← Chapters

အခန်း (၆၇၆)

Vol. 46 Ch. 676

အခန်း (၆၇၆)

Vol. 46 Ch. 676

မြင်းလှည်းကို အနက်ရောင်သံနှင့် တည်ဆောက်ထားပြီး တလက်လက် တောက်ပနေသော ကျောက်မျက်ရတနာများ ဆင်ယင်ထားခဲ့သည်။ အတွင်းပိုင်းက အလွန်ကျယ်ပြန့်ပြီး နေ့အချိန်အလား အလင်းရောင်များ တောက်ပနေခဲ့၏။ သို့သော် ထိုနေရာတွင် မည်သည့်အရာမျှမရှိဘဲ ဗလာဖြစ်နေခဲ့သည်။ အလွန်ကြီးကျယ်ခမ်းနားပြီး နှစ်ထောင်ပေါင်းများစွာ ခံနိုင်ရည်ရှိခဲ့သော မြင်းလှည်းကြီး၏အတွင်းထဲတွင် တိတ်ဆိတ်နေပြီး မည်သည့်အရာမျှမရှိချေ။

အစောပိုင်းတွင် သူတို့ယုံကြည်ထားသည့်အရာများနှင့် ဆန့်ကျင်၍ အင်မော်တယ်နယ်မြေမှ ထွက်ပြေးရန် ကြံစည်နေသော အင်မော်တယ် တစ်ယောက်မျှမရှိသော်လည်း မြင်းလှည်းကတော့ ကောင်းကင်မြစ်ထဲသို့ သွားသော လမ်းကြောင်းတွင် ရှိနေခဲ့၏။

အချိန်စောင့်နေရန်မလိုဘဲ ကောင်းကင်မြင်းများ၏ အမွှေးများက စတင်လှုပ်ရှားလာကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ သူက လက်ခုံပေါ်တွင် ရှိနေသော မိုးကြိုးအမှတ်အသားကို အသက်သွင်းလိုက်ပြီး ရှေးဟောင်းမိုးကြိုးနတ်ဘုရား၏ အငွေ့အသက်ကို ဖန်တီးလိုက်သည်။

ထို့နောက် သူကတော့ ရေစီးကြောင်းအတိုင်း တဟုန်ထိုး ကူးခတ်သွားခဲ့ပြီး မြင်းလှည်းထဲသို့ ဝင်လိုက်၏။ သူ့အဖော်များကိုလည်း စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

"မြင်းလှည်းထဲကို ဝင်ကြ ..."

သူ၏အကြံပေးချက်ကို အတည်ပြုစရာ မလိုအပ်ပေ။ သူတို့ကလည်း သူ့အစီအစဉ်ကို ခန့်မှန်းမိကြ၏။ ကောင်းကင်မြင်းများက အလွန်လျင်မြန်လွန်းလှသောအရှိန်နှင့် ပျံသန်းနိုင်ကြပြီး ဓမ္မကာရအဆင့် ပညာရှင်များကပင် သူတို့ကိုမမှီနိုင်ကြပေ။ သူတို့၏မြင်းခွာကို လှုပ်ရှားလိုက်ရုံနှင့် မြင်းများက ကပ်ဆိုးမြွေပင် မမီနိုင်သော အဝေးကို ပို့ဆောင်ပေးနိုင်၏။

မုန့်ချီက ကိုယ်ပွားတစ်ခု ဖန်တီးလိုက်ပြီး မြင်းလှည်းထဲတွင် ထောင်ချောက်များ၊ အတားအဆီးများရှိ မရှိ အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။ ကျန်းကျိဝေကတော့ နောက်ချန် အစောင့်တစ်ယောက်အဖြစ် လက်ထဲတွင် သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကို ကိုင်ထားခဲ့၏။ အကယ်၍ သူတို့အစီအစဉ်ကသာ အလုပ်ဖြစ်မယ်ဆိုလျှင် မည်သည့်အရာကိုမျှ စွန့်စားရန် မလိုတော့ပေ။

ထို့ပြင် ဘိုးဘေးကပ်ဆိုးမြွေက ဖုတ်ကောင်တစ်ကောင်သာ ဖြစ်နေသေးသည်။ သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံး၏ အစစ်အမှန်လုပ်ဆောင်မှုက ပင်မဝိညာဉ်ကို ရင်ဆိုင်ရန်ဖြစ်ပြီး ခန္ဓာကိုယ်ကို ပျက်စီးသွားစေနိုင်၏။ သူ၏ခန္ဓာကိုယ်ကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးပြီးသွားလျှင်ပင် ထိုမကောင်းဆိုးဝါးကို ရှင်းပစ်နိုင်ခြင်း မရှိသေးပေ။

မုန့်ချီ၏ကိုယ်ပွားက မြင်းလှည်းထဲကို လုံလုံခြုံခြုံဝင်သွားနိုင်သည့်အတွက် အတွင်းထဲတွင် ထောင်ချောက်များ၊ အတားအဆီးများ မရှိကြောင်း ညွှန်ပြနေသည်။ မုန့်ချီက စိတ်အေးသွားသည့်အတွက် ရွမ်ယုရှု၊ ချီကျန်းရန်၊ ကျိုးဟမ်တို့နှင့်အတူ မြင်းလှည်းထဲသို့ ခုန်ဝင်သွားခဲ့၏။ ကျန်းကျိဝေက နောက်ဆုံးမှ တက်လာခဲ့သည်။

ရုတ်တရက်ဆိုသလို သူတို့က ကြောက်စရာကောင်းပြီး အေးစက်သော အငွေ့အသက်တစ်ခု နီးကပ်လာကြောင်း ခံစားလိုက်ရသည်။ အလွန်ကြီးမားသော မြွေခေါင်းကြီးက ရေကန်မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာပြီး သွေးနီရောင်မျက်လုံးကြီးများနှင့် စိုက်ကြည့်နေခဲ့သည်။

ဆံဖြူဖုတ်ကောင်နှင့် လော်ရှန်းကျိတို့၏အရိပ်များ ရှိနေသော မျက်လုံးက မုန့်ချီ၏ ‘ငါ၊ထူးခြားမှုနှင့် အမှန်တရား’ ဟူသောသိုင်းကွက်ကို ကြောက်လန့်နေသေးပုံပေါ်သည်။ ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်ခါနီးနေသော ဧရာမစွမ်းအားများက သူတို့ကို ကြက်သီးမွေးညင်းထသွားစေနိုင်သလို သူတို့၏သွေးကြောများ၊ ပင်မဝိညာဉ်များထဲရှိ သွေးများကိုပင် အေးခဲသွားစေနိုင်သည်။ထိုအချိန်တွင် အချိန်မရွေး ပစ်ထုတ်နိုင်သော အဆိပ်ရည်များက ရေကန်အောက်ခြေတွင် ရှိနေသောအရာအားလုံးကို ဝါးမျိုသွားနိုင်၏။

ထိုသို့ဆိုရာတွင် ကောင်းကင်မြင်းများကတော့ ယခုအချိန်ထိ သက်ဝင်လှုပ်ရှားလာခြင်း မရှိသေးပေ။ သူတို့က နှစ်သန်းပေါင်းများစွာအကွာမှ ဖြည်းဖြည်းချင်း နိုးထလာသလို ထင်မှတ်ရသည်။

ကျန်းကျိဝေက လှည်း၏အစွန်တွင် ရဲရင့်စွာ မတ်တပ်ရပ်နေခဲ့သည်။ သူမ၏မျက်လုံးထဲတွင် အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုများ လုံးဝမရှိခဲ့ချေ။ သူမ၏လက်ထဲတွင်တော့ အလင်းရောင် အနည်းငယ် ထွက်ပေါ်နေသော သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကို ကိုင်ထားခဲ့သည်။ သူမက ထိုအရာကို အချိန်မရွေး အသုံးပြုနိုင်ရန် ပြင်ဆင်ထားခဲ့၏။

မုန့်ချီ၏ လျှို့ဝှက်ရတနာဆီမှ သင်ခန်းစာရထားခဲ့သည့်အတွက် သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကို မြင်သည့်အချိန်တွင် ဧရာမမြွေကြီးက အနည်းငယ် တွေဝေနေခဲ့၏။ သူက လက်မခံချင်သော်လည်း ဖြည်းညင်းစွာ နောက်ဆုတ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးသွားမှာ ကြောက်လန့်နေသည်။

မုန့်ချီက တည်ငြိမ်သွားခဲ့၏။ သူ့ဓားမောက်၏ လှုပ်ရှားမှုက အနည်းငယ်နှေးကွေးနေပြီး သူက အဝေးတွင် ပိုးချည်မျှင်လေးများကို မြင်နေရသည်။

"အဆုံးမဲ့ဖျက်ဆီးခြင်း ကံကြမ္မာကွင်းဆက်သိုင်းကွက် ..."

မုန့်ချီက အလွန်ကြီးမားသော ကပ်ဆိုးမြွေကြီးကို နောက်တစ်ကြိမ်လှည့်ကြည့်လိုက်၏။ သူက ယခင်တုန်းကနှင့် မတူတော့ပေ။ သူ့ဆီတွင် ကံကြမ္မာကြိုးမျှင်များများ ရှိမနေဘဲ အများစုကတော့ သေဆုံးမှုကြောင့် ဖြည်းညင်းစွာ ပျောက်ကွယ်သွားနေခဲ့သည်။ ကျန်ရှိနေသော ကြိုးမျှင်များက (၁၀)ခုပင် မရှိချေ။ အဆိုးရွားဆုံး ကံကြမ္မာကြိုးမျှင်ကတော့ တံမြက်စည်းမွှေး တစ်ချောင်းစာခန့်သာ ရှိသည်။ ထိုကြိုးမျှင်လေးကလည်း အဝေးထိအောင် ပျံ့နှံ့နေခဲ့သည်။

မုန့်ချီက သူ့ကို စိုက်ကြည့်နေသည့်အချိန်တွင် ဘိုးဘေးကပ်ဆိုးမြွေက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူက အလွန်အေးစက်သော မုန့်ချီ၏အကြည့်နှင့် သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးတို့၏ အကြောက်တရားများ ကြားထဲတွင် လွန်ဆွဲနေပြီး နောက်ကို ယာယီပြန်ဆုတ်သွားမိခဲ့သည်။

အခွင့်အရေးကို သတိထားမိသည့်အတွက် ကျန်းကျိဝေက ခြေထောက်ကို အတွင်းထဲသို့ ထည့်လိုက်ပြီး မြင်းလှည်းတံခါးကို အားနှင့်ပိတ်ချလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်မြင်းများက အသက်ဝင်လာပြီး လွန်ခဲ့သော နှစ်ပေါင်း(၁)သောင်းခန့်ကို ပြန်ရောက်သွားသလို ဖြစ်လာခဲ့၏။

ထိုမြင်းများက တွေဝေနေခြင်း၊ သံသယဝင်နေခြင်းမရှိဘဲ ကောင်းကင်မြစ်ထဲသို့ ခုန်ဆင်းသွားကြသည်။ မြင်းလှည်းကြီးကို တောက်ပသော အလင်းရောင်များ လွှမ်းခြုံနေပြီး ကောင်းကင်မြစ်ရေစီးကြောင်းအတိုင်း လိုက်ပါသွားခဲ့၏။ မှော်အစွမ်းများအားလုံးကလည်း အသက်ဝင်လာပြီး တံခါးက တင်းတင်းကျပ်ကျပ် ပိတ်သွားခဲ့သည်။

ကောင်းကင်မြင်းများက နောက်ပြန်လှည့်ကြည့်လိုက်ပြီး ကောင်းကင်မြစ်ရေစီးကြောင်းထဲတွင် လျင်မြန်စွာ နင်းဖြတ်သွားခဲ့သည်။ သူတို့၏ခန္ဓာကိုယ်က ကြည်လင်လာပြီး သူတို့က အလွန်လျှို့ဝှက်ဆန်းကြယ်သော မှော်လမ်းကြောင်းတစ်ခုထဲကို ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။

နောက်ဆုံးတွင်တော့ မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူက ကပ်ဆိုးမြွေကြီး ပိုင်ဆိုင်ထားသော ကံကြမ္မာကြိုးမျှင်၏ နောက်ကွယ်တွင် ရှိနေသည့် လျှို့ဝှက်ချက်များနှင့် အန္တရာယ် အငွေ့အသက်များကို ခံစားမိနေခဲ့သည်။ အကယ်၍ သူကသာ မကောင်းဆိုးဝါးတစ်ကောင်ကို သတ်ရန် ကံကြမ္မာကွင်းဆက်ကျင့်စဉ်ကို အသုံးပြုလိုက်မည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် ဘာမျှမထူးချေ။

ထိုအရာက မကောင်းဆိုးဝါးတစ်ကောင်၏ကံကြမ္မာကို လက်ခံလိုက်ရခြင်းဖြစ်သည်။ ထိုအရာက သူ့ကို ချက်ချင်း သက်ရောက်လာစေနိုင်၏။ ဧရာမမြွေကြီးကို ဖယ်ရှားနိုင်ခြင်းက အကောင်းဆုံးရလဒ်တစ်ခု ဖြစ်သည်။

သူက မြင်းလှည်း၏ အတွင်းပိုင်းထဲတွင် လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ ခေါင်းထဲတွင် မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။ ဤမြင်းလှည်းကို ကျူးပါကျဲ့ ထွက်ပြေးရန် ပြင်ဆင်ထားခြင်းပေလော။ သို့မဟုတ် တခြားတစ်ယောက်က ထွက်သွားခြင်းပေလော။

အကယ်၍ ပထမတစ်ခုသာ ဆိုလျှင် ကျူးပါကျဲ့ ကိုယ်တိုင်က ကောင်းကင်မြင်းများထက် ပို၍လျင်မြန်သောအရှိန်နှင့် ထွက်ပြေးသွားနိုင်သည်။ သူ့ခန္ဓာကိုယ်က နေလုံးကြီးထဲတွင် နှစ်ထောင်ပေါင်းများစွာကြာသည်ကိုပင် ကျန်ရှိနေသေး၏။

အကယ်၍ ဒုတိယတစ်ခုဆိုလျှင်တော့ မည်သည့်အချိန်တွင် အင်မော်တယ်က ထွက်သွားခဲ့သနည်း။ ကောင်းကင်ခုံရုံး ပျက်စီးသွားသည့်အချိန်တွင်လား သို့မဟုတ် မုန့်ချီတို့အဖွဲ့ ရောက်လာနေစဉ် အတောအတွင်း တစ်ချိန်ချိန်တွင် ထွက်သွားခဲ့ခြင်းပေလော။

ဧရာမမြွေခေါင်းကြီးက ရေကန်၏ မျက်နှာပြင်ပေါ်တွင် နောက်တစ်ကြိမ်ကြည့်လိုက်ရာ ကောင်းကင်မြစ်ရေစီးကြောင်းများကိုသာ မြင်လိုက်ရသည်။ နောက်ဆုံးတွင်တော့ ဧရာမမြွေကြီးက တရွှီရွှီ အော်ဟစ်နေပြီး ကောင်းကင်ပေါ်တွင် ရှိနေသော ကြယ်များကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူက အရာအားလုံးကိုဆုံးရှုံးသွားရသည်။

ကောင်းကင်မြင်း(၄)ကောင်က ရွှေရောင်မြင်းလှည်းကိုဆွဲပြီး ကြယ်စင်တန်းများကို ဖြတ်ကျော်သွားခဲ့သည်။ ကောင်းကင်မြင်းများက ကောင်းကင်စီးကြောင်းထဲတွင် တဟုန်ထိုး ပြေးလွှားနေကြ၏။

အလွန်မွှေးပျံ့သော သမုဒ္ဒရာနှင့် ကုန်းမြေကြီးများ ပြည့်နှက်နေသော ကမ္ဘာတစ်ခုပေါ်တွင် …

ရှေးဟောင်းအဆောက်အဦးပျက်ကြီးတစ်ခု၏ရှေ့၌ လူပေါင်းတစ်ဒါဇင်ကျော် မတ်တပ်ရပ်နေကြသည်။ သူတို့က ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။

အဖွဲ့ခေါင်းဆောင်က အဆောက်အဦးအပျက်အစီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ဒါက နတ်ဘုရားတွေရဲ့အကာအကွယ်ကို တောင်းဆိုဖို့အတွက် ငါတို့ရဲ့ဘိုးဘေးတွေ ပူဇော်ပသကြတဲ့ ယဇ်ပူဇော်အဆောက်အဦးပဲ။ ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ အင်မော်တယ်တွေ၊ နတ်ဘုရားတွေ ရောက်လာခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ အဲဒီမှတ်တမ်းတွေကိုကြည့်ပြီး ငါတို့က ရှေးဟောင်းမျိုးနွယ်စုတွေ၊ သိုင်းပညာတွေ၊ ယုံကြည်မှုတွေနဲ့ ပတ်သက်မှုတွေကို ပြန်လည်တည်ဆောက်လို့ရနိုင်တယ် ... "

ထိုအဖွဲ့ထဲတွင် ရှိနေသော လူပေါင်းများစွာက သေချာရေးမှတ်နေကြသည်။ တချို့ကတော့ ရှေးဟောင်းအဆောက်အဦးကို ဂရုတစိုက် လေ့လာနေကြ၏။ တစ်ချို့ကတော့ အလွန်ထူးဆန်းသော အင်းကွက်များကိုကြည့်ပြီး ကောင်းကင်ကြီးပေါ်တွင် ရှေးဟောင်းမျိုးနွယ်စု၏ အသက်ရှင်နေထိုင်မှုကို ပြန်လည်စဉ်းစားနေမိကြသည်။

ရုတ်တရက်ဆိုသလို လူတစ်ယောက်က ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး တခြားသူများကလည်း အံ့သြသွားမိကြသည်။ သို့သော် သူတို့က ကောင်းကင်ကြီးပေါ်တွင် ဖြတ်သန်းသွားသော အလင်းတန်းတစ်ခုနှင့် နောက်တွင် ရှိနေသော မီးတောက်အငွေ့အသက်များကို မြင်လိုက်ရသည့်အချိန်တွင် တုံ့ပြန်လိုက်မိရုံသာ ဖြစ်သည်။

ထိုအရာက အရှိန်နှင့် ရွေ့လျားလာသော ဥက္ကာခဲတစ်ခုလို ဖြစ်နေသော်လည်း ထိုကမ္ဘာကြီးကို တည်ငြိမ်စွာ လှည့်ပတ်နေသလို ထင်ရသည်။

"အဆောက်အဦးပေါ်မှာရှိတဲ့ ရှေးဟောင်းငှက်ပန်းချီတွေက ဒီရှေးဟောင်းမျိုးနွယ်စုရဲ့ အထိမ်းအမှတ်ပဲ။ အဲဒီအရာတွေက တဖြည်းဖြည်းချင်း ..."

သူ့တပည့်များက ကောင်းကင်ကြီးပေါ်သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည့်အချိန်တွင် ဆရာဖြစ်သူကလည်း ထူးဆန်းသွားသလို ခံစားလိုက်ရသည်။

ရုတ်တရက်ဆိုသလို သူ့နောက်ဘက်မှ အလင်းရောင်တန်းကြီးတစ်ခု ပေါ်လာပြီး သူတို့၏အလယ်တွင် တစ်စုံတစ်ခု ကျရောက်လာသလို ထင်မှတ်လိုက်ရသည်။ သူက စဉ်းစားမနေဘဲ ပြန်လှည့်ကြည့်လိုက်ရာ အလွန်ရှည်လျားသော လည်ဆံမွေးများနှင့် လှပသော မြင်း(၄)ကောင်က ရွှေရောင်မြင်းလှည်းတစ်စီးကိုဆွဲ၍ အလင်းအလျင်နှင့် ပျံသန်းလာနေကြောင်း တွေ့လိုက်ရသည်။ ထိုမြင်းများက အဆောက်အဦးပေါ်တွင် ရပ်လိုက်၏။

"ဒါ ... ဒါက…"

မည်သူမျှ စကားမပြောနိုင်ကြပေ။ သူတို့က အိပ်မက်မက်နေသလို ခံစားနေရ၏။

ကောင်းကင်မြင်းများက ခဏရပ်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူတို့က မှော်ဝင်္ကပါကို အသက်သွင်းလိုက်ပြီးနောက် လေထဲကို နောက်တစ်ကြိမ် ခုန်သွားခဲ့ကြ၏။ ထိုအချိန်တွင် နတ်ဘုရား အလင်းတန်းများကလည်း မြင်ကွင်းထဲမှ မှေးမှိန်သွားပြီး လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

ညက လျင်မြန်စွာ ကျရောက်လာပြီး ကြယ်များကလည်း အမှောင်ထုကြီးထဲကို ပြန်ရောက်သွားခဲ့၏။ အလင်းရောင်များက ကြယ်များကို ဖြတ်သန်းသွားနေစဉ် တလက်လက် တောက်ပနေခဲ့သည်။

တခြားသော ကမ္ဘာတစ်ခုတွင်တော့ မည်သည့်အရာမျှ မရှိချေ။ သဲများက ကောင်းကင်ကြီးကို ချိန်ထားသော အမြှောက်များကဲ့သို့ ဖြစ်နေ၏။ နတ်ဆရာဝတ်စုံ ဝတ်ထားသော လူပေါင်းများစွာက ကျောင်းဆောင်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေပြီး အလွန်လှပသော ကန္တာရမြင်ကွင်းများကို ကြည့်နေခဲ့သည်။

"မနက်ဖြန်ကျရင် နောက်ထပ် ယဇ်ပူဇော်ပွဲရှိမယ် ..."

နတ်ဆရာတစ်ယောက်က ပြောလိုက်သည်။

တခြားတစ်ယောက်က ရယ်ကာမောကာနှင့် ပြန်ပြောလိုက်၏။

"ဒါက ဟန်ပြသက်သက်ပါပဲ ... ဘာမှစိုးရိမ်နေဖို့ မလိုဘူး…"

သူ့နှုတ်ဖျားမှ ထိုစကားများ ထွက်လာခဲ့သည့်အချိန်တွင် ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဥက္ကာခဲတစ်ခုကို စိုက်ကြည့်မိလိုက်သည်။ ထိုအရာက သူတို့နှင့် နီးကပ်လာပြီး တဖြည်းဖြည်း ကြီးမားလာခဲ့၏။ ထိုအချိန်ကျမှသာ ထိုအရာက ဥက္ကာခဲမဟုတ်ဘဲ ရွှေရောင်မြင်းလှည်းတစ်စီးနှင့် မြင်း(၄)ကောင်က ကောင်းကင်ကြီးကို ဖြတ်သန်းလာကြောင်း တွေ့လိုက်ရသည်။

ထိုမြင်း(၄)ကောင် ဆွဲထားသော လှည်းက အလွန်အံ့သြမှင်တက်နေကြသော နတ်ဆရာများ ရှိနေသည့် ကျောင်းဆောင်ပေါ်တွင် ခဏရပ်လိုက်၏။

ခဏအနားယူလိုက်ပြီးနောက် ကောင်းကင်မြင်းများက တပြိုင်နက်တည်း ခုန်တက်လိုက်ကြပြီး အလင်းတန်းများနှင့်အတူ လေထဲသို့ ဝင်ရောက်ထွက်ခွာသွားခဲ့သည်။

မြင်းလှည်းကြီးက ကောင်းကင်ပေါ်သို့ နောက်တစ်ကြိမ် ရောက်သွားပြီး အရှိန်အဟုန်နှင့် ပျံသန်းသွားခဲ့သည့်အတွက် နတ်ဆရာများအားလုံးက မှင်တက်နေကြပြီး သတိပြန်ဝင်လာခြင်းပင် မရှိကြပေ။

မြင်းလှည်းကြီးက ကောင်းကင်ပေါ်တွင် ရှိနေသော အမှောင်ကြယ်များကို ဆက်၍ ဖြတ်သန်းလာခဲ့ပြီး ကြားထဲတွင် မကြာခဏ ရပ်တတ်သည်။ တစ်ကြိမ် ရပ်တန့်လိုက်ပြီးတိုင်း ကောင်းကင်မြင်းများက ရုတ်တရက် ပို၍မြင့်မြင့်ကို တက်လှမ်းသွားခဲ့ပြီး ဝဲကတော့ကြီးတစ်ခုကို တိုက်မိသွားခဲ့သည်။ နောက်ဆုံး ထိုနေရာတွင်တော့ မြင်းလှည်းက ရပ်တန့်သွားခဲ့၏။

သူတို့လုံခြုံသွားကြောင်း သေချာသွားသည့်အချိန်တွင် မုန့်ချီနှင့် သူ့အဖော်များက အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

ထိုအချိန်တွင် သံသရာအရှင်သခင်၏အသံကို နောက်တစ်ကြိမ် ကြားလိုက်ရ၏။

"တိုက်ပွဲကနေ အောင်အောင်မြင်မြင် ထွက်လာနိုင်ပြီ။ တာဝန်ပြီးဆုံးပြီး အောင်မြင်တယ်။ မင်းတို့က အခုပြန်လာလို့ရပြီ။ ဒါမှမဟုတ် မင်းတို့က နောက်ထပ် တစ်နာရီ ဆက်နေဖို့ ရွေးချယ်လို့ရမယ်။ မင်းတို့က တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် တစ်နာရီအတောအတွင်း အချိန်မရွေး ပြန်လာလို့ရမယ် ..."

သံသရာအရှင်သခင်၏ စကားသံကို နားထောင်ရင်း မုန့်ချီက သူတို့၏ ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ လေထဲ၌ မွှေးပျံ့သောရနံ့များ ရှိနေပြီး သူတို့၏အပေါ်ဘက်တွင် နက်ရှိုင်းသော အပြာရောင်ကောင်းကင်ကြီးကို တွေ့လိုက်ရသည်။

သူတို့က အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးဆီကို ပြန်ရောက်လာသည်ဟု ခံစားမိနေခဲ့၏။ သူတို့ရပ်နေသည့် နေရာနှင့် မလှမ်းမကမ်းတွင် အလွန်ရှေးကျသော အခန်းငယ်လေးတစ်ခု ရှိနေပြီး ထိုနေရာတွင်တော့ သက်ရှိအငွေ့အသက်များ မရှိချေ။ လယ်တောထဲမှ အောက်သိုးသိုးရနံ့များသာ ပျံ့နှံလာခဲ့သည်။

မုန့်ချီက ကောင်းကင်မြင်းများကို လှည့်ကြည့်လိုက်ပြီး အနံ့များကို ယာယီလျစ်လျူရှုထားခဲ့သည်။ ရွမ်ယုရှုကလည်း ကောင်းကင်မြင်းများကို စိတ်ဝင်တစားကြည့်နေခဲ့၏။

"ဒီမြင်းတွေက ကောင်းကင်ပေါ်မှာတောင် ပျံသန်းနိုင်တယ်ဆိုတော့ တော်တော်လေး အဖိုးတန်တယ် ..."

ထိုအတွေးများပေါ်လာရုံသာ ရှိသေးသော်လည်း သူတို့က မြင်းများ လှုပ်ရှားသံကို ကြားလိုက်ရသည်။ ရုတ်တရက်ဆိုသလို လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး သူတို့က လေထဲသို့ ပျံသန်းသွား၍ သူနှင့် သူ့အဖော်များသာ ကျန်နေတော့သည်။ ထို့နောက် မြင်းများက ကောင်းကင်ပေါ်တွင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။

"ဒီမြင်းတွေရဲ့ အာရုံခံစွမ်းရည်က တော်တော်ထက်မြက်တာပဲ..."

မုန့်ချီက စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ သူတို့ပထမဆုံး လွတ်မြောက်လာခဲ့သည့်အချိန်တွင် ထိုမြင်းများကို အစစ်အမှန်ကမ္ဘာကြီးဆီသို့ ပြန်ပို့ခိုင်းရန် စဉ်းစားကြည့်နေမိခဲ့သည်။

ကျန်းကျိဝေက ပြုံးလိုက်၏။ တားမြစ်ကျင့်စဉ်ကို အသုံးပြုထားသည့် အာနိသင်များ ပျောက်ကွယ်သွားသည့်အတွက် သူမ၏အငွေ့အသက်များကလည်း မုန့်ချီကဲ့သို့ အလွန်အမင်း အားနည်းနေခဲ့သည်။ သူမက အနားတွင် ရှိနေသော မွေးမြူရေးခြံလေးကို ကြည့်လိုက်ပြီး အဆောက်အဦး၏ ပတ်ပတ်လည်တွင် နွယ်ပင်များ၊ ပေါင်းပင်များ ပြည့်နှက်နေကြောင်း သတိထားမိခဲ့သည်။ ထိုနွယ်ပင်များ ကြားထဲတွင်တော့ စကားလုံးအနည်းငယ်ကို တွေ့လိုက်ရ၏။

"ကောင်းမျိုးရိုး မွေးမြူရေးခြံ ..."

"ကောင်းမျိုးရိုး မွေးမြူရေးခြံလား ..."

မုန့်ချီက သူ့နားသူ မယုံကြည်နိုင်သလို ဖြစ်သွားခဲ့သည်။

"ဒီမြင်းလှည်းရဲ့ ဦးတည်ချက်က ကောင်းမျိုးရိုး မွေးမြူရေးခြံလား...။ ဒါဆိုရင် ဒီမြင်းလှည်းက ကျူးပါကျဲ့နဲ့ ပတ်သက်နေတာပေါ့။ အထဲကို ဝင်သွားပြီး ကြည့်ကြရအောင် ..."

မုန့်ချီက သက်ပြင်းရှည်ကြီးချလိုက်မိပြီး ပင်ပန်းနေသော ခန္ဓာကိုယ်ကြီးကို မနည်းသယ်ဆောင်နေရသည်။

ယခုတစ်ကြိမ်တော့ ရွမ်ယုရှု၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့က ရှေ့မှ သွားလာကြပြီး မုန့်ချီက စွန့်ပစ်ခြံဝင်းထဲသို့ သွားရောက်ရှာဖွေခြင်းကို ကန့်သတ်ကြခြင်း မရှိကြချေ။ သူတို့က နောက်ထပ်ကံကြမ္မာအမှတ်များ လဲလှယ်နိုင်ရန် ပစ္စည်းများစွာ မျှော်လင့်နေကြ၏။

သူတို့က ပေါင်းပင်များကို ဖယ်ရှားလိုက်ကြပြီး တံခါးမကြီးဆီသို့ လျှောက်သွားခဲ့၏။ ထိုအရာက တွန်းလိုက်ရုံနှင့် ပျက်စီးသွားခဲ့သည်။ သူတို့က အခန်းများကို ရှာဖွေခဲ့သော်လည်း အသုံးဝင်သည့် အရာတစ်ခုမျှမတွေ့ရပေ။ ပစ္စည်းတချို့ ကျန်ခဲ့သော်လည်း အချိန်ကာလ၏တိုက်စားမှုကြောင့် အပျက်အစီးများသာ ဖြစ်သွားခဲ့သည်။

သူတို့က နောက်ထပ်ရှာဖွေနေကြပြီး မွေးမြူရေးခြံ၏အလယ်သို့ ရောက်လာသည့် အချိန်တွင် စာကြည့်ခန်းတစ်ခုဖြစ်ပုံရသော အခန်းငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။

"စာကြည့်ခန်းကို အရင်ဆုံးရှာကြည့်ကြမယ်။ ဒီထဲမှာကျမ်းစာတွေ၊ ကျင့်စဉ်စာအုပ်တွေလည်း ရှိနိုင်တယ် ... "

မုန့်ချီက အကြံပေးလိုက်သည်။

သူ့အဖော်များကဲ့သို့ မဟုတ်ဘဲ ကောင်းမျိုးရိုးမွေးမြူရေးခြံက ကျူးပါကျဲ့ ယောက္ခမ၏ နေအိမ်ဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။ ဤနေရာတွင် အလွန်တန်ဖိုးကြီးမားသော ပစ္စည်းများလည်း ဖုံးကွယ်ထားနိုင်၏။

"ကောင်းပြီလေ…"

ရွမ်ယုရှုကတော့ အနောက်သို့ ခရီးသွားခြင်းကမ္ဘာကြီးထဲတွင် ရှိနေသော သံစဉ်များကို စိတ်ဝင်စားနေခဲ့သည်။ အကယ်၍ အတွင်းထဲ၌ သိုင်းကျင့်စဉ်များမရှိလျှင်ပင် သူမကတော့ လေ့လာစမ်းသပ်ကြည့်ချင်နေသည်။

သူမက ကျိုးဟမ်၏ အနောက်မှ လိုက်လာပြီး မုန့်ချီနှင့်အတူ ဒုတိယထပ်ကို ဖြည်းညင်းစွာ တက်လာခဲ့သည်။ မုန့်ချီကတော့ အိုမင်းပျက်စီးနေသော ကြမ်းခင်းများပေါ်တွင် ဂရုစိုက်၍ လျှောက်လာရသည်။ အနည်းငယ်အားပြုလိုက်ရုံနှင့် ထိုကြမ်းခင်းများက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားနိုင်၏။

ဒုတိယထပ်တွင်တော့ စာအုပ်များ ပြည့်နှက်နေသည်။ သို့သော် သူတို့၏ မြင်ကွင်းထဲတွင်တော့ အဝါရောင်စက္ကူများသာ ဖြစ်နေခဲ့၏။

မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ ပြတင်းပေါက်ဘေးတွင် ရှိနေသော စားပွဲခုံပေါ်တွင် အပြာရင့်ရောင်အဖုံးနှင့် ရိုးရှင်းသော ရှေးဟောင်းစာအုပ်တစ်အုပ် ရှိနေသည်။ သူ့အဖော်များက အသုံးဝင်သော အရာများကို ရှာဖွေရန် ပတ်ပတ်လည်သို့ စစ်ဆေးကြည့်နေကြ၏။

မုန့်ချီက စားပွဲဆီသို့ လျှောက်သွားပြီး ထိုစာအုပ်ကို ကောက်ယူလိုက်သည်။ ထိုစာအုပ်အဖုံးကို ရှေးဟောင်းစကားလုံး(၃)ခုနှင့် ရေးသားထားသည်။

"တာအိုတိချင်း ကိုယ်ကျင့်တရားကျမ်းစာ ... ဉာဏ်အလင်းပွင့်မှု။ ရှင်းပြရမယ်ဆိုရင်တော့ စကြဝဠာနဲ့ ထာဝရတရားဆိုတာက လုံးဝမရှိနိုင်ဘူး ..."

မုန့်ချီက စာမျက်နှာပေါ်တွင် ပထမဆုံးမြင်လိုက်ရသော စကားစုတစ်ခုကို ဖတ်ကြည့်လိုက်သည်။ ထိုအရာက ရှေးဟောင်းကျမ်းစာတစ်ခုဖြစ်ပြီး တာအိုတိချင်းနှင့် ကွဲပြားမှု မရှိချေ။ ထိုအရာက သူ ရောက်လာသော ကမ္ဘာကြီးထဲတွင် လူအများ ဖတ်ရှုတတ်သော အရာမျိုးဖြစ်သည်။

ရုတ်တရက်ဆိုသလို ကျိုးဟမ်ကတော့ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်မိ၏။

"ဒီစာအုပ်တွေက အရမ်းကို အိုဟောင်းနေပြီဆိုတော့ ထိလိုက်ရုံနဲ့တောင် ပျက်စီးသွားတယ်။ ငါတို့က စာအုပ်တွေကို သယ်ဆောင်ဖို့ ချီစွမ်းအားတွေကို သုံးမှပဲရမယ်…”

“ဒါပေမဲ့ ဒါတွေကို သိမ်းထားဖို့လည်း ဘာမှတန်ဖိုးမရှိပါဘူး ... ဒီစာအုပ်တွေက တော်တော်လေး အိုဟောင်းနေပြီ…"

မုန့်ချီက သူ့လက်ထဲတွင် ကိုင်ထားသော တာအိုတိချင်းစာအုပ်ကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

ထိုအရာက သာမန်ဖြစ်သော်လည်း တစ်စုံတစ်ခု ထူးခြားနေပုံရ၏။ သူကတော့ ရှုပ်ထွေးနေသော အမူအရာနှင့် ထိုစာအုပ်ကို စစ်ဆေးကြည့်ရန် သူ့မိတ်ဆွေများကို အကူအညီတောင်းလိုက်သည်။ သို့သော် ထိုစာအုပ်၏ ထူးခြားမှုကို မည်သူကမျှမတွေ့ရပေ။

"သာမန်စာအုပ်တစ်အုပ်ပါပဲ ... "

သေချာစဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက ထိုစာအုပ်ကို ဆက်လက်စစ်ဆေးရန်အတွက် သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ဖြစ်စေကာမူ လေဟာနယ်လက်စွပ်ထဲ၌ နေရာရှိနေသေး၏။

သူတို့က တစ်နာရီနီးပါးခန့် ရှာဖွေခဲ့ပြီးနောက် တန်ဖိုးရှိသည့်အရာတစ်ခုမျှမတွေ့ခဲ့ရပေ။ လူမရှိသော မွေးမြူရေးခြံထဲတွင် ခြေရာများ ကျန်နေသေးသည့်အတွက် ဤနေရာတွင် မိစ္ဆာများ မကြာခဏ သွားလာတတ်ပုံရသည်။ အကယ်၍ သူတို့က တတ်နိုင်သမျှ ဓားပြတိုက်မည်ဆိုလျှင်လည်း ကိစ္စမရှိချေ။

သံသရာအရှင်သခင်၏ စကားသံက ထွက်ပေါ်လာပြီး သူတို့ကို ပြန်လာရန် အချက်ပြလိုက်သည်။

"ပင်မတာဝန်က ပြီးဆုံးသွားပြီ။ လူတစ်ယောက်ချင်းဆီက ကံကြမ္မာ အမှတ်(၃၅၀၀)ဆီ ရလိမ့်မယ်။ ပြန်လာခဲ့တော့ ..."

ကောင်းကင်ပေါ်မှ အလင်းတိုင်လုံးကြီး ကျဆင်းလာပြီး သူတို့(၄)ယောက်က သံသရာမြေကွက်လပ်ထဲသို့ ပြန်ရောက်လာကြသည်။ ထိုအချိန်တွင် ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားကြောင်း မုန့်ချီက ခံစားလိုက်ရ၏။

သံသရာအရှင်သခင်၏စကားသံကို နောက်တစ်ကြိမ် ကြားလိုက်ရသည်။

"မင်းတို့ရဲ့မရင့်ကျက်မှုတွေ၊ အတွေ့အကြုံမရှိတဲ့အရာတွေ ပျောက်ကွယ်သွားပြီး သံသရာကမ္ဘာကြီးထဲမှာ မင်းတို့က တဖြည်းဖြည်းပိုပြီးနက်ရှိုင်းလာပြီ။ နောက်တာဝန်ကတော့ တစ်နှစ်ကြာရင် ရင်ဆိုင်ရမယ့် သေမင်းတမန်တာဝန်ပဲ ... သေချာပြင်ဆင်ထားကြပါ…”

“ဒီတာဝန်မှာတော့ မင်းတို့က လျှို့ဝှက်ရတနာတွေ၊ တခြားမှော်အသုံးအဆောင်တွေ အသုံးပြုတာကို တားမြစ်ထားတယ်။ မင်းတို့က ကိုယ့်ရဲ့စွမ်းရည်၊ လက်နက်နဲ့ အကာအကွယ်ပစ္စည်းတွေကိုပဲ အားကိုးလို့ရမယ်။ ကုသရေးဆေးရည်တစ်ခုပဲ ယူသွားခွင့်ပေးမယ်…"

Translated by Hein Htet.

All Chapters