အခန်း (၆၆၃)
Vol. 45 Ch. 663
အင်မော်တယ်များ၏ စိမ်းပြာနန်းတော်ထဲတွင် …
နောက်ဆုံးတွင်တော့ လုံခြုံသောနေရာကို ပြန်ရောက်သွားပြီ ဖြစ်သည့်အတွက် တင်းကြပ်နေသော မုန့်ချီ၏စိတ်များက တည်ငြိမ်သွားခဲ့သည်။ သူက ပြုံးလိုက်ပြီး အစိမ်းရောင် သစ်ပင်ငယ်လေး၊ မဟာနေမင်းနှလုံးသား၊ ရေခဲမျက်လုံးသလင်းကျောက်၊ ကောင်းကင်မြစ်ဓားနှင့် ဆန်းကြယ်လိပ်ဓားတို့ကဲ့သို့ ရတနာများကို ဘိုးဘေးလင်းပေါင်နှင့် ကျန်းကျိဝေတို့ဆီကို ပြလိုက်သည်။
"အကုန်လုံး ဒီမှာရပြီ…"
"ဟမ်..."
သစ်ပင်ငယ်လေးကို မြင်လိုက်ရသည့်အချိန်တွင် ဘိုးဘေးလင်းပေါင်ကဲ့သို့သော ကျင့်စဉ်၊ အဆင့်နှင့် အကျင့်စရိုက်မျိုး ရှိနေသော လူတစ်ယောက်ကပင် အံ့ဩမှုကို ထိန်းချုပ်နိုင်ခြင်း မရှိချေ။ ထိုသစ်ပင်ထဲတွင် ကောင်းကင်လမ်းညွှန်ချက် (၇) သွယ် ပါဝင်နေခြင်းကြောင့် မဟုတ်ချေ။ သူက ထိုဖြစ်နိုင်ခြေကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သူက တွေဝေစွာ ပြောလိုက်၏။
"ဒီသစ်ပင်ငယ်လေးက မရိုးရှင်းနိုင်ဘူး…"
ဘိုးဘေး၏စကားကြောင့် မုန့်ချီက သူ၏သုံးသပ်မှုအပေါ် ပို၍ယုံကြည်လာခဲ့သည်။ သူက ထိုအရာကို စဉ်းစားနေရင်း ပြောလိုက်၏။
"ဒီပစ္စည်းက ဘယ်လောက်ထူးခြားလဲဆိုတာ ပထမဆုံး မြင်လိုက်ရတဲ့အချိန် ဒါက နတ်ဘုရားလက်နက်တစ်ခုလို အရာမျိုးဖြစ်မယ်လို့ ကျွန်တော် တွေးခဲ့မိတယ်။ သေချာစဉ်းစားကြည့်လိုက်တဲ့အချိန် ကျန်းဝူအင်ပါယာက ရတနာတွေအားလုံးမှာ ကျိန်စာတွေ ထားခဲ့ပေမယ့် တန်ဖိုးအရှိဆုံးတစ်ခုမှာ ဘာလို့မထားခဲ့ရတာလဲ…"
"ဖြစ်နိုင်တာက ကျန်းဝူအင်ပါယာရဲ့ အဆင့်မျိုးနဲ့တောင် ဒီသစ်ပင်ငယ်လေးကို ကျိန်စာ မသက်ရောက်နိုင်လို့ ဖြစ်နိုင်တယ်…"
ကျန်းကျိဝေက ကြားဖြတ် ပြောလိုက်၏။
"ဒီသစ်ပင်ငယ်လေးက ကျိန်စာတွေကို ဖယ်ရှားနိုင်တာ ဒါမှမဟုတ် ထောင်ချောက်တွေကို ဖယ်ရှားနိုင်တာလည်း ဖြစ်နိုင်တာပဲ…"
ဘိုးဘေးက တီးတိုးရေရွတ်လိုက်၏။
အကယ်၍ ကျန်းကျိဝေ၏ စကားကသာ အမှန်ဖြစ်နေမည်ဆိုလျှင် ထိုသစ်ပင်ငယ်လေး၏ တန်ဖိုးက တိုင်းတာ၍ပင် မရနိုင်တော့ပေ။ ထိုအရာက နတ်ဘုရားလက်နက်တစ်ခုနှင့် လုံးဝမတူညီသော်လည်း သူက ထိုဖြစ်နိုင်ခြေကို ယူဆနိုင်ခြင်း မရှိချေ။
မုန့်ချီကတော့ ဗုဒ္ဓလက်ဝါး ထွက်ပေါ်လာသည့် အဖြစ်အပျက်နှင့် ယှဉ်ကြည့်ပြီး အစိမ်းရောင် အလင်းတန်းနှင့် အငွေ့အသက် ထွက်ပေါ်လာသည့်အရာကို ပြန်လည်သုံးသပ်၍ တွေးတွေးဆဆ ပြောလိုက်သည်။
"ကျန်းဝူအင်ပါယာရဲ့ လျှို့ဝှက်အခန်း (၃) ခုထဲမှာ (၂) ခုကို ဖော်ထုတ်ပြီးသွားပြီ။ နတ်ဆိုးဗုဒ္ဓရဲ့ဖျက်ဆီးမှုတွေကြောင့် ဒီကမ္ဘာကြီးထဲမှာ ပြောင်းလဲမှုကြီးတွေ ဖြစ်လာပြီး ဝင်္ကပါရဲ့တားဆီးနိုင်စွမ်းတွေက အားနည်းသွားတယ်။ ဒီလျှို့ဝှက်အခန်းက နောက်ဆုံးထိ ကျန်နေခဲ့တယ်ဆိုတော့ အတွင်းထဲမှာ ရှိနေတဲ့ပစ္စည်းတွေက အဖိုးတန်ဆုံးလို့ ဆိုလိုနေတာပဲ။ ဒါကြောင့် ဒီနေရာမှာ ဝင်္ကပါ အများဆုံး ရှိနေပြီး ကျန်းဝူအင်ပါယာက ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးထားခဲ့ရတာ ဖြစ်နိုင်တယ်.."
ဘိုးဘေးလင်းပေါင်က ရတနာများ၏ အဝေးကိုကြည့်လိုက်ပြီး ရတနာတိုက်ထဲသို့ ဝင်ရောက်လာပြီးနောက် မုန့်ချီ မြင်ခဲ့ရသော အရာများကို အသေးစိတ် မေးမြန်းနေခဲ့သည်။ သူက သဲလွန်စတချို့ ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်နေခဲ့၏။
ကျန်းဝူခန်းမ၏ အပြင်ဘက်တွင် ဖြစ်ခဲ့သော အရာအားလုံးကို သေသေချာချာ ရှင်းပြလိုက်ပြီးနောက် မုန့်ချီက ပြောလိုက်သည်။
"ကျွန်တော်က ကျန်းဝူရဲ့ကျေးဇူးကြောင့် ကျိန်စာတစ်ခု ရှိနေတာကို သတိထားမိခဲ့တယ်။ ဒါကြောင့် ကျွန်တော် ခန်းမထဲကို ဝင်သွားခဲ့တဲ့အချိန်မှာ အဲဒီအတွက်ကို အရမ်းကြီးစိုးရိမ်မနေဘဲ ပတ်ဝန်းကျင်ကိုပဲ သေချာစစ်ဆေးခဲ့တာ...။ တကယ်လို့ ကျွန်တော်က ဒီရတနာတွေကို အတည်မပြုနိုင်ဘူးဆိုရင် ကျန်းဝူအင်ပါယာရဲ့ လျှို့ဝှက်ရတနာတိုင်းကို လွဲချော်သွားနိုင်တယ်လေ…”
“ကျွန်တော်က နတ်ဘုရားလက်နက်တစ်ခုမှ ရှာမတွေ့ခဲ့တဲ့အချိန် တော်တော်လေး မှင်တက်သွားမိသေးတယ်။ နတ်ဆိုးသုတ်သင်ရေးဘိုးဘေးက ဒီလောက်ကပ်စေးနည်းပြီး နတ်ဘုရားလက်နက်တစ်ခုမှ ချန်မထားခဲ့တာ တစ်ခုခုတော့ မဟုတ်သေးဘူးလို့ ကျွန်တော်လည်း ခံစားမိတယ်။ တခြားလျှို့ဝှက်အခန်း (၂) ခုကနေ ကျွန်တော်သိထားတဲ့ အချက်အလက်တွေအရ အဖိုးတန်ဆုံးရတနာက ခန်းမရဲ့ အလျှို့ဝှက်ဆုံး အပိုင်းမှာရှိမယ်လို့ သံသယရှိခဲ့တယ်။ ဒါပေမဲ့ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူးလေ။ ကျွန်တော်က ကျိန်စာကို ဖယ်ရှားပြီး ဘာမှမဖြစ်ခင် အဖိုးတန်ဆုံး ရတနာတွေနဲ့ စတင်ဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်က ဒီပစ္စည်းတွေကိုပဲ ရမယ်ဆိုရင်တောင် သိပ်တော့ ခံစားရမှာ မဟုတ်ဘူး…”
“အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ရဲ့အန္တရာယ်ကို စစ်ဆေးနိုင်တဲ့ စွမ်းရည်ကြောင့် ကျွန်တော်က သာမန်အကာအကွယ် မှော်အစွမ်းရှိနေတဲ့ တံခါးကို ဖွင့်နိုင်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်က ပတ်ပတ်လည်ကို ရိုးရိုးရှင်းရှင်း စစ်ဆေးကြည့်လိုက်ပြီးနောက် အဲဒီရတနာတွေရဲ့တန်ဖိုးကို စစ်ဆေးနေရင်း ဒီသစ်ပင်လေးကို တွေ့လိုက်ရတာ...”
“ဒီသစ်ပင်ငယ်လေးထဲမှာ အေးစက်ပြီး အန္တရာယ်ရှိတဲ့အစွမ်းတွေ ကိန်းအောင်းနေတယ်လို့ ခံစားမိတယ်။ ပြီးတော့ ဒီသစ်ပင်ငယ်လေးက သာမန်ပုံစံနဲ့ နားလည်လို့ ရနိုင်ပြီး တခြားအန္တရာယ်ရှိတဲ့ပုံလည်း မပေါ်ဘူး။ ဒါကြောင့် ကျွန်တော်က သစ်ပင်ကို အရင်ဆုံးယူဖို့ တွေးလိုက်ပြီး တစ်နေရာရာမှာ သိမ်းထားချင်ခဲ့တယ်။ ပြီးမှ တခြားပစ္စည်းတွေကို ယူဖို့ စဉ်းစားခဲ့တာ..."
ဘိုးဘေးလင်းပေါင်က ပြုံးလိုက်၏။
"ဒါက တကယ့် မှန်ကန်တဲ့လုပ်ရပ်ပဲ။ ကျန်းဝူအင်ပါယာက မင်းကို ဖြေရှင်းရမယ့် နည်းလမ်းတွေ ပြောပြထားမယ်ဆိုရင်တောင် သတိမထားလို့တော့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သတိထားတာက မင်းရဲ့လုံခြုံမှုကို အာမခံပေးနိုင်တယ်။ ရှေးဟောင်းအင်အားကြီးပညာရှင်တွေနဲ့ ငါတို့ရဲ့ကွာဟမှုက အရမ်းကို ကြီးမားလွန်းတယ်။ ငါတို့က သူတို့ရဲ့အတွေးတွေ ၊ အကျင့်စရိုက်တွေကို ထင်မြင်ချက်ပေးဖို့ တော်တော်လေးလည်း ခက်တယ်။ ဗုဒ္ဓလက်ဝါးသိုင်းကွက်တုန်းက ကျင်းကန်းကျောင်းတော်က ချီစွမ်းအင်လှုပ်ရှားမှုတွေကို အရင်ဆုံး ရှာတွေ့ခဲ့တယ်။ အဲဒါတွေက ပြဿနာမရှိကြောင်း တွေ့လိုက်ရတဲ့အချိန်မှာတောင် ဓမ္မကာရအဆင့် ပညာရှင်တွေက အဲဒီအရာကို စောင့်ဆိုင်းပြီး စစ်ဆေးခဲ့ကြသေးတာပဲ…"
ထို့နောက် ဗုဒ္ဓလက်ဝါးသိုင်းကွက်က ကျင်းကန်းကျောင်းတော်၏ လက်ထဲကို ကျရောက်သွားခဲ့ရသည်။ လမ်းမှားဗုဒ္ဓဂိုဏ်းတစ်ခု ဖြစ်သည့်အတွက် သူတို့က အဝေးကြည့် မျက်လုံးကဲ့သို့သော ထူးခြားဆန်းကြယ်သည့် စွမ်းရည်များကို ဖန်တီးခဲ့သည်။ ထို့ကြောင့် သူတို့က ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို စစ်ဆေးရန် စက္ကန့်ပိုင်းလေးသာ အချိန်ပေးလိုက်ရသည်။
ထိုအတွေးမျိုးနှင့်အတူ ကျန်းကျိဝေက ထပ်ဖြည့်ပြောလိုက်၏။
"အတိအကျပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လျှို့ဝှက်အခန်းက နင့်အတွက် ပြင်ဆင်ပေးထားတာ မဟုတ်ဘူး။ ကျန်းဝူအင်ပါယာက အပူအပင်မဲ့တောင်ကြားကို မသွားခင် အခန်းတွေကို အရင်ဆုံး စီစဉ်ထားခဲ့တာ...။ ပြီးတော့ သူက နတ်ဆိုးသုတ်သင်ရေးအလံကို ချန်ထားခဲ့တာဆိုတော့ နောက်ပိုင်း ရောက်လာတဲ့ ဧည့်သည်တွေက သူ့ရဲ့မကောင်းတဲ့ ရည်ရွယ်ချက်တွေကို မေ့ပစ်နိုင်ပြီး သူ ဖုံးကွယ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ရယူသွားတာလည်း ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ဒီအခန်းက နင့်ကို ဆုလာဘ်အနေနဲ့ ပေးဖို့ စီစဉ်ထားတာ မဟုတ်တာတော့ အသေအချာပဲ။ ဒါက အပြင်လူတွေကို ရတနာတွေ ရမသွားဖို့အတွက် အဓိက အလေးထားတာ...။ အလွှာပေါင်းများစွာမှာ ထောင်ချောက်တွေ ဆင်ထားပြီး ခက်ခဲတဲ့အကာအကွယ် မှော်အစွမ်းတွေအများကြီးကို ချိုးဖောက်ပြီးသွားရင်တောင် ကျိန်စာတွေ ရှိနေသေးတယ်။ လူတစ်ယောက်က အဲဒီလိုလှည့်ကွက်တွေ အများကြီးကို ခုခံနိုင်မှာ မဟုတ်ဘူး…"
"ဟား … ဟား … ဟား ဟား …
ဘယ်လိုပဲဖြစ်ဖြစ် အတွေ့အကြုံတွေ စုစည်းဖို့အတွက် အချိန်လိုတာပဲလေ။ ငါတို့က အလားတူကိစ္စတွေကို ကြုံတွေ့ခဲ့ဖူးတဲ့အတွက် ဒီကိစ္စတွေကို သတိထားနေတာ ကံကောင်းသွားတာပေါ့…"
မုန့်ချီက ကျန်းကျိဝေကို လှည့်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ကြည့်ရတာတော့ နင်တို့ ကျိကျန်းဓားစံအိမ်က သိုင်းသခင်တွေအတွက်လည်း မလွယ်လောက်ဘူး…"
သူမက ရတနာများတွင် ကျိန်စာသင့်နေနိုင်သည့် ဖြစ်နိုင်ချေကို သတိပေးခဲ့ဖူးသည်။ သို့သော် သူကတော့ ထိုအချက်အလက်များကို စိမ်းသက်နေခြင်း မရှိသည့်အတွက် အရေးပါသည်ဟု မသတ်မှတ်ခဲ့ပေ။
ကျန်းကျိဝေက နောင်တရသလို အမူအရာနှင့် သူ့ကို ပြုံးပြလိုက်သည်။
"သိုင်းသခင် ချန်ထားခဲ့တဲ့ မှတ်တမ်းတွေထဲမှာ အသေးစိတ် အချက်အလက်တွေကို ဖော်ပြမထားဘူး။ ဒါပေမဲ့ သူ တစ်ယောက်တည်း မဟုတ်တာတော့ သေချာတယ်။ သူက သူ့ရဲ့မိတ်ဆွေတွေ ၊ ရန်သူတွေနဲ့အတူ လျှို့ဝှက်အခန်းထဲကို ဝင်သွားခဲ့တာ...။ ဒါပေမဲ့ သူတို့တွေထဲမှာ အားအနည်းဆုံးဖြစ်တဲ့ သူတစ်ယောက်ပဲ ရတနာတွေကိုယူပြီး ထွက်လာနိုင်ခဲ့တယ်…"
ဘိုးဘေးက အစိမ်းရောင် သစ်ပင်ငယ်လေးကို ကြည့်လိုက်သည်။
"ငါက ဒီသစ်ပင်နဲ့ ပတ်သက်ပြီး ဘာမှအဖြေရှာလို့မရဘူး…”
“ပြီးတော့ တံခါးကိုဖွင့်ပြီး ရတနာတိုက်ကို မသွားခင် မြေအင်မော်တယ် (၂) ယောက်က တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလိုက်ရတာ...။ ဒါက အရမ်းကို ထူးဆန်းတယ်။ အထူးသဖြင့် မြေအင်မော်တယ်တစ်ယောက်က အရင်မိုးကြိုးနတ်ဘုရားရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်နေတယ်။ ပြီးတော့ သူက သေသွားပြီးတဲ့အချိန်မှာတောင် ဒီလောက် ပြင်းထန်တဲ့စွဲလမ်းမှုတစ်ခု ကျန်နေသေးတယ်…"
မုန့်ချီက အသံတိုးတိုးနှင့် ထပ်ဖြည့် ပြောလိုက်သည်။
"သူက တစ်ခုခုကို သိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့တွေရဲ့ ကြားထဲမှာ တော်တော်လေးကို နက်ရှိုင်းတဲ့ မကျေနပ်မှုတွေ ရှိနေနိုင်တယ်…"
ကျန်းကျိဝေက အကြံပေးလိုက်သည်။
အတိတ်တွင် ဖြစ်ခဲ့သည့်အရာက အလွန်ဝေးကွာနေပြီး ကျန်ရှိနေသော အဖိုးတန်ပစ္စည်းများ အားလုံးကို ချောင်မိသားစုက ယူသွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ ရှင်းလင်းချက်တစ်ခု မစဉ်းစားနိုင်သည့်အတွက် သူတို့ (၃) ယောက်က အသုံးဝင်သော အချက်အလက်များကို ချောင်ရှန်းကျိဆီတွင် မေးမြန်းရန်သာ ဆုံးဖြတ်လိုက်ကြသည်။
"ကျွန်တော်တို့က ဒီသစ်ပင်ကို သံသရာအရှင်သခင်ဆီမှာ စစ်ဆေးကြည့်သင့်လား…"
မုန့်ချီက အကြံပေးလိုက်သည်။
ဆရာကြီးလု သူ့ကို သီးသန့်ပေးထားခဲ့သော သစ်သားရုပ်တုလေးနှင့် မတူဘဲ ထိုသစ်ပင်ကတော့ ကွင်းဆက်တာဝန်ပြီးဆုံးပြီးနောက် ရရှိခဲ့သော အကျိုးအမြတ်များမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သံသရာအရှင်သခင်က ထိုအရာကို သိနေနိုင်သည့်အတွက် စစ်ဆေးကြည့်လိုက်ခြင်းက အနည်းငယ် အဓိပ္ပာယ်ရှိနိုင်၏။ သူတို့က ထိုအခွင့်အရေးကို အသုံးချပြီး သံသရာအရှင်သခင်၏ အတွင်းသတင်းများကို ဖော်ထုတ်၍လည်း ရနိုင်သေးသည်။
"အကြံကောင်းပဲ…"
ဘိုးဘေးလင်းပေါင်က တီးတိုးရေရွတ်လိုက်သည်။
"မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေသေးတာကိုကြည့်ရင် ကျန်းဝူအင်ပါယာက နတ်ဆိုးဗုဒ္ဓခေတ်အထိ အသက်ရှင်နေနိုင်သေးတယ်။ ဒါပေမဲ့ လျှို့ဝှက်အခန်းဆီကို လုံးဝမသွားခဲ့ဘူး။ သူ့ရဲ့မကောင်းဆိုးဝါးဝိညာဉ်ကိုလည်း သူကိုယ်တိုင် မရှင်းခဲ့ဘူး။ ဒါကြောင့် စဉ်းစားကြည့်ရင် တစ်ခုတော့ သေချာတယ်။ ဒါကတော့ သူ့ရဲ့ထာဝရရှင်သန်ခြင်း နည်းလမ်းမှာ ပြဿနာတစ်ခုရှိနေတာပဲ ဖြစ်ရမယ်…"
မုန့်ချီက တီးတိုးပြောလိုက်သည်။
သူက ပိုမီတွင် နေထိုင်သော တော်ဝင်အကြံပေး၏ အခြေအနေကို သုံးသပ်ပြီး ထိုထင်မြင်ချက်ကို ကောက်ချက်ချခြင်း ဖြစ်၏။ သူတို့က ယာယီတိတ်ဆိတ်သွားခဲ့ပြီး အင်မော်တယ်လမ်းကြားထဲတွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးဆီသို့ ပျံသန်းသွား၍ သစ်ပင်လေးကို စစ်ဆေးကြည့်လိုက်သည်။
မုန့်ချီကတော့ တစ်ကိုယ်လုံး တင်းမာနေပြီး သံသရာအရှင်သခင်က စိတ်ဝိညာဉ်လွှဲပြောင်းမှု ရှိနေသော ပစ္စည်းတစ်ခုကို မည်သို့ လုပ်မည်ဖြစ်ကြောင်း သေချာမသိသေးချေ။
သံသရာအရှင်သခင်၏အသံကို ကြားလိုက်ရ၏။
"အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်…"
"အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်လား..."
သူတို့အားလုံးက အချင်းချင်း မရေမရာ ကြည့်လိုက်မိကြသည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော နာမည်တစ်ခု ဖြစ်၏။
"ဒီပစ္စည်းက ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်ရဲ့ ပဉ္စမသိုင်းကွက် ၊ တာအိုလောကသိုင်းကွက်ကို သယ်ဆောင်ထားတယ်…"
ထိုအရာက သံသရာအရှင်သခင် ပြောပြသော အရာသာဖြစ်ပြီး သူ၏တန်ဖိုးနှင့် အသေးစိတ် အချက်အလက်များကို ပြောပြခဲ့ခြင်း မရှိချေ။ သစ်ကိုင်း (၃) ကိုင်း၊ သစ်ရွက် (၉) ရွက်နှင့် သစ်ပင်ငယ်လေးကို စိုက်ကြည့်ပြီး မုန့်ချီကတော့ ဆက်သွယ်နေသော စကြဝဠာကြီးတစ်ခုကို ကြည့်နေရသည့်အလား ခံစားနေရ၏။
သူ၏ခေါင်းထဲတွင် ရှိနေသော အတွေးများကို ဖော်ထုတ်ပြခဲ့ခြင်း မရှိချေ။
"အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်…"
ဘိုးဘေးလင်းပေါင်က သစ်ပင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
"ငါဘာမှမပြောနိုင်သေးဘူး…"
အလွန်လျှို့ဝှက်ဆန်းကြယ်သော သစ်ပင်၏ နာမည်ကို သိလိုက်ရပြီးနောက် မုန့်ချီက ထိုအရာကို အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ ဓမ္မကာရအဆင့် သိုင်းကွက်နှင့် အလဲအလှယ်လုပ်ရန် မသုံးချင်တော့ပေ။
"ဘိုးဘေး …
ကျွန်တော်က ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်ကို အင်မော်တယ်အဖွဲ့သားတိုင်း နားလည်ခွင့်ပေးပြီး ဖရိုဖရဲဝဲကတော့သိုင်းကွက်ကို လဲလှယ်လို့ ရနိုင်မလား…"
သူက အပြုံးနှင့် မေးလိုက်သည်။
ဖရိုဖရဲဝဲကတော့ဟူသည်မှာ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ ဓမ္မကာရအဆင့် သိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။ ဗောဓိမျက်လုံးက သူ၏ခက်ခဲမှုကြောင့် သင်ကြားရန် မလွယ်ကူသည့်အတွက် မုန့်ချီက ထိုအရာကို အချိန်အတိုင်းအတာတစ်ခုအထိ စဉ်းစား၍ မရနိုင်သေးပေ။
"သေချာပေါက် ရတာပေါ့…"
ဘိုးဘေးက အားရပါးရ ရယ်လိုက်သည်။
"ဒီသစ်ပင်လေးကိုတော့ မင်းက လုံခြုံမှုရှိအောင် အင်မော်တယ်တွေထဲမှာ ထားချင်လား ဒါမှမဟုတ် မင်းနဲ့အတူ ယူထားချင်လား…"
မုန့်ချီက ထိုသစ်ပင်ကို နားလည်ရန် ကြိုးစားခဲ့ပြီး အစောပိုင်းတွင် သူ၏အငွေ့အသက်နှင့် စွမ်းအားများကို ပေါင်းစပ်ခဲ့သည်။ ထို့ကြောင့် သူ့ဆီတွင် နောက်ထပ် စိတ်ကူးများ မရှိတော့ချေ။
"ကျွန်တော်က အချိန်အတိုင်းအတာတစ်ခုအထိ အင်မော်တယ်တွေထဲမှာ ထားခဲ့မယ်။ ဒါဆိုရင် လူတိုင်းက နားလည်ကြည့်လို့ ရနိုင်တာပေါ့။ ကျွန်တော်က အနောက်သို့ ခရီးသွားခြင်းကမ္ဘာကြီးကို တာဝန်နဲ့သွားခာနီး အချိန်ကျမှပဲ ပြန်လာယူတော့မယ်.."
အနောက်သို့ ခရီးသွားခြင်းကမ္ဘာကြီးက ကောင်းကင်ခုံရုံး အပိုင်းအစနှင့် ပတ်သက်နေသည်။ ကျန်းဝူအင်ပါယာ၏ မကောင်းဆိုးဝါးဝိညာဉ်က ကောင်းကင် (၉)သွယ် ပျောက်ဆုံးမှုနှင့် ကောင်းကင်ခုံရုံး ပျက်စီးမှုအကြောင်းကို ပြောပြခဲ့သည့်အတွက် ထိုအရာက တစ်ပိုင်းတစ်စ ပတ်သက်နေနိုင်သည်။ ထိုသစ်ပင်၏နာမည်ကို စဉ်းစားကြည့်လိုက်ပြီး သူက ထိုအရာကို စမ်းသပ်သည့်အနေနှင့် ယူမသွားလျှင် ရူးမိုက်ရာကျနိုင်၏။
"ငါက လောဘကြီးနေတဲ့သူတွေကို တားဆီးဖို့အတွက် ဒီသစ်ပင်ကို ချိတ်ပိတ်ထားလိုက်မယ်…"
ဘိုးဘေးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
သူ့အတွက်တော့ ထိုသစ်ပင်ကို နားလည်ခွင့် ရလိုက်သည်နှင့် အဆင့်တက်မှုကို ကူညီပေးရန် လုံလောက်သည်။ လက်ရှိအချိန်တွင် အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်က လျှို့ဝှက်ဆန်းကြယ်မှု ရှိပုံမရသည့်အတွက် သူ့ဆီတွင် လောဘမရှိသလို ခံစားရသည်။
သူတို့က အရေးပါသော ဆွေးနွေးမှုများ လုပ်ဆောင်ပြီးသွားသည့်အချိန်တွင် မုန့်ချီက ကျန်းကျိဝေကို ကြည့်လိုက်သည်။ သူမ၏ပုံစံက သစ်ပင်ငယ်လေးကို အမှန်တကယ် လေ့လာချင်နေပုံရသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"စိတ်ရှည်ရှည်ထားပါ။ ငါတို့ရဲ့ အကျိုးအမြတ်တွေကို အရင်ဆုံး ခွဲဝေကြတာပေါ့…"
သူက တာအိုသခင် ချုံဟယ်ကိုကြည့်ပြီး ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဘိုးဘေး အရင်ဆုံးရွေးပါ…"
အဖိုးတန်ဆုံးရတနာက မုန့်ချီဆီကို ရောက်သွားပြီဖြစ်သည့်အတွက် သူက ဘိုးဘေးကို အရင်ပေးရန် ဆုံးဖြတ်လိုက်သည်။ ယခုတစ်ကြိမ် သူက အကူအညီ ကြီးကြီးမားမား ပေးခဲ့ခြင်း ဖြစ်သည့်အတွက် ပထမဆုံး ရွေးချယ်သင့်သည်။ ထိုအရာက နောက်ပိုင်းတွင် ပို၍ရင်းနှီးမှုရစေနိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်၏။ မည်သို့ဖြစ်စေကာမူ သူတို့က အကျိုးအမြတ်မယူဘဲ လုပ်ဆောင်ပေးနေသည့် ဆက်ဆံရေးမျိုး မဟုတ်သေးပေ။
ထိုအရာက လူသားအချင်းချင်း ပတ်သက်မှု၏ အခြေခံပုံစံလည်း ဖြစ်သည်။ မိဘနှင့်မိတ်ဆွေများ ပတ်သက်မှုတွင်ပင် ထိုကဲ့သို့ အရာမျိုးက တစ်ခါတစ်ရံ အလေးထားရသည်။ မည်သို့ဖြစ်စေကာမူ မည်သူကမျှ အကျိုးအမြတ်မရှိဘဲ ထာဝရကူညီမပေးနိုင်ပေ။ ယခုတစ်ကြိမ် ပူးပေါင်းမှု၏ အကျိုးအမြတ်ကြောင့် မုန့်ချီက နောက်ပိုင်းတွင် ငရဲအင်ပါယာ၏ အကြွင်းအကျန်များနှင့် ပတ်သက်သော တာဝန်တွင် ဘိုးဘေးကို အကူညီတောင်းရန် ပို၍လွယ်ကူနိုင်သည်။
ဘိုးဘေးလင်းပေါင်က ဟန်ဆောင်နေခဲ့ခြင်း မရှိချေ။ သူက ရတနာများကို ကြည့်လိုက်ပြီး ဘူးသီးခြောက်ပုလင်းကိုယူ၍ အဖုံးကို ဖွင့်လိုက်၏။ သူက ရနံ့ကို ရှူကြည့်လိုက်ပြီး အလွန်ဝမ်းသာသွားခဲ့သည်။
"တကယ်ကို အမှောင်ကံကြမ္မာဆေးရည်ပဲ…"
အမှောင်ကံကြမ္မာဆေးရည်က သေခါနီးလူတစ်ယောက်ကိုပင် ပြန်ရှင်လာစေနိုင်သည်ဟု နာမည်ကျော်ကြားသော ရှေးဟောင်းဆေးရည်တစ်မျိုး ဖြစ်သည်။ ထို့ပြင် ထိုအရာက လူတစ်ယောက်၏ သက်တမ်းကို နှစ်ပေါင်း (၁)သောင်း နီးပါးခန့် ဆွဲဆန့်ပေးနိုင်၏။ ဤကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားမည်ဆိုလျှင်ပင် လူတစ်ယောက်၏အသက်ကို နှစ်ပေါင်း (၂၀၀) ကျော် ဆွဲဆန့်ပေးနိုင်သေးသည်။ သံသရာကမ္ဘာကြီးထဲတွင်တော့ ထိုပစ္စည်းက နတ်ဘုရားလက်နက်တစ်ခုကို ယှဉ်နိုင်၏။
ထိုအရာက အသက် (၂၀) မတိုင်ခင် ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက် ဖြစ်လာသော မုန့်ချီနှင့် ကျန်းကျိဝေတို့အတွက်တော့ အရေးပါသော အရာတစ်ခု မဟုတ်ချေ။ သူတို့က နတ်ဘုရားလက်နက်တစ်ခုအတွက် အရေးပါသော ပင်မပစ္စည်းများကဲ့သို့ တန်ဖိုးမထားပေ။ သို့သော် အသက်ကြီးနေသော တာအိုသခင်ချုံဟယ်အတွက်တော့ အလွန်အဖိုးတန်သည်။
"ဆေးလုံးတော့ တစ်လုံးတည်းပဲရှိတယ်။ ဒါပေမဲ့ ဒါက ငါ လိုအပ်နေတဲ့အရာပဲ။ ဒီအရာနဲ့ ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်ကို နားလည်ဖို့အခွင့်အရေး ပေါင်းလိုက်မယ်ဆိုရင် ဒီတစ်ကြိမ် ငါလည်း တော်တော်လေး အကျိုးအမြတ်များတယ်.."
ဘိုးဘေးလင်းပေါင်က အငယ်များ ရှေ့တွင်ပင် ဟန်ဆောင်နိုင်ခြင်းမရှိဘဲ ပြောလိုက်သည်။
မုန့်ချီက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး ကျန်းကျိဝေကို လှည့်ကြည့်လိုက်၏။
"အခု နင့်အလှည့်..."
သူမက ရတနာများကို စိုက်ကြည့်လိုက်ပြီးနောက် ကောင်းကင်မြစ်ဓားကို ရွေးချယ်လိုက်သည်။
"သံသရာအရှင်သခင်ဆီမှာ ဒီပစ္စည်းကို ဖျက်ဆီးပြီး ငါ့ရဲ့နေဖောက်သက်တန့်ဓားကို အဆင့်မြှင့်ဖို့အတွက် သင့်တော်တဲ့ အစိတ်အပိုင်းအဖြစ် အသုံးပြုလို့ရနိုင်တယ်…"
အလွန်တောက်ပသော ကောင်းကင်မြစ်ဓားက ကြယ်များ၏ အလင်းရောင် တောက်ပနေပြီး ပုံရိပ်ယောင်များကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေသည်။ မည်သို့ဖြစ်စေကာမူ ကျန်းကျိဝေက မိန်းကလေးတစ်ယောက် ဖြစ်၏။ ထိုကဲ့သို့ ဓားတစ်ချောင်းနှင့် ဆန်းကြယ်လိပ်ဓား၏ ကြားထဲတွင် ရွေးချယ်မှုက သိသာထင်ရှားနေသည်။
"အဲဒါပဲလား..."
မုန့်ချီက အံ့သြသွားခဲ့၏။
ကျန်းကျိဝေက ပြုံးလိုက်သည်။
"ဒီတစ်ကြိမ် ငါက ဘာမှကြီးကြီးမားမား အကျိုးမဆောင်ခဲ့ရဘူး။ နင်က ကိုယ့်အစွမ်းနဲ့ကိုယ် ကွင်းဆက်တာဝန်ကို ပြီးဆုံးအောင် လုပ်ခဲ့တာလေ။ ငါက ဒီလိုအဆင့်မြင့် အဖိုးတန်လက်နက်တစ်ခုကိုယူပြီး ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်ကို နားလည်ဖို့ အခွင့်အရေးယူရတာတောင် နည်းနည်းရှက်ရွံ့မိသလို ခံစားရတယ်…"
"မလိုပါဘူး…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
အလွန်လှပသော ကျန်းကျိဝေက သူ့ကို ပြုံးပြလိုက်ပြီး မျက်နှာတည်နှင့် ပြောလိုက်သည်။
"ငါက အပြစ်ရှိသလို ခံစားရပြီး ငါ့ရဲ့နှလုံးသားက နတ်ဆိုးဆန်သွားစေချင်နေတာလား.."
"ဒါဆိုလည်း ကောင်းပြီလေ.."
ကျန်းကျိဝေ၏စကားကို ကြားသည့်အခါ မုန့်ချီက သူမကို ဖျောင်းဖျရန် ကြိုးစားနေခြင်း မရှိတော့ချေ။ ထို့ပြင် နတ်ဘုရားလက်နက်တစ်ခု ဖန်တီးနိုင်သော ပင်မပစ္စည်းက သူ၏လက်ထဲသို့ ရောက်လာခဲ့၏။ သူက အရေးပါသော အခြေအနေရောက်လာလျှင် သူမကို ငှား၍ ရနိုင်သေးသည်။
"ရှေးဟောင်း လေဟာနယ် ထိုးဖောက်ရေးအဆောင် ၊ ထွက်ပြေးခြင်းလက်နက်နဲ့ ဆန်းကြယ်လိပ်ဓားတို့ ရှိနေတယ်။ အခုငါ့မှာ ဓားမောက် (၂) လက်နဲ့ ဓားရှည် (၂) လက်ရှိတယ်။ တစ်ခုတည်းသော ပြဿနာကတော့ ဓားရှည်(၂) လက်လုံးက ဓားမောက် (၂) ချောင်းလုံးထက် ပိုပြီးတော့ အဆင့်မြင့်နေတာပဲ။ ငါ့ရဲ့ဓားသိုင်းပညာနဲ့ယှဉ်ရင် ငါ့ရဲ့ဓားမောက်သိုင်းပညာကလည်း လိုအပ်နေသေးတယ်…"
မုန့်ချီက ရတနာများကို တစ်ခုပြီးတစ်ခု သိမ်းဆည်းလိုက်ပြီး သံသရာအရှင်သခင်ဆီတွင် စစ်ဆေးကြည့်လိုက်သည်။ သူတို့တွင် သီးခြားအသုံးဝင်မှုရှိမရှိ သူက သိချင်နေခဲ့သည်။ သူက မဟာနေမင်း နှလုံးသားနှင့် ရေခဲမျက်လုံးသလင်းကျောက်တို့ကို မြင်လိုက်ရသည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
မဟာနေမင်းနှလုံးသားနှင့် လေးလံသော သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးတို့က အချင်းချင်း ဖြည့်စွက်ပေးနိုင်သည်။ ရေခဲမျက်လုံးသလင်းကျောက်နှင့် ငရဲဘုရင်၏ လက်ကောက်ဝတ်အရိုးတို့က ရေစွမ်းအားကို အခြေခံပြီး အေးစက်သောသဘာဝ ရှိကြ၏။
တစ်ချိန်တည်းတွင် နတ်ဘုရားလက်နက် ဖန်တီးရန် ပင်မပစ္စည်း (၂) ခုတွင် တစ်ခုကို သန့်စင်ရန်အတွက် အသုံးပြုနိုင်၏။ အကယ်၍ သူက သင့်တော်သော တာဝန်ကို ပြီးဆုံးအောင် မလုပ်နိုင်သေးလျှင်တော့ ငရဲအင်ပါယာ၏ လက်ကောက်ဝတ်အရိုးကိုသုံးပြီး အသက်ပြောင်းလဲခြင်းဂိုဏ်းကို ဆွဲဆောင်ရန် လိုအပ်နေသေးသည်။
ထို့နောက် သူ၏ဓားမောက် တစ်စုံအတွက် ပထမအစုံကို အသုံးပြုနိုင်ပြီး သူ၏ဓားရှည်များအတွက် ဒုတိယတစ်စုံကို အသုံးပြုနိုင်သည်။ ထိုအရာက ပြီးပြည့်စုံသော ရလဒ်တစ်ခု ဖြစ်လာစေနိုင်၏။
Translated by Hein Htet.