တတိယမြောက် အလိုအလျောက်ကျင့်ကြံခြင်းနေရာလပ်ကို အသက်သွင်းခြင်း
Vol. 5 Ch. 66
ချီမင်က သင်္ဘောပေါ်ကနေ ခုန်ချလိုက်ပြီး တိမ်ပြိုဂူစံအိမ်ရဲ့ အဝမှာ တည်တည်ငြိမ်ငြိမ်ရပ်လိုက်တယ်။ ပြီးတော့ လုချင်းယန်ဘက်ကို လှည့်ပြီး လက်ဝှေ့ယမ်းပြပြီးအော်ပြောလိုက်တယ်၊ “စီနီယာအစ်မ၊ ပြန်လို့ရပါပြီ။”
“ကောင်းပြီ။”
လုချင်းယန်က ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်တယ်။ သင်္ဘောက ထွက်ခွာသွားနှင့်ပြီ။
“နောက်ဆုံးတော့ စိတ်အေးလက်အေး နေနိုင်ပြီ။”
ချီမင် သက်ပြင်းချလိုက်တယ်။ ဟော့ချန်ချင်းနဲ့ မဟာနတ်ဆိုးလင်းနို့တို့ ပေါ်လာကြတယ်။ သွေးမိစ္ဆာနတ်ဆိုးသရဲကလည်း ထွက်လာတယ်။ ဆံပင်ရှည်တွေနဲ့ တစ္ဆေသရဲတစ်ကောင်လို လေထဲမှာ ဝေ့ဝဲနေတယ်။
ချက်ချင်းပဲ ချီမင်က ဂူစံအိမ်ထဲကို လျှောက်ဝင်သွားပြီး တရားထိုင်ခန်းထဲမှာ ဝင်ထိုင်လိုက်တယ်။ စိတ်ကူးတစ်ချက်နဲ့ သူ့ရဲ့သိုလှောင်အိတ်ထဲကနေ အဆင့်နိမ့်သိုလှောင်အိတ်တွေကို တစ်လုံးပြီးတစ်လုံး ထုတ်ယူလိုက်တယ်။ အဲဒီထဲမှာ အလယ်အလတ်အဆင့်သိုလှောင်အိတ်တချို့တောင် ပါသေးတယ်။
ပြောရမယ်ဆိုရင်တော့ ဒီတစ်ခေါက် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲခရီးစဉ်မှာ ချီမင်ရလိုက်တဲ့ အကျိုးအမြတ်တွေက မျှော်လင့်ထားတာထက် အများကြီး ပိုသာတယ်။
သူက သူ့ရဲပစ္စည်းတွေကို ပျော်ပျော်ရွှင်ရွှင်စတင်ရေတွက်နေတော့တယ်။
သိုလှောင်အိတ်ထဲက ဝိညာဉ်ကျောက်တုံးတွေကို မြင်လိုက်ရတော့ ချီမင်ရဲ့မျက်နှာပေါ်က အပြုံးက ပိုပိုပြီး ကြီးမားလာတယ်။
အပြင်လောကတစ်နေရာမှာ။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနဲ့ မိုင်တစ်ထောင်ကျော်ဝေးတဲ့ ကြာပန်းနက်နတ်ဆိုးတောင်က ဂူနက်ကြီးထဲမှာ ကြာပန်းနက်နတ်ဆိုးအရှင် တည်ထောင်ထားတဲ့ ကြာပန်းနက်နတ်ဆိုးဂိုဏ်းတည်ရှိတယ်။
ဝူး! ဝူး! ဝူး!!!
အနက်ရောင်ကြာပန်းတွေ ပွင့်လန်းလာပြီး ဟင်းလင်းပြင်မှာ အမြစ်တွယ်နေတယ်။ ဆိုးရွားတဲ့အငွေ့အသက်တွေက ထွက်နေတယ်။ အဲဒီကြာပန်းတွေရဲ့အလယ်မှာတော့ ဖရိုဖရဲဖြစ်နေတဲ့ လူတစ်ယောက်ရှိနေတယ်။
သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်တွေက လေထဲမှာ တလွင့်လွင့်ဖြစ်နေတယ်။ သူကအရမ်းစွမ်းအားကြီးတယ်။
သူက ကြာပန်းနက်နတ်ဆိုးအရှင်ဖြစ်တယ်။
ရှပ်!
ရုတ်တရက် အလင်းတန်းတစ်ခုက လေကိုခွင်းပြီး ပျံသန်းလာတယ်။ ကြာပန်းနက်နတ်ဆိုးအရှင်က လက်ဆန့်ပြီး ဖမ်းဆုပ်လိုက်တော့ အဲဒီအလင်းတန်းက သူ့လက်ထဲကို ရောက်လာတယ်။ အဲဒါက အထူးနည်းလမ်းတွေနဲ့ ခေါက်ထားတဲ့ စက္ကူကြိုးကြာငှက်တစ်ကောင်ဖြစ်တယ်။
စက္ကူကြိုးကြာငှက်က ပွင့်သွားပြီး အထဲမှာ မှတ်တမ်းတင်ထားတဲ့ သတင်းအချက်အလက်တွေက ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ ရှေ့မှောက်မှာ ပေါ်လာတယ်။
“သူတို့တွေ တစ်ခါထပ်ရှုံးပြန်ပြီ။”
ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ မျက်နှာအမူအရာက မပြောင်းလဲဘူး။ သူ့ရဲ့ဖြူဖျော့နေတဲ့ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိဘူး၊ “နှစ်ခါကြိုးစားတယ်။ ပထမတစ်ခေါက်က နည်းနည်းမြန်နေပုံရပေမယ့် ဒုတိယတစ်ခေါက်ကတော့ မတူဘူး။”
“ဒါပေမဲ့...”
“သူတို့ ရှုံးတုန်းပဲ။”
“နှစ်ခါဆိုတာ အများဆုံးပဲ။”
“ဒီ ချီမင်ဆိုတဲ့ကောင်က ငါရန်စလို့ရမယ့်သူမျိုး မဟုတ်ဘူး။ သူက အမွေခံတပည့်ဖြစ်တာ တစ်လပဲရှိသေးပေမယ့် ငါ သူ့ကို ဆက်ပြီး ရန်မစနိုင်တော့ဘူး။”
“နွေဦးဆောင်းဦးဂိုဏ်းကနေ ချီမင်အပေါ်ထုတ်ထားတဲ့ ဆုငွေမစ်ရှင်ကို ချက်ချင်းပယ်ဖျက်လိုက်။”
ကြာပန်းနက်နတ်ဆိုးအရှင်က ကြောက်သွားတယ်။
သူ့ရဲ့နာမည်က မသေးဘူး။ ကြာပန်းနက်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ သူ့ရဲ့ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဥ်အဆင့်အမြင့်ဆုံးအဆင့်ကို ရောက်နေပေမယ့် အတိတ်က ကျင့်ကြံရင်းရခဲ့တဲ့ ဒဏ်ရာကြောင့် ဘယ်တော့မှ မကျော်ဖြတ်နိုင်ဘူး။
ကြာပန်းနက်နတ်ဆိုးအရှင်က ကြာပန်းနက်သိုင်းကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ ကြာပန်းနက်နတ်ဆိုးမျိုးစေ့သိုင်းနည်းစနစ်ကိုသုံးပြီး သူ့ဒဏ်ရာတွေကို ကုရင်း အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်ချင်တယ်။
ကြာပန်းနက်နတ်ဆိုးမျိုးစေ့သိုင်းနည်းစနစ်က ကျင့်ကြံဖို့ အရမ်းခက်ခဲတယ်။ ကြာပန်းနက်နတ်ဆိုးမျိုးစေ့ပေါင်း ၁၂၉,၆၀၀ ကို စိုက်ပျိုးဖို့လိုတယ်။ အခု သူက ၁၁၉,၈၀၀ တောင် ပျိုးထောင်ပြီးပြီမို့ အောင်မြင်ဖို့ အရမ်းနီးစပ်နေပြီ။
ပြီးပြည့်စုံခြင်းအဆင့်အတွက် သူက နှစ်ပေါင်း ၃၈၉ နှစ်တောင် အချိန်ယူခဲ့ရတယ်။
“ကြာပန်းနက်နတ်ဆိုးမျိုးစေ့ တစ်စေ့ပဲ ပျက်စီးသွားတာ။”
ကြာပန်းနက်နတ်ဆိုးအရှင်က လေသံတိုးတိုးနဲ့ ပြောတယ်၊ “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေနဲ့ ဆက်ပြီး ရန်လိုနေစရာ မလိုပါဘူး။ ပျက်စီးသွားတော့ ဘာဖြစ်လဲ။ နောက်တစ်စေ့ ထပ်လုပ်လိုက်ရုံပေါ့။ အလွန်ဆုံးတော့ အချိန်နည်းနည်းပိုကုန်သွားမှာပဲ။ ငါ ရာစုနှစ်ချီပြီး စောင့်ခဲ့တာပဲ။ အလျင်လိုစရာမရှိပါဘူး။”
အဲဒီနေ့မှာပဲ ကြာပန်းနက်နတ်ဆိုးအရှင်က သက်ဆိုင်ရာနည်းလမ်းကိုသုံးပြီး နွေဦးဆောင်းဦးဂိုဏ်းကို ဆက်သွယ်ကာ ချီမင်အပေါ်ထုတ်ထားတဲ့ ဆုငွေကို ရုပ်သိမ်းလိုက်တယ်။ ပယ်ဖျက်ကြေး နည်းနည်းပါးပါး ပေးလိုက်ရပေမယ့် သူ စိတ်သက်သာရာရသွားတယ်။
ကြာပန်းနက်နတ်ဆိုးအရှင်က ချီမင်အပေါ်ထုတ်ထားတဲ့ ဆုငွေကို ရုပ်သိမ်းလိုက်တာကြောင့် တောင်ပိုင်းဒေသက ကျင့်ကြံသူအများအပြားရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတယ်။ တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်က တောင်ပိုင်းဒေသရဲ့ ကျင့်ကြံခြင်းလောကရဲ့ အမြင်ထဲကို တဖြည်းဖြည်း ဝင်ရောက်လာတယ်။
“ဒီ ချီမင်က လွယ်တဲ့ကောင်တော့ မဟုတ်ဘူး။ သူက ကြာပန်းနက်နတ်ဆိုးအရှင်ကိုတောင် သူ့အပေါ်ထုတ်ထားတဲ့ ဆုငွေကို ပယ်ဖျက်ခိုင်းနိုင်တယ်ဆိုတော့။”
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပီသပါပေတယ်။”
“ကြားဖူးတာတော့ ချီမင်က လွန်ခဲ့တဲ့တစ်လကမှ အမွေခံတပည့်ဖြစ်လာတာတဲ့။ ပြီးတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကနေ တိုးမြှင့်ခံရတာ။ တိမ်စိမ်းတောင်ထွတ်က အကြီးအကဲဖုန်းက သူ့ကို တပည့်အဖြစ် လက်ခံလိုက်တာတဲ့။”
“တိမ်စိမ်းတောင်ထွတ်က အကြီးအကဲဖုန်းဆိုတာ ‘ကြာပန်းစိမ်းဓားသခင်’ လို့ ဘွဲ့အမည်ရထားတဲ့ ဖုန်းဇီမုလား။”
“ဟုတ်တယ်!”
“မိုက်တယ်ကွာ!”
“နောက်ထပ် ကောလာဟလတစ်ခုလည်းရှိသေးတယ်။ ဒီတစ်ခေါက် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲမှာ ချီမင်က ထင်ထင်ရှားရှားစွမ်းဆောင်ပြပြီး တခြားတောင်ထွတ် ဆယ့်တစ်နေရာက အမွေခံတပည့်တွေကို ဖိနှိပ်နိုင်ခဲ့တယ်လို့လည်း ကြားတယ်။ သူက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ဖို့ တစ်လပဲ အချိန်ယူခဲ့တယ်တဲ့။”
“အမလေး...”
“တစ်လအတွင်း ‘သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း’ ကို ကျင့်ကြံနိုင်တယ် ဟုတ်လား။ ဘုရားရေ၊ ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်လီထက်တောင် အရည်အချင်းရှိတာ မဟုတ်ဘူးလား။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ကံကောင်းသွားတာလား။ ဒီလိုမျိုး ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာတယ်ဆိုတော့!”
“ဒီ ချီမင် ကြီးပြင်းလာပြီး တောင်ပိုင်းဒေသရဲ့ ကျင့်ကြံခြင်းလောကမှာ ကြီးမားတဲ့ လှိုင်းလုံးတွေ ပေါ်ပေါက်လာဖို့ သိပ်မကြာတော့ဘူးလို့ ငါထင်တယ်။”
“…”
တောင်ပိုင်းဒေသက ကျင့်ကြံသူအများအပြားက ချီမင်အကြောင်းကို ဆွေးနွေးနေကြတယ်။
ဒါ့အပြင် ချီမင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက နွေဦးဆောင်းဦးဂိုဏ်းနဲ့ ဗုဒ္ဓတစ်သောင်းဘုရားကျောင်းဆီကိုလည်း စီးဝင်သွားပြီးကြီးမားတဲ့ အာရုံစိုက်မှုကို ရရှိလိုက်တယ်။ ဘုရားကျောင်းမှာ ကျင့်ကြံနေတဲ့ ယဲ့တျန်းကလည်း ဒီသတင်းကို လက်ခံရလိုက်တယ်။
“ချီမင်၊ မင်း တစ်လအတွင်းမှာ ဒီလောက်ထိ ကြီးထွားလာလိမ့်မယ်လို့ ငါ မထင်ထားဘူး။”
ဗုဒ္ဓတစ်သောင်းဘုရားကျောင်း။
တစ်ကိုယ်တည်း တည်ရှိနေတဲ့ တောင်ထွတ်တစ်ခုပေါ်မှာ ယဲ့တျန်းက တင်ပျဉ်ခွေထိုင်နေတယ်။ သူက လုံးဝ အဝတ်ဗလာနဲ့ဖြစ်တယ်။ ချီမင်နဲ့ပတ်သက်တဲ့ သတင်းတွေကို ကြည့်ရှုပြီးနောက် သူ့မျက်နှာပေါ်မှာ အပြုံးနဲ့ တိုက်ခိုက်လိုစိတ်တွေ ပေါ်လာတယ်။
“ငါလည်း အရမ်းပျင်းနေလို့မဖြစ်ဘူး။ ဆက်ပြီး ကြိုးစားရမယ်၊ လုံးဝ ပေါ့ဆလို့မဖြစ်ဘူး။ နောက်တစ်ခါတွေ့တဲ့အခါ မင်းနောက်မှာ ကျန်ခဲ့လို့မဖြစ်ဘူး။” ယဲ့တျန်းက ပြောတယ်။
ချွမ်! ချွမ်! ချွမ်!!!
နောက်တစ်ခဏမှာပဲ အဲဒီတစ်ကိုယ်တော်တောင်ထွတ်ပေါ်မှာ နက္ခတ်တာရာလေပြင်းတွေ တိုက်ခတ်လာတယ်။ အဲဒီလေပြင်းတွေက သံမဏိကိုတောင် လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်တဲ့ ဓားသွားတွေလိုဖြစ်တယ်။ ဒါပေမဲ့ ယဲ့တျန်းရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်လာတဲ့အခါမှာအဖြူရောင်အစင်းရာတွေပဲ ကျန်ခဲ့တယ်။
ဒီကနေ သိသာထင်ရှား နေတယ်။
ယဲ့တျန်းရဲ့ခန္ဓာကိုယ်က မပြောင်းလဲသေးဘဲ ဝပြီး ဖောင်းနေတုန်းပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က ‘ရွှေခန္ဓာ’ နီးပါးအထိ သန့်စင်ခံထားရပြီးအရမ်း အစွမ်းထက်နေပြီ။
ဒါကဗုဒ္ဓတစ်သောင်းဘုရားကျောင်းရဲ့ ဗောဓိရွှေခန္ဓာသိုင်းကျမ်းဖြစ်တယ်။
သူက အဲဒါကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးပြီ။
ဒီနည်းနဲ့ သူက ဗောဓိရွှေခန္ဓာကို ရရှိနိုင်တယ်။
ဗုဒ္ဓတစ်သောင်းဘုရားကျောင်းမှာတော့ ဒါက မဟာယာနဗုဒ္ဓတာအို: ဗောဓိဗုဒ္ဓတာအိုဖြစ်တယ်။
ပြီးတော့ မဟာယာနဗုဒ္ဓတာအိုကို ကျင့်ကြံနိုင်တဲ့သူက နည်းနည်းလေးပဲရှိတယ်။
ဒါပေမဲ့ ယဲ့တျန်းက အောင်မြင်ခဲ့တယ်။
ဗုဒ္ဓပြန်လည်ဝင်စားသူပီသတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၊ တိမ်ပြိုတောင်ထွတ်။
တိမ်ပြိုဂူစံအိမ်ထဲမှာ။
နောက်နေ့၊ မနက်စောစောမှာ ချီမင်က သူ့ရဲ့ရတနာပစ္စည်းတွေကို ရေတွက်ပြီးစီးဖို့ အချိန်အများကြီး အသုံးပြုလိုက်ရတယ်။ ဝိညာဉ်ကျောက်တုံးတွေအားလုံးအပြင် သူက ပစ္စည်းသုံးမျိုးပဲ ချန်ထားပြီး ကျန်တာတွေကို ရောင်းပစ်ဖို့ စီစဉ်လိုက်တယ်။
ပထမတစ်ခုက စတုရန်းတိမ်တိုက်ကြိုးကြာဆေးမီးဖို။
ဒါက ဆေးမီးဖိုတစ်ခုပဲ။
ဒါက ဆေးဆရာတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ဆေးဆရာကို ဆေးလုံးတွေဖော်စပ်ရာမှာ ကူညီပေးနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်တယ်။ အရမ်းတန်ဖိုးကြီးတယ်။ ချီမင်က ဒီ ဆေးမီးဖိုကို ချန်ထားရတဲ့ အဓိကအကြောင်းရင်းက ဆေးလုံးဖော်စပ်ကြည့်ဖို့ဖြစ်တယ်။
ဒုတိယပစ္စည်းက ကောင်းကင်ကိုးထပ်ဆေးကျမ်းဖြစ်တယ်။
ဒါက ဆေးဆရာတစ်ယောက်ရဲ့ နည်းစနစ်ဖြစ်တယ်။ ကျွမ်းကျင်သွားရင် ဆေးဆရာတစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဆေးလုံးဖော်စပ်ဖို့ အရည်အချင်းမရှိရင်တော့ ကျွမ်းကျင်ဖို့က မဖြစ်နိုင်ဘူးဖြစ်တယ်။
တတိယပစ္စည်းက နယ်ပယ်ချိုးဖြတ်ဆေးကျမ်းဖြစ်တယ်။
ဆေးနည်းသုံးမျိုးပဲ မှတ်တမ်းတင်ထားပြီး အားလုံးက နယ်ပယ်အဆင့်ချိုးဖြတ်တာနဲ့ ပတ်သက်တယ်။
ပထမတစ်ခုက အခြေခံတည် ဆောက်ခြင်းဆေးလုံးနည်းစနစ်လို့ ခေါ်တယ်။
နာမည်အတိုင်းပဲ၊ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ မှတ်တမ်းတင်ထားတယ်။ အခြေခံတည်ဆောက်ခြင်းဆေးလုံးက ချီသန့်စင်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေကို အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးဖြစ်တယ်။ ဈေးနှုန်းက အရမ်းမြင့်တယ်။
ဒုတိယတစ်ခုက တာအိုပုံဖော်ခြင်းဆေးလုံးလို့ ခေါ်တယ်။
ဒီဆေးလုံးနည်းစနစ်က ပိုပြီးတန်ဖိုးကြီးတယ်၊ ဘာလို့လဲဆိုတော့ တာအိုပုံဖော်ခြင်းဆေးလုံးက အခြေခံတည်ဆောက်ခြင်းအဆင့်က ကျင့်ကြံသူတွေကိုအမြူ တေဖွဲ့စည်းခြင်းအဆင့်ကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးဖြစ်တယ်။။ သူ့ရဲ့ဈေးနှုန်းက အခြေခံတည်ဆောက်ခြင်းဆေးလုံးထက် အများကြီးသာတယ်။
တတိယတစ်ခုက အခြေတည်ဝိညာဉ်အဆင့်ဆေးလုံး (မပြည့်စုံ)။
ကံမကောင်းစွာနဲ့ပဲ...
ဒီဆေးလုံးနည်းစနစ်က မပြည့်စုံဘူး။ မဟုတ်ရင် သူ့ရဲ့ဆေးပညာက လုံလောက်သရွေ့ ဒီဆေးလုံးနည်းစနစ်နဲ့ အခြေတည်ဝိညာဥ်အဆင့်ဆေးလုံးကိုတောင် ဖော်စပ်နိုင်မှာဖြစ်တယ်။
အခြေတည်ဝိညာဉ်အဆင့်ဆေးလုံးရဲ့ တန်ဖိုးကတော့ ပိုပြီးတောင် မဖြစ်နိုင်လောက်အောင် ကြီးမားတယ်။ တာအိုပုံဖော်ခြင်းဆေးလုံးနဲ့ လုံးဝ နှိုင်းယှဉ်လို့မရဘူး။ ဘာလို့လဲဆိုတော့ အခြေတည်ဝိညာဉ်အဆင့်ဆေးလုံးက အမြူတေဖွဲ့စည်းခြင်းအဆင့်က ကျင့်ကြံသူတစ်ယောက်ကို အခြေတည်ဝိညာဥ်ကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးဖြစ်တယ်။
ချီမင်ရဲ့ အစီအစဉ်က ဆေးဆရာတစ်ယောက်ဖြစ်လာပြီး အခြေခံတည်ဆောက်ခြင်းဆေးလုံးနဲ့ တာအိုပုံဖော်ခြင်းဆေးလုံးတွေကို ဖော်စပ်ဖို့ဖြစ်တယ်။။ ဒီဆေးလုံးနှစ်မျိုးကိုပဲ ရောင်းရင်တောင်၊ ဒီဆေးလုံးနှစ်မျိုးရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်လိုအပ်ချက်အရ ဒါက အရမ်းတည်ငြိမ်တဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာမှာဖြစ်တယ်။
ဆေးဆရာတွေအပြင် လက်နက်ပြုလုပ်ခြင်းဆရာတွေလည်း ရှိသေးတယ်။
လက်နက်ပြုလုပ်ခြင်းဆရာတွေကလည်း ဝိညာဉ်ကျောက်တုံးအမြောက်အမြား ရှာဖွေနိုင်တယ်။ ပြီးတော့ သူတို့က အသက်အန္တရာယ်စွန့်စားစရာလည်း မလိုဘူး။ ဒီလူနှစ်မျိုးက နောက်ကွယ်မှာနေပြီး ဆေးလုံးတွေ ဒါမှမဟုတ် လက်နက်တွေပဲ ပြုလုပ်နေရုံဖြစ်တယ်။။ ဒါကြောင့် ချီမင်က အရမ်း စိတ်ဝင်စားနေတယ်။
“ဒီတစ်ခေါက် ငါ အများကြီးရလိုက်တယ်။”
ချီမင်က ပြောတယ်၊ “ငါ့အတွက် အသုံးဝင်တဲ့ ဒီပစ္စည်းသုံးမျိုးကလွဲရင် တခြားရတနာတွေ၊ ဆေးလုံးတွေ၊ သိုင်းနည်းစနစ်တွေ၊ အစီအရင်ပြားတွေ၊ ကုန်ကြမ်းတွေနဲ့အရင်းအမြစ်အမျိုးမျိုးက အခြေခံအားဖြင့် အသုံးမဝင်ဘူး။ ငါ့မှာ အမြူတေဖွဲ့စည်းခြင်းအဆင့် ရတနာတစ်ခုရှိရင်တောင် ငါ့အတွက် သိပ်အသုံးမဝင်ဘူး။”
“သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အောင်မြင်စွာ ပြုလုပ်ပြီးသွားတဲ့အထိ စောင့်လိုက်တာနဲ့တင် ဒီ မှော်လက်နက်တွေကိုငါမလိုအပ်တော့ဘူး။”
“ဒါကြောင့် ဟော့ချန်ချင်းက ဒီပစ္စည်းတွေကိုတိမ်စိမ်းဈေးမှာ ဝိညာဉ်ကျောက်တုံးအများကြီးနဲ့ ရောင်းလို့ရတယ်။”
“နောက်တစ်ခုက ဝိညာဉ်ကျောက်တုံးတွေ။”
ချီမင်က ဆက်ပြောတယ်၊ “ငါ နတ်ဆိုးကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ဘယ်လောက်သတ်ခဲ့လဲတော့ အတိအကျ မရေတွက်ထားဘူး၊ ဒါပေမဲ့ အမြူတေဖွဲ့စည်းအဆင့်က တော်တော်များများပါတယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့်က ပိုတောင်များသေးတယ်။”
“စုစုပေါင်း အဆင့်နိမ့်သိုလှောင်အိတ် ၈၅ အိတ်၊ အလယ်အလတ်အဆင့်သိုလှောင်အိတ် တစ်အိတ်၊ ပြီးတော့ အဆင့်ညံ့သိုလှောင်အိတ် ၃၈၀။”
“အားလုံးပေါင်းရင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅၉,၈၅၀,၀၀၀ ရှိတယ်။ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၀၉,၂၃၀ ရှိတယ်။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတော့ မရှိဘူး။”
“မဆိုးဘူး၊ မဆိုးဘူး။”
ချီမင်ရဲ့မျက်နှာက အပြုံးတွေနဲ့ ပြည့်နေတယ်။
ပုံမှန်အားဖြင့် အမြူတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် နတ်ဆိုးကျင့်ကြံသူ ဒါမှမဟုတ် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ရဲ့ စုစုပေါင်းတန်ဖိုးက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ကနေ ၂၀,၀၀၀ လောက်ရှိတယ်။ အမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်နတ်ဆိုးကျင့်ကြံသူနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကျတော့ သူတို့ရဲ့တန်ဖိုးက ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားအထိ တက်သွားတယ်။
အလယ်အလတ်အတင့်ဝိညာဉ်ကျောက်တုံးတစ်တုံးက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာနဲ့ ညီမျှတယ်။
“အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး တစ်သောင်းသုံးပြီး တတိယမြောက် အလိုအလျောက် ကျင့်ကြံခြင်း နေရာလပ်ကို အသက်သွင်းမယ်။” ချီမင်က ပြောလိုက်တယ်။
တီး!
“တတိယမြောက် အလိုအလျောက် ကျင့်ကြံခြင်း နေရာလပ်ကို အောင်မြင်စွာ အသက်သွင်းပြီးပါပြီ!”
ဒါ့အပြင်...
နောက်ရက်အနည်းငယ်အတွင်းမှာ ရှူတောင်ဓားဂိုဏ်း ဂိမ်းမြေအောက်စခန်းကို အကြိမ်အနည်းငယ် ရှင်းလင်းခဲ့ပေမယ့် ကောင်းတဲ့ဆုလာဘ်တွေတော့ မရဘူး။ သာမန်ပစ္စည်းတွေ၊ အရင်းအမြစ်တွေနဲ့ ဝိညာဉ်ကျောက်တုံးတွေပဲ ရတယ်။ ချီမင်က အဲဒါတွေကို ဒီပစ္စည်းတွေနဲ့အတူ ရောင်းပစ်ဖို့ စီစဉ်ထားတယ်။
“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းသွင်းပြီး သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို လေ့ကျင့်မယ်။” ချီမင်က ပြောလိုက်တယ်။
တီး!
“အဆတစ်သောင်းမြှင့်တင်မှုအောက်မှာ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို လေ့ကျင့်နေသည်...”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
ချီမင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျော်ဖြတ်ပြီး တော့အမြင့်ဆုံးဆတိုးမှုက အဆတစ်ထောင်ကနေ အဆတစ်သောင်းအထိ တိုးလာတယ်။ ဒါပေမဲ့ လိုအပ်တဲ့ဝိညာဉ်ကျောက်တုံးတွေက ပိုပြီးများလာတယ်။
“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းထည့်ပြီး သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို လေ့ကျင့်မယ်။” ချီမင်က ပြောလိုက်တယ်။
တီး!
“သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေက အဆတစ်သောင်းမြှင့်တင်မှုအောက်မှာ လေ့ကျင့်နေသည်...”
နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။
“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းသွင်းပြီး ကမ္ဘာဖျက်ဆီးဓားကို လေ့ကျင့်မယ်။” ချီမင်က ဆက်ပြောတယ်။