နတ်ဆိုးနန်းတော်ရဲ့နဂါးသားတော်
Vol. 5 Ch. 63
အဲ့ဒီတော့မှ ယန်လီ က ချီမင် ကို သတိထားမိသွားတယ်။
သူက ချီမင် ကို တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ကို အစအဆုံး ထွင်းဖောက်မြင်ရသလိုဖြစ်တယ်၊ “မင်းက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံထားတာပဲလား။ ဘယ်တောင်ထွတ်က အမွေခံတပည့်လဲ။”
“ဂိုဏ်းချုပ်ခင်ဗျာ။” ချီမင် က ပြန်ဖြေလိုက်တယ်။ “တပည့်ကတိမ်စိမ်း တောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင် ပါ။”
“အော်။” ယန်လီ ခေါင်းညိတ်လိုက်တယ်။ “မင်းက အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်မှာတင် ကိုယ်ပိုင်ဓားငါးလက်တောင်သန့်စင်ပြီးနေပြီပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို ကျင့်နိုင်ဖို့ အခွင့်အရေးရှိတယ်။”
“မင်း တော်တော်လေး အရည်အချင်းရှိတာပဲ။”
“ဂိုဏ်းချုပ် ချီးကျူးတာကို ကျေးဇူးတင်ပါတယ်။” ချီမင် က ပြောလိုက်တယ်။
“ဒီကောင်မလေးကို ငါခေါ်သွားမယ်။” ယန်လီ က ချီမင် ကို ပြောတယ်။ “အချိန်ကျရင် ဖုန်းဇီမု တို့ကို သွားရှင်းပြလိုက်။”
“ဟုတ်ကဲ့။” ချီမင် ခေါင်းညိတ်လိုက်တယ်။
“သွားကြစို့၊ ကောင်မလေး။”
ယန်လီ က သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။
စုချင်းယင်ကတော့ နည်းနည်း ကြောင်နေတုန်းဖြစ်တယ်။
ယွမ်ဖုန်းက ဘေးမှာရပ်နေပြီး စုချင်းယင်အတွက် နည်းနည်း စိုးရိမ်နေတယ်။ သူမရှေ့က ဆံပင်ရှည်နဲ့ ကြည့်ကောင်းတဲ့ လူငယ်လေးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းချုပ်မှန်း အခုမှ သူမ သိလိုက်ရတယ်။
အမလေး!
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းချုပ်ကစုချင်းယင်ကို ကိုယ်တိုင် တပည့်အဖြစ် လက်ခံလိုက်တာလား။
ဒါ ဘယ်လို အခွင့်အရေးမျိုးလဲ။
သူမက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းချုပ်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်သွားတာပဲ။
ဒါပေမဲ့ စုချင်းယင် ရဲ့ စိတ်အခြေအနေကကြောင်နေပြီး တုံ့ပြန်မှုကလည်း နည်းနည်းကြာတယ်။ သူမစိတ်ထဲမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့ယွမ်ဖုန်းက ဒါကိုကြည့်ပြီး နည်းနည်း စိတ်ပူသွားတယ်။
ယွမ်ဖုန်း က သူ့ညာဘက်လက်နဲ့စုချင်းယင် ရဲ့ လက်မောင်းကို အသာလေး တို့လိုက်တော့စုချင်းယင်လည်း တုန်လှုပ်နေရာကနေ သတိပြန်ဝင်လာတယ်။ သူမလည်း အလိုလို လက်ဆန့်ထုတ်လိုက်ပြီး ယန်လီ က ဖမ်းဆွဲလိုက်တယ်။
“ကောင်းတယ်။” ယန်လီ ပြုံးလိုက်တယ်။
ရှုး!
နောက်တစ်ခဏမှာ ယန်လီကစုချင်းယင် နဲ့အတူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး ပျောက်ကွယ်သွားတယ်။ တစ်ခဏအတွင်းမှာပဲ သူတို့ကမိုးကုပ်စက်ဝိုင်းဆီကနေ လုံးဝ ပျောက်ကွယ်သွားတယ်။
“...ဂရုစိုက်။”
ယွမ်ဖုန်းကစုချင်းယင်ပျောက်ကွယ်သွားတဲ့ အရပ်ကို ကြောင်တောင်တောင်နဲ့ ကြည့်ရင်း လက်ဝှေ့ယမ်းပြလိုက်မိတယ်။ သူ့မျက်လုံးတွေ နည်းနည်း နီရဲနေပြီး ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
“သူ့အတွက် စိတ်ပူဖို့ အချိန်ရှိသေးရင် ကိုယ့်ကိုယ်ကို အရင် စိတ်ပူပါဦးလား။”
ချီမင် က ပြောလိုက်တယ်။ “စုချင်းယင် က ကျန်တဲ့ စစ်ဆေးမှုသုံးခုကနေ ကင်းလွတ်ခွင့်ရပြီး ဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်သွားပြီ။ သူ့အရည်အချင်းနဲ့ ဂိုဏ်းချုပ်ရဲ့ အကာအကွယ်ကြောင့် သူက အနာဂတ်မှာ ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ သေချာတယ်။”
“ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းမှာ ကျော်ဖြတ်ရမယ့် စစ်ဆေးမှုသုံးခု ကျန်သေးတယ်။ သွားရမယ့်လမ်းက အဝေးကြီးပဲ။”
“စီနီယာပြောတာမှန်ပါတယ်။” ယွမ်ဖုန်း က ပြန်ပြောလိုက်တယ်။
“ဂိုဏ်းချုပ်က ကိုယ်တိုင်ပေါ်လာပြီး နဂါးမိကျောင်းအရှင်သခင် ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီ။ ဆူပူမှုရဲ့ ရင်းမြစ်ကို နှိမ်နင်းပြီးသွားပြီ။ မင်း ငါ့နောက်ကို လိုက်နေစရာ မလိုတော့ဘူး။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်က မင်းကိုပေးထားတဲ့ အချက်အလက်အတိုင်း တတိယစစ်ဆေးမှု ဆန်းကြယ်ဘုံဖြစ်တဲ့ တာအိုဉာဏ်အလင်းဆန်းကြယ်ဘုံကို သွားလိုက်။” ချီမင် က ပြောတယ်။
“ဟုတ်ကဲ့။” ယွမ်ဖုန်းခေါင်းညိတ်လိုက်တယ်။
ပြီးတော့ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတယ်။
ယွမ်ဖုန်းကတာအိုဉာဏ်အလင်းဆန်းကြယ်ဘုံကို အမြန်သွားလိုက်တယ်။ ချီမင်ကကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံ ပုံရိပ်ယောင်ကိုသုံးပြီး စိမ့်ဝင်လာတဲ့ နတ်ဆိုးကျင့်ကြံသူတွေနဲ့တစ်ကိုယ်တော်ကျင့်ကြံသူတွေကို စုံစမ်းစစ်ဆေးလိုက်တယ်။ ပြီးတော့ ကြေးမုံရဲ့စွမ်းအားကိုသုံးပြီး နေရာရွှေ့ပြောင်းလိုက်တယ်။
ပစ်မှတ်ထားထားတဲ့ အမဲလိုက်ပွဲတစ်ခု စတင်ပြီ။
ဝီ!
ချီမင်ရဲ့ပုံရိပ်က ပျောက်ကွယ်သွားပြီး နေရာရွှေ့ပြောင်းသွားတယ်။ သူ နောက်တစ်ခါ ပေါ်လာတဲ့အခါမှာတစ်ကိုယ်တော်ကျင့်ကြံသူတချို့ရဲ့ ဘေးကို ရောက်နေပြီ။ ပြီးတော့သူကမဟာနတ်ဆိုးလင်းနို့၊ သွေးမိစ္ဆာနတ်ဆိုးသရဲ နဲ့ဟော့ချန်ချင်း တို့ကို တိုက်ခိုက်ဖို့ တိုက်ရိုက် အမိန့်ပေးလိုက်တယ်။
“အား!!!”
ဝုန်း ဒိုင်း!!!
တိုက်ပွဲ ဖြစ်သွားတယ်။
ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေက သူ့ပြိုင်ဘက် လုံးဝမဟုတ်ကြဘူး။ ပေါက်ကွဲသံတွေနဲ့အတူ လှုပ်ရှားမှုအနည်းငယ်အတွင်းမှာပဲ ဒီတစ်ကိုယ်တော်ကျင့်ကြံသူအားလုံးကို သတ်ဖြတ်နိုင်လိုက်တယ်။ သူတို့ရဲ့ အလောင်းတွေကို သွေးမိစ္ဆာနတ်ဆိုးသရဲက ဝါးမျိုသွားပြီး သူတို့ဆီက ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ်အားလုံးက ချီမင်ဆီရောက်လာတယ်။
ဒါဟာ တစ်ဖက်သတ် အမဲလိုက်ပွဲလို့ ပြောလို့ရတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းမြို့မှာတော့ အကြီးအကဲဖုန်းနဲ့ တခြားသူတွေက အတွင်းစည်းဂိုဏ်းအကြီးအကဲ ဆယ့်နှစ်ယောက်နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အစွမ်းထက်တဲ့အင်အားကိုသုံးရင်း နတ်ဆိုးသားရဲ ဘိုးဘေး ၃၆ ကောင်ကို သတ်ဖြတ်လိုက်ကြတယ်။ ကြီးမားတဲ့ နတ်ဆိုးသားရဲ အလောင်းတွေကို တန်ဖိုးဖြတ်လို့မရတဲ့ ပစ္စည်းတွေအဖြစ် ခွဲခြမ်းလိုက်ကြတယ်။
တစ်ချိန်တည်းမှာပဲ တောင်ထွတ်ဆယ့်နှစ်ခုက အပြင်စည်းဂိုဏ်းအကြီးအကဲတွေကလည်း ကြမ်းတမ်းတဲ့ နတ်ဆိုးသားရဲတွေကို နှိမ်နင်းလိုက်ကြတယ်။ ဒီအချိန်အတွင်းမှာ သူတို့က နတ်ဆိုးကျင့်ကြံသူတွေနဲ့တစ်ကိုယ်တော်ကျင့်ကြံသူတွေ အများကြီးနဲ့ တွေ့ဆုံရပေမယ့် အပြင်စည်းဂိုဏ်းအကြီးအကဲတွေက သူတို့အားလုံးကို သတ်ဖြတ်နိုင်လိုက်တယ်။
ဒါပေါ့၊ ထိခိုက်သေဆုံးမှုတချို့တော့ ရှိတယ်။
အပြင်စည်းဂိုဏ်းအကြီးအကဲ ကိုးယောက် သေဆုံးပြီး အတွင်းစည်းဂိုဏ်းအကြီးအကဲ ဆယ့်နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်ရသွားတယ်။ အမွေခံအကြီးအကဲ လေးယောက်ရဲ့ ဒဏ်ရာတွေလည်း မသေးဘူး၊ ပါဝင်ယှဉ်ပြိုင်သူတွေထဲက အရည်အချင်းကောင်းသူတွေ အပါအဝင် အများအပြား အသတ်ခံခဲ့ရတယ်။
ညဉ့်နက်သန်းခေါင်၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း အပြင်ဘက်။
“ပြေး!”
မှောင်မိုက်ထူထပ်တဲ့ တောအုပ်ထဲမှာ ပုံရိပ်တချို့ အလျင်အမြန် ပြေးလွှားနေကြတယ်။ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ နယ်မြေကနေ ထွက်ခွာခဲ့ပြီး အပြင်လောကကို ရောက်နေပြီ။
ဒါပေမဲ့ သူတို့ကနည်းနည်းလေးမှ သတိမလစ်ဝံ့ဘဲ ပိုလို့တောင် သတိကြီးကြီး ထားနေကြတယ်။
ဒါ့အပြင် ဒီပုံရိပ်တွေကအခြေတည်ဝိညာဉ် အဆင့်နဲ့ ယှဉ်နိုင်တဲ့ ခွန်အားနဲ့ ကျင့်ကြံမှုအဆင့် ရှိကြပေမယ့် ဘာစွမ်းအင်မှ မသုံးဝံ့ဘဲ သူတို့ရဲ့ ကိုယ်ခန္ဓာခွန်အားနဲ့ပဲ မြေပြင်ပေါ်မှာ ပြေးလွှားနေကြတယ်။
ဒီလိုနဲ့တောင် သူတို့ရဲ့ ပြေးနှုန်းက လေပြင်းတိုက်သလိုဖြစ်တယ်။
သေချာကြည့်လိုက်တော့ ပုံရိပ်သုံးခု ရှိနေတယ်။
သူတို့အားလုံးက နတ်ဆိုးသွေးပါတဲ့ နတ်ဆိုးကျင့်ကြံသူတွေဖြစ်တယ်။
ပိုတိတိကျကျပြောရရင် သူတို့ရဲ့ ဘိုးဘေးတွေက နတ်ဆိုးတွေနဲ့ အိမ်ထောင်ပြုခဲ့ကြတာမို့ သူတို့ကလူသားပုံစံ ရှိနေပေမယ့် မွေးရာပါ နတ်ဆိုးသွေး ပါလာကြတယ်။
ဒီအခြေအနေက ‘လုံထန်ယွင်’ နဲ့ ဆင်တူတယ်။
ယောက်ျားနှစ်ယောက်နဲ့ မိန်းမတစ်ယောက်။
ဒါ့အပြင် အမျိုးသမီး နတ်ဆိုးကျင့်ကြံသူရဲ့ လက်ထဲမှာတော့ မွေးကင်းစ ကလေးတစ်ယောက် ရှိနေတယ်။ သူ့ရဲ့ ဖြူဖွေးတဲ့လက်ကလေးတွေနဲ့ မျက်လုံးတွေက မှိတ်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်။ အရင်က ရှုံ့တွနေတဲ့ မျက်နှာလေးက ပြေလျော့သွားပြီး ဖြူဖွေးနီမြန်းကာ အရမ်းချစ်ဖို့ကောင်းနေတယ်။
သေသေချာချာ ကြည့်လိုက်ရင် ကလေးရဲ့ မျက်ခုံးနှစ်ခုကြားမှာ ရွှေရောင်နဂါးပုံ အမှတ်အသားတစ်ခု ရှိနေတယ်။ ဒါက အရမ်းထူးဆန်းပြီး မြင့်မြတ်တဲ့ အရိပ်အငွေ့တွေနဲ့ ပြည့်နှက်နေတယ်။
ဝီ!
အဲ့ဒီအချိန်မှာ ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး သူတို့သုံးယောက်ရှေ့မှာ ရပ်လိုက်တယ်။
“အရှင့်ကို ဂါရဝပြုပါတယ်ခင်ဗျာ။”
နတ်ဆိုးကျင့်ကြံသူ သုံးယောက် အမြန်ဒူးထောက်လိုက်ကြတယ်။
“အင်း။”
ဒီပုံရိပ်က ခမ်းနားထည်ဝါတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူတို့သုံးယောက်ကို ကျောပေးထားတယ်။ သူက သရဖူဆောင်းထားပြီး ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ အရိပ်အငွေ့တွေ ထွက်ပေါ်နေတယ်။ “သူ့ကို ပြန်ခေါ်လာခဲ့ပြီလား။”
“ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။”
“‘နတ်ဆိုးနန်းတော်ရဲ့ နဂါးသားတော်’ က အထိအခိုက်မရှိ အိပ်ပျော်နေပါတယ်။”
“နဂါးမိကျောင်းအရှင်သခင်က တော့သေသွားပါပြီ။”
နတ်ဆိုးကျင့်ကြံသူ သုံးယောက် အမြန်ပြန်ဖြေလိုက်ကြတယ်။
“သူ ဘယ်လိုသေသွားတာလဲ။” ပုံရိပ်က မေးလိုက်တယ်။
“ယန်လီ တိုက်ခိုက်ခဲ့တာပါ။ သူ့အနောက်ရပ်မှဓားနဲ့လာပြီး နဂါးမိကျောင်းအရှင်သခင် ရဲ့ မူလဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးသွားတာ၊ လွတ်မြောက်ဖို့ အခွင့်အရေး တစ်စက်မှ မပေးခဲ့ပါဘူး။”
“သူက သိပ်ကို အစွမ်းထက်လွန်းတယ်။”
“…”
နတ်ဆိုးကျင့်ကြံသူ သုံးယောက် စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ ကျန်နေသေးတယ်။
“သူဖြစ်နေမှတော့ အံ့သြစရာမရှိပါဘူး။ နဂါးမိကျောင်းအရှင်သခင် က သူ့ရဲ့တစ်ချက်တောင် မခံနိုင်ခဲ့ဘူးပေါ့။”
ပုံရိပ်က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးတော့ သူလှည့်လာတယ်။ သူ့ကိုယ်ပေါ်မှာ နက်နဲလှတဲ့ မြူခိုးတွေ ဝန်းရံနေပြီး မွေးကင်းစကလေးကို လှမ်းယူလိုက်တယ်။ “ကံကြမ္မာဆိုတာ မခန့်မှန်းနိုင်သလို ကောင်းကျိုးဆိုတာလည်း ရှာရခက်တယ်။”
“ကံကြမ္မာအရ ‘နတ်ဆိုးနန်းတော်ရဲ့ နဂါးသားတော်’ က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ မွေးဖွားလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒီ နတ်ဆိုးနန်းတော်ရဲ့ နဂါးသားတော်ကို ပြန်ရဖို့အတွက် နဂါးမိကျောင်းအရှင်သခင် က သူ့အသက်ကိုတောင် မငဲ့ကွက်နိုင်ဘဲ ပေးဆပ်လိုက်ရတယ်။”
“နဂါးမိကျောင်းအရှင်သခင်ငြိမ်းချမ်းပါစေ။”
“…”
နတ်ဆိုးကျင့်ကြံသူ သုံးယောက် တိတ်ဆိတ်သွားကြတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းချုပ် ယန်လီ က သိပ်ကို အစွမ်းထက်လွန်းတယ်။ သူက သူတို့ နတ်ဆိုးနန်းတော်ကို အသက်ပင်မရှူနိုင်အောင် ဖိနှိပ်ထားတယ်။
အသင်္ချေနတ်ဆိုးဂူကသာ ထိန်းချုပ်မထားရင် တောင်ပိုင်းဒေသတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားလောက်ပြီ။
ဝီ!
ရုတ်တရက် ဒီပုံရိပ်က သူ့လက်ကို မြှောက်လိုက်တော့ မမြင်နိုင်တဲ့ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လွတ်မြောက်လာတဲ့ နတ်ဆိုးကျင့်ကြံသူ သုံးယောက်ကို တိုက်ရိုက် ဖုံးလွှမ်းသွားတယ်။ သေဘေးကလွတ်မြောက်လာတဲ့ သူတို့သုံးယောက်မှာ တုံ့ပြန်ဖို့ အချိန်တောင်မရလိုက်ဘူး။
သူတို့ကိုယ်တွေ တောင့်တင်းသွားပြီး ကြောင်ငေးသွားကြတယ်။ သူတို့ ဒါမျိုး လုံးဝမမျှော်လင့်ထားခဲ့ဘူး။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကနေ သေဘေးကလွတ်မြောက်ပြီး နတ်ဆိုးနန်းတော်ရဲ့ နဂါးသားတော်ကို ပြန်ခေါ်လာပြီး တော့သူတို့ သစ္စာခံထားတဲ့အရှင့်လက်ထဲမှာ သေရလိမ့်မယ်လို့ သူတို့ တစ်ခါမှ မမျှော်လင့်ခဲ့ကြဘူး။
ဝေါ! ဝေါ!
လေပြေတစ်ချက် တိုက်ခတ်သွားတယ်။
နတ်ဆိုးကျင့်ကြံသူ သုံးယောက် ပြာမှုန် တွေအဖြစ် ပြောင်းလဲပြီး လွင့်သွားကြတယ်။
“ဒါကို နဂါးမိကျောင်းအရှင်သခင် ရဲ့ နောက်ဆုံးဆန္ဒလို့ သတ်မှတ်နိုင်တယ်။”
ပုံရိပ်က ပြောလိုက်တယ်။ “‘နတ်ဆိုးနန်းတော်ရဲ့ နဂါးသားတော်’ ကလွဲပြီး ဒီကိစ္စမှာ ပါဝင်တဲ့ နတ်ဆိုးကျင့်ကြံသူအားလုံး သေကိုသေရမယ်။ တစ်ယောက်မှ အသက်ရှင်ခွင့်မရှိဘူး။”
သူစကားဆုံးတာနဲ့ နေရာကနေ ပျောက်ကွယ်သွားတယ်။
သူ ထွက်သွားလိုက်တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ၊ နောက်တစ်နေ့ မနက်ခင်း။
ဝီ!
ချီမင် က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံရဲ့ ပုံရိပ်ယောင်ကနေတစ်ဆင့် နေရာတစ်ခုပြီးတစ်ခုကို နေရာရွှေ့ပြောင်းသွားတယ်။ သူက နတ်ဆိုးကျင့်ကြံသူတွေ၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ နတ်ဆိုးသားရဲ အများအပြားကို သတ်ဖြတ်လိုက်တယ်။
တစ်ညလုံးနီးပါး တိုက်ခိုက်ပြီးတော့ ချီမင် ရဲ့ အကျိုးအမြတ်တွေကလည်း အလားတူ ကြီးမားလာတယ်။
ပထမဆုံးအနေနဲ့ သွေးမိစ္ဆာနတ်ဆိုးသရဲက အလောင်းတွေရဲ့ သွေးသားစွမ်းအင် တွေအများကြီးကို စုပ်ယူပြီး သူတို့ထဲက အများစုကအမြူတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဖြစ်တာကြောင့် သူ့ရဲ့အစွမ်းက အကြီးအကျယ် တိုးတက်လာတယ်။
အခုတော့ သူက အမြူတေဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖျက်နိုင်ပြီဖြစ်တယ်။
ဒါပေမဲ့ သူက တတိယတန်းစား အမြူတေတုတစ်ခုပဲ ဖွဲ့တည်နိုင်ခဲ့တယ်။
ဒီနည်းနဲ့ သွေးမိစ္ဆာနတ်ဆိုးသရဲက သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင် အဆင့်ကို တက်လှမ်းသွားတယ်။
ဒါ့အပြင် ချီမင် က အရင်းအမြစ်အများအပြားကိုရရှိလိုက်ပြီး လောလောဆယ်တော့ တွက်မထားသေးဘူး။ သူက အားလုံးကို သူ့ရဲ့သိုလှောင်ခန်းထဲမှာ ထည့်ထားပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း စုဝေးပွဲ ပြီးဆုံးမှ ရေဖို့ဖို့ စောင့်နေလိုက်တယ်။
ဆူပူအုံကြွမှုကို လုံးဝ နှိမ်နင်းပြီးသွားပြီ။
နတ်ဆိုးသားရဲတွေပဲဖြစ်ဖြစ်၊ နတ်ဆိုးကျင့်ကြံသူတွေပဲဖြစ်ဖြစ်၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေပဲဖြစ်ဖြစ် အားလုံးကို ရှင်းလင်းလိုက်ပြီ။
ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းစုဝေးပွဲက ပုံမှန်အတိုင်း ဆက်လက်ကျင်းပနေတယ်။
“နေရာရွှေ့!”
ဝီ!
စိတ်ကူးတစ်ချက်နဲ့ ချီမင် က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံရဲ့ နေရာပြောင်းလဲနိုင်စွမ်းကို ထိန်းချုပ်လိုက်တယ်။ သူ့ပုံရိပ် လင်းလက်သွားပြီး နေရာကနေ ပျောက်ကွယ်သွားတယ်။ နောက်တစ်ခဏမှာ သူက ကောင်းကင်ဘုံဉာဏ်အလင်း မြို့ရဲ့တိမ်စိမ်းခံတပ်ကို ရောက်နေပြီ။
“ဂျူနီယာ မောင်လေး။”
ချီမင် ပြန်ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့စီနီယာအစ်မလုချင်းယန် ရဲ့ အသံကို ကြားလိုက်ရတယ်။ သူမက ချီမင် ရဲ့ မြင်ကွင်းကို ပိတ်ဆို့ထားလိုက်တယ်။
ပြီးတော့ သူက လန်းဆန်းတဲ့ရနံ့တစ်ခုကို ရှူရှိုက်လိုက်မိတယ်။
ချီမင် တစ်ခဏ ကြောင်သွားပြီးမှ သတိပြန်ဝင်လာတယ်၊ “စီနီယာအစ်မ... စီနီယာအစ်မ... ကျွန်တော် အသက်ရှူကြပ်နေပြီ။”
“အဟွတ်..” (ချောင်းဟန့်သံ)
ဘေးမှာ ထန်ချန်လင်း နဲ့ ချီချင်းတို့က ခပ်ဖွဖွ ချောင်းဟန့်ပြီး တခြားနေရာကို ကြည့်နေကြတယ်။
“ဂျူနီယာမောင်လေး၊ နင်အခုမှပြန်လာလို့ စိတ်ပူလိုက်ရတာ။” လုချင်းယန် က ချီမင် ကို လွှတ်ပေးပြီး မျက်လုံးလှန်ပြလိုက်တယ်။
“စီနီယာအစ်မ။”
ချီမင် က လုချင်းယန် ကို မသိမသာ တစ်ချက်ကြည့်လိုက်တယ်။ ခုနက သူ တကယ် အသက်ရှူရပ်မတတ် ဖြစ်သွားတယ်။
ဒါပေါ့၊ ဒါက ချဲ့ကားပြောတာဖြစ်တယ်။
ချီမင်က အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နေပြီ။ ဘယ်လိုလုပ် အလွယ်တကူ အသက်ရှူကြပ်နိုင်မှာတုန်း။
“စီနီယာအစ်မ ဒဏ်ရာ ဘယ်လိုနေသေးလဲ။” ချီမင် က စိုးရိမ်တကြီး မေးလိုက်တယ်။
“ဆရာပေးတဲ့ မူလဝိညာဉ်ဆေးလုံးကို သောက်လိုက်လို့ ဒဏ်ရာတွေကတည်ငြိမ်သွားပြီ။”
လုချင်းယန် ပြုံးလိုက်တယ်။
“ဒါပေမဲ့...” ချီမင် စကားဆက်မပြောဘဲ တုံ့ဆိုင်းနေတယ်။
သိထားရမှာက လုချင်းယန် ရဲ့ မွေးရာပါ ဓမ္မရတနာ ပျက်စီးသွားခဲ့တာဖြစ်တယ်။
သူ့ဒဏ်ရာတွေက သေချာပေါက် မသေးဘူး။
သူ့ရဲ့အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်သွားနိုင်တယ်။
လုချင်းယန် က ချီမင် အပေါ် တကယ်ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါ့အပြင် ဒါက အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတစ်ခုဖြစ်တယ်။
“တော်ပြီ။” လုချင်းယန် က ပြောလိုက်တယ်။ “အများကြီး မတွေးနဲ့တော့။ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းစုဝေးပွဲက ဆက်ရှိနေဦးမှာ။”
“အင်း။” ချီမင် ခေါင်းညိတ်လိုက်ပေမယ့် ဒီအကြောင်းကို သူ့စိတ်ထဲမှာ မှတ်ထားလိုက်တယ်။
အဲ့ဒီအချိန်မှာ ဖုန်းဇီမု ရောက်လာတယ်။
“ချီမင်။” ဖုန်းဇီမု ရဲ့ အကြည့်က ချီမင် အပေါ် ကျရောက်လာပြီး သူ့ကိုကြီးမားတဲ့ဖိအားပေးလာတယ်။၊ “မင်းက ဆရာ့ကိုတောင် လိမ်ရဲလောက်အောင် သတ္တိရှိနေပါလား။”
“တပည့် မှားမှန်းသိပါပြီ။” ချီမင် ချက်ချင်း ဦးညွှတ်ပြီး တောင်းပန်လိုက်တယ်။
“ထားလိုက်တော့၊ မင်းအမှား မင်းသိရင် ပြီးတာပဲ။”
ဖုန်းဇီမု က ဒီကိစ္စကို ဆက်မလိုက်ချင်တော့ဘူး၊ “ဒါပေမဲ့ နောက်ထပ်မဖြစ်စေနဲ့တော့။”
“ကျေးဇူးတင်ပါတယ် ဆရာ။” ချီမင် က ပြောလိုက်တယ်။
“ဆရာ။” ချီမင် က ဂိုဏ်းချုပ် မှာလိုက်တာကို သတိရပြီး ပြောလိုက်တယ်။ “တပည့် အစောပိုင်းက ဂိုဏ်းချုပ်နဲ့ တွေ့ခဲ့ပါတယ်။ သူကစုချင်းယင်ကို ခေါ်သွားပြီး တပည့်အဖြစ် လက်ခံချင်လို့တဲ့။ ဆရာ့ကို ပြန်ရှင်းပြခိုင်းလိုက်ပါတယ်။”
“ဂိုဏ်းချုပ်က တကယ် တပည့်လက်ခံလိုက်တာလား။”
ဖုန်းဇီမု တစ်ယောက် မျက်လုံးပြူးပြီး အံ့အားသင့်သွားတယ်။