အခန်း (၆၆၉)
Vol. 45 Ch. 669
အနက်ဝတ်မိစ္ဆာဘုရင်၏ အတောင်ပံများက (၃)မီတာကျော် ရှည်လျားသည်။ တောင်ပံ အပိုင်းအစတစ်ခုချင်းဆီတိုင်းက ဓားသွားကဲ့သို့ ဖြစ်နေ၏။ အတောင်ပံကို ခတ်လိုက်ရာ သူက အနားသို့ ရောက်လာပြီး နောက်တစ်ကြိမ် ခတ်လိုက်သည့်အချိန်တွင်တော့ သားကောင်၏ တိုက်ခိုက်ရေးစက်ဝိုင်းအတွင်းသို့ ရောက်လာခဲ့သည်။ ပျံသန်းခြင်းပင် မဟုတ်ဘဲ သူ့အရှိန်က အလွန်အံ့သြစရာကောင်းလွန်းလှ၏။
"ငါက အဲဒီလောက်မြန်ဖို့ဆိုရင် လေဟာနယ်ခြေလှမ်းသိုင်းကို ဝေ့ကျင်းအဆင့် အထွဋ်အထိပ်အထိ လေ့ကျင့်ဖို့ လိုအပ်နိုင်တယ် ... "
မုန့်ချီက မှင်တက်သွားမိသည်။ သူက ယခုမှ စွမ်းအားတချို့ကို ပြန်ရလာခဲ့ခြင်းဖြစ်၏။ ဓမ္မကာရအဆင့် စွမ်းရည်များကို မပြောနှင့်၊ သာမန်ဝေ့ကျင်းအဆင့် စွမ်းအားများကိုပင် အသုံးပြုနိုင်ခြင်း မရှိပေ။
သို့သော် ယခုတော့ မိစ္ဆာက လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ မူလတုန်းက သူတို့၏ တိုက်ပွဲက မည်မျှကျယ်လောင်စေကာမူ မိစ္ဆာရောက်လာရန် အနည်းငယ် အချိန်ပေးရဦးမည်ဟု မုန့်ချီက တွေးထားခဲ့သည်။ ဤအချိန်အတောအတွင်း သူ၏စွမ်းအားများကို ပြန်ဖြည့်၍ ရနိုင်၏။
သို့သော် ထိုမိစ္ဆာက အတော်လေးကို လျင်မြန်နေပုံရသည်။ သူက သိုင်းသခင်အဆင့်သို့ ရောက်နေသည် ဟူသောအချက်ကို လျစ်လျူရှုပြီး လျင်မြန်စွာ ရောက်လာခဲ့ခြင်းဖြစ်၏။ အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးတလျှောက်လုံးတွင် မုန့်ချီက မိစ္ဆာတစ်ကောင်ကိုသာ တွေးမိနိုင်သည်။ ထိုအရာက ခြင်္သေ့ကုလားအုပ်တောင်တန်းမှ ရွှေတောင်ပံ သိန်းငှက်မိစ္ဆာဖြစ်သည်။
"ဒါက သူ့ရဲ့မျိုးဆက်များလား ..."
ရောက်လာသည့်သူက သေချာပေါက် ရည်ရွယ်ချက်ကောင်း မရှိနိုင်ပေ။
မုန့်ချီက စွမ်းအားများ ပြန်ပြည့်လာရန် အပြင်းအထန် ကြိုးစားနေချိန်တွင် ရွမ်ယုရှုက ရှေးဟောင်းကြေးနီမှန်တစ်ချပ်ကို ထုတ်လိုက်သည်။ မည်းညစ်နေသော အစိမ်းရောင်မှန်က သိန်းငှက်မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသွားခဲ့၏။ မိစ္ဆာဘုရင်က သိုင်းသခင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည်။
ပထမဆုံးအရာကို ရှုံးနိမ့်လိုက်ရပြီးနောက် မုန့်ချီက လျှို့ဝှက်လက်နက်များကို သိမ်းဆည်းထားသည်မှာ ဉာဏ်ကောင်းသော လုပ်ရပ်မဟုတ်ကြောင်း သိလာခဲ့သည်။ ထို့ကြောင့် ရွမ်ယုရှုက အခွင့်အရေးကို အသုံးချပြီး နတ်ဆိုးထုတ်ဖော်ကြေးမုံကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
တောင်ပံပါမိစ္ဆာဘုရင်၏ပုံရိပ်က ကြေးနီမှန်ထဲတွင် ပေါ်လာခဲ့သည်။ သူက နေရာတွင် အေးခဲသွားသည့်အလား ရုတ်တရက် ရပ်တန့်သွားခဲ့၏။
"အခွင့်ကောင်းပဲ ..."
အလွန်တည်ငြိမ်သော ကျန်းကျိဝေက သူမ၏ဓားရှည်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် တောက်ပသော ဓားအလင်းတန်းများက ပတ်ပတ်လည်ကို တိုက်ခိုက်လိုက်ပြီး အနက်ဝတ်မိစ္ဆာဘုရင်ကို လွှမ်းခြုံသွားခဲ့၏။ ဓားအလင်းတန်းတစ်ခုချင်းဆီတိုင်းက သန့်စင်ထက်မြက်ပြီး အညှာအတာကင်းမဲ့သည်။
စကြဝဠာထိုးဖောက်ခြင်းအစွမ်းကို သင်ယူခဲ့ပြီးနောက် သူမက ထိုက်ရှန်ဓားသမား ပုံရိပ်ယောင်ခန္ဓာထဲသို့ ထိုအသိပညာများကို ပေါင်းစပ်ထားခဲ့သည်။ ထို့ကြောင့် သူမက ချီစွမ်းအင်များနှင့် အရှိန်အဝါကို လှုပ်ရှားခြင်းမရှိဘဲ သိုင်းကွက်ကို အသုံးချနိုင်၏။
"ဖျောက် ..."
မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်များ ပေါ်လာခဲ့သည်။ သူ့မျက်လုံးများက ပျက်စီးသွားပြီး နှာခေါင်းက ကွေးသွား၏။ မျက်ခုံးပေါ်တွင် ဒဏ်ရာရသွားပြီးအရေပြားပေါ်မှ သွေးများ စီးကျလာခဲ့သည်။
"အား ... "
သူက အော်ဟစ်လိုက်သော်လည်း အစွမ်းထက်သော သိုင်းသခင်အဆင့် ခန္ဓာကိုယ်ကြောင့် အသက်ရှင်နိုင်သေး၏။ ထို့ပြင် သူက နတ်ဆိုးထုတ်ဖော်ကြေးမုံ၏အစွမ်းကို ဖယ်ရှားနိုင်ပုံရသည်။
တစ်ချိန်တည်းတွင် ချီကျန်းရန်က သူ၏ဓားရှည်ကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။ ကောင်းကင်ပေါ်မှ ခရမ်းရောင်ကြယ်မြစ်ကြီးတစ်ခု စီးဆင်းလာပြီးနောက် ထိုကြယ်များက မိစ္ဆာဘုရင်၏ ဒဏ်ရာထဲကို ဝင်ရောက်သွားပြီး သူ၏အတွင်းအင်္ဂါများကို တိုက်စားနေခဲ့သည်။ကြယ်မြစ်ကြီးက ကောင်းကင်(၉)သွယ်မှ ကျဆင်းလာခဲ့၏။
ကျိုးဟမ်ကလည်း သူ့ဓားကို မြှောက်လိုက်ပြီး သိန်းငှက်ကို တိုက်ခိုက်လိုက်သည်။ သူက ငှက်၏မူလဒဏ်ရာဆီကိုထိုးပြီး တစ်စစီ ဆုတ်ဖြဲရန် ကြိုးစားလိုက်၏။
"အား ... "
အနက်ဝတ်မိစ္ဆာဘုရင်က နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။ သူက ဒဏ်ရာရနေသော အတောင်ပံများကို ဖြန့်လိုက်၏။ တခဏအတွင်း သူက မီတာအနည်းငယ်အကွာသို့ ရောက်သွားပြီး ကျန်းကျိဝေတို့ တိုက်ခိုက်နိုင်သည့် အကွာအဝေးမှ လွတ်မြောက်သွားခဲ့သည်။
သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပြီး မျက်စိမမြင်ရသလို နားလည်း မကြားရတော့ပေ။ သူက ပုံစံပြောင်းလဲမှုကို ထိန်းသိမ်းထားရန်ပင် ခက်ခဲ၏။ ထိုငှက်မိစ္ဆာက ထွက်ပြေးချင်နေခဲ့သည်။
"တကယ်လို့ ငါ့ရဲ့ဘိုးဘေးကသာ အထွဋ်အမြတ်တောင်တန်းထဲမှာ ပိတ်မိမနေဘူးဆိုရင် ၊ ငါသာ သူ့ရဲ့မှော်ရတနာကို အမွေဆက်ခံနိုင်မယ်ဆိုရင် ဒီလိုခံစားရမှာ မဟုတ်ဘူး။ ငါက ငါ့ရဲ့အဖိုးတန်လက်နက်ကိုတောင် မသုံးနိုင်ခဲ့ဘူး ..."
သူက ရင်ထဲတွင် ကြုံးဝါးလိုက်မိသည်။
မုန့်ချီက အနည်းငယ် ပြန်ကောင်းလာပြီဖြစ်ပြီး ထိုအနက်ဝတ်မိစ္ဆာဘုရင်ကို နေရာတွင်သတ်ရန် လေဟာနယ်ခြေလှမ်းသိုင်းကို အသုံးပြုချင်ခဲ့၏။ သူတို့လုပ်ဆောင်ရမည့်တာဝန်က သေမင်းတမန်တာဝန်တစ်ခု မဟုတ်ချေ။
အမှတ်မတထင် ပေါ်လာသော ကောင်းကင်ရဲမက်ကလွဲလျှင် ဤနေရာ၌ သိုင်းသခင်အဆင့် မကောင်းဆိုးဝါး အများဆုံး(၂)ယောက်သာ ရှိနိုင်သည်။ အကယ်၍ သူတို့ကသာ ဤနေရာ၌ တစ်ယောက်ကို သတ်နိုင်မည်ဆိုလျှင် တခြားတစ်ယောက်က လွယ်ကူသွားနိုင်၏။
ထိုအချိန်တွင် မုန့်ချီက ခံစားချက်များကို ဖယ်ရှားလိုက်သည်။ သူ့ရင်ထဲတွင် ငြိမ်သက်သွားခဲ့ပြီးနောက် အဝေးကို လှမ်းကြည့်လိုက်၏။ နန်းတော်များ၏ အပေါ်ဘက်တွင်တော့ မကောင်းဆိုးဝါးများ စုဖွဲ့နေသောလက္ခဏာ တိမ်တိုက်များ ပေါ်လာခဲ့၏။ ကြည့်ရသည်မှာ ထိုမကောင်းဆိုးဝါးများက အထွဋ်အထိပ်အဆင့်ဖြစ်ပုံရပြီး တစ်ယောက်ကသာ သိုင်းသခင်အဆင့်ကို ရောက်နေသည်။ သို့သော် သူတို့ဆီမှ ထွက်ပေါ်လာသော အငွေ့အသက်များက အလွန်ထူးခြားလှ၏။
ကောင်းကင်ခုံရုံး၏ အတွင်းပိုင်းထဲတွင် ထူးဆန်းမှုများ ရှိနေသော်လည်း ဆူညံသံများကြောင့် သူတို့က မုန့်ချီတို့ရှိရာကို တရှိန်ထိုး လာနေကြသည်။
"သွားကြမယ်... "
မုန့်ချီက စဉ်းစားမနေတော့ဘဲ ကောင်းကင်မြစ်ပေါ်တွင် ရှိနေသော တံတားပေါ်သို့ ပြေးထွက်သွားခဲ့၏။ မုန်ချီက သူ့အရှိန်နှင့် တခြားမိစ္ဆာဘုရင်များ ရောက်မလာခင် သိန်းငှက်မိစ္ဆာဘုရင်ကို ဖမ်းဆီးသတ်ဖြတ်နိုင်သည်။ သို့သော် သူက တခြားသော မိစ္ဆာများကိုလည်း ရင်ဆိုင်ရဦးမည်ဖြစ်၏။
ထို့ပြင် သူက စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ ပြန်ရထားပြီး ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေခဲ့သည်။ နတ်ဆိုးထုတ်ဖော်ကြေးမုံကလည်း တစ်ကြိမ်သာ အသုံးပြုနိုင်တော့၏။ အမှန်အတိုင်းပြောရရင် သူတို့ကိုသာ မိစ္ဆာများက ဝိုင်းဝန်းတိုက်ခိုက်ကြမည်ဆိုလျှင် သူတို့က နတ်ဘုရားလက်နက်တစ်ခုကို အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
ထိုအချိန်မျိုးတွင် သူ လုပ်နိုင်သည်မှာ သဘာဝ ချုပ်နှောင်ခြင်းအစွမ်းကို အသုံးပြုရန်သာ ဖြစ်သည်။ သို့သော် ဘေသဇ္ဇဂုရုဆေးလုံးကဲ့သို့ ဆေးလုံးများက လှုပ်ရှားမှုကြောင့် တန်ပြန်သက်ရောက်မှုများကို ဖယ်ရှားနိုင်ခြင်း မရှိချေ။ လှုပ်ရှားမှုများက အချိန်အတိုင်းအတာတစ်ခုတွင် အသုံးဝင်လိမ့်မည်လည်း မဟုတ်ချေ။ အကယ်၍ ထိပ်သီးအဆင့်မိစ္ဆာများ ရောက်လာမည်ဆိုလျှင် သူတို့က သေချာပေါက် ပြန်လှည့်ရမည်သာဖြစ်သည်။
မုန့်ချီက လောဘနှင့် သွေးဆောင်ဖျားယောင်းမှုကို ဖိနှိပ်ကာ ထွက်ပြေးပြီး ပြန်လည်ကုသရန်သာ ကြိုးစားလိုက်သည်။ သူက စွမ်းအားများ ပြန်ပြည့်သွားသည့်အချိန်တွင် တုံ့ပြန်တိုက်ခိုက်၍ ရနိုင်၏။ ပထမဆုံး သူက သိုင်းသခင်အဆင့် မိစ္ဆာများကို ဖယ်ရှားရမည်ဖြစ်သည်။ ထို့နောက် တခြားမိစ္ဆာဘုရင်များကို ဖြေရှင်းရသည်မှာ လွယ်ကူသွားနိုင်၏။
ကျန်းကျိဝေနှင့် ချီကျန်းရန်တို့ကလည်း အခြေအနေကို ကောင်းကောင်းကြီး နားလည်ကြသည်။ သူတို့က ပျက်စီးနေသော လက်နက်များကို တိတ်တဆိတ် ကောက်ယူလိုက်ကြပြီး တိမ်တိုက်များထဲတွင် ရှိနေသော တံတားဆီသို့ပြန်လှည့်၍ ကောင်းကင်မြစ်ကို အရင်ဆုံး ကူးဖြတ်ရန် ကြိုးစားလိုက်သည်။
ကျန်းကျိဝေက ရှေ့မှ ဦးဆောင်ပြီး ရွမ်ယုရှု၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့က အလယ်တွင် ရှိသည်။ မုန့်ချီက နောက်ဆုံးမှ လိုက်လာခဲ့၏။ သူတို့က တံတားပေါ်ကို လျှောက်သွားပြီး တစ်ဖက်တွင် ရှိနေသော တလက်လက် တောက်ပနေသည့် ရေများနှင့် ကောင်းကင်ပေါ်ရှိ ကြယ်များကို လျစ်လျူရှုထားခဲ့သည်။
ကောင်းကင်မြစ်က အလွန်ကျယ်ပြန့်လာသည့်အတွက် သူတို့က တစ်ဖက်အစွန်ကို မမြင်နိုင်ကြပေ။ တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်သာဆိုလျှင် ထိုမြစ်ကို ကူးဖြတ်ရန် တစ်ရက်ခန့် အချိန်ပေးရနိုင်သည်။ ဒဏ္ဍာရီထဲတွင် အဆိုအရ ကောင်းကင်ဘုံတွင် တစ်ရက်က ကမ္ဘာမြေတွင် တစ်နှစ်နှင့် ညီမျှသည်ဟု ဆိုကြသည်။
မုန့်ချီတို့အဖွဲ့က သာမန်လူများ မဟုတ်သည်မှာ ကံကောင်းသွားကြ၏။ သူတို့က သူတို့၏ ခြေလှမ်းကျင့်စဉ်များကို အသုံးပြုပြီး ပျံသန်းခြင်း မဟုတ်သည့်ပုံစံနှင့် ပြေးလွှားနေကြသည်။ ထို့ပြင် မုန့်ချီကတော့ တမင်တကာ အရှိန်ကို နှေးနေပြီး နောက်မှချန်၍ ကာကွယ်ပေးနေခဲ့သည်။
……………
ကောင်းကင်မြစ်၏ တခြားတစ်ဖက်တွင်တော့ ကျားမိစ္ဆာက တခြားသောမိစ္ဆာများနှင့်အတူ ရောက်လာခဲ့သည်။ ထိုအချိန်တွင် သိန်းငှက်မိစ္ဆာဘုရင်က ဆိုးဆိုးဝါးဝါးပုံစံနှင့် နောက်ပြန်ဆုတ်လာကြောင်း တွေ့လိုက်ရ၏။
သိန်းငှက်မိစ္ဆာဘုရင်က လိုဏ်ဂူ(၆)ခု၏ မိစ္ဆာဘုရင်များထဲတွင် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့ဖူးသည်။ ယခုတော့ သူက သာမန်မိစ္ဆာတစ်ယောက်ကိုပင် ယှဉ်နိုင်ခြင်းမရှိချေ။ သူ့အတွက် တစ်ခုတည်းသော အသာစီးရမှုကတော့ ထူးခြားလွန်းလှသော အရှိန်သာ ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ ..."
တခြားသော မကောင်းဆိုးဝါးများကို ဓားပြတိုက် လုယူပြီး ဆေးလုံးများ စုဆောင်းသော မိစ္ဆာအိုကြီးများက မေးလိုက်သည်။
"လူသားမျိုးနွယ်တွေ။ သူတို့အားလုံးဆီမှာ ကြောက်စရာကောင်းတဲ့ မှော်ရတနာတွေရှိတယ်…"
သိန်းငှက်မိစ္ဆာဘုရင်က လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။ သူက ရှေ့တွင် ရှိနေသော မိစ္ဆာဘုရင်များကို ရှောင်တိမ်းရန် ပြန်လှည့်လိုက်၏။
ထိုအချိန်တွင် ကျားမိစ္ဆာဘုရင်က ပါးစပ်ဟလိုက်ရာ မကောင်းဆိုးဝါးလေလှိုင်းတစ်ခုက သိန်းငှက်မိစ္ဆာဘုရင်ဆီသို့ ရောက်သွားခဲ့သည်။
"ငါက သိုင်းသခင်အဆင့် တစ္ဆေ အစေခံတစ်ယောက် လိုအပ်ကောင်း လိုအပ်နိုင်တယ်..."
ကျားမိစ္ဆာက ရယ်လိုက်သည်။
ထိုမိစ္ဆာ(၂)ကောင်ကို တိုင်(၅)လုံးတောင်ထိပ်၏ လိုဏ်ဂူ(၇)ခုတွင် ရှိနေသော တခြားမိစ္ဆာဘုရင်များကပင် အလေးထားနေရသည်။ သို့သော် သူတို့(၂)ယောက်က အမြဲလိုလို ပဋိပက္ခဖြစ်နေခဲ့၏။ ယနေ့တော့ သူတို့၏ ကြားထဲတွင် ရှိနေသော ပြဿနာများကို ရှင်းလင်းရန် အခွင့်ကောင်းတစ်ခု ရောက်လာပြီဖြစ်သည်။
အမှန်အတိုင်းပြောရလျှင်တော့ ကျားမိစ္ဆာ၏ အကျင့်စရိုက်အရ သူက ထိုသိန်းငှက်ကို သူ၏အဖိုးတန် တစ္ဆေအစေခံတစ်ယောက်အဖြစ် လုပ်ဆောင်ချင်ခဲ့၏။
"မင်းတို့တွေ ... မင်းတို့တွေက ငါ့ကို ထိရဲတာလား။ ငါ့ရဲ့ဘိုးဘေးကို မကြောက်ဘူးလား…"
သိန်းငှက်မိစ္ဆာဘုရင်က ဒေါသထွက်နေခဲ့သည်။
ကျန်ရှိနေသော မိစ္ဆာဘုရင်များကတော့ သူ၏မောက်မာမှုကြောင့် မကျေမနပ် ဖြစ်နေသည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ ထို့ကြောင့် သူတို့ဆီတွင် သနားညှာတာမှု မရှိကြပေ။ သိန်းငှက်မိစ္ဆာဘုရင်ဆီတွင် ရတနာ အနည်းငယ် သယ်ဆောင်ထားပြီး ထိုအရာများကို အသုံးပြုရန် အစွမ်းမရှိချေ။
ယခု သူ့ကို ကျားမိစ္ဆာက ဝါးမျိုတော့မည်ဖြစ်ပြီး မျှော်လင့်ချက် ကင်းမဲ့နေသည်ကို မြင်လိုက်ရသည့်အခါ သူ့ဆီတွင် မပြည့်ဝသေးသော ရည်မှန်းချက်များ ရှိနေသလို ထင်မှတ်ရသည်။
ရုတ်တရက်ဆိုသလို လူတစ်ယောက်က လက်မြှောက်ပြီး သိန်းငှက်မိစ္ဆာဘုရင်ကို ကာကွယ်ပေးလိုက်၏။ ထိုအရာက အနက်ရောင်လက်သည်းများ ပေါက်နေသော မီးခိုးရောင်လက်ဝါးတစ်ခု ဖြစ်သည်။ ထိုလက်ဝါးနှင့် ရိုက်လိုက်သည့်အချိန်တွင် ပျက်စီးမည့်လက္ခဏာများ ပေါ်လာခဲ့၏။
"မင်း ..."
ငွေရောင်မြွေဘုရင်၏ ဘိုးဘေးဖြစ်သော ကပ်ဆိုးမြွေက သိန်းငှက်မိစ္ဆာကို လာရောက်ကယ်တင်ပေးသည်ကို ကျားမိစ္ဆာက စိုက်ကြည့်လိုက်သည်။
"သူ့ဘိုးဘေးက ငါ့ရဲ့မိတ်ဆွေပဲ။ သူ့ကိုသွားခွင့်ပေးလိုက်…"
ဘိုးဘေးကပ်ဆိုးမြွေ၏အသံက အက်ရှရှ ဖြစ်နေခဲ့သည်။
ကျားမိစ္ဆာက ဘိုးဘေးကပ်ဆိုးမြွေကို ဒေါသထွက်တော့မည့်အချိန်တွင် ခေါင်းဆောင်းအောက်တွင် ရှိနေသော သူ့မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့၏။
ထိုမျက်လုံးများက မြွေတစ်ကောင်ကဲ့သို့ အေးစက်နေပြီး ကျားမိစ္ဆာ၏ နှလုံးသားထဲကို ထိုးဖောက်လာခဲ့သည်။ လူသားမျိုးနွယ် သိုင်းသခင်အဆင့် ပညာရှင် တစ်ယောက်ဖြစ်သော ကျားမိစ္ဆာက တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာခဲ့သည်။
"တော်တော်ကြောက်စရာကောင်းတာပဲ ..."
သူက ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်ပြီး လေးလေးစားစား ပြန်ဖြေလိုက်၏။
"ကောင်းပါပြီ ... ကျွန်တော် လွှတ်ပေးလိုက်ပါ့မယ်…"
ဘိုးဘေးကပ်ဆိုးမြွေက မျက်လုံးအကြည့်ကို ရုတ်သိမ်းလိုက်ပြီး နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့သည်။ ကျားမိစ္ဆာကတော့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီးနောက် ဘိုးဘေးကပ်ဆိုးမြွေကို မကြည့်မိအောင် သီးသန့်ရှောင်တိမ်းနေခဲ့သည်။
"သူက ဒဏ္ဍာရီထဲက မကောင်းဆိုးဝါးကြီးတစ်ကောင်များလား ... ဒါမှမဟုတ် မကောင်းဆိုးဝါးကြီး တစ်ကောင်ကောင်ရဲ့အနားမှာ ရှိခဲ့တဲ့ တစ်ယောက်ယောက်လား။ ဒါပေမဲ့ သူက ဘာလို့ ငါတို့ကို မသိမ်းသွင်းရတာလဲ။ သူ့ပုံစံက အကောင်းဆုံး လုပ်ဆောင်တဲ့ပုံတောင် မပေါ်ဘူး…"
အလွန်ရှည်ကြာပြီး အတွေ့အကြုံရှိသော ကျားမိစ္ဆာက ထူးဆန်းမှုကို စတင်ခံစားမိလာခဲ့သည်။
သိန်းငှက်မိစ္ဆာမြွေက ဘိုးဘေးဒုက္ခမြွေကို ကျေးဇူးတင်စကားပြောလိုက်ပြီး ဤနေရာတွင် ဆက်မနေရဲတော့ပေ။ သူက နန်းတော်အပျက်အစီးများဆီသို့ အလျင်အမြန် ပျံသန်းသွားခဲ့ပြီး ဒဏ်ရာများကို ကုသရန် ကောင်းကင်ခုံရုံး အပိုင်းအစထဲမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် သူတို့က ကောင်းကင်မြစ်ကို ဖြတ်နေသော တံတားရှည်ကြီးဆီသို့ ရောက်လာသည့်အချိန်တွင် မုန့်ချီတို့ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ အဝေးတွင် မြူခိုးများသာ လွှမ်းခြုံနေခဲ့၏။
"အား ... "
အဝေးမှနေ၍ ရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံက သိန်းငှက်မိစ္ဆာဘုရင်၏ အသံလည်း ဖြစ်၏။ ထို့နောက် တစ်စုံတစ်ယောက်က လည်ပင်းကို ချိုးလိုက်သည့်အလား သူ့အသံက ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
ဘိုးဘေးကပ်ဆိုးမြွေက ပြန်လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက အသံကြားရာကို လှည့်ကြည့်လိုက်၏။
"သူ ဘာဖြစ်သွားတာလဲ ... "
ဝက်ဝံမိစ္ဆာက မေးလိုက်သည်။
"သူ အသတ်ခံလိုက်ရတာ…"
ဘိုးဘေးကပ်ဆိုးမြွေက အနီရောင်အလင်းတန်းကို ရုတ်သိမ်းလိုက်၏။ သူ့လေသံက နက်ရှိုင်းပြီး ခံစားချက် ကင်းမဲ့နေသည်။
ကျားမိစ္ဆာက ထိုအရာကို မယုံကြည်နိုင်ခဲ့ပေ။
"ဒီနေရာမှာ တခြားမိစ္ဆာဘုရင် ရှိသေးလို့လား။ သူက ဒဏ်ရာရနေတဲ့ သိန်းငှက်မိစ္ဆာဘုရင်ကို တွေ့သွားပြီး သတ်လိုက်တာလား…"
ကျားမိစ္ဆာက စဉ်းစားကြည့်နေခဲ့၏။
ဘိုးဘေးကပ်ဆိုးမြွေက ခေါင်းခါပြလိုက်သည်။
"ငါက တခြားသတ္တဝါတွေ မတွေ့ခဲ့ဘူး ..."
"ဒါဆိုရင် ဒီသိန်းငှက်က ဘယ်လိုသေသွားတာလဲ…"
ကျားမိစ္ဆာက မေးလိုက်၏။
ဘိုးဘေးဒုက္ခမြွေက တိတ်ဆိတ်သွားခဲ့သည်။
"အလောင်းမရှိဘူး ... အငွေ့အသက် နည်းနည်းပဲ ကျန်တော့တယ်…"
ဘိုးဘေးဒုက္ခမြွေ၏စကားလုံးက မိစ္ဆာဘုရင်များအားလုံး၏ ရင်ထဲတွင် အေးစက်သွားစေခဲ့သည်။
"လူသားမျိုးနွယ်စုကလွဲရင် ကောင်းကင်ခုံရုံးအပိုင်းအစထဲမှာ တခြားအရာတွေ ရှိနေတာလား ... "
"ဘာမှမစိုးရိမ်ပါနဲ့။ အလစ်ချောင်း တိုက်ခိုက်ဖို့ပဲသိတဲ့ ငကြောက်တစ်ယောက်က ငါတို့အလေးထားဖို့ မထိုက်တန်ပါဘူး…"
ဘိုးဘေးကပ်ဆိုးမြွေက အသံတိုးတိုးနှင့် ပြောလိုက်သည်။ ထို့နောက် သူက တံတားဆီသို့ လျှောက်သွားခဲ့၏။
"ဘိုးဘေးပြောတာမှန်တယ် ... ဒဏ်ရာရနေတဲ့သိန်းငှက်ကိုပဲ ထိခိုက်အောင်လုပ်နိုင်တဲ့ ငကြောက်တစ်ယောက်ကို ဘာများ ကြောက်ရမှာလဲ…"
ငွေရောင်မြွေမိစ္ဆာဘုရင်က ဘိုးဘေးကပ်ဆိုးမြွေ၏ နောက်မှ လိုက်လာခဲ့သည်။ တခြားသော မိစ္ဆာဘုရင်များကလည်း အချင်းချင်း ကြည့်လိုက်မိကြပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေကြ၏။ သူတို့က အကြောက်တရားကို ရင်ဆိုင်ပြီး ရှေ့ကိုဆက်၍ လျှောက်သွားကြသည်။
"ငါတို့က ဆေးရည်တွေ၊ ထူးခြားတဲ့ဆေးလုံးတွေ မရသေးဘဲ ကောင်းကင်ခုံရုံး အစိတ်အပိုင်းထဲကနေ ဘာလို့ထွက်သွားရမှာလဲ ... "
သူတို့က တစ်ယောက်ဆီ တွေးနေမိကြသည်။
…………
နာရီပေါင်းများစွာ လမ်းလျှောက်လာပြီးနောက် မုန့်ချီက သဘာဝချီစွမ်းအင်များကို စုပ်ယူပြီး စွမ်းအားအများစု ပြန်ရလာခဲ့သည်။ ထိုအချိန်တွင် တံတား၏ ရှေ့ဘက်မြစ်ပြင်ပေါ်တွင် ကျွန်းတစ်ခု ပေါ်လာခဲ့သည်။ ထိုမြစ်က ကျွန်းကို ဖြတ်ကျော်သွားခဲ့ပြီး တခြားတစ်ဖက်သို့ အဆုံးမရှိနိုင်ဖြစ်နေခဲ့သည်။
ထိုစစ်ဆေးရေးနေရာကိုကြည့်ပြီး မုန့်ချီတို့က သတိလက်လွတ် အရှိန်လျှော့လိုက်ကြသည်။
"ရဲမက်တန်းလျား ..."
ကျိုးဟမ်က မျက်မှောင်ကြုတ်ပြီး တီးတိုးပြောလိုက်သည်။
"ဒီအဆောက်အဦးတွေက ရဲမက်တန်းလျားမျိုးပဲ ..."
သူတို့အားလုံးက သတိထားမိကြသည်။ မုန့်ချီက သေချာစိုက်ကြည့်လိုက်၏။
"ဒါက ကောင်းကင်မြစ်အစောင့်တွေရဲ့ တန်းလျားလား ..."
မုန့်ချီက တံတားကို စောင့်ကြပ်နေသော ကောင်းကင်ရဲမက်ကို စဉ်းစားမိသွားပြီး ထိုကျွန်းပေါ်တွင် ရဲမက်ထောင်ပေါင်းများစွာ ရှိမည်ဟု စဉ်းစားမိနေခဲ့သည်။
"သူတို့အားလုံးထဲမှာ ထိပ်တန်းအဆင့် ပညာရှင်တွေနဲ့ ကောင်းကင်ဘုံ အရာရှိတွေတောင် ပါနေနိုင်တယ် ..."
သူ့ခေါင်းထဲတွင် ထိုအတွေးပေါ်လာခဲ့သည်။
"တကယ်လို့ ကောင်းကင်တပ်ဖွဲ့တစ်ခု ရှိနေပြီး သူတို့သာ နိုးထလာခဲ့မယ်ဆိုရင် ..."
ရွမ်ယုရှုဆီတွင်လည်း တူညီသောအတွေးတစ်ခု ရှိနေခဲ့သည်။
ကျန်းကျိဝေက လေပူများကို မှုတ်ထုတ်လိုက်၏။
"သတိထား … တကယ်လို့ သံသယဝင်စရာတစ်ခုခုရှိမယ်ဆိုရင် ငါတို့က ချက်ချင်းပြန်ကြမယ်…"
အကယ်၍ သူတို့ကသာ ကောင်းကင်ရဲမက်(၁)ထောင်ခန့်ကို ရင်ဆိုင်ရမည်ဆိုလျှင် ဓမ္မကာရအဆင့်ကို မရောက်သေးသည့်အတွက် နောက်ပြန်ဆုတ်ရမည်သာဖြစ်သည်။ မိစ္ဆာဘုရင်များက မီမလာသေးသည်ကိုမြင်သည့်အခါ မုန့်ချီက ရွမ်ယုရှုတို့ကိုကျော်ပြီး ရှေ့ဆုံးမှ ဦးဆောင်သွားခဲ့၏။
သူတို့က ကျွန်းအနားကို မရောက်သေးခင် ထိုတန်းလျားထဲ၌ ကောင်းကင်ရဲမက်များ အမှန်တကယ်ရှိနေကြောင်း မုန့်ချီက တွေ့လိုက်ရ၏။ သူတို့က အနည်းဆုံး(၁၀၀)ကျော် ရှိနေသည်။
တချို့သော ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် ကောင်းကင်ရဲမက်များက ထိုင်ပြီး ရေသောက်နေကြ၏။ တချို့က မတ်တပ်ရပ်ပြီး ရဲမက်အချင်းချင်း စကားပြောနေကြသည်။ သူတို့အားလုံးက ကျောက်ရုပ်များကဲ့သို့ အေးခဲနေကြခြင်း ဖြစ်၏။ ထိုရုပ်တုက ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေပြီး အမှန်တကယ်ထူးခြားလှသည်။
ထို့နောက် မုန့်ချီက တိမ်တိုက်များထဲတွင် ပျက်စီးနေသော အမှတ်အသားတစ်ခုကို တွေ့လိုက်ရ၏။
"ကောင်းကင်စစ်သူကြီး…"
Translated by Hein Htet.