မဟာအကြီးအကဲရဲ့ မွေးစားသမီး
Vol. 5 Ch. 65
“ကျွန်မ...”
ယုရွှယ်လန်ရဲ့ အသံက ခဏလောက် တိတ်သွားတယ်။ သူ့ရဲ့အမူအရာက ပြောစရာမရှိအောင် ပြည့်စုံနေတယ်။ သူ့အကြည့်တွေက ချီမင်ဆီကနေ စပြီး အဲ့ဒီမှာ ရှိနေတဲ့ အကြီးအကဲတွေ၊ အမွေခံတပည့်တွေ အားလုံးကို တစ်ယောက်ချင်းစီ ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်တယ်။ ပြီးတော့ အတွေးနက်သွားတယ်။
သူမက တော်တော်လေး အခက်တွေ့နေတဲ့ပုံမျိုးဖြစ်တယ်။
ဒါက အရမ်းကို သဘာဝကျတဲ့ တုံ့ပြန်မှုတစ်ခုဖြစ်တယ်။
ချက်ချင်းပဲ၊ တောင်ထွတ်အသီးသီးက အတွင်းစည်းအကြီးအကဲတွေ ပေါ်လာကြတယ်။ သူတို့က ယုရွှယ်လန်ကို သူတို့ရဲ့ အခြေအနေတွေ ရှင်းပြဖို့ အသင့်ပြင်လိုက်တယ်။။ သူမကို သူတို့ရဲ့ အမွေခံတပည့်အဖြစ် ရွေးချယ်စေချင်ကြတယ်။
ဒါပေမဲ့...
ဝှစ်! ဝှစ်!
သူတို့ စကားတောင် မစရသေးခင်မှာပဲ၊ အဝေးဆီကနေ အလင်းတန်းတစ်ခုက လေကိုခွင်းပြီး အရှိန်အဟုန်နဲ့ ပျံသန်းလာတယ်။ အဲ့ဒါက နေရာရွှေ့ပြောင်းလုပ်လိုက်သလိုမျိုးပဲ ကောင်းကင်ဘုံဉာဏ်အလင်းမြို့ရဲ့ ကောင်းကင်ယံမှာ ရပ်တန့်သွားတယ်။ သူ့ရဲ့ ကိုယ်ထည်ပတ်ပတ်လည်မှာတော့အဖြူရောင် မီးတောက်တွေက ဝန်းရံနေတယ်။
မသဲမကွဲနဲ့ အဖြူရောင်မီးလျှံဖီးနစ်ငှက်ရဲ့ အရိပ်တစ်ခုကို မြင်နေရတယ်။
အရမ်းကို ခန့်ညားထည်ဝါလွန်းတယ်။
ဖိအားကလည်း အရမ်းကို လေးလံပြီး အရှိန်အဝါကဆန်းကြယ်တယ်။
“သူပဲ!”
ချီမင်က တစ်ချက်ကြည့်လိုက်ရုံနဲ့ ရောက်လာတဲ့သူ ဘယ်သူဘယ်ဝါမှန်း သိလိုက်တယ်။ ဒီအရှိန်အဝါကိုလည်း သူက အရမ်းကို ရင်းနှီးနေတယ်၊ “တိမ်စိမ်းတောင်ထွတ်က နတ်မိမယ်ဖန်ရှီးပဲ၊ အဲ့ဒီတုန်းက သွေးကြာပန်းနတ်ဆိုးမကို သတ်ခဲ့တဲ့သူလေ။”
“သူက ဘာလို့ ဒီကို ရောက်လာတာလဲ။” ချီမင်က နားမလည်နိုင် ဖြစ်သွားတယ်။
“နတ်မိမယ်ဖန်ရှီးကို အရိုအသေပြုပါတယ်။”
ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အတွင်းစည်းအကြီးအကဲတွေ၊ အပြင်စည်းအကြီးအကဲတွေနဲ့ အမွေခံတပည့်တွေ အားလုံးက လက်သီးဆုပ်ပြီး နတ်မိမယ်ဖန်ရှီးကို အရိုအသေပေးလိုက်ကြတယ်၊ သူတို့ရဲ့ အသံတွေက အရမ်းကို ရိုကျိုးနေတယ်။
“တပည့် ချီမင်က နတ်မိမယ်ဖန်ရှီးကို အရိုအသေပြုပါတယ်။” ချီမင်က ဦးညွှတ်လိုက်တယ်။
“အင်း။” နတ်မိမယ်ဖန်ရှီးက ခေါင်းအသာငြိမ့်ပြတယ်။ သူ့အကြည့်က ချီမင်ဆီမှာ တစ်စက္ကန့်လောက် ရပ်တန့်သွားပြီးမှ ပြန်ရုပ်သိမ်းသွားတယ်။ တခြားသူတွေကိုတော့ အရေးတယူ ကြည့်တောင် မကြည့်ဘူး။
“ယုရွှယ်လန်၊ မင်း ငါ့တပည့် ဖြစ်ဖို့ ဆန္ဒရှိသလား။” နတ်မိမယ်ဖန်ရှီးက တဲ့တိုးပဲ မေးလိုက်တယ်။
“တပည့် ဆန္ဒရှိပါတယ်။”
အကဲခတ်ကြည့်ရုံနဲ့ ယုရွှယ်လန်က နတ်မိမယ်ဖန်ရှီးဟာ သာမန်မဟုတ်မှန်း သိလိုက်တယ်။ ဒါကြောင့် သူမက ဘာမှ ချီတုံချတုံ မဖြစ်ဘဲ ဒူးထောက်လိုက်ပြီး နတ်မိမယ်ဖန်ရှီးကို အရိုအသေပြုလိုက်တယ်။ “တပည့် ယုရွှယ်လန်က ဆရာ့ကို အရိုအသေပြုပါတယ်။”
“အရမ်းကောင်းတယ်။” နတ်မိမယ်ဖန်ရှီးက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ “မင်း လုချင်းယန်တို့နဲ့အတူ တိမ်စိမ်းတောင်ထွတ်ကို လိုက်ခဲ့တော့။ အဲ့ဒီရောက်ရင် တိမ်စိမ်းတောင်ထွတ်မှာ စာရင်းသွင်းလိုက်။ ဒီကိစ္စကို ငါ တောင်ထွတ်သခင်ကို တင်ပြလိုက်မယ်။”
“ကျေးဇူးတင်ပါတယ် ဆရာ။”
ယုရွှယ်လန်က နောက်တစ်ကြိမ် ဦးညွှတ်လိုက်တယ်။
“ထတော့။”
နတ်မိမယ်ဖန်ရှီးက လက်ကို အသာမြှောက်လိုက်တော့ ယုရွှယ်လန်က စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်ကနေ မထိန်းနိုင်တော့ဘဲထရပ်လိုက်ရတယ်။
အဲ့လိုလုပ်ပြီးတာနဲ့ နတ်မိမယ်ဖန်ရှီးက ချက်ချင်းပဲ ထွက်ခွာသွားတယ်။ တစ်စက္ကန့်လေးတောင် မနေဘူး။ အားလုံးက သူက ယုရွှယ်လန်ကို တပည့်အဖြစ် လက်ခံဖို့ သီးသန့်လာတယ်လို့တောင် ထင်ရတယ်။
“ငါတို့ လုစရာ မလိုတော့ဘူးပဲ။”
“တိမ်စိမ်းတောင်ထွတ်က နတ်မိမယ်ဖန်ရှီးက ယုရွှယ်လန်ကို လက်ခံဖို့ သီးသန့် အပြေးအလွှား ရောက်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ ဒါပေမဲ့လည်း ဟုတ်တော့ ဟုတ်ပါတယ်။ နတ်မိမယ်ဖန်ရှီးမှာ ကြာပန်းဖြူအင်မော်တယ်ခန္ဓာရှိတယ်။ ယုရွှယ်လန်မှာ ကသွေးကြာပန်းတာအိုခန္ဓာရှိတယ်။ သူတို့ရဲ့ခန္ဓာကိုယ်အရည်အသွေးတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတော့ နတ်မိမယ်ဖန်ရှီး အပြေးအလွှားလာတာက ကျိုးကြောင်းဆီလျော်ပါတယ်။”
“ငါတို့က နတ်မိမယ်ဖန်ရှီးကို လုံးဝ အနိုင်မတိုက်နိုင်ဘူး။”
“နှမြောစရာကြီးပဲ။”
“…”
တခြားတောင်ထွတ်တွေက အတွင်းစည်းအကြီးအကဲတွေကတော့ ကူကယ်ရာမဲ့စွာနဲ့ ပခုံးတွန့်လိုက်ကြတယ်။
ဒီလိုနဲ့ပဲ၊ ဒီတစ်ကြိမ် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲက ဒီမှာပဲ ပြီးဆုံးသွားတယ်။ ဒီကြားထဲမှာ ပဋိပက္ခတစ်ချို့ ဖြစ်ပွားခဲ့ပြီး တော်တော်လေး ကိုအကျိုးသက်ရောက်မှုတွေ ရှိခဲ့ပေမဲ့၊ အောင်အောင်မြင်မြင်တော့ ပြီးဆုံးသွားခဲ့တယ်။ ရလဒ်ကလည်း တော်တော်လေး စိတ်ကျေနပ်စရာ ကောင်းတယ်။
ဒါ့အပြင်၊ နတ်ဆိုးသားရဲဘိုးဘေးသုံးဆယ့်ခြောက်ယောက်နဲ့ နဂါးမိကျောင်းအရှင်သခင်တို့ရဲ့ အလောင်းတွေက တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်တယ်။ သူတို့ကြောင့် ဒီပုန်ကန်မှုမှာ ဆုံးရှုံးခဲ့တာတွေကို လုံးဝ ပြန်လည်ဖြည့်တင်းနိုင်တယ်။
အကြီးအကဲဖုန်းနဲ့တစ်ခြားသူတွေပြန်လာတာက အကျိုးအမြတ်ကြီးကြီးမားမားနဲ့ ပြန်လာတာလို့ ပြောလို့ရတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ပြီးဆုံးသွားပြီ။
ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားက ချီမင်နဲ့ ချိတ်ဆက်ထားတာကို အလိုအလျောက် ဖြတ်တောက်လိုက်တယ်။ သူက ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတော့ နည်းနည်းတော့ အသားမကျသလို ဖြစ်သွားတယ်။
ဒါပေမဲ့ သူက မြန်မြန်ပဲ ပုံမှန်ပြန်ဖြစ်သွားတယ်။
“ချီမင်!”
မထွက်ခွာခင်မှာ၊ အာဏာရှင်ဓားတောင်ထွတ်ရဲ့ အမွေခံတပည့် လုံဟုန်ခွေ့က ချီမင်ကို လှမ်းအော်လိုက်တယ်။ “ဆယ်နှစ်အတွင်းမှာ၊ အမွေခံတပည့်ပြိုင်ပွဲကျရင်၊ မင်းကို ငါ့ရဲ့ တကယ့်အစွမ်းနဲ့ အနိုင်တိုက်ပြမယ်။”
“ကောင်းပြီလေ။” ချီမင်က စကားတစ်ခွန်းပဲ ပြန်ဖြေလိုက်တယ်။
ဝှစ်! ဝှစ်! ဝှစ်!!!
နောက်တစ်ခဏမှာပဲ၊ အတွင်းစည်းအကြီးအကဲတွေရဲ့ မောင်းနှင်မှုနဲ့၊ တောင်ထွတ်ဆယ့်နှစ်ခုရဲ့ သင်္ဘောတွေက တောင်ထွတ်အသီးသီးက တပည့်အသစ်တွေကို သယ်ဆောင်ပြီး အလင်းတန်းတွေအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီ ပျောက်ကွယ်သွားကြတယ်။
တိမ်စိမ်းတောင်ထွတ်ရဲ့ သင်္ဘောပျံပေါ်မှာတော့၊ သင်္ဘောရဲ့ အရွယ်အစားက အပြင်ကကြည့်ရင် မီတာဆယ်ဂဏန်းလောက်ပဲ ရှည်ပေမဲ့၊ အတွင်းထဲမှာတော့ လောကတစ်ခုစာလောက် ရှိနေတယ်။ သူတို့က သင်္ဘောခန်းအဆောက်အဦထဲမှာ နေရာချဲ့ထွင်တဲ့အစီအရင်တစ်ခု တပ်ဆင်ထားပြီး နေရာအကျယ်အဝန်းက ကျယ်လွန်းတယ်။
ဒါကြောင့်၊ လူထောင်ပေါင်းများစွာကို လုံးဝ ဆံ့ပြီး အရမ်းကို ကျယ်ဝန်းနေပုံပေါက်တယ်။
“ယွမ်ဖုန်း၊ လာပြီးဆရာဦး လေးကို အရိုအသေပြုလိုက်ဦး။”
အဲ့ဒီအချိန်မှာ လုချင်းယန်က လှမ်းအော်လိုက်တယ်။
“ဟုတ်ကဲ့ပါ ဆရာ။”
ယွမ်ဖုန်းက တုန်သွားပြီး အမြန်လျှောက်လာတယ်။ သူက လက်သီးဆုပ်ပြီး ချီမင်ကို အရိုအသေပြုလိုက်တယ်။ “တပည့် ယွမ်ဖုန်းကဆရာဦးလေချီကို အရိုအသေပြုပါတယ်။”
“အင်း။” ချီမင်က ယွမ်ဖုန်းကို အကဲခတ်ကြည့်လိုက်ပြီး လုချင်းယန်ကို ကြည့်ကာ ပြောလိုက်တယ်။ “စီနီယာအစ်မ၊ စီနီယာအစ်မက ယွမ်ဖုန်းကို တကယ်လက်ခံလိုက်မယ်လို့ ကျွန်တော် ထင်တောင်မထင်ထားဘူး။ ကျွန်တော် မှတ်မိသလောက်တော့ ယွမ်ဖုန်းရဲ့ အရည်အချင်းက သိပ်မမြင့်ဘူးနော်။ သူက အတွင်းစည်းတပည့်အဆင့်ကို လုံးဝ မရောက်သေးဘူး။”
“စတုတ္ထအဆင့် ဝိညာဉ်အမြစ်၊ ဝိညာဉ်ခန္ဓာ၊ ပါရမီရှင်နားလည်နိုင်စွမ်း၊ ဖန်သလင်းအုတ်မြစ်နဲ့ သုံးရောင်ခြယ် ကံကြမ္မာပဲရှိတယ်။ ဒါက သာမန်လို့ပဲ ပြောလို့ရတယ်။ အတွင်းစည်းတပည့်တွေအတွက် လိုအပ်ချက်က အပိုင်းငါးခုလုံးမှာ တတိယတန်းအဆင့်ကို ရောက်ဖို့ပဲ။”
“ငါသိပါတယ်။” လုချင်းယန်က ပခုံးတွန့်လိုက်တယ်။ “ယွမ်ဖုန်းရဲ့ အရည်အချင်းက သာမန်ဆိုပေမဲ့ သူ့ရဲ့ စိတ်နေသဘောထားက မဆိုးပါဘူး။ ငါ့မျက်စိကျသွားတာ။ ရှောင်ဖန်းလိုပဲ၊ သူက ငါ့တပည့် ဖြစ်ဖို့ မနည်းကြိုးစားရမယ့်အနေအထားပေါ့။”
“ကောင်းပြီလေ။”
ချီမင်က ပခုံးတွန့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ဘူး။
တခြားတစ်ဖက်မှာတော့၊ ယုရွှယ်လန်ကို နတ်မိမယ်ဖန်ရှီးက တပည့်အဖြစ် လက်ခံလိုက်တဲ့အတွက်၊ သူ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ပုဒ်က မနိမ့်ကျတော့ဘူး၊ ချီမင်နဲ့တောင် တန်းတူနီးပါး ဖြစ်နေပြီ။ သူ့မှာ သီးသန့်အခန်းတစ်ခန်း ရှိတယ်။
သူမက အခန်းထဲမှာပဲနေပြီး အပြင်မထွက်ဘူး။ ချီမင်နဲ့ ဆက်သွယ်ဖို့လည်း အစီအစဉ်မရှိဘူး၊ သူ့ဘက်က တစ်ခုခု မသင်္ကာစရာ တွေ့သွားမှာစိုးလို့ဖြစ်တယ်။
သိထားရမှာက၊ ယုရွှယ်လန်ရဲ့ လက်ရှိအခြေအနေနဲ့ အဆင့်အတန်းက သာမန်လူသားတစ်ယောက်ရဲ့ အခြေအနေပဲဖြစ်တယ်။ သူက ကျင့်ကြံခြင်းနဲ့ လုံးဝ မထိတွေ့ဖူးသေးဘူး။ တကယ်လို့ ချီမင်က တစ်ခုခု သိသွားခဲ့ရင်၊ သူ ထွက်ပြေးချင်ရင်တောင် မလွတ်နိုင်ဘူး၊ နတ်မိမယ်ဖန်ရှီးကလည်း အချိန်မီ ကယ်နိုင်မှာ မဟုတ်ဘူး။
သူ တကယ် အမွေခံတပည့် မဖြစ်ခင်အထိတော့၊ သူ ပြဿနာရှုပ်အောင် လုံးဝ လုပ်လို့မဖြစ်ဘူး။
“ဂျူနီယာ မောင်လေး။”
လုချင်းယန်က မေးလိုက်တယ်။ “နင်ယုရွှယ်လန်နဲ့ ဆက်သွယ်ချင်သေးလား။ တောင်ထွတ်သခင်နဲ့ တခြားအမွေခံအကြီးအကဲတွေ သဘောတူသရွေ့တော့ သူက နင့်လိုပဲ အမွေခံတပည့် ဖြစ်လာမှာပဲ။”
“မလိုပါဘူး။” ချီမင်က ပခုံးတွန့်လိုက်တယ်။ “တကယ်လို့ ကျွန်တော့်မှာ ရွေးချယ်စရာမရှိလို့သာ မဟုတ်ရင်၊ ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု ဝေးပွဲကို ပါဝင်ဖို့တောင် ဆန္ဒမရှိဘူး။”
“နင့်သဘောပဲလေ။” လုချင်းယန်က ပြောလိုက်တယ်။
တိမ်စိမ်းတောင်ထွတ်ရဲ့ သင်္ဘောက ရှေ့ဆက်သွားနေတယ်။
ဆယ်မိနစ်ကြာတော့ သူတို့ တိမ်စိမ်းတောင်ထွတ်ကို ပြန်ရောက်လာကြတယ်။
ပထမဆုံး၊ သင်္ဘောက တိမ်စိမ်းတောင်ထွတ်အခြေမှာ ရပ်လိုက်တယ်။
“တိမ်စိမ်းတောင်ထွတ် အစေခံတန်းလျားရဲ့ ပထမအကြီးအကဲ ရှူရုန်က အမွေခံတပည့် ချီနဲ့ အကြီးအကဲအားလုံးကို အရိုအသေပြုပါတယ်ခင်ဗျာ။”
အောက်မှာ၊ သူ့တို့ဆီ လျှောက်လာတဲ့သူက အစေခံတန်းလျားရဲ့ပထမအကြီးအကဲ ရှူရုန်ဖြစ်တယ်။
ချီမင်က အရင်တုန်းက အစေခံတပည့်တစ်ယောက် ဖြစ်ခဲ့ပေမဲ့၊ အခုတော့ သူက အမွေခံတပည့် ဖြစ်နေပြီ။ ဒါ့အပြင်၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ရှူရုန်ထက် မနိမ့်တဲ့အပြင်၊ သူ့ရဲ့ စွမ်းအားက အဆင့်အများကြီး ပိုမြင့်နေတယ်။
“အင်း။” ချီမင်က သူ့မိတ်ဆွေဟောင်းကို တွေ့တော့ ခေါင်းညိတ်ပြလိုက်တယ်။
ကျန်တာတွေကိုတော့ သူ စိတ်ပူစရာ မလိုဘူး။
ပထမဆုံး၊ အစေခံတပည့် ငါးထောင်က သင်္ဘောပေါ်က ဆင်းပြီး ရှူရုန်နဲ့ အကြီးအကဲတစ်ချို့က သူတို့ကို လက်ခံလိုက်ကြတယ်။ သူတို့ကို အရင်ဆုံး စာရင်းသွင်းပြီး အစေခံတပည့်ဝတ်စုံတွေ၊ အစေခံတပည့်အမှတ်အသားပြားတွေနဲ့ သက်ဆိုင်ရာ ကျင့်ကြံနည်းစနစ်တွေ၊ သိုင်းနည်းစနစ်တွေကို ဝေငှပေးတယ်။
ပြီးတော့ သူတို့ကို သက်ဆိုင်ရာ အစေခံတာဝန်တွေ ပေးအပ်တယ်။
နောက်ဆုံးတော့၊ သူတို့ကို တိမ်စိမ်းတောင်ထွတ်ရဲ့ အစေခံတန်းလျားကြီးလေးခုဆီ ခေါ်ဆောင်သွားပြီး သူတို့ရဲ့ အနာဂတ် သုံးနှစ်တာ အစေခံဘဝတွေကို ကြိုဆိုစေလိုက်တယ်။
ထူးချွန်တဲ့ အစေခံတပည့်တွေ ပေါ်ထွက်လာမှာ ဖြစ်ပေမဲ့၊ အများစုကတော့ တောင်အောက်ကို နှင်ထုတ်ခံရမှာဖြစ်တယ်။
ချက်ချင်းပဲ၊ သင်္ဘောက ကောင်းကင်ပေါ် ပျံတက်သွားတယ်။
သူတို့ တောင်စောင်းကို ရောက်လာကြတယ်။
အပြင်စည်းအကြီးအကဲဆယ့်နှစ်ယောက်က အပြင်စည်းဂိုဏ်းတပည့်အသစ်တွေကို သင်္ဘောပေါ်က ခေါ်ချသွားတယ်။ လုပ်ထုံးလုပ်နည်းတွေက အတူတူပဲဖြစ်တယ်။ သူတို့ရဲ့ အထောက်အထားတွေကို စာရင်းသွင်းပြီး အတည်ပြုရမယ်၊ ပြီးတော့ အကျိုးခံစားခွင့်တချို့ ဝေငှပေးရမယ် စသဖြင့်ဖြစ်တယ်။
အပြင်စည်းတပည့်တွေက အစေခံတာဝန်တွေ လုပ်စရာမလိုပေမဲ့၊ သူတို့က ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပိုလိုချင်ရင်တော့၊ တာဝန်ခန်းမမှာ တာဝန်တွေ လက်ခံပြီး တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်မှ အရင်းအမြစ်တွေ ရရှိမှာ ဖြစ်တယ်။
တာဝန်အမျိုးအစားတွေက အများကြီးပဲရှိတယ်။
ဥပမာ၊ နတ်ဆိုးသားရဲတွေ ဖမ်းဆီးတာ၊ ဝိညာဉ်ဆေးပင်တွေ စုဆောင်းတာ၊ အပြင်လောကကို သွားပြီး နယ်မြေတစ်ခုကို အုပ်ချုပ်တာ၊ ဒါမှမဟုတ် အပြင်လောကမှာ ဒုက္ခပေးနေတဲ့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေကို ရှင်းလင်းတာမျိုးဖြစ်တယ်။
သင်္ဘောက အပေါ်ကို ဆက်လက်ရွက်လွှင့်သွားတယ်။
သူတို့ အတွင်းစည်းကို ရောက်လာကြတယ်။
အတွင်းစည်းတပည့်တွေရဲ့ အဆင့်အတန်းက ပိုမြင့်တယ်။ သူတို့က ဂိုဏ်းကနေ လစဉ် အရင်းအမြစ်တွေ ပိုရနိုင်တယ်၊ ဒါပေမဲ့ အတွင်းစည်းနဲ့ အပြင်စည်းရဲ့ စနစ်က သိပ်မကွာခြားဘူး။ သူတို့က ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေ ပိုလိုချင်ရင်တော့ သူတို့ကိုယ်တိုင် တာဝန်တွေ လုပ်ရမှာပဲဖြစ်တယ်။
အတွင်းစည်းတပည့်တွေအားလုံး သင်္ဘောပေါ်က ဆင်းပြီး အကြီးအကဲထန်တို့က သူတို့ကို စာရင်းသွင်းဖို့ ခေါ်သွားကြတယ်။
ဝှစ်!
အဲ့ဒီအချိန်မှာ နတ်မိမယ်ဖန်ရှီး ရောက်လာတယ်။
“ယုရွှယ်လန်။” နတ်မိမယ်ဖန်ရှီးက လှမ်းခေါ်လိုက်တယ်။
“ဆရာ။”
ယုရွှယ်လန်က ဒါကိုကြားတော့ အခန်းထဲက ထွက်လာတယ်။
“ငါ့နောက်လိုက်ခဲ့။”
ဝှစ်!
နတ်မိမယ်ဖန်ရှီးက လက်ကို ဝှေ့ယမ်းလိုက်တော့၊ ဝိညာဉ်စွမ်းအင်တွေက မြင့်တက်လာပြီး ယုရွှယ်လန်ကိုရစ်ပတ်ကာ တိုက်ရိုက် ကောင်းကင်ပေါ် ပျံတက်သွားပြီး တိမ်စိမ်းတောင်ထွတ်ထိပ်ဆီ ဦးတည်သွားတယ်။
အစကနေအဆုံး၊ နတ်မိမယ်ဖန်ရှီးက ချီမင်တို့နဲ့ တခြားသူတွေကို နှုတ်တောင် မနှုတ်ဆက်သွားဘူး။
“ဟူး။” ချီမင်က သက်ပြင်းချလိုက်တယ်။ “ဒီ နတ်မိမယ်ဖန်ရှီးက တကယ်ကို အေးစက်တာပဲ။”
“အဟွတ် အဟွတ်။” လုချင်းယန်က ချောင်းအသာဟန့်လိုက်ပြီး ပြောလိုက်တယ်။ “ဂျူနီယာမောင်လေး၊ နင်နတ်မိမယ်ဖန်ရှီးကို သူ့ကွယ်ရာမှာ ဝေဖန်လို့မရဘူးနော်။ သူ့ရဲ့ အထောက်အထားနဲ့ နောက်ခံကိုနင်သိလား။”
“အော်?” ချီမင်ရဲ့ စိတ်ဝင်စားမှုက တက်ကြွလာတယ်။ “စီနီယာအစ်မ၊ စီနီယာအစ်မ သိတယ်လား။”
“အင်း။” လုချင်းယန်က ခေါင်းညိတ်လိုက်တယ်။ “နတ်မိမယ်ဖန်ရှီးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့မဟာအကြီးအကဲပြီးပြည့်စုံခြင်းဝူချန်ရဲ့ မွေးစားသမီးဖြစ်တယ်။ သူကတိမ်စိမ်းတောင်ထွတ်ရဲ့အမွေခံအကြီးအကဲဖြစ် မလာခင်က၊ သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ကျင့်ကြံမှုနဲ့ စွမ်းအားကအရမ်းကိုအားကောင်းတယ်။”
“ဆရာတောင်မှ သူ့ပြိုင်ဘက် မဟုတ်လောက်ဘူး။”
“မဟာအကြီးအကဲရဲ့ မွေးစားသမီးတဲ့လား။”
ချီမင်က အံ့အားသင့်သွားတယ်။ “အဲ့ဒီ အထောက်အထားနဲ့ နောက်ခံကတော့ တကယ်ကို ထူးခြားတာပဲ။”
“စီနီယာအစ်မ။” ချီမင်က မေးလိုက်တယ်။ “ခုနက စီနီယာအစ်မ ပြောတာကြားလိုက်တယ် ‘ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်’ ဆိုတာလေ။ အဲ့ဒါက တခြားဘာအဓိပ္ပာယ် ရှိသေးလို့လဲ။”
“နင်က တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ဖြစ်တာမှ တစ်လပဲ ရှိသေးတာကိုး။ ဒီအကြောင်းတွေ မသိတာက ပုံမှန်ပါပဲ။”
လုချင်းယန်က ချီမင်ကို ရှင်းပြတယ်။ “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို တောင်ထွတ်တစ်ဆယ့်နှစ်ခုနဲ့ ခွဲထားတယ်။ ဒါပေမဲ့၊ တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အထက်မှာ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် ရှိတယ်။ အဲ့ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ပင်မဂိုဏ်းပဲ။ တောင်ထွတ်တစ်ဆယ့်နှစ်ခုက ဂိုဏ်းခွဲတွေလို့ပဲ သတ်မှတ်လို့ရတယ်။”
“နောက်ထပ် ဆယ်နှစ်ကြာရင်၊ အမွေခံတပည့်ပြိုင်ပွဲ ရှိတယ်။”
“အဲ့ဒီအချိန်ကျရင်၊ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ စုဝေးပြီး ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲကြီး ကျင်းပကြလိမ့်မယ်။ ဒီအမွေခံတပည့်ပြိုင်ပွဲမှာ၊ အရမ်းကို ထူးချွန်တဲ့ စွမ်းဆောင်ရည်နဲ့ အောင်ပွဲရတဲ့ အမွေခံတပည့်တွေပဲ နောက်တစ်ဆင့်တက်ပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ထဲဝင်ပြီးစစ်မှန်တဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်ခွင့်ရမှာ။”
“ဆိုလိုချင်တာက၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ပုဒ်က တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အမွေခံတပည့်တွေထက် တစ်ဆင့်မြင့်တယ်။ တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အမွေခံအကြီးအကဲတွေနဲ့ နှိုင်းယှဉ်လို့ရလောက်အောင်ပဲ။”
“သဘောပေါက်ပြီ။” ချီမင်က အခြေခံအားဖြင့် နားလည်သွားတယ်။
“ဂျူနီယာမောင်လေး၊ နင့်ကို တိမ်ပြိုတောင်ထွတ်ကို ပြန်ပို့ပေးရမလား။” လုချင်းယန်က မေးလိုက်တယ်။
“စီနီယာအစ်မ၊ ယွမ်ဖုန်းကို စာရင်းသွင်းဖို့ ခေါ်သွားစရာ မလိုဘူးလား။” ချီမင်က မေးလိုက်တယ်။
“မလိုပါဘူး။” လုချင်းယန်က ပြောတယ်။ “အကြီးအကဲထန်တို့ လုပ်နိုင်ပါတယ်။”
“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။” ချီမင်က ပြောလိုက်တယ်။
“ကိစ္စမရှိပါဘူး။”
ဝှစ်!
လုချင်းယန်က သူ့ရဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တော့ တိမ်စိမ်းတောင်ထွတ်ရဲ့သင်္ဘောပျံက လေကိုခွင်းပြီး ထွက်ခွာသွားတယ်။ ငါးကီလိုမီတာ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်သွားပြီး တိမ်ပြိုတောင်ထွတ်ထိပ်မှာ ရပ်တန့်လိုက်တယ်။