← Chapters

အခန်း (၆၆၅)

Vol. 45 Ch. 665

အခန်း (၆၆၅)

Vol. 45 Ch. 665

အလင်းတိုင်လုံး၏ အောက်ဖက်တွင် …

အလွန်ရင်းနှီးနေသော သံသရာမြေကွက်လပ်က မုန့်ချီ၏ရှေ့တွင် နောက်တစ်ကြိမ် ပေါ်လာခဲ့၏။ သူက သူ၏သိုလှောင်အိတ်ကို လက်နှင့်ကိုင်ကြည့်လိုက်ရာ တာအိုလောကအမွေအနှစ် အပါအဝင် သူ၏လက်နက်များနှင့် ရတနာများအားလုံး သိုလှောင်အိတ်ထဲ၌ ရှိနေကြောင်း သေချာသွားခဲ့သည်။

သူက လွန်ခဲ့သော တစ်နှစ်ခန့်တွင် ထိုတာဝန်ကို ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူက အင်မော်တယ်ဌာနချုပ်ဆီမှ ရှောင်လင်ကျောင်းတော်သို့သွားသော ခရီးလမ်းတွင် ထိုသစ်ပင်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ သို့သော် သူက တိကျသော အချိန်ကွာဟချက်ကို မသေချာသည့်အတွက် ရှောင်လင်ကျောင်းတော်ထဲကိုတော့ အချိန်မီဝင်ရောက်နိုင်ခဲ့ခြင်း မရှိချေ။

"သံသရာအရှင်သခင်က ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ရဲ့ အရှေ့မှာတောင် ပေါ်မလာရဲဘူးပဲ…"

မုန့်ချီကတော့ သံသရာအရှင်သခင်၏ ကြောက်လန့်မှုများကို ခံစားမိသည့်အခါ တဖြည်းဖြည်း ဝမ်းသာလာခဲ့သည်။ သူက နောက်ပိုင်းတွင် သံသရာအရှင်သခင်ကို ဖယ်ရှားရန်အတွက် အခွင့်အရေးလည်း တိုးမြင့်လာနေခဲ့၏။

သို့သော် အင်မော်တယ်တစ်ယောက် ဖြစ်လုနီးပါးဖြစ်နေသော တာအိုသခင်ချုံဟယ်ကပင် သံသရာကမ္ဘာကြီးထဲ၌ ပိတ်မိနေသေးကြောင်း စဉ်းစားမိသည့်အခါ သံသရာအရှင်သခင်၏ စွမ်းအားတွက်ချက်မှုအပေါ် သူလည်း တိတိကျကျ သေချာမပြောနိုင်သေးပေ။

"သံသရာအရှင်သခင်က ဘာကိုအစိုးရိမ်ဆုံးလဲ…"

နောက်ထပ် အလင်းတိုင်လုံးတစ်ခုပေါ်လာပြီး အဝါရောင်လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ ကျန်းကျိဝေက ဓားရှည်တစ်လက်ကို ကိုင်ထားပြီး သူမ၏ပုံစံက မနက်ခင်းရောင်နီထဲမှ ထွက်ပေါ်လာသလို ထင်မှတ်ရ၏။

"နင် ဘယ်လိုခံစားရလဲ…"

သူမက အပြုံးနှင့် မေးလိုက်သည်။

မုန့်ချီက ရယ်လိုက်၏။

"မဆိုးပါဘူး…"

သူက လွန်ခဲ့သော (၄) လခန့်တွင် ကျန်းကျိဝေ မေးခဲ့သော မေးခွန်းကို ပြန်လည်အမှတ်ရသွားခဲ့ပြီး သူမကို ပြန်ဖြေပေးချင်ခဲ့၏။

"တကယ်လို့ နတ်ဘုရားတွေ ၊ ဗုဒ္ဓတွေက ငါတို့ကို ကျားစေ့လေးတွေအဖြစ် အသုံးချပြီး ငါတို့ရဲ့ဘဝကို ထိန်းချုပ်ချင်တယ်ဆိုရင် ငါတို့က ငါတို့ရဲ့ဓားတွေကိုသုံးပြီး သူတို့ကို သုတ်သင်ပစ်မယ်…"

သို့သော် တည်ငြိမ်သွားပြီးနောက် သူက ထိုစကားပြောရန် ရှက်ရွံ့နေခဲ့သည့်အတွက် တိတ်ဆိတ်နေခဲ့သည်။ သူက ကျန်းကျိဝေကိုကြည့်ပြီး သူမ၏အငွေ့အသက်ကို စစ်ဆေးကြည့်လိုက်၏။

"နင်က အဆင့်တက်သွားပြီလား…"

မုန့်ချီ၏ခံစားချက်များ တိုးတက်လာသည်ကို မြင်သည့်အခါ ကျန်းကျိဝေက သူ့အတွက် စိုးရိမ်နေခြင်း မရှိတော့ပဲ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ငါက တာအိုလောကကျင့်စဉ်နဲ့ နင် ပေးလိုက်တဲ့ ပင်မလမ်းညွှန်ချက် တစ်စိတ်တစ်ပိုင်းကို နားလည်ခွင့်မရခဲ့ဘူးဆိုရင် ဒီလောက်မြန်မှာ မဟုတ်ဘူး…"

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူမ၏ပါး (၂) ဖက်က အနည်းငယ် နီရဲနေခဲ့သည်။

"ငါက ဒီတစ်နှစ်လုံးနီးပါး ငါ့ရဲ့ဓားနိယာမတွေ ၊ ဓားသိုင်းပညာတွေကို သေချာစစ်ဆေးနားလည်ခဲ့တယ်။ ဒါကြောင့် ငါက အကျိုးအမြတ် ကြီးမားမားမရခဲ့ဘူး။ ငါက ကောင်းကင်မြစ်ဓားကို ဖျက်ဆီးလိုက်ပြီး သူ့ရဲ့ပင်မပစ္စည်းတွေနဲ့ နေဖောက်သက်တန့်ဓားကို အဆင့်မြှင့်နိုင်ခဲ့တယ်။ ငါက ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ ကံကြမ္မာအမှတ် (၄၁၀၀) နဲ့ လဲလှယ်ခဲ့တယ်။ အခုငါ့ဆီမှာ ကံကြမ္မာအမှတ် (၄၂၀၀) ရှိတယ်…"

သူမက တာဝန်အတွက် အချိန်မမီမှာကို ကြောက်လန့်နေခဲ့သည့်အတွက် ကံကြမ္မာအမှတ်ရရှိရန် အလွယ်ကူဆုံး နည်းလမ်းကို ရွေးချယ်ခဲ့သည်။ အင်မော်တယ်ယုတင် တာဝန်ကိုတော့ တာဝန်ပြီးဆုံးမှသာ စဉ်းစားထားခဲ့၏။

ထိုစကားကို ကြားသည့်အခါ မုန့်ချီက ရယ်လိုက်သည်။

"နင့်မှာ ကံကြမ္မာအမှတ် (၄၀၀၀) ကျော်ရှိပြီး ဘာလို့ ရှက်နေရတာလဲ။ ငါ့မှာ ပစ္စည်းတွေ အများကြီးရှိနေပေမယ့် အများစုက အသုံးဝင်တယ်။ ငါက သူတို့တွေကို ကံကြမ္မာအမှတ်နဲ့ လဲရမယ့်အစား အသုံးပြုလို့ပဲရမယ်။ အမှန်အတိုင်း ပြောရရင် အခုချိန် ငါဆီမှာ ကံကြမ္မာအမှတ် (၈၀) ပဲရှိတယ်…"

"ငါ ဂရုမစိုက်ဘူး။ နင်က နဂိုကတည်းက အရည်ထူတာပဲလေ…"

မုန့်ချီက စနောက်နေခြင်းဖြစ်ကြောင်း ကျန်းကျိဝေက သိနေသည့်အတွက် သူမလည်း ပြန်လည်နောက်ပြောင်လိုက်သည်။

"အရည်ထူတာလား။ ဒါဆိုရင် နင့်ဓားရဲ့ လက်ရှိအဆင့်အတန်းက ဘယ်လောက်ဖြစ်သွားပြီလဲ…"

မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။

"နင့်ရဲ့ရေလှိုင်းမီးတောက်ဓားနဲ့ တူသွားပြီ။ အဲဒါက ထိပ်တန်းအဆင့်ကို ကပ်နေပြီး ကံကြမ္မာအမှတ် (၈၀၀၀) နီးပါး တန်ကြေးရှိတယ်။ ငါ့အတွက်တော့ ဒါက အသုံးဝင်ဆုံးနဲ့ အစွမ်းထက်ဆုံးဓားတစ်လက်ပဲ…."

အဖိုးတန်ဓားအကြောင်း ပြောနေသည့်အချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် သူမ၏ မျက်လုံးလေးများက လင်းလက်တောက်ပနေခဲ့၏။

ကောင်းကင်မြစ်ဓား၏ ပင်မပစ္စည်းက နတ်ဘုရားလက်နက်များ ဖန်တီးရန် အသုံးပြုနိုင်သည်။ ကျရှုံးမှုကြောင့် သူ၏အဆင့်က လျော့ကျသွားနေသော်လည်း တခြားပစ္စည်းအများစုထက် ပို၍မြင့်မားသော အဆင့်အတန်းတစ်ခု ရှိနေသေး၏။ ထို့ကြောင့် ကျန်းကျိဝေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့၏။

ထိုအချိန်တွင် နောက်ထပ် အလင်းတိုင်လုံး (၃) ခု ထွက်ပေါ်လာခဲ့သည်။ ရွမ်ယုရှု၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့က သံသရာမြေကွက်လပ်ထဲတွင် ပေါ်လာခဲ့ကြ၏။

"အစ်ကိုချီ ….

ကျွန်တော်က အစ်ကိုချီဆီကို လာလည်သေးတယ်။ ဒါပေမယ့် အစ်ကိုချီက ခရီးသွားနေတာ..။ ကောင်းတာတစ်ခုခု တွေ့ခဲ့ရလို့လား…"

မုန့်ချီက ရှေ့ကို တိုးသွားပြီး အပြုံးနှင့် မေးလိုက်သည်။

ချီကျန်းရန်က အကူအညီ လိုအပ်နေမှာကို စိုးရိမ်နေသည့်အတွက် မုန့်ချီက တိုက်ရိုက်မေးခဲ့ခြင်း ဖြစ်၏။ ချီကျန်းရန်က အစိမ်းရောင်ဝတ်စုံလေးကိုသာ ဝတ်ဆင်ထားနေသေးသည်။ သူ့ပုံစံက သာမန်သာ ထင်မှတ်ရသော်လည်း မုန့်ချီ ကိုယ်တိုင် ဖြေရှင်း၍မရနိုင်သော ထူးခြားဆန်းကြယ်သည့် အငွေ့အသက်တစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် သူ့ပုံစံက အလွန်ထူးခြားနေခဲ့၏။ သို့သော် ဝေ့ကျင်းအဆင့် ပညာရှင်တိုင်းတွင် ထူးခြားသော ဆွဲဆောင်မှုတစ်မျိုးဆီ ရှိနေကြသည်။

"ဘာမှမထူးခြားပါဘူး…"

သူက တည်ငြိမ်စွာ ရှင်းပြလိုက်၏။

"နောက်ဆုံးတစ်ခေါက် ခရီးသွားခဲ့တဲ့အချိန်မှာ ငါက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒီအချိန်မှာ ငါက အရမ်းအားနည်းခဲ့တယ်လေ။ မင်းတို့အားလုံးနဲ့ ဆက်သွယ်ဖို့လည်း ပြဿနာရှိတယ်။ ဒါကြောင့် ငါက အခြေအနေ တည်ငြိမ်ပြီးမှပဲ အဲဒီနေရာကို ပြန်သွားခဲ့တာ...။ ဒါပေမဲ့ အဲဒီမှာ သိပ်ပြီးပစ္စည်းများများ မရှိပါဘူး။ ကျင့်စဉ်နည်းနည်းရယ်၊ အဖိုးတန်လက်နက်တွေ ၊ ဆေးရည်တွေနဲ့ ရှားပါးတွင်းထွက်ပစ္စည်းတွေပဲ ရှိတယ်.."

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"ဒီလောက်ထိ အများကြီးရှင်းပြဖို့မလိုပါဘူး။ အစ်ကိုချီက ခရီးသွားခဲ့ပြီး ကံကြမ္မာအမှတ် ဘယ်လောက်လဲလို့ရမလဲဆိုတာ ပြောပြရင် လုံလောက်ပါပြီ…"

ချီကျန်းရန်က မွန်းကျပ်နေသလို ခံစားရပုံပေါ်သည်။ သူက ထိုကဲ့သို့ စကားများများ ပြောသည်မှာ အလွန်ရှားပါး၏။ ပေါ့ပေါ့ပါးပါး တွေးလိုက်ပြီးနောက် သူက အလင်းတိုင်လုံးဆီသို့ လျှောက်သွားခဲ့ပြီး လဲလှယ်ရန် ရည်ရွယ်ထားသော ပစ္စည်းများ အားလုံးကို ထုတ်လိုက်သည်။

"ငါက ကံကြမ္မာအမှတ် (၉၆၀၀) ရတယ်။ ဒါကြောင့် စုစုပေါင်း (၉၈၈၀) ရှိတယ်…"

သူက ပြောလိုက်သည်။

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါဆိုရင်တော့ ကျွန်တော်က ဒီတစ်ကြိမ် အစ်ကိုချီကိုပဲ အားကိုးရတော့မယ်။ ကျွန်တော့်ဆီမှာ ကံကြမ္မာအမှတ် (၈၀) ပဲရှိတယ်…"

ထိုပြက်လုံးက ကျန်းကျိဝေနှင့် စကားဝိုင်းကို ဆက်၍ စနောက်လိုက်ခြင်းလည်း ဖြစ်သည်။ တခြားလူများက ရှုပ်ထွေးနေကြသော်လည်း ကျန်းကျိ‌ဝေကတော့ ရယ်မိမတတ် ဖြစ်သွားခဲ့သည်။

မုန့်ချီက ကျန်းဝူကွင်းဆက်တာဝန်နှင့် ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်၏ အမွေအနှစ်အကြောင်းကိုတော့ ပြောပြခဲ့ခြင်း မရှိချေ။ ယခုအချိန်မှ ပြောပြလျှင်လည်း အသုံးဝင်လိမ့်မည် မဟုတ်ချေ။ သူက သူတို့ကို အင်မော်တယ်အဖွဲ့ဆီသို့ ဖိတ်ခေါ်ရန်အတွက် သင့်တော်သော အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းချင်ခဲ့၏။

ကျိုးဟမ်ကတော့ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ပစ္စည်းများကို ထုတ်ပြီး လဲလှယ်နေရင်း ပြောလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်မှာ ငါက ဒုတိယကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ အခု ငါက တတိယကောင်းကင်နဲ့ တော်တော်လေး အလှမ်းဝေးနေသေးတယ်…"

ရှင်ဘုရင်၏ ညီငယ်ဟူသောနေရာကြောင့် သူ့ဆီတွင် လေ့ကျင့်ရန် အသုံးပြုနိုင်သော ပစ္စည်းများစွာ ရှိနေသည်။ လွှတ်တော်ခန်းမ၏ တင်းကြပ်မှုကြောင့်သာ မဟုတ်လျှင် သူက ကောင်းကင် (၄) သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေသည်မှာ ကြာလောက်ပါပြီ။

စိတ်ပျက်နေသော ကျိုးဟမ်၏ စကားများကို နားထောင်ပြီး မုန့်ချီက ရယ်လိုက်၏။

"အခု အခြေအနေတွေက ကွဲပြားသွားပြီ။ ငါတို့အားလုံးက ဝေ့ကျင်းအဆင့်ကို ရောက်နေပြီဆိုတော့ ငါတို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် အတူတူ တိုးတက်နိုင်ပါတယ်။ ဒုတိယကောင်းကင်ပဲဖြစ်ဖြစ် တတိယကောင်းကင်ပဲဖြစ်ဖြစ် ကွဲပြားမှုက သိပ်ပြီးမသိသာဘူး…"

ကျိုးဟမ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"ငါ့ဆီမှာ စုစုပေါင်း ကံကြမ္မာအမှတ် (၄၈၈၀) ရှိတယ်…"

သူ လုပ်ဆောင်ပြီးသွားသည့်အချိန်တွင် ရွမ်ယုရှုက ရှေ့တက်လာခဲ့၏။ သူမက အေးစက်စွာ ပြောလိုက်သည်။

"ငါက လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာ လောက (၃) သွယ်က ခေါင်းလောင်းကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့တယ်…"

"လောက (၃) သွယ်က ခေါင်းလောင်းကျင့်စဉ်လား။ မဆိုးပါဘူး…"

ထိုအရာက လန်းဟွမ်ကောင်းကင်တေးသွားထဲတွင် အလွန်ထူးခြားသော ကျင့်စဉ်တစ်ခုဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။ ထိုအရာက နတ်ဘုရားဆန်သော အထောက်အကူ စွမ်းရည်တစ်မျိုးဟုလည်း လူသိများ၏။

ရွမ်ယုရှုက နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူမကတော့ ချီးကျူးခံရသည့်အတွက် ဝမ်းသာမှုကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။

သူမဆီတွင် ပိုနေသော ရှားပါးတွင်းထွက်ပစ္စည်းများကို လဲလှယ်လိုက်ပြီးနောက် သူမဆီတွင် စုစုပေါင်း ကံကြမ္မာအမှတ် (၆၇၈၀) ရှိလာခဲ့သည်။ မုန့်ချီက သူ့ဆီတွင် ကံကြမ္မာအမှတ် (၈၀) သာ ရှိသည်ဟု ပြောခဲ့သော်လည်း လေဟာနယ်လက်စွပ်ကို ရှာဖွေကြည့်လိုက်ပြီး ဆုတောင်း (၃) မျိုး လက်သီးသိုင်းကို လေ့ကျင့်လိုက်ပြီးနောက် အသုံးမဝင်ဖြစ်နေသော ပစ္စည်းတစ်ခုဖြစ်သည့် ကံကြမ္မာပုလဲလုံးကို လဲလှယ်လိုက်ရာ ကံကြမ္မာအမှတ် (၁၃၀၀) ရခဲ့သည်။

သူတို့အားလုံး ပေါင်းစည်းလိုက်သည့်အချိန်တွင် ကံကြမ္မာအမှတ် (၂၇၂၀၀) ရလာခဲ့၏။

"ငါတို့က ဘာပစ္စည်းကို လဲလှယ်သင့်လဲ…"

မုန့်ချီက သူ့အဖော်များကို လှည့်ကြည့်လိုက်သည်။ သူက အနိမ့်ဆုံး စွမ်းဆောင်ထားခဲ့သော်လည်း နိမ့်ကျနေသည်ဟု ခံစားနေရခြင်း မရှိချေ။ သူ့ဆီတွင် ကံကြမ္မာအမှတ် နည်းပါးမှုကြောင့် ဖြည့်ဆည်းနိုင်သောအရာများ ရှိနေသေး၏။

ယခုတစ်ကြိမ်တော့ ချီကျန်းရန်က အရင်ဆုံးပြောလိုက်သည်။

"ငါတို့က ကျရှုံးမှုအတွက် ပြင်ဆင်ပြီး ကံကြမ္မာအမှတ် (၃၅၀၀)ဆီ ချန်ထားသင့်တယ်။ အနောက်သို့ ခရီးသွားခြင်းကမ္ဘာကြီးက အန္တရာယ်များတယ်။ ငါတို့ ဂရုစိုက်ဖို့လိုတယ်.."

ရွမ်ယုရှုကလည်း သဘောတူလိုက်သည်။ လူတိုင်းက ကျရှုံးမှုအတွက် ဆွေးနွေးနေသည်ကိုကြည့်ပြီး အနောက်သို့ခရီးသွားခြင်းကမ္ဘာကြီးထဲတွင် ယခင် သေမင်းတမန်တိုက်ပွဲ၏ရလဒ်များက သူတို့၏ခေါင်းထဲတွင် စိုးမိုးနေသေးကြောင်း မုန့်ချီက နားလည်သွားခဲ့၏။

ချီကျန်းရန်က နောက်တစ်ကြိမ် ပြောလိုက်သည်။

"ငါတို့ဆီမှာ အရင်တာဝန်ကနေ ကျန်နေတဲ့ သဘာဝကျောင်းဆောင် ၊ ငါးရောင်ခြယ်ကျောက်တုံးလို ရတနာတွေ ရှိနေသေးတယ်။ ဒါကြောင့် ငါတို့က အလားတူပစ္စည်းတွေကို လဲလှယ်ဖို့ မလိုဘူး။ ငါတို့က အဆင့်မြင့်တဲ့ပစ္စည်းတစ်ခုကိုပဲ လိုအပ်တယ်…"

"အဲဒါတော့ အမှန်ပဲ…"

မုန့်ချီက နတ်ဘုရားကမ္ဘာကြီးမှ လျှို့ဝှက်ရတနာများကို အမှတ်ရသွားခဲ့သည်။ သူ့ဆီတွင် ထိုအရာတစ်ခုကိုမျှ မရှိခဲ့သော်လည်း ရှေးဟောင်းလေဟာနယ် ထိုးဖောက်ခြင်းအဆောင်နှင့် မဟာနေမင်းနှလုံးသားကလည်း တခြားလျှို့ဝှက်ရတနာများနှင့် အဆင့် တူညီနေခဲ့၏။

"ငါက ဝေ့ကျင်းအဆင့်ကို ရောက်လာတဲ့အချိန် ငါ့မိသားစုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရတနာတစ်ခု ပေးခဲ့တယ်…"

ရွမ်ယုရှု၏ လက်ထဲတွင် ရှိနေသော အိပ်တန်းတက် ဇာမဏီဗျပ်စောင်းက ရှေးကျသော်လည်း သန့်ရှင်းနေခဲ့၏။

"ငါလည်း အတူတူပဲ…"

ဟွမ်ဟွာဓားဂိုဏ်းကလည်း ချီကျန်းရန်အတွက် တူညီစွာ လုပ်ဆောင်ပေးခဲ့သည်။

ကျိုးဟမ်က ခဏကြာ စဉ်းစားကြည့်ခဲ့ပြီး သူ့ဆီတွင်တော့ မည်သည့်အရာမျှမရှိကြောင်း ပြောလိုက်၏။

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ (၂) ယောက်က ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသွားပြီ ဖြစ်သည့်အတွက် လျှို့ဝှက်ရတနာများကို မသုံးဘဲ ပြိုင်ဘက်ကင်း သိုင်းပညာရှင် အများစုကို အနိုင်ရနိုင်သည်။ တခြား (၃) ယောက်၏ အကူအညီရှိနေလျှင် သူတို့က ပြိုင်ဘက်ကင်း သိုင်းပညာရှင်များစွာကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် မဖြစ်နိုင်စရာတော့ မရှိချေ။ သို့သော် သိုင်းသခင်များကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်၏။

သူတို့က သူတို့၏ ကံကြမ္မာအမှတ်များနှင့် အများဆုံး ပစ်မှတ်ထားနိုင်သည့် ပစ္စည်း (၃)မျိုးသာ လဲလှယ်နိုင်ပါလိမ့်မည်။ မဟာနေမင်းနှလုံးသားကဲ့သို့ လျှို့ဝှက်ရတနာများ ရှိနေသည့်အတွက် သူတို့က အန္တရာယ်ထဲတွင် အရေးပေါ် ပြန်လာနိုင်ရန် ကံကြမ္မာအမှတ်များကို ထိန်းသိမ်းထားနိုင်ခြင်းက ပို၍ကောင်းမွန်သည်။ မဟုတ်လျှင် သံသရာအရှင်သခင်က နိမ့်ကျသော ဈေးနှုန်းများနှင့် တွက်ချက်မည်ဖြစ်သည့်အတွက် မုန့်ချီက ခေါင်းကိုက်နေခဲ့၏။

အနောက်သို့ခရီးသွားခြင်းကမ္ဘာကြီး၏ အရေးပါမှုက မုန့်ချီ၏ နှလုံးသားထဲတွင်လည်း ဆက်၍ ကျန်နေသေးသည်။ သူက ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ငါက ကံကြမ္မာအမှတ် (၁၃၀၀) ပဲ လဲလှယ်နိုင်တဲ့အတွက် တကယ့်ကို ရှက်ရွံ့မိတယ်။ အမှန်အတိုင်းပြောရရင် ငါက ကံကြမ္မာအမှတ် (၃၅၀၀) တော့ လဲနိုင်ပါတယ်…"

ထိုအမှတ်များက လျှို့ဝှက်ရတနာများ လဲလှယ်ရန် ဖြစ်နေမည်ဆိုလျှင် မုန့်ချီက ရှက်ရွံံ့နေလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ထိုအရာကြောင့် အကျိုးအမြတ်များ ရှိနိုင်၏။ သို့သော် သူက ပမာဏနည်းပါးမည်ဆိုလျှင်တော့ သူ့မိတ်ဆွေများဆီမှ ဓားပြတိုက်ရသလို ခံစားမိနိုင်၏။

ကျိုးဟမ်က ပြောလိုက်သည်။

"မင်းက ပိုပြီးအကျိုးဆောင်ခဲ့တဲ့အချိန်မှာလည်း ငါတို့က ဘာမှမပြောခဲ့ဘူး မဟုတ်လား…"

သူက ထိုအချက်ကို ရှက်ရွံ့နေစရာမလိုကြောင်း ပြောလိုခြင်း ဖြစ်သည်။

"ကိုရင်လေး …

ဘယ်အချိန်တုန်းကများ ဒီလောက်တောင် ပြဇာတ်ဆန်သွားရတာလဲ…"

ကျန်းကျိဝေက မုန့်ချီကို စနောက်လိုက်သည်။ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကလည်း တူညီစွာ တွေးနေကြ၏။

ထို့ကြောင့် မုန့်ချီက သဘောတူလိုက်ပြီး ကံကြမ္မာအမှတ်များကို ချန်ထားလိုက်သည်။ ထို့နောက် သူက လျှို့ဝှက်ရတနာများကို ပြန်လှည့်ပြီး ရွေးချယ်လိုက်၏။ သူက စဉ်းစားနေခြင်းမရှိဘဲ ရင်းနှီးသော နတ်ဆိုးထုတ်ဖော်ကြေးမုံကို ရွေးချယ်လိုက်သည်။ သို့သော် ထိုအရာက ပို၍အဆင့်မြင့်မား၏။

"လူတိုင်းက ဒါကို အသုံးပြုလို့ရနိုင်တယ်…"

မုန့်ချီက အံကြိတ်လိုက်ပြီး အနောက်သို့ခရီးသွားခြင်းကမ္ဘာကြီးထဲရှိ ခရီးစဉ်များအကြောင်းကို တွေးတောမိခဲ့၏။

"နတ်ဆိုးထုတ်ဖော်ကြေးမုံ …

အဆင့်မြင့်အဖိုးတန်လက်နက် ၊ ဒါက ရှေးဟောင်းနတ်ဘုရားလက်နက် နတ်ဆိုးထုတ်ဖော်ကြေးမုံကို ပုံတူကူးထားတဲ့ အရာတစ်ခုပဲ။ မိစ္ဆာအကြီးအကဲလို မိစ္ဆာမဟုတ်ရင် ဒီကြေးမုံသက်ရောက်ခံလိုက်ရတာနဲ့ မူလပုံစံကို ပြန်ရောက်သွားပြီး ချက်ချင်း သတိလစ်သွားလိမ့်မယ်။ လူသားမျိုးနွယ်စုရဲ့ ထိပ်တန်းသိုင်းပညာရှင် တစ်ယောက်နဲ့ အဆင့်တူတဲ့ မိစ္ဆာအကြီးအကဲတွေဆိုရင်တော့ မူလပုံစံကို ပြန်ရောက်သွားပြီး သူ့ရဲ့တိုက်ခိုက်စွမ်းရည်တွေအားလုံး ဆုံးရှုံးသွားလိမ့်မယ်။ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ရဲ့အစွမ်းနဲ့ အတူတူပဲဆိုရင်တော့ သူတို့က မလှုပ်နိုင်ဘဲသတ်ဖြတ်မှုကိုပဲ ခံရလိမ့်မယ်။ တကယ်လို့ သိုင်းသခင်တစ်ယောက်နဲ့ အဆင့်တူဆိုရင်တော့ စက္ကန့်ပိုင်းကနေ (၃) နာရီလောက်အထိ ယာယီငြိမ်သက်သွားနိုင်ပြီး သူတို့ရဲ့အစွမ်းပေါ်မူတည်ပြီး စွမ်းအားက ထက်ဝက်လျော့ကျသွားလိမ့်မယ်။ ဒီလက်နက်ကို (၂) ကြိမ် အသုံးပြုနိုင်ပြီး ကံကြမ္မာအမှတ် (၉၄၀၀) တန်ကြေးရှိတယ်…"

ရွမ်ယုရှုက ထိုပစ္စည်းကို သိမ်းထားလိုက်သည်။ ကံကြမ္မာအမှတ် (၃၅၀၀) ဆီ ချန်ထားလိုက်ပြီးနောက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၃၀၀) သာကျန်တော့၏။ အချိန်ကျန်နေသေးသည့်အတွက် သူတို့အဖွဲ့က တာဝန်အတွက် စတင်ဆွေးနွေးနေကြသည်။ သူတို့က နတ်ဆိုးကျိန်စာများကို မည်သို့ အောင်အောင်မြင်မြင် တားဆီးကြမည်နည်း။

"ငါတို့က သူတို့တွေကို အတင်းအကြပ် အားသုံးပြီး ဖယ်ရှားရမှာလား ဒါမှမဟုတ် အဓိကပစ္စည်းတွေကို လုယူပြီး သူတို့တိုက်ခိုက်တဲ့ရန်ကနေ ပုန်းနေကြရမှာလား.."

ခဏကြာပြီးနောက် အလင်းတိုင်လုံးတစ်ခု ပေါ်လာပြီး သံသရာအရှင်သခင်၏ အေးစက်သောအသံကို ကြားလိုက်ရသည်။

"အနောက်သို့ ခရီးသွားခြင်းကမ္ဘာကြီးထဲက ပင်မတာဝန် -

တိုင် (၅) လုံးတောင်ထိပ်ပေါ်မှာ ကောင်းကင်ခုံရုံး အစိတ်အပိုင်းတစ်ခု ပေါ်လာတယ်။ မင်းတို့ရဲ့တာဝန်က အလယ်မှာ ကျန်နေတဲ့ အဲဒီပစ္စည်းကို နတ်ဆိုးတွေရဲ့ရန်ကနေ ခုခံကာကွယ်ဖို့ပဲ။ အောင်မြင်မှုအတွက် ဆုကြေးက ကံကြမ္မာအမှတ် (၃၅၀၀) ။ ရှုံးနိမ့်မယ်ဆိုရင် တူညီတဲ့ကံကြမ္မာအမှတ်ကို ပြန်နုတ်မယ်…"

မုန့်ချီ၏ရှေ့တွင် ရှိနေသော မြင်ကွင်းများက ပြောင်းလဲသွားခဲ့ပြီး အလွန်ကြီးမားသော တောင်မြင့်ကြီးတစ်လုံးကို မြင်လိုက်ရသည်။ ထိုတောင်မြင့်ကြီးကတော့ လက် (၅)ချောင်းသဏ္ဍာန် တောင်ထိပ် (၅) ခုပုံသဏ္ဍာန် ရှိသည်။

ထိုတောင်မြင့်ကြီးကိုကြည့်ပြီး မုန့်ချီက ဖရာကျဲတူကို တွေ့မိသွားခဲ့၏။ သူက ဖရာကျဲတူ၏ ရတနာကို စမ်းသပ်ချင်နေပြီး သူ၏တောင်းဆိုမှုကို သဘောတူချင်ခဲ့သည်။ ထိုသို့ဆိုလျှင် မှော်အစွမ်း (၆) သွယ်အဆောင်က သူ့ဆီတွင် ရနေနိုင်၏။

သို့သော် လင်ပိုစောင်းတိုက်ပွဲတွင် ဖရာကျဲတူက စာရင်းကိုင်နတ်ဆရာကြောင့် ကြောက်လန့်ပြီး အဝေးကို ထွက်ပြေးသွားခဲ့၏။ သူက သွေးနတ်ဘုရားပုလဲလုံးကြောင့် သူ၏ဒဏ်ရာများကို ကုသရန် လိုအပ်ခြင်းလည်း ဖြစ်နိုင်သည့်အတွက် နောက်တစ်ကြိမ် ပေါ်မလာတော့ပေ။ အကယ်၍ ယခုအချိန်တွင် သူက ထိုအရာကို ဂရုမစိုက်ခဲ့လျှင် မည်သည့်အရာများ ဖြစ်လာမည်နည်း။

မုန့်ချီက လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။

…………

(၃၃) ရက်ကြာပြီးနောက် အင်မော်တယ်နယ်မြေထဲတွင် ….

အင်မော်တယ်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က သုတိသာနန်းတော်ထဲရှိ ပါးကွ (၈) ကွက် မီးဖိုကြီးကို စိုက်ကြည့်နေခဲ့သည်။

ရွှေရောင်ဝတ်စုံနှင့် ငွေရောင်ဝတ်စုံဝတ်ထားသော ကောင်လေး (၂) ယောက်က ထိုအဘိုးအို၏ဘေးတွင် ရပ်နေပြီး အပြင်ဘက်ကို မကြာမကြာ စိုက်ကြည့်နေကြ၏။

အဘိုးအိုက မျက်လုံးဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"သူ့ကို ဗုဒ္ဓမန္တန်တစ်ခုပေးလိုက်..."

"ကောင်းပါပြီဆရာ..."

ရွှေရောင်ဝတ်စုံဝတ် ကောင်လေးက ဦးညွှတ်ပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။

အဘိုးအိုက မီးဖိုကြီးကို လက်ညှိုးထိုးပြီး အဖုံးဖွင့်လိုက်၏။ ထိုအချိန်တွင် အငွေ့များ ထွက်လာပြီး ကောင်းကင်ကြီးတစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။ ထိုအရာက အနက်ရောင် ဝဲကတော့သဖွယ် အရာဝတ္ထုတစ်ခုကို ဆွဲခေါ်လာပြီး ဝဲကတော့၏ ပတ်ပတ်လည်တွင် အလင်းရောင်များ တောက်ပနေစေခဲ့၏။

ထိုအရာ ဖြတ်သန်းသွားသည့်နေရာတိုင်း ကြယ်များက တလက်လက် တောက်ပနေပြီး နေမင်းကြီးကပင် တစ်စစီ ပျက်စီးသွားသလို ထင်မှတ်ရသည်။ အလင်းရောင်များကိုပင် ဝါးမျိုနိုင်သော ပစ္စည်းများက မီးဖိုထဲသို့ ကျရောက်သွားသည့်အချိန်တွင် အဘိုးအိုက မီးဖိုကြီးကို နောက်တစ်ကြိမ် လက်ညှိုးထိုးပြီး ပိတ်လိုက်သည်။ အတွင်းထဲတွင် နောက်ထပ် လှုပ်ရှားမှုများ မရှိတော့ချေ။

သူကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အရာတစ်ခုကို လုပ်ဆောင်နေသည့်အလား နောက်တစ်ကြိမ် မျက်လုံးမှိတ်လိုက်၏။ လေလှိုင်းများက တိုက်ခတ်နေပြီး တိတ်ဆိတ်မှုကသာ ထွက်ပေါ်လာနေခဲ့သည်။

Translated by Hein Htet.

All Chapters