အခန်း (၆၆၈)
Vol. 45 Ch. 668
မုန့်ချီက အစွမ်းထက် မြစ်တစ်စင်း၏ အသံကို ကြားလိုက်ရသလို ထင်မှတ်ရသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ ထိုအရာက ကောင်းကင်ရဲမက်၏ သွေးစီးဆင်းသံ ဖြစ်သည်။ ထိုအသံက အားပြင်းပြီး ကြောက်စရာကောင်းလွန်းလှ၏။
သူတို့၏ခေါင်းထဲတွင် သွေးမြစ်တစ်စင်း၏ပုံရိပ် ပေါ်လာခဲ့သည်။ ထိုအရာက အသံနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေခဲ့၏။ ထိုအရာက ကြမ်းတမ်းစွာ စီးဆင်းလာပြီး အရာအားလုံးကို ရှင်းပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာ အစွမ်းတစ်ခုလည်း ရှိနေသည်။ လူတစ်ယောက်က သူ၏သွေးထဲမှနေ၍ ထိုကဲ့သို့ ခံစားမှုတစ်ခု ဖန်တီးပေးနိုင်သည်မှာ အတော်လေး ကြောက်စရာကောင်းသည်။
အကယ်၍ တည်ငြိမ်မှုနှင့် လှုပ်ရှားခြင်းကြားထဲတွင် မျှခြေတစ်ခု ရှိနေလျှင်ပင် ကောင်းကင်ရဲမက်က အမှန်တကယ် အစွမ်းထက်သည်ဟု သက်သေပြရန် လုံလောက်၏။ သူက အနိမ့်ဆုံး သိုင်းသခင်အဆင့် ရှိသည်။
မုန့်ချီက ချက်ချင်း ဆုံးဖြတ်လိုက်၏။ သူက ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်ပြီး သူ့လက်(၂) ဖက်တွင်တော့ ဓားမောက်နှင့် ဓားရှည်ကို ကိုင်ထားခဲ့သည်။ ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်၏ မျက်လုံးထဲတွင် ရှုပ်ထွေးနေသည့် လက္ခဏာ လုံးဝမရှိချေ။
သူက ရုတ်တရက် အသက်ပြန်ရှင်လာပြီးနောက် သာမန်လူများ ဖြစ်တတ်သော တုံ့ပြန်မှုများလည်း လုံးဝမရှိခဲ့ချေ။ သူက ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်ချင်စိတ်များသာ ပြည့်နှက်နေခဲ့၏။
"မင်းတို့ မကောင်းဆိုးဝါးတွေက ကောင်းကင်ခုံရုံးထဲကို ကျူးကျော်လာတယ်။ မင်းတို့အားလုံးသေရမယ်…"
ထိုစကားလုံးများကို အော်ဟစ်လိုက်ပြီးနောက် တိုက်ပွဲလှံရှည်ကို ကိုင်လိုက်ပြီး သူ့နောက်ကျောတွင်လည်း ကျယ်ပြန့်သော ကြယ်တာရာတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် တလက်လက် တောက်ပနေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပို၍တောက်ပစွာ လောင်ကျွမ်းလာခဲ့သည်။ မီးတောက်များက မြင်ကွင်းထဲတွင် ရှိနေသော အရာအားလုံးဆီကို ပျံ့နှံ့သွားသလို ထင်မှတ်ရပြီး ထိုအရာက လှံရှည်နှင့် တသားတည်း ပေါင်းစပ်နေသလို ထင်မှတ်ရသည်။
"ကြယ်ကြွေပုံသဏ္ဍာန်..."
ထိုအချိန်တွင် မုန့်ချီက အလွန်သိပ်သည်းသော လေလှိုင်းများနှင့် ဆူပွက်နေသော ပင်လယ်ကြီးကို ခံစားလိုက်ရသည်။ ထိုအရာက သူတို့ကို ချုပ်နှောင်ထားနိုင်သော ကောင်းကင်သံကြိုးအဖြစ် ပြောင်းလဲခဲ့သည့်အပြင် သူတို့၏ ကိုယ်တွင်းကမ္ဘာကြီးနှင့် ပြင်ပကမ္ဘာကြီးကို ဆက်သွယ်ရန် ခက်ခဲအောင် လုပ်ဆောင်နေခဲ့၏။
ကမ္ဘာမြေကြီးဆီမှ ဝါးမြိုနိုင်သော ပင်မချီစွမ်းအင်များကလည်း ယခုတော့ ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် သူက မူလစွမ်းအား၏ (၇၀) ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုနိုင်ခဲ့၏။ ထိုအရာက သိုင်းသခင်တစ်ယောက်၏ အစွမ်းလည်း ဖြစ်သည်။
ဝေ့ကျင်းအဆင့်ကို ရောက်လာပြီးနောက် အတွင်းပိုင်းထဲက ပို၍ထင်ရှားလာခဲ့၏။ ထိုအရာက ကောင်းကင်ဘုံ၏ ဖြစ်စဉ်များ ၊ ပြောင်းလဲမှုများကို လှုံ့ဆော်နိုင်ပြီး သဘာဝစွမ်းအားများနှင့် ချိတ်ဆက်နိုင်သည့်အတွက် ထိပ်သီးအင်အားတစ်ခု ပိုင်ဆိုင်လာခြင်းဟု သတ်မှတ်နိုင်သည်။
ထိုအရာက ကမ္ဘာမြေကြီး၏ စွမ်းအားများကို အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်လိုက်ခြင်း ဖြစ်သည်။ ထိုအရာက သူတို့၏ ပတ်ဝန်းကျင်ကို အထူးသက်ရောက်စေနိုင်သော နည်းလမ်းတစ်ခု မရှိချေ။ အများဆုံး သူတို့က လေနှင့်မိုးကို ဆင့်ခေါ်နိုင်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်ခြင်းသာ ဖြစ်သည်။
သို့သော် ဒုတိယကောင်းကင်လှေကားကို ကျော်ဖြတ်ပြီးသွားလျှင် အနှစ်သာရများနှင့် ပုံရိပ်ယောင်ခန္ဓာက ပေါင်းစပ်သွားပြီး အစစ်အမှန်ခန္ဓာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုခန္ဓာက ထင်ရှားလာသည့်အချိန်တွင် အနှစ်သာရများကို အနည်းနှင့်အများ သက်ရောက်စေနိုင်၏။
တချို့ကတော့ ခန္ဓာကိုယ်ကြီးမားသလို အချုပ်အနှောင်များ ရှိနိုင်သည်။ တချို့ကတော့ ကိုယ့်ကိုယ်ကိုယ် အသာစီးရနိုင်သော အိမ်တစ်ခု ဖန်တီးနိုင်ပြီး ပြိုင်ဘက်ကို အားနည်းသွားစေနိုင်၏။
ထိုအရာက ငိုကြွေးခြင်းအကြီးအကဲနှင့် ရွှမ်ပိုင်တို့၏ တိုက်ပွဲအစပိုင်းကဲ့သို့ ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်၌ အော်သံများ ပြည့်နှက်လာသည့်အချိန်တွင် ဗုဒ္ဓအငွေ့အသက်များက ရုန်းကန်ခဲ့ရ၏။
မုန့်ချီ၏ခန္ဓာကိုယ်ပေါ်တွင် သံကြိုးများစွာ ချုပ်နှောင်လာသည့်အချိန်၌ မုန့်ချီက လှုပ်ရှားနိုင်ရုံသာ ရှိသည်။ သူက သိုင်းသခင်တစ်ယောက်ကို ရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကံကောင်းသွားသည်။
သူက အရှိန်ကို နှေးကွေးလိုက်ပြီး သူ၏ဓားရှည်ကို အောက်သို့ နှိမ့်လိုက်၏။ ကမ္ဘာမြေကြီး၏ အချုပ်အနှောင်ကို အသုံးချပြီး မုန့်ချီက ဓားအိမ်ကို မသုံးဘဲ တုံ့ပြန်စွမ်းအားများကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် သူ၏သွေးကြောမှတ်များအားလုံးကို ဖွင့်လှစ်လိုက်ပြီး သူ၏ဓားထိပ်ဖျားကိုသာ အာရုံစိုက်ထားခဲ့၏။
ထိုအထဲတွင် ဖျက်ဆီး၍ မရနိုင်သော ကမ္ဘာဦးခန္ဓာ ပါဝင်နေခဲ့သည်။ အတိတ်တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် ဖရိုဖရဲဝဲကတော့ကို ရရှိခဲ့ပြီးနောက် မုန့်ချီ၏စွမ်းအားများက သိသိသာသာ တိုးတက်လာခဲ့၏။ လက်ရှိအချိန်တွင် သူက လေးလံသော ဓားရှည်တစ်လက်ကို တိုက်ခိုက်ရန် ခက်ခဲနေသော်လည်း သူက အချိန်ကာလကို ချုပ်နှောင်ထားသည့်အလား ဓားရှည်ကို ရှေ့သို့ တွန်းပို့နိုင်သေးသည်။
အမှောင်ထုကြီးက အရာအားလုံးပေါ်တွင် ကျရောက်လာခဲ့၏။ လှံရှည်က ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ မြင်ကွင်းထဲကို ရောက်လာခဲ့ပြီး ခြေလှမ်းများက ရပ်တန့်သွားသည့်အချိန်တွင် မုန့်ချီက အော်ဟစ်လိုက်သည်။
"ပွင့်လာစမ်း…"
သူက ဓားရှည်ကို လွှဲယမ်းလိုက်ရာ မုန့်ချီ၏ခန္ဓာကိုယ်က ဧရာမပုံသဏ္ဍာန် တဖြည်းဖြည်း ကြီးမားလာခဲ့၏။ စုစည်းထားသော စွမ်းအားများ အားလုံးကလည်း ပေါက်ကွဲထွက်လာပြီး အလွန်တောက်ပသော ဓားမောက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ အမှောင်ထုကြီးဆီကို ခုတ်ချလိုက်ရာ ကြွေကျလာသော ကြယ်ဆီသို့ ဦးတည်သွားခဲ့၏။
"ဘုန်း..."
ထို့နောက် ကြွေကျလာသော ကြယ်က (၂) ပိုင်း ပြတ်သွားခဲ့ပြီး လှံရှည်က အနည်းငယ် တုန်ခါသွားခဲ့သည်။
သို့သော် မုန့်ချီက နောက်သို့ လွင့်သွားပြီး ကောင်းကင်မြစ်ထဲသို့ ပြုတ်ကျမည့် အန္တရာယ်ကို ရင်ဆိုင်လိုက်ရသည်။ နောက်ပိုင်း ပြောင်းလဲမှုများက ပုံသဏ္ဍာန် ဖန်တီးရန် ခက်ခဲလှ၏။ အကယ်၍ သူက နိယာမဖြစ်စဉ်နှင့် တဟုန်ထိုး ဓားသိုင်းပညာကို အသုံးပြုလိုက်မည်ဆိုလျှင်ပင် တိုက်ခိုက်မှုကို တားဆီးနိုင်ရုံသာ ရှိသေးသည်။
သို့သော် သူ့ဆီတွင် အပေါင်းအဖော်များ ရှိသေး၏။ လှံရှည်က တုန်ခါသွားသည့် အချိန်တွင် ကျန်းကျိဝေ၏ ဓားအလင်းတန်းက ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး သူမ၏ဓားက အကာအကွယ်များကို ဆက်လက်ထိုးဖောက်၍ ကောင်းကင်ရဲမက်၏ မျက်ခုံးတည့်တည့်ကို ဦးတည်သွားခဲ့၏။
အမှန်အတိုင်း ပြောရလျှင် တိုက်ခိုက်မှုက အချိန်ကိုက် ကွက်တိ ဖြစ်သည်။ အနည်းငယ် နောက်ကျသွားမည်ဆိုလျှင်လည်း ရဲမက်က နောက်ထပ် ခုခံမှုတစ်ခု လုပ်ဆောင်နိုင်၏။ အကယ်၍ သူမက အနည်းငယ်စော၍ တိုက်ခိုက်လိုက်မည်ဆိုလျှင်လည်း သူမ၏ဓားကို လှံရှည်က တားဆီးလိုက်ပါလိမ့်မည်။
"ဘုန်း..."
ကောင်းကင်ရဲမက်က ခေါင်းကို ငုံ့လိုက်ရာ ကျန်းကျိဝေ၏ ဓားအလင်းတန်းက သူ့ခေါင်းဆောင်းကိုသာ တိုက်ခိုက်မိခဲ့သည်။ သူမက သူ၏အဓိကနေရာကို တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိသည်မှာ ကံဆိုးသွားခဲ့၏။
ကောင်းကင်ရဲမက်၏ ခေါင်းဆောင်ပေါ်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာသည့်အတွက် နေဖောက်သက်တန့်ဓားက မည်မျှအစွမ်းထက်ကြောင်း ပြသနေခဲ့သည်။
ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်က ဒေါသထွက်သွားခဲ့၏။ သူက လှံရှည်ကို ကိုင်ဆောင်လိုက်သည့်အချိန်တွင် သူ၏အနောက်ဘက်၌ ကြယ်များ စတင်ကျဆင်းလာခဲ့သည်။ သူက ရှေ့တွင် ရှိနေသော မကောင်းဆိုးဝါးဝိညာဉ် (၅)ယောက်ကိုသာ သတ်ဖြတ်ချင်နေပြီး မည်သည့်ရှင်းပြမှုကိုမျှ နားမထောင်ချင်ခဲ့ပေ။
"ဒေါင်..."
ထို့နောက် ရွမ်ယုရှုက သူမ၏စောင်းကို ကိုင်လိုက်ရာ သူမ၏ အနောက်ဘက်တွင် ခေါင်းလောင်းပုံသဏ္ဍာန် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူမက စောင်းကို တီးခတ်လိုက်သည့်အချိန်တွင် လှိုင်းသံများက လောက (၃) ပါးကို တုန်လှုပ်သွားစေခဲ့၏။
ချီကျန်းရန်ကလည်း ရပ်တန့်နေခဲ့ခြင်း မရှိချေ။ သူက ဓားရှည်နှင့် ဆက်၍ တိုက်ခိုက်လိုက်ရာ ဖရိုဖရဲဓားအလင်းတန်းများက ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်ဆီကို ဝိုင်းရံသွားကြသည်။ ဓားအလင်းတန်းများက စွမ်းအင်များ အားလုံးကို စုပ်ယူလိုက်ပြီး စွမ်းအင်စက်ကွင်းတစ်ခု ဖန်တီးနေသလို ထင်မှတ်ရ၏။
ထိုအချိန်တွင် ကျိုးဟမ်က ကမ္ဘာမြေကြီးကို ကပြောင်းကပြန် ဖြစ်သွားစေနိုင်သော နတ်ဘုရားဂုဏ်သရေအစွမ်းကို အသုံးပြုလိုက်ပြီး ပတ်ဝန်းကျင်တွင် သိုင်းသခင်၏ အကျိုးသက်ရောက်မှုကို အားနည်းအောင် လုပ်ဆောင်လိုက်သည်။
ယခုတော့ ကောင်းကင်ရဲမက်က ဆူပွက်တော့မည့် အခြေအနေထက် ကျော်လွန်သွားခဲ့၏။ သူ၏ကြွက်သားများက ဖောင်းကားလာပြီး ချပ်ဝတ်အင်္ကျီက ပို၍တင်းကျပ်လာသည်။ သူတို့ (၃) ယောက်၏ စွမ်းအားများက သူ့ကို နှေးကွေးသွားအောင် လုပ်ဆောင်လိုက်သလို ထင်မှတ်ရသော်လည်း အနည်းငယ်လေးသာ ဖြစ်သည်။
သူက လျင်မြန်စွာ လွတ်မြောက်သွားခဲ့၏။ သူက ကြာပွတ်ကိုကိုင်ပြီး ရွမ်ယုရှုနှင့် တခြားသူများကို စတင်တိုက်ခိုက်လိုက်သည်။
ယခုစောင်းသံက ပို၍ကျယ်လောင်လာခဲ့၏။ သူတို့က ကြာပွတ်ကို တားဆီးနေပြီး ဘေးမသီရန်မခ ထွက်လာနိုင်ရုံသာ ဖြစ်သည်။ သို့သော် သူတို့က သူ့အပေါ် နောက်ထပ် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ချေ။
ထိုအချိန်တွင် မုန့်ချီက သူ၏ခန္ဓာကိုယ်ကို သေချာရပ်တန့်နိုင်ပြီး အလွန်မြင့်မားသောအရပ်နှင့် ကောင်းကင်ရဲမက်ကို ငုံ့ကြည့်နေခဲ့၏။ သူ့နောက်ကျောမှနေ၍ နောက်ထပ် လက် (၂) ဖက် ထွက်လာပြီး ခရမ်းမိုးကြိုးဓားနှင့် ဆန်းကြယ်လိပ်ဓားတို့ကို ကိုင်ထားခဲ့သည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကျန်းကျိဝေနှင့် တခြားသူများ၏ရှေ့တွင် ရပ်လိုက်၏။ ထို့နောက် သူက ဓား (၂) လက်နှင့် ဓားမောက် (၂) လက်ကိုသုံးပြီး ဆက်တိုက် တိုက်ခိုက်လိုက်သည်။
ဓားမောက်များ၏ အရှိန်အဝါက အလွန်ပြင်းထန်ပြီး အစွမ်းထက်၏။ ထိုအရာက အနက်ရောင်အစက်တစ်ခု ဖြစ်လာစေနိုင်ပြီး ပတ်ဝန်းကျင်လေထုက လှုပ်ရှားသွားခဲ့သည်။ ဓားအလင်းတန်းများက ပြိုင်ဘက်ကင်းသလို ထင်မှတ်ရပြီး အစက်တိုင်းကို ထိုးဖောက်နိုင်ခဲ့၏။
သူက ဖရိုဖရဲဝဲကတော့နှင့် တာအိုလောကသိုင်းကွက်ကို ပေါင်းစပ်ဖန်တီးထားသော ကြယ်ကြွေသိုင်းကွက်၏ ပထမတစ်ဝက်ကို အသုံးချလိုက်သည်။ ဓားရှည်နှင့် ဓားမောက်များက အချင်းချင်း လမ်းတစ်ဝက်တွင် တိုက်ခိုက်မိသလို ထင်မှတ်ရပြီး အမဲရောင်အစက်ကလေးနှင့် ဓားအလင်းတန်းကို ပေါင်းစပ်လိုက်သည်။
"ဗုန်း..."
ဓားမောက်နှင့် ဓားရှည်များ၏ ဆူညံသံက အလွန်ကျယ်လောင်လွန်းလှသည့်အတွက် ကောင်းကင်မြစ်ကြီးကပင် လှုပ်ရှားသွားသလို ထင်မှတ်ရပြီး ပုံရိပ်ယောင်ရေထဲတွင် လှိုင်းလုံးလေးများ ဖြစ်ပေါ်လာသည်။ အလွန်ပါးလွှာသော အလင်းတန်းလေးတစ်ခုက ထိုးဖောက်လာပြီး လူတိုင်းက ခဏတာ မမြင်ရတော့ချေ။
ရွမ်ယုရှုနှင့် တခြားသူများက မုန့်ချီ၏နောက်တွင် ပုံအောင်းနေကြသည်။ ထို့ကြောင့် သူတို့က အလင်းတန်း၏ တိုက်ရိုက်တိုက်ခိုက်မှုကို မခံရပေ။ ထိုသို့ဆိုရာတွင် သူတို့က မျက်လုံးမမြင်တော့သလို ခံစားလိုက်ရပြီး သက်ရောက်မှု၏ အပူလှိုင်းက ဝေ့ကျင်းအဆင့် ရွမ်ယုရှုကိုပင် အရည်ပျော်ကျသွားစေနိုင်သည်။
"ဘုန်း..."
အလင်းတန်းက စတင်ပျံ့နှံ့လာပြီး ကြွေကျလာသော ကြယ်များအားလုံးကို စုပ်ယူလိုက်သည်။ ခဏကြာ ရုန်းကန်ပြီးနောက် ထိုအရာက ပျောက်ကွယ်သွားခဲ့၏။
"စကြဝဠာပျက်စီးခြင်း…"
ဖြစ်နေသည့်အရာများကို မြင်လိုက်ရသည့်အချိန်တွင် ကောင်းကင်ရဲမက်ဆီ၌ စိုးရိမ်မှုများ စတင်ပေါ်လာခဲ့၏။ သူ့နောက်တွင် ရှိနေသော ကြယ်တာရာများကလည်း အနီးသို့ ကပ်လာပြီး ကြယ်များအားလုံးက နေလုံးကြီးတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ ထို့နောက် လေလှိုင်းများနှင့်အတူ ကျဆင်းလာပြီး ကြယ်မြစ်ကြီးအားလုံးက အရည်ပျော်ကျသွား၏။ လှံရှည်၏ လမ်းညွှန်မှုအောက်တွင် နေလုံးကြီးက မုန့်ချီ၏ စွမ်းအင်မုန်တိုင်းကြီးကို ဖျက်ဆီးလိုက်သည်။
"ဗုန်း..."
ကမ္ဘာမြေကြီးက တုန်ခါသွားခဲ့၏။ အရာအားလုံးကလည်း ငြိမ်သက်သွားခဲ့သည်။ ကောင်းကင်မြစ်ရေများက နောက်တစ်ကြိမ် စီးဆင်းလာပြီး ရေငွေ့များကလည်း မြူခိုးများအဖြစ် စတင်အရည်ပျော်လာခဲ့၏။
မုန့်ချီ၏ခန္ဓာကိုယ်က နောက်ကို (၂) လှမ်း ပြန်ဆုတ်လိုက်ရပြီး သူ၏တာအိုဝတ်ရုံကလည်း ပျက်စီးသွားခဲ့သည်။ သူ၏ရွှေရောင် အသားအရေပေါ်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာပြီး သွေးများ စီးကျလာခဲ့၏။
ငွေရောင်ချပ်ဝတ် အင်္ကျီဝတ် ကောင်းကင်ရဲမက်ကလည်း နောက်သို့ (၃) လှမ်း ပြန်ဆုတ်လိုက်ရသည်။ မူလတုန်းက အက်ကွဲနေသော ခေါင်းဆောင်းက ယခုတော့ လုံးဝကို ပျက်စီးသွားပြီ ဖြစ်၏။ သူ၏ချပ်ဝတ်အင်္ကျီတွင် အက်ကွဲကြောင်းများ ရှိနေသော်လည်း ခန္ဓာကိုယ်ကတော့ ထိခိုက်မှု မရှိချေ။
သူက သေချာမရပ်နိုင်သေးခင် အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခုက သူ့ဆီကို ဦးတည်လာခဲ့၏။ ထူးဆန်းသည်မှာ ထိုဓားအလင်းတန်းက ဦးတည်ချက် ရှိပုံမရဘဲ သူ၏ပင်မဝိညာဉ်ကို ချိန်ရွယ်ထားသလို ထင်ရသည်။
မုန့်ချီက ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်နှင့် သူ့တိုက်ပွဲအကြောင်း ပြောပြခဲ့သည့်အတွက် ကျန်းကျိဝေ၏ အနန္တဓားက နောက်ထပ် အဆင့်တစ်ခုကို ရောက်နေခဲ့သည်။
ကောင်းကင်ရဲမက်က သူ၏ပုံရိပ်ယောင်ခန္ဓာ ထိုးဖောက်ခံလိုက်ရသည့်အတွက် နာနာကျင်ကျင် အော်ဟစ်လိုက်၏။ သူ့မျက်လုံးများက ဝင်းလက်တောက်ပလာပြီး ဥက္ကာခဲ (၁၀၀၀) ကျော် ဖြတ်ကျော်သွားသလို ထင်မှတ်ရသည်။ ထို့နောက် သူက လှံရှည်နှင့် အပေါ်ကို ချိန်လိုက်၏။
ထိုအချိန်တွင် သူ၏လှံရှည်ထဲမှနေ၍ ဥက္ကာခဲများ ပျံသန်းလာပြီး ကျန်းကျိဝေ၏ ဓားအလင်းတန်းကို တားဆီးလိုက်သည်။ ထို့နောက် သူက သူမကို ဘေးဘက်မှနေ၍ အလစ်ချောင်း၍ တိုက်ခိုက်လိုက်၏။
သူတို့ (၅) ယောက်က တပြိုင်နက်တည်း တိုက်ခိုက်လိုက်သော်လည်း သိုင်းသခင် တစ်ယောက်ကို တားဆီးရန် မလုံလောက်သေးပေ။ သူတို့က သူ့ကို အားအင်ချည့်နဲ့သွားအောင် လုပ်ဆောင်နိုင်ရုံသာ ရှိသည်။
ကောင်းကင်ရဲမက်က ရှေ့ကို တစ်လှမ်းတိုးလာပြီး လက်ထဲတွင် ကိုင်ထားသော လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။ လှံရှည်၏ထိပ်ဖျားမှ မီးတောက်များ ထွက်ပေါ်လာနေပြီး ကျန်းကျိဝေ၏ခါးကို တည့်တည့်ချိန်ထား၏။
ကျန်းကျိဝေက ပင့်သက်ရှိုက်လိုက်ပြီနောက် သူမ၏နောက်ကျောမှနေ၍ အလွန်လှပသော မိန်းမပျိုပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်၏ လက္ခဏာများက ဝေဝါးနေသည်မှာ ခံစားချက်ကင်းမဲ့ခြင်းကြောင့် မဟုတ်ချေ။ ထိုအရာက ကမ္ဘာမြေကြီး၏ ပေါင်းစပ်မှုကြောင့်သာ ဖြစ်သည်။
ထိုပုံရိပ်ယောင်က ကျက်သရေရှိသော အဝတ်အစားများ ဝတ်ဆင်ထားပြီး လှပသော ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်ညီနေခဲ့၏။ သူ၏အသားအရေက မတူညီသော ဓားဆန္ဒများကို ပေါင်းစပ်ထားသလို ဖြစ်နေသည်။ ကရုဏာတရားများ ပြည့်နှက်နေသော ထိုလူရိပ်၏ မျက်လုံးထဲတွင် သူတို့အားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့၏။ ထိုအရာက မတူညီသော ဓားဆန္ဒများအားလုံးကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ ထိုအရာက ထိုက်ရှန်ဓားသမား ပုံရိပ်ယောင်ခန္ဓာ ဖြစ်၏။
ထိုဓားသမားက ပုံရိပ်ယောင် ဓားရှည်တစ်လက်ကို ဓားအိမ်နှင့် ကိုင်ထားခဲ့သည်။ သူ၏ညာဘက်လက်ကတော့ ဓားလက်ကိုင်ပေါ်တွင် ရှိနေ၏။ ကျန်းကျိဝေက သူမ၏ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ဓားသမားကလည်း အလားတူ လုပ်ဆောင်လိုက်သည်။
ကမ္ဘာမြေကြီးက စတင်အရောင်ပြောင်းလဲလာပြီး ကောင်းကင်မြစ်ကြီးကလည်း စီးဆင်းမှု ရပ်တန့်သွားသည့်အလား တိတ်ဆိတ်သွားခဲ့၏။ ထိုဓားက အနာဂတ်ကို ဖြတ်တောက်ရန် ဖြစ်သည်။
"ဗုန်း..."
လှံရှည်က ဓားရှည်ဆီကို ဦးတည်လာခဲ့၏။
ရွမ်ယုရှုကလည်း သူမ၏စောင်းကို နောက်တစ်ကြိမ် စတင်တီးခတ်လိုက်ရာ လောက(၃) ပါးက လှုပ်ရှားသွားခဲ့၏။ ချီကျန်းရန်နှင့် ကျိုးဟမ်တို့ကလည်း အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။ သူတို့၏စွမ်းအားများကို ပေါင်းစပ်လိုက်မည်ဆိုလျှင် သူတို့က ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်ကို ယာယီတားဆီးနိုင်ရုံသာ ဖြစ်သည်။
မုန့်ချီက နိယာမဖြစ်စဉ်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ခြင်း မရှိကြောင်း သိနေ၏။ ထို့ကြောင့် သူ၏ဓားမောက်ကို လှုပ်ရှားလိုက်သည်။ သူ၏ဓားမောက်ထိပ်ဖျားပေါ်တွင် နေလုံးကြီးများ ဆက်တိုက်ထွက်ပေါ်လာပြီး အပူလှိုင်းများက ပျံ့နှံ့၍ အတူတူ ပေါင်းစည်းသွားကြ၏။ ရလဒ်ကတော့ အလင်းရောင်များအားလုံးက လှုပ်ရှားသွားခဲ့သည်။
ကြည့်ရသည်မှာ ထိုသိုင်းသခင်ကို ရင်ဆိုင်ရန်အတွက် သူတို့က နတ်ဘုရားလက်နက်တစ်ခုကို အသုံးပြုမှသာ အခွင့်အရေးတစ်ခု ရှိနိုင်၏။ သို့သော် သူက မိစ္ဆာတစ်ယောက် မဟုတ်ကြောင်း သူတို့က သိနေကြ၏။
ကောင်းသောအရာတစ်ခုကတော့ မုန့်ချီက သူ၏စွမ်းအားများအားလုံးကို အသုံးပြုခဲ့ခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူက ပြိုင်ဘက်၏ စွမ်းအားအများစုကို ငှားသုံးထားခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် သူက ထိခိုက်မှုအနည်းဆုံး ဖြစ်သည်။
သွေးကြောများထဲတွင် ရှိနေသော ပုံရိပ်ယောင်ခန္ဓာ အားလုံးပေါ်လာပြီးနောက် သူက ကောင်းကင်ဘုံကို အသက်သွင်း၍ သူ၏ပုံရိပ်ယောင်ခန္ဓာနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက်တွင်တော့ ကမ္ဘာမြေကြီး၏ စွမ်းအားများ ပြိုကျသွားခဲ့ပြီး ပတ်ဝန်းကျင် လေလှိုင်းများက ပျက်စီးလာခဲ့၏။
ဖျက်ဆီး၍ မရနိုင်သော ကမ္ဘာဦးခန္ဓာက ဓားထိပ်ဖျားတွင် ပုန်းအောင်းနေပြီး သူ၏အရေပြားနှင့် အသွေးအသား တစ်ခုချင်းဆီတိုင်းကို ထင်ထင်ရှားရှား မြင်နေရသည်။
"ပွင့်လာခဲ့စမ်း…"
မုန့်ချီက အော်ဟစ်လိုက်ပြီး သူ၏ဓားရှည်နှင့် ခုတ်ချလိုက်၏။ လေထုက ကျုံ့သွားခဲ့ပြီး အလင်းတန်းများက လှုပ်ရှားသွားသည်။ လက်ရှိအချိန်တွင် သူတို့ မြင်နေရသည်မှာ နေလုံးငယ်လေးများစွာသာ ဖြစ်၏။
"ဘိုးဘေး မျောက်..."
ကောင်းကင်ရဲမက်က တီးတိုးရေရွတ်လိုက်သည်။ သူက လှံရှည်နှင့် တားဆီးရန် ကြိုးစားလိုက်သော်လည်း ကျန်းကျိဝေနှင့် တခြားသူများကို ဖြတ်ကျော်နိုင်ခြင်း မရှိချေ။ အရာအားလုံးက အလွန်ခက်ခဲနေပုံရ၏။
"ဘုန်း..."
ဓားမောက်က လှံကို တိုက်ခိုက်လိုက်မိပြီး လက်နက်ချင်း ရင်ဆိုင်မိသည့်နေရာတွင် အနက်ရောင်အစက်တစ်ခု ပေါ်လာခဲ့သည်။ ထိုအနက်ရောင် အစက်လေးက ပတ်ဝန်းကျင် အလင်းရောင်များ အားလုံးကို စုပ်ယူသွားနိုင်သည်အထိ ကြောက်စရာကောင်း၏။
မည်သူမျှ သတိမထားမိသေးခင် အနက်ရောင်အစက်လေးက အက်ကွဲလာပြီး လှံရှည်က နောက်ပြန်လွင့်သွားခဲ့၏။ ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်က လုံးဝကို လဲကျသွားခဲ့ပြီး အသံပင် မထွက်နိုင်ခဲ့ပေ။
ထို့နောက် အမှောင်ထုကြီးက ပျောက်ကွယ်သွားခဲ့ပြီး ပျက်စီးနေသော လှံရှည်က မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် ရဲမက်၏ ခန္ဓာကိုယ်က အမှောင်တွင်းနက်ကြီးထဲတွင် လုံးဝပျော်ကျသွားခဲ့သည်။
"ဖရိုဖရဲဝဲကတော့..."
ထိုအချိန်တွင် မုန့်ချီက လုံးဝပင်ပန်းသွားခဲ့ပြီး နိယာမဖြစ်စဉ်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ချေ။ သူက မူလပုံစံကို ပြန်ရောက်သွားခဲ့ပြီး မဟာနေမင်းနှလုံးသား၏ စွမ်းအင်များကိုလည်း ရုပ်သိမ်းလိုက်သည်။
သိုင်းသခင်တစ်ယောက်က အမှန်တကယ်ကို ကြောက်စရာကောင်း၏။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ၊ နှစ်ပေါင်း (၁၀၀၀) နှင့် နှစ်သောင်းပေါင်းများစွာမှ ကောင်းကင်ရဲမက်များက မည်သို့ အသက်ရှင်နေထိုင်ကြသနည်း။
မုန့်ချီက သူ၏ပင်မဝိညာဉ်ကို ပြန်လည်အားဖြည့်ရန် လျင်မြန်စွာ ကြိုးစားလိုက်သည်။ ရုတ်တရက်ဆိုသလို အဝေးမှနေ၍ လူတစ်ယောက် ရောက်လာခဲ့၏။ ထိုလူက အလွန်လျင်မြန်လှသည့်အတွက် ပျံသန်းနေသလို ထင်မှတ်ရသည်။ သူ့နောက်ကျောတွင် အတောင်ပံတစ်စုံ ရှိနေ၏။
ထိုအရာက ဤနေရာရှိ တိုက်ပွဲကို မြင်လိုက်ရပြီးနောက် သူတို့ဆီကို ပြေးလာနေသော အနက်ဝတ် မိစ္ဆာဘုရင် ဖြစ်သည်။
"သေစမ်း။ အစီအစဉ်က ပျက်စီးသွားပြီ…"
Translated by Hein Htet.