတိပြန်ဝင်လာတယ်။
နဂါးမိကျောင်းအရှင်သခင် သေဆုံးသွားပြီဖြစ်လို့ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံပေါ်က တားမြစ်ချက်တွေ ပျောက်ကွယ်သွားတယ်။ ချီမင်က ကြေးမုံရဲ့စွမ်းရည်အားလုံးကို အသုံးပြုနိုင်ပြီဖြစ်လို့ ဆံပင်ရှည်လူငယ်ဆီက အငွေ့အသက်တစ်စွန်းတစ်စကို ခံစားမိလိုက်တယ်၊ အဲ့ဒါက 'အနောက်အရပ်မှ ဓား' ရဲ့အငွေ့အသက်နဲ့ တစ်ထပ်တည်းတူတယ်။
ချီမင် တုန်လှုပ်သွားပြီး ဆံပင်ရှည်လူငယ်ရဲ့အထောက်အထားကို တွေးကြည့်လိုက်တယ်။
သူက တစ်ဖက်လူကို ဦးညွှတ်လိုက်တယ်။
ရိုးရိုးသားသားပြောရရင် ချီမင် တကယ်အံ့ဩသွားတယ်။
ယန်လီရဲ့အဆင့်အတန်းနဲ့အစွမ်းက တောင်ပိုင်းဒေသရဲ့အထွတ်အထိပ်မှာရှိနေပြီး ပြိုင်ဘက်ကင်းဆိုတဲ့ဘွဲ့တောင်ရှိတယ်။
ဒါပေမဲ့ ဒီလိုလူမျိုးက စုချင်းယင်ကို တပည့်အဖြစ်လက်ခံဖို့အတွက်ပဲ ပေါ်လာခဲ့တာလား?
ချီမင်က စုချင်းယင်ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်တယ်။ သူမရဲ့အထောက်အထားနဲ့နောက်ခံက တကယ်ပဲ သာမန်လယ်သမားမိန်းကလေးတစ်ယောက်လား? သူမမှာ ပိုပြီးနက်နဲတဲ့နောက်ခံများရှိနေမလား?