← Chapters

အခန်း (၆၇၂)

Vol. 45 Ch. 672

အခန်း (၆၇၂)

Vol. 45 Ch. 672

အော်သံကြီးက ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ထိုအသံကို စစ်ဆေးကြည့်လိုက်မည်ဆိုလျှင် မိစ္ဆာများက ယခုလေးမှ တံတားကို ဖြတ်ကျော်သွားခြင်းဖြစ်ပြီး တခြားတစ်ဖက်အဆုံးတွင် ရှိနေသော မြူခိုးများထဲသို့ ဦးတည်သွားနေပုံရသည်။

မုန့်ချီတို့အဖွဲ့ကလည်း အသံကြားရာဘက်သို့ မနေနိုင်ဘဲ လျှောက်လာနေမိကြ၏။ ပထမတွင် သူတို့က အရှိန်မြန်လိုက်ကြပြီး သိပ်မကြာခင် အရှိန်နှေးလိုက်ကြသည်။ တစ်ဖက်အဆုံးတွင် ရှိနေသော အခြေအနေက ရှင်းရှင်းလင်းလင်း မသိသေးသည့်အတွက် သူတို့က သိန်းငှက်မိစ္ဆာဘုရင်ကဲ့သို့ သူတို့၏အသက်ကို မစွန့်စားရဲကြပေ။

သူတို့က သေချာလေ့လာစစ်ဆေးပြီးမှသာ ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ဖြစ်စေကာမူ အန္တရာယ်ကျရောက်နေသည်မှာ သူတို့၏အပေါင်းအဖော်များ မဟုတ်ကြပေ။

နောက်ဆုံးတွင်တော့ မုန့်ချီ၊ ကျန်းကျိဝေနှင့် တစ်ဖွဲ့သားလုံးက တံတားပေါ်တွင် အတူတကွ လျှောက်လာကြသည်။ သူတို့က မြူခိုးများထဲတွင် သစ်ပင်များ ဝိုင်းရံနေသော စံအိမ်များ ပြည့်နေသည့် သုခဘုံတစ်ခုကို တွေ့လိုက်ရသည်။ အဝေးတွင် ရှိနေသော လေဟာနယ်ကတော့ ဖရိုဖရဲအငွေ့အသက်များ ပြည့်နှက်နေခဲ့၏။ ကောင်းကင်ခုံရုံးအပိုင်းအစက ဤနေရာတွင် ရုတ်ချည်း အဆုံးသတ်သွားပုံရသည်။

"ပင်မပစ္စည်းက ဒီနေရာမှာ ရှိသင့်တယ် ..."

မုန့်ချီက သူ့ရှေ့တွင် ရှိနေသော အရာအားလုံးကို လှည့်ကြည့်လိုက်သည်။ တံတား၏အဆုံးတွင်တော့ သစ်တောတစ်ခု ရှိနေပြီး သစ်ပင်တိုင်းက အလွန်ကြီးမားသော ပင်စည်တစ်ခုဆီ ရှိကြသည်။ ထိုနေရာတွင် နေရောင်ပင် မထိုးဖောက်နိုင်သော အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးများ ရှိနေ၏။ သစ်ပင်အောက်တွင်တော့ ခြုံပုတ်၊ ပန်းပင်နှင့် ဆေးပင်များ တစ်ခုမျှပေါက်ရောက်နေခြင်း မရှိချေ။

သူတို့က ထိုကျွန်းလေးဆီကိုရောက်ရန် သစ်တောကြီးကို ဖြတ်သွားရမည်ဖြစ်သည်။ သူတို့က သစ်တောပေါ်မှ ပျံသန်းသွား၍လည်း မရနိုင်ပေ။

ထိုအရာကို မြင်သည့်အခါ မုန့်ချီက တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

"ဒါတွေက အင်မော်တယ်သစ်ပင်တွေပဲ။ တကယ်လို့ ငါသာ သစ်ပင်တစ်ပင် ယူသွားနိုင်မယ်ဆိုရင် ကံကြမ္မာအမှတ်တွေ အများကြီးနဲ့ လဲလို့ရနိုင်တယ်…"

"သတိထား ..."

ရွမ်ယုရှုက သူ့ကို သတိပေးလိုက်သည်။

ဤနေရာသို့ လာခဲ့သောလမ်းတွင် ခြုံခိုတိုက်ခိုက်မှုများ၊ ဝင်္ကပါများ ရှိနေနိုင်သည်မှာ သာမန်သာ ဖြစ်၏။ ရွမ်ကလန်က ထိုကဲ့သို့ ထောင်ချောက်များကို ဖန်တီးတတ်သည်။ ဤနေရာက ရှေးဟောင်းကောင်းကင်ခုံရုံး ဖြစ်၏။ အလားတူစွာပင် ထိုသစ်ပင်ကြီးများအောက်တွင် ဆေးပင်များ၊ ခြုံပုတ်များ မပေါက်သည့်အတွက် သံသယဝင်စရာ ကောင်းနေသည်ဟု ဆိုနိုင်သည်။

မုန့်ချီကလည်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ဓားရှည်နှင့်ဓားမောက်ကို လက်တစ်ဖက်ဆီတွင် ကိုင်ထားခဲ့သည်။ သူက သစ်တောထဲသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။ သူက အဝေးသို့ ကြည့်လိုက်ရာ သစ်ပင်များက ကျိုးတိုးကျဲတဲသာရှိနေပြီး အဆိပ်မြူခိုးများမှ လွတ်မြောက်သွားကြောင်း တွေ့လိုက်ရသည်။ သူက တခြားတစ်ဖက်တွင် နန်းတော်များကိုပင် တိုက်ရိုက်မြင်နေရသည့်အတွက် အန္တရာယ်အငွေ့အသက်များ မရှိခဲ့ပေ။

မုန့်ချီက အန္တရာယ်များကို အာရုံခံကြည့်ရန် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို လျင်မြန်စွာ အသုံးပြုလိုက်သည်။ ထို့နောက် ဖြစ်နိုင်သော အခြေအနေများကို တွက်ချက်ရန်အတွက် ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်မှုအစွမ်းကိုလည်း အသုံးပြုလိုက်၏။

"ဒီသစ်တောကြီးက လုံခြုံပါတယ် ..."

မုန့်ချီက သတိထားနေပြီး သစ်ပင်တစ်ပင်ကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သစ်ပင်က လဲကျသွားခဲ့ပြီး ထူးခြားသည့်အရာတစ်ခုမျှပေါ်မလာခဲ့ပေ။

ထို့နောက် သူက ဖောက်ထွင်းမျက်လုံးကျင့်စဉ်ကို အသုံးချပြီး နေရာတိုင်းကို စစ်ဆေးကြည့်လိုက်သည်။ ချိတ်ပိတ်ထားသော အရာများကို စစ်ဆေးရန် နည်းလမ်း အနည်းငယ် အသုံးပြုလိုက်ပြီးနောက် မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး သာမန်သစ်တောတစ်ခုအလား ဝင်ရောက်သွားခဲ့သည်။

ထိုနေရာတွင် လှုပ်ရှားနေသော မြူခိုးများ မရှိသလို သူတို့ကို ဇောက်ထိုးဖြစ်သွားစေနိုင်သော ထောင်ချောက်များလည်း မရှိချေ။ သူတို့ဆီကို ရောက်လာသည့် ဓားအလင်းတန်း သန်းပေါင်းများစွာလည်း မရှိချေ။

မုန့်ချီက အနည်းငယ် စိတ်သက်သာရာရသွားပြီး ကျန်းကျိဝေတို့ကို ဝင်လာရန် အချက်ပြလိုက်သည်။ သို့သော် ထိုအချိန်တွင် အနား၌ လူတစ်ယောက်မျှမရှိသည့်အတွက် မုန့်ချီလည်း မျက်လုံးပြူးမတတ် ဖြစ်သွားခဲ့၏။ ထိုနေရာတွင် ရပ်နေသော ကျန်းကျိဝေ၊ ရွမ်ယုရှု၊ ချီကျန်းရန်နှင့်ကျိုးဟမ်တို့အားလုံးက ပျောက်ကွယ်သွားခဲ့သည်။

"သစ်တောရဲ့အပြင်ဘက်မှာ အန္တရာယ်တွေများ ရှိနေတာလား ..."

မုန့်ချီက စွမ်းအားများကို အစွမ်းကုန်စုစည်းပြီး သစ်တော၏အစွန်သို့ ပြေးသွားခဲ့သည်။

ရုတ်တရက်ဆိုသလို သစ်ပင်များက ကျောက်တုံးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုကျောက်တုံးများက ပတ်ပတ်လည်သို့ လမ်းပေါင်းများစွာအဖြစ် ကွဲသွားခဲ့သည်။ မုန့်ချီက နန်းတော်နှင့် မြူခိုးများကိုပင် မမြင်ရတော့ပေ။

"ဒါက သတ်ဖြတ်‌ရေးဝင်္ကပါမဟုတ်ဘူး ... ဒါက ပဟေဠိဝင်္ကပါတစ်ခုလား…"

မုန့်ချီက သူ၏အတွေးများကို စုစည်းလိုက်သည်။

"ဒါကြောင့်လည်း ငါက အန္တရာယ်ကို မမြင်ခဲ့ရတာပဲ။ သစ်ပင်တွေက အမှန်တကယ် လုံခြုံတယ်။ မိစ္ဆာတွေက သစ်တောကြီးကို ဖြတ်သွားတဲ့အချိန်မှာ ငါက ဘာထိခိုက်မှုကိုမှ မမြင်ခဲ့ရဘူး…"

တစ်ချိန်တည်းတွင် သူက ဝင်္ကပါကို အတော်လေး သဘောကျနေမိသည်။

"တကယ့်ကို အင်မော်တယ်ဝင်္ကပါတစ်ခုလို့ ခေါ်ထိုက်တာပဲ .။ ငါ လုံးဝသတိမထားမိခဲ့ဘူး။ ကျန်းဝူ လျှို့ဝှက်အခန်းထဲကို သွားတုန်းကနဲ့ မတူတော့ဘူး ။ အဲဒီနေရာမှာ ငါက သာမန်နည်းလမ်းနဲ့ အပြင်ဘက်ချိတ်တံဆိပ်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါကြောင့် ငါက ဝင်္ကပါရဲ့ထိန်းချုပ်သူဖြစ်ခဲ့ပြီး အရာအားလုံးကို အလွယ်တကူ စစ်ဆေးနိုင်ခဲ့တာ။ တကယ်လို့ ငါတို့ကသာ ပင်မပစ္စည်းရှိနေတဲ့ နယ်မြေထဲကို မရောက်နိုင်ဘူးဆိုရင် ငါတို့အဆင့်ထက် ကျော်လွန်နေတဲ့ ဝင်္ကပါထဲကိုလည်း ဝင်နိုင်မှာ မဟုတ်ဘူး…"

ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ဓားရှည်နှင့် ဓားမောက်ကို မြှောက်လိုက်ပြီး လမ်းကြောင်းအတိုင်း လျှောက်သွားခဲ့သည်။ မုန့်ချီက ကျန်းကျိဝေနှင့် တခြားသူများကို အရင်ဆုံး ရှာဖွေရန် ဆုံးဖြတ်လိုက်၏။

ဝင်္ကပါ ထိန်းချုပ်သူမရှိလျှင် သူက သာမာန်တွက်ချက်ခြင်းများကိုသာ အသုံးပြုပြီး ဝင်္ကပါထဲမှ ထွက်သွား၍ ရနိုင်သည်ဟု ယုံကြည်နေခဲ့သည်။ သို့သော် သူ၏အာရုံခံနိုင်စွမ်းက ဖိနှိပ်ခံထားရပြီး သူက ဝေးဝေးကို စစ်ဆေးနိုင်ခြင်း မရှိချေ။ ထို့ကြောင့် မုန့်ချီက သူ ဖြတ်သွားခဲ့သော နေရာတိုင်းတွင် အမှတ်အသားများ ချန်ထားခဲ့၏။ မဟုတ်လျှင် လမ်းပျောက်သွားနိုင်သည်။

အချိန်ကြာသွားသော်လည်း သူက သစ်တော၏ အတွင်းပိုင်းထဲကို မရောက်ခဲ့သလို ထိုသစ်တောထဲမှ ထွက်သွားရန်လည်း မအောင်မြင်ခဲ့ပေ။ သူက ကျောက်တိုင်ပေါ်သို့ တက်ရန် ကြိုးစားလိုက်သည့်အချိန်တွင် အကာအကွယ်မှော်စွမ်းအားများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူက တွက်ချက်ရေးအစွမ်းကို အသုံးချပြီး ဝင်္ကပါကိုရှာဖွေရန် ကြိုးစားလိုက်သည်။

"ဟမ်…"

ခဏကြာ လျှောက်လာပြီးနောက် မုန့်ချီက ကျောက်တုံးများ၏အောက်တွင် သူ၏အမှတ်အသားများကို တွေ့လိုက်ရသည်။ သူက စလာခဲ့သည့်နေရာကို ပြန်ရောက်လာပုံရ၏။]

"ဒီတစ်ကြိမ်တော့ ငါက ညာဘက်ကိုသွားမယ် ... "

မုန့်ချီက အမှတ်အသားတစ်ခုကို ချန်ထားလိုက်ပြီး ရှေ့ကို နောက်တစ်ကြိမ် လျှောက်သွားခဲ့ပြန်သည်။ သို့သော် သူက ပြန်လှည့်လိုက်သည့်အချိန်တွင် ထောင်ထောင်မောင်းမောင်း လူရိပ်တစ်ခုကို မြင်လိုက်ရ၏။

ထိုအရာက (၂)မီတာကျော် မြင့်မားပြီး နွားတစ်ကောင်၏ နှာခေါင်းရှိသည်။ သူ့ပုံစံက ကြံ့ခိုင်သန်စွမ်းပြီး သူ့ဆီတွင် ကြောက်စရာကောင်းသောမျက်လုံးများ ရှိနေ၏။ သူ့လက်ထဲတွင် ကိုင်ထားသော ထွန်ခြစ်ကြီးကလည်း တလက်လက်တောက်ပနေခဲ့သည်။

ထိုကဲ့သို့ လမ်းကြောင်းထဲတွင် မထင်မှတ်ထားစွာ တွေ့လိုက်ရသည့်အတွက် သူတို့(၂)ယောက်လုံးက မှင်တက်သွားခဲ့ပြီး သိပ်မကြာခင် အတွေးများကို စုစည်းလိုက်ကြသည်။

"မိစ္ဆာ…"

"လူသား…"

မုန်ချီက ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့်ကို မရောက်သေးကြောင်း တွေ့လိုက်ရသည့်အခါ ထိုမိစ္ဆာကြီးက ပို၍ယုံကြည်ချက် ရှိလာခဲ့သည်။ သူက ထွန်ခြစ်ကြီးကို မြှောက်လိုက်ပြီး မျက်လုံးများက ပို၍ကြောက်စရာကောင်းလာခဲ့၏။ သူ့ဆီမှ မီတာပေါင်း မြောက်များစွာ အမြင့်ရှိသော နွားရိုင်းအရိပ်ကြီးတစ်ခု ထုတ်လွှတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေခဲ့သည်။

သူက မုန့်ချီ၏ခေါင်းကို ထွန်းခြစ်ကြီးနှင့် လွှဲယမ်းတိုက်ခိုက်လိုက်၏။ ထိုနွားရိုင်းအရိပ်ကြီးက ခေါင်းငုံ့လိုက်ချိန်တွင် တလက်လက်တောက်ပနေသော ဦးချို(၂)ခုက ထွန်ခြစ်နှင့် တစ်သားတည်းဖြစ်နေသလို ထင်ရသည်။ သူတို့က ပေါင်းစည်းပြီး မုန့်ချီ၏နောက်တွင် ရှိနေသော ကျောက်တုံးများကို တွန်းပို့လိုက်၏။ သူတို့၏စွမ်းအားများက အရာအားလုံးကို ထိုးဖောက်နိုင်သလို ထင်မှတ်ရသည်။

"ငါ့ကိုခွန်အားနဲ့ တိုက်ခိုက်ဖို့ ကြိုးစားတာလား ..."

မုန့်ချီ၏ ကြွက်သားများက ကြီးထွားလာခဲ့ပြီး သူက သွေးကြောမှတ်များကို ဖွင့်လှစ်လိုက်သည်။ ထိုအချိန်တွင် ဓားသွား၏ပတ်ပတ်လည်၌ အလင်းတန်းများစွာ ပေါ်လာခဲ့ပြီး ပုံရိပ်များစွာ ပေါ်လာခဲ့၏။ သူက နိယာမဖြစ်စဉ်နှင့် ဓမ္မကာရသိုင်းကွက်များကို အသုံးမပြုဘဲ တည့်တည့်သာ ခုတ်ချလိုက်သည်။

"ချွမ် ..."

အစွမ်းထက်သော လေလှိုင်းများ စတင်တိုက်ခိုက်လာပြီး မြေပြင်ကြီးက စတင်အက်ကွဲလာခဲ့၏။

ထိုခွန်အားကြောင့် မိစ္ဆာကြီးက နောက်ကိုလွင့်သွားခဲ့သည်။ သူ့လက်မောင်းက ထုံကျင်သွားခဲ့ပြီး လက်(၂)ဖက်က လှုပ်ရှား၍ လက်ထဲတွင် ကိုင်ထားသော ထွန်ခြစ်ကြီးပင် လွတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

"သူက တော်တော်အစွမ်းထက်တာပဲ။ ပြီးတော့ လက်တစ်ဖက်တည်းပဲ သုံးခဲ့တယ်.."

မိစ္ဆာကြီးက မုန့်ချီကို လူ့ဘီလူးကြီးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေမိခဲ့သည်။

"ငါက ခွန်အားနဲ့ နာမည်ကျော်ကြားတယ် ။ ဒါတောင် ငါက ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့် လူသားတစ်ယောက်ကို မယှဉ်နိုင်ဘူးလား…"

မုန့်ချီက သူ့ရှေ့တွင် ဓားရှည်ကို ကိုင်ထားပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို အနောက်ဖက်တွင် ကိုင်ထားခဲ့သည်။ သူက မိစ္ဆာကြီးဆီကို ပြေးဝင်သွားခဲ့ပြီး အနီးကပ်တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားခဲ့၏။

မူလတိုက်ပွဲတွင် ထိခိုက်သွားခဲ့ရသည့်အတွက် မိစ္ဆာကြီးက ပါးစပ်ဟလိုက်ပြီး သူ၏ပါးစပ်ထဲမှနေ၍ ဧရာမသည်းခြေကျောက်ကြီးတစ်ခုကို ထွေးထုတ်လိုက်သည်။ သည်းခြေကျောက်ကြီးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး မုန့်ချီ၏မျက်နှာဆီကို ရောက်လာခဲ့သည်။ ထိုသည်းခြေကျောက် ပျံသန်းလာသည့်အရှိန်က အလွန်လျင်မြန်လွန်းလှသည့်အတွက် မုန့်ချီကပင် ရှောင်တိမ်းရန် မအောင်မြင်ခဲ့ချေ။

"ဖျောက် ..."

မုန့်ချီ၏မျက်နှာပေါ်တွင် ရွှေရောင်အလင်းတန်းကြီးတစ်ခု တောက်ပလာခဲ့သည်။ သူ၏မျက်နှာကို တိုက်ခိုက်ခံခဲ့ရသော်လည်း ဒဏ်ရာရခဲ့ခြင်း မရှိချေ။ တိုက်ခိုက်မှုကြောင့် သူ့မျက်နှာက အနည်းငယ် နီရဲသွားခဲ့ပြီး သည်းခြေကျောက်ကတော့ အက်ကွဲသွားခဲ့သည်။ ထို့နောက် သူ့ဆီတွင် နောက်ထပ် လက်တစ်စုံပေါက်လာခဲ့သည်။

"လူ့ဘီလူးကြီး ..."

နွားရိုင်းမိစ္ဆာက သတ္တိမရှိတော့ဘဲ ထွက်ပြေးရန် ပြန်လှည့်လိုက်သည်။

"သည်းခြေကျောက်က ငါ့ရဲ့အစွမ်းထက်ဆုံး တိုက်ခိုက်မှုပဲ။ ငါက အဲဒါကို အရေးပေါ်အခြေအနေမှာပဲ အသုံးပြုနိုင်တယ်။ တိုက်ခိုက်ခံရတဲ့ ရန်သူတွေကလည်း ခေါင်းကွဲပြီး သေဆုံးသွားခဲ့ရတာပဲ။ ဒီတစ်ကြိမ်တော့ သူက ဘာမှမဖြစ်ဘဲ ငါ့ရဲ့သည်းခြေကျောက်က ပျက်စီးလုနီးပါးဖြစ်သွားတယ်။ သူ့ကို လူသားတစ်ယောက်လို့ရော သတ်မှတ်နိုင်သေးရဲ့လား…"

မုန့်ချီက သည်းခြေကျောက်ကို ကိုင်ထားလိုက်ပြီး လေဟာနယ်ခြေလှမ်းသိုင်းကို သုံးလိုက်သည်။ သူက နွားရိုင်းမိစ္ဆာဆီကို အလွယ်တကူ ခုန်ကျော်ပြီး လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့၏။ သူက ပြန်လည်တိုက်ခိုက်ရမည်ဖြစ်ကြောင်း နွားရိုင်းမိစ္ဆာက သိနေခဲ့သည်။

သူက မြေပေါ်သို့ လှိမ့်ချလိုက်ပြီး (၆)မီတာခန့် ရှည်လျားသော နွားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ သူ၏နွားဦးချိုများက အလွန်ထက်မြက်ပြီး အေးစက်မှုကြောင့် တလက်လက် တောက်ပနေခဲ့၏။ နွားအရိပ်ကြီးတစ်ခုလည်း ပေါ်လာပြီး နွားရိုင်းမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ ကပ်သွားခဲ့သည်။ သူ၏နွားဦးချိုများက ကြီးမားလာခဲ့၏။

မုန့်ချီကတော့ ကြောင်လိမ်ပုံစံခွက်များနှင့် နွားဦးချို၏ထိပ်ပိုင်းတွင် ရှိနေသော အစိမ်းရောင်အလင်းတန်းများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက အသက်ကို ပြင်းပြင်းရှူနေခဲ့သည်။ ထို့နောက် ခေါင်းငုံ့ပြီး မြေကြီးထဲသို့ တူးလိုက်၏။ သူက တခဏအတွင်း မုန့်ချီဆီကို ပြေးဝင်လာခဲ့သည်။

မုန့်ချီက တည်ငြိမ်နေခဲ့ပြီး ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်၏။ သူက နွားမိစ္ဆာကို အာရုံလွှဲရန်အတွက် ဓားရှည်ကိုသုံးလိုက်သည်။ ထို့နောက် သူက လွတ်နေသော လက်ကို အသုံးချပြီး သူ၏နွားချိုကြီးကို တိုက်ရိုက်ဆုပ်ကိုင်လိုက်၏။

မုန့်ချီ၏လက်မောင်းများက ကြီးထွားလာခဲ့ပြီး ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။ သူက ခွန်အားများအားလုံးကို စုစည်းလိုက်ပြီး နွားရိုင်းမိစ္ဆာကြီးကို တားဆီးလိုက်၏။ ထို့နောက် ညာဘက်လက်ကိုမြှောက်ပြီး သူ၏ဓားရှည်ကိုလေထဲ၌ (၈)ကြိမ်တိတိ လှုပ်ရှား၍ ခုတ်ချလိုက်သည်။

"ဘုန်း ..."

ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နွားရိုင်းမိစ္ဆာကြီးက ရှေ့သို့ ကျော်သွားခဲ့၏။ သူ၏လည်ပင်းမှနေ၍ သွေးများ စီးကျနေပြီး ဦးခေါင်းက မုန့်ချီ၏လက်ထဲတွင် ရှိနေခဲ့သည်။

မုန့်ချီက သူ့သွေးများကို စုဆောင်းရန်အတွက် ကျောက်စိမ်းအိုးတစ်ခုကို ထုတ်လိုက်သည်။ သူက ကျွဲအလောင်းကို တန်ဖိုးရှိသော နွားဦးချိုနှင့် နွားသားရေများအဖြစ် လျင်မြန်စွာ ခွဲထုတ်လိုက်သည်။

လေဟာနယ်လက်စွပ်က သိမ်းဆည်းထားနိုင်သော ပမာဏကန့်သတ်ချက်ရှိသည်။ ထို့ကြောင့် အသေးအဖွဲ့ပစ္စည်းများကိုသာ ချန်ထားခဲ့၏။ ထိုအချိန်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း မုန့်ချီက သတိထားမိခဲ့သည်။

"သူ့ရဲ့သိုလှောင်အိတ်က ဘယ်နေရာမှာလဲ။ သူက မိစ္ဆာဘုရင်တစ်ယောက်ပဲလေ။ ဒီတော့ ပိုင်ဆိုင်မှုတချို့ရှိရမှာပေါ့ ... "

သူက ထိုကဲ့သို့ တွေးနေမိခဲ့သည့်အချိန်တွင် သူ လွှတ်ပစ်လိုက်သော နွားရိုင်း၏ အစာအိမ်ကို သတိထားမိသွားသည်။ သူက ထိုအရာကို ဓားဦးချွန်နှင့် ထိုးခွဲလိုက်ရာ အတွင်းထဲတွင် အပြည့်ဖြစ်နေခဲ့၏။

"ဒီမှာပဲ ..."

မုန့်ချီက ဗိုက်ကို ဓားနှင့်ထိုးခွဲလိုက်သည်။ နွားရိုင်းမိစ္ဆာဘုရင်ဆီတွင် စုဆောင်းမှု အမြောက်အများရှိနေသော်လည်း ထိုအရာတခုမျှ သူ့အတွက် အသုံးဝင်ခြင်းမရှိချေ။ ထို့ကြောင့် သူက ထွန်ခြစ်ကြီးကိုသာ သိမ်းထားလိုက်သည်။

မုန့်ချီက ပတ်ပတ်လည်ကို စိုက်ကြည့်လိုက်ပြီးနောက် သေချာစဉ်းစားနေမိခဲ့၏။

"အစ်ကိုချီ၊ ကျိဝေနဲ့ တခြားသူတွေကရော ဝင်္ကပါထဲမှာ ပိတ်မိနေတာများလား။ သူတို့ကရော ဝင်္ကပါရဲ့ လှည့်စားမှုကြောင့် သစ်တောထဲကို ငါ့လို ရောက်လာတာလား။ မိစ္ဆာဘုရင်တွေကလည်း ဒီထဲမှာပဲ ရှိနေသေးတယ် ….”

“အစားသရဲလေး ရွမ်ယုရှုဆီမှာ နတ်ဆိုးထုတ်ဖော်ကြေးမုံရှိတယ်။ ဒါကြောင့် သူက သိုင်းသခင်အဆင့် မိစ္ဆာတစ်ယောက်နဲ့ တွေ့ရမယ်ဆိုရင်တောင် သူ့ကိုယ်သူ ကာကွယ်နိုင်သေးတယ်။ ကျိဝေက ငါနဲ့အဆင့်တူပဲ။ ဒါကြောင့် အနည်းဆုံးတော့ သူက ထွက်ပြေးနိုင်လိမ့်မယ်။ ကျိုးဟမ်ဆီမှာ သဘာဝကျောင်းဆောင်ရှိနေတယ်။ ဒါကြောင့် သူလည်းအသက်ရှင်နိုင်တယ်။ ဒါပေမဲ့ အစ်ကိုချီကတော့ ကံဆိုးပြီး သိုင်းသခင်အဆင့် မိစ္ဆာနဲ့ တွေ့ရမယ်ဆိုရင် အန္တရာယ်ရှိတယ်…"

မုန့်ချီက စိုးရိမ်သွားခဲ့သည်။

ထို့ကြောင့် သူက သူ့အဖော်များကို ရှာဖွေရန် လမ်းကြောင်းတစ်ခုထဲကို လျင်မြန်စွာ ဝင်လိုက်သည်။ ရုတ်တရက်ဆိုသလို သူက အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သသည့်အတွက် မျက်နှာပျက်သွားခဲ့၏။ သူက နောက်တစ်ကြိမ် စဉ်းစားမနေဘဲ အနီးဆုံးတွင် ရှိနေသော လမ်းထဲသို့ ပြေးဝင်၍ အာရုံခံစွမ်းရည်ကို တားဆီးနိုင်သော ကျောက်တုံးပုံကြီးနောက်တွင် ပုန်းအောင်းလိုက်သည်။

အဝေးတွင်တော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက် ဖြည်းညင်းစွာ လျှောက်လာနေသည်။ သူ၏အငွေ့အသက်များက အလွန်အံ့သြစရာကောင်းနေပြီး ရင်ထဲတွင်ပင် အေးစက်သွားစေနိုင်၏။ ထို့ကြောင့် သူက ပို၍ကြောက်လန့်သွားခဲ့သည်။ သူက လူစိမ်းရှိရာကိုပင် လှည့်မကြည့်ရဲပေ။

"ဒါက ငါ သတိထားမိခဲ့တဲ့ သိုင်းသခင်အဆင့် မိစ္ဆာမဟုတ်ဘူး။ ဒီလူက ဘယ်နေရာက ရောက်လာတာလဲ…."

………….

မုန့်ချီ ခေါင်းညိတ်ပြသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးနောက် ကျန်းကျိဝေက ရွမ်ယုရှုတို့နှင့်အတူ သစ်တောထဲသို့ ဝင်လာခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ် အကြာတွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း သူမက သတိထားမိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ချီကျန်းရန်၊ ရွမ်ယုရှုနှင့် ကျိုးဟမ်တို့အားလုံး ပျောက်ကွယ်သွားခြင်းကြောင့်ဖြစ်သည်။

သူမ၏ရှေ့တွင် ရှိနေသော မုန့်ချီကိုပင် မည်သည့်နေရာတွင်မျှ မမြင်ရတော‌့ပေ။

"ဒါက ပဟေဠိဝင်္ကပါလား ..."

သူမက အတွေးများကို စုစည်းပြီး ရှေ့သို့ ဆက်လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။ လမ်းတလျှောက်တွင် သူမက ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသော သစ်ပင်များကို မြင်လိုက်ရသည့်အချိန်တွင် မျက်မှောင်ကြုတ်မိခဲ့ခြင်း မရှိချေ။

‘ပဟေဠိဝင်္ကပါတွေနဲ့ ပတ်သက်တဲ့အရာတွေကတော့ ပိုပြီးတော့ ခက်ခဲလေလေ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ပိတ်မိနေလေပဲ..’

အလွန်တည်ငြိမ်သော ကျန်းကျိဝေက သူမ၏မသိစိတ်အတိုင်း လမ်းလျှောက်လာခဲ့သည်။

နောက်ဆုံးတွင်တော့ သူမ၏ရှေ့တွင် နန်းတော်ပုံရိပ်ကို စတင်မြင်လိုက်ရသည်။ ထိုအချိန်တွင် တစ္ဆေအော်သံတစ်ခု ကြားလိုက်ရသည်။ သစ်ကိုင်း တစ်ကိုင်းပေါ်မှနေ၍ လူတစ်ယောက် ထွက်ပေါ်လာသည်ကို သူမက မြင်လိုက်ရ၏။ ထိုလူက မျက်ခုံးကြားထဲတွင် ဘုရင်ဟူသော စကားလုံးကို ရေးထိုးထားသည်။

……….

ချီကျန်းရန်က သူ၏ရွှေနဂါးဓားကို မြှောက်လိုက်ပြီး ရှေ့သို့ ခံစားချက်ကင်းမဲ့စွာ လျှောက်လာခဲ့၏။ ထိုအချိန်၌ သူ့အနားတွင် ရှိနေသော ကျောက်တုံးများက ပေါက်ကွဲသွားခဲ့ပြီး ခပ်ဝဝအနက်ရောင် လူရိပ်တစ်ခု ထွက်လာခဲ့သည်။

ချီကျန်းရန်ကို မြင်သည့်အချိန်တွင် သူက အရှိန်လျှော့လိုက်ပြီး ပြောလိုက်၏။

"အားနည်းတဲ့လူသားပဲ…"

ချီကျန်းရန်က အကြောက်အလန့်ကင်းမဲ့စွာ သူ့ဓားကို ဝှေ့ယမ်းလိုက်လေသည်။

Translated by Hein Htet.

All Chapters