အခန်း (၆၇၃)
Vol. 45 Ch. 673
အိပ်တန်းတက် ဇာမဏီဗျပ်စောင်းကိုကိုင်ထားရင်း ရွမ်ယုရှုက အဖွဲ့၏အလယ်ထဲသို့ လျှောက်သွားခဲ့သည်။ လမ်းလျှောက်နေစဉ် အတောအတွင်း သူမက အနည်းငယ် မျက်မှောင်ကြုတ်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။ သူမက အဖော်များကို ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။
သူမဆီမှ စိတ်ဝိညာဉ်စွမ်းအားများ ပျံ့နှံလာပြီး သူမ၏ပတ်ပတ်လည်တွင် ရှိနေသော လူ(၄)ယောက်၏အရိပ်များကို ဖျက်ဆီးလိုက်သည်။ ကမ္ဘာကြီးက အလိုလို ပြောင်းလဲသွားခဲ့ပြီး သစ်ပင်ကြီးများကလည်း ဧရာမကျောက်တုံးပုံကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက လမ်းကြောင်းများစွာအဖြစ် ခွဲသွားခဲ့၏။
အထက်တန်းလွှာ မိသားစုတစ်ခု၏ တရားဝင်သမီး တစ်ယောက်ဖြစ်သည့်အတွက် သူမက ဝင်္ကပါပညာရပ်တွင်လည်း ကျွမ်းကျင်နေသည်။ သူမက မျက်လုံးမှိတ်လိုက်ပြီး ရှေ့ကို တည်ငြိမ်စွာ လျှောက်သွားနေသည့်အချိန်တွင် ဤကမ္ဘာကြီးထဲရှိ ဖိအားများ၏ ပြောင်းလဲမှုကို ခံစားနေသော အသိဉာဏ်တစ်ခုတည်းသာ ရှိသည်။
ထို့နောက် သူမ၏ အိပ်တန်းတက် ဇာမဏီဗျပ်စောင်းက လွင့်မျောလာပြီး သူမက ဂီတသံများကို တီးခတ်လိုက်ရာ သံစဉ်များစွာက ကျယ်လောင်လိုက် သိမ်မွေ့လိုက်နှင့် ဖြစ်နေခဲ့သည်။ ထိုနည်းလမ်းနှင့်အတူ သူမက ကမ္ဘာမြေကြီး၏ တင်းအားနှင့် သဘာဝစွမ်းအားများကို ဆက်သွယ်ရန် ကြိုးစားနေပြီး ဆက်တိုက်ပြောင်းလဲနေသော ဝင်္ကပါ၏ အရေးကြီးသော အခြေအနေများကို ဖော်ထုတ်နေခဲ့သည်။
ရွမ်ယုရှုက သဘာဝတရားကြီးကို လှည့်ပတ်နေသော ပုံရိပ်ယောင်များကို မြင်ယောင်ကြည့်နေခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် မြင့်တက်လာသော မီးတောက်များ၊ လှုပ်ရှားနေသော မြေအောက်စီးကြောင်းများနှင့် တိတ်ဆိတ်နေသော လမင်းကြီးတို့ဖြစ်ကြ၏။ တစ်ချိန်တည်းတွင် သူမက လက်ရှိတစ်ခုနှင့် ပုံမှန်အချိန်ကို နှိုင်းယှဉ်ရန်ကြိုးစားနေခဲ့သည်။
ပုံမှန်အားဖြင့် ပုံရိပ်များ ပြောင်းလဲသွားသည်နှင့် ခြေရာလက်ရာတချို့ ကျန်နေနိုင်သည်။ ထိုကြောင့် ရွမ်ယုရှုက ထိုခြေရာလက်ရာများနောက်မှ လိုက်သွားပြီး မှန်ကန်သော လမ်းကြောင်းကို ခွဲခြားရန် အချိန်ပေးစရာမလိုဘဲ ဖြည်းညင်းစွာ ရှေ့ဆက်လျှောက်သွားရန်သာ ရှိသည်။
ရုတ်တရက်ဆိုသလို သူမ၏ရင်ထဲ၌ လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့ပြီး မထင်မှတ်ထားသော ဧည့်သည်တစ်ယောက်က သူမ ဖန်တီးထားသော ဂီတသံကို ဖျက်ဆီးလိုက်သည်။ သူမက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်၏။ စိတ်ဝိညာဉ်စွမ်းအားများကလည်း ထိုနေရာသို့ ပျံ့နှံ့သွားခဲ့သည်။
ငွေရောင် ကြေးခွံချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော မိစ္ဆာတစ်ကောင်က လျှာထုတ်၍ ထွက်လာပြီး သူမ၏ဂီတသံကြားရာကို လိုက်လာကြောင်း တွေ့လိုက်ရသည်။ ထိုအရာက မြွေနှင့်ဆင်တူပြီး သူ၏ခွန်အားက ရွမ်ယုရှုထက် ပို၍မြင့်မားပုံရသော်လည်း သူကတော့ တိတ်တဆိတ် ချဉ်းကပ်လာပြီး ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
စိတ်ဝိညာဉ်အာရုံခံစွမ်းရည်ကိုသုံးပြီး သူ၏ခြေရာလက်ရာများ ပေါ်သွားပြီဖြစ်ကြောင်း ငွေရောင်မြွေဘုရင်က သိသွားခဲ့သည်။ ထို့ကြောင့် သူက မီတာ(၃၀)ကျော် အရှည်ရှိသော ဧရာမမြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်၏။ သူ၏ခန္ဓာကိုယ်လုံးပတ်က ရေပုံးကြီးတစ်ပုံးစာထက် ပို၍ကြီးမားသည်။
ထိုအရာ၏ နောက်ဘက်တွင်တော့ အစစ်အမှန်ခန္ဓာကိုယ် ရှိနေပြီး ကောင်းကင်ကြီးတစ်ခုလုံး လွှမ်းမိုးထားသော အတောင်ပံရှိနေသည့် မြွေတစ်ကောင် ဖြစ်သည်။ သူက ဧရာမပါးစပ်ကြီးကို ဟလိုက်သည့်အချိန်တွင် ညှီစို့စို့ရနံ့များ ပြည့်နေသော လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး ကောင်းကင်ကြီးတစ်ခုလုံး လွှမ်းခြုံသွားခဲ့၏။
ထိုအရာက ရွမ်ယုရှုကို တိုက်ရိုက်ဝါးမြိုသွားတော့မလို ထင်မှတ်ရသည်။ အတွေ့အကြုံရှိပြီး ကြောက်စရာကောင်းသော မိစ္ဆာတစ်ကောင်ဖြစ်သည့် ငွေရောင်မြွေဘုရင်က ဝင်္ကပါထဲတွင် သိုင်းပညာနှင့် တိုက်ရိုက်ဖျက်ဆီးပစ်ရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။
သူ၏အစစ်အမှန်ခန္ဓာကိုယ်ကိုပြသပြီး မထင်မှတ်ထားသောအရာများ ဖြစ်မလာစေရန် ရန်သူကို ရစ်ပတ်ထားရန်သာ ကြိုးစားလိုက်သည်။ ထို့ပြင် မြွေများက သူတို့၏မသိစိတ်ကြောင့် နာမည်ကျော်ကြားသည်။ သူက ထိုမိန်းမလှလေးကို အသက်ရှင်ရက် ဖမ်းနိုင်မည်ဟု မျှော်လင့်နေခဲ့၏။
ရွမ်ယုရှုက သူမ၏လက်ထဲတွင် ရှိနေသော နတ်ဆိုးထုတ်ဖော်ကြေးမုံကို စဉ်းစားမိသွားပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက စောင်းကို ဆက်တီးလိုက်ရာ သူမ၏နောက်ဖက်တွင် ဧရာမခေါင်းလောင်းကြီးတစ်လုံး ပေါ်လာခဲ့သည်။
ထိုခေါင်းလောင်းသံမြည်လာပြီးနောက် ကမ္ဘာကြီးက (၃)ကြိမ်တိတိ လှုပ်ရှားသွားခဲ့၏။ ပုံရိပ်ယောင်ဝဲကတော့များလည်း ပျံ့နှံ့လာပြီး ငွေရောင်စပါးအုံးမြွေကြီး၏ လှုပ်ရှားမှုများက ယာယီနှေးကွေးသွားသည်။ ညှီစို့စို့လေလှိုင်းများကလည်း ရပ်တန့်သွားပုံရ၏။
ရွမ်ယုရှုက ထိုအခွင့်အရေးကိုအရယူပြီး သူမ၏လေးရောင်ခြယ်ဗျပ်စောင်းကို ထုတ်လိုက်ပြီး အထက်သံ(၄)ခုကို တီးခတ်လိုက်သည်။ ထိုအချိန်တွင် အနီရောင်၊ စိမ်းပြာရောင်၊ အနက်ရောင်နှင့် အဖြူရောင်များက လေလှိုင်းတုန်ခါခြင်းမရှိဘဲ ထွက်ပေါ်လာခဲ့သည်။ ဂီတသံက ကောင်းကင်ကြီးတစ်ခုလုံး ပျံ့နှံ့သွားပြီး ငွေရောင်မြွေဘုရင်ကို ချုပ်နှောင်ထားလိုက်သည်။
ထိုအရာများက အလွန်သိပ်သည်းသော လေဓားများအဖြစ် ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ရေများက သူ၏စိတ်ဝိညာဉ်နှင့် အရိုးကို ဖျက်ဆီးပစ်နေခဲ့သည်။ အနီရောင်မီးတောက်များက သူ၏အသိဉာဏ်နှင့် ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်နေခဲ့၏။
ငွေရောင်မြွေဘုရင်က ထိတ်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံး လူးလွန့်နေခဲ့သည်။ မြွေ၏အစစ်အမှန်ပုံရိပ်က သူ၏ကနဦးသွေးများထဲတွင် စုစည်းထားပြီး ရေလှိုင်းနှင့် မီးတောက်များကလည်း သူ၏ပါးစပ်ထဲသို့ ရောက်လာခဲ့၏။
"ဖျောက် ..."
ငွေရောင်မြွေဘုရင်ကို တိုက်ခိုက်လိုက်သော လေဓားများကို သူ၏အလင်းအကာအကွယ်က တားဆီးလိုက်ပြီး တခြားအရာများကိုတော့ သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည့်အတွက် တစ်ခုမျှမကျန်တော့ပေ။
စပါးအုံးမြွေကြီးက ချုပ်နှောင်ခံထားရာမှ အတင်းအကြပ် ရုန်းထွက်လိုက်သည့် အချိန်တွင် ရွမ်ယုရှုကတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လေးရောင်ခြယ်ဗျပ်စောင်း တီးခတ်လိုက်သည့်အချိန်တွင် ရွမ်ယုရှုက လမ်းခွဲထဲသို့ လှည့်ဝင်သွားခဲ့ပြီး ဝင်္ကပါကို အခွင့်ကောင်းယူ၍ ထွက်ပြေးသွားခဲ့သည်။ သူမက ပဟေဠိဖြစ်နေသည့်အချိန်တွင်ပင် သူမဆီ၌ လျှို့ဝှက်ရတနာများ ရှိနေသေးသည်။ သူမက ရှုံးနိုင်မှန်း သိနေသည်ကို ထွက်မပြေးဘဲ နေရမည်လော။
ငွေရောင်မြွေဘုရင်က ဒေါသထွက်၍ ကျန်နေခဲ့ပြီး သူမ၏နောက်မှ လိုက်သွားရန် စဉ်းစားနေခဲ့သည်။ သို့သော် သူကတော့ ဝင်္ကပါအပြင်ဘက်တွင် ရှိနေသော ဆေးရည်များကိုသာ စိတ်ဝင်စားခဲ့၏။ နောက်ဆုံးတွင်တော့ သူလည်း လမ်းကြောင်းကို စစ်ဆေးပြီး နန်းတော်ဆီသို့ ဦးတည်သွားခဲ့သည်။
ကျိုးဟမ်က ဆိတ်မိစ္ဆာနှင့် တွေ့ခဲ့ရပြီး သူ့ဆီတွင် အလွန်ရှည်လျားသော မုတ်ဆိတ်မွှေးတစ်ခုနှင့် မီးအိမ်ကဲ့သို့ မျက်လုံးများ ရှိနေသည်။ ထိုမိစ္ဆာကို တွေ့လိုက်ရသည့်အချိန်တွင် မုန့်ချီတို့ထက် သံသရာအတွေ့အကြုံ ပို၍များပြားသော ကျိုးဟမ်က တောက်ပသော အလင်းရောင်များ ရှိနေသည့် ပုလဲလုံးတစ်ခုကို တိုက်ရိုက်ထုတ်လိုက်ပြီး လက်တစ်ဖက်ထဲတွင် ကိုင်ထားလိုက်သည်။
ထိုပုလဲလုံးက ဆိတ်မိစ္ဆာ၏ရှေ့ကို ရောက်လာပြီး အလွန်စူးရှသော အလင်းရောင်များ စတင်ထုတ်ပေးလိုက်သည်။ ဆိတ်မိစ္ဆာက ကြောက်စရာကောင်းစွာ အော်ဟစ်လိုက်ပြီး မျက်လုံးကို ကာရန် လက်(၂)ဖက်ကို အုပ်ထား၍ နာနာကျင်ကျင် အော်ဟစ်နေရ၏။
"ငါ့မျက်လုံး ..."
သူ့မျက်လုံးသာမက သူ၏ပင်မဝိညာဉ်ကပင် အလင်းရောင်များကြောင့် ငြိမ်သက်သွားခဲ့ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်ရန် နည်းလမ်းမရှိခဲ့ပေ။ ထိုအရာက အတွေ့အကြုံ အလွန်များပြားသော မိစ္ဆာတစ်ကောင်ဖြစ်ပြီး အခြေအနေကို မည်သို့ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိနေသည်။
ထို့ကြောင့် သူက ဗုဒ္ဓအငွေ့အသက်များ ပြည့်နေသော ရွှေရောင်ကြာပန်းများစွာ ရှိနေသည့် အကာအကွယ် မှော်ရတနာတစ်ခုကို ချက်ချင်း အသက်သွားလိုက်သည်။ ထိုအရာ၏ နောက်တွင်တော့ အစစ်အမှန် အနက်ရောင် ဆိတ်ကြီးတစ်ကောင်ရှိနေပြီး ရှုပ်ထွေးသော နယ်မြေတစ်ခု ဖန်တီးလိုက်သည်။
ထိုအခွင့်အရေးကို အရယူပြီး မိစ္ဆာကို သတ်ချင်နေသော ကျိုးဟမ်က လက်ရှိအခြေအနေကို မြင်သွားသည့်အခါ နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက တခြားလမ်းဆီသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့၏။
"ဆိတ်မိစ္ဆာ မျက်လုံးပြန်မမြင်ရခင် ငါက သူ့ရဲ့အကာအကွယ်ကို ဖျက်ဆီးလို့မရနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ရထားတဲ့လျှို့ဝှက်ရတနာတွေက သဘာဝကျောင်းဆောင်ပဲ ရှိတယ်.."
ကျားမိစ္ဆာဘုရင်ကတော့ ကျန်းကျိဝေနှင့် ရုတ်တရက်တွေ့ဆုံခဲ့ပြီး သူတို့(၂)ယောက်လုံးက တစ်ချိန်တည်း တုံ့ပြန်ခဲ့ကြသည်။ သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခုရှိနေပြီး လက်ထဲတွင်ကိုင်ထားသော အသွား(၂)ဖက်ပါ ဓားကို မြှောက်လိုက်၏။
ထိုအချိန်တွင် အေးစက်သောလေလှိုင်းများ ထွက်ပေါ်လာပြီး သူတို့ကို လွှမ်းခြုံသွားခဲ့၏။ အနီးအနားတွင် မတူညီသော သရဲတစ္ဆေများ ရှိနေသလို ထင်မှတ်ရပြီး ဉာဏ်အလင်းပွင့်မှုအဆင့် သို့မဟုတ် ဝေ့ကျင်းအဆင့် လူသားတစ္ဆေ၊ မိစ္ဆာဝိညာဉ်၊ နတ်ဆိုးငယ်လေးများ၊ နတ်ဆိုးသခင်ကဲ့သို့သော မတူညီသည့် သရဲတစ္ဆေများစွာက အနီးအနားတွင် ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက လူဆိုးကို ကူညီပေးပြီး မကောင်းဆိုးဝါးဆန်သည့်အလုပ်မျိုးကို လုပ်ဆောင်ချင်နေပုံရ၏။
"မိန်းကလေး …
မင်းက နူးညံ့သိမ်မွေ့ပြီး အလှတရားတွေနဲ့ မွေးဖွားလာတာ ။ ဘာလို့ ငါ့လိုဘုရင်ကြီးကို မခစားရတာလဲ။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းကဆိုရင် မိန်းမလှလေးတွေကို သဘောကျခဲ့တဲ့ မိစ္ဆာဘုရင်တွေက နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားရိုးဖြောင့်တယ် ။ ငါတို့ဘုရင်ကြီးကလည်း သူတို့ထဲက တစ်ယောက်ပဲ။ တကယ်လို့ မင်းတို့(၂)ယောက်သာ လက်ထပ်လိုက်မယ်ဆိုရင် အရမ်းကို ပျော်စရာကောင်းမှာပဲ ... ကလေးမ.. တကယ်လို့ မင်းက သဘောမတူနိုင်ဘူးဆိုရင် တံစို့ထိုးပြီး အကင်ခံရမယ်။ မင်းရဲ့အသားအရေက အရမ်းကို လတ်ဆတ်ပြီး နူးညံ့နေမှာပဲ ..."
သရဲတစ္ဆေများက သူမ၏ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး သူမ၏စိတ်ကို နှောင့်ယှက်နေခဲ့သည်။ အလွန်အစွမ်းထက်သော ခွန်အားရှိနေသည့် ဝိညာဉ်များကတော့ သူမ၏အနားကို ချဉ်းကပ်လာပြီး တိုက်ခိုက်ခဲ့ကြ၏။
အချိန်တိုလေးအတွင်း ကျန်းကျိဝေက ဝေ့ကျင်းအဆင့် အဖွဲ့တစ်ဖွဲ့ကို ရင်ဆိုင်နေရသလို ခံစားနေရသည်။ ထို့ပြင် အေးစက်သော လေလှိုင်းများလည်း ရှိနေသည့်အတွက် မည်ကဲ့သို့သော ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက်က သူတို့ကို ခုခံနိုင်ကြမည်နည်း။ ကျန်းကျိဝေကလည်း သေချာပေါက်လွှမ်းမိုးခံရနိုင်သည်။
သူမက တိုက်ခိုက်ရခြင်းပင် မရှိသေးသော်လည်း သိုင်းသခင်အဆင့် မိစ္ဆာဘုရင်၏ ခွန်အားများကို ခံစားမိနေခဲ့၏။ သို့သော် သူမ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမရှိဘဲ သူမက စွမ်းအား၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးကို နေဖောက်သက်တန့်ဓားထဲသို့ ပို့ဆောင်ထားခဲ့၏။
ရုတ်တရက်ဆိုသလို ဓားအလင်းရောင်က တောက်ပလာပြီး ကောင်းကင်ပေါ်မှ ဥက္ကာခဲကြီးတစ်ခု ကျရောက်လာသလို ခံစားလိုက်ရသည်။ အလွန်သန့်စင်သော ဓားအလင်းတန်းက တောက်ပပြီး ထက်မြတ်၏။ သူမက နောက်ပြန်ဆုတ်ခြင်းမရှိဘဲ ရှေ့တည့်တည့်ကို တိုက်ခိုက်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
ဓားအလင်းတန်းက အလွန်လျင်မြန်လွန်းလှသည့်အတွက် သူမ၏ ပတ်ပတ်လည်တွင် နှောင့်ယှက်ရန် ကြိုးစားနေသော တစ္ဆေများနှင့် ဝေ့ကျင်းအဆင့် တစ္ဆေများကပင် သိသိသာသာ နှေးကွေးသွားခဲ့သည်။ သူတို့၏ အေးတိအေးစက် လက်သည်းများအားလုံးက အစိမ်းရင့်ရောင် ဓားအလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူတို့၏ခွန်အားများအားလုံးကလည်း မိန်းမလှလေး၏ ဓားအလင်းတန်းကြောင့် နှေးကွေးသွားခဲ့ကြသည်။
သူ့မျက်လုံးထဲတွင် ဓားအလင်းရောင်သာ မြင်နေရသည့်အတွက် ကျားမိစ္ဆာကပင် သူ၏မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရသွားသလို ခံစားလိုက်ရသည်။ ဓားပညာကို အထူးကျွမ်းကျင်ပြီး ယခုအချိန်ထိ ရှေ့ကိုပြတ်ပြတ်သားသား လျှောက်လှမ်းနေခဲ့သော ကျန်းကျိဝေကလည်း မုန့်ချီကဲ့သို့ သူမ သင်ယူထားခဲ့သောအရာများကို စတင်ပေါင်းစပ်ပြီး ကိုယ်ပိုင်သိုင်းကွက်တစ်ခုကို ဖန်တီးထားခဲ့သည်။
သူမက အနန္တဓားသိုင်းကို ဗဟိုပြု၍ (၂၃)ချက် ဓားသိုင်းကွက်၏ ဖျက်ဆီးခြင်း(၆)သွယ်နှင့် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ အတွေးအခေါ်များ၊ တာအိုကို ဖြတ်တောက်ခြင်းနှင့် အစစ်အမှန်ရှာဖွေခြင်းဟူသောသိုင်းကွက်တို့၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းချင်းဆီကို ပေါင်းစပ်ထားခဲ့သည်။ ထိုအရာက မှင်တက်နေသော ငန်းတစ်ကောင်၏ပုံရိပ် ဟူသောသိုင်းကွက်ဖြစ်သည်။
ပတ်ဝန်းကျင်က အေးခဲသွားသလို ထင်မှတ်ရပြီး သူမ၏မှတ်ဉာဏ်များက လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ဓားအလင်းတန်းက အစီအစဉ်မကျသလို လျင်မြန်ပြီး နှေးကွေးသော ဦးတည်ရာမဲ့ကမ္ဘာကြီးတစ်ခုကို ဖန်တီးလိုက်ပြီး အစစ်အမှန်ခန္ဓာကိုယ်၊ ချီစွမ်းအားနှင့် သွေးများက ရပ်တန့်၍ ပင်မဝိညာဉ်တစ်ခုတည်းကသာ ထူးထူးခြားခြား လှုပ်ရှားနေတော့သည်။
ဓားအလင်းတန်းက မှင်တက်နေသော ဘဲငန်းတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူ၏မှတ်ဉာဏ်ထဲသို့ ပျံသန်းလာခဲ့၏။ မျက်ခုံးကြားထဲမှ ထွက်ပေါ်လာသော နာကျင်မှုကြောင့် ကျားမိစ္ဆာဘုရင်က ရုတ်တရက် သတိဝင်လာပြီး ဓားရှည်က သူ့မျက်လုံးကို ရောက်တော့မည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူက ချက်ချင်းပင် နောက်သို့ လှန်ချလိုက်ပြီး သူ၏ခါးမှနေ၍ သံပြားလှုပ်ရှားမှုအစွမ်းကို ပြသလိုက်သည်။ ထိုအချိန်တွင် သူ့အမြှီးက ကြာပွတ်တစ်ခုကဲ့သို့ ပေါ်လာပြီး နေဖောက်သက်တံ့ဓားကို တိုက်ခိုက်လိုက်သည်။ ထိုလှုပ်ရှားမှုက ကျားမိစ္ဆာ၏ သတ်ဖြတ်ရေးသိုင်းကွက်များထဲမှာတစ်ခုဖြစ်ပြီး လျင်မြန်တိကျ၍ ရက်စက်ကြမ်းကြုတ်သည်။
ဓားရှည်က သူ၏မျက်ခုံးကို ထိုးဖောက်သွားတော့မည့်အန္တရာယ်ကြီးနှင့် ကြုံရသည့်အချိန်မျိုးတွင် ကျားမိစ္ဆာက သူ၏အရိပ်ကို အသုံးချပြီး ပုံရိပ်ယောင်ကောင်းကင်ကြီးထဲသို့ မြောက်တက်သွားခဲ့၏။ သူက နေဖောက်သက်တံ့ဓား၏ အနားသို့ ကပ်သွားခဲ့သည်။
"ဗုန်း ..."
ဓားအလင်းတန်းက ပျက်စီးသွားခဲ့ပြီး ဓားရှည်က ကွေးသွားခဲ့သည်။ ကျားအမြှီးက လေဟာနယ်ထိုးဖောက်ခြင်း လက်စွပ်အသံကို ကြားလိုက်ရပြီးနောက် ကျန်းကျိဝေက ထိုအစွမ်းကို အသုံးချပြီး သူမ၏ဓားနှင့်အတူ ဘေးတစ်ဖက်သို့ ပျံသန်းသွားခဲ့သည်။
ရုတ်တရက်ဆိုသလို ဓားအလင်းတန်းက အလင်းတန်း(၂)ခုအဖြစ် ကွဲထွက်သွားခဲ့ပြီးနောက် အလင်းတန်း(၄)ခု ထို့နောက် အလင်းတန်းများစွာအဖြစ် ကွဲထွက်သွားခဲ့ပြီး ဧရာမကျောက်တုံးကြီးနှင့် လမ်းမများစွာဆီသို့ ရောက်သွားခဲ့သည်။
အစွမ်းထက်သူနှင့် အားနည်းသူ၊ ပိန်သူနှင့် ဝသူကြားထဲတွင် ကွဲပြားမှုမရှိသော ကျားမိစ္ဆာက ကျန်းကျိဝေကို တိုက်ခိုက်ရန် တည်နေရာကို တိတိကျကျ မသိတော့သည့်အတွက် သူမကို ဖမ်းမိနိုင်ခြင်း မရှိပေ။
ထိုသိုင်းကွက်က ထိုက်ရှန်ဓားသမား၏ ခံစားချက်ကင်းမဲ့ခြင်းနှင့် တာအိုလောကသိုင်းကွက်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုသိုင်းကွက်နှင့် ထွက်ပြေးလိုက်မည်ဆိုလျှင် သူ့ကို ရှုပ်ထွေးသွားအောင် လုပ်ဆောင်နိုင်ပြီး ခွဲခြား၍ မရနိုင်တော့ပေ။
ကျားမိစ္ဆာ၏မျက်လုံးများက တလက်လက် တောက်ပနေသော်လည်း သူက ထွက်သွားတော့မည့် ဝင်္ကပါကို ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူကလည်း ဆေးရည်ကိုသာ အလေးပေးခဲ့၏။
"အားနည်းတဲ့ လူသားတစ်ယောက်ပဲ ... "
ဝက်ဝံမိစ္ဆာက ကြောက်စရာကောင်းစွာ ရယ်လိုက်ပြီး အရှိန်နှင့် ပြေးလာခဲ့သည်။ သူက ပြေးလာလေလေ သဘာဝတရားကြီး၏ စွမ်းအားများက ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာသည့်အတွက် ခန္ဓာကိုယ်က ပို၍ကြီးမားလာလေလေဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း အကာအကွယ်များ ပြည့်နှက်နေခဲ့၏။
ထို့ပြင် ဧရာမဝက်ဝံအရိပ်ကြီးက တောင်တန်းကြီးကို ဖိနှိပ်ထားသလို ထင်မှတ်ရပြီး ဓားအလင်းတန်းနှင့် ဓားချီစွမ်းအင်များကိုလည်း ကြောက်လန့်နေခြင်း မရှိချေ။ သူကသာ တည်ငြိမ်စွာ တိုက်ခိုက်လိုက်မည်ဆိုလျှင် ရန်သူများက တခဏအတွင်း အသားစများအဖြစ် ပြောင်းလဲသွားနိုင်၏။
"ဗုန်း ..."
ရောင်စုံအလင်းတန်းများက တောက်ပလာပြီး ကျောက်တုံးများက ပျက်စီးသွားခဲ့၏။
ထိုအချိန်တွင် သူ၏ပါးပေါ်၌ အပေါက်တစ်ခုပေါ်လာပြီး မျက်နှာက သွေးချင်းချင်း နီသွားခဲ့သည်။ ကမ္ဘာမြေကြီး၏ စွမ်းအားများကလည်း ပျက်စီးသွားခဲ့ပြီး မူလပုံသဏ္ဍာန်ကို လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။
ဝက်ဝံမိစ္ဆာက ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ သို့သော် သူ၏မသိစိတ်က ကမ္ဘာဦးအခြေအနေအတိုင်းသာ ရှိနေသေးသည့်အတွက် သူက ထိုကဲ့သို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသော်လည်း ရှေ့ကိုဆက်၍ ပြေးလာနေသေးသည်။
ချီကျန်းရန်၏မျက်နှာကတော့ မချိုမချဉ်ဖြစ်နေပြီး သူ၏ဓားရှည်ကို လွှဲယမ်းတိုက်ခိုက်လိုက်၏။ ဓားအလင်းရောင်ဆီမှ မြူခိုးငွေ့များ၊ အနီရောင်တိမ်တိုက်များ၊ အညိုရောင်ရွှံ့များနှင့် ရေခဲနှင့်နှင်းများကဲ့သို့ အဖြူရောင်များ၊ ကြယ်စုတန်းများကဲ့သို့ ခရမ်းရောင်များနှင့် ဖရိုဖရဲအခြေအနေကဲ့သို့ အနက်ရောင်များ ပျံ့နှံ့လာခဲ့သည်။ သူတို့က ဝင်္ကပါတစ်ခုသဖွယ် ပေါင်းစည်းထားပြီး ပတ်ဝန်းကျင်က အလွန်ကြီးကျယ်ခမ်းနားနေခဲ့၏။
ဖရိုဖရဲအခြေအနေက လမ်းကို ပိတ်ထားခဲ့ပြီး ရေခဲနှင့်နှင်းများက သူ့ခြေထောက်ကို အေးခဲသွားစေခဲ့သည်။ ရွှံ့က သူ့အရှိန်ကို ထိန်းချုပ်ထားပြီး မီးခိုးငွေ့များက မျက်လုံးကိုတားဆီးထားသည်။ ထိုအရာက သူ၏ခြေလှမ်းကို နှေးကွေးသွားစေပြီး ခရမ်းရောင်ကြယ်စုတန်းက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၍ သူ့ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်သည်။
ခဏကြာ တားဆီးလိုက်ပြီးနောက် ချီကျန်းရန်က အဆောင်တစ်ခုကို တည်ငြိမ်စွာ အသက်သွင်းလိုက်ရာ သူက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။
"မြေအောက် ရွှေအလင်းတန်းအဆောင် ..."
မုန့်ချီက ဧရာမကျောက်တုံးပုံကြီးကို ကျောမှီထားခဲ့ပြီး အပြင်ဘက်ကို အာရုံခံကြည့်၍ မရနိုင်သည့်အတွက် အတိတ်တုန်းက အန္တရာယ်များကိုသာ ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဘိုးဘေးကပ်ဆိုးမြွေက ထိုအကာအကွယ်ကိုဖြတ်၍ လျှောက်လာပြီး ရုတ်တရက်ကျောက်တုံးပုံကြီးကို ကြည့်လိုက်သည်။ သို့သော် သူက ရပ်တန့်နေခြင်းမရှိဘဲ လမ်းနှစ်ခွထဲသို့ဝင်သွားခဲ့၏။
"ငါက အန္တရာယ် အခြေအနေကို ဘာမှမခံစားမိဘူး ... "
မုန့်ချီက သေချာစဉ်းစားကြည့်လိုက်ပြီး အခြေအနေတည်ငြိမ်သွားအောင် စောင့်နေခဲ့သည်။ ခဏကြာပြီးနောက် အနက်ရောင်ဝတ်စုံ ဝတ်ထားသောသူက ပျောက်ကွယ်သွားပြီဖြစ်ကြောင်းတွေ့လိုက်ရ၏။
"ဘယ်လိုဖြစ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ မိစ္ဆာတစ်ကောင် ရှိနေရတာလဲ ...။ ဒီတစ်ကြိမ်တာဝန်က ဒီလောက်ခက်မယ်လို့ မထင်ထားဘူး…"
မုန့်ချီက တီးတိုးရေရွတ်လိုက်မိသည်။
"ပြောင်းလဲမှုတစ်ခုခု ပေါ်လာတဲ့အတွက် တာဝန်က ပိုပြီးခက်လာတာလား ..."
ထို့ကြောင့်လည်း ကောင်းကင်တပ်ဖွဲ့က နိုးထလာခြင်းပေလော။ ရုတ်တရက်ဆိုသလို သူက ပြန်လှည့်ကြည့်လိုက်ရာ ရွှေရောင်အလင်းတန်းများ တောက်ပနေသော ချီကျန်းရန် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုချီက မိစ္ဆာတစ်ကောင်ကောင်နဲ့ တွေ့ခဲ့သေးလား ..."
မုန့်ချီက စိတ်သက်သာရာ ရသွားခဲ့၏။
တခြားသူများက လုံလောက်အောင် အစွမ်းထက်ပြီး လျှို့ဝှက်ရတနာများ ရှိနေကြသည်။ ထို့ကြောင့် မုန့်ချီက ချီကျန်းရန်အတွက် အစိုးရိမ်ဆုံးဖြစ်၏။ သူက ချီကျန်းရန်နှင့်တွေ့ခဲ့ရသည်မှာ ကံကောင်းသွားသည်။
ချီကျန်းရန်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
"ငါက ဝက်ဝံမိစ္ဆာတစ်ကောင်နဲ့ တွေ့ခဲ့ရုံပါပဲ ..."
သူပြောပြီး သိပ်မကြာခင် အဝေးမှနေ၍ အော်သံတစ်ခု ထွက်လာခဲ့သည်။ ထိုအရာက ဝက်ဝံတစ်ကောင်၏အော်သံကဲ့သို့ ထင်မှတ်ရပြီး ချက်ချင်း ရပ်တန့်သွားခဲ့၏။
"ဝက်ဝံမိစ္ဆာ သေသွားပြီ ..."
မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ သူကတော့ စိုးရိမ်သော အငွေ့အသက်တစ်ခုကို ခံစားမိနေခဲ့သည်။ ဝက်ဝံမိစ္ဆာက တစ်စုံတစ်ယောက်နှင့် တွေ့ခဲ့ခြင်းလော သို့မဟုတ် သူ့အဖော်များထဲမှ တစ်ယောက်ယောက်ကို တွေ့ခဲ့ခြင်းပေလော။
မုန့်ချီနှင့်ချီကျန်းရန်တို့က အချင်းချင်းကြည့်လိုက်မိကြပြီး ထိုနေရာတွင် မည်သည့်အရာများ ဖြစ်နေကြောင်း မသိရသေးခင် နောက်ထပ်အော်သံတစ်ခု ထွက်လာခဲ့သည်။ ထိုအသံကတော့ ဆိတ်မိစ္ဆာ၏ အော်သံကဲ့သို့ ထင်ရ၏။ သိပ်မကြာခင် တခြားသော နယ်မြေတစ်ခုမှ ဖြစ်ပုံရသော မြွေတစ်ကောင်၏ အော်သံကိုလည်း ကြားလိုက်ရသည်။
"သူတို့ကို ဘယ်သူ သတ်လိုက်တာလဲ ... "
ရုတ်တရက်ဆိုသလို မုန့်ချီက ထိုမေးခွန်းကို တွေးမိသွားခဲ့သည်။ ကြည့်ရသည်မှာ ဝင်္ကပါထဲတွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်နေပုံပေါ်၏။
ထိုအချိန်တွင် ကျားမိစ္ဆာက ဝင်္ကပါထဲမှ ထွက်လာနိုင်ခဲ့၏။ သူက အပြင်ဘက်မှနေ၍ စစ်ဆေးကြည့်လိုက်ရာ ဝင်္ကပါကြီးတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သည်။ ဧရာမကျောက်တုံးကြီးနှင့် သစ်တောကြီးများအားလုံးက ပျောက်ကွယ်နေပြီး သူ့ရှေ့တွင် ပြန့်ပြူးနေသော လမ်းတစ်ခု ပေါ်လာခဲ့၏။
မုန့်ချီက သူတို့အဖွဲ့ကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရချိန်တွင် ကျားမိစ္ဆာနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသောလူကိုလည်း တွေ့လိုက်ရသည်။ သူတို့အဖွဲ့(၂)ခု၏ အကွာအဝေးက မီတာ(၃၀၀)ခန့် ရှိနေပြီး နီးကပ်နေသည်ဟုပင် ဆိုနိုင်၏။
ကျားမိစ္ဆာဘုရင်က နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ဝက်ဝံမိစ္ဆာနှင့် နွားရိုင်းမိစ္ဆာတို့၏ ခြေရာလက်ရာကိုပင် မတွေ့ရပေ။ ရုတ်တရက်ဆိုသလို သူက မုန့်ချီတို့အဖွဲ့ကို ကြောက်စရာကောင်းစွာ လှည့်ကြည့်လိုက်လေ၏။
Translated by Hein Htet.