← Chapters

အခန်း (၆၇၄)

Vol. 45 Ch. 674

အခန်း (၆၇၄)

Vol. 45 Ch. 674

သူ၏အငွေ့အသက်များက သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို သစ္စာဖောက်နေခဲ့သည်။ မုန့်ချီက ရှေ့ကို ခြေတစ်လှမ်း လှမ်းလာပြီး သူ့ဓားနှင့် ကျားမိစ္ဆာဘုရင်ကို တားဆီးထားလိုက်၏။ တစ်ချိန်တည်းတွင် ရွမ်ယုရှုကလည်း ရှေးဟောင်းနတ်ဆိုးထုတ်ဖော်ကြေးမုံကို ထုတ်လိုက်သည်။

ကျန်းကျိဝေ၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့က အတူတကွ မတ်တပ်ရပ်နေကြပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားကြ၏။ အကယ်၍ သူကသာ ကျားမိစ္ဆာဘုရင်ကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင် မုန့်ချီက နတ်ဘုရား လက်နက်ပင်မပစ္စည်းများကို အသုံးပြုမည်ဆိုလျှင်ပင် အနိုင်ရရန် ယုံကြည်ချက်မရှိချေ။ သူက အစွမ်းထက်သော်လည်း ရန်သူကို တိုက်ခိုက်နိုင်ခြင်းမရှိလျှင် အသုံးမဝင်ဖြစ်သွားနိုင်သည်။

တခြားသူများကသာ သူ့ကို ပစ်မှတ်ထားခြင်းမရှိလျှင် သူက ရှောင်တိမ်းသွားရန် ဖြစ်နိုင်ပြီး သူ မည်မျှကြိုးစားစေကာမူ သူတို့၏ အစွမ်းက ကွာဟလွန်းလှသည်။ ကျန်းဝူ မကောင်းဆိုးဝါးဝိညာဉ်နှင့် စာရင်းကိုင်နတ်ဆရာတို့၏ အခြေအနေကဲ့သို့ မဟုတ်နိုင်ပေ။

ထို့ကြောင့် မုန့်ချီက သူ၏သိုင်းပညာကိုအသုံးချပြီး သတ်ဖြတ်ရန် အခွင့်အရေးတစ်ခု ဖန်တီးခြင်း သို့မဟုတ် ထွက်ပြေးရန် အခွင့်အရေးအတွက် နတ်ဘုရားလက်နက်ပင်မပစ္စည်းများကို အသုံးပြုခြင်းတို့ဖြစ်သည်။

ယခုတော့ သူ တစ်ယောက်တည်း မဟုတ်သည်မှာ ကံကောင်းသွား၏။ သူ့ဆီတွင် နတ်ဆိုးထုတ်ဖော်ကြေးမုံရှိနေပြီး သူ့မိတ်ဆွေများ၏ အကူအညီလည်း ရှိနေသည်။ ကျားမိစ္ဆာဘုရင်ကို ရင်ဆိုင်ရခြင်းက အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးကို ပထမတစ်ကြိမ် လာခဲ့တုန်းကလောက် ပြဿနာ မဟုတ်နိုင်တော့ပေ။

သူ စဉ်းစားရန် လိုအပ်သည့် တစ်ခုတည်းသောအရာကတော့ အနက်ရောင် ဝတ်စုံဝတ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့်လူ ဖြစ်သည်။ သူ၏အငွေ့အသက်က ကျားမိစ္ဆာဘုရင်ထက် ပို၍အေးစက်ပြီး ပို၍ကြောက်စရာကောင်း၏။ သူတို့(၅)ယောက် ပူးပေါင်းရင်ဆိုင်လျှင်ပင် မုန့်ချီကတော့ ကြီးမားသောအန္တရာယ်များကို ခံစားမိနေသေး၏။

ဘိုးဘေးကပ်ဆိုး‌မြွေက အေးစက်စွာ ကြည့်လိုက်ပြီး အနက်ရောင်ဝတ်ရုံအောက်တွင် အနီရောင်မျက်လုံးရဲကြီးများကို မြင်နေရသည်။ အလွန်အေးစက်သော မျက်လုံးများက မုန့်ချီ၏ ရင်ထဲကို အေးစက်သွားစေနိုင်ပြီး သူ၏ကြွက်သားနှင့် အရိုးများကိုပင် အေးခဲလုနီးပါး ဖြစ်ခဲ့သည်။ ပင်မဝိညာဉ်ကလည်း တုန်လှုပ်သွားခဲ့၏။

"တော်တော် ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ ..."

ဘိုးဘေးကပ်ဆိုးမြွေက ရုတ်တရက်ကြည့်ပြီး အော်ဟစ်လိုက်သည်။ ထိုအသံကို သယ်ဆောင်ထားသော သူ၏အငွေ့အသက်က တိမ်တိုက်များထဲသို့ ထိုးဖောက်သွားခဲ့သည်။ ကောင်းကင်ခုံရုံး အစိတ်အပိုင်းထဲတွင်ပင် သူ၏အငွေ့အသက်က လေလှိုင်းများကို အရောင်ပြောင်းသွားစေနိုင်ပြီး လေဟာနယ်ကို အေးခဲသွားစေနိုင်သည်။ သူက ဤကမ္ဘာကြီး၏ အုပ်ချုပ်သူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

"ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ... ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်ခါနီးနေပြီ ..."

ထိုအငွေ့အသက်က အလွန်ထူးခြားလှသည်။ အခက်အခဲကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီကတော့ အလျင်စလို တိုက်ခိုက်ရဲခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုသာ ကာကွယ်ထားနေရသည်။

"ရန်သူက ဒီလိုအဆင့်မျိုးတောင် ရှိနေတာပဲ။ ဒီတာဝန်က အရမ်းခက်ခဲလွန်းတာ မဟုတ်လား…"

ဘိုးဘေးဒိုမူက ငရဲအင်ပါယာ၏ ကိုယ်ပွားကို မည်သို့သတ်ဖြတ်ခဲ့ကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သေမင်းတမန်တာဝန်ကလည်း ကွဲပြားမှုမရှိခဲ့ချေ။

အလွန်ထိတ်လန့်ကြောက်ရွံ့နေသော ကျားမိစ္ဆာဘုရင်က နေရာတွင် ရပ်နေမိပြီး သူက ဘိုးဘေးကပ်ဆိုးမြွေကို မဆန့်ကျင်ခဲ့မိသည့်အတွက် ကံကောင်းသွားသည်ဟု ခံစားနေရသည်။ ဘိုးဘေးကပ်ဆိုးမြွေက အလွန်အစွမ်းထက်သော်လည်း သူက ငွေရောင်မြွေဘုရင်ကို အကာအကွယ်ပေးနိုင်ခဲ့ခြင်း မရှိချေ။

အော်သံပျောက်ကွယ်သွားသည့်အချိန်တွင် ဘိုးဘေးကပ်ဆိုးမြွေက ခေါင်းကို ပြန်လှည့်လာပြီး မုန့်ချီတို့ အဖွဲ့ကို ဂရုမစိုက်သလို သတ်မှတ်ထားသည်။ သူက တစ်ခုတည်းသော အဆောက်အဦးဖြစ်သည့် နန်းတော်ထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့၏။

"ဟူး ..."

မုန့်ချီက နောက်ပြန်ဆုတ်လိုက်မိ၏။

သူ၏အစွမ်းကို ပြသလိုက်ပြီးနောက် အနက်ဝတ်မိစ္ဆာက ရန်သူများကို သတ်ဖြတ်ခဲ့ခြင်း မရှိဘဲ အေးအေးချမ်းချမ်း ရတနာ ရှာဖွေနေခဲ့သည်။ အစောပိုင်းတွင် သူ၏အပြုအမူက ရတနာများကို တပ်မက်လာခြင်း မရှိစေရန် သတိပေးခြင်းပေလော။ ထိုကဲ့သို့ သဘောကောင်းသော မိစ္ဆာများ ရှိနေသေးခြင်းပေလော။

ကျန်းကျိဝေတို့ကလည်း ထိုအရာကို မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ သူတို့က ကျားမိစ္ဆာဘုရင်နှင့် အချင်းချင်း ကြည့်လိုက်မိကြသည်။ နန်းတော်၏ ရှေ့ဘက်တွင်တော့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

ကျားမိစ္ဆာဘုရင်က သေချာစဉ်းစားနေသော်လည်း ဘာလုပ်ရမှန်းမသိခဲ့ချေ။

"ဒီနေရာမှာရှိတဲ့လူသားတွေကို အရင်သတ်ရမလား။ မဟုတ်ဘူး။ မြွေမိစ္ဆာဘုရင်နဲ့ တခြားသူတွေက အော်ဟစ်ပြီး ပျောက်ကွယ်သွားတယ်။ ဒီလူသားတွေကတော့ ဘေးကင်းလုံခြုံနေတယ်။ သူတို့ကို ထောက်ပံ့ပေးနေတဲ့ တစ်ခုခုရှိရမယ် ..."

အလွန်ဆိုးရွားသော သိန်းငှက်၏အခြေအနေကို ပြန်လည်စဉ်းစားမိသည့်အခါ ကျားမိစ္ဆာဘုရင်က ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ အကယ်၍ သူက အစွမ်းထက်မှော်ရတနာများ ရှိနေသော ရန်သူတစ်ယောက်ကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူ၏အဆင့်အရ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက်ရှိနေသေးသည်။

တစ်ခုတည်းသော ခြွင်းချက်ကတော့ ထိုရတနာများကသာ ဘုန်းတော်ကြီးထန်စန်း အနောက်ဘက်သို့ ကျမ်းစာသွားပို့သည့်အချိန်တွင် မိစ္ဆာများကို ထိန်းချုပ်ရန် အသုံးပြုခဲ့သည့်အရာနှင့် တူညီနိုင်ခြင်း မရှိချေ။

သို့သော် သူ့ရှေ့ရှိအဖွဲ့တွင် (၅)ယောက် ရှိနေသည်။ အဝါဝတ်မိန်းကလေးက သူ့ကို တိုက်ခိုက်နိုင်သည်။ ဓားရှည်နှင့် ဓားမောက် ကိုင်ထားသော လူငယ်ကတော့ ပို၍အစွမ်းထက်ပုံရသည်။ သိန်းငှက်၏ ကျရှုံးမှုက ထိုအဖွဲ့၏ တိုက်ခိုက်စွမ်းရည်ကို ပြသနေခဲ့သည်။

ကျားမိစ္ဆာဘုရင်က နောက်ထပ်စဉ်းစားနေခြင်းမရှိတော့ဘဲ ပြန်လှည့်သွားပြီး ဘိုးဘေးကပ်ဆိုးမြွေ၏ နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။

"တကယ်လို့ ဘိုးဘေးကပ်ဆုံးမြွေက အသားစားမယ်ဆိုရင် အနည်းဆုံးတော့ ငါက အရိုးအရင်းရနိုင်သေးတယ် ..."

အနက်ဝတ်မိစ္ဆာဘုရင်၏အတွေးကို နားမလည်နိုင်သည့်အတွက် မုန့်ချီက ကျားနတ်ဆိုးဘုရင်ကို တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူတို့က နန်းတော်ရှေ့တံခါးကို တွန်းဖွင့်ပြီး အမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။

"လုံးဝနားမလည်နိုင်တဲ့တာဝန်ပဲ ..."

မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်မိသည်။

ကျန်းကျိဝေကလည်း မျက်မှောင်ကြုတ်လိုက်မိ၏။

"အနက်ဝတ်မိစ္ဆာရဲ့ အငွေ့အသက်ကို ရင်းနှီးနေသလိုပဲ ..."

ထိုစကားလုံးကြောင့် မုန့်ချီကလည်း တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။

"တော်တော်လေးကိုရ င်းနှီးတယ် ... ငါတို့က ဘယ်နေရာမှာ တွေ့ခဲ့ဖူးတာလဲ.."

ကျိုးဟမ်က ခေါင်းခါပြောလိုက်သည်။

"ငါတော့ သူ့ကို ရင်းနှီးနေတယ်လို့ မထင်ဘူး ..."

သူတို့က အသက်ရှင်ကျန်ရစ်နေသော မိစ္ဆာတစ်ကောင်ကောင်ကို တွေ့ခဲ့ရသည်ဟု စဉ်းစားနေခဲ့မိသော်လည်း သဲလွန်စတော့ မရှိချေ။

"ငါလည်းမမှတ်မိဘူး ..."

မုန့်ချီက လက်လျှော့လိုက်ပြီး ပွင့်နေသော နန်းတော်တံခါးကို စိုက်ကြည့်လိုက်သည်။

"ငါတို့မှာ ကံကြမ္မာအမှတ်တွေ ရှိနေမှတော့ အနှုတ်ခံရမှာကို စိုးရိမ်နေဖို့ မလိုတော့ဘူး။ ငါတို့က ဓမ္မကာရတစ်ဝက်အဆင့် မိစ္ဆာတစ်ယောက်နဲ့ တိုက်ခိုက်ဖို့လည်း မထိုက်တန်ဘူး။ ပတ်ပတ်လည်ကို လျှောက်ကြည့်ပြီး ဆုံးရှုံးသွားတဲ့ ကံကြမ္မာအမှတ်တွေကို ဖြည့်ဆည်းနိုင်ဖို့ ပစ္စည်းတွေ လိုက်ရှာကြည့်ကြတာပေါ့ ..."

နောက်ပြန်ဆုတ်ရန် အခွင့်အရေး ရှိနေသည့်အချိန်တွင် လူအနည်းစုကသာ သူသေကိုယ်သေ တိုက်ခိုက်ရန် ရွေးချယ်ကြပါလိမ့်မည်။

"ကောင်းပြီလေ…"

ကျန်းကျိဝေက သူမ၏ဓားသိုင်းပညာ တိုးတက်လာစေရန် ဆန္ဒရှိနေသော်လည်း ဦးနှောက်မရှိသော မိန်းကလေးတစ်ယောက် မဟုတ်ချေ။ သူမက သိုင်းသခင်တစ်ယောက်ကိုပင် မဖြေရှင်းနိုင်သည့်အတွက် ဓမ္မကာရတစ်ဝက်အဆင့်ကို နီးကပ်နေသော မိစ္ဆာတစ်ကောင်ကို မည်သို့ရင်ဆိုင်ရမည်နည်း။

မုန့်ချီက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူတို့၏နောက်ကျောဘက်တွင် ကောင်းကင်မြစ်၊ အရှေ့ဘက်တွင် နန်းတော်ကြီးကိုသာ မြင်လိုက်ရသည်။ နန်းတော်ကြီးက အလယ်တည့်တည့်တွင် ဖြစ်နေခဲ့၏။ ဘေးတစ်ဖက်ဆီတွင်တော့ အလွန်ကြီးမားသော ဥယျာဉ်ကြီး(၂)ခုနှင့် စိမ်းလန်းသော သစ်ပင်ကြီးများ ရှိနေသည်။

"အနက်ဝတ်မိစ္ဆာက သူနဲ့ မတိုက်ခိုက်ဖို့ ငါတို့ကို ရှင်းရှင်းလင်းလင်းသတိပေးသွားတာ ။ ပြောရမယ်ဆိုရင် ငါတို့က နန်းတော်ထဲကို ဝင်မသွားတာ ပိုကောင်းမယ်.."

ချီကျန်းရန်က သူ့မိတ်ဆွေများကို သတိပေးလိုက်သည်။ အခြေအနေကို ကြည့်ရသည်မှာ ကောင်းကင်ခုံရုံး ပင်မအပိုင်းအစက နန်းတော်ထဲတွင် ရှိနေရန် ဖြစ်နိုင်ခြေများသည်။

မုန့်ချီ၏ခေါင်းထဲ၌ တူညီသော အတွေးတစ်ခု ပေါ်လာခဲ့၏။

"ကျားမိစ္ဆာဘုရင်ရဲ့တုံ့ပြန်မှုအရ အနက်ဝတ်မိစ္ဆာက မဖိတ်ခေါ်ဘဲ ရောက်လာတယ် ထင်တယ် ... ငါလည်း အသေးစိတ်ကို မဖော်ထုတ်နိုင်ဘူး…"

"သူက သတင်းတစ်ခုခုကို သိရပြီး လေဟာနယ်အပိုင်းအစရဲ့ ပင်မပစ္စည်းကို ရှာဖွေဖို့ ရောက်လာတာများလား…"

"အဲဒါလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အနက်ဝတ်မိစ္ဆာဘုရင်က အထဲကိုဝင်သွားပြီးမှ ဘယ်ဘက်လမ်းကြောင်းကို မရွေးခင် တွေဝေနေသေးတယ်။ ပင်မပစ္စည်းက ဘယ်မှာရှိလဲဆိုတာ သူလည်း သေချာသိပုံမရဘူး ..."

ကျိုးဟမ်က အခြေအနေကို သေချာပြောပြလိုက်သည်။ သို့သော် ထိုအချက်အလက်များအားလုံးက အသုံးမဝင်ခဲ့ပေ။

မုန့်ချီက ပင့်သက်ရှိုက်ပြီး လက်ညှိုးထိုးလိုက်၏။

"နန်းတော်ထဲကို မဝင်တော့ဘူး။ ငါတို့က ဥယျာဉ်ထဲမှာ အင်မော်တယ်ဆေးပင်တချို့ သွားရှာကြမယ်။ တကယ်လို့ ငါတို့က အင်မော်တယ်မက်မွန်သီး တစ်လုံးရမယ်ဆိုရင်တောင် တာဝန်(၁၀)ခုပြီးတာထက် ပိုများတဲ့ဆုလာဘ်တွေ ရလာနိုင်တယ်…"

"အင်မော်တယ်မက်မွန်သီး ..."

ရွမ်ယုရှု၏မျက်လုံးများက ဝင်းလက် တောက်ပလာခဲ့သည်။ အင်မော်တယ် မက်မွန်သီးဟူသည်မှာ ကောင်းကင်ဘုံတွင် တန်ဖိုးအရှိဆုံးရတနာများထဲမှ တစ်ခုဖြစ်ပြီး ကောင်းကင်(၉)သွယ်၏ ပင်မနယ်မြေထဲတွင်သာ သေချာပေါက်ရှိနိုင်သည်။ မုန့်ချီက သူတို့ကို နှစ်သိမ့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရွမ်ယုရှုက သိနေသော်လည်း မက်မွန်သီးများ၏ အရသာကို စဉ်းစားကြည့်လိုက်ရုံနှင့် တက်ကြွလာသလို ခံစားနေရသေးသည်။

"ဘယ်ကိုသွားကြမှာလဲ ..."

ကျန်းကျိဝေက အပြုံးနှင့် မေးလိုက်သည်။ သူမကလည်း တာဝန်ကျရှုံးသည် ဟူသောအချက်ကို လက်ခံလိုက်၏။

မုန့်ချီကသေချာစဉ်းစားပြီး ပြောလိုက်သည်။

"ကောင်းကင်ခုံရုံးအပိုင်းအစထဲမှာ မိစ္ဆာတွေ သေဆုံးနေတာကို စဉ်းစားကြည့်လိုက်ရင် တစ်ခုခုတော့ ထူးဆန်းနေတယ်။ ငါတို့က လူချင်းကွဲလို့မရဘူး။ ဦးတည်ချက်ကိုတော့ ငါက ဘယ်ဘက်ကိုပဲ သွားချင်တယ် ..."

"ဒါဆိုလည်း သွားကြစို့လေ ..."

ကျန်းကျိဝေနှင့် တခြားသူများဆီတွင် သင့်တော်သော သတင်းအချက်အလက်များ မရှိသည့်အတွက် သူတို့က မုန့်ချီကိုသာ ရွေးချယ်ခွင့်ပေးလိုက်ကြသည်။

မုန့်ချီက ရှေ့မှ ဦးဆောင်သွားနေသည့်အချိန်တွင် သူတို့က ဘယ်ဘက်တွင် ရှိနေသော ဥယျာဉ်အနားသို့ လျင်မြန်စွာ ရောက်လာပြီး အန္တရာယ်များကို သတိထား၍ စောင့်ကြည့်နေကြသည်။

သူတို့က ဥယျာဉ်အနားသို့ ကပ်လာသည့်အချိန်တွင် ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်မှုစွမ်းရည်ကို အသုံးပြုနေသော မုန့်ချီက နန်းတော်တံခါးရှိရာကို ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူက အလွန်ထူးဆန်းသော သွေးရောင်အရိပ်တစ်ခုကို မြင်လိုက်ရပြီး ထိုအရာက တံခါးနောက်တွင် ရှိနေသော အမှောင်ထုကြီးထဲသို့ ပျောက်ကွယ်သွားသည်။

"ဘာဖြစ်တာလဲ ..."

ချီကျန်းရန်က အသံတိုးတိုးနှင့် မေးလိုက်သည်။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

"ငါက သွေးအရိပ်တစ်ခုကို တွေ့လိုက်ရတယ် ... ဒါပေမဲ့ ငါတို့ဆီကို လာနေတာ မဟုတ်ဘူး။ ဘာမှမစိုးရိမ်ပါနဲ့ ..။ တကယ်လို့ ကောင်းကင်ခုံရုံးအပိုင်းအစထဲမှာရှိတဲ့ ထူးဆန်းတဲ့အရိပ်က ကျားမိစ္ဆာဘုရင်နဲ့ အနက်ဝတ်မိစ္ဆာတို့ကို သတ်နိုင်မယ်ဆိုရင် ငါတို့က တာဝန်ပြီးသွားပြီလို့ ဆိုလိုတာပဲ မဟုတ်လား။ အဲဒါကတော့ မျှော်လင့်တာထက် ပိုပြီးတန်ကြေးရှိတဲ့ အံ့သြစရာတစ်ခု ဖြစ်လာလိမ့်မယ်.."

မုန့်ချီက အတွေးကို ဖယ်ရှားလိုက်ပြီး တားမြစ်မှုများကို စစ်ဆေးကြည့်နေခဲ့သည်။ ထို့နောက် သူက ကိုယ်ပွားများ အပါအဝင် နည်းလမ်းပေါင်းစုံကိုအသုံးပြုပြီး မူမမှန်သောအရာများကို ရှာဖွေနေခဲ့သည်။ မူမမှန်သောအရာ တစ်ခုမျှ မရှိကြောင်း တွေ့လိုက်ရ၏။ ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်မှုအစွမ်းနှင့် ကျန်းကျိဝေ၏ နွေဦးရောက် ပုစဉ်းတောင်ပံစွမ်းရည်တို့ကို သုံးပြီး အန္တရာယ်မရှိကြောင်း စစ်ဆေးမိခဲ့သည်။

ဥယျာဉ်ထဲသို့ဝင်သည့်အချိန်တွင် သူတို့က အချိန်ဓား၏ အငွေ့အသက်များကို ခံစားမိလိုက်ကြ၏။ မုန့်ချီက ပတ်ပတ်လည်ကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။ သူ့ကိုယ်ပွားက ကန့်သတ်ထားသော နယ်မြေအနည်းငယ်ကိုသာ စောင့်ကြည့်နိုင်ပြီး ပို၍ကျယ်ပြန့်စွာ အာရုံခံနိုင်သော မုန့်ချီနှင့်တော့ မတူပေ။ ဤနေရာက သူ့မျက်စိနှင့် ကိုယ်တိုင်ကြည့်နေသည်ကိုပင် ပို၍ထူးဆန်းကြောင်း တွေ့နေရ၏။

ဥယျာဉ်အလယ်၌ အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်ကလွဲလျှင် တခြားမည်သည့်အရာမျှမရှိချေ။ ထိုသစ်ပင်ကြီးက မြင့်မားပြီး စိမ်းလန်းသည်။ အရွက်များ ဝေဆာနေခဲ့၏။ သစ်ကိုင်းများကလည်း ထီးတလက်ကဲ့သို့ ဖြစ်နေသည်။

အဝေးမှကြည့်လိုက်မည်ဆိုလျှင် ဤနေရာ၌ သစ်ပင်များစွာ ရှိနေသည်ဟု လူတိုင်းက တွေးမိကြပါလိမ့်မည်။ သစ်ရွက်လေးများက ညင်သာစွာလှုပ်ရှားနေသော်လည်း သူတို့က အသက်စွမ်းအင်ကုန်ဆုံးသည့် လက္ခဏာများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

"ဒီသစ်ပင်က နည်းနည်းထူးဆန်းတယ် ..."

မုန့်ချီက ရှေ့ကို ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ သူက အလွယ်တကူ သယ်ဆောင်သွားရန်အတွက် သစ်ပင်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ရန် အတွေးတစ်ခုလည်း ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

ချီကျန်းရန်ကတော့ တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်နေခဲ့၏။ သူက ရွမ်ယုရှုနှင့်ကျိုးဟမ်တို့၏နောက်မှ လိုက်လာပြီး ကျန်းကျိဝေကတော့ နောက်ဆုံးမှ လိုက်လာခဲ့သည်။

မုန့်ချီက အနီးအနားကို လှည့်ပတ်ကြည့်နေသော်လည်း ထောင်ချောက်များ၊ ကျိန်စာများ တစ်ခုမျှမတွေ့ခဲ့ရပေ။ ရုတ်တရက်ဆိုသလို သူ၏လေဟာနယ်လက်စွပ်ထဲ၌ တစ်စုံတစ်ခု နိုးထလာသည့်အလား လှုပ်ရှားနေခဲ့၏။

"အဲဒါကဘာလဲ ..."

မုန့်ချီက ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး လေဟာနယ်လက်စွပ်ကို ဂရုတစိုက် ဖွင့်ကြည့်လိုက်သည်။

"အဲဒီသစ်ပင်ပဲ ... "

အချိန်အတော်ကြာလှုပ်ရှားခဲ့ခြင်းမရှိသော အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်က ယခုတော့ အလင်းရောင်များတောက်ပနေခဲ့သည်။

"ဒါက ဒီအစိမ်းရောင်သစ်ပင်လေးကြောင့်လား ..."

မုန့်ချီက ထိုအရာကိုပြန်လည်သုံးသပ်နေခဲ့သည်။ ထို့နောက် သူက ရေလှိုင်းမီးတောက်ဓားကို သိမ်းလိုက်ပြီး အထွဋ်အမြတ်ညဏ်ပညာသစ်ပင်ကိုထုတ်၍ ဥယျာဉ်ထဲတွင် ရှိနေသော သစ်ပင်ကြီးအနားသို့ ကပ်သွားလိုက်သည်။

"ဖျောက် ..."

အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်က ဧရာမသစ်ပင်ကြီးကို ကပ်သွားခဲ့၏။

မုန့်ချီက အံ့အားသင့်စွာ ကြည့်နေမိချိန်တွင် ချီကျန်းရန်ကတော့ သူ့နောက်တွင်ရပ်ပြီး အပင်ကို ထိရန်ကြိုးစားနေကြောင်း သတိမထားမိခဲ့ပေ။

"ဒါက ..."

ချီကျန်းရန်က အနည်းငယ်နှေးကွေးသွားခဲ့၏။ သူက အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကို စိုက်ကြည့်လိုက်မိသည်။ မျက်လုံးထဲတွင်တော့ ထိတ်လန့်အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။

ဧရာမသစ်ပင်ကြီးဆီမှ ထူးဆန်းသောအသံများ ထွက်ပေါ်လာပြီး ထိတွေ့၍မရနိုင်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မုန့်ချီ၏ လက်ထဲတွင် ရှိနေသော အစိမ်းရောင်သစ်ပင်ငယ်လေးဆီသို့ စီးဆင်းလာခဲ့၏။ သစ်ပင်ကြီးက ရှုံ့လာပြီး စက္ကန့်ပိုင်းလေးအတွင်း ကျုံ့သွားခဲ့သည်။ သူ၏သစ်ကိုင်းများကလည်း စတင်ပုပ်ပွလာခဲ့၏။

တစ်ဖက်တွင်တော့ အစိမ်းရောင်သစ်ပင်လေးကတောက်ပလာပြီး အလင်းရောင်များက ချက်ချင်းသိပ်သည်းလာခဲ့သည်။ ထို့နောက် သစ်ပင်၏ ပင်စည်တစ်စိတ်တစ်ပိုင်းက ဝါးမြိုသွားသည့်အလား သစ်ကိုင်းအသစ်လေးတစ်ခု ပေါက်လာခဲ့၏။

ထိုအချိန်တွင် သံသရာအရှင်သခင်၏ စကားသံက မုန့်ချီ၏ အတွေးကို နှောင့်ယှက်လိုက်သည်။

"ပင်မပစ္စည်းကို စုပ်ယူလိုက်ပြီဖြစ်တဲ့အတွက် တာဝန်က ပြောင်းလဲသွားပြီ .။ ကျေးဇူးပြုပြီး မင်းတို့ကို သတ်ဖို့ ကြိုးစားနေတဲ့ ဘိုးဘေးကပ်ဆိုးမြွေနဲ့ ကျားမိစ္ဆာဘုရင်တို့ရဲ့ လက်ထဲကနေ လွတ်မြောက်ပြီး သူတို့ရဲ့လက်ထဲ အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင် ပါမသွားအောင် ကာကွယ်ပါ…"

"သေစမ်း…"

ထိုဧရာမသစ်ပင်ကြီးက တာဝန်၏ပင်မပစ္စည်းဖြစ်လိမ့်မည်ဟု သူလည်း လုံးဝမတွေးခဲ့မိပေ။

ထိုအချိန်တွင် နန်းတော်ထဲမှနေ၍ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်လာခဲ့၏။ သူ၏နောက်ကျောမှ အတောင်ပံများ ထွက်လာပြီး ပုပ်ပွနေသော ကြွက်သားများဆီမှ ပြည်ပုပ်များ စီးကျလာနေခဲ့သည်။

"ငါကတော့ မင်းကို လွှတ်ပေးခဲ့တယ်။ မင်းက ဘာလို့ ငါ့ရဲ့အခွင့်အရေးကို ယူသွားရတာလဲ…"

မြွေကြီး၏ဧရာမမျက်လုံးများက နီရဲနေခဲ့သည်။ သူ၏မျက်လုံးတစ်ဖက်ထဲတွင် ဆံဖြူဖုတ်ကောင်တစ်ကောင်၏ ပုံရိပ်ရှိနေပြီး တခြားမျက်လုံးထဲတွင်တော့ မုန့်ချီတို့အဖွဲ့နှင့်ရင်းနှီးနေသော ပုံရိပ် ရှိနေခဲ့၏။

"အစ်ကိုလော် ..."

မုန့်ချီက အံ့ဩမှင်တက်သွားမိခဲ့သည်။ ထိုအရာက လော်ရှန်းကျိကို လိုက်လံတိုက်ခိုက်ခဲ့သော ဖုတ်ကောင်မြွေကြီး ဖြစ်နေခဲ့၏။

"ဘာလို့ ဒီလိုမျိုးဖြစ်သွားရတာလဲ ။ သူက အထွဋ်အမြတ်တောင်တန်းကနေ ဘယ်လိုများ ထွက်လာနိုင်ခဲ့တာလဲ…"

ဧရာမမြွေကြီးက ငုံ့ကြည့်လိုက်၏။

မုန့်ချီနှင့် တခြားသူများအားလုံးကတော့ ထိတ်လန့်နေခဲ့ကြသည်။ သူတို့က တာဝန်ကို ချက်ချင်း ဖယ်ရှားပြီး ပြန်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်…

"မင်းတို့က ဒီတိုက်ပွဲကနေ လွတ်မြောက်လာမှပဲ ပြန်လာလို့ရနိုင်မယ် ..."

သံသယအရှင်သခင်၏ အေးစက်စက် စကားကသာ သူတို့၏စိတ်ထဲတွင် ပျံ့လွင့်လာခဲ့လေ၏။

Translated by Hein Htet.

All Chapters