← Chapters

အခန်း (၆၇၈)

Vol. 46 Ch. 678

အခန်း (၆၇၈)

Vol. 46 Ch. 678

နောက်ထပ်တာဝန်တွင် သူတို့က လျှို့ဝှက်ရတနာများ၊ အဆောင်များ အသုံးပြုခွင့် ပေးမထားခဲ့ပေ။ ထို့ကြောင့် သူတို့၏အစွမ်းများ တိုးတက်လာစေရန် ပို၍အာရုံစိုက်သင့်သည်။

မုန့်ချီက သူ၏မူလအစီအစဉ်များကို ညှိနှိုင်းရမည် ဖြစ်၏။ ထို့ကြောင့် သူက တွေဝေပြီး စဉ်းစားနေမိခဲ့၏။

"ပထမကောင်းကင်လှေကားကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးသွားရင် အဓိကအချက်ကတော့ ကမ္ဘာကြီးရဲ့ လည်ပတ်ပုံကို မကြာခဏ အာရုံခံပြီး အနှစ်သာရတွေနဲ့ ပေါင်းစပ်ဖို့ပဲ။ တစ်ယောက်တည်း တံခါးပိတ်လေ့ကျင့်နေတာက အကျိုးမရှိနိုင်ဘူး။ ဒါပေမဲ့ ငါ့ရဲ့အသိပညာတွေ၊ အတွေ့အကြုံတွေက တော်တော်လေး ရှုပ်ထွေးတယ်။ ငါက ဓားမောက်သိုင်းပညာ ၊ ဓားရှည်သိုင်းပညာ ၊ လက်သီးသိုင်းပညာနဲ့ လက်ဝါးသိုင်းကွက်တို့ကို စုစည်းဖို့အတွက် (၆) လလောက် အချိန်ပေးရမယ်။ ပြီးတော့ ငါ သင်ယူထားခဲ့တဲ့ သိုင်းကွက်တွေအားလုံးကို အမှန်တကယ် နားလည်ဖို့အတွက်လည်း ကြိုးစားရဦးမယ်…"

အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က ပြောင်းလဲမှုကို အလေးထားပြီး ပုံတူကူးရာတွင် အတော်လေး ကောင်းမွန်သော်လည်း သူတို့က မုန့်ချီကို တခြားလှုပ်ရှားမှုများ လုပ်ဆောင်ခွင့် ပေးမထားခဲ့ပေ။ လှုပ်ရှားမှုတစ်ခုကို ရိုးရှင်းစွာ အသုံးပြုခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်စွာ အသုံးပြုခြင်း၏ ကြားထဲတွင် အလွန်ကြီးမားသော ကွာဟမှုကြီးတစ်ခု ရှိသည်။

ပထမတစ်မျိုးက တောင့်တင်းနေနိုင်ပြီး သိုင်းကွက်ကို သုံးသည့်အချိန်တွင် တခြားလူများက သိသွားနိုင်သည်။ တိုက်ပွဲတိုက်ခိုက်နေစဉ် အတောအတွင်း သိုင်းကွက်နှင့် လှုပ်ရှားမှုက လိုက်လျောညီထွေ မဖြစ်သည့်အတွက် အားနည်းချက်များကိုလည်း အလွယ်တကူ ရှာတွေ့သွားနိုင်၏။

အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်၏ အန္တရာယ် အာရုံခံနိုင်သည့် စွမ်းရည်သာ မရှိလျှင် မုန့်ချီက နာကျင်မှုများ ခံစားရမည်သာ ဖြစ်သည်။ ဒုတိယတစ်မျိုးက လောကသခင်ဓားသိုင်း (၆) ကွက်နှင့် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်တို့၏ အခြေခံအသိပညာများကို ထုတ်နှုတ်ပြီး သူ၏ကိုယ်ပိုင် ဓားမောက်သိုင်းပညာနှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် လှုပ်ရှားမှုအပေါ် သက်ရောက်ခံရတော့မည် မဟုတ်ချေ။

ထိုအရာက သူ၏သိုင်းကွက်များကို အချင်းချင်း ပူးပေါင်းခွင့်ရနိုင်ပြီး တခြားသူများ၏ အစွမ်းကို သင်ယူ၍ ချောချောမွေ့မွေ့ ချိတ်ဆက်နိုင်ပါလိမ့်မည်။ မုန့်ချီက ထိုအရာများကို လက်ထဲတွင် လှည့်ပတ်၍ ရနိုင်၏။

ထိုအရာက ဇာတ်လမ်းပြောသော ဓားသိုင်းပညာကဲ့သို့ ဖြစ်သည်။ လှုပ်ရှားမှုတိုင်းက နည်းလမ်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ ဓမ္မကာရအဆင့် သိုင်းကွက်များစွာနှင့် ဝေ့ကျင်းအဆင့် သိုင်းကွက်များစွာကို သင်ကြားခဲ့ပြီးနောက် သူက ထိုအရာများကို ကူးယူသည့် နည်းလမ်းကိုသာ အလေးထား၍ အသုံးပြုခဲ့သည်။

တစ်ကြိမ် နှစ်ကြိမ် အသုံးပြုခြင်းက အဆင်ပြေနိုင်သော်လည်း ရန်သူတစ်ယောက်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်မည်ဆိုလျှင် ကူးယူထားသည့် စည်းမျဉ်းများက ပေါ်သွားနိုင်သည်။ သူ့အစွမ်းက ရန်သူထက် အဆပေါင်းများစွာ သာလွန်နေခြင်း မရှိသရွေ့ အလွယ်တကူ ရှုံးနိမ့်သွားနိုင်၏။

သူက ဝေ့ကျင်းအဆင့်ကို ရောက်လာခဲ့သည့် အချိန်ကတည်းကစပြီး သူနှင့် တိုက်ခိုက်ခဲ့သော ရန်သူများက အသတ်ခံရခြင်း သို့မဟုတ် သူနှင့် အကြိမ်အနည်းငယ်သာ ရင်ဆိုင်ရသည့်အတွက် ပြဿနာ မရှိသေးပေ။

သို့သော် ယခု သေမင်းတမန်တာဝန်က ရောက်လာတော့မည် ဖြစ်သည်။ သူက ထိုအားနည်းချက်ကို သိနေသည့်အတွက် လျင်မြန်စွာ ပြင်ဆင်သင့်သည်။ အစစ်အမှန် ပညာရှင်တစ်ယောက်က ကူးယူသော နည်းလမ်းများကို အသုံးမပြုသည့် လူတစ်ယောက်သာ ဖြစ်၏။

သို့သော် သရုပ်ဖော်ပြသည့် ပုံရိပ်များကို မည်သို့ စွန့်လွှတ်ရမည်ဖြစ်ကြောင်း နားလည်ပြီး ကူးယူသည့် နည်းလမ်းများ၏ အနှစ်သာရများကို ဆုပ်ကိုင်ပြီး အခြေအနေအပေါ် မူတည်၍ ပေါင်းစပ်သင့်သည်။ ထို့ကြောင့် စိတ်ကူးယဉ်ဆန်သော ပုံပြင်များ ထွက်လာခဲ့ခြင်း ဖြစ်၏။

အတိတ်တွင် မုန့်ချီ၏ လက်ဝါးချက်နှင့် ဓားသိုင်းပညာများက ပညာရှင်အဆင့် ဖြစ်ခဲ့သည်။ သို့သော် သူက ဝေ့ကျင်းအဆင့်ကို ရောက်လာခဲ့ပြီးနောက် ခရီးများစွာ သွားလာခဲ့ရပြီး အစွမ်းထက်သော စွမ်းရည်နှင့် သိုင်းကွက်များစွာကို ရရှိခဲ့သည့်အတွက် အချင်းချင်း ပေါင်းစပ်နိုင်ခဲ့ခြင်း မရှိချေ။ သူတို့ကို သီးခြားဆီသာ အသုံးပြုခဲ့ရ၏။

ထိုအချက်အရ ပြောရမယ်ဆိုလျှင် ဓားမောက်သိုင်းပညာ၊ လက်သီးသိုင်းပညာနှင့် ကောင်းကင်ရွှေကျင့်စဉ်မှ လက်ဝါးသိုင်းပညာများက သူ၏ဓားရှည်သိုင်းပညာ ပြဿနာထက် ပို၍ပြင်းထန်နေသည်။ မုန့်ချီက ထိုအချက်ကို ကောင်းကောင်းကြီး နားလည်ထားသည့်အတွက် ထိုအရာကို ဖြေရှင်းရန် ကြိုးစားချင်နေခဲ့၏။

သူ့အတွက်အဓိကရလဒ်ကတော့ ‘ပြီးခဲ့တာတွေ ပြီးပါစေတော့’ဟူသော သိုင်းကွက်နှင့် ပေါင်းစပ်ထားသည့် တဟုန်ထိုးဓားသိုင်းပညာနှင့် ‘ကိုယ်တိုင် တည်ရှိမှု’ဟူသော သိုင်းကွက်၊ ကျဆင်းနေသိုင်းကွက်၊ တာအိုလောကနှင့် ဖရိုဖရဲဝဲကတော့ကို ပေါင်းစပ်ထားသော ‘စကြဝဠာသေတမ်းစာ’ သိုင်းကွက်ကိုသာ အစစ်အမှန် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

သူက ရင်ထဲတွင် ပြောင်းလဲမှုတိုင်းကို သေချာစဉ်းစားကြည့်နေပြီး တူညီသော အခြေအနေအပေါ် မူတည်၍ မည်သည့်အရာက အရေးကြီးဆုံးဖြစ်ကြောင်း တွေးတောကြည့်နေခဲ့၏။ သို့သော် ထိုအရာက သူ တွက်ချက်ထားခဲ့သော လှုပ်ရှားမှု(၂) ခုသာ ဖြစ်သည်။

သူ့ဆီတွင် ယခုအချိန်အထိ မပေါင်းစပ်ရသေးသော ဓားမောက်သိုင်းပညာ၊ ဓားရှည်သိုင်းပညာနှင့် လက်ဝါးသိုင်းကွက်များစွာ ရှိနေသေးသည်။ အဓိကလှုပ်ရှားမှု (၂) ခုကလည်း သူ ကိုယ်တိုင် အဆင့်မြှင့်၍ ကူးယူသော နည်းလမ်းများအဖြစ် ခွဲခြားထားသေးသည်။

သူက ကူးယူခြင်း နည်းလမ်းအသစ်၏ အနှစ်သာရများကို နားလည်ပြီး အချင်းချင်း ချိတ်ဆက်နိုင်ရန် အတော်လေး ကြိုးစားရဦးမည် ဖြစ်၏။ သူ၏လှုပ်ရှားမှုများက လက်ထဲတွင် အလိုက်သင့် အသုံးပြုနိုင်ပြီး အားနည်းချက် ကင်းမဲ့သော အဆင့်မျိုးသို့ ရောက်သည့်အချိန်တွင် သူက ထိုနေရာမှနေ၍ ကိုယ်ပိုင်တာအိုလမ်းစဉ်တစ်ခုကို ထုတ်ဖော်နိုင်ပြီး ဇာတ်လမ်းတစ်ခုလုံး၏ စိတ်ဝိညာဉ်ကဲ့သို့ လှုပ်ရှားနိုင်ပါလိမ့်မည်။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက ထိုအရာကို လုပ်ဆောင်ရန် နှစ်ဝက်ခန့် အချိန်ပေးရန် စီစဉ်ထားခဲ့၏။ မည်သို့ဖြစ်စေကာမူ သူက ထိုအရာကို သံသရာအရှင်သခင်ဆီတွင် အလဲအလှယ်လုပ်၍ ရနိုင်သည်။ အကယ်၍ သူက ထိုအခွင့်အရေးကို ဖြုန်းတီးလိုက်မည်ဆိုလျှင် နှမြောစရာကောင်း၏။

ကျန်းကျိဝေ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

"ဟုတ်တယ်။ ငါလည်း နှစ်ဝက်လောက် လဲလှယ်သင့်တယ်…"

သူမက တာအိုလောကသိုင်းကွက်ကို နားလည်လာခဲ့ပြီးနောက် လှုပ်ရှားမှုများက ထိုက်ရှန်ဓားသမားကဲ့သို့ ဖြစ်နေပြီး လမ်းကြောင်းအသစ်များ ပြောင်းလဲမှုများ ပေါ်လာခဲ့သည်။ သူမက (၂၃) ချက် ဓားသိုင်းကွက်ကို သင်ယူခဲ့သည့်အချိန်တွင် အနန္တဓားသိုင်းက ပို၍စစ်မှန်လာခဲ့သည်။

(၂၃) ချက် ဓားသိုင်းကွက်ပေါ်တွင် ရှိနေသော သတ်ဖြတ်ခြင်း (၆) သွယ်၊ တာအိုကို ဖြတ်တောက်ခြင်းနှင့် အစစ်အမှန်ကို ရှာဖွေခြင်းဟူသော သိုင်းကွက်များကလည်း အတူတူသာ ဖြစ်၏။ လက်ရှိအဆင့်တွင် သူမကလည်း တခြားဓားသိုင်းပညာများ၏ အနှစ်သာရများကို ထုတ်နှုတ်ပြီး တာအိုလောကသိုင်းကွက်မှ နားလည်ထားသော ဆန်းကြယ်မှုများနှင့် ပေါင်းစပ်ရမည် ဖြစ်သည်။ ထို့နောက် ဝေ့ကျင်းအဆင့် ဓားသိုင်းပညာများ၏ ဟာကွက်ကို ဖယ်ရှားရန် ကြိုးစားရမည် ဖြစ်၏။

မုန့်ချီက သူ့အတွေးကို ထောက်ခံသူ ရသွားသည့်အတွက် အပြုံးနှင့် ပြောလိုက်သည်။

"အဲဒီအပြင် ငါက ဓားရှည် (၃) လက်နဲ့ လိုက်ဖက်အောင် ဓားမောက်သိုင်းကွက် (၃)လက် သိုင်းကွက်ကိုလည်း လဲဖို့ စီစဉ်ထားတယ်။ ဒါဆိုရင် ဓားမောက်သိုင်းပညာနဲ့ ဓားရှည်သိုင်းပညာကို အတင်းအကျပ် ပေါင်းစပ်ရမယ့်အစား အလွယ်တကူ စုစည်းနိုင်လိမ့်မယ်။ ပြီးတော့ ငါက ကောင်းကင်ပြစ်ဒဏ်ဓားရဲ့ အရည်အသွေးကို မြှင့်တင်ဖို့လည်း စီစဉ်ထားတယ်။ အဲဒီအရာကို ထိပ်တန်းလက်နက်အဆင့် ရောက်စေချင်တယ်…"

ထိုအရာက ဓားမောက် (၃) လက် ၊ ဓားရှည် (၃) လက်နှင့် စိတ်ဝိညာဉ် (၃) မျိုး သိုင်းကွက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ မကောင်းဆိုးဝါးနတ်ဘုရား ရွှမ်တျန်းက ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော ဓားမောက်သိုင်းကွက်များစွာထဲမှ (၁၀) ကွက်ကို ထုတ်နှုတ်ထားခဲ့သည်။

တိုက်ခိုက်မှုတစ်ခုက လေဟာနယ်ကို ပိုင်းခြားလိုက်ပြီး ရှုပ်ထွေးရာမှ ရိုးရှင်းသွားစေနိုင်သည့် အကျိုးသက်ရောက်မှုမျိုး ရှိနေသည်။ ထိုအရာက မုန့်ချီ ကိုးကားနိုင်သော ဓားမောက်သိုင်းပညာ၏ အနှစ်သာရလည်း ဖြစ်၏။

စကားပြောပြီးသွားသည့်အချိန်တွင် မုန့်ချီက ထိုအရာကို စဉ်းစားပြီးသွားပြီ ဖြစ်သည်။ သူက ဓားမောက် (၃) ချောင်း ဓားသိုင်းပညာအတွက် ကံကြမ္မာအမှတ် (၈၈၀၀) သုံးလိုက်ပြီး (၆) လစာ လေ့ကျင့်မှုအတွက် ကံကြမ္မာအမှတ် (၁၂၀၀) သုံးလိုက်သည်။ ထို့နောက် သူက ကောင်းကင်ပြစ်ဒဏ်ဓားကို အဆင့်မြှင့်တင်ရန် သံသရာအရှင်သခင်ဆီ၌ ပစ္စည်းတချို့ ရွေးချယ်လိုက်ရာ အလယ်အလတ်အဆင့်မှနေ၍ ထိပ်တန်းအဆင့်ကို ကံကြမ္မာအမှတ် (၁၂၀၀) ကုန်ကျခဲ့သည်။

"ကောင်းကင်ပြစ်ဒဏ်ဓား …

အဆင့်မြင့် အဖိုးတန်လက်နက်အဆင့် ကောင်းကင်မိုးကြိုးရွှေနဲ့ ဖန်တီးထားတဲ့ ဓားသွား၊ ကောင်းကင်မိုးကြိုးသစ်သားနဲ့ ဖန်တီးထားတဲ့ လက်ကိုင် ၊ တခြားအဖိုးတန်ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတယ်။ ထူးထူးခြားခြားကို လေးလံပြီး အလေးချိန် (၇၀၀) ကီလိုဂရမ်ထက် ပိုလေးတယ်။ အဲဒီအရာက လျှပ်စီးကြောင်းမျိုးစုံကို ထိန်းချုပ်နိုင်ပြီး အရမ်းအစွမ်းထက်တယ်။ ဒီလက်နက်က ကံကြမ္မာအမှတ် (၆၇၀၀) တန်ကြေးရှိတယ်.."

နွားရိုင်းမိစ္ဆာဘုရင်၏သွေးကို စုပ်ယူထားခဲ့သော ရေလှိုင်းမီးတောက်ဓားကတော့ လက်ရှိအချိန်တွင် ထိပ်တန်းအဆင့်ကို နီးကပ်နေပြီ ဖြစ်သည်။ သံသရာအရှင်သခင်၏ အကူအညီ မလိုအပ်ဘဲ တိုက်ပွဲများစွာအတွင်း ရေလှိုင်းမီးတောက်ဓားက အဆင့်တက်သွားနိုင်သည်ဟု မုန့်ချီက သေချာယုံကြည်နေခဲ့၏။

ထိုအရာများအားလုံး ပြီးဆုံးသွားသည့်အချိန်တွင် မုန့်ချီဆီ၌ ကံကြမ္မာအမှတ် (၁၁၉၀) ကျန်နေသေး၏။ သူက သူ့မိတ်ဆွေများကို အပြုံးနှင့် ပြောလိုက်သည်။

"ဘယ်သူက ကံကြမ္မာအမှတ်ငှားပြီး လေ့ကျင့်ချင်သေးလဲ။ သေမင်းတမန် တာဝန်မတိုင်ခင် ပြန်ပေးဖို့တော့ မမေ့နဲ့ပေါ့…"

သူက အကာအကွယ်ရတနာများ၊ အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်အတွက် ပစ္စည်းများကို စိုးရိမ်နေရန် မလိုအပ်ပေ။ တာအိုလောကသိုင်းကွက်ကို ဒုတိယတစ်ကြိမ် လေ့လာချင်သည်ဆိုလျှင် ကံကြမ္မာအမှတ်များ ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ အင်မော်တယ်အဖွဲ့သားများ ဖြစ်နေလျှင်ပင် သူတို့၏ဆန္ဒကို ဖိနှိပ်ပြီး တစ်ကြိမ်တည်း နားလည်ကြမည် မဟုတ်ကြောင်း မုန့်ချီက သေချာနေခဲ့၏။ အကယ်၍ သူတို့ကသာ ထိုကဲ့သို့ အဖိုးတန် အခွင့်အရေးကို အရယူနိုင်ခြင်း မရှိလျှင် အရူးသာ ဖြစ်ပါလိမ့်မည်။

ထို့ပြင် မုန့်ချီဆီတွင် ကံကြမ္မာအမှတ်များ လဲလှယ်နိုင်သော တခြားအရာများ ရှိနေသေး၏။ သူက ခေါင်းထဲတွင် ရှိနေသော ရှန့်မြစ်နတ်သမီး၏ ကျင့်စဉ်များကို မေ့လျော့နေခဲ့ပြီး ရှားပါးတွင်းထွက်ပစ္စည်းများ ဆေးရည်များ ဝယ်နိုင်သော ယပ်တောင်(၆) လက်ကျောင်းမှ လခကိုလည်း မေ့နေခဲ့သည်။

မုန့်ချီ ပြောသည့်စကားကို ကြားသည့်အခါ ကျိုးဟမ်၏ မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

"ပစ္စည်းလုံလုံလောက်လောက် ရှိတယ်ဆိုရင်တော့ ငါက တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ ဒါပေမဲ့ ပထမကောင်းကင်လှေကားကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ဖို့ကတော့ တံခါးပိတ် လေ့ကျင့်မှပဲရမယ်…"

ထိုအရာက ဝေ့ကျင်းအဆင့်တွင် ပထမ အတားအဆီး ဖြစ်သည်။ အဓိကအချက်ကတော့ စိန်ခေါ်မှုများ လိုအပ်နေသော ကမ္ဘာကြီး၏ စည်းမျဉ်းများကို နားလည်ရန် ဖြစ်၏။

မူလတုန်းကတော့ ရွမ်ယုရှုက လေ့ကျင့်ရန် အချိန်ကို လဲလှယ်ရန် ရွေးချယ်ခဲ့ခြင်း မရှိသည်မှာ သူမဆီ၌ လေ့ကျင့်ရန် လိုအပ်သော ရှားပါးတွင်းထွက်ပစ္စည်းများကို တာဝန်မတိုင်ခင် သံသရာအရှင်သခင်ဆီသို့ ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။

ပုံမှန်အခြေအနေမျိုးတွင်တော့ လုံလောက်သော ပစ္စည်းမရှိလျှင် (၅) နှစ် ၊ (၆) နှစ်ခန့် တံခါးပိတ်လေ့ကျင့်နေလျှင်လည်း ဒုတိယကောင်းကင်ဝေ့ကျင်းအဆင့်ကို တက်လှမ်းရန် အခွင့်အရေး မရှိနိုင်ပေ။ ထို့ကြောင့် သူမ၏ပထမဆုံး ရွေးချယ်မှုက ပစ္စည်းများ ဖြစ်သည်။

ယခု မုန့်ချီဆီတွင် ကံကြမ္မာအမှတ်တချို့ ကျန်နေကြောင်း သိလိုက်ရသည့်အချိန်တွင် သူမက ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ရန် ကြိုးစားလိုက်သည်။ သူမက တိုးတိုးလေး ပြောလိုက်၏။

"ငါက နင့်ရဲ့ကံကြမ္မာအမှတ်တွေ လိုတယ်…"

လုံလောက်သောအချိန်နှင့် ရှားပါးတွင်းထွက်ပစ္စည်းများ ရှိနေလျှင် တာဝန်မတိုင်ခင် တတိယကောင်းကင်ဝေ့ကျင်း အဆင့်ကို ရောက်ရှိနိုင်ခြင်းက သူမအတွက် အိပ်မက်တစ်ခု မဟုတ်နိုင်တော့ပေ။

"လဲပြီးသွားရင် ငါနင့်ကို ပြန်ပေးမယ်။ ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် တံခါးပိတ် လေ့ကျင့်ဖို့အတွက် ဒီမှာနေရဦးမှာပဲ…"

မုန့်ချီကတော့ အင်မော်တယ်များနှင့် ပူးပေါင်းရန်ကိစ္စကို စဉ်းစားမိသွားပြီး စကားပြောပြီးမှသာ ရွမ်ယုရှုကို အမှတ်များ ချေးပေးရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ သူမကသာ အင်မော်တယ်အဖွဲ့နှင့် ပူးပေါင်းရန် သဘောတူမည်ဆိုလျှင် ရရှိနိုင်သော အရာများက ကျင့်စဉ်များသာ မဟုတ်ဘဲ အင်မော်တယ်လမ်းကြားထဲတွင် ရောင်းချနေသော ရှားပါးတွင်းထွက်ပစ္စည်းများကိုလည်း လဲလှယ်နိုင်သည်။ သူမက အဖွဲ့တာဝန်များကိုပြီးဆုံးအောင် လုပ်ဆောင်လျှင်လည်း ကံကြမ္မာအမှတ်အပိုများ ရနိုင်သေး၏။

သူမက လေ့ကျင့်သည့်အချိန် ပြီးဆုံးသွားသည်ကို ရိုးရှင်းစွာ စောင့်နေပြီး တတိယကောင်းကင်ဝေ့ကျင်းအဆင့်ကို ရောက်သည့်အချိန်ထိ စောင့်နေရန်သာ လိုအပ်သည်။

မုန့်ချီ၏ ဥပမာအတိုင်း ကျန်းကျိဝေကလည်း လဲလှယ်ရန် လိုအပ်သည့်အရာများကို ဆုံးဖြတ်ခဲ့၏။ သူမက အလင်းတိုင်လုံး၏ ရှေ့သို့ လျှောက်သွားပြီး ဤအချိန် အတောအတွင်း ရရှိထားခဲ့သည့် ဓားသိုင်းပညာများကို လေ့ကျင့်ရန် အချိန်(၆)လ လဲလှယ်ခဲ့သည်။ သို့သော် ထိုအရာများက တာအိုလောက နှင့် အင်မော်တယ်ယုတင်၏ ဓားသိုင်းပညာများတွင် ကန့်သတ်ထားခြင်း မဟုတ်ချေ။

ထို့နောက် သူမက နေဖောက်သက်တန့်ဓားကို အားဖြည့်ရန် ဓားအားဖြည့်အရက်ဝယ်ရန်အတွက် ကံကြမ္မာအမှတ် (၂၂၀၀) သုံးခဲ့သည်။ သူမက တံခါးပိတ်လေ့ကျင့်ပြီးသွားလျှင် စိန်ခေါ်မူများကို ဆက်တိုက်ရင်ဆိုင်မည် ဖြစ်၏။ ထိုအချိန်တွင် သူမ၏ဓားက အလိုလို အဆင့်မြင့်တက်လာရန် မျှော်လင့်နေခဲ့သည်။

ထိုအရာ (၂) ခုကို လဲလှယ်လိုက်ပြီးနောက် သူမက အပြုံးနှင့် ပြောလိုက်၏။

"တကယ်လို့ ဘယ်သူမှ အမှတ်မချေးချင်တော့ဘူးဆိုရင် ငါက အကာအကွယ် ရတနာတစ်ခု လဲလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားပစ္စည်းတွေက အလုပ်မှမဖြစ်တာ..."

ရွမ်ယုရှုက မုန့်ချီ၏ ကံကြမ္မာအမှတ်ကို ချေးပြီးသွားပြီ ဖြစ်သည်။ ချီကျန်းရန်က ခေါင်းခါပြလိုက်ပြီး သူ့ဆီတွင် ကံကြမ္မာအမှတ် အလုံအလောက်ရှိကြောင်း အချက်ပြလိုက်၏။

ထို့နောက် ကျန်းကျိဝေက ခဏကြာရွေးချယ်ပြီး သဏ္ဍာန်မဲ့ကောင်းကင်ဝတ်စုံကို လဲလှယ်လိုက်သည်။ ထိုအရာက ထိပ်တန်းအဆင့် အဖိုးတန် လက်နက်တစ်ခုဖြစ်ပြီး ကံကြမ္မာအမှတ် (၈၈၀၀) တန်ကြေး ရှိ၏။ ထိုဝတ်စုံကို ပြည့်ပြည့်ဝဝ အသက်သွင်းလိုက်သည့်အချိန်တွင် မုန့်ချီ၏ လက်ရှိအကာအကွယ် စွမ်းအားများနှင့် ညီမျှပြီး ရေနှင့်မီးကို ခံနိုင်ရည်ရှိသည်။

"အစ်ကိုချီ …

အခုထိ မဆုံးဖြတ်ရသေးဘူးလား…"

မုန့်ချီက ပြန်လှည့်လာပြီး ချီကျန်းရန်ကို စိုက်ကြည့်လိုက်သည်။

ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"ရွှေနဂါးဓားရဲ့အဆင့်ကို ထိပ်တန်းအဆင့်ထိ မြှင့်မယ်။ လေ့ကျင့်မှုကို အကူအညီပေးဖို့အတွက် အမှောင်ဖရိုဖရဲသလင်းကျောက်တစ်ခု လဲမယ်။ ပြီးတော့ တစ်နှစ် လေ့ကျင့်ဖို့အတွက် လဲမယ်…"

ဖရိုဖရဲစာအုပ်ကျင့်စဉ်က အဆင့်တိုင်းတွင် မတူညီသော စွမ်းအားများကို လိုအပ်သည်။ ထို့ပြင် အဆင့်ဆင့် ခွဲထွက်သွားသော ရှားပါးတွင်းထွက်ပစ္စည်းများကိုလည်း လိုအပ်၏။ ဥပမာအနေနှင့် ပြောရလျှင် ချီကျန်းရန်က ခရမ်းကြယ်မြစ်သိုင်းကွက်ကို လေ့ကျင့်သည့် အချိန်တွင် ကြယ်ကြွေဗဟိုကို လဲလှယ်ရန် လိုအပ်သည်။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖရိုဖရဲစွမ်းအား ရှိနေသော ပစ္စည်းအမြောက်အမြား မကုန်ခဲ့ပေ။

ထိုကိစ္စနှင့် ပတ်သက်ပြီး ချီကျန်းရန်ဆီတွင် ကိုယ်ပိုင်အတွေးများ ရှိနေကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက သူ့ကို အကြံမပေးခဲ့ပေ။ ထိုအစား သူက အပြုံးနှင့် မေးလိုက်၏။

"အစ်ကိုချီက နောက်တာဝန်မှာ တတိယကောင်းကင်အဆင့်ကို ရည်ရွယ်ထားတာလား…"

ချီကျန်းရန်က ခေါင်းညိတ်ပြလိုက်ပြီး တစ်နှစ်စာ လေ့ကျင့်ရန်အတွက် ကံကြမ္မာအမှတ် (၂၄၀၀) ပေးလိုက်ပြီး အမှောင်ဖရိုဖရဲ သလင်းကျောက်အတွက် ကံကြမ္မာအမှတ် (၂၀၀၀) ပေးလိုက်သည်။ ထို့နောက် သူက နဂါးအရိုးအတွက် ကံကြမ္မာအမှတ် (၄၆၀၀) လဲလှယ်လိုက်ပြီး သူ၏ရွှေနဂါးဓားကို အဆင့်မြှင့်လိုက်သည်။ ထိုအရာက သူ၏လေ့ကျင့်မှုနှင့် ရွှေနဂါးဓားကို အဆင့်မြှင့်တင်ရန် ဖြစ်၏။

"ရွှေနဂါးဓား …

ထိပ်တန်း အဖိုးတန်လက်နက်တစ်ခု ဖြစ်သွားတဲ့ ရေခဲနဂါးဓား။ သူ့ရဲ့ဓားသွားက အထူးတည်ငြိမ်ပြီး ထက်မြက်တယ်။ ထိပ်သီးအဆင့်လို့ သတ်မှတ်နိုင်ပြီး ဖျက်ဆီးဖို့ ခက်ခဲတယ်။ သူ့ရဲ့ဓားသွားတွေက ထက်မြက်ပြီး သတ္တုတွေ ကျောက်တုံးတွေကိုတောင် ဖြတ်ပစ်နိုင်တယ်။ တကယ်လို့ လူတစ်ယောက်ကသာ ဒီဓါးနဲ့ အခုတ်ခံလိုက်ရမယ်ဆိုရင် သွေးတွေ၊ နှလုံးသားတွေက အေးခဲသွားလိမ့်မယ်။ ကောင်းကောင်းအသုံးချမယ်ဆိုရင် တိုက်ခိုက်မှုက တိမ်တိုက်တွေ မြူခိုးတွေကို လွင့်မျောသွားစေနိုင်ပြီး ရာသီဥတုကို ပြောင်းလဲသွားစေနိုင်တယ်။ ဓားချီစွမ်းအားတွေနဲ့ မြစ်တွေကိုတောင် အေးခဲသွားစေနိုင်တယ်။ ကံကြမ္မာအမှတ် (၆၄၀၀) တန်ကြေးရှိတယ်…"

လဲလှယ်မှုများ ပြီးဆုံးသွားသည့်အချိန်တွင် မုန့်ချီ အပါအဝင် တခြား (၃) ယောက်က တံခါးပိတ်လေ့ကျင့်ရန် လိုအပ်သည်။ ကျိုးဟမ်ကတော့ သူတို့ကို နှုတ်ဆက်ပြီး သံသရာမြေကွက်လပ်ထဲမှ ထွက်ခွာသွားခဲ့၏။

ကျိုးဟမ် ထွက်သွားသည်ကို မြင်သည့်အခါ မုန့်ချီက လည်ချောင်းရှင်းလိုက်သည်။ သူက အင်မော်တယ်များနှင့် ပတ်သက်၍ ကျန်းကျိဝေကို ပြောပြခဲ့သည့်အတိုင်း သေချာရှင်းပြလိုက်၏။

ရွမ်ယုရှုက တိတ်တဆိတ် နားထောင်နေပြီး တွေဝေမနေခဲ့ပေ။

"ကိစ္စမရှိဘူး ငါလည်း ဝင်မယ်…"

သေမင်းတမန်တာဝန်က အနားကို ကပ်နေပြီဖြစ်သည့်အတွက် သူမက ငြင်းဆန်ရန် အကြောင်းပြချက် မရှိပေ။ ထိုအရာက သူမ၏မိသားစုကို ထိခိုက်မှုမရှိဘဲ အစွမ်းများ တိုးတက်စေနိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ထိုအရာက သူမ ယုံကြည်ရသည့် မိတ်ဆွေများ၏ ထောက်ခံချက်လည်း ဖြစ်၏။

မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက ချီကျန်းရန်ကို အပြုံးနှင့် ကြည့်လိုက်သည်။

"အစ်ကိုချီကရော.."

ချီကျန်းရန်က အေးအေးဆေးဆေးသာ ပြောလိုက်၏။

"ငါက ချုပ်နှောင်ခံရတာတွေကို မကြိုက်ဘူး။ ဒါကြောင့် ငါတော့ မဝင်တော့ဘူး…"

ထို့နောက် သူက ပြန်လှည့်ပြီး တံခါးပိတ်လေ့ကျင့်ရန်အတွက် သူ့အခန်းထဲကို လျှောက်သွားခဲ့သည်။ မုန့်ချီက သူ့ကို နားချနိုင်ခြင်းပင် မရှိချေ။

"အစ်ကိုချီက နည်းနည်းတော့ ထူးဆန်းနေတယ်…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

"သူ့ရဲ့အစွမ်း တိုးတက်ဖို့ဆိုရင် သူက သူ့ဂိုဏ်းရဲ့ ကျင့်စဉ်တွေကိုတောင် သံသရာအရှင်သခင်နဲ့ လဲလှယ်နိုင်တယ်။ သေမင်းတမန်တာဝန်က နီးကပ်နေတဲ့အချိန်မှာ ဘာလို့ သူက ပြတ်ပြတ်သားသား ငြင်းရတာလဲ။ အင်မော်တယ်အဖွဲ့ကို ပူးပေါင်းမယ်ဆိုရင် အကျိုးအမြတ်တွေလည်း အများကြီးရနိုင်တယ် မဟုတ်လား။ ငါက အခုအချိန်ထိ တာအိုလောကသိုင်းကွက် အကြောင်းကိုတောင် မပြောရသေးဘူး…"

ရွမ်ယုရှုက ရုတ်တရက် ပြောလိုက်သည်။

"နင်က အစိမ်းရောင်သစ်ပင်လေးကို ယူလိုက်တဲ့အချိန်မှာ ချီကျန်းရန်က တော်တော်လေး အံ့သြသွားခဲ့တယ်။ အဲဒါက သူ မထင်ထားတဲ့အရာတွေဖြစ်နေလို့ အံ့ဩသွားတဲ့ပုံစံမျိုးပဲ…"

သူမက အမြင်စူးရှသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

"ကြည့်ရတာ သူက သစ်ပင်ထဲမှာရှိတဲ့ပင်စည်ကို ထိချင်နေတဲ့ပုံစံမျိုးပဲ…"

ကျန်းကျိဝေက ထိုမြင်ကွင်းကို ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။

မုန့်ချီက မျက်မှောင်ကြုတ်နေမိ၏။

"အစ်ကိုချီက တစ်ခုခုကို ဖုံးကွယ်ထားတာများ ဖြစ်နိုင်မလား။ ကျိဝေ… သံသရာမြေကွက်လက်ထဲကနေ ထွက်သွားတဲ့အချိန်ကျရင် ယုရှုကို အင်မော်တယ်အဖွဲ့ဆီ ခေါ်သွားပေးလိုက်ဦး။ ငါက အစ်ကိုချီနဲ့ စကားသွားပြောကြည့်လိုက်မယ်…"

မုန့်ချီက ဆက်ပြောလိုက်၏။

"ကောင်းပြီလေ…"

ကျန်းကျိဝေက စကားများများ မပြောခဲ့ပေ။

မုန့်ချီက ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး အင်မော်တယ်များနှင့် ပတ်သက်၍ ရွမ်ယုရှုကို အသေးစိတ် ရှင်းပြလိုက်သည်။ သူတို့ ဆွေးနွေးပြီးသွားသည့်အချိန်တွင် ရွမ်ယုရှုက လနတ်သမီး နာမည်ကို ရွေးချယ်လိုက်၏။ ထိုအရာထဲတွင် သံစဉ်နှင့် ပတ်သက်သော ဗဟုသုတများ ပါဝင်နေသည်။

အကယ်၍ သူမက အရေးပါသော အခြေအနေမျိုးတွင် သံစဉ်စွမ်းရည်များကို ပြောင်းလဲလိုက်မည်ဆိုလျှင်ပင် သံသယဝင်စရာ မရှိတော့ချေ။ ထို့ပြင် သိုင်းကွက်များက သူမ၏ကိုယ်ဖော့ပညာကို တိုးတက်လာအောင် ကူညီပေးနိုင်ပြီး သူမ၏အသက်ကို ကယ်တင်ရန်အတွက် လုံလောက်သည်။

ရွမ်ယုရှုက အထွဋ်အမြတ် ဉာဏ်ပညာသစ်ပင်ကို လေ့လာပြီးသွားသည့်အချိန်တွင် မုန့်ချီက တံခါးပိတ်လေ့ကျင့်လိုက်ပြီး စိုးရိမ်မှုများကို ယာယီဖယ်ရှားထားလိုက်၏။

Translated by Hein Htet.

All Chapters