← Chapters

အခန်း (၆၆၁)

Vol. 45 Ch. 661

အခန်း (၆၆၁)

Vol. 45 Ch. 661

ချောင်အာအတွက်တော့ မြေအင်မော်တယ်၏မျက်လုံးများက အလွန်နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုရေကန်၏ အတွင်းထဲတွင်တော့ အလွန်တောက်ပသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာနေခဲ့၏။ သူ့အကြည့်က ဗလာဖြစ်နေပြီး မျက်လုံးထဲတွင် အသက်စွမ်းအင်များ ကင်းမဲ့နေခဲ့သည်။ ထိုသို့ဆိုရာတွင် မျက်လုံးထဲမှနေ၍ လျှပ်စီးကြောင်း(၂)ခု ထွက်ပေါ်လာနေသေး၏။

သူမက ထိုမျက်လုံးများကို စိုက်ကြည့်လိုက်ရုံနှင့် လျှပ်စီးကြောင်းနှင့် တိုက်ခိုက်ခံရတော့မလို ခံစားနေရ၏။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ထုံကျင်သွားသည့်အပြင် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည့်အတွက် သူမက အတွင်းအားများကို အသက်သွင်း၍ ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့ချေ။

"သေဆုံးသွားတာ နှစ်ပေါင်း(၁)သောင်းကျော်လောက် ရှိနေတဲ့ မြေအင်မော်တယ်ရဲ့ ရုပ်အလောင်းက သိုင်းသခင်တစ်ယောက်ရဲ့ ပင်မဝိညာဉ်မရှိဘဲ မျက်လုံးပွင့်လာတာလား။ ဒါက အလောင်းဆီကနေ ရုတ်တရက် လှုပ်ရှားလာတာမျိုးလား…"

ချောင်အာက အလွန်တုန်လှုပ်သွားခဲ့ပြီး လှုပ်ရှားနိုင်ခြင်းပင် မရှိခဲ့ပေ။ သူမ၏ခေါင်းထဲတွင်လည်း များပြားသောအတွေးများ ထွက်ပေါ်လာပြီး သူမက သေဆုံးသွားသော ကြောက်မက်ဖွယ်ရာ ရှင်ဘုရင်များ၏ ဒဏ္ဍာရီပုံပြင်များကို ပြန်လည်စဉ်းစားနေမိခဲ့၏။

အကယ်၍ သူတို့၏ စွဲလမ်းမှုကိုသာ အဆုံးမသတ်နိုင်လျှင် သူတို့ချန်ထားခဲ့သော ဓမ္မကာရအဆင့် ရုပ်အလောင်းက ရုတ်တရက် လှုပ်ရှားလာနိုင်ချေရှိသည်။ သို့သော် ထိုအရာမျိုးက မတော်တဆ ပေါ်လာနိုင်ခြင်းမျိုးသာ ဖြစ်၏။ သူတို့ဆီတွင် နောက်ထပ် အသိဉာဏ်တစ်ခု မွေးဖွားလာနိုင်ပြီး ယခင်ဘဝမှ အသိပညာများကိုလည်း အသုံးပြု၍ ရနိုင်သေးသည်။

ထို့နောက် ခန္ဓာကိုယ်က လူသစ်တစ်ယောက်အဖြစ် လုံးဝကို ပြောင်းလဲသွား၏။ ထိုအရာက ရှေးဟောင်းအင်အားစုများ၏ အစွမ်းကို အခြေပြုထားသည်ဟုလည်း ပြောကြသည်။

လူတစ်ယောက်၏ သေဆုံးမှုကို ဆွဲဆန့်နိုင်သော နည်းလမ်းများစွာကလည်း ထိုအတွေးကို ဖွံ့ဖြိုးလာအောင် ကြိုးစားခဲ့ကြခြင်းလည်း ဖြစ်သည်။ သို့သော် ယခုအချိန်ထိ လူတစ်ယောက်မျှ အောင်မြင်ခဲ့ကြခြင်း မရှိချေ။

"တံခါး ပွင့်လာပြီ ... တံခါးပွင့်လာပြီ…"

ခရမ်းလျှပ်စီးကြောင်း မြေအင်မော်တယ်က အက်ရှရှလေသံဖြင့် ပြောလိုက်၏။ ပုပ်ပွနေသော အသားအရေများကြောင့် သူ့အသံက ကြားသာရုံသာ ရှိသည်။ ထိုအသံတွင် အသက်စွမ်းအင် အငွေ့အသက် အနည်းငယ်ပါဝင်နေပြီး နှစ်ပေါင်း(၁)သောင်းကျော် စောင့်ဆိုင်းနေခဲ့သလို ထင်မှတ်ရ၏။

"တကယ်ပဲလား.။ သူ့ရဲ့စွဲလမ်းမှုတွေက အခုအချိန်ထိတောင် ပျောက်ကွယ်မသွားတဲ့အထိ အစွမ်းထက်နေတာလား…"

ချောင်အာဆီ၌ ထိုအတွေးမျိုး ပေါ်လာခဲ့သည့်အချိန်တွင် ခရမ်းလျှပ်စီးကြောင်း မြေအင်မော်တယ်က ရေခဲမျက်လုံး၏ အတွင်းပိုင်းထဲကို ရုတ်တရက် ဝင်သွားကြောင်း တွေ့လိုက်ရသည်။

တခြားကမ္ဘာကြီး၏ ရတနာသိုက်ထဲတွင် ...

အေးစက်သောရေများက လူတစ်ယောက်၏ ရင်ဘတ်ပေါ်နေသည့် အခြေအနေမျိုးထိ နက်ရှိုင်းနေခဲ့သည်။ မျက်နှာပြင်၏ အောက်ဘက်တွင်တော့ ထူးခြားသောအပင်များစွာ ပေါက်ရောက်နေခဲ့၏။

သို့သော် ဤနေရာတွင် ရှိနေသော အဆောက်အဦးများကဲ့သို့ ထိခိုက်မှုများအားလုံးက ပျက်စီးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့နှင့် ပတ်သက်သော ခြေရာလက်ရာများသာ ကျန်နေခဲ့သည်။ ကောင်းကင်ကြီးကလည်း မြင့်မားမှုမရှိဘဲ အများဆုံး မီတာ(၃၀၀)ခန့်သာ ရှိမည်ဟု မုန့်ချီက ခန့်မှန်းတွက်ချက်မိခဲ့သည်။ လေထဲတွင် ရှိနေသော လမင်းကြီးကိုလည်း ထိတွေ့၍ မရနိုင်ပေ။ ထိုအရာက လေဟာနယ် အလွှာပေါင်းများစွာကို ထိုးဖောက်လာသော ပုံရိပ်ယောင်တစ်ခုပမာ ထင်မှတ်ရသည်။

အဝေးတွင်တော့ အနက်ရောင်ခန်းမကြီးတစ်ခုက ကြောက်စရာ မှော်သားရဲကြီးတစ်ကောင်ကဲ့သို့ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူ၏တံစက်မြိတ်ကို တိုင်လုံးများနှင့် ထောက်ပံ့ထားပြီး သစ်သားများနှင့် အချင်းချင်း ချုပ်နှောင်ထားသည်။ သို့သော် ထိုအရာများနှင့် သီးခြားစီ ဖြစ်နေခဲ့၏။

မုန့်ချီက ချက်ချင်းပင် ပျံသန်းသွားခဲ့ပြီး ခန်းမကြီး၏အနားသို့ မရောက်ခင် တစ်ကိုယ်လုံး အေးစက်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ ခန်းမကြီး၏ အောက်ဘက်တွင်တော့ ရေခဲများကြောင့် အေးခဲသွားစေနိုင်သော ရေလှိုင်းလေးများဖြစ်၏။

ရေခဲများ၏ အတွင်းပိုင်းထဲကို သွားလေလေ မြင်ကွင်းက ပို၍ဝေဝါးလာလေလေ ဖြစ်သည်။ အတွင်းဆုံးနေရာတွင်တော့ လူလုပ်တွင်းပေါက်တစ်ခုရှိပုံရပြီး ထိုအရာက ရှင်းပြ၍ မရနိုင်သော နေရာတစ်ခုနှင့် ဆက်သွယ်ထားသည်။

ထိုတွင်းပေါက်ထဲမှနေ၍ အပြာရောင်ရေခဲစီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ အသေးစိတ်စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုမြင်ကွင်းမျိုးက အနက်ရောင်ခန်းမကြီး၏ ပတ်ပတ်လည်တွင် အကြိမ်ကြိမ် ဖြစ်ပေါ်နေကြောင်း သတိထားမိခဲ့သည်။ ရေစီးကြောင်းများက အေးခဲသွားခဲ့ပြီး ဖျက်ဆီး၍ မရနိုင်သော အခြေအနေတစ်ခု ပေးနေခဲ့သည်။ အအေးဓာတ်ကလည်း အရိုးထဲထိအောင် စိမ့်ဝင်လာနေခဲ့၏။

သူက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ကို လေ့ကျင့်ထားပြီး ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း သူ၏သွေးကြောများအားလုံးက အေးခဲသွားသလို ခံစားနေရသေးသည်။

ရေခဲများ၏ အတွင်းပိုင်းထဲတွင်တော့ ရေခဲအပိုင်းအစများစွာ ပြန့်ကြဲနေခဲ့သည်။ ထိုအပိုင်းအစများက ရေခဲစွမ်းအင်များကို ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ဆုံးရှုံးနေရ၏။ သို့သော် မျက်လုံးကောင်းသူတိုင်းက ထိုအရာများကို ချက်ချင်းပြောနိုင်ပါလိမ့်မည်။

"နတ်ဘုရားလက်နက် အပိုင်းအစတွေ ..."

မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခု အလိုလို ပေါ်လာခဲ့၏။

သူက အနက်ရောင်ခန်းမကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်သည့်အချိန်တွင် ထိုနေရာ၌ လောင်ကျွမ်းနေသော အငွေ့အသက်များ ဖုံးလွှမ်းနေကြောင်း နားလည်သွားပြီး ယခုတော့ ထိုအငွေ့အသက်များက အေးခဲနေခဲ့၏။ ခန်းမကြီးကတော့ တောင်တစ်တောင်ကဲ့သို့ တည်ငြိမ်နေခဲ့သည်။

"အရင်တုန်းက ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်က ဒီရတနာသိုက်ကို ရှာတွေ့ခဲ့ပေမယ့် သူ့ရဲ့နတ်ဘုရားလက်နက်ကို ဖျက်ဆီးခဲ့တာတောင် ဒီကမ္ဘာကြီးကိုဖွင့်ဖို့ မအောင်မြင်ခဲ့တာလား ဒါမှမဟုတ် တံဆိပ်ကိုဖွင့်ဖို့ မအောင်မြင်တဲ့အချိန်မှာ အတွင်းရေးပဋိပက္ခတွေ ဖြစ်ခဲ့တာလား ..."

မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာပြီး သူတွေ့နေရသော ခြေရာလက်ရာများကို အခြေခံ၍ ဖြစ်နိုင်ခြေများကို သုံးသပ်ကြည့်နေခဲ့သည်။ ခြေရာလက်ရာ အနည်းငယ်ကသာ အသုံးဝင်နေသေးသည်မှာ ကံဆိုးသွား၏။ ထို့ကြောင့် သူက အတင်းအကျပ် ကောက်ချက်ချနေရသည်။

အကြမ်းဖျင်း သုံးသပ်ကြည့်လိုက်ပြီးနောက် မုန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"ကျန်းဝူဂိုဏ်းနဲ့ ကျိကျန်းဓားစံအိမ်က ဘိုးဘေးတွေက အဲဒီလျှို့ဝှက်ရတနာသိုက်(၂)ခုကို ရယူခဲ့တဲ့အချိန်မှာ အန္တရာယ်တွေ ကြုံခဲ့ရပေမယ့် အခြေအနေတွေက တံဆိပ်ကို မဖွင့်နိုင်လောက်တဲ့အထိ အရမ်းဆိုးရွားနေတာ မဟုတ်လောက်ဘူး။ အဲဒီအချိန်တုန်းက သူတို့ဆီမှာ ဓမ္မကာရအဆင့် ပညာရှင်တွေတောင် မရှိခဲ့ဘူး။ ဒါဆိုရင် ဘာလို့သူတို့က ဒီလိုမျိုးဖြစ်ရတာလဲ ..။ ဓမ္မကာရအဆင့် ပညာရှင်တွေက ဒီကမ္ဘာကြီးထဲကို ထိုးဖောက်လာနိုင်ပြီး ပိုပြီးအစွမ်းထက်တဲ့ ပညာရှင်တွေကတောင် ကျရှုံးသွားရသလား…"

ထိုအရာကတော့ သံသယပေါင်းစုံကို ဖိတ်ခေါ်လိုက်သလို ဖြစ်နေခဲ့သည်။ သူက အဖွဲ့(၂)ဖွဲ့၏ နောက်ကြောင်းကို စဉ်းစားနေသည့်အချိန်တွင် တစ်စုံတစ်ခုကို တွေးမိသွား၏။

"ကျန်းဝူအင်ပါယာ ချန်ထားခဲ့တဲ့ လျှို့ဝှက်အခန်းတွေက နှစ်ပေါင်း(၂)သိန်း၊ (၃)သိန်းလောက် သက်တမ်းရှိပြီ။ ဒါပေမဲ့ အခန်း(၂)ခန်းလုံးကို ရှာတွေ့ခဲ့တဲ့အချိန်က နှစ်ပေါင်း(၅)ထောင်တောင် မရှိသေးဘူး။ အဲဒါက အလယ်ခေတ်မှာလို့ ပြောလို့ရတယ်။ နတ်ဆိုးဗုဒ္ဓကြောင့် ကမ္ဘာကြီးထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပြီး ကျန်းဝူအင်ပါယာရဲ့တံဆိပ်က သိသိသာသာ အားနည်းသွားတာ များလား။ ဒါကြောင့်လည်း ရှေးခေတ်နဲ့အလယ်ခေတ်မှာ နောက်ဆုံးကျန်နေတဲ့ ဓမ္မကာရအဆင့်ပညာရှင်တွေတောင် မဖွင့်နိုင်တဲ့ တံဆိပ်ကို ဝေ့ကျင်းအဆင့် ပညာရှင်တွေက ဖွင့်လှစ်နိုင်ခဲ့တာလား..."

သူကတော့ ပျက်စီးနေသော နတ်ဘုရားလက်နက်များ၏ အငွေ့အသက်များကို အခြေခံပြီး တွက်ဆကြည့်လိုက်သည်။ ဤနေရာသို့ နောက်ဆုံးတစ်ကြိမ် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ကျူးကျော်ဝင်ရောက်လာခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်း(၁)သိန်းခန့်အကွာတွင် ဖြစ်နိုင်သည်။

"ဒါမှမဟုတ် ဒီနေရာမှာ ဖုံးကွယ်ထားတဲ့ လက်နက်တွေက တခြားလျှို့ဝှက်အခန်း(၂)ခုထက် ပိုပြီးတော့ တန်ဖိုးရှိနေတာများလား ... "

မုန့်ချီက အနက်ရောင်ခန်းမ၏ ဝင်ပေါက်ဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့ပြီး ကျန်းဝူအင်ပါယာ သင်ကြားပေးခဲ့သော ဂါထာကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ သူက တံဆိပ်နည်းလမ်းကိုလည်း အသုံးပြုလိုက်ပြီး သူ၏ အငွေ့အသက်များကို လှုံ့ဆော်လိုက်၏။ ထို့နောက် သူက တံခါး၏ဘေး(၂)ဖက်ကို လက်ဝါးနှင့် ဖိလိုက်သည်။

ထိုအခါအလင်းရောင်များ ထွက်ပေါ်လာပြီး ဆန်းကြယ်လိပ်နှင့် မြွေပျံတို့ဆီသို့ စုစည်းသွားခဲ့၏။ သူတို့က အထွဋ်အမြတ်ယင်နှင့် ယန်စွမ်းအားများအဖြစ် ပေါင်းစပ်သွားခဲ့ပြီး လိပ်နက်ပုံသဏ္ဍာန် ဖွဲ့စည်းလာခဲ့သည်။ ဤကမ္ဘာကြီး ပြိုကျသွားမည်ဆိုလျှင်ပင် တံခါးပေါ်တွင် ရှိနေသော တံဆိပ်ကို ဖျက်ဆီးရန် မလုံလောက်သလို ထင်ရသည်။

သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သော်လည်း မူမမှန်သည့်အရာတစ်ခုမျှ မတွေ့ရပေ။ လက်ဖဝါးကို ရိုက်လိုက်သည့်အချိန်တွင် အဖြူ၊အနက်အလင်းရောင်များ ထွက်ပေါ်လာပြီး လိပ်နက်က တစ်စစီ ပျက်စီးသွားခဲ့၏။ ထို့နောက် တံခါးက တိတ်တဆိတ်ပွင့်လာခဲ့သည်။

ကျန်းဝူအင်ပါယာ၏ လမ်းညွှန်မှုကြောင့် မည်သည့်တံဆိပ်ကမျှ မုန့်ချီအတွက် ပြဿနာတစ်ခု မဖြစ်နိုင်ခဲ့ပေ။ တံခါးက ဖြည်းညင်းစွာ ပွင့်လာပြီးနောက် မုန့်ချီ ပထမဆုံး မြင်လိုက်ရသည်မှာ အနက်ရောင်ကြမ်းခင်းများ ဖြစ်သည်။ ထိုကျောက်ပြားများက အနက်ရောင်ရေများနှင့် ဖန်တီးထားသလို ထင်မှတ်ရ၏။

သူက အတွင်းထဲသို့ လျှောက်သွားသည့်အချိန်တွင် စားပွဲခုံ(၃)ခုကို တွေ့လိုက်ရသည်။ သူတို့ထဲမှ နှစ်ခုကတော့ ဘေးဘက်တွင် ရှိနေခဲ့၏။ အလယ်၌ ရှိနေသော စားပွဲပေါ်တွင်တော့ အစိမ်းရောင် သစ်ရွက်(၉)ခု ရှိနေသော သစ်ပင်ငယ်လေးတစ်ခု ရှိနေသည်။ သူ၏အသက်စွမ်းအင်များက အတွင်းထဲတွင် ပျောက်ကွယ်နေပြီး လအလင်းရောင်များကလည်း မှေးမှိန်နေခဲ့သည်။

ခန်းမကြီးထဲတွင် တာအိုအငွေ့အသက်များ ပျံ့နှံ့နေပြီး မုန့်ချီက ထိုအငွေ့အသက်ကို အလွန်ရင်းနှီးနေခဲ့သည်။ ချက်ချင်းဆိုသလိုပင် ထိုသစ်ပင်လေးက ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်၏ ပဉ္စမသိုင်းကွက် တာအိုလောက ဟူသောအရာဖြစ်ကြောင်း နားလည်သွားခဲ့၏။

ထို့နောက် သူက ဘယ်ဘက်ခြမ်းကို လှည့်ကြည့်လိုက်ရာ စားပွဲပေါ်တွင် ပစ္စည်း(၃)မျိုးတင်ထားခဲ့သည်။ တစ်ခုချင်းဆီကို စိမ်းပြာရောင် ကျောက်စိမ်းသေတ္တာထဲတွင် ပိတ်လှောင်ထားသည့်အတွက် မည်သည့်အရာကိုမျှမမြင်ရပေ။

ပထမဆုံးပစ္စည်းကတော့ အလွန်တောက်ပလွန်းလှသည့်အတွက် မုန့်ချီကပင် မျက်လုံးကန်းမတတ် ဖြစ်သွားခဲ့သည်။ ထိုအရာက အဆုံးမဲ့အငွေ့အသက်များ ထုတ်လွှတ်နေသော နေလုံးငယ်လေးတစ်ခု ဖြစ်သည်။ တံဆိပ်က အပူရှိန်နှင့် မုန်တိုင်းများကို တားဆီးပေးထားခဲ့၏။ ထိုသို့ဆိုရာတွင် သူ၏သိစိတ်က ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။

"မဟာနေမင်း နှလုံးသားလား ... "

နာမည်ကျော် နတ်ဘုရားလက်နက်တစ်ခု သန့်စင်ရန်အတွက် လိုအပ်သော ပင်မပစ္စည်းကို မုန့်ချီက ချက်ချင်း အမှတ်ရသွားခဲ့သည်။

ဒုတိယပစ္စည်းကတော့ အရည်ကဲ့သို့ ထင်မှတ်ရသော အပြာရောင် ရေခဲသလင်းကျောက်ငယ်လေးတစ်ခု ဖြစ်သည်။ ထိုသလင်းကျောက်ထဲမှနေ၍ ရေခဲများ ထွက်ပေါ်လာနေပြီး ထိုအရာက အဆုံးမရှိသော အရင်းအမြစ်များ ပေးနေသလို ထင်မှတ်ရ၏။ သူ၏သိစိတ်ကပင် အေးခဲသွားလုမတတ် ခံစားလိုက်ရပြီး ထိုတံဆိပ်ကိုဖြတ်၍ အာရုံခံကြည့်လိုက်ရုံနှင့် သူ၏အတွေးများက ရုန်းကန်နေရသလို ဖြစ်လာခဲ့သည်။

"ရေခဲမျက်လုံးသလင်းကျောက် ..."

ထိုအရာကလည်း နတ်ဘုရားလက်နက်တစ်ခု သန့်စင်နိုင်သော ပင်မပစ္စည်းတစ်ခု ဖြစ်သည်။

"ချမ်းသာပြီ ... ငါတော့ ချမ်းသာပြီ…"

မုန့်ချီက အလွန်ဝမ်းသာသွားခဲ့၏။

သူက ဒုတိယမြောက်ပစ္စည်းဆီမှ သူ၏သိစိတ်ကို ရုပ်သိမ်းလိုက်ပြီး တတိယမြောက် ပစ္စည်းကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာက အင်းကွက်များနှင့် ဖန်တီးထားသော အနက်ရောင်အဆောင်တစ်ခုဖြစ်သည်။ အဆောင်၏အောက်ခြေတွင်တော့ ရှေးဟောင်းစကားလုံးများ ရေးသားထား၏။

"လေဟာနယ်ထိုးဖောက်ခြင်း ...

လေဟာနယ်ထိုးဖောက်ခြင်း အဆောင်လား…"

မုန့်ချီက ထိုအရာကိုကြည့်ပြီး အကြမ်းဖျင်း သုံးသပ်လိုက်မိသည်။

သူ၏ညာဘက်စားပွဲပေါ်တွင် ရှိနေသော ပထမပစ္စည်းကတော့ ရွှေရောင်ချည်နှင့် ဖန်တီးထားသော ဘူးသီးခြောက်တစ်ခု ဖြစ်သည်။ သူက ထိုအရာဆီမှ ထူးခြားဆန်းကြယ်မှုများကို ခံစားမိခဲ့ခြင်း မရှိချေ။ ထိုဘူးသီးခြောက်၏ တန်ဖိုးက အတွင်းထဲတွင် သိမ်းဆည်းထားသော ဆေးရည်ဖြစ်ပုံရသည်။

ဒုတိယပစ္စည်းကတော့ အသွား(၂)ဖက်ပါ ဓားတစ်ချောင်းဖြစ်ပြီး ထိုအရာကို ကျောက်စိမ်းသေတ္တာထဲတွင် ပိတ်လှောင်ထားခဲ့၏။ အလွန်လေးလံသော ဓားကိုယ်ထည်က အနက်ရောင်ဖြစ်နေပြီး ထိုအရာကို လိပ်ခွံမှ သန့်စင်ထားခြင်းဖြစ်ပုံရသည်။ ထိုဓားက မုန့်ချီကိုနောက်ထပ်စစ်ဆေးခြင်းမှ တားဆီးထားခဲ့၏။

"အဆင့်မြင့် အဖိုးတန်လက်နက် ..."

မုန့်ချီက ခေါင်းညိတ်မိလိုက်ပြီး တတိယပစ္စည်းကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာကလည်း ရှောင်တိမ်းနိုင်သည့် အသွား(၂)ဖက်ပါ ဓားရှည်တစ်ချောင်းဖြစ်၏။ ထိုဓားက ကြယ်တစ်စင်းကဲ့သို့ အလင်းရောင်များ တောက်ပနေခဲ့သည်။ ဓားတစ်ခုလုံးကို ကြယ်မြစ်ကြီးနှင့် ဖန်တီးထားသလို ထင်မှတ်ရ၏။

"ကောင်းကင်မြစ်ဓား…"

ကြယ်ထဲမှ ဆွဲထုတ်ထားသလို ထင်မှတ်ရသော ဓား၏နာမည်ကို မုန့်ချီက ဝိုးတဝါး မြင်လိုက်ရသည်။

"ဒါကလည်း အဆင့်မြင့် ဆန်းကြယ်လက်နက်တစ်ခုပဲ ... "

သူ၏အကျိုးအမြတ်များထဲတွင် အဆင့်မြင့် ဆန်းကြယ်လက်နက်(၂)ခု၊ နတ်ဘုရားလက်နက်ဖန်တီးနိုင်သော ပင်မပစ္စည်း(၂)ခု၊ အသက်ကယ်အဆောင်တစ်ခု၊ ဆေးရည်တစ်ခုနှင့် ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်၏ အမွေအနှစ်တစ်ခုတို့ ပါဝင်နေခဲ့သည်။ မည်သို့စဉ်းစားစေကာမူ ထိုအရာက သူ့အတွက်တော့ အလွန်များပြားသော အကျိုးအမြတ်တစ်ခုဖြစ်၏။

သို့သော် သူက အစောပိုင်းတွင် စဉ်းစားမိခဲ့သော အရာများကြောင့် ပျော်ရွှင်မှုများ ပျောက်ကွယ်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်လိုက်မိ၏။ ကျိကျန်းဓားစံအိမ်နှင့် ကျန်းဝူဂိုဏ်းတို့၏ လျှို့ဝှက်အခန်းများကို ဖွင့်သည့်အချိန်တွင် နတ်ဘုရားလက်နက်များ ပါဝင်နေခဲ့သည်။ ဘာကြောင့် သူက ယခုလို ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရသနည်း။

ကျန်းဝူအင်ပါယာ၏ အလေ့အထအရ အကယ်၍ အရည်အသွေးနည်းပါးလျှင်ပင် နတ်ဘုရားလက်နက်အဆင့်ရှိသော ပစ္စည်းတစ်ခု ရှိနေနိုင်သည်။ မည်သို့ဖြစ်စေကာမူ သူ့ဆီ၌ မြေတိုက်ခန်း(၃)ခု ရှိနေခဲ့၏။ သူက ခေါင်းထဲတွင် စဉ်းစားနေပြီး အစောပိုင်းတွင် ဖြစ်ခဲ့သောအရာများကို ပြန်လည်တွေးတောနေမိခဲ့သည်။ သူက သဲလွန်စများကို စတင်ရှာဖွေနေခဲ့၏။

အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ စွမ်းရည်အပေါ် အခြေခံပြီး နတ်ဘုရားလက်နက် ဟူသည်မှာ သူ ပထမဆုံး သတိထားမိရမည့် အရာတစ်ခုဖြစ်သည်။ ထိုလက်နက်က အလိုလို ပုန်းအောင်းနေခြင်း မဟုတ်လျှင် ရှာတွေ့မည်သာဖြစ်၏။

"ဒီနေရာကို ရောက်လာတဲ့အချိန် ငါ့ရဲ့အာရုံစိုက်မှုကို ခံရတဲ့အရာက ဘာလဲ ... "

ချက်ချင်းပင် သူက ဝမ်းသာသွားခဲ့ပြီး အလယ်စားပွဲကို လှည့်ကြည့်လိုက်သည်။

"အမွေဆက်ခံမှုကို သယ်ဆောင်ထားတဲ့ ဒီအစိမ်းရောင်သစ်ပင်လေးပဲ...။ ဒါက နတ်ဘုရားလက်နက်တစ်ခုကို ယှဉ်နိုင်မယ့် ပစ္စည်းတစ်ခုများ ဖြစ်နိုင်မလား…"

သစ်ပင်ကို သေချာစိုက်ကြည့်လိုက်ရာ သစ်ရွက်တစ်ခုက သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ နောက်ဆုံးတွင်တော့ မုန့်ချီက ကောင်းကင်ဘုံ၊ နေမင်းကြီး၊ ကြယ်တာရာနှင့် ကြယ်မြစ်ကြီးများ ပါဝင်နေသော စကြဝဠာကြီးတစ်ခုကို မြင်လိုက်ရ၏။

နောက်ထပ်သစ်ရွက်တစ်ခု ကျယ်ပြန့်လာသည့်အချိန်တွင် စက်လုံးပုံ ကောင်းကင်ကြီးနှင့် ပြန့်ပြူးသော ကမ္ဘာမြေ၊ ရွှေကျီးကန်းနှင့်ကျောက်စိမ်းယုန်တို့ကို တွေ့လိုက်ရသည်။ သူ၏ပတ်ပတ်လည် လေဟာနယ်ထဲတွင် အလွန်သေးငယ်သော လေဟာနယ်တစ်ခု ထွက်ပေါ်လာခဲ့၏။

သစ်ရွက်များက အလွန်ပါးလွှာပြီး တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည့်အတွက် မုန့်ချီက ထိုသစ်ရွက်များထဲတွင် မတူညီသော စကြဝဠာများကို မြင်နေရသည်။ သစ်ကိုင်းတခုချင်းဆီက သစ်ရွက်(၃)ရွက်ကို ဆက်သွယ်ထားပြီး သစ်ကိုင်းပေါင်းများစွာက ပင်စည်ကြီးကို ဆက်သွယ်ထားသည်။ ထိုအရာက သူမြင်ခဲ့ရသော ကမ္ဘာကြီးများနှင့် ထပ်တူကျလုနီးပါးဖြစ်နေ၏။

ဓားအလင်းတန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ပင်စည်ထဲမှနေ၍ သစ်ကိုင်းထဲသို့ ဝင်သွားပြီး မြောက်များလွန်းလှသော စမ်းချောင်းငယ်လေးများအဖြစ် ကွဲသွားခဲ့သည်။ အလင်းတန်းများက သစ်ရွက်တခုချင်းဆီနှင့် သူ၏စကြဝဠာထဲသို့ ဝင်ရောက်သွားခဲ့၏။ တစ်စုံတခုမျှ လွတ်မြောက်သွားခြင်း မရှိချေ။

"ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်ရဲ့ ပဉ္စမသိုင်းကွက် တာအိုလောက…"

မုန့်ချီက တုန်လှုပ်သွားခဲ့ပြီး ထိုခံစားမှုမှ သူ၏သိစိတ်ကို ရုပ်သိမ်းလိုက်သည်။

သူက ထိုသစ်ပင်လေး၏ ထူးခြားသော အရည်အသွေးကို တဖြည်းဖြည်း နားလည်လာခဲ့၏။ ထိုသစ်ပင်လေးထဲတွင် ကမ္ဘာကြီး၏ ဆန်းကြယ်မှုများပင် ပါဝင်နေပုံရသည်။

"ကျန်းဝူအင်ပါယာက ဒါကို အမွေအနှစ်ဆက်ခံတဲ့ပစ္စည်းသက်သက်ပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား။ ဒါက တာအိုဘိုးဘေးဆီကနေများ ရထားတာ ဖြစ်နိုင်မလား…"

ခေါင်းထဲ၌ အတွေးပေါင်းစုံ စဉ်းစားနေသည့်အချိန်တွင် မုန့်ချီက ရှေ့ကို တစ်လှမ်းတိုးရန် ကြိုးစားပြီး အမွေအနှစ်များကို စုပ်ယူရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် သူ့နောက်ကျော‌၌ အန္တရာယ်များသော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။ ထိုအန္တရာယ်က အဆပေါင်းများစွာ ပြင်းထန်နေသည်။ မုန့်ချီက စဉ်းစားနေခြင်းမရှိဘဲ လက်တစ်ဖက်တွင် ဓားမောက်ကို ကိုင်ပြီး တခြားလက်တစ်ဖက်တွင် နတ်ဆိုးသုတ်သင်ရေးအလံတို့ကိုကိုင်၍ ဘေးဘက်ကို စောင်းလိုက်သည်။

တံခါးပေါက်တွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ့ပုံစံက ရှေးဟောင်းအဝတ်အစားနှင့် ဦးထုပ်ရှည်ကို ဝတ်ဆင်ထား၏။ သူ၏မျက်လုံးထဲတွင် လျှပ်စီးကြောင်းများ တောက်ပနေပြီး အရေပြားပေါ်တွင် အပြာရောင်သလင်းကျောက်များ လွှမ်းခြုံနေခဲ့သည်။

မုန့်ချီ၏အာရုံထဲတွင်တော့ ထိုလူ၏ အသွေးအသားများက အသက်စွမ်းအင်များနှင့် လှုပ်ရှားနေပြီး ထိုလူဆီတွင် ရှိနေသော စွမ်းအားများက အလွန်ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်နေသကဲ့သို့ ထင်မှတ်ရသည်။

"ဒီလူသာ သူ့ရဲ့အထွဋ်အထိပ်မှာ ရှိနေရင် သူ့ရဲ့သွေးတစ်စက် ဒါမှမဟုတ် ဆံပင်မွှေးတစ်ချောင်းနဲ့တောင် ငါ့ကို သတ်ပစ်နိုင်တယ် ..."

မုန့်ချီ၏စိတ်ထဲ၌ ထိုအတွေးပေါ်လာသည့်အချိန်တွင် ထိုလူ၏ရေရွတ်သံကို ကြားလိုက်ရသည်။

"တံခါးပွင့်ပြီ ... တံခါးပွင့်ပြီ…"

ထိုလူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး သူက မိုးကြိုးသန်းပေါင်းများစွာကို စုစည်းထားသည့်အလား ခန္ဓာကိုယ်တစ်ခုလုံးက ခရမ်းရောင်ပြောင်းလဲသွာသည်။ အလွန်‌ကြောက်စရာကောင်းသော အစွမ်းက မုန့်ချီ၏သိစိတ်ကိုပင် လှုပ်ရှားစေနိုင်သော ဖိအားကြီးတစ်ခုပေးနိုင်၏။ သူက တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

"မြေအင်မော်တယ်ရဲ့ ရုပ်အလောင်းလား ..."

မုန့်ချီက ထိုလူကို ကြည့်နေရင်း သစ်ပင်ငယ်လေးဆီသို့ ဖြည်းဖြည်းချင်း ကပ်သွားခဲ့သည်။

ထိုအရာကို မြင်သည့်အခါ မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံကို အသက်သွင်းရန် ဆုံးဖြတ်ချက်ချလိုက်၏။ အနက်ရောင်အရည်များ စုစည်းလာပြီး အနီရောင်မြူခိုးများက လေထဲတွင် စတင်ပြည့်နှက်လာခဲ့သည်။

ရေအလင်းတန်းများက ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ထိုလူဆီကို ရောက်သွားခဲ့၏။ ထိုအရာက လျှပ်စီးကြောင်းသန်းပေါင်းများစွာ ထုတ်လွှတ်တော့မည့် ထိုလူကို ဝါးမြိုသွားတော့မည်ဖြစ်သည်။

အတွင်းထဲတွင် ရှိနေသော အငွေ့အသက်များနှင့်အတူ သစ်ပင်ငယ်လေးကလည်း အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်၏။ ထိုအချိန်တွင် အလွန်နက်နဲပြီး ထူးခြားသော အငွေ့အသက်တစ်ခုက ကောင်းကင်ကြီးပေါ်သို့ လွှမ်းခြုံသွားခဲ့ပြီး ချောင်မိသားစု တားမြစ်နယ်မြေထဲတွင် ရှိနေသော ဝင်္ကပါကြီးကို ဖောက်ထွက်သွားခဲ့သည်။ သူ့ကို မည်သည့်အရာကမျှ တားဆီးနိုင်ပုံမရချေ။ အစိမ်းရောင်အလင်းတန်းနှင့် အငွေ့အသက်က လေထဲတွင် မီးရှုးမီးပန်းကြီးတစ်ခုပမာ ပေါက်ကွဲသွားခဲ့၏။

ချောင်မိသားစုစံအိမ်ထဲတွင်…

မကောင်းဆိုးဝါးသခင် ဟန်ကွမ်း၏ မျက်လုံးထဲ၌ ဝမ်းသာသွားသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ သူ့မျက်လုံးထဲတွင် အစိမ်းရောင်အလင်းတန်းများလည်း တောက်ပလာခဲ့၏။

သူက ယာယီမှင်တက်သွားခဲ့ပြီး ကောင်းလန်ကို စိုက်ကြည့်လိုက်သည်။ သူက ရုတ်တရက် ရယ်ပြီး ပြောလိုက်၏။

"ဒီအငွေ့အသက်က ဗုဒ္ဓလက်ဝါးနဲ့ တူညီတယ်။ တကယ်လို့ ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်သာ မဟုတ်ရင် ကမ္ဘာဦးတံဆိပ်(၉)မျိုးနဲ့ အလားတူပစ္စည်းတစ်ခုခုဖြစ်ရမယ်။ မင်းက အဲဒါကို သွားပြီးကြိုးစားမကြည့်ဘူးလား.."

ဤကမ္ဘာကြီးထဲတွင် ထိုကဲ့သို့သောအရာကို မမက်မောသည့်သူ အနည်းငယ်သာ ရှိသည်။ ကောင်းလန်က မတ်တပ်ရပ်လိုက်ပြီး လက်နောက်ပစ်လိုက်၏။ သူ၏အမူအရာက အေးစက်နေသေးသည်။

"လောဘကို မထိန်းချုပ်နိုင်ရင် လူတစ်ယောက်က ရည်မှန်းချက်ကြီးတွေကို အောင်မြင်နိုင်မှာ မဟုတ်ဘူး ... "

ထိုအရာကို စဉ်းစားမိသည့်အတွက် သူက သက်ရောက်ခြင်း မခံရပေ။

ဟန်ကွမ်းက လက်ခုပ်တီးပြီး အပြုံးနှင့် ပြောလိုက်၏။

"တကယ်အံ့သြဖို့ကောင်းတယ်။ မင်းကိုယ်တိုင်ပေါ်လာတာနဲ့ မင်းရဲ့လှည့်ကွက်တွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ…"

သူက ရေနွေးခွက်ကိုမြှောက်လိုက်ပြီး ရေနွေးကို သောက်လိုက်သည်။ သူက စံအိမ်အပြင်ဘက်တွင် ရှိနေသောအရာအားလုံးကို မမြင်သလို ထင်မှတ်ရ၏။

…………..

အရှေ့ပင်လယ်၏ အတွင်းပိုင်းထဲတွင် အပြာရောင်လှိုင်းလုံးများ ထွက်ပေါ်လာနေသည်။ ဆံပင်များ ရှုပ်ပွနေသော လူငယ်တာအိုသခင်တစ်ယောက်က လှေငယ်လေးတစ်စီးပေါ်တွင် ထိုင်ပြီး အဝေးမိုးကုတ်စက်ဝိုင်းဆီသို့ အရှိန်ပြင်းစွာ လှော်ခတ်နေခဲ့သည်။

သူက ခေါင်းငုံ့ထားပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။

"ငါ ဘယ်သူလဲ ... ဘယ်သူက ငါလဲ…"

ရုတ်တရက် ဆိုသလို သူက နောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ့ဆံပင်များကလည်း ဖယ်ရှားသွားခဲ့ပြီး အလွန်ချောမောခန့်ညားသော မျက်နှာလေးတစ်ခု ပေါ်လာခဲ့၏။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာခဲ့သည်။

"ငါက အဲဒီအရာကို ဘယ်နေရာမှာ မြင်ခဲ့ဖူးတာလဲ ..."

…………..

အလွန်ကြီးမားသော နှင်းတောင်ကြီးထဲတွင် လှုပ်ရှားမှုကြီးတစ်ခု ပေါ်လာခဲ့ပြီး ကျောက်တုံးကြီးများ ကျဆင်းလာခဲ့၏။ တောင်ထိပ်ကြီးကလည်း အက်ကွဲသွားခဲ့သည်။ ရှေးဟောင်းအုတ်ဂူကြီး(၉)ခုဆီမှ လင်းလက်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး အလင်းတန်းကြီးတစ်ခုအဖြစ် စုစည်းသွားခဲ့၏။ တဖြည်းဖြည်းနှင့် တုန်ခါမှုများက ပျောက်ကွယ်သွားခဲ့လေသည်။

Translated by Hein Htet.

All Chapters