အခန်း (၆၇၁)
Vol. 45 Ch. 671
"အဲဒါဘာကြီးလဲ…"
ကျန်းကျိဝေက တလက်လက် တောက်ပနေသော ရေပြင်ကြီးထဲကိုကြည့်ပြီး အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
မုန့်ချီက မျက်လုံးမှိတ်လိုက်သော်လည်း လောင်ကျွမ်းနေသော နာကျင်မှုကို ခံစားနေရသေး၏။ သူက မီးခိုးငွေ့ ဖြစ်သွားတော့မည့်သဖွယ် လောင်ကျွမ်းခံနေရပြီး အကယ်၍ သူကသာ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခြင်း မရှိသေးလျှင် မီးခိုးငွေ့များအဖြစ် လောင်ကျွမ်းခံရနိုင်သည်။ သူက ထိန်းချုပ်၍ မရနိုင်စွာ ငိုနေမိပြီး သူ့ရှေ့တွင် နီရဲနေသော အရာတစ်ခုကိုသာ မြင်နေရ၏။
"အဆင်ပြေပါတယ်။ ငါ ရတယ်…"
မုန့်ချီက နာကျင်မှုကို သည်းခံနိုင်ရန် ကြိုးစားခဲ့သည်။
"တကယ်လို့ ငါသာ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို လေ့ကျင့်ထားပြီး မျက်လုံးရဲ့ အားနည်းချက်တွေကို ဖုံးကွယ်မထားခဲ့ဘူးဆိုရင် အခုအချိန် မျက်လုံးကန်းသွားလောက်ပြီ။ ကြယ်တစ်လုံးကို အနီးကပ်စိုက်ကြည့်ရတာက တော်တော်လေးကို ဆိုးရွားတာပဲ…"
ကျန်းကျိဝေက မျက်လုံးမှိတ်လိုက်ရာ အထွဋ်အမြတ်ဓားသမား ပုံရိပ်ယောင်ခန္ဓာ ထွက်ပေါ်လာခဲ့သည်။ သူမ၏သိစိတ်ပင်လယ်ကြီးက ဂြိုဟ်ပေါ်တွင် ရှိနေသော အနက်ရောင်အစက်လေးကို စိုက်ကြည့်လိုက်ပြီး ထိုဂြိုဟ်ကို သေချာစစ်ဆေးနေခဲ့သည်။
"ဝက်နတ်ဆိုးရဲ့ အလောင်း..."
သူမက ထိုကဲ့သို့ ကြီးမားသော ဝက်နတ်ဆိုးတစ်ကောင်ကို လုံးဝမမြင်ဖူးသည့်အတွက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ပထမကောင်းကင် လှေကားကို ဖြတ်ကျော်လာခဲ့ပြီးနောက် စိတ်ဝိညာဉ်ထိုးဖောက်ခြင်း စွမ်းရည်နှင့် ပတ်သက်သောအရာများ ပို၍မြင့်မားလာသည့်အတွက် အကွာအဝေး မည်မျှရှိနေစေကာမူ သူမက အရာအားလုံးကို စစ်ဆေးနိုင်စွမ်း ရှိသည်။ အကယ်၍ သူမကသာ တာအိုဘိုးဘေး (၉) ယောက်ထဲမှ တစ်ယောက် သို့မဟုတ် မဟာဗုဒ္ဓ၏ အဆင့်မျိုးထိ လေ့ကျင့်နိုင်မည်ဆိုလျှင်တော့ ပို၍မြင့်မားသော အသိပညာကိုသုံးပြီး စကြဝဠာတစ်ခုလုံးကို ဖောက်ထွင်းမြင်နိုင်ပါလိမ့်မည်။
အရာအားလုံးက သူမ၏မျက်စိရှေ့တွင် ရှိနေသလို မြင်ရမည် ဖြစ်၏။ ယခု သူမက ထိုအရာကို စတင်အသုံးပြုခဲ့ခြင်းသာ ဖြစ်သော်လည်း အတော်လေး အံ့ဩစရာကောင်းကြောင်း တွေ့လိုက်ရသည်။
မုန့်ချီကတော့ ခေါင်းထဲတွင် နာကျင်သွားခဲ့သော်လည်း အနီးကပ် လေ့လာခဲ့ရခြင်း မရှိသည့်အတွက် အနည်းငယ်လေးသာ တုံ့ပြန်ခံခဲ့ရ၏။
"ငါ ထင်တာမမှားရင် အဲဒါက ကောင်းကင်စစ်သူကြီးတစ်ယောက်ပဲ…"
မုန့်ချီက မျက်လုံးမှိတ်ထားသေးသည်။
"ကျူးပါကျဲ့က ကောင်းကင်မြစ်ရဲ့အောက်မှာ သေဆုံးသွားခဲ့တာလား။ ဒီလောက် ဉာဏ်နီဉာဏ်နက်များတဲ့ ကျူးပါကျဲ့က အဲဒါကိုတောင် မရှောင်တိမ်းနိုင်ခဲ့ဘူးလား။ တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်တော့မယ်ဆိုတာကိုသိလို့ သူ့ပစ္စည်းတွေကို ထုတ်ပြီး ထွက်ပြေးဖို့ ပြင်ခဲ့တယ်။ ဒါပေမဲ့ သူက ဘယ်လိုဖြစ်ပြီး လောင်ကျွမ်းသေဆုံးသွားခဲ့ရတာလဲ…”
“အပြင်ဘက်မှာရှိတဲ့ ကောင်းကင်တပ်ဖွဲ့ကလည်း နိုးထလာဖို့ အခွင့်အရေးတစ်ခု ရှိနေသေးတာလား။ သူ့မျက်လုံးနဲ့ အမူအရာက မယုံကြည်နိုင်သလို ဖြစ်နေတယ်။ တိုက်ခိုက်တဲ့သူက သူ့ကို အံ့အားသင့်အောင် လုပ်ဆောင်ခဲ့ပြီး တခြားသူတွေ ရောက်မလာခင် သူက ထွက်ပြေးသွားမှာကို ဖမ်းမိသွားခဲ့တာလား…"
"ကောင်းကင်စစ်သူကြီး ဟုတ်လား။ အဲဒါက ဝက်တစ်ကောင်ဆိုတော့ သူ့ရဲ့မျိုးရိုးနာမည်က ကျူးမျိုးရိုးများလား…"
ကျိုးဟမ်က ပြောစရာစကားလုံးများ ပျောက်ရှသွားခဲ့ရသည်။ သံသရာအရှင်သခင်က အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီး၏ နောက်ကြောင်းကို မိတ်ဆက်ပေးခဲ့သည့်အတွက် လူတိုင်းက ကျူးမျိုးရိုးကို သိနေခဲ့သည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။
"ကောင်းကင်စစ်သူကြီးက ဝက်နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့တယ်ဆိုတာ ငါ ကြားခဲ့ဖူးတယ်…"
သူက အင်မော်တယ်များဆီမှ ကြားခဲ့ဖူးခြင်းဖြစ်မည်ဟု ကျန်းကျိဝေတို့က တွေးမိခဲ့ကြသည်။ ကျိုးဟမ်ကတော့ သူတို့အဖွဲ့နှင့် မပူးပေါင်းရသေးခင် ထိုအကြောင်းအရာကို သိထားမည်ဟု တွေးမိခဲ့၏။ သို့သော် သူတို့က နောက်ထပ် မေးခွန်းထုတ်ခဲ့ခြင်း မရှိဘဲ ကျူးပါကျဲ့က မည်ကဲ့သို့ အရာဖြစ်ကြောင်း မမေးခဲ့ချေ။
မုန့်ချီက ကြယ်ပေါ်တွေ လဲကျနေသော ကျူးပါကျဲ့၏ အလောင်းနှင့် ပတ်သက်သော အခြေအနေအသေးစိတ်ကို ပြောပြလိုက်ပြီး ရင်ထဲတွင် ခဏကြာ တိတ်ဆိတ်နေမိခဲ့သည်။
သူက ကျူးပါကျဲ့ကို မုန်းတီးခဲ့ဖူး၏။ ကျူးပါကျဲ့က ဉာဏ်နီဉာဏ်နက် များသည့်အပြင် ပျင်းရိသော လူလိမ်တစ်ယောက် ဖြစ်သည်။ သူ့ကို စွန်းဝူခုံးကပင် သေလောက်အောင် ရိုက်ပစ်ချင်ခဲ့ဖူး၏။ သို့သော် ယခု သူ့အလောင်းကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူ့စိတ်ထဲ၌ သနားညှာတာစိတ်များ ပေါ်လာခဲ့သည်။ မည်သို့ဖြစ်စေကာမူ မုန့်ချီက ကလေးဘဝတွင် ကျူးပါကျဲ့၏ ဇာတ်လမ်းများကို စတင်ဖတ်ရှုခဲ့ခြင်း ဖြစ်၏။
"နေလုံးကြီးနဲ့ ယှဉ်လိုက်မယ်ဆိုရင်တောင် သူ့ခန္ဓာကိုယ်က သိပ်ပြီးမသေးသလိုပဲ…"
ကျိုးဟမ်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"ဒါက တော်တော်ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ။ မိစ္ဆာဘုရင်တွေရဲ့နောက်မှာ မိစ္ဆာနတ်ဆိုးတွေ ၊ တန်ခိုးရှင်တွေ ရှိတယ်လို့ ကြားခဲ့ဖူးတယ်။ မိစ္ဆာကြီးတွေလည်း အများကြီးပဲ။ သူကရော ဘယ်လိုမျိုးလဲ…"
"သူက နိယာမဖြစ်စဉ်နဲ့ အလားတူ ကျင့်စဉ်မျိုးကို သုံးခဲ့တယ် ထင်တယ်။ သူသေသွားခဲ့တဲ့ အချိန်မှာ သူကလည်း ကောင်းကင်တပ်ဖွဲ့လိုမျိုး အေးခဲသွားခဲ့တာ..."
မုန့်ချီက သူ၏ထင်မြင်ချက်ကို ပြောပြလိုက်သည်။
ရွမ်ယုရှုက အဝေးတွင် ရှိနေသော ကြယ်ကို ကြည့်လိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဝက်ကင်ပဲလေ…”
“ကောင်းကင်စစ်သူကြီးက ကောင်းကင်မြစ်တပ်ဖွဲ့ကို ဦးဆောင်ပြီး ပြည်နယ်တစ်ခုကို အုပ်ချုပ်ရတာ...။ သူက မတော်တဆ ပြုတ်ကျသွားတာ မဖြစ်နိုင်ဘူး။ ငါတို့က သူ့ရဲ့အလောင်းပေါ်မှာ ကောင်းကင် (၉) သွယ် ပျောက်ဆုံးမှုနဲ့ ကောင်းကင်ခုံရုံးအကြောင်းကို လေ့လာလို့ ရချင်ရနိုင်တယ်။ ဒါပေမဲ့ အဲဒီကြယ်က နေလုံးကြီးတစ်ခုလိုဖြစ်နေတာ ကံဆိုးသွားတယ်။ တကယ်လို့ ငါတို့သာ အနားကို ကပ်သွားမယ်ဆိုရင် ချက်ချင်းပြာကျသွားမှာ...။ ငါတို့က သေခြင်းတရားကို နားလည်ဖို့ သူ့အလောင်းကို စစ်ဆေးလို့ မရနိုင်ဘူး…"
ကျန်းကျိဝေက သက်ပြင်းချပြီး ပြောလိုက်သည်။
မုန့်ချီက မြင်ကွင်းပေါင်းများစွာကို တွေးတောကြည့်နေ၏။ ကျူးပါကျဲ့က ပင်မတိုက်ခိုက်ရေးတန်းလျားထဲတွင် ထိုင်နေပြီး ကင်းလှည့်ရန် ကောင်းကင်တပ်ဖွဲ့ကို စေလွှတ်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခု လွဲမှားနေကြောင်း ရှာတွေ့သွားခဲ့၏။
ယခုတစ်ကြိမ် ကောင်းကင်ခုံရုံးက ရှင်သန်နိုင်ခြင်း မရှိတော့ကြောင်း နားလည်သွားသည့် အချိန်တွင် သူက အထုပ်အပိုးများကို သိမ်းဆည်းပြီး တောင်ပိုင်းကောင်းကင်တံခါးကို ဖြတ်သန်းသွားရမည့်အစား ကောင်းကင်မြစ်ထဲမှ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူက အလစ်ချောင်းတိုက်ခိုက်ခံရမည်ဟု မည်သူကရော သိထားမည်နည်း။
သူက ကြောက်လန့်နေသလို ခံစားနေရသည့်အချိန်တွင် မထင်မှတ်ထားသော လူတစ်ယောက်က တိုက်ခိုက်ခဲ့ခြင်း သို့မဟုတ် ထောင်ချောက်တစ်ခုထဲကို ကျရောက်သွားခြင်း ဖြစ်နိုင်သည်။ သူက ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ သေဆုံးသွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် မုန့်ချီက သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခုကို မြင်တွေ့နေရသေးခြင်းကြောင့် ဖြစ်သည်။
ကျူးပါကျဲ့က ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမရှိဟု မုန့်ချီက ယူဆမိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အချက်အလက်များကို ညွှန်ပြထားခြင်း မရှိခြင်းကြောင့် ဖြစ်သည်။
အလွန်ကြီးမားသော ကျူးပါကျဲ့၏ အလောင်းကိုကြည့်ပြီး သူတို့ကသာ အစွမ်းကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်မည်ဆိုလျှင် ထိုကြယ်ပေါ်၌ အပျက်အစီးများစွာ ကျန်နေခဲ့နိုင်သည်။ သို့သော် ယခုတော့ ထိုကြယ်က တည်ငြိမ်စွာ လည်ပတ်နေပြီး နေလုံးကြီး၏ ပတ်ပတ်လည်တွင်လည်း ထူးဆန်းသော အရာများစွာ လည်ပတ်နေခဲ့သည်။ မုန့်ချီနှင့် တခြားသူများက အပျက်အစီးတစ်ခုမျှ မတွေ့ခဲ့ရပေ။
"တိုက်ခိုက်သူက ကျူးပါကျဲ့ထက် အဆပေါင်းများစွာ အစွမ်းထက်ပြီး သူ့ကို အလစ်ချောင်း တိုက်ခိုက်လိုက်တာလည်း ဖြစ်နိုင်တာပဲလေ။ ဒါမှမဟုတ် တိုက်ခိုက်တဲ့သူက ကျူးပါကျဲ့ လုံးဝမမြင်ဖူးတဲ့သူလည်း ဖြစ်နိုင်တယ်…"
မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး အခြေအနေကို သုံးသပ်ကြည့်နေခဲ့သည်။
"ရန်သူရဲ့အစွမ်းက ဝင်္ကပါတွေ ရတနာတွေထဲမှာ ရှိနိုင်ပြီး သူ့ရဲ့အဆင့် မဖြစ်နိုင်ဘူး။ ပြီးတော့ အထူးဆန်းဆုံးအရာကတော့ ဘာလို့ တိုက်ခိုက်သူက ကျူးပါကျဲ့ရဲ့ အလောင်းကို ယူမသွားခဲ့ရတာလဲ။ ဒီလိုအစွမ်းထက်တဲ့ အလောင်းတစ်ခုက နေလုံးကြီးပေါ်မှာ နှစ်ပေါင်းများစွာ လောင်ကျွမ်းနေတာကိုတောင် ကျန်နေသေးတာ မဟုတ်လား…"
ထိုအရာကို တွေးမိခဲ့သည့်အချိန်တွင် သူက အလျင်အမြန် ပြောလိုက်သည်။
"ကျိဝေ …
နေလုံးကြီးရဲ့ပတ်ပတ်လည်မှာ တစ်ခုခုရှိလား စစ်ဆေးကြည့်လိုက်ပါ။ ဥပမာအနေနဲ့ ပြောရရင် ထွန်ခြစ်လို အရာမျိုးပေါ့…"
‘ကျူးပါကျဲ့၏ နတ်ဘုရားလက်နက်၊ ပိုင်ဆိုင်မှုများ၊ သူ့ဆရာ၊ ဆရာတူအစ်ကိုနဲ့ ဆရာတူညီလေးတို့၏ အလောင်းရော ရှိနေမှာလား…’
ကျန်းကျိဝေက နောက်တစ်ကြိမ် ထိုက်ရှန်ဓားသခင် ပုံရိပ်ယောင်ခန္ဓာကို ပြသလိုက်ပြီး ပို၍မြင့်မားသော စွမ်းရည်များကို အသုံးချလိုက်သည်။ သူမက ပတ်ပတ်လည်ကို စတင်စစ်ဆေးလိုက်ရာ ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရသည်။
ခဏကြာပြီးနောက် သူမက ခေါင်းခါပြလိုက်၏။
"မရှိဘူး။ နေလုံးကြီးက အရမ်းကို အစွမ်းထက်တယ်။ တကယ်လို့ သူ့ရဲ့ပတ်ပတ်လည်မှာ တစ်ခုခု လွင့်မျောနေမယ်ဆိုရင်တောင် အနားကို ဆွဲခေါ်ခံရပြီး လောင်ကျွမ်းသွားမှာပဲ…"
"အဲဒါတော့ အမှန်ပဲ…"
မုန့်ချီက သက်ပြင်းချလိုက်မိပြီး ထိုအရာကို သတ်ဖြတ်သူက ယူသွားသည်ဟု တွေးမိသွားခဲ့သည်။
"တော်တော်လေးတောင် နောက်ကျနေပြီ။ မိစ္ဆာဘုရင်တွေက ရဲမက်တန်းလျားကို ဖြတ်ကျော်သွားလောက်ပြီ။ သူတို့က ရတနာတွေကို အကုန်ယူမသွားခင် သူတို့ရဲ့နောက်ကနေ အမီလိုက်ဖို့ လိုအပ်တယ်…"
ကျိုးဟမ်က ကောင်းကင်မြစ်၏အောက်မှ အပေါ်ကို မော့ကြည့်လိုက်ရာ တလက်လက် တောက်ပနေသော ရေများက အလွန်ကြည်လင်နေကြောင်း တွေ့လိုက်ရသည်။
မုန့်ချီက မျက်လုံးမှိတ်လိုက်ရာ အပူရှိန်က ပျောက်သွားခဲ့၏။ ထိုအချိန်တွင် သူက ပတ်ပတ်လည်ကို အာရုံခံရန် စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းကိုလည်း အသုံးပြုနိုင်ခြင်း မရှိချေ။ သူ့ပုံစံက လုံးဝကို မျက်ကန်းတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ကျိုးဟမ်၏စကားကို ကြားသည့်အခါ သူက ရေကန်နှင့် ဆက်သွယ်ထားသော လိုဏ်ခေါင်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
"ဘုန်း..."
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ရေများက လှိုင်းထလာခဲ့သည်။
မုန့်ချီက ခေါင်းကို လက်နှင့် အုပ်လိုက်မိပြီး ကြေးနီတံခါးတစ်ခု၏ရှေ့တွင် ရပ်လိုက်မိ၏။ မုန့်ချီ၏ အာရုံခံစွမ်းရည်များက သက်ရောက်ခံလိုက်ရသည်။ သူက မှန်ကန်သော ဦးတည်ချက်နှင့် အကွာအဝေးကို ပြောပြနိုင်ခြင်း မရှိတော့ချေ။ နောက်ဆုံးတွင်တော့ သူက ရှေးဟောင်းကြေးနီ တံခါးကြီးတစ်ခုကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ငါက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို လေ့ကျင့်ထားတာ ကံကောင်းသွားတယ်။ မဟုတ်ရင် သွေးထွက်နေလောက်ပြီ…"
မုန့်ချီက ကြိတ်၍ ဝမ်းသာသွားခဲ့၏။
"ရေကန်အောက်ခြေမှာ တံခါးတစ်ချပ် ရှိတာလား…"
ကျိုးဟမ်က ဇဝေဇဝါ ဖြစ်နေခဲ့သည်။
ကြေးနီးတံခါးကြီးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည့်အချိန်တွင် မုန့်ချီက မည်သည့်ချိတ်ပိတ်မှုကိုမျှ အာရုံခံစားမိခဲ့ခြင်း မရှိချေ။ ကျန်းကျိဝေတို့ကလည်း သူတို့၏လက်နက်များကို မြှောက်လိုက်ကြသည်။ သူတို့က သတိထားနေကြပြီး ကြေးနီတံခါး၏အနောက်ဘက်တွင် မည်သည့်အရာ ရှိကြောင်း မသိကြပေ။
"ကောင်းကင်မြင်းတွေလား…"
မုန့်ချီက အနီးဆုံးတွင် ရပ်လိုက်သည့်အတွက် တံခါးနောက်တွင် ရှိနေသော အခြေအနေကို ပထမဆုံး စစ်ဆေးမိခဲ့သည်။
ကြေးနီတံခါး၏ အနောက်ဘက်တွင်တော့ ကျယ်ပြန့်သော မြေကွက်လပ်တစ်ခုရှိနေပြီး မြင်းလှည်းများကို ကျိုးတို့ကျဲတဲ ဆိုက်ကပ်ထားခြင်း ဖြစ်သည်။ ထိုနေရာတွင် မြင်းလှည်းများသာရှိပြီး မြင်းမရှိပေ။ မုန့်ချီက ချိတ်ပိတ်ထားသော တံဆိပ်၏စွမ်းအားကို ခံစားမိနိုင်သည်။
သို့သော် တံခါးဝတွင်တော့ မြင်းလှည်းတစ်စီး ဆိုက်ထားပြီး ဝင်ပေါက်ကို ပိတ်နေခဲ့၏။ ထိုမြင်းလှည်းတွင် အဖြူရောင်အမွှေးရှည်ကြီးများရှိနေပြီး ကြံ့ခိုင်သန်စွမ်းသော မြင်း (၄) ကောင် တပ်ထား၏။ ထိုမြင်းများဆီတွင် စွမ်းအားများ ပြည့်နှက်နေသလို ထင်မှတ်ရပြီး သူတို့က ဓမ္မကာရအဆင့် ပညာရှင်များကဲ့သို့ အစွမ်းထက်ခြင်း မရှိပေ။ ထိုမြင်းများက မြင့်မားသော စွမ်းအားတချို့ကို ပိုင်ဆိုင်ထားသလို ထင်မှတ်ရသည်။
ရွှေရောင်မြင်းလှည်းကြီးက လုံးဝကို ပိတ်နေပြီး သေချာဆင်ယင်ထားခြင်း ဖြစ်၏။ ထိုမြင်းလှည်းပေါ်တွင်တော့ ချိတ်ပိတ်ထားသော စကားလုံးများကို ရေးသားထားသည်။ ထိုအရာက ကောင်းကင်မြစ်စစ်သူကြီးဟု ရေးထားခြင်း ဖြစ်၏။
"မြင်းလှည်းက ကောင်းကင်မြစ်တပ်ဖွဲ့ ပိုင်ဆိုင်တာလား။ ဒီကောင်းကင်မြင်းတွေက ရေအောက်ထဲမှာရှိတဲ့ လေဟာနယ်ထဲကို သွားလာနိုင်တာလား။ ဒါဆိုရင် သူတို့က ကင်းလှည့်တဲ့ အရာတွေလား…"
မုန့်ချီကတော့ သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့သည်။
"ငါလည်း ဒီလိုမြင်းတစ်ကောင် လိုချင်လိုက်တာ..."
ကောင်းကင်မြင်းများက အေးခဲနေကြ၏။ သူတို့၏ ကြွက်သားများနှင့် လည်ဆံမွှေးများကလည်း လှုပ်ရှားမှု ကင်းမဲ့နေသည်မှာ သဘာဝတရားကြီးကို ဆန့်ကျင်နေခဲ့သည်။
မုန့်ချီက ညာဘက်လက်ကို မြှောက်လိုက်ပြီး နောက်ဆုံးတွင်တော့ ပြန်လည်ရုပ်သိမ်းလိုက်၏။
"တကယ်လို့ ငါက မြင်းတစ်ကောင်ကို နှိုးလိုက်မယ်ဆိုရင် ကွင်းဆက်သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ငါတို့က ကောင်းကင်မြင်းတွေကို မထိန်းချုပ်နိုင်ခင် ကောင်းကင်တပ်ဖွဲ့ကသာ ငါတို့ကို လာဖမ်းမယ်ဆိုရင် ကံကြမ္မာအမှတ်တွေပေးပြီး ပြန်သွားဖို့ အခွင့်အရေးကိုတောင် ဆုံးရှုံးလိုက်ရလိမ့်မယ်…"
အဝေးကို ထပ်မံစစ်ဆေးလိုက်သည့်အခါ ချိတ်ပိတ်ထားသော စွမ်းအားများကလည်း အေးခဲနေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။
"တကယ်လို့ ချိတ်ပိတ်ထားတဲ့ စွမ်းအားကသာ ပြန်ကောင်းသွားမယ်ဆိုရင် ရှေးဟောင်းကောင်းကင်ခုံရုံးက မြေကွက်လပ်ပေါ်မှာ ပြန်ပေါ်လာမယ်လို့ ဆိုလိုတာပဲ။ အစွမ်းအရပဲဖြစ်ဖြစ် အဆင့်အရပဲဖြစ်ဖြစ် ငါတို့က ကောင်းကင်တပ်ဖွဲ့နဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူး…"
မုန့်ချီက စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေသည့်အချိန်တွင် ချီကျန်းရန်က အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒီမြင်းလှည်းက ကောင်းကင်မြစ်ထဲကို ဝင်တော့မှာပဲ။ ဒါပေမဲ့ ကပ်ဆိုးတစ်ခုက ရပ်တန့်လိုက်တဲ့အတွက် အေးခဲသွားခဲ့တာ...။ အတွင်းထဲမှာ ထိုင်နေတာ ဘယ်သူများဖြစ်နိုင်မလဲ…"
ချီကျန်းရန်၏ သတိပေးချက်ကြောင့် မုန့်ချီက မျက်လုံးဖွင့်လိုက်ပြီး မြင်းလှည်းထဲကို စိုက်ကြည့်လိုက်သည်။ တံခါးက ပိတ်ထားပြီး အပြင်ဘက်မှနေ၍ အတွင်းထဲကို အာရုံခံနိုင်သော အရာအားလုံးကိုလည်း တားဆီးထားကြောင်း တွေ့လိုက်ရသည်။
"ကင်းလှည့်ဖို့သွားမယ့် ကောင်းကင်တပ်ဖွဲ့များလား။ ဒါမှမဟုတ် ကောင်းကင်မြစ်ထဲကနေတဆင့် ထွက်ပြေးချင်နေတဲ့ အင်အားကြီးပညာရှင် တစ်ယောက်လား။ ကျူးပါကျဲ့က တစ်ခုခုဖြစ်တော့မှာကို ဘယ်လိုသိလာတာလဲ.."
မြင်းလှည်းအတွင်းထဲတွင် အသံတစ်ခုမျှ မကြားရပေ။ ထိုအရာက ရှေးအချိန်ကတည်းက တိတ်ဆိတ်နေခဲ့ပုံ ရသည်။ မုန့်ချီက လောဘကို ဖိနှိပ်လိုက်၏။ သူက နောက်ပြန် လှည့်မကြည့်ဘဲ ရှေ့ကိုဆက်၍ လျှောက်သွားခဲ့သည်။
"ငါတို့ရဲ့အစွမ်းမျိုးနဲ့ ဒီလိုစွန့်စားလို့ မရနိုင်ဘူး။ တကယ်လို့ ငါကသာ လူသားအင်မော်တယ်တစ်ယောက် ဒါမှမဟုတ် မြေအင်မော်တယ်တစ်ယောက်ကို မတော်တဆ လှုပ်နှိုးလိုက်မိမယ်ဆိုရင် နတ်ဘုရားလက်နက်ရှိနေရင်တောင် အနိုင်ရနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သူကသာ ထိပ်သီးအင်အားကြီး တစ်ယောက်ဆိုရင် မြင်းလှည်းနဲ့အတူ ဘယ်နေရာကို သွားချင်နေတာလဲ…"
ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်လာနေရင်း သူက ရေကန်၏ မျက်နှာပြင်အနားကို ကူးခတ်သွားခဲ့သည်။ သို့သော် သူက ကမ်းစပ်ကို ချက်ချင်း တက်မသွားခဲ့ပေ။ ထိုအစား ပတ်ပတ်လည်ကို အရင်ဆုံး စစ်ဆေးကြည့်လိုက်ရာ လှုပ်ရှားနေသော နတ်ဆိုးရနံ့များကို ခံစားမိခဲ့၏။ ထို့နောက် သူလည်း ရေကန်ထဲမှ ခုန်ထွက်လိုက်သည်။
"ကောင်းကင်တပ်ဖွဲ့က နိုးမလာခဲ့ဘူး…"
ကျန်းကျိဝေက မလှုပ်မယှက်ရှိနေသော ရဲမက်တန်းလျားကို ပြန်လှည့်ကြည့်လိုက်သည်။
ချီကျန်းရန်ကလည်း ခေါင်းညိတ်ပြလိုက်၏။
"အဲဒီမိစ္ဆာတွေက အတွေ့အကြုံရှိတယ်…"
မုန့်ချီက မျက်တောင်ခတ်ကြည့်လိုက်ရာ မျက်လုံးများ ပြန်ကောင်းသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူက အဝေးကိုလှမ်းကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်။ သူတို့က ဘယ်အရာကိုမှ ထိမသွားခဲ့ဘူး…"
ထိုမိစ္ဆာများက သေချာသတိထား၍ လျှောက်လာကြခြင်း ဖြစ်သည်။ သူတို့က မည်သည့်အရာကိုမျှ ခိုးယူခဲ့ခြင်းမရှိသလို ကောင်းကင်မြစ်ထဲသို့ ဝင်ရောက်ခဲ့ခြင်းလည်း မရှိချေ။ သူတို့က ရှည်လျားသော တံတား၏အဆုံးကိုသာ သွားချင်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် မုန့်ချီတို့အဖွဲ့က သူတို့၏အငွေ့အသက်များကို ဖုံးကွယ်ပြီး ကျန်ရှိနေသည့် နတ်ဆိုးရနံ့နောက်မှ လိုက်သွားခဲ့ကြ၏။ ယခင်တုန်းကတော့ သူတို့၏နောက်မှ မိစ္ဆာများ လိုက်လာခြင်းဖြစ်ပြီး ယခုတော့ သူတို့က မိစ္ဆာများ၏နောက်ကို လိုက်သွားကြခြင်း ဖြစ်သည်။ ယခု သတ်ဖြတ်ရန် အချိန်ကျရောက်လာပြီ ဖြစ်၏။
တံတားရှည်ကြီးက ကောင်းကင်မြစ်ကြီးကို ဖြတ်ကျော်သွားခဲ့သည်။ မုန့်ချီတို့အဖွဲ့က တခြားတစ်ဖက်ကို စတင်မြင်လာရပြီး ထိုနေရာတွင် မြူခိုးများထဲ၌ သစ်ပင်များ လွှမ်းခြုံနေသော စံအိမ်များ ရှိနေသည်။
"ဒီနေရာက အကောင်းဆုံးနေရာပဲ…"
မုန့်ချီက ဝမ်းသာသွားခဲ့၏။
"ဒီနေရာမှာ အေးခဲနေတဲ့ အင်မော်တယ်ရဲမက်တွေသာ မရှိရင် ငါတို့က ကံကြမ္မာအမှတ်တွေ အများကြီး ထိုက်တန်တဲ့ ပစ္စည်းတွေရနိုင်တယ်။ တကယ်လို့ ငါတို့က မိစ္ဆာဘုရင်တွေကို ဖမ်းနိုင်မယ်ဆိုရင် တာဝန်ကျရှုံးခဲ့မယ်ဆိုရင်တောင် ကံကောင်းမှုတွေ ရနိုင်သေးတာပဲ…"
ထိုအချိန်တွင် အဝေးမှနေ၍ အသံကြီးတစ်ခုကို ကြားလိုက်ရပြီး ဆိုးဆိုးဝါးဝါး အရာတစ်ခု ဖြစ်ပျက်ခဲ့သလို ထင်မှတ်ရသည်။ မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့ (၂) ယောက်လုံးက အေးစက်မှုကို ခံစားလိုက်ရ၏။
"သူတို့က အချင်းချင်း သတ်ဖြတ်နေကြတာလား ဒါမှမဟုတ် ကောင်းကင်ခုံရုံး အပိုင်းအစထဲမှာ ကြောစရာကောင်းတဲ့ နောက်ထပ်မကောင်းဆိုးဝါး တစ်ကောင် ပုန်းအောင်းနေတာများလား…"
Translated by Hein Htet.