အခန်း (၆၇၉)
Vol. 46 Ch. 679
ကြမ်းတမ်းခက်ထန်သော မြေမျက်နှာသွင်ပြင် ရှိနေသည့် ကျက်သရေ(၄)သွယ် တောင်တန်းတွင် လှပသောမြင်ကွင်းများ၊ နွေရာသီရေပူစမ်းများ ရှိနေ၏။ ထိုနေရာက မြစ်အရှေ့ပိုင်းကဲ့သို့ နူးညံ့သိမ်မွေ့သည့်အပြင် ဟွမ်စီရင်စုကဲ့သို့လည်း မတ်စောက်သည်။
မုန့်ချီကတော့ အတော်လေးကို စိုးရိမ်နေခဲ့၏။ သူက ဟွမ်ဟွာဓားဂိုဏ်း၏ တံခါးဆီသို့ နောက်တစ်ကြိမ် ရောက်လာခဲ့ပြီး သူ လာလည်သည့်အကြောင်း အစောင့်တပည့်ကို ပြောပြလိုက်သည်။
"သခင်လေးစု …
ဂိုဏ်းတူအစ်ကိုချီက မနေ့တုန်းကမှ ထွက်သွားတာ ... နှမြောစရာပဲ…"
လာရောက်သူက သတ်ဖြတ်ရေးဓား စုမုန့်ဖြစ်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် အစောင့်တပည့်က သူ့ကို ဆန့်ကျင်ခဲ့ခြင်း မရှိချေ။ သူက အလွန်နာမည်ကျော်ကြားသော သခင်လေးကို တိတ်တဆိတ် ကြည့်နေခဲ့ရာ သူထင်ထားသည့်ပုံစံနှင့် အတော်လေးကို တူညီနေကြောင်း တွေ့လိုက်ရသည်။ သူ့ပုံစံက ရန်လိုနေခြင်း မရှိဘဲ တက်ကြွနေပြီး အဖြူရောင်ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ သက်သောင့်သက်သာခံစားရသည်။
မုန့်ချီက ရင်ထဲတွင် တွေးနေမိခဲ့၏။
"အစ်ကိုချီက ရောက်လာလာချင်း နောက်တစ်ကြိမ် ထွက်သွားပြန်ပြီ။ သူက တကယ်ပဲ တစ်ခုခုကို တွေ့ခဲ့ရတာလား ... "
"ညီလေး ...သူ ဘယ်ကိုသွားလဲဆိုတာသိလား…"
မုန့်ချီက မေးလိုက်သည်။
စုမုန့်က သူ့အပေါ် ရင်းရင်းနှီးနှီး ဆက်ဆံနေသည့်အတွက် အစောင့်တပည့်က အနည်းငယ် လှုပ်ရှားပြီး အံ့သြသွားခဲ့သည်။ သူက လျင်မြန်စွာ ပြောလိုက်၏။
"စီနီယာအစ်ကိုစုက ဒီလိုခေါ်နေတော့ ကျွန်တော်လည်း တော်တော်လေးကို စိတ်လှုပ်ရှားမိတယ်။ ဂိုဏ်းတူအစ်ကိုချီက ယဲ့တူကို သွားမယ်လို့ ပြောသွားတယ်ဗျ.."
"ယဲ့တူလား ..."
မုန့်ချီက ထိုအစောင့်တပည့်ကို နှုတ်ဆက်လိုက်ပြီးနောက် လေထဲသို့ ပျံသန်းသွားခဲ့သည်။
ထို့နောက် သူက ဟွမ်စီရင်စု၏ နယ်မြေခံရုံးရှိရာသို့ ဦးတည်သွားခဲ့သည်။ ယဲ့တူတွင် ယပ်တောင်(၆)လက်ကျောင်းမှ ရုံးတော်တစ်ခုရှိပြီး ထိုရုံးတော်က ငွေတံဆိပ်လူဆိုးထိန်း ရုံးတော်လည်း ဖြစ်သည်။
မုန့်ချီက ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်မှုအစွမ်းနှင့် ချီကျန်းရန်ကို ခြေရာမခံနိုင်သည့်အပြင် ယဲ့တူကို တာဝန်ယူထားရသော ဟွမ်ဟွာဓားဂိုဏ်းမှ ဝေ့ကျင်းအဆင့်ပညာရှင်များကလည်း သူ့ကို မတွေ့ခဲ့ကြပေ။ ထို့ကြောင့် မုန့်ချီက ယပ်တောင်(၆)လက်ကျောင်း၏ သတင်းကွန်ယက်ကို အသုံးပြုပြီး ရှာဖွေရန် စီစဉ်လိုက်သည်။
"စိတ်မပူပါနဲ့ ...
ငါတို့သတင်းရတာနဲ့ မင်းကို အကြောင်းကြားလိုက်မယ်…"
ယခင်တုန်းက အစိမ်းရောင်လက်ပတ် လူဆိုးထိန်းဖြစ်ခဲ့သော်လည်း ယခုငွေတံဆိပ် လူဆိုးထိန်း ဖြစ်နေသည့် ကုံယုက ပြောလိုက်သည်။
သူက မုန့်ချီနှင့် ရင်းနှီးပြီးသားဖြစ်သည့်အတွက် အပြုံးနှင့်ပြောလိုက်၏။
"နှစ်ပေါင်းများစွာ ကြာတော့ မင်းက ပထမကောင်းကင်လှေကားကိုဖြတ်ပြီး ခရမ်းရောင်လက်ပတ်ဝတ် ဖြစ်နေပြီ ... မင်းရဲ့အစွမ်းနဲ့ ရာထူးကလည်း ငါတို့အားလုံးထက် ကျော်သွားပြီ…"
"ဟင် ... ခရမ်းရောင်လက်ပတ်ဝတ် ဟုတ်လား…"
မုန့်ချီက ပြန်မေးလိုက်သည်။
ကုံယုက သေချာစဉ်းစားပြီး ပြန်ပြောလိုက်၏။
"မင်းက အခုအချိန်အထိ ယပ်တောင်(၆)လက်ကျောင်းကို မဆက်သွယ်ရသေးဘူးလား။ မင်းက ပထမကောင်းကင်လှေကားကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးသွားတဲ့အချိန်မှာ လော့ရန်ဌာနချုပ်က မင်းကို ခရမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းအဖြစ် ရာထူးတိုးပေးလိုက်တယ်။ တကယ်လို့ မင်းကသာ အရင်နှစ်တွေအတွင်း တာဝန်တွေလုပ်ခဲ့မယ်ဆိုရင် ရွှေတံဆိပ်လူဆိုးထိန်း ဖြစ်ရမှာ…"
"ဒါဆိုရင် လစာ ဘယ်လောက်တိုးသွားတာလဲ ..."
မုန့်ချီက အရေးကြီးဆုံးအချက်ကိုသာ တိုက်ရိုက်မေးခဲ့သည်။
ကုံယုက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"မင်းက တစ်နှစ်ကို ရှားပါးတွင်းထွက်ပစ္စည်း(၃)စုံလောက် လဲနိုင်လိမ့်မယ် ..."
မုန့်ချီက ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီဖြစ်သည့်အတွက် ရှားပါးတွင်းထွက် ပစ္စည်းများကို အလိုအပ်ဆုံးဖြစ်ကြောင်း သူလည်း သိနေခဲ့သည်။
"မဆိုးပါဘူး…"
မုန့်ချီက ပြုံးလိုက်၏။ သူ စုဆောင်းထားသော ငွေကြေးများ ပေါင်းလိုက်မည်ဆိုလျှင် သူက ယပ်တောင်(၆)လက်ကျောင်းမှ တစ်နှစ်လျှင် ရှားပါးတွင်းထွက်ပစ္စည်း (၅)စုံစာခန့် တောင်းဆို၍ ရနိုင်သည်။ ထိုအရာက ကမ္ဘာကြီး၏တစ်ဝက်ခန့်ကို အုပ်စိုးထားသော နန်းတွင်း၏အာဏာဖြစ်ပြီး အတော်လေးကို ခိုင်မာသော အုတ်မြစ်တစ်ခုလည်း ရှိနေသည်။
ခဏကြာ စကားပြောလိုက်ပြီးနောက် မုန့်ချီက တံခါးဆီကို လျှောက်သွားကြောင်း မြင်လိုက်ရသည့်အခါ ကုံယုက သူ့ကို ဧည့်သည်တစ်ယောက်ကဲ့သို့ တလေးတစား ဆက်ဆံခဲ့သည်။
မုန့်ချီက တံခါးမှ ထွက်လာခဲ့သည့်အချိန်တွင် သူ့လမ်းကြောင်းကို တားဆီးထားသောအရာတစ်ခု တွေ့လိုက်ရသည်။ ထိုအချိန်တွင် အလွန်သိပ်သည်းသော ကန့်လန့်ကာတစ်ခု အုပ်ထားသည့် အနက်ရောင် မြင်းလှည်းတစ်စီးက အနီးအနားလမ်းကြားထဲမှ ထွက်လာပြီး မုန့်ချီ၏ရှေ့တွင် ရပ်လိုက်၏။
မြင်းလှည်းသမားက ခါးကုန်းကုန်းနှင့် လူတစ်ယောက်ဖြစ်ပြီး သူ၏အငွေ့အသက်များက အလွန်တည်ငြိမ်နေသည်။ သူ၏အသွေးအသားများထဲတွင် ကြောက်စရာကောင်းသော အစွမ်းမျိုးရှိနေပြီး သူကလည်း ထူးချွန်သော ပညာရှင်တစ်ယောက် ဖြစ်၏။
"ဘယ်သူက ဒီလိုပညာရှင်တစ်ယောက်ကို မြင်းလှည်းသမားတစ်ယောက်အဖြစ် ခေါ်ထားတာလဲ ..."
ရုတ်တရက် ဆိုသလို မုန့်ချီက ကူရှောင်စန်းကို အမှတ်ရသွားခဲ့သည်။ သူတို့ပထမဆုံး တွေ့ခဲ့သည့်အချိန်တွင် သူမ၏မြင်းလှည်းသမားက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။
မြင်းလှည်းတံခါးက ဖြည်းညင်းစွာ ပွင့်သွား၏။ ယခုပိတ်လှောင်ခံထားရသော မုန့်ချီ၏အာရုံခံစွမ်းရည်များက ပျံ့နှံ့သွားခဲ့သည်။ အတွင်းထဲတွင် ရှိနေသော အပြင်အဆင်များက ရိုးရှင်း၏။
မြင်းလှည်း၏ အလယ်တွင်တော့ ရေနွေးခွက်များ ချထားသော လေးထောင့်စားပွဲတစ်ခု ရှိသည်။ ဘယ်ဘက်တွင် လူတစ်ယောက် ထိုင်နေပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက လက်(၂)ဖက်ကို ဒူးပေါ်သို့ တင်ထားပြီး သူ၏မျက်နှာပေါ်တွင် ခံစားချက်မရှိချေ။ ထိုအရာက ချီကျန်းရန်ဖြစ်၏။
"အစ်ကိုချီ…"
မုန့်ချီက သံသယဝင်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး မြင်းလှည်းထဲသို့ဝင်၍ ချီကျန်းရန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
တံခါးက တိတ်တဆိတ် ပိတ်သွားခဲ့သည်။ မြင်းလှည်းသမားက ကြာပွတ်ကိုမြှောက်ပြီး မြင်းလှည်းကို လမ်းအဆုံးဆီသို့ မောင်းသွားခဲ့၏။ ချီကျန်းရန်၏မျက်လုံးများက အစိမ်းရောင် ကျောက်မျက်ရတနာ(၂)ခုကဲ့သို့ နက်မှောင်တောက်ပနေသည်။ သူ့မျက်လုံးများက သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ မည်းမှောင်နေခဲ့၏။
အလွန်တည်ငြိမ်အေးဆေးသော သူ၏အငွေ့အသက်ကို မုန့်ချီ၏မျက်လုံးက အာရုံမလွတ်ခဲ့သော်လည်း သူကတော့ ပါးစပ်ပိတ်၍ ခံစားချက်တစ်ခုမျှ မပြခဲ့ချေ။ အလွန်ထူးဆန်းပြီး တိတ်ဆိတ်သည့် ပတ်ဝန်းကျင်အခြေအနေကသာ မြင်းလှည်းတစ်ခုလုံးကို ကြီးစိုးနေခဲ့၏။
မုန့်ချီလည်း ဘာပြောရမှန်းမသိခဲ့ချေ။ သူတို့က လမ်းတလျှောက်လုံး တိတ်ဆိတ်နေခဲ့၏။ မြင်းလှည်းက လမ်းပေါ်တွင် သွားနေသည့်အသံနှင့် အပြင်ဘက်မှ လမ်းသွားလမ်းလာများ၏အသံကိုသာ ကြားနေရ၏။
မြင်းလှည်းက တံခါးဝမှ မောင်းထွက်သွားခဲ့ပြီး ယဲ့ရွှေလမ်းအတိုင်း မောင်းလာကာ ဆူညံသံများ ရှိနေသောနေရာမှ အဝေးကို ဖြည်းညင်းစွာ သယ်ဆောင်သွားခဲ့၏။ ထိုအချိန်တွင် ရေစီးသံများကိုသာ ကြားလိုက်ရသည်။
"ဖျောက် ..."
ကြာပွတ်သံနဲ့အတူ မြင်းလှည်းကို ဆွဲနေသော အညိုရောင်မြင်းကြီးများက ရပ်တန့်သွားခဲ့၏။ စားပွဲခုံပေါ်တွင် ရှိနေသော ရေနွေးခွက်ပေါ်တွင်လည်း လှိုင်းဂယက်လေးတစ်ခု ပေါ်လာခဲ့သည်။
ချီကျန်းရန်က တိတ်တဆိတ် မတ်တပ်ရပ်လိုက်ပြီး တံခါးကို ဖွင့်လိုက်၏။ သူ့ရှေ့တွင်တော့ လှိုင်းဂယက်လေးများ ထနေသော မြစ်ပြင်ကျယ်ကြီး ရှိသည်။ လက်ရှိအချိန်တွင်တော့မြစ်ပြင်ကြီးက ရှင်းလင်းနေပြီး ဖြတ်သွားဖြတ်လာလှေများ မရှိချေ။ သူက ကမ်းစပ်ကို ဖြည်းညင်းစွာ လျှောက်သွားရာ သူ၏အပြာရောင်ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေခဲ့၏။
မုန့်ချီကတော့ အတော်လေးကို ခံစားချက် ဆိုးရွားနေသည်။ သူက ချီကျန်းရန်၏ နောက်မှနေ၍ မြင်းလှည်းထဲမှ ထွက်လာပြီး လမ်းလျှောက်လာခဲ့သည်။ ပြိုင်ဖက်ကင်း သိုင်းပညာရှင် တစ်ယောက်ဖြစ်သော မြင်းလှည်းမောင်းသမားက သူတို့၏အဝေးကို တိတ်တဆိတ် မောင်းသွားခဲ့၏။
ချီကျန်းရန်က လက်နောက်ပစ်ပြီး ပြန်လှည့်လာခဲ့သည်။ လေထဲတွင် သူ့ဆံပင်များက လှုပ်ရှားနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူက တည်ငြိမ်အေးချမ်းစွာ ပြောလိုက်၏။
"မင်း ငါ့ကိုလာရှာမယ်ဆိုတာ ငါ သိတယ် ..."
မုန့်ချီက သူနှင့် ခြေလှမ်း(၁၀)လှမ်းအကွာတွင်ရပ်ပြီး သိမ်မွေ့စွာ သက်ပြင်းချလိုက်မိသည်။ သူက ပြောလိုက်၏။
"အစ်ကိုချီက ကျွန်တော်တို့ကို မပြောတဲ့ အရာတစ်ခုခု ရှိနေမှာကို စိုးရိမ်နေတာ ..."
ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"ငါက မင်းတို့ကို ဖုံးကွယ်ထားတဲ့အရာ တကယ်ရှိတယ် ..။ အချိန်တိုင်း အချိန်တိုင်း ငါ့ရဲ့အစွမ်းကို ဖုံးကွယ်ထားခဲ့တဲ့အတွက် ဘယ်သူမှ မသိလိုက်ဘဲ ငါတို့ရဲ့တာဝန်တွေက ပိုပိုပြီးတော့ ခက်လာခဲ့တယ် ။ တကယ်လို့ ငါတို့မှာသာ ကံကြမ္မာအမှတ် မလုံလောက်ရင် ဒါမှမဟုတ် ပြင်ဆင်မှု မလုံလောက်ခဲ့ရင် လူတစ်ယောက်က သေသွားလောက်ပြီ။ ဒါကြောင့် ဒီသေမင်းတမန်တာဝန်ပြီးသွားတာနဲ့ ငါလည်း အဖွဲ့က ထွက်တော့မယ်…"
"အဖွဲ့က ထွက်မှာလား။ အစ်ကိုချီ … ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးလမ်းတွေက ကျွန်တော်တို့ရဲ့အစွမ်းကို မြှင့်တင်ပေးနိုင်တယ် မဟုတ်လား။ ကျွန်တော်က ပဉ္စမကောင်းကင်ဝေ့ကျင်းအဆင့်ကို အောင်မြင်ပြီးသွားပြီ။ ဒီတော့ တာဝန်တွေ ပြောင်းလဲသွားတဲ့အတွက် ကျွန်တော့်ကိုပဲ အပြစ်တင်ရမှာ။ ဘာလို့အစ်ကိုချီက အပြစ်ရှိသလို ခံစားနေရတာလဲ ..."
မုန့်ချီက မေးလိုက်သည်။
ချီကျန်းရန်က ပြုံးရုံလေးပြုံးလိုက်ပြီး သူ့အပြုံးက အဓိပ္ပါယ်ဖော်ပြ၍ မရနိုင်သော အပြုံးတစ်ခုကဲ့သို့ ဖြစ်သည်။
"တကယ်လို့ မျှတတဲ့ခရီးစဉ်တစ်ခုဆိုရင်တော့ အဆင်ပြေပါတယ် ..."
သူက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ပုပ်အဲ့အဲ့ လေလှိုင်းတစ်ခု စတင်တိုက်ခတ်လာခဲ့သည်။ ချီကျန်းရန်၏ ခန္ဓာကိုယ်ထဲမှနေ၍ အနီရောင်အစက်တချို့ ထွက်လာပြီး ထိုလေလှိုင်းထဲသို့ ပေါင်းစပ်၍ သူ၏ပုံရိပ်ယောင်ခန္ဓာ ပေါ်လာခဲ့သည်။
ထိုအရာက ချီကျန်းရန်နှင့် (၇၀)ရာခိုင်နှုန်းနီးပါးခန့် တူညီပြီး လူသားခေါင်း၊ နဂါးခန္ဓာကိုယ်နှင့် လက်(၆)ဖက် ရှိနေသည်။ အကယ်၍ ထိုအရာသာဆိုလျှင် မုန့်ချီက အံ့သြနေလိမ့်မည် မဟုတ်ချေ။ သို့သော် ပုံရိပ်ယောင်ခန္ဓာက အနီရောင် ပြောင်းလဲနေသည့်အတွက် သူက ရင်းနှီးနေသလို ခံစားနေရသည်။
လက်(၆)ဖက်က ဖျက်ဆီးခြင်း သို့မဟုတ် သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် သွေးသံရဲရဲနဲ့ အညစ်အကြေးများကို စုစည်းထားခြင်းဖြစ်ပြီး ရေခဲပန်းပွင့်နှင့် မကောင်းဆိုးဝါးမီးတောက်များကို စုစည်းထားခြင်းလည်း ဖြစ်သည်။ ထိုအရာက ပျက်စီးယိုယွင်းလာခြင်း မဟုတ်သော်လည်း အတော်လေး ပြဿနာများသလို ခံစားလိုက်ရ၏။
"ဒါ ... ဒါက ကောင်းကင်ခုံရုံးအပိုင်းအစထဲမှာ တွေ့ခဲ့တဲ့ သွေးအရိပ်ပဲ…"
မုန့်ချီက ရုတ်တရက် ပြောလိုက်မိသည်။
ထို့ကြောင့်လည်း မုန့်ချီက ထိုအရာကို ရင်းနှီးနေခြင်းဖြစ်သည်ဟု သတိထားမိခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ကောင်းကင်ခုံရုံးအပိုင်းအစထဲတွင် မိစ္ဆာများကို တိတ်တဆိတ် သတ်ပစ်လိုက်သော သွေးအရိပ် ဖြစ်သည်။
ချီကျန်းရန်က ပြန်မဖြေခဲ့ပေ။ အလွန်ကြောက်စရာကောင်းသော ပုံရိပ်ယောင်ခန္ဓာက ကြောက်မက်ဖွယ်ရာ သွေးများနှင့် ပြည့်နှက်နေသလို ထင်မှတ်ရပြီး ရှေ့ကို တက်လာ၍ သူနှင့် ပေါင်းစည်းသွားခဲ့၏။ ထို့နောက် သူ၏မျက်ခုံးကြားထဲတွင် အနီရောင်အဖုတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး လခြမ်းပုံသဏ္ဍာန် ကြာပွင့်တစ်ခု ဖြစ်လာခဲ့သည်။
ချီကျန်းရန်၏ အငွေ့အသက်များကလည်း စတုတ္ထကောင်းကင်လှေကားကို ဖြတ်ကျော်နေသည့်အလား မြင့်တက်လာခဲ့သည်။ သူ၏အပြာရောင်ဝတ်စုံက လှုပ်ရှားနေပြီး ယခုတစ်ကြိမ်တော့ သူ့ပုံစံက ပို၍တည်ငြိမ်လာခဲ့၏။
ထိုအဖုကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီ၏ခေါင်းထဲ၌ ပုံရိပ်ပေါင်းများစွာ ပေါ်လာပြီး မနေနိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။
"မကောင်းဆိုးဝါးသခင်…"
ထိုအရာက သူတို့တစ်ကြိမ်မြင်ခဲ့ဖူးသော မကောင်းဆိုးဝါးအရှင်သခင်၏ ပုံရိပ်ဖြစ်သည်။ ထိုအရာက လူသားမျိုးနွယ်ဝင်တစ်ယောက် မဟုတ်သော်လည်း ခေါင်း(၃)လုံး၊ လက်(၆)ဖက် ရှိနေသည်။ သူ၏မျက်ခုံးကြားထဲတွင် အလွန်ထင်ရှားသည့်လက္ခဏာဖြင့် မကောင်းဆိုးဝါး အဖုတစ်ခု ရှိနေပြီး အရောင်၊ ပုံသဏ္ဍာန်နှင့် နေရာက ချီကျန်းရန်နှင့် ကွဲပြားသည်။ သို့သော် အာရုံများကတော့ တစ်ထပ်တည်းဖြစ်၏။
"ဒါကြောင့်လည်း ‘မင်းက နောက်ကျသွားပြီ’လို့ မကောင်းဆိုးဝါးသခင်က ပြောပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့တာကိုး..."
မုန့်ချီက စဉ်းစားမိသွားသည်။
"ဒါပေမဲ့ အဲဒီအချိန်မှာ ငါက ကူရှောင်စန်းနဲ့အတူ ရှိနေခဲ့တယ်။ ဘာလို့ မင်းတို့(၂)ယောက်က နောက်ကျသွားပြီလို့ ပြောမဲ့အစား မင်းက နောက်ကျသွားပြီလို့ ပြောခဲ့ရတာလဲ ... "
သူက လှုပ်ရှားနေသော နှလုံးသားကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ဘာပြောရမှန်းမသိသည့်အတွက် ချီကျန်းရန်ကိုသာ စိုက်ကြည့်နေမိသည်။
"အစ်ကိုချီက မကောင်းဆိုးဝါးသခင်ရဲ့ အမွေအနှစ်တွေကို ရခဲ့တာလား ..."
ချီကျန်းရန်က တည်ငြိမ်စွာ ပြောလိုက်၏။
"မကောင်းဆိုးဝါးဝိညာဉ်တွေရဲ့စွမ်းအား၊ လျှို့ဝှက်ချက်နဲ့ ဗဟုသုတတွေက သူတို့ရဲ့ အသွေးအသားတွေထဲမှာ ဖုံးကွယ်ထားတယ်။ တစ်ခါတစ်ရံ သွေးတစ်စက် ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမှာတောင် အံ့ဩစရာကောင်းတဲ့ စွမ်းအားတွေ ပါဝင်နေတယ်…"
မုန့်ချီက သူ ရခဲ့ဖူးသော မကောင်းဆိုးဝါးသူတော်စင်၏ သွေးကို အမှတ်ရသွားခဲ့သည်။ သူက ထိုစကားအပေါ် သံသယဝင်နေခဲ့ခြင်း မရှိချေ။
"ငါက မကောင်းဆိုးဝါးအုတ်ဂူကို သွားခဲ့တဲ့အချိန်တုန်းက အန္တရာယ်ကို ရှောင်တိမ်းဖို့အတွက် မကောင်းဆိုးဝါးသခင်ရဲ့သွေးနဲ့ ဖန်တီးထားတဲ့ ရေကန်တစ်ခုထဲကို မတော်တဆ ရောက်သွားခဲ့တယ်။ ငါ့ရဲ့ခန္ဓာကိုယ်က သွေးတွေကို စုပ်ယူပြီး တိတ်တဆိတ် ပြန်လည်ဖွဲ့စည်းလာခဲ့တယ်။ ပြီးတော့ ငါက အဲဒီအရာကနေ မကောင်းဆိုးဝါးသခင်ရဲ့ကျင့်စဉ်တွေ၊ အတွေ့အကြုံတွေကိုလည်း ရခဲ့တယ်…"
ထိုအရာက တခြားတစ်ယောက်ဆီတွင် ဖြစ်ခဲ့သည့်အလား ချီကျန်းရန်က ကိစ္စရပ်များကို ခံစားချက်ကင်းမဲ့စွာ ပြောပြနေသေးသည်။
"နဂိုတုန်းကတော့ ငါက ငြင်းဆန်ပြီး လမ်းမှန်ကိုပဲ လျှောက်လှမ်းသင့်တယ်လို့ တွေးခဲ့တယ်။ ငါက မကောင်းဆိုးဝါးလမ်းစဉ်ကို ရောက်မသွားချင်ခဲ့ဘူး။ ဒါပေမဲ့ ငါက အထွဋ်အမြတ်တောင်ထိပ်ပေါ်မှာ အကူအညီမရှိခဲ့တဲ့ အချိန်တုန်းက ဒီလိုကံတရားမျိုးနဲ့ အပြီးသတ်သွားချင်လားလို့ ပြန်မေးခဲ့တယ် ... ငါက လက်မခံချင်ခဲ့ဘူး။ ငါက အဆင့်မြင့်ကျင့်စဉ်တွေ ဘာမှမရနိုင်တဲ့ မထင်မရှား တပည့်တစ်ယောက် အခြေအနေမှာ တော်တော်လေးကို ရုန်းကန်ခဲ့ရတယ်။ငါ့ဆီမှာ သာမာန်ခန္ဓာကိုယ်၊ အရည်အသွေးတွေပဲ ပိုင်ဆိုင်ထားပြီး ဝေ့ကျင်းအဆင့်ကို ရောက်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲ ရှိခဲ့တယ်။ ငါက အဲဒီလိုအခြေအနေမျိုးမှာ မသေချင်ခဲ့ဘူး ။ အဲဒါက ကံကြမ္မာအရပဲဖြစ်ဖြစ် နတ်ဘုရားတွေရဲ့စီစဉ်ပေးမှုကြောင့်ပဲဖြစ်ဖြစ် ငါက အဲဒီအရာကို လက်မခံချင်ခဲ့ဘူး။ ဒါကြောင့် ငါက မကောင်းဆိုးဝါးသခင်ရဲ့သွေးနဲ့ ပေါင်းစပ်ဖို့ ရွေးချယ်ခဲ့ပြီး သူ့ရဲ့စွမ်းအား၊ အတွေ့အကြုံနဲ့စိတ်ဆန္ဒတွေကို အမွေဆက်ခံခဲ့တယ် ..."
ချီကျန်းရန်က တည်ငြိမ်စွာ ပြောပြနေသော်လည်း ထိုအရာများက အတော်လေး ထိတ်လန့်စရာကောင်းလွန်းလှသည်။
"ဒါကြောင့်လည်း အစ်ကိုချီက အပြာရောင်မီးအိမ်လေးရှိနေတဲ့ နန်းတော်ထဲကို ဝင်သွားခဲ့တဲ့အချိန် သူ့ရဲ့မျက်လုံးတွေကို မှိတ်ထားခဲ့တာပဲ ..."
ထိုအကြောင်းအရာကို စဉ်းစားမိသည့်အချိန်မှသာ မုန့်ချီ၏ခေါင်းထဲ၌ အသေးစိတ် အဖြစ်အပျက်များ ပြန်ပေါ်လာခဲ့၏။
"အသေးစိတ်ဆိုတာက အချိန်တန်ရင် ပေါ်လာရတာပဲလေ ..."
မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်သည်။
"အစ်ကိုချီက မကောင်းဆိုးဝါးကျင့်စဉ်တွေကို ပိုင်ဆိုင်ထားပေမယ့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ ဘာမှမဆိုင်ဘူးလေ။ တကယ်လို့ အစ်ကိုချီက လမ်းမှန်ကို လျှောက်လှမ်းသင့်တယ်လို့ တွေးနေတယ်ဆိုရင် မကောင်းတဲ့ကျင့်စဉ်တွေကို အမွေဆက်ခံထားရင်လည်း ကောင်းတဲ့နေရာမှာ အသုံးချလို့ ရနိုင်တာပဲ ..."
ချီကျန်းရန်က မုန့်ချီကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ ခဏကြာပြီးမှသာ ဆက်ပြောလိုက်၏။
"ငါက ချီစွမ်းအင်သွေဖယ်မှုကို ခံစားနေရပြီ…"
မုန့်ချီက မျက်နှာပျက်သွားခဲ့၏။
သူက မဖျောင်းဖျနိုင်သေးခင် ချီကျန်းရန်က တည်ငြိမ်စွာ ဆက်၍ စကားပြောသည်ကို မြင်လိုက်ရသည်။
"ငါ့အနေနဲ့ ပြောရမယ်ဆိုရင် မကောင်းဆိုးဝါးဝိညာဉ်တွေမှာ ကောင်းကျိုးရော ဆိုးကျိုးရော ရှိတယ်။ တချို့မကောင်းဆိုးဝါးတွေက သဘာဝတရားကြီးကို လွန်ဆန်ချင်နေပြီး တချို့မကောင်းဆိုးဝါးတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ချင်ကြတယ် ... သူတို့တွေဆီမှာ တူညီတဲ့အချက်ကတော့ နတ်ဘုရားတွေနဲ့ လူအများက လက်မခံနိုင်ကြတာပဲ…"
သူက ရှေ့ကို ထွက်လာပြီး မုန့်ချီကို လေးလေးနက်နက် စိုက်ကြည့်၍ ပြောလိုက်သည်။
"ငါ့ရဲ့ခန္ဓာကိုယ်အရည်အသွေးက သာမန်ပဲ။ ဒါကြောင့် ငါက ဂိုဏ်းကနေ အဆင့်မြင့်ကျင့်စဉ်တွေ၊ လုံလောက်တဲ့ကျင့်စဉ်ပစ္စည်းတွေ မရခဲ့ဘူး။ တကယ်လို့ ငါကသာ ကံကောင်းတဲ့ အတွေ့အကြုံတွေမရှိခဲ့ရင် ဘဝတလျှောက်လုံး ဘာအောင်မြင်မှုမှမရဘဲ တခြားသူတွေကို ရပ်ကြည့်နေခဲ့ရမှာ ။ တကယ်လို့ ငါကိုယ်တိုင်က တိုးတက်ချင်စိတ် ရှိနေရင်တောင် ဘယ်လောက် အကျိုးသက်ရောက်မှုရှိမှာလဲ။ ရှေ့ဆက်လျှောက်ရတဲ့ခရီးလမ်းမှာ အစွမ်းထက်တဲ့ မိဘတွေနဲ့ ထူးချွန်တဲ့ပါရမီရှင်တွေ ပြည့်နေတယ်။ သူတို့တွေ ဘယ်လောက်များများက ကျင့်စဉ်တစ်ခုကို လေ့ကျင့်ဖို့ အခက်အခဲရှိနိုင်မှာလဲ…”
“အစွမ်းထက်တဲ့ ခန္ဓာကိုယ်အရည်အသွေးဆိုတာ နတ်ဘုရားတွေ ပေးသနားတာနဲ့ နှစ်ပေါင်းများစွာ စုစည်းလာတဲ့ သူတို့မိဘတွေရဲ့အစွမ်းတွေပဲ ဆိုတာ သူတို့က ငါ့ကိုပြောပြခဲ့တယ်။ အဲဒါကို ကံကြမ္မာလို့ခေါ်ကြတာပဲ။ ဒါပေမဲ့ ငါကတော့ အဲဒီအခြေအနေကို လက်မခံနိုင်ခဲ့ဘူး။ ငါက သူတို့ကို မနာလိုတာ မဟုတ်ဘူး ။ ငါက တူညီတဲ့စွမ်းရည်တစ်ခုကို လူတိုင်းနဲ့ မျှဝေခွင့်ပဲ ရချင်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ဇွဲရှိတဲ့လူတွေက အထက်ကို တက်နိုင်ပြီး ပျင်းရိနေတဲ့ လူတွေကတော့ လဲကျကျန်ခဲ့မှာပဲ။ တကယ်လို့ ဒါက နတ်ဘုရားတွေ သတ်မှတ်ထားတဲ့ ကံကြမ္မာဆိုရင် ငါက ကောင်းကင်ဘုံအထိ တိုက်ခိုက်မှာပဲ။ ဒါက ငါ့ရဲ့ကံကြမ္မာဆိုရင် ငါ့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်မယ်…"
နောက်ဆုံးတွင်တော့ ချီကျန်းရန်ဆီတွင် ခံစားချက် အနည်းငယ် ပေါ်လာခဲ့သည်။ သူက မုန့်ချီကိုစိုက်ကြည့်ပြီး မေးလိုက်၏။
"ညီလေးမုန့် …
ငါ့မှာ မကောင်းဆိုးဝါးဆန်တဲ့အတွေးတွေ ရှိတယ် ..။ မင်းရဲ့ရင်ထဲမှာရော ဘယ်လိုအတွေးမျိုးတွေရှိလဲ…"
"ကျွန်တော်ရဲ့မကောင်းတဲ့အတွေးတွေလား ... ရင်ထဲမှာ ဘယ်လိုအတွေးမျိုးတွေ ရှိတာလဲ…"
မုန့်ချီက ထိုအကြောင်းကိုစဉ်းစားကြည့်နေပြီး စကားတစ်ခွန်းမျှပြန်မပြောနိုင်ခဲ့ပေ။ ရုတ်တရက်ဆိုသလို သူက အားရပါးရရယ်ပြီး ရှေ့ကို တစ်လှမ်းလျှောက်သွား၍ ချီကျန်းရန်၏ ပုခုံးကိုပုတ်လိုက်သည်။
သူက ပြောလိုက်၏။
"အဲဒါတွေက အစ်ကိုချီရဲ့မကောင်းတဲ့အတွေးတွေလား။ ဒါဆိုရင် ဘာမှစိုးရိမ်စရာ မလိုဘူး။ ကျွန်တော်ကရော လူကောင်းတစ်ယောက်နဲ့ တူနေလို့လား။ အစ်ကိုချီက ကိုယ်ကျင့်တရား ဖောက်ဖျက်တဲ့အလုပ်တွေသာ မလုပ်ဘူးဆိုရင် ကျွန်တော်တို့က ညီအစ်ကိုတွေ ၊ မိတ်ဆွေတွေ ဆက်ဖြစ်နိုင်သေးတာပဲ ..."
ချီကျန်းရန်၏ မျက်လုံးကိုကြည့်ပြီး မုန့်ချီက စိတ်သက်သာရာရသွားခဲ့သည်။ သူက ရယ်ကာမောကာနှင့် အခြေအနေကို ဖြေလျှော့ရန် ကြိုးစားကြည့်ချင်ခဲ့၏။
ချီကျန်းရန်က တိတ်ဆိတ်နေခဲ့သည်။ အချိန်တော်တော်ကြာပြီးနောက် သူက ဝမ်းသာစွာ ပြုံးလိုက်၏။
"ညီလေးမုန့် …
မင်းက ရှေးရိုးစွဲလူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ငါရွေးချယ်ထားတဲ့လမ်းက ဂိုဏ်းတွေ ၊ မိသားစုတွေရဲ့ ရန်သူဖြစ်ရမှာပဲ။ တကယ်လို့ လူတိုင်းကသာ အဆင့်မြင့်ကျင့်စဉ်တွေရဖို့ အခွင့်အရေးရှိမယ်ဆိုရင် ကောင်းကင်ဘုံရဲ့လုပ်ရပ်တွေက ပိုပြီးတော့ အသက်ဝင်လာနိုင်တယ်။ ဒါဆိုရင် လူကောင်းတွေက အေးအေးဆေးဆေး ရှင်သန်နေနိုင်တယ်။ မင်းရဲ့ဆရာက ရှောင်လင်ဘုန်းတော်ကြီးတစ်ပါး။ မင်းရဲ့ဆရာတူညီလေးက ရှောင်လင်ကျောင်းတော်ထဲမှာ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက် ။ မင်းရဲ့မိသားစုက အထက်တန်းလွှာ မိသားစုတစ်ခု။ မင်းရဲ့မိတ်ဆွေတွေက ကျိကျန်းဓားစံအိမ်ရဲ့ အမွေဆက်ခံသူနဲ့ လန်းယာ့ ရွမ်မိသားစုရဲ့တရားဝင်သခင်မလေးတစ်ယောက် ။ မင်းက သူတို့ကို လက်လွှတ်နိုင်လို့လား…"
"ငါကတော့ မထင်မရှားမိသားစုတစ်ခုမှာ မွေးဖွားခဲ့တာ။ ဒါကြောင့် ငါ အလေးထားနိုင်တဲ့ အရာနည်းနည်းလေးပဲ ရှိတယ်။ ငါက ဂိုဏ်းရဲ့ကျင့်စဉ်တွေကိုတောင် သံသရာအရှင်သခင်ဆီမှာ လဲပစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့တွေ့တဲ့အချိန်ကျရင် ငါ့လက်ထဲမှာ ကိုင်ထားနိုင်တဲ့ အရာနည်းနည်းလေးပဲ ရှိနေလို့ပဲ။ ငါက တော်တော်လေး ခေါင်းမာသလို မသေမချင်း လက်လျှော့မှာ မဟုတ်ဘူး။ ဒါမှပဲ ငါ့ရဲ့ဘဝကြီးက အောင်မြင်မှုတွေနဲ့ တောက်ပလာနိုင်မှာ…"
ချီကျန်းရန်၏ စကားလုံးတိုင်းကို နားထောင်နေပြီး မုန့်ချီ၏ရင်ထဲတွင် ရှုပ်ထွေးလာခဲ့သည်။
ချီကျန်းရန်၏ အမူအရာက နောက်တစ်ကြိမ် တည်ငြိမ်သွားပြီး ပြောလိုက်၏။
"ငါက မင်းကို ထပ်ပြီး မလှည့်စားချင်တော့ဘူး။ ဒါကြောင့် ငါက အင်မော်တယ်အဖွဲ့နဲ့ မပေါင်းခဲ့တာ…"
"အစ်ကိုချီ…"
မုန့်ချီက ပြောချင်နေသော်လည်း စကားတစ်ခွန်းမျှမပြောနိုင်ခဲ့ပေ။
ချီကျန်းရန်က သူ့ကို အပြုံးနှင့် ပြောလိုက်၏။
"ညီလေးမုန့် …
အရောင်အသွေး မတူညီတဲ့ ငှက်တွေက အတူတူပျံသန်းလို့ မရနိုင်ဘူးလေ ... "
ထို့နောက် သူက ပြန်လှည့်သွားခဲ့ပြီး ရေပြင်ပေါ်ကိုနင်း၍ ထွက်ခွာသွားခဲ့သည်။ သူ့အဝတ်အစားများက လေထဲတွင် လွင့်နေခဲ့၏။
မုန့်ချီကတော့ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားမိမှာအတွက် စိုးရိမ်နေခဲ့ခြင်း မရှိချေ။ ထိုအချိန်တွင် ကန်စပ်၌ အသံတစ်ခုသာ ကြားနေရ၏။
"အရောင်အသွေး မတူညီတဲ့ ငှက်တွေက အတူတူပျံသန်းလို့ မရနိုင်ဘူး.."
Translated by Hein Htet.