← Chapters

အခန်း (၆၈၀)

Vol. 46 Ch. 680

အခန်း (၆၈၀)

Vol. 46 Ch. 680

"အရောင်အသွေး မတူညီတဲ့ငှက်တွေက အတူတူပျံသန်းလို့ မရနိုင်ဘူး…"

သူ့နားထဲတွင် ထိုအသံက ပဲ့တင်ရိုက်ခတ်နေပြီး သူ ထိတွေ့နေရသော ရေများက တဖြည်းဖြည်း ပို၍အေးစက်လာခဲ့သည်။ လေလှိုင်းများကလည်း တဖြည်းဖြည်း ပို၍ပြင်းထန်လာခဲ့၏။ ရေခိုးရေငွေ့ အကြွင်းအကျန်များကြောင့် နွေရာသီ အစောပိုင်းတွင်ပင် အအေးဓာတ်များ ရှိနေခဲ့သည်။

ရေလှိုင်းများက လှုပ်ရှားနေပြီး မရပ်မနား ထွက်ပေါ်လာနေသည်။ ထိုအရာက အနိမ့်အမြင့်၊ အတက်အကျ၊ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု၊ ခွဲခွာခြင်းနှင့် ပြန်လည်ပေါင်းစည်းမှုကို ရပ်တန့်နိုင်ခဲ့ခြင်း မရှိချေ။

ယဲ့ရွှေ၏ အပေါ်ဘက် လေထုထဲတွင်တော့ စိုစွတ်သော လေလှိုင်းများ တိုက်ခတ်နေခဲ့သည်။ အနည်းငယ် မျက်နှာပျက်နေသော မုန့်ချီက အံကြိတ်ပြီး တီးတိုးရေရွတ်လိုက်၏။

"ငါတို့ရဲ့လမ်းကြောင်းက မတူဘူးဆိုတာ ဘာကိုဆိုလိုတာလဲ ။ ငါက မိုကျောင်းတော်ရဲ့ သင်ခန်းစာတစ်ခုကို ဖတ်ခဲ့ဖူးတယ်…"

ချီကျန်းရန်၏ စကားလုံးများကို သုံးသပ်ကြည့်လိုက်ရာ သူကတော့ မိုကျောင်းတော်၏ အတွေးအခေါ်များ အတော်လေး လွှမ်းမိုးခံထားရကြောင်း ခံစားမိနေခဲ့သည်။ တူညီသော အခွင့်အရေးများ ရရှိနိုင်သော စွမ်းရည်၊ မတူကွဲပြားမှု ပညာရေးကဲ့သို့သော အတွေးအခေါ်များ၊ ဉာဏ်အလင်းပွင့်မှုအဆင့်ကဲ့သို့သော ထိပ်တန်းသိုင်းပညာများကို ဖြန့်ဖြူးခြင်း၊ ဝင်ခွင့်စစ်ဆေးမှုများနှင့် ရွေးချယ်ခြင်း၊ (၃)နှစ်တွင် စာတွေ့စမ်းသပ်ပြီး (၂)နှစ်တွင်တော့ ဓားသိုင်းပညာနှင့် ဓားမောက်သိုင်းပညာ၏ အစစ်အမှန်တိုက်ခိုက်စွမ်းရည်ကို စစ်ဆေးခြင်း၊ ဝင်ခွင့်စာမေးပွဲအတွက် အခွင့်အရေးများပေးခြင်း၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်ခြင်းဟူသော အရာများစွာက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

ထိပ်တန်းအထက်တန်းလွှာ မိသားစုများနှင့် ဂိုဏ်းများ၏ အစွမ်းမပါဘဲ နန်းတွင်းတစ်ခုတည်းနှင့် ထိုအောင်မြင်မှုကို ရောက်ရှိရန် လုံးဝမဖြစ်နိုင်ပေ။ ထိုအရာက သူတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပြီး ပြန်လည်ကုစား၍ မရနိုင်သော ပွတ်တိုက်မှုများ ဖြစ်နိုင်သည်။

အချိန်တော်တော်ကြာသည့်တိုင်အောင် ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းပညာများက လူတိုင်းအတွက်လည်း မဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဝေ့ကျင်းအဆင့် အရင်းအမြစ်များက ကန့်သတ်ချက်များ ရှိနေပြီး အန္တရာယ်များ ရှိနေသည့် အတွက်ကြောင့် ဖြစ်သည်။

"တကယ်လို့ အစ်ကိုချီက မတူကွဲပြားတဲ့ အခွင့်အရေးအကြောင်း ပြောတယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ အကြွင်းမဲ့ သာတူညီမျှအခြေအနေဆိုရင်တော့ သူပြောနေတာက ..."

မုန့်ချီက ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။

"နောက်ပိုင်းမှာ သူက ပိုပြီးတော့ လမ်းလွဲမသွားဖို့ မျှော်လင့်မိတယ် ... "

သူကတော့ ချီကျန်းရန်၏ ရင်ထဲတွင် ရှိနေသော မကောင်းသည့်အတွေးများကို လက်ခံပေး၍ ရသော်လည်း သူကိုယ်တိုင်က အထက်တန်းလွှာမိသားစုများနှင့် ဂိုဏ်းများအပေါ် အဆိုးမြင်စိတ်များ ရှိနေခဲ့သည်။ အကယ်၍ မတူညီသော နယ်မြေအသီးသီးတွင် အမှားအမှန် ကွဲပြားသည့်အရာမျိုး ရှိမလာလျှင် သူကတော့ ပြန်လည်ပေါင်းစည်းရန်နှင့် ညှိနှိုင်းရန်သာ ရွေးချယ်မိပါလိမ့်မည်။

အကယ်၍ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင်တော့ သူက ချီကျန်းရန်၏သဘောထားကို လက်ခံပေးမည်ဖြစ်ပြီး မုန့်ချီက ထိုအရာကို အလွန်အကျွံ အလေးမထားခဲ့မိပေ။

"ဘယ်လိုပဲဖြစ်ဖြစ် ငါက တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ဖြစ်နေသေးတယ်။ ပြီးတော့ ငါက ကမ္ဘာကြီးတစ်ခုလုံး ဂရုစိုက်တဲ့ အဆင့်အတန်းမျိုးလည်း မရှိသေးဘူး…"

မုန့်ချီက သူ့ကိုယ်သူ လှောင်ပြောင်ပြီး ရယ်မောလိုက်သည်။

"ဒါကတော့ အားနည်းချက်ရှိတဲ့ အခြေအနေလို့ပဲ ခေါ်နိုင်မှာလား…"

စလာသည့်အချိန်မှ ယခုအချိန်ထိ မုန့်ချီ၏ အကြီးမားဆုံးအိပ်မက်က ဓားတစ်လက်ကိုကိုင်ပြီး မြင်းစီးရန်ဖြစ်သည်။ သူ သွားချင်သည့်နေရာကိုသွားပြီး တခြားသူများ အားကျသည့်အလုပ်ကို လုပ်ဆောင်၍ လွတ်လပ်စွာ နေချင်သည်။ သူက အစွမ်းထက်သူများကို ဆန့်ကျင်၍ အားနည်းသူများကို ကာကွယ်ပေးချင်သည်။ သို့သော် သူကသာ ထိုအရာကို အဓိကလုပ်ခဲ့မည်ဆိုလျှင် အတော်လေး ပင်ပန်းရမည်ဖြစ်၏။

သို့သော် မိုးကြိုးနတ်ဘုရား၊ အနတ္တနှင့် သံသရာတာဝန်ကဲ့သို့သော ရှေးဟောင်းအင်အားစုများ၏ ဖိအားသာ မရှိလျှင် သူက ထိုပညာရှင်များ၏ ထောင်ချောက်ကို ရင်ဆိုင်ရန် မည်မျှရည်မှန်းချက်ကြီးလာမည်နည်း။

"တကယ်လို့ ငါ့ဆီမှာသာ လောကသုံးပါးကို ဖိနှိပ်နိုင်တဲ့အစွမ်းမျိုး ရှိနေရင်တော့ ဒီအရာကို ခေါင်းထဲထည့်ထားမိမှာ မဟုတ်ဘူး ..."

မုန့်ချီက ချီကျန်းရန် ထွက်သွားသောနေရာကိုကြည့်ပြီး စိတ်ထဲတွင် တွေးနေမိခဲ့သည်။ သူက ချီကျန်းရန်ကို ဆက်နေရန် ဖြောင်းဖျနိုင်ခြင်း မရှိသည်မှာ အတွေးများစွာ ရှိနေခြင်းကြောင့် ဖြစ်၏။

"နောက်ပိုင်းမှာ ဘယ်လိုအရာတွေပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါက အဲဒီလိုကိစ္စတွေမျိုးမှာ အစ်ကိုချီကို တွန်းအားပေးဖို့ အကူအညီ မပေးနိုင်ဘူး။ ငါက နောက်ထပ်တာဝန် ရောက်တဲ့အချိန်မှပဲ သူ့ကို ဖျောင်းဖျဖို့ စကားပြောရမယ် ..."

ယဲ့ရွှေမြစ်ထဲတွင် ရှိနေသော ရေလှိုင်းများက ပို၍မြင့်မားလာခဲ့သည်။ မုန့်ချီကတော့ ထိုနေရာတွင် ငေးငိုင်စွာ ရပ်ကြည့်နေမိပြီး နောက်ဆုံးတွင်တော့ သက်ပြင်းချ၍ အသံတိုးတိုးနှင့် ရေရွတ်လိုက်မိ၏။

"ဒီကမ္ဘာကြီးက လူသားတွေ မလွတ်မြောက်နိုင်တဲ့ အတက်အကျ လှိုင်းလုံးတွေလိုပဲ .။ အဲဒီအတက်အကျတွေကို ရင်ဆိုင်ပြီးသွားရင် သိုင်းလောကမှာ လူဘယ်နှစ်ယောက် ကျန်နေဦးမှာလဲ။ (၁၀)စုနှစ်တစ်ခု၊ (၁၀)စုနှစ်(၂)ခု၊ နှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁)ထောင် ကြာသွားပြီးရင်ရော ... အစ်ကိုချီ၊ ကျန်းကျိဝေ၊ အစားသရဲလေးနဲ့ ငါ ... ဘယ်သူက ကျန်နေမှာလဲ…"

မုန့်ချီက စဉ်းစားနေမိသည်။

လော့ရန်ဟူသည်မှာ ဂိုဏ်းအသီးသီးမှ ပညာရှင်များ၏ နေအိမ်ဖြစ်ပြီး ကမ္ဘာကြီးထဲတွင် အစည်ကားဆုံး နေရာတစ်ခုလည်း ဖြစ်သည်။ အလွန်ထူထပ်သောလူအုပ်ကြီးက နေရာတိုင်းတွင် ပြည့်နေပြီး လမ်းမပေါ်တွင် လမ်းလျှောက်နေရုံနှင့် လူကြားထဲတွင် နစ်မြုပ်သွားနိုင်သည်။

ကောင်းကင်စောင့်ကြည့်တံခါး၏ အပြင်ဘက်တွင် အပြာဝတ်သခင်လေး တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော မုန့်ချီက တံခါးအတွင်းထဲသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူက အဆင့်မြင့်သခင်လေး တစ်ယောက်၏ ပုံစံမဟုတ်ဘဲ သာမာန်လူတစ်ယောက် ပုံသဏ္ဍာန် ပြောင်းလဲထားသည်။

သူ့ပုံစံက မြေခွေးဘုရင်ကို တိုက်ခိုက်ပြီး ရောက်လာခဲ့သည့်အချိန်နှင့် မတူညီတော့ပေ။ ထိုအရာကလည်း သူတို့ရန်သူများ၏အမြင်တွင် လော့ရန်ရှိ စုကလန်က ပစ်မှတ်ထားစရာ အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။ ထိုအရာက ရန်သူများကို ကြိုဆိုရန် အကောင်းဆုံးနေရာ ဖြစ်သည့်အတွက် စုကလန်ကို မသွားသည်မှာ ပို၍ကောင်းသည်။

မည်သို့ဖြစ်စေကာမူ သူက လေဟာနယ်မိန်းမပျိုဂိုဏ်း၊ ဖျက်ဆီးရေးဂိုဏ်း၊ ငိုကြွေးခြင်းအကြီးအကဲ၊ သတ်ဖြတ်ခြင်းရပ်တန့်သူကဲ့သို့ ပညာရှင်များနှင့် ဂိုဏ်းပေါင်းများစွာကို ရန်စမိထားသည်။ အကယ်၍ သူတို့က ထိပ်သီးပညာရှင်တချို့ကို ဖိတ်ခေါ်ပြီး စုကလန်ထဲ၌ ထောင်ချောက်ဆင်၍ သတ်ဖြတ်ချင်သည်ဆိုလျှင်ပင် အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ကို ခုခံနိုင်ရန် လိုအပ်သည်။ မဟုတ်လျှင် ထိုအခွင့်အရေးကို အသုံးချပြီး စုကလန်က သူတို့ကို အလွယ်တကူသတ်ပစ်နိုင်၏။

လူအုပ်ကြီးထဲတွင် ရောနှောသွားသော မုန့်ချီက တံခါးဝတွင် ရှိနေသော စကားလုံး(၃)လုံးကို ရုတ်တရက် မော့ကြည့်လိုက်သည်။

"ကောင်းကင်စောင့်ကြည့်ရေးတံခါး…"

စကားလုံးတိုင်းက လော့ရန်သို့ ရောက်လာသော သိုင်းပညာရှင်များ၏ ရင်ထဲတွင် အကြောက်တရားများ ပေးစွမ်းနိုင်သည်။

"ဒီနေ့ထိ တွက်ကြည့်လိုက်မယ်ဆိုရင် ငါ စုကလန်ရဲ့ ရဲတိုက်ကနေ ရုတ်တရက် ထွက်လာတာ (၂)နှစ်ကျော်တောင် ရှိသွားပြီ ..."

မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိ၏။

သွေးသွားလူဆိုးထိန်း၏ ရဲတိုက်ထဲတွင် အစိမ်းရောင်သစ်ပင်များ ပြည့်နှက်နေပြီး သူတို့၏စံအိမ်က အခိုးအငွေ့များထဲတွင် နစ်မြုပ်နေခဲ့သည်။ ထိုအရာက အတော်လေးကို ကဗျာဆန်ပြီး လှပ၏။

ယွမ်လိဟောင်က တာဝန်ပြီးဆုံးပြီးနောက် အိမ်ကိုပြန်လာခဲ့သည်။ လမ်းတလျှောက်တွင် ရှိနေသော အစေခံများက သူ့ကို အရိုအသေ ပေးနေကြ၏။ သူက စိတ်ဝိညာဉ်စွမ်းအားနှင့် ပတ်ပတ်လည်ကို စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ်နေမိခဲ့သည်။ သူက စံအိမ်၏လုံခြုံမှုကို ကျေနပ်နေသည့်အတွက် ခေါင်းညိတ်လိုက်မိ၏။

စံအိမ်က အပြင်ဘက်တွင် လျော့ရဲသော်လည်း အတွင်းပိုင်းထဲတွင်တော့ အလွန်တင်းကျပ်သည်။ အကယ်၍ သိုင်းသခင်တစ်ယောက်ရောက်လာလျှင်ပင် ခြေရာလက်ရာမရှိဘဲ ဝင်လာရန် လုံးဝမဖြစ်နိုင်ပေ။

"ကျွီ ..."

စာကြည့်ခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် သူ့မျက်လုံးများက အေးစက်သွားခဲ့၏။

အပြာရောင်ဝတ်စုံ ဝတ်ထားသော သခင်လေးတစ်ယောက်က စားပွဲခုံဘေးတွင် ထိုင်နေခဲ့သည်။ သူက ပြတင်းပေါက်ဘေးတွင် လက်ပိုက်၍ ရပ်နေခဲ့သည်။ သူ့ပုံစံက သာမန်သာဖြစ်ပြီး သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသည့်အတွက် အထူးဧည့်သည်တစ်ယောက်ကို ကြိုဆိုနေသလိုမျိုး ဖြစ်သည်။

ယွမ်လိဟောင်က ထိတ်လန့်သွားမိခဲ့၏။ သူ့အစွမ်းများက သိသိသာသာ များပြားလာပြီး သူ့အရှိန်အဝါများကလည်း တိုးမြင့်လာ၍ တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ထိုသခင်လေး၏လက်ထဲ၌ အဆောင်လေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက အစိမ်းရောင်ရေစက်ပုံသဏ္ဍာန်ရှိနေပြီး ရေစက်၏ အလယ်တွင်တော့ အနက်ရောင်မျက်လုံးလေးတစ်ခု ရှိသည်။

"ကမ္ဘာဦးမျက်လုံး ..."

ရုတ်တရက်ဆိုသလို စိတ်သက်သာရာ ရသွားခဲ့သည့်အတွက် ယွမ်လိဟောင်က အတွင်းထဲကိုဝင်၍ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် အကာအကွယ် မှော်စွမ်းအင်ကို တိတ်တဆိတ် အသက်သွင်းလိုက်၏။

သူက ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ယခင်တစ်ခေါက် သူတို့လော့ရန်၌ တွေ့ခဲ့သည့်အချိန်တွင် စုမုန့်က ဉာဏ်အလင်းပွင့်မှုအဆင့် ကလေးတစ်ယောက်သာ ဖြစ်သည်။ အကယ်၍ သူက လူငယ်မှတ်တမ်း၏ထိပ်ဆုံး၌ ရောက်နေလျှင်ပင် ဘိုးဘေးကွမ်ချန်း ယွမ်လိဟောင် ဦးဆောင်သည့် အဖွဲ့၏နောက်ကိုသာ လိုက်ခဲ့ရသည်။

ယနေ့တော့ သူက မည်သူမျှသတိမထားမိဘဲ ယွမ်လိဟောင်၏ စာကြည့်ခန်းထဲသို့ ခိုးဝင်လာနိုင်ခဲ့သည်။

"မင်းက သတင်းကြားပြီးသွားပြီလား ..."

ယွမ်လိဟောင်က အသံတိုးတိုးနှင့် မေးလိုက်သည်။

"ဘာသတင်းလဲ…"

မုန့်ချီက အံ့သြသွားခဲ့၏။

ယွမ်လိဟောင်က အံ့ဩမှင်တက်နေသည့် အမူအရာနှင့် သူ့ကို စိုက်ကြည့်လိုက်သည်။

"မင်းက ကောင်းကင်(၉)သွယ်အပျက်အစီးကြောင့် လော့ရန်ကို ရောက်လာခဲ့တာ မဟုတ်ဘူးလား ..."

"ဘာတွေပြောနေတာလဲ ... ကောင်းကင်(၉)သွယ်အပျက်အစီးဟုတ်လား…"

မုန့်ချီက လွှတ်တော်ခန်းမ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသော ကျိုးဟမ်၏ အခြေအနေကို မေးရန် စဉ်းစားနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူကတော့ ကောင်းကင်ဘိုးဘေး အဆင့်အတန်းကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။ ယွမ်လိဟောင်က သူ့ကို အံ့ဩစရာကောင်းသော သတင်းတစ်ခု ပြောလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

ယွမ်လိဟောင်က အကူအညီမရှိဘဲ တစ်ယောက်တည်းဖြစ်နေမှာကို စိုးရိမ်နေခဲ့သည့်အတွက် လျှို့ဝှက်ချက်ကို ထုတ်ပြောမိလိုက်ခြင်းဖြစ်သည်။ သူက လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်၏။

"အရင်ရက်တွေအတွင်း သတင်းတွေက လော့ရန်မှာရှိနေတဲ့ ထိပ်တန်းအထက်တန်းလွှာ မိသားစုတွေ၊ ပညာရှင်တွေကြားထဲမှာ ပျံ့နှံ့နေတယ်။ လော့ရန်က ကောင်းကင်(၉)သွယ်ရဲ့ဝင်ပေါက် ဖြစ်နေတယ်။ ဒါကြောင့် အင်ပါယာအငွေ့အသက်ကို စုစည်းပြီး နဂါး(၉)ကောင်ရဲ့ မြေမျက်နှာသွင်ပြင်ကို ရှာဖွေနေကြတာ။ ငါတို့ယပ်တောင်(၆)လက်ကျောင်းကလည်း သတင်းအချက်အလက်တွေကို ချက်ချင်း ရယူနိုင်ဖို့အတွက် ထိပ်တန်းလူဆိုးထိန်းတွေကို လွှတ်လိုက်တယ်…"

"ဒီသတင်းအရဆိုရင် ကောင်းကင်(၉)သွယ်ရဲ့ ဝင်ပေါက်တည်နေရာက လော့ရန်မှာလား…"

မုန့်ချီက ပြန်မေးလိုက်သည်။

ထိုအချိန်တွင် ကူရှောင်စန်း၏ပုံရိပ်က သူ့ခေါင်းထဲတွင် ပေါ်လာခဲ့၏။

"သူက နောက်တစ်ကြိမ် လှည့်ကွက်ဆင်နေတာလား ..."

"ငါကြားတဲ့သတင်းအရ ပြောရမယ်ဆိုရင်တော့ တောင်ပိုင်းဖုန်းဆိုးမြေက ပိုင်လင်လို့ခေါ်တဲ့ တစ်ယောက်က သူ့ကိုယ်သူ ကောင်းကင်ဧကရာဇ်ရဲ့ အမွေဆက်ခံသူလို့ ပြောခဲ့တယ်။ သူ့ဆီမှာ ကောင်းကင်(၉)သွယ်ရဲ့ ဝင်ပေါက်မြေပုံတစ်ဝက်ရှိတယ်တဲ့။ သူက အဲဒါကို ကြွယ်ဝချမ်းသာမှုနဲ့ လဲချင်နေတယ်..”

“လက်ရှိသူက အန်တိုင်စားသောက်ဆိုင်ထဲမှာ နေတယ်။ ကြည့်ရတာ သူက လေလံအမြင့်ဆုံးပေးတဲ့သူဆီ မြေပုံကို ရောင်းမယ်ထင်တယ်။ ဒီသတင်းက အခုထိ မပြန့်သေးဘူး။ ဘာလို့လဲဆိုတော့ နန်းတွင်းမိသားစုနဲ့ ထိပ်တန်းအထက်တန်းလွှာ မိသားစုတွေဆီမှာ ရည်ရွယ်ချက်တွေရှိနေတော့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး…"

"အလယ်ပိုင်းကုန်းမြေကြီးမှာ လူမသိဘဲ တောင်ပိုင်းဖုန်းဆိုးမြေကနေ ရောက်လာတဲ့ ပြိုင်ဖက်ကင်းသိုင်းပညာရှင်တစ်ယောက်၊ ကောင်းကင်ဧကရာဇ်ရဲ့အမွေဆက်ခံသူ.."

ထိုစကားလုံးများကြောင့် ထိုအရာက ကူရှောင်စန်း၏ အကြံအစည်ဖြစ်ကြောင်း မုန့်ချီက သေချာသွားခဲ့သည်။

ထိုအရာများအားလုံးကို ပြောလိုက်ပြီးနောက် ယွမ်လိဟောင်က သက်ပြင်းချလိုက်၏။

"ငါက ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့်မှာ ရပ်နေပြီ။ နှစ်ပေါင်းများစွာ ကြာပေမဲ့ အခုထိ အဆင့်မတက်သေးဘူး။ တကယ်လို့ ငါသာ အခွင့်အရေးတစ်ခုကို မရှာနိုင်ဘူးဆိုရင် နောက်ထပ် တာဝန်(၂)ခုလောက်ပဲ အသက်ရှင်နိုင်တော့မှာ စိုးရတယ်…"

သူကတော့ ထိုကိစ္စကို ဝင်ပါချင်နေကြောင်း ပြောလိုက်ခြင်းလည်းဖြစ်သည်။

"အခြေအနေတစ်ခုလုံးက အရမ်းထူးဆန်းနေတယ်။ ဒီတော့ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်တာ ပိုကောင်းမယ်။ အလျင်စလိုမလုပ်မိစေနဲ့ ... တကယ်လို့ ငါက ဝင်ပါဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မင်းရဲ့အကူအညီကို တောင်းမယ်…"

မုန့်ချီက သူ့ကို သတိပေးလိုက်သည်။ ကူရှောင်စန်းနှင့် စာချုပ်ကိစ္စ ရှိနေသည့်အတွက် မုန့်ချီက ထိုကဲ့သို့ ပြဿနာရှိသော ကိစ္စမျိုးတွင် ပါဝင်လိုခြင်း မရှိချေ။

ယွမ်လိဟောင်က ခေါင်းညိတ်ပြလိုက်၏။

"ငါက ထိပ်တန်းလူဆိုးထိန်း တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာ။ ဒါကြောင့် ထောင်ချောက်တစ်ခုထဲကို မဆင်မခြင် ရောက်မသွားနိုင်ပါဘူး…"

ထို့နောက် သူက မေးလိုက်သည်။

"မင်းက ဘာလို့ငါ့ဆီရောက်လာတာလဲ…"

မုန့်ချီက ကျိုးဟမ်နှင့် ပတ်သက်သည့် အခြေအနေများကို ပြောပြလိုက်သည်။ ထို့နောက် အိမ်ရှေ့မင်းသားစံအိမ်၏ စောင့်ကြည့်မှုများကို မေးလိုက်၏။

"တကယ်လို့ ချင်းယွမ်ဆိုရင်တော့ သူ့အတွက် ခက်ခဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းအတွက်ဆိုရင်တော့ အခြေအနေက မတူတော့ဘူး။ ငါက မနက်ဖြန်ကျရင် အိမ်ရှေ့မင်းသားရဲ့စံအိမ်ကို စောင့်ကြပ်ဖို့ တာဝန်ကျလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းဝင်လာလို့ရပြီ ..."

ယွမ်လိဟောင်က စိုးရိမ်နေခြင်းမရှိဘဲ ပြောလိုက်သည်။

"နန်းတွင်းထဲမှာ အသိအကျွမ်းရှိတော့လည်း ပိုပြီးလွယ်သွားတာပဲ…"

မုန့်ချီကတော့ ရယ်ရမလား ငိုရမလားပင် မသိခဲ့ချေ။

ယွမ်လိဟောင်က ချောင်းဟန့်လိုက်ပြီး သူ၏အမူအရာက နောက်တစ်ကြိမ် လေးနက်သွားခဲ့သည်။

"ဒါပေမဲ့ သူက အင်မော်တယ်အဖွဲ့နဲ့ ပူးပေါင်းဖို့တော့ သင့်တော်မယ်မထင်ဘူး…"

"ကျေးဇူးပြုပြီး သေချာပြောပြပေးပါဦး…"

မုန့်ချီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

ယွမ်လိဟောင်က လေးလေးနက်နက် ပြောလိုက်၏။

"အိမ်ရှေ့မင်းသားဖြစ်တဲ့အတွက် လော့ရန်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကြောင့် လူတိုင်းက သူ့ကို အလေးထားနေကြတယ် ... သူက လော့ရန်ကနေ လွတ်လွတ်လပ်လပ် ထွက်မသွားနိုင်ဘူး။ ပြောရမယ်ဆိုရင် သူက စိမ်းပြာကောင်းကင်နယ်မြေကိုဝင်ဖို့ အခွင့်အရေးတောင် မရှိဘူး။ ဒီလိုဆိုမှတော့ သူက အဖွဲ့ထဲကို ဝင်တာမဝင်တာ ဘာများကွဲပြားတော့မှာလဲ။ ငါက နန်းတွင်းထဲမှာ နောက်ထပ်အဖွဲ့ဝင်တစ်ယောက် ရမယ်ဆိုရင် ဝမ်းသာနိုင်ပေမယ့် သူက ဘာအကျိုးအမြတ်မှ ရနိုင်မှာ မဟုတ်ဘူး။ သူက အင်မော်တယ်အဖွဲ့ဆီက ကျင့်စဉ်တွေရဖို့ ၊ ပစ္စည်းတွေ လဲလှယ်ဖို့အတွက်တောင် ငါ့ကို ဆက်သွယ်နေရလိမ့်မယ်။ ဒါဆိုရင် သူ့ရဲ့အဆင့်အတန်းကို ထိန်းသိမ်းထားဖို့ အရမ်းခက်တယ်…"

သူက ခဏကြာစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဖြစ်နိုင်မယ်ဆိုရင်တော့ အိမ်ရှေ့မင်းသားဆိုတဲ့နေရာကို စွန့်ပစ်ဖို့အတွက် သူ့ကို တိုက်တွန်းတာ ပိုပြီးတော့ကောင်းမယ်။ ဒါဆိုရင်တော့ လွှတ်တော်ခန်းမရဲ့ စောင့်ကြည့်မှုကို ရှောင်တိမ်းနိုင်တယ်။ တကယ်လို့ သူကိုယ်တိုင်ကသာ ဓမ္မကာရအဆင့်ကို ရောက်သွားမယ်ဆိုရင် သူက ဘုရင်ဖြစ်ဖို့လည်း အရမ်းလွယ်တယ်။ မဟုတ်ရင်တော့ လွှတ်တော်ခန်းမရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုအောက်မှာ သူ ဘုရင်ဖြစ်လာတော့ရော ဘာဖြစ်မှာလဲ ..."

မုန့်ချီက တွေးတွေးဆဆနှင့် ပြောလိုက်သည်။

"ငါ သူနဲ့စကားပြောလိုက်မယ်…"

သွေးသွားလူဆိုးထိန်း၏ စံအိမ်ထဲမှ ပြန်ထွက်လာသည့်အချိန်တွင် သူက လူအုပ်ကြီးနှင့် နောက်တစ်ကြိမ် ပေါင်းစပ်သွားခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တော့ သာမန်လူများထဲတွင် ပညာရှင်ပေါင်းများစွာ ပုန်းအောင်းနေကြောင်း သတိထားမိခဲ့၏။

Translated by Hein Htet.

All Chapters