အခန်း (၆၉၀)
Vol. 46 Ch. 690
အလွန်ကြောက်စရာကောင်းသော အအေးလှိုင်းများနှင့် အနက်ရောင်မြူခိုးများက သွေးများစိုရွှဲနေသည့် နဂါးသတ်စင်မြင့်ကို လွှမ်းခြုံနေခဲ့သည်။ ဦးမှင်များ၊ မြွေခန္ဓာများ ရှိနေသည့် အစစ်အမှန်နဂါး ပုံရိပ်ယောင်များကလည်း လေထဲတွင် ပျံဝဲအော်ဟစ်နေကြ၏။ လေထဲတွင် မကျေနပ်သည့် အငွေ့အသက်များ ပြည့်နှက်နေပြီး အရာအားလုံးက ထိတွေ့ကိုင်တွယ်ရလုနီးပါး ဖြစ်နေခဲ့သည်။
မုန့်ချီက လမ်းလျှောက်နေသည့်အချိန်တွင် အင်မော်တယ်နယ်မြေထဲ၌ ရောက်နေသလို လုံးဝမခံစားခဲ့ရချေ။ ထိုအစား ငရဲကြီး(၉)ထပ်၏ အနက်ပိုင်းထဲကို ရောက်နေသလို ခံစားနေရ၏။ အအေးဓာတ်က သူ၏ခန္ဓာကိုယ်အတွင်းပိုင်းထဲထိ နက်ရှိုင်းစွာ ထိုးဖောက်လာနေခဲ့သည့်အတွက် သူက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ရန် ခက်ခဲနေခဲ့၏။
ထိုအရာက မတူညီသော မျိုးစိတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ရုံနှင့် ရိုးရှင်းစွာ ပျောက်ကွယ်သွားနိုင်သော အကျိုးသက်ရောက်မှုတစ်ခုတော့ မဟုတ်ချေ။ တစ်ခုတည်းသော ခြွင်းချက်ကတော့ ကိုယ်တွင်းကမ္ဘာကြီးကို အပြင်ဘက်သို့ ဖြန့်ကျက်ပြီး ပြင်ပအကူအညီများ ရှာဖွေနိုင်သည့် ဓမ္မကာရအဆင့် ပညာရှင်များသာ ဖြစ်နိုင်ပါလိမ့်မည်။
အစစ်အမှန်နဂါးများ၏ ရွှေရောင်ကြေးခွံအမြှီးများက နဂါးသတ်စင်မြင့်နှင့် ဆက်သွယ်နေကြပြီး သူတို့က ခန္ဓာကိုယ်ရှိသလောက်သာ ဆန့်ထွက် ပျံသန်းနိုင်ကြသည်။ သူတို့ထဲမှ တစ်ကောင်ကတော့ မီးတောက်မျက်လုံး၊ ချွန်ထက်သောသွား၊ သွေးများ စိုရွှဲနေသော အခြေအနေနှင့် သူ့ဆီကို ပျံသန်းလာခဲ့သည်။ လေထဲတွင် လက်မလျော့လိုသော စိတ်ဆန္ဒနှင့် အလွန်ပြင်းထန်သော မကျေနပ်စိတ်များလည်း ထိုးဖောက်လာခဲ့၏။
မုန့်ချီ၏ ရွှံဆေးလုံးနန်းတော်ထဲတွင် ရှိနေသော ရွှေရောင်ကြာပန်းလေးက ပင်မဝိညာဉ်ထဲသို့ ကျူးကျော်လာမှုကို ခုခံရန် အလင်းတန်းသန်းပေါင်းများစွာ ဖြာထွက်လာခဲ့သည်။ သူက ဘယ်ခြေနှင့် ရှေ့ကိုတည်ငြိမ်စွာ တစ်လှမ်းလှမ်းလိုက်ပြီး အစစ်အမှန်နဂါး ပုံရိပ်ယောင် ကို ရှောင်တိမ်းလိုက်၏။
သူ၏အရေပြားကို လွှမ်းခြုံလာသော အအေးလှိုင်းများကြောင့် သူလည်း တုန်လှုပ်သွားခဲ့သည်။ အစစ်အမှန်နဂါးက နဂါးသတ်ဖြတ်စင်မြင့်ပေါ်တွင် သေဆုံးသွားခဲ့သည်မှာ သံသယဝင်စရာ မလိုအပ်ပေ။ ယခုကျန်ရှိနေသည်မှာ အမုန်းတရားများ ပြည့်နှက်နေသော သိစိတ်တစ်ခု၊ အနှစ်သာရတချို့နှင့် အသက်စွမ်းအင် အနည်းငယ်လေးသာဖြစ်သည်။ အင်မော်တယ်များ၊ နတ်ဘုရားများကပင် လုံးဝပျောက်ကွယ်သွားသည့်အချိန်ထိ ဖြည်းညင်းစွာ အချိန်ယူရသည်။
သို့သော် ကောင်းကင်ခုံရုံး ပြိုလဲသွားခဲ့ပြီး ကောင်းကင်(၉)သွယ် ပျက်စီးသွားခဲ့သည့် အချိန်တွင် အင်မော်တယ်များကို ရှာတွေ့ရန် အတော်လေး ခက်ခဲလာခဲ့သည်။ ထိုအရာက လက်ရှိ မုန့်ချီမြင်နေရသော မြင်ကွင်းမျိုးအထိ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ခြင်းဖြစ်၏။ ထိုသို့ဆိုရာတွင် သူတို့၏သဘာဝက ကျန်ရှိနေသေးသည်။
နဂါးများဆီတွင် အလောင်းများ မရှိတော့ဘဲ လေထဲ၌ ပျံသန်းနေသော သိစိတ်တစ်ခုတည်းသာ ရှိသည်။ ထို့ကြောင့်မုန့်ချီနှင့် ကူရှောင်စန်းတို့ကသာ ထိုနဂါးများ၏ ကြားထဲမှနေ၍ ဖြတ်သွားနိုင်မည်ဆိုလျှင် အေးအေးဆေးဆေး ထွက်သွားနိုင်ရန် ယုံကြည်ချက်ရှိနေသည်။
မုန့်ချီကတော့ ထိုနဂါးများကို မထိရဲပေ။ အကယ်၍ အစစ်အမှန်နဂါး၏ သိစိတ်ကသာ သူ့ခန္ဓာကိုယ်နှင့် ထိမိလိုက်မည်ဆိုလျှင် သူ၏လက်ရှိစိတ်ဝိညာဉ်အဆင့်အရ အကျိုးသက်ရောက်မှုကို ခံနိုင်ရည် မရှိနိုင်ပေ။ မကျေနပ်မှုများက သူ၏စိတ်ဝိညာဉ်ကို ချက်ချင်း ဝါးမြိုသွားနိုင်ပြီး ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာနိုင်သည်။ ထို့နောက် သူကလည်း နဂါး၏အမုန်းတရားများအတွက် မြေဩဇာဖြစ်လာနိုင်ပြီး ထာဝရ ပျက်စီးသွားရလိမ့်မည်ဖြစ်၏။
ကူရှောင်စန်းကတော့ လျင်မြန်သွက်လက်ပေါ့ပါးစွာ လမ်းလျှောက်နေခဲ့ပြီး သူမ၏နောက်တွင်တော့ အဖြူရောင်ဝတ်စုံလေးက လွင့်မျောကျန်နေခဲ့၏။ သူမကတော့ အစစ်အမှန်နဂါး ပုံရိပ်ယောင်များ၏ ကြားနေရာကို အလွယ်တကူ ရှာတွေ့နိုင်ပြီး ဖြတ်ကျော်သွားနိုင်သည်။ မုန့်ချီနှင့်ယှဉ်လိုက်မည်ဆိုရင် သူမကတော့ ခြံဝန်းထဲတွင် လမ်းလျှောက်နေသလို သက်တောင့်သက်သာ ဖြစ်နေခဲ့၏။
“သူ့မှာ ငါ့ထက် ပိုပြီးတိကျတဲ့ တွက်ချက်နိုင်စွမ်း ရှိတာလား။ ဒါမှမဟုတ် သူက ဒီလိုအခြေအနေမျိုးနဲ့ ရင်းနှီးနေတာလား…”
မုန့်ချီက တိတ်တဆိတ် စဉ်းစားကြည့်နေခဲ့သည်။ သို့သော် သူကတော့ ထိုအတွေးမျိုးနှင့် စိတ်ရှုပ်လိုခြင်း မရှိသည့်အတွက် နဂါးများကိုသာ သေချာအာရုံစိုက်နေခဲ့သည်။
သူတို့၏မျက်လုံးထဲ၌ အလင်းရောင်များ ပေါ်လာသည့်အချိန်တွင် သူက အချိန်မည်မျှ လျှောက်လှမ်းလာခဲ့ရကြောင်း မသိတော့ပေ။ အနက်ရောင်မြူခိုးများက သိသိသာသာ ပျောက်ကွယ်သွားပြီး ထူးဆန်းသော မီးခိုးရောင်ကန့်လန့်ကာတစ်ခုသာ ကျန်နေတော့သည်။ နောက်ဆုံးတွင်တော့ သူတို့က နဂါးသတ်စင်မြင့်၏ ပိုင်နက်ထဲမှ ထွက်လာနိုင်ခဲ့ပြီဖြစ်၏။
ထိုအချိန်တွင် မလှမ်းမကမ်း၌ ဘေးချင်းယှဉ်၍ ရှိနေသော စင်မြင့်ကြီး(၂)ခုကို မြင်လိုက်ရသည်။ သူတို့ထဲမှ တစ်ခုကတော့ မိစ္ဆာသတ်စင်မြင့်ဖြစ်ပြီး တခြားတစ်ခုကတော့ နတ်ဆိုးသတ်စင်မြင့်ဖြစ်သည်။
သူတို့၏ဘယ်ဘက်ခြမ်းတွင်တော့ ခရမ်းရောင်လျှပ်စီးကြောင်းများ စုစည်းနေပြီး အလွန်သေးငယ်သော မိုးကြိုးလေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က လေဟာနယ်ထဲမှ ထွက်ပေါ်လာနေပြီး စင်မြင့်၏မျက်နှာပြင်ကို တိုက်ခိုက်နေကြ၏။ သူတို့၏ညာဘက်အသီးသီးတွင်တော့ ခရမ်းရောင်မီးတောက်များက လေဟာနယ်ထဲမှ ဖြတ်လာပြီး စင်မြင့်ဆီသို့ ရောက်လာခဲ့သည်။
လေထဲတွင်တော့ လူတိုင်း၏အကြည့်ကို စုပ်ယူနိုင်သော အနက်ရောင်ဝဲကတော့တစ်ခု ရှိနေသည်။ ထိုဝဲကတော့က အလွန်အစွမ်းထက်လွန်းလှသည့်အတွက် အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်နိုင်ပုံရသည်။ ခဏကြာတိုင်း ထိုအရာက စင်မြင့်ပေါ်ကို ဆင်းသက်လာပြီး လျှပ်စီးကြောင်းနှင့် မီးတောက်များကို ဝါးမြိုနေခဲ့သည်။
သူတို့၏အငွေ့အသက်များကလည်း လမ်းကြောင်း(၃)ခုဆီသို့ ရောက်လာခဲ့၏။ လမ်းကြောင်းတစ်ခုကတော့ လျှပ်စီးသစ်တောကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး တခြားတစ်ခုကတော့ မီးတောက်ငရဲကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံးတစ်ခုကတော့ နက်မှောင်ပြီး မထင်မရှား ဖြစ်နေသည့်အတွက် နတ်ဆိုးတစ်ကောင် အစာစားရန် စောင့်နေသလို ဖြစ်နေခဲ့သည်။ တခြားအရာများကတော့ လေဟာနယ် သက်သက်သာဖြစ်ပြီး အရာအားလုံးက အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့၏။ မြင့်မားသောအဆင့်မရှိဘဲ လူတစ်ယောက်က ထိုနေရာကို ဖြတ်ကျော်နိုင်ခြင်း မရှိပေ။
မုန့်ချီ ပထမဆုံး သတိထားမိခဲ့သည်မှာ မိစ္ဆာသတ်စင်မြင့် ဖြစ်သည်။ ထိုအရာက ရှေးခေတ်တွင် တန်ခိုးရှင် စွန်းဝူခုန်းကို အပြစ်ပေးခဲ့သော စင်မြင့်လည်း ဖြစ်၏။
…………..
နောက်ဆုံးတွင် နေနတ်ဘုရား ကျိနှင့် မြောက်ပိုင်းဓူဝံကြယ်တို့က အလျင်အမြန် လျှောက်လာခဲ့ကြပြီးနောက် ကောင်းကင်ဘုံတရားစီရင်ရေးတံခါး၏ အပြင်ဘက်ကို ရောက်လာကြသည်။
မြောက်ပိုင်းဓူဝံကြယ်က တံခါး၏နောက်တွင် ရှိနေသောအရာကိုကြည့်ပြီး အက်ရှရှလေသံနှင့် ပြောလိုက်၏။
"သူတို့က ဒီနေရာကို အခုလေးပဲ ဖြတ်ကျော်သွားပြီ…”
“မင်းက သူတို့ကို ချက်ချင်း သတ်ချင်နေတာလား…"
ကျိ က တည်ငြိမ်စွာ မေးလိုက်သည်။
မြောက်ပိုင်းဓူဝံကြယ်က အေးစက်စွာ ပြန်ဖြေလိုက်၏။
"အဲဒီလိုတော့ မဟုတ်ပါဘူး…"
ကျိက ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်သွားခဲ့ပြီးနောက် သိုင်းသခင် တစ်ယောက် ဖြစ်နေသော်လည်း မြောက်ပိုင်းဓူဝံကြယ်က ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက် ဖြစ်သည့် သူ့အစွမ်းသူ အတော်လေး ယုံကြည်ချက်ရှိနေသည်။
သူတို့၏ရှေ့တွင် ရှိနေသော ရန်သူများက လော်အဖွဲ့အစည်းမှ နတ်ဆိုးမနှင့် သတ်ဖြတ်ရေးဓားစုမုန့်တို့ ဖြစ်ကြသည်။ တစ်ကြိမ်တည်းနှင့် အဆင့်တက်လာကြသော ထို(၂)ယောက်ကို သာမာန်အမြင်နှင့် တိုင်းတာကြည့်၍ မရနိုင်ပေ။ ထို့ပြင် နတ်ဆိုးမဆီ၌ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ အကူအညီရှိနေပြီး အသက်ကယ်ပစ္စည်းတချို့လည်း ရှိနေနိုင်သည်။
တစ်ဖက်တွင်တော့ သတ်ဖြတ်ရေးဓားဆီတွင် နာမည်ကျော်ရတနာများ ပိုင်ဆိုင်ထားခဲ့သည်။ တစ်ကြိမ်တွင်တော့ သူက လော်အဖွဲ့အစည်းမှ စာရင်းကိုင်နတ်ဆရာကို နောက်ဆုတ်သွားစေရန် ပျက်စီးလုနီးပါးဖြစ်နေသော နတ်ဘုရားလက်နက်တစ်ခုကိုပင် အသုံးပြုခဲ့သည်။ အကယ်၍ ကျိနှင့် မြောက်ပိုင်းဓူဝံကြယ်တို့က သံသရာခရီးသွားများဖြစ်နေပြီး သူတို့ဆီ၌ လျှို့ဝှက်ရတနာများရှိနေလျှင်ပင် ထို(၂)ယောက်ကို လျှော့တွက်ရဲခြင်း မရှိချေ။
ခေါင်းထဲတွင် ထိုကဲ့သို့သော အတွေးမျိုး ပေါ်လာခဲ့သည့်အတွက် မြောက်ပိုင်းဓူဝံကြယ်က စဉ်းစားပြီး ပြောလိုက်သည်။
"ကောင်းကင်ဧကရာဇ်နဲ့ တခြားသူတွေ သိပ်မကြာခင် မီလာလိမ့်မယ်။ ငါတို့က အသက်ကို စွန့်စားပြီး သူတို့(၂)ယောက်နဲ့ တိုက်ခိုက်ဖို့ မလိုပါဘူး။ ငါတို့က သူတို့ကိုနှောင့်ယှက်ပြီး အချိန်ဆွဲထားရင် လုံလောက်ပြီ…"
အကယ်၍ သူက ရက်စက်ခြင်းဓားသိုင်းပညာ ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် လက်ရှိအဆင့်မျိုးကို ရောက်လာနိုင်သည့်အတွက် သူ့ခေါင်းထဲတွင် သတ်ဖြတ်ခြင်းက ဦးနှောက်မရှိသော မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ထက် ပိုနေသည်ဟု ဆိုလိုနေသည်။
ကျိက သူ့ကို သနားနေသော အမူအရာနှင့် ကြည့်လိုက်၏။
"ငါတို့က နတ်ဆိုးမကို ရင်ဆိုင်ရမယ်ဆိုတာ သိနေတာတောင် သူ့ကို နှောင့်ယှက်ဖို့ အကြံပေးရဲသေးတာလား။ မင်းက အသက်ရှင်ရတာ စိတ်ကုန်နေပြီလား…"
"မင်းက ဘာကိုပြောချင်တာလဲ…"
မြောက်ပိုင်းဓူဝံကြယ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားသည်။
ကျိက အဝေးကို ကြည့်လိုက်ပြီး ကောင်းကင်ဘုံတရားစီရင်ရေးတံခါးထဲသို့ ဝင်သွားခဲ့၏။
"ဒီမှာနေခဲ့ပြီး ကောင်းကင်ဧကရာဇ်ကို စိတ်အေးအေးစောင့်နေလိုက်…”
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
……………..
မက်မွန်ဥယျာဉ်ထဲတွင်…
သွေးများစိုရွှဲနေသောမြေပြင်ပေါ်၌ လူ(၂)ယောက် ပေါ်လာခဲ့သည်။ တစ်ယောက်က အင်္ကျီပွပွ ဝတ်ဆင်ထားပြီး ကောင်းကင်ဧကရာဇ်မျက်နှာဖုံးကို တပ်ဆင်ထားသည်။ တခြားတစ်ယောက်ကတော့ အနက်ရောင်ဝတ်စုံနှင့် ပုံသဏ္ဍာန်မရှိသော မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။ သူ့ပုံစံက ထူးဆန်းပြီး ကြောက်စရာကောင်းရမည့်အစား သူ့ဆီမှ အေးစက်ပြီး တည်ငြိမ်သည့် အငွေ့အသက်တစ်ခု ထွက်လာခဲ့သည်။ သူတို့(၂)ယောက်ကတော့ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းနှင့် အရူးမင်းသားကောင်းလန်တို့ ဖြစ်ကြသည်။
ဟန်ကွမ်းက မြေပြင်ကို စိုက်ကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက လက်နောက်ပစ်ပြီး အပြုံးနှင့် လျှောက်လာခဲ့၏။
"ဒီနေရာမှာ ပြောင်းလဲမှုတွေရှိနေတာ သေချာသွားပြီ…"
သူ့စကားကို ပြန်ပြောရမည့်အစား ကောင်းလန်က အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။
"မင်းရဲ့လက်အောက်ငယ်သားတွေက တော်တော်ဗဟုသုတပြည့်စုံတာပဲ…"
ဟန်ကွမ်းက ရှေ့ကို လျှောက်နေရင်း အပြုံးနှင့် ပြောလိုက်သည်။
"လျှို့ဝှက်ချက်မရှိတဲ့သူ ဘယ်သူရှိလို့လဲ။ သူသာ သစ္စာရှိပြီး ငါ့အတွက် အလုပ်လုပ်ပေးဦးမယ်ဆိုရင် အဆင်ပြေတယ်…"
ကောင်းလန်က အဝေးကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင် ပုံရိပ်များတစ်ခုပြီး တစ်ခု ပေါ်လာခဲ့သည်။ သူ၏မျက်လုံးထဲတွင် ပန်းချီကားတစ်ချပ် ရှိနေသလို ထင်ရ၏။ သူက အေးစက်စွာ ပြောလိုက်သည်။
"သက်တော်ရှည်သူတော်စင်က သေနေပြီ။ သူ့ရဲ့ဦးခေါင်းခွံကလည်း ဘာမှမရှိဘူး…"
…………..
လျှပ်စီး၊ မီးတောက်နှင့် ဖရိုဖရဲတွင်းနက်များက မိစ္ဆာသတ်စင်မြင့်ကို ကြိမ်ဖန်များစွာ ရှင်းလင်းနေခဲ့သည်။ ကျန်ရှိနေသော အဆီအနှစ်၊ အသက်စွမ်းအား၊ စိတ်ဝိညာဉ်စွမ်းအားနှင့် သိစိတ်များအားလုံးက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ မုန့်ချီက တန်ခိုးရှင်စွန်းဝူခုန်း၏ အငွေ့အသက်များကိုလည်း ရှာမတွေ့ခဲ့ပေ။
"စွန်းဝူခုန်းက မိစ္ဆာသတ်စင်မြင့်ထဲမှာ ဘေးမသီရန်မခဘဲ အသက်ရှင်နိုင်ခဲ့တယ်ဆိုတာ သူ့ရဲ့ခန္ဓာကိုယ်က ခိုင်မာနေလို့ပဲ။ ဘာလို့ သူ့ရဲ့သိစိတ်က ကျန်နေရဦးမှာလဲ…"
မုန့်ချီက သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။
ထိုအချိန်တွင် သူ၏လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်လေးက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ ထိုအရာက မက်မွန်ဥယျာဉ်ထဲတွင် ရှိနေစဉ်ကကဲ့သို့ ပြင်းထန်သော လှုပ်ရှားမှုတော့ မရှိချေ။
"သူက နဂါးသတ်စင်မြင့်၊ မိစ္ဆာသတ်စင်မြင့်နဲ့ နတ်ဆိုးသတ်စင်မြင့်တို့ကိုလည်း စိတ်ဝင်စားနေတာလား…"
မုန့်ချီက အနည်းငယ် မှင်တက်နေခဲ့၏။ သူက အစိမ်းရောင်သစ်ပင်လေး၏ သဘာဝကို အတော်လေး ရှုပ်ထွေးနေခဲ့သည်။ သူကတော့ ဝါးမြိုခြင်းကို နှစ်သက်ပုံရ၏။
ကူရှောင်စန်းက ပြုံးလိုက်သည့်အချိန်တွင် သူမ၏သွားဖြူဖြူလေးများ ပေါ်လာခဲ့၏။
"ကျေးဇူးပြုပြီး နင့်ရဲ့မိုးကြိုးအမှတ်အသားကို ထုတ်လိုက်ပါ ယောကျ်ား။ ငါတို့က မိုးကြိုးလမ်းကြောင်းကနေ ဖြတ်သွားရလိမ့်မယ်။ အဲဒါက အရှည်ဆုံး လမ်းကြောင်းဖြစ်ပေမယ့် အလုံခြုံဆုံးပဲ…"
မုန့်ချီ၏လက်ခုံပေါ်တွင် နောက်တစ်ကြိမ် မိုးကြိုးအမှတ်အသား ပေါ်လာခဲ့သည်။ ခရမ်းရောင်အလင်းတန်းများ တောက်ပနေသော အမှတ်အသားက အလွန်ကြီးကျယ်ခမ်းနားခဲ့၏။ ထိုအရာက အစွမ်းထက် ယန်စွမ်းအားများ ပြည့်နှက်နေသော အငွေ့အသက်တစ်ခုလည်း ဖြစ်သည်။
ထိုအငွေ့အသက်ပေါ်လာခဲ့သည့်အချိန်တွင် မိုးကြိုးသစ်တောထဲမှနေ၍ တစ်စုံတစ်ခု ရွေ့လျားလာသလို ထင်ရသည်။ ကျယ်လောင်သောအသံများလည်း ထွက်ပေါ်လာပြီး လမ်းဘေး(၂)ဖက်က ပွင့်သွားခဲ့၏။
မုန့်ချီကတော့ သူ၏ဆံပင်မွှေးတစ်ချောင်းကို နှုတ်လိုက်ပြီး ထိုနေရာကို စမ်းသပ်ရန် ကိုယ်ပွားကို အသုံးပြုလိုက်သည်။ ထို့နောက်တွင်မှသာ သူက အတွင်းထဲကို သတိထား၍ ဝင်သွားခဲ့၏။ သူက အတွင်းထဲတွင် ခရမ်းရောင်နှင့် အစိမ်းရောင် လျှပ်စီးကြောင်းများကို မြင်လိုက်ရပြီး ထိုအရာများက သူ့ကိုကြိုဆိုနေသော ပုံရိပ်ယောင်အရိပ်များကဲ့သို့ ထင်မှတ်ရသည်။
"ဒီနယ်မြေကို မိုးကြိုးရဲမက်တွေ စောင့်ကြပ်နေမှတော့ ဒါက မိုးကြိုးနတ်ဘုရားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်…"
ကူရှောင်စန်းက အထဲကို ဝင်လာသည့်အချိန်တွင် မုန့်ချီထက် ခြေလှမ်းအနည်းငယ် နောက်ကျနေသည်။ သူမက အပြုံးနှင့်ပြောလိုက်၏။
အလွန်သက်တောင့်သက်သာ ရှိနေသော သူမက အန္တရာယ်ကို မခံစားမိသလို ထင်မှတ်ရသည်။
"အဲဒါကိုတော့ ငါပြောဖို့ လိုသေးလို့လား…"
မုန့်ချီက တိတ်တဆိတ် ပြန်ပြောလိုက်သည်။
ကူရှောင်စန်းက ခြေလှမ်းကို တသမတ်တည်း လျှောက်သွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ရှေးဟောင်းကောင်းကင်ခုံရုံးက အထွဋ်အထိပ်မှာ ရှိခဲ့တဲ့အချိန် ဒီနေရာကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ရတဲ့ မိစ္ဆာကြီးတွေ၊ မကောင်းဆိုးဝါးဝိညာဉ်တွေ အများကြီးရှိခဲ့တယ်။ နန်းတွင်းခုံရုံးက သူတို့ကို လျှပ်စီးကြောင်းတွေ၊ မီးတောက်တွေနဲ့ ဖရိုဖရဲတွင်းနက်တွေရဲ့ဖိအားကိုသုံးပြီး အပြစ်ပေးခဲ့ကြတာ…"
‘ဒါကို ငါလည်းသိတယ်။ ငါက အနောက်သို့ ခရီးသွားခြင်းဇာတ်လမ်းကို ဖတ်ခဲ့တဲ့အချိန် ဒါကိုသေချာဖတ်ခဲ့တယ်..’
မုန့်ချီကတော့ ပတ်ပတ်လည်ကို သတိထားနေရင်း တိတ်တဆိတ် စောင့်ကြပ်နေခဲ့သည်။ သူကတော့ လမ်းလျှောက်နေခြင်းကို လုံးဝရပ်တန့်ခဲ့ခြင်း မရှိသလို နှောင့်နှေးနေရဲခဲ့ခြင်းလည်း မရှိချေ။
ကူရှောင်စန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အပြုံးနှင့်ပြောလိုက်သည်။
"ကောင်းကင်ဘုံတရားစီရင်ရေးတံခါးကို အပြစ်ပေးနယ်မြေအဖြစ် ရွေးချယ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေရာက ကောင်းကင်ဥပဒေတွေနဲ့ အပြစ်ပေးလို့ရတဲ့ နေရာဖြစ်နေလို့ပဲ။ အဲဒီအရာက ကောင်းကင်ဘုံရဲ့ကိုယ်စား ကြီးမားတဲ့ ဉာဏ်အလင်းပွင့်မှုတွေနဲ့ အပြစ်ပေးမှုတွေကို သယ်ဆောင်ထားတယ်။ အဝေးမှာရှိနေတဲ့ နတ်သမီးတားမြစ်ရေကန်လိုပဲ။ အင်မော်တယ်တွေနဲ့ ဓမ္မကာရအဆင့်ပညာရှင်တွေကတောင် ရေကန်ထဲကို ကျသွားတာနဲ့ အရာအားလုံး ရှင်းလင်းခံရလိမ့်မယ်။ သူတို့ ရေထဲက ထွက်လာတဲ့အချိန်ကျရင် သာမန်လူသားတွေပဲ ဖြစ်သွားလိမ့်မယ်။ ဒါက ကောင်းကင်ဘုံရဲ့စည်းမျဉ်း ဖောက်ဖျက်တဲ့သူတိုင်းကို ကောင်းကင်ဧကရာဇ် အပြစ်ပေးတဲ့အရာတစ်ခုပဲ…"
သူက မျက်နှာပေါ်တွင် အမူအရာ ပြသခဲ့ခြင်း မရှိသော်လည်း မုန့်ချီက အတော်လေး ထိတ်လန့်နေခဲ့သည်။ တစ်ဖက်တွင်တော့ သူက ကောင်းကင်စည်းကမ်းများ၏ အပြစ်ပေးမှုကို ဂရုစိုက်နေခဲ့၏။ တစ်ဖက်တွင်တော့ သူ့စိတ်ထဲတွင် ဖြစ်နိုင်ခြေများစွာကို တွေးတောနေခဲ့သည်။
အကယ်၍ သူကသာ နတ်သမီးတားမြစ်ရေကန်ထဲမှ ရေတချို့ကို ယူနိုင်မည်ဆိုလျှင် ကြောက်စရာအကောင်းဆုံး အဆိပ်တစ်ခုကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေလော။
ကူရှောင်စန်းကတော့ အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ဆက်၍ ပြောလိုက်သည်။
"နဂိုတုန်းကတော့ တစ်ဖက်ကမ်းကို ရောက်နိုင်ချေရှိတဲ့ လူတွေ ရှိကြတယ်။ ရှေးအချိန်တုန်းက ကောင်းကင်ဧကရာဇ် မအုပ်စိုးခင် ကောင်းကင်ဘုံ တရားစီရင်ရေးတံခါးက ကောင်းကင်(၉)သွယ်ရဲ့ လယ်ယာမြေတွေကနေ အဆီအနှစ်တွေကို ထုတ်ယူပြီး ပြိုင်ဖက်ကင်းနတ်ဘုရား လက်နက်တစ်ခုကို ဖန်တီးခဲ့တယ်။ အဲဒီနတ်ဘုရားလက်နက်က သူ့သဘောနဲ့သူ ထွက်သွားပြီး လူသားကမ္ဘာကြီးထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီအချိန်ကတည်းကစပြီး မိုးကြိုးရဲမက်၊ မီးရဲမက်နဲ့ ကြယ်ရဲမက်တွေအားလုံးက နေရာယူလာခဲ့ကြတယ်။ သူတို့ရဲ့အစွမ်းကလည်း သိသိသာသာ လျော့ကျသွားခဲ့တာပဲ…"
မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။
“ကောင်းကင်စည်းမျဉ်းနှင့် အပြစ်ပေးမှုကို ကိုယ်စားပြုသော ပြိုင်ဘက်ကင်းနတ်ဘုရားလက်နက်လား။ ဘာလို့ ငါက ဒီအသံကိုရင်းနှီးနေရတာလဲ..”
"နင်ထင်တာမှန်တယ် ယောကျ်ား…"
ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်သည်။
"အဲဒီလက်နက်က ကူအာဒိုရဲ့ကောင်းကင်သတ်ဖြတ်ရေးပုဆိန်နဲ့ အတူတူပဲ။ သူက အဲဒီလက်နက်ရဲ့စွမ်းအားကို နည်းနည်းလေးပဲ သုံးနိုင်တာ ကံဆိုးသွားတယ်။ မဟုတ်ရင် တာအိုသခင်ချုံဟယ်နဲ့ ဆရာကြီးလုတို့ကတောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်နိုင်ဘူး…”
“အင်မော်တယ်နယ်မြေရဲ့အားဖြည့်မှုတွေ၊ ကောင်းကင်စည်းမျဉ်းတွေနဲ့ အပြစ်ပေးမှု သင်္ကေတ၊ တစ်ဖက်ကမ်းကို ရောက်ခါနီးဖြစ်နေတဲ့သူတွေကိုတောင် ဒီနေရာမှာ ရှာတွေ့နိုင်တယ်…"
ကောင်းကင်သတ်ဖြတ်ရေးပုဆိန်က ထိုကဲ့သို့နောက်ကြောင်းများ ရှိနေလိမ့်မည်ဟု မုန့်ချီက လုံးဝမတွေးမိခဲ့ပေ။ ထို့နောက် သူ့ခေါင်းထဲတွင် သံသယများ ပေါ်လာပြီး စိတ်ထဲမှ မေးလိုက်၏။
“ကောင်းကင်သတ်ဖြတ်ရေးပုဆိန်နဲ့ လောကသခင်ပျက်သုဉ်းခြင်းဓားတို့က သံသရာအရှင်သခင်ရဲ့ ထိပ်တန်းလက်နက်စာရင်းမှာ ထိပ်ဆုံး(၁၀)ခုထဲ ပါတယ်။ ဒါပေမဲ့ လောကသခင်ပျက်သုဉ်းခြင်းဓားကတော့ သူ့ရဲ့အရင်းအမြစ်၊ ပစ္စည်းနဲ့ သန့်စင်ရေးနည်းလမ်းတွေအရ တော်တော်လေးကို အဆင့်နိမ့်တယ်။ ဒါက ဘယ်လိုဖြစ်ပြီး ပုဆိန်ကို ယှဉ်နိုင်တယ်လို့ သတ်မှတ်ထားရတာလဲ…”
အလယ်ခေတ်အတောအတွင်း အခြေအနေကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် လောကသခင်က ဒဏ္ဍာရီများထဲတွင် လူသစ်တစ်ယောက်သာ ဖြစ်သည်။ မဟုတ်လျှင် သူက ဤကမ္ဘာကြီးထဲ၌ ရှိနေသော ဓမ္မကာရအဆင့် ပညာရှင်များအားလုံး၏ အစွမ်းကို စုစည်းလိုက်မည်ဆိုလျှင်ပင် သူ့ကို ခုခံနိုင်ကြလိမ့်မည် မဟုတ်ချေ။
တစ်ဖက်တွင်တော့ မိုးကြိုးနက်ဘုရားက နတ်ဆိုးသုတ်သင်ရေးဘိုးဘေးထက် အဆပေါင်းများစွာ ပို၍အားနည်းသည်။ လောကသခင်ကတော့ တူညီသော အငွေ့အသက်ရှိနေသည့် ကောင်းကင်(၉)သွယ်၏ အားဖြည့်မှုဟူသောစကားလုံးကို ဆွေးနွေး၍ပင် မရနိုင်ပေ။
"လက်နက်ထုလုပ်သူနဲ့ မိုးကြိုးနတ်ဘုရားရဲ့အစီအစဉ်တွေကို ဖယ်လိုက်မယ်ဆိုရင်တော့ နင်က ရှေးဟောင်းမိုးကြိုးရေကန်ကို အထင်မသေးနဲ့။ အဲဒီအရာက အရင်ခေတ်ရဲ့ အကြွင်းအကျန်တစ်ခုပဲ။ မိုးကြိုးနတ်ဘုရားကတောင် အဲ့ဒီရေကန်ရဲ့အားဖြည့်မှုကနေ ဖြစ်လာခဲ့တာ…"
ကူရှောင်စန်းက အခြေအနေတစ်ရပ်လုံးကို ဝမ်းမြောက်ဝမ်းသာ ရှင်းပြနေပုံရသည်။
“ဒါကြောင့်လည်း သူက ဖန်တီးထားတဲ့ မိုးကြိုးနတ်ဘုရားလို့ခေါ်ပြီး ရှေးဟောင်းမိုးကြိုးနတ်ဘုရား မဟုတ်တာပဲ…”
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
ရှေးမတိုင်မီခေတ်နှင့် ရှေးကြိုခေတ်တို့က တူညီသောအရာများ ဖြစ်ကြသည်။ အစောပိုင်းတွင် ကူရှောင်စန်း ပြောခဲ့သည့်စကားများအရ ထိုအချိန်ကာလက ယခင်ခေတ်ကို ရည်ညွှန်းနေခြင်းလည်း ဖြစ်သည်။
ဘေး(၂)ဖက်တွင် ခရမ်းရောင်နှင့် အစိမ်းရောင်လျှပ်စီးကြောင်းများ ရှိနေသော်လည်း မုန့်ချီကတော့ ထိုနေရာမှအမြန်ဖြတ်သွားနေခဲ့သည်။ သူက ထိုအကြောင်းကို စဉ်းစားကြည့်လေလေ ကိစ္စရပ်များက ပို၍ထူးဆန်းလာလေလေဖြစ်၏။
“ကူရှောင်စန်းက ဒီလျှို့ဝှက်ချက်တွေအားလုံး ဘာလို့ ငါ့ကိုပြောပြနေရတာလဲ…”
သူမကတော့ နောက်မှ ရဲမက်များ လိုက်လာမည်ဆိုလျှင်ပင် လမ်းတစ်လျှောက် ရပ်တန့်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုရာတွင် သူမက အချိန်ယူပြီး ရှင်းပြနေသေး၏။ သူမ၏အရှိန်က လျော့ကျသွားခြင်း မရှိသလို စိတ်အနှောင့်အယှက်ဖြစ်သွားခြင်းလည်း မရှိချေ။ ကူရှောင်စန်းနှင့် ပတ်သက်ခဲ့ဖူးသော သူ၏အတွေ့အကြုံများအရ ထိုနတ်ဆိုးမက တစ်စုံတစ်ခုကို ကြံစည်နေပုံရသည်။
ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည့်အချိန်၌ သူတို့၏နောက်ဘက်မှနေ၍ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်(၂)ခုကို ခံစားလိုက်မိသည်။ ရန်ငြိုးရန်စများကို သယ်ဆောင်ထားသည့် ကြောက်မက်ဖွယ်ရာ လေလှိုင်းများက သူတို့ဆီကို တိုက်ခတ်လာပြီး လျှပ်စီးကြောင်းများက လှုပ်ရှား၍ မီးတောက်များက မှေးမှိန်သွားသည်။ ဖရိုဖရဲဝဲကတော့များက နောက်ဆုတ်သွားခဲ့၏။
"ဓမ္မကာရ ... ဓမ္မကာရအဆင့် ပညာရှင်(၂)ယောက်…"
တစ်ယောက်က ကောင်းကင်ဧကရာဇ် ဟန်ကွမ်းဖြစ်ကြောင်း မုန့်ချီက ပြောနိုင်သည်။ ဟန်ကွမ်းက ဝိုင်းဝန်းတိုက်ခိုက်နေရာမှ လွတ်မြောက်လာပြီး အလွန်ကြောက်စရာကောင်းသောအရှိန်နှင့် သူတို့ကို မီလာခဲ့သည့်အတွက် သူလည်း မှင်တက်နေမိခဲ့၏။
ထိုအချိန်တွင် ကူရှောင်စန်း၏နောက်တွင် ရှိနေသော လေဟာနယ်က လှုပ်ရှားသွားပြီး ကြည်လင်နေသော အရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူမ၏ပတ်ဝန်းကျင်တွင် ရှိနေသော လေဟာနယ်ကလည်း စတင်လှုပ်ရှားလာခဲ့၏။
"ဒီမှာ နောက်ထပ်ဓမ္မကာရတစ်ယောက် ... ဓမ္မဘုရင်တူရှီလား…"
မုန့်ချီ၏ရင်ထဲတွင် အကြောက်တရားများ ပေါ်လာခဲ့သည်။ သူက ထိုအရာကို ကြိုတင်တွက်ချက်ထားခဲ့သော်လည်း ဓမ္မဘုရင်တူရှီက သူတို့နှင့် နီးကပ်စွာ လိုက်လာခဲ့လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဓမ္မဘုရင်တူရှီက ဟန်ကွမ်းနှင့် ကောင်းလန်တို့ကို နှောင့်ယှက်ရန် ဆန့်ကျင်ဘက်သို့ ထွက်သွားခဲ့၏။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ရှေ့ကို ဆက်သွားပြီး ရတနာကို အရင်ဆုံးယူလိုက်…"
ထိုစကားကို ကြားသည့်အခါ ကူရှောင်စန်းက အရှိန်မြန်လိုက်သည့်အတွက် မုန့်ချီကပင် သူမကိုအမှီလိုက်ရန် ခက်ခဲသွားသည်။ သူတို့၏နောက်တွင်တော့ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လှိုင်းလုံးများလည်း ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ဘုံ တရားစီရင်ရေးတံခါး၏ ဖိနှိပ်မှုကြောင့်သာ မဟုတ်လျှင် မုန့်ချီကတော့ နတ်ဘုရားလက်နက်ပင်မပစ္စည်းကို သုံးလိုက်မှသာ ခန္ဓာကိုယ်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါလိမ့်မည်။
ရုတ်တရက်ဆိုသလို ကူရှောင်စန်းက သူ့ကို အပြုံးနှင့် ပြန်လှည့်ကြည့်လိုက်သည်။
"အဲဒါက ထိုက်လီဖြစ်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ဓမ္မကာရအဆင့် လူစိမ်း(၂)ယောက် ဖြစ်နေတာပါလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကြိုတွေးပြီးသားလေ။ ကောင်းကင်ဘုံတရားစီရင်ရေးတံခါးရဲ့ အခြေအနေမျိုးနဲ့ ဓမ္မဘုရင်က သူတို့ကို ယာယီတားဆီးထားဖို့တော့ ပြဿနာမရှိနိုင်ဘူး။ ပြီးတော့ အခုငါတို့က ဓမ္မဘုရင်ကို အဝေးရောက်သွားအောင် ပထုတ်နိုင်ခဲ့ပြီဆိုတော့ ငါတို့က မင်္ဂလာဦးဇနီးမောင်နှံ ပျားရည်ဆမ်းခရီးသွားဖို့ပဲ ရှိတော့တယ်…"
“ထိုက်လီဖြစ်မယ်လို့ ခန့်မှန်းထားတာလား။ ဓမ္မဘုရင်ကို အဝေးကို ပထုတ်လိုက်တာလား…”
မုန့်ချီက ကူရှောင်စန်းကို စိုက်ကြည့်လိုက်မိသည်။
ထိုအချိန်တွင် ကော့ညွတ်နေသော သူမ၏မျက်တောင်လေးများက မျက်လုံးကို ဖုံးကွယ်လုမတတ် ဖြစ်နေသည်။ သူမ၏မျက်နှာလေးပေါ်တွင် အပြစ်ကင်းစင်သော အမူအရာလေးတစ်ခု ရှိနေခဲ့၏။
“သေချာသွားပြီ။ ဒီနတ်ဆိုးမရဲ့ရည်ရွယ်ချက်တွေကို ခန့်မှန်းကြည့်ဖို့တော်တော်ခက်တာပဲ။
Translated by Hein Htet.