အခန်း (၆၆၆)
Vol. 45 Ch. 666
ကြည်လင်တောက်ပနေသော အပြာရောင်ကောင်းကင်ကြီးပေါ်တွင် တိမ်တိုက်အနည်းငယ် လွင့်မျောနေသည့်အချိန်၌ မုန့်ချီနှင့် သူ့မိတ်ဆွေများက တိုင်(၅)လုံးတောင်တန်းကို စိုက်ကြည့်နေပြီး အနီးအနားတွင် ရှိနေသော မူမမှန်သည့် အခြေအနေများကို စစ်ဆေးကြည့်ရန် ကြိုးစားနေခဲ့သည်။
သူတို့က စကားများများ မပြောကြဘဲ ရှေ့ကို ဂရုတစိုက် ဆက်၍ လျှောက်သွားနေပြီး တောင်ထိပ်အနားသို့ ပျံသန်းနေခဲ့သည်။ သူတို့က အနီးအနားတွင် ရှိနေသော မိစ္ဆာကြီးများကိုလည်း ရှောင်တိမ်းနေခဲ့၏။
နေရာအနည်းငယ်ကို စစ်ဆေးကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူတို့က သံသရာအရှင်သခင်ပြောခဲ့သော ကောင်းကင်ခုံရုံး အပိုင်းအစတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက ဘေးဘက်တောင်တန်းတစ်ခုထဲတွင် ရှိနေသော လိုဏ်ဂူကို ပြောနေခြင်း ဖြစ်သည်။ ထိုအရာက (၂) ပေခန့် အရွယ်အစားရှိပြီး ပုံသဏ္ဍာန်မမှန်သော အရာတစ်ခု ဖြစ်သည်။
အတွင်းထဲတွင် ဝေဝါးနေသည့်အတွက် မုန့်ချီ၏မျက်လုံးနှင့်ပင် သတိထားမိခြင်း မရှိချေ။ အတွင်းထဲတွင် အလွန်ကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခု ပိတ်မိနေသလို ထင်မှတ်ရသည်။
သူ၏စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။
"မိစ္ဆာတွေရောက်လာပြီ။ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး…"
လိုဏ်ဂူထဲတွင် နတ်ဆိုးရနံ့ အနည်းငယ် ပျံ့လွင့်နေသေးသည်။ ထိုအထဲတွင် မိစ္ဆာမျိုးစုံ ရောနှောနေပြီး သူတို့၏စွမ်းအားက သုံးသပ်စစ်ဆေးကြည့်ရန် ခက်ခဲ၏။
"အနီးအနားမှာ ရှိနေတဲ့ မိစ္ဆာတွေ ဒါမှမဟုတ် တခြားမိစ္ဆာဘုရင်တွေရဲ့ ကင်းထောက်အဖွဲ့တွေ ဖြစ်နိုင်တယ်။ ကြည့်ရတာတော့ ငါတို့က ရှေ့ကနေ ကြိုရောက်နေတာ ထင်တယ်…"
ကျိုးဟမ်က ခန့်မှန်းကြည့်လိုက်သည်။
"ငါတို့က မိစ္ဆာအများစုထက်အရင် ကောင်းကင်ခုံရုံး အပိုင်းအစထဲကို ဝင်သွားကြရမှာပေါ့…"
ပင်မပစ္စည်းကို ရရှိခြင်းက တာဝန်မည်မျှကြီးမားသလဲ ဟူသည့်အပေါ် သုံးသပ်ရန် လိုအပ်သည်။ အကယ်၍ သူတို့ကသာ မိစ္ဆာများထက် ရှေ့ကို ကြိုရောက်နေမည်ဆိုလျှင် ပို၍ချောမွေ့သွားနိုင်၏။
ကျန်းကျိဝေ၏မျက်နှာက တည်ငြိမ်နေသည်။
"ငါတို့က မစောင့်သင့်ဘူး။ အခုချက်ချင်းဝင်ကြမယ်…"
သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ထိုအပိုင်းအစထဲတွင် ထောင်ချောက်များ၊ ချုံခိုတိုက်ခိုက်မှုများ မရှိကြောင်း သူတို့အဖွဲ့က သေချာသွားခဲ့သည်။
မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသော်လည်း သူတို့က အလုံးစုံ ဖြစ်ပေါ်လာခြင်း မရှိသေးပေ။ သူက ကျန်းကျိဝေထက် ခြေလှမ်းတစ်ဝက်ခန့် နောက်ကျပြီးမှ အပိုင်းအစထဲကို ဝင်လာခဲ့သည်။ အကယ်၍ သူက အာရုံမစိုက်နိုင်လျှင် အဖွဲ့ကို ဦးမဆောင်သင့်ပေ။
အပိုင်းအစထဲကို ဝင်ရောက်လာသည့်အချိန်တွင် အလွန်ပြင်းထန်သော အအေးဓာတ်တစ်ခုက မုန့်ချီ၏ အရေပြားကို လွှမ်းခြုံလာပြီး သူလည်း အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရသည်။ သူက ရုတ်တရက် ကောင်းကင်ထဲသို့ မိုင်တစ်ထောင်ခန့် ပျံသန်းလာရသလို ခံစားလိုက်ရ၏။
ကမ္ဘာမြေကြီးထဲတွင် ရှိနေသော ချီစွမ်းအင်များက ရောနှောနေပြီး ဖရိုဖရဲ အခြေအနေများနှင့် ပေါင်းစပ်နေခဲ့သည်။ ထိုအရာက ခိုင်မာသော ပစ္စည်းတစ်ခုပမာ ထင်မှတ်ရ၏။ အတွင်းထဲကို ရောက်နေရုံနှင့် လူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က သန့်စင်နိုင်ပြီး အလွန်လန်းဆန်းပေါ့ပါးနေသလို ခံစားရသည်။
မြင်ကွင်းကို ခဏကြာ ဆုံးရှုံးသွားပြီးနောက် သူတို့အဖွဲ့က ရှေ့တွင် ပျက်စီးနေသော တံခါးတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာကို ဖရိုဖရဲ ကောင်းကင်ဘုံ အငွေ့အသက်များနှင့် ဖန်တီးထားသော ကျောက်စိမ်းအဖြူနှင့် ဖန်တီးထားခြင်း ဖြစ်သည်။
ထိုတံခါးက ကြည့်လိုက်လျှင် ခိုင်မာပြီး မာကျောပုံရသည်။ သို့သော် ဘေးဘက်တိုင်လုံးတစ်ခုက ပျက်စီးနေပြီး ဘယ်ဘက်သို့ စောင်းနေခဲ့၏။ တံခါးပေါ်တွင်လည်း မီးလောင်ထားသော အမှတ်အသားများ ရှိနေပြီး လိမ္မော်ရောင် မီးတောက်များက ဖြည်းညင်းစွာ လောင်ကျွမ်းနေသေးသည်။
ထိုအရာက တိုက်ပွဲကြီးတစ်ခုကို ကြုံလိုက်ရသလို ထင်မှတ်ရ၏။ တံခါး၏အလယ်တွင် ရှိနေသော ဆိုင်းဘုတ်ပြားကလည်း ပြုတ်ကျနေခဲ့၏။ ထိုအရာက သလင်းကျောက် ပုံသဏ္ဌာန်ဖြစ်နေပြီး ရွှေရောင် ရှေးဟောင်းစာများကို ရေးသားထားသည်။ မုန့်ချီက ထိုစကားလုံးများကို ချက်ချင်း မှတ်မိသွားခဲ့၏။
"တောင်ပိုင်းကောင်းကင်တံခါး..."
ထိုအရာက အစစ်အမှန် ရှေးဟောင်းကောင်းကင်ခုံရုံး ဖြစ်သည်။ သံသရာအရှင်သခင်က ထိုအရာနှင့် ပတ်သက်ပြီး သူတို့ကို ပြောပြခဲ့သည်ကိုပင် သူတို့အဖွဲ့ကတော့ ထိတ်လန့်နေမိကြသေး၏။
"အင်မော်တယ်တွေ ၊ ဒဏ္ဍာရီတွေ ဘယ်လောက်များများ ဒီတံခါးကိုဖြတ်ပြီး ကောင်းကင်ဧကရာဇ်ကို တွေ့ဆုံခဲ့ကြတာလဲ…"
"သူက မျိုးဆက်တစ်ခုကို ကိုယ်စားပြုတယ်။ အကြောက်တရားကို ဖယ်ရှားပြီး လောက(၃)ပါးမှာ ရိုသေလေးစားမှုကို ရတယ်။ ထောင်ပေါင်းများစွာသော အင်မော်တယ်တွေ၊ နတ်တွေက သူ့ကို လာရောက်အရိုအသေပေးရပြီး နတ်ဘုရားတွေ ဗုဒ္ဓတွေက တလေးတစား ဦးညွှတ်ကြရတယ်။ ဒါပေမဲ့ အခုတော့ အဲဒီအရာတွေအားလုံး ပျောက်ကွယ်သွားပြီ။ ဘာလို့လဲဆိုတော့ သူတို့တွေက နတ်ဆိုးတွေနဲ့အတူ ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့လို့ပဲ။ အရာအားလုံးက ပျောက်ကွယ်သွားပြီ။ တကယ့်ကို ဆိုးရွားလွန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းပဲ…"
နှစ်ပေါင်း (၁)သောင်းခန့် ကုန်ဆုံးသွားချိန်၌ ကောင်းကင်ခုံရုံးထဲတွင် အပျက်အစီးများသာ ကျန်နေတော့သည်။ လူတစ်ယောက်ကတော့ စွမ်းအားများကိုကြည့်ပြီး အချိန်ကာလ၏ ရက်စက်ကြမ်းကြုတ်မှုကိုသာ အံ့အားသင့်နေပါလိမ့်မည်။
"အထဲကို ဝင်သွားကြစို့…"
ကျန်းကျိဝေက တောင်ပိုင်းကောင်းကင်တံခါး၏ နောက်ကိုကြည့်လိုက်ရာ တိတ်ဆိတ်နေသော မြူခိုးများကိုသာ မြင်နေရသည်။ ကောင်းကင်ခုံရုံး၏ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ၊ အင်မော်တယ်နယ်မြေ၏ အငွေ့အသက်များ တစ်ခုမျှ မတွေ့ရပေ။
ထိုအရာကို မြင်သည့်အချိန်တွင် လူတိုင်းက တုန်လှုပ်သွားခဲ့၏။
"ရှေးဟောင်းကောင်းကင်ခုံရုံးက ဘယ်လိုအရာတွေကို ကျော်ဖြတ်ခဲ့ရတာလဲ။ အတွင်းထဲမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုများ ရှိနေမှာလား။ ဒီနေ့ခေတ် အထွဋ်အမြတ်တောင်တန်းလို့များ ဖြစ်နေမှာလား…"
ရုတ်တရက်ဆိုသလို မုန့်ချီ၏ ရင်ထဲတွင် ဝင်းလက်တောက်ပသွားခဲ့ပြီး မူလတုန်းက အတွေးများအားလုံးက စုစည်းသွားခဲ့သည်။ သူက သူ့အတွေးကို အဖော်များဆီသို့ ပြောလိုက်၏။
"ငါတို့က မိစ္ဆာတွေထက် ပိုပြီးစောစောရောက်နေမှတော့ ငါတို့နောက်က လိုက်လာတဲ့ မိစ္ဆာတွေကို ခြောက်လှန့်ဖို့ ဝင်္ကပါတစ်ခု ဖန်တီးသင့်တယ်။ ဒါဆိုရင် သူတို့က ကြောက်လန့်ပြီး သံသယဝင်နေတဲ့အတွက် အရှိန်နှေးသွားနိုင်တယ်။ ငါတို့အတွက်လည်း အချိန်ပိုရနိုင်တယ်…"
"သူတို့ကို ခြောက်လှန့်ဖို့လား…"
ကျန်းကျိဝေက မုန့်ချီကို ကောင်းကောင်းကြီး နားလည်နေသည့်အတွက် သူ့အတွေးကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
"ဟုတ်တယ်။ ကောင်းကင်ခုံရုံးအပိုင်းအစထဲမှာ အန္တရာယ်တွေ အများကြီးရှိနိုင်တယ်။ ကောင်းကင်ခုံရုံးပျက်စီးမှုကလည်း လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပဲ။ အတွင်းထဲမှာ ဘယ်လိုအရာတွေ ကြုံရမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဒါကြောင့် သူတို့က ဒီနေရာမှာ ကြောက်လန့်ပြီး သတိထားနေနိုင်တယ်။ ငါတို့လုပ်ဖို့ လိုအပ်တာက အဲဒီခံစားမှုကို အရှိန်မြှင့်ပေးလိုက်ဖို့ပဲ…"
မုန့်ချီက သူ၏အတွေးကို အဖွဲ့ဆီသို့ ရှင်းပြလိုက်သည်။ သူတို့ဆီတွင် ဆွေးနွေးရန် အချိန်များများ မကျန်ခဲ့ပေ။ မုန့်ချီ၏အစီအစဉ်က အဓိပ္ပါယ်ရှိကြောင်း မြင်လိုက်ရသည့်အခါ အဖွဲ့ကလည်း လက်ခံလိုက်ပြီး တောင်ပိုင်းကောင်းကင်တံခါးဆီသို့ အတူတကွ ပျံသန်းသွားကြ၏။
သူတို့က တောင်ပိုင်းကောင်းကင်တံခါးကို ဖြတ်ကျော်သွားသည့်အချိန်တွင် ချီကျန်းရန်က ရုတ်တရက် ပြန်လှည့်လာပြီး အနောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်နေခဲ့၏။
"အရင်တုန်းက အကြောင်းကို စဉ်းစားနေတာလား အစ်ကိုချီ…"
မုန့်ချီလည်း ရင်ထဲတွင် နာကျင်သွားသလို ခံစားလိုက်ရသည်။ အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲတွင် အနောက်ဘက်၌ သေဆုံးသွားခဲ့သော ကျန်းယွင်ရှန်နှင့် တခြားသူများကို သေချာပေါက် မှတ်မိနေပါလိမ့်မည်။
မုန့်ချီက တောင်ပိုင်းကောင်းကင်တံခါး အပျက်အစီးဆီသို့ ပျံသန်းသွားပြီး သက်ပြင်းချလိုက်မိ၏။ တံခါးဆီကို ပျံသန်းသွားသည့်အချိန်တွင် မုန့်ချီက နိမ့်ကျလာပြီး တိမ်တိုက်များပေါ်တွင် ဆင်းသက်လိုက်ရသည်။
"ဘာကြောင့်လဲ…"
ထိုအချိန်တွင် သူ၏အတွင်းအားများက ပြောင်းလဲမှုမရှိဘဲ ကမ္ဘာမြေကြီး၏ စွမ်းအားများကို စုပ်ယူနိုင်သည်။ သို့သော် ပျံသန်းနိုင်ခြင်း မရှိကြောင်း ခံစားမိခဲ့၏။
"ကောင်းကင်ဧကရာဇ်ကို တွေ့တဲ့အချိန်မှာ ဘယ်သူမှ ပျံသန်းလို့မရဘူး…"
သူတို့အားလုံးက ထိုကဲ့သို့ ဒဏ္ဍာရီမျိုးကို ကြားဖူးကြသည်။ သို့သော် မုန့်ချီကတော့ ထိုထက်မက ပို၍တွေးမိခဲ့၏။ လေဟာနယ်မိန်းမပျိုဂိုဏ်းက ကောင်းကင် (၉) သွယ်၏ နတ်သမီးနယ်မြေကို သေချာပေါက် ပြင်ဆင်ထားပုံရသည်။
သူက ထိုအရာအကြောင်း စဉ်းစားနေသည့်အချိန်တွင် ပြန်လှည့်ပြီး တောင်ပိုင်းကောင်းကင်တံခါး အပျက်အစီးပေါ်သို့ လက်တင်၍ လက်နှင့် မြှောက်ကြည့်ရန် ကြိုးစားလိုက်သည်။ မုန့်ချီက ကောင်းကင်ခုံရုံး၏ နယ်မြေအမှတ်အသား ရရှိသွားသော ကူရှောင်စန်း၏ စွမ်းရည်ကို အားကျနေခဲ့သည်။ ထို့ကြောင့် သူလည်း တောင်ပိုင်းကောင်းကင်တံခါးကို သူမကဲ့သို့ လုပ်ဆောင်ရန် ကြိုးစားခဲ့၏။
မုန့်ချီ၏ကြွက်သားများ ဖောင်းကားလာခဲ့သော်လည်း တံခါးကတော့ အနည်းငယ်လေးပင် ရွေ့လျားသွားခဲ့ခြင်း မရှိချေ။ ထိုအရာကို မြင်သည့်အခါ မုန့်ချီက သူ၏စွမ်းအားကို မြှင့်တင်လိုက်သည်။ သို့သော် တောင်ပိုင်းကောင်းကင်တံခါးကတော့ မလှုပ်မယှက် ရှိနေသေး၏။
မုန့်ချီက အခြေအနေကို စဉ်းစားကြည့်လိုက်ပြီး နိယာမဖြစ်စဉ်ကို သုံးလိုက်မည်ဆိုလျှင်ပင် အသုံးမဝင်ကြောင်း နားလည်သွားခဲ့သည်။ သူက အချိန်ဖြုန်းခြင်းကို ရပ်တန့်လိုက်ပြီး အဖွဲ့ကိုပြုံးပြ၍ မြူခိုးများ၏အလယ်ကို လျှောက်သွားခဲ့သည်။
အဆုံးမဲ့တိမ်တိုက်များ၏အပေါ်တွင် နန်းတော်ကြီးများ ရှိနေပြီး သူတို့က နတ်သမီးများ၏ နေအိမ်ကဲ့သို့ ထင်မှတ်ရသည်။ သို့သော် ထိုနန်းတော်များအားလုံးက ပြိုပျက်ပြီး အပျက်အစီးများ ဖြစ်နေကြ၏။ တချို့က အလုံးစုံ ပျက်စီးသွားပြီး တချို့ကတော့ တစ်ပိုင်းတစ်စသာ ပျက်စီးနေသည်။ သို့သော် ထိုအရာတစ်ခုမျှ ရှေးဟောင်းအငွေ့အသက်များ မကျန်တော့ပေ။ ကောင်းကင်ခုံရုံး ပျက်စီးသွားသည့် အချိန်တွင် အချိန်ကာလက အေးခဲနေသလို ထင်မှတ်ရ၏။
…………
မိစ္ဆာပေါင်းများစွာက မြွေခေါင်းမိစ္ဆာ၏ ဦးဆောင်မှုနှင့် နောက်မှ တဟုန်ထိုး လိုက်လာခဲ့ကြသည်။ မိစ္ဆာငယ်လေးများက ပတ်ပတ်လည်ကို လှည့်ပတ်စစ်ဆေးကြည့်လိုက်ရာ အပျက်အစီးများသာ တွေ့နေရ၏။ နေရာတိုင်းတွင် တိတ်ဆိတ်မှုက ကြီးစိုးနေပြီး လေလှိုင်းများကပင် ပျောက်ကွယ်နေခဲ့သည်။
သူတို့၏ရင်ထဲတွင် အကြောက်တရားများ ထွက်ပေါ်လာပြီး သူတို့၏ခေါင်းထဲတွင်လည်း သေဆုံးခြင်း အငွေ့အသက်များ စတင်ပေါ်လာခဲ့၏။ ထိုအရာက ထူးဆန်းစွာ ပျက်စီးသွားခဲ့သော ကောင်းကင်ခုံရုံး ဖြစ်သည်။ အကယ်၍ သူတို့က မသိနားမလည်လျှင်ပင် ထိုအရာက အစွမ်းထက်ကြောင်း သိနေကြ၏။
အကြောက်တတ်ဆုံး အပြာရောင် မြွေမိစ္ဆာနှင့် အနက်ရောင် မြွေမိစ္ဆာတို့ကတော့ တစ်ကိုယ်လုံး တုန်လှုပ်နေကြ၏။ သူတို့က အစောင့်မြွေ၏အနားသို့ ကပ်နေကြသည်။ အစောင့်မြွေကိုယ်တိုင်က အနည်းငယ် ကြောက်လန့်နေသော်လည်း သူ့တာဝန်နှင့် ပတ်သက်နေသည့်အတွက် တွန်းအားအနည်းငယ် ရှိနေခဲ့သည်။
သူက အမိန့်ပေးလိုက်၏။
"လူခွဲလိုက်...။ (၂) ဖွဲ့ခွဲပြီး ရတနာတွေ ရှာကြမယ်။ ပတ်ဝန်းကျင်ကို သေချာစစ်ဆေးကြ...။ မင်းတို့ရှာတွေ့တဲ့အရာတွေကို သတင်းပို့ပြီးသွားရင် ငါတို့ဘုရင်ကြီး လာလိမ့်မယ်…"
လွန်ခဲ့သော တစ်လခန့်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည့်အတွက် မိစ္ဆာဘုရင်များစွာက အလေးထားမိခဲ့သည်။ သူတို့၏ရှာဖွေမှုက အချည်းနှီး မဖြစ်စေရန် အလို့ငှာ သူတို့က ရတနာရှာဖွေရန် သူတို့လူများကို စေလွှတ်လိုက်၏။
"လူခွဲရမှာလား…"
"လူခွဲရမယ်….."
အပြာရောင် မြွေမိစ္ဆာနှင့် အနက်ရောင် မြွေမိစ္ဆာတို့က ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားသော်လည်း ဆန့်ကျင်ရဲခြင်း မရှိကြပေ။ ထိုမိစ္ဆာလေး (၂) ကောင်ပူးပေါင်းပြီး အလုံးစုံ ပျက်စီးနေသော ဥယျာဉ်တစ်ခုထဲသို့ လျှောက်လာကြ၏။ သူတို့က တခြားသူများ၏ မြင်ကွင်းရှေ့မှ ထွက်လာခဲ့သည့်အချိန်တွင် သီးသန့်နေရာတစ်ခု၌ ပုန်းအောင်းနေပြီး ရှေ့ကို ဆက်မသွားရဲပေ။
"ငါတို့ ဘာမှမတွေ့ဘူးလို့ပဲ သူတို့ကို ပြောကြမယ်…"
အပြာရောင်မြွေမိစ္ဆာက သူ့အဖော်ကို သတိပေးလိုက်၏။
အနက်ရောင်မြွေမိစ္ဆာကလည်း ပြုံးလိုက်သည်။
"ငါက အရူးမဟုတ်ဘူး။ တကယ်လို့ ငါက မဟုတ်တဲ့စကားတွေ ပြောလိုက်မယ်ဆိုရင် အလွယ်တကူ တွေ့သွားမှာပေါ့…"
ကောင်းကင်ခုံရုံး အပိုင်းအစထဲတွင် မည်ကဲ့သို့သော မကောင်းဆိုးဝါးများ ရှိနေကြောင်း မည်သူက သိနိုင်မည်နည်း။ ထိုမိစ္ဆာ (၂) ကောင်က သူတို့၏အဖော်များ ပြန်လာသည့်အချိန်ကို စောင့်နေရင်း စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
ရုတ်တရက်ဆိုသလို အပြာရောင် မြွေမိစ္ဆာက တီးတိုးပြောလိုက်၏။
"သူတို့ပြန်လာကြပြီ…"
တခြားနေရာမှ မိစ္ဆာ (၂) ကောင် ရောက်လာကြသည်။ သူတို့က ရှာဖွေပြီးနောက် ပြန်လာကြပုံပေါ်၏။
"ငါတို့က အရင်ဆုံး ခဏစောင့်ကြမယ်…"
အနက်ရောင် မြွေမိစ္ဆာက ပို၍ဂရုစိုက်တတ်သည်။ သူတို့က တိတ်တဆိတ်ကြည့်နေပြီး မြွေမိစ္ဆာတစ်ကောင်နှင့် ငါးမိစ္ဆာတစ်ကောင်တို့ အနားသို့ ကပ်လာသည်ကို တည်ငြိမ်စွာ ကြည့်နေကြသည်။
"သူတို့ကိုကြည့်ရတာ အန္တရာယ်ရှိတဲ့ပုံ မပေါ်ဘူး…"
အပြာရောင် မြွေမိစ္ဆာက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ သူက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ကမ္ဘာကြီးက တိတ်ဆိတ်သွားခဲ့ပြီး သူ့ရှေ့တွင် ရှိနေသော မိစ္ဆာ (၂) ကောင်က လဲကျသွားခဲ့သည်။ သူတို့၏ အငွေ့အသက်များကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
"သေ သေ သေပြီ…"
မြွေမိစ္ဆာ (၂) ကောင်က ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ သူတို့ကသာ သွေးအေးသတ္တဝါများ မဟုတ်လျှင် တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေမည် ဖြစ်၏။
သူတို့၏အဖော် (၂) ယောက်က လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့သည်။ ထို့ပြင် သူတို့ဆီ၌ ပြင်ပဒဏ်ရာများလည်း မရှိချေ။ မကောင်းဆိုးဝါးဝိညာဉ်များက သူတို့၏ဝိညာဉ်ကို ရိုးရှင်းစွာ ယူဆောင်သွားသလို ထင်မှတ်ရသည်။ ထိုအချိန်တွင် နောက်ထပ် အဖွဲ့အနည်းငယ် ပြန်လာကြောင်း သူတို့က တွေ့လိုက်ရ၏။
"ဘုန်း ဘုန်း..."
မိစ္ဆာများက တစ်ကောင်ပြီးတစ်ကောင် လဲကျသေဆုံးသွားကြသည်။ တချို့ကတော့ ပြုံးပင်ပြုံးနေသေး၏။ ထိုကဲ့သို့ မြင်ကွင်းမျိုးကြောင့် မြွေမိစ္ဆာ (၂) ကောင်က သတိလစ်မတတ် ဖြစ်သွားခဲ့သည်။
"တော်တော်ကြောက်စရာကောင်းတဲ့နေရာပဲ…"
"မင်းတို့ (၂) ကောင်..."
အစောင့်မြွေ၏ ဒေါသသံကို သူတို့၏နားထဲတွင် ကြားလိုက်ရသည်။ သူက ယခုမှ ပြန်ရောက်လာပုံရပြီး အခြေအနေကို သိနေပုံရသည့်အတွက် ပျင်းရိနေသော မိစ္ဆာ (၂)ကောင်ကိုသာ အာရုံစိုက်နေခဲ့သည်။
ထိုမိစ္ဆာ (၂) ကောင်ကတော့ အစောင့်မြွေကို မြင်သည့်အချိန်တွင် ကြောက်လန့်သွားခြင်းမရှိဘဲ ဝမ်းသာသွားခဲ့၏။ သူတို့က ရေနစ်တုန်း ကယ်တင်သူတစ်ယောက်ကို တွေ့လိုက်ရသလို ထင်ရသည်။ အစောင့်မြွေက မိစ္ဆာဗဟိုနှင့် သွေးကို လေ့ကျင့်ထားသော ပညာရှင်တစ်ယောက် ဖြစ်သည်။
သူတို့က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီးတော့ အစောင့်မြွေဆီသို့ ပြေးသွားခဲ့၏။ ထိုအချိန်တွင် လေလှိုင်းတစ်ခုက သူတို့၏လည်ပင်းကို ဖြတ်ကျော်သွားခဲ့သည်။ သူတို့၏ရှေ့တွင် အစောင့်မြွေ၏ ပါးစပ်နှင့် မျက်လုံးထဲမှ လျှပ်စီးကြောင်းလေးများ ထွက်လာခဲ့၏။ သူက မြေပေါ်သို့ လဲကျသွားခဲ့ပြီးနောက် လုံးဝပျောက်ကွယ်သွားခဲ့သည်။
"အား..."
မိစ္ဆာ (၂) ကောင်က ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး တံခါးထဲမှ ပြေးထွက်သွားကြ၏။
………..
တိုင် (၅) လုံးတောင်၏ အပြင်ဘက်တွင် မိစ္ဆာ (၁၀၀) ခန့်က အနက်ရောင် တိမ်တိုက်များကိုစီးနင်းပြီး ကောင်းကင်ခုံရုံးအပိုင်းအစဆီသို့ ပျံသန်းလာခဲ့၏။ မြေခွေးဖြူနတ်ဆိုးကလည်း အဖွဲ့၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သူ့ဆီတွင်တော့ သူ၏ဘုရင်ကြီးကို လေးစားအထင်ကြီးမှုများ ရှိနေခဲ့၏။
"ငါတို့ဘုရင်ကြီးက တော်တော်နက်ရှိုင်းပြီး ကြောက်စရာကောင်းတယ်။ သူက အထွဋ်အမြတ်တောင်တန်းပြဿနာကို ခံနိုင်ရည်ရှိခဲ့တဲ့ တစ်ဦးတည်းသော အနိုင်ရသူပဲ။ ဒီနေ့ကမ္ဘာကြီးထဲမှာ မိစ္ဆာဘုရင်အနည်းငယ်ကပဲ သူ့ကို ယှဉ်နိုင်တော့တယ်…"
သူက စကားပြောနေရင်း ဘုရင်ကြီးရှိရာကို သတိလက်လွတ် လှည့်ကြည့်လိုက်သည်။ မိစ္ဆာများ၏ အလယ်တွင် အနက်ရောင် ပုလ္လင်တစ်ခု ရှိနေပြီး ပတ်ပတ်လည်တွင်တော့ နက်မှောင်နေသော တိမ်တိုက်များ စုစည်းနေခဲ့၏။ အနက်ရောင် ဝတ်စုံဝတ်ထားသော လူတစ်ယောက်က ထိုပုလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။
သူ့ဆီတွင် အစိမ်းရောင် အသားအရေနှင့် နှာခေါင်းကောက်ကောက်ရှိနေပြီး သူ့ပုံစံက လူသားတစ်ယောက်နှင့် တစ်ထပ်တည်းနီးပါး တူညီနေသည်။ သူက တည်ငြိမ်ပြီး အေးချမ်း၏။ ကြည့်လိုက်လျှင် သူက အစွမ်းထက်သော မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း သိနိုင်ပါလိမ့်မည်။ အမှောင်တိမ်တိုက်များက ကောင်းကင်ခုံရုံးအပိုင်းအစများဆီသို့ ကျဆင်းလာခဲ့၏။
မိစ္ဆာဘုရင်က တည်ငြိမ်စွာ ပြောလိုက်၏။
"အခုဆိုရင် သူတို့က အချက်အလက်တွေ ရနေသင့်ပြီ။ ဝင်သွားကြစို့…"
"ဘုရင်ကြီး …
ကျွန်တော်တို့က လိုဏ်ဂူ (၇) ခုရဲ့မိစ္ဆာဘုရင်တွေကို မစောင့်သင့်ဘူးလား…"
မိစ္ဆာငယ်လေးတစ်ကောင်က မေးလိုက်သည်။
"လိုဏ်ဂူ (၇) ခုရဲ့ မိစ္ဆာဘုရင်တွေလား။ သူတို့က ကိုယ့်ကိုယ်ကိုယ် မိစ္ဆာဘုရင်လို့ ဘယ်လိုများ ခေါ်ရဲရတာလဲ…"
အနက်ဝတ် မိစ္ဆာဘုရင်က ခနဲ့သလို ပြုံးလိုက်သည်။
"ဟုတ်ပါတယ် ဘုရင်ကြီး…"
မိစ္ဆာငယ်လေးက ဘုရင်ကြီးကို အပြစ်လုပ်မိမှာ စိုးသည့်အတွက် အလျင်အမြန် တုံ့ပြန်လိုက်သည်။
ထို့နောက် ဘုရင်ကြီးက လက်ဝှေ့ယမ်းပြလိုက်ပြီး မိစ္ဆာများကို တစ်ပြိုင်နက်တည်း သီချင်းဆိုရန် အချက်ပြလိုက်သည်။
"ဘုရင်ကြီးက ငါတို့ကို တောင်တန်းပေါ်လာဖို့ အမိန့်ပေးခဲ့တယ်…"
သူတို့သီချင်းဆိုနေစဉ် သူတို့က အနက်ရောင် ပုလ္လင်ကို ကောင်းကင်ခုံရုံး အပိုင်းအစထဲသို့ သယ်ဆောင်သွားခဲ့သည်။ သူတို့၏မြင်ကွင်းများ ပြန်မြင်လာရသည့်အချိန်တွင် တောင်ပိုင်းကောင်းကင်တံခါး အပျက်အစီးကို မြင်လိုက်ရပြီး အတွင်းထဲမှနေ၍ မိစ္ဆာလေး (၂) ကောင် ပြေးထွက်လာခဲ့သည်။
သူတို့၏နှုတ်ဖျားမှနေ၍ ဆက်တိုက်ဆိုသလို အော်ဟစ်နေခဲ့၏။
"အားလုံးသေပြီ အားလုံးသေသွားပြီ…"
ထိုအချိန်တွင် အနက်ဝတ် မိစ္ဆာဘုရင်က ချက်ချင်းပင် မျက်နှာပျက်သွားခဲ့လေသည်။
Translated by Hein Htet.