← Chapters

အခန်း (၆၈၁)

Vol. 46 Ch. 681

အခန်း (၆၈၁)

Vol. 46 Ch. 681

မုန့်ချီက ဆီစိမ်စက္ကူ ထီးတစ်ချောင်းကိုကိုင်ပြီး မိုးရေထဲတွင် သွားလာနေခဲ့သည်။ သူက လူသူစည်ကားသော လမ်းမများပေါ်တွင် သွားလာနေခြင်း ဖြစ်၏။ လမ်းသွားလမ်းလာများ၊ လက်ပွေ့ဈေးသည်များ၊ ဈေးဆိုင်များနှင့် သာမန် လမ်းသွားလမ်းလာများက သမုဒ္ဒရာ ရေလှိုင်းကြီးကဲ့သို့ လှုပ်ရှားသွားလာနေကြသည်။

လော့ရန်တွင် ပညာရှင်ပေါင်းများစွာ နေထိုင်သည်ဟူသော အချက်ကိုတော့ ယေဘုယျအားဖြင့် လူတိုင်းက လက်ခံထားကြသည်။ ထို့ကြောင့် အစောပိုင်းတွင်တော့ မုန့်ချီက မည်သည့်အရာကိုမျှ ထူးထူးခြားခြား မခံစားမိခဲ့ပေ။ ကောင်းကင် (၉) သွယ် အပျက်အစီးနှင့် ပတ်သက်သော သတင်းက လော့ရန်တွင် တိတ်တဆိတ် ပျံ့နှံ့နေကြောင်း ယွမ်လိဟောင် ပြောသည့် သတင်းကို ကြားရမှသာ သူလည်း ကွဲပြားစွာ ခံစားမိလာခြင်း ဖြစ်သည်။

လူအုပ်ကြီးထဲတွင် ဖုံးကွယ်ထားသော ပညာရှင်မြောက်များစွာ ရှိနေပုံရ၏။ အလျင်အမြန် သွားချည်လာချည် လုပ်ဆောင်နေကြသူများက ငြိမ်းချမ်းသော မြင်ကွင်းအောက်တွင် တစ်စုံတစ်ခု ဖြစ်တော့မလို လေးလေးနက်နက် ရှိနေကြသည်။

"ဒါက ကျောက်တုံးကို ရေထဲပစ်လိုက်သလိုပါပဲလား…"

မုန့်ချီက သူ၏ပတ်ပတ်လည်ကို လှည့်ပတ်စစ်ဆေးပြီး စိတ်သက်သာရာရစွာ ပြောလိုက်သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားများကိုတော့ ပျံ့နှံစေခဲ့ခြင်း မရှိချေ။

မည်သို့ဖြစ်စေကာမူ ကောင်းကင် (၉) သွယ် အပျက်အစီးနှင့် ပတ်သက်သော သတင်းက အစစ်အမှန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူကတော့ ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိချေ။ ထိုနေရာတွင် ရှိနေသော လှည့်ကွက်များက သူနှင့် မသက်ဆိုင်သည့်အပြင် သူတို့၏စာချုပ်အရ ကူရှောင်စန်းက ပူးပေါင်းရန် တောင်းဆိုခြင်း မရှိသရွေ့ ထိုကိစ္စများက သူနှင့် သက်ဆိုင်နေခြင်း မရှိချေ။

ထို့ကြောင့် ယခု သူက ထိုအရာထဲမှ ဘေးထွက်နေသည့်အတွက် ပွဲကြည့်သူ တစ်ယောက် ဖြစ်နေခဲ့သည်။ မိုးရေစက် အနည်းငယ် ကျလာသည့်အတွက် သူက ထီးတစ်ချောင်းကို ကိုင်ထားပြီး ဖြတ်သွားနေသော လမ်းသွားလမ်းလာများကို ပြုံးကြည့်နေခဲ့သည်။ တစ်ဖက်ကမ်းမှနေ၍ မီးတောက်များကို ကြည့်ရသည်မှာ ဆိုးရွားသော ခံစားမှုတစ်ခုတော့ မဟုတ်ချေ။

အပြာရောင် ကျောက်ကြမ်းပြင်ပေါ်တွင် မိုးရေစက်များ ကျဆင်းလာနေခဲ့၏။ မုန့်ချီကတော့ အန်တိုင်စားသောက်ဆိုင်ကိုသွားရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။ သူက အနားတွင် ရှိနေသော တည်းခိုဆောင်တစ်ခုကို ရွေးချယ်ပြီး အတော်လေး အေးဆေးသည့် အခန်းတစ်ခုကို ရွေးချယ်ခဲ့၏။

ထိုအခန်းက သီးသန့်ခြံဝန်းတစ်ခုထဲတွင်ဖြစ်ပြီး ဘယ်ဘက်၊ အလယ်နှင့် ညာဘက်တွင် အခန်း (၃) ခန်း ခွဲထားသည်။ ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် မုန့်ချီက ပို၍ကျေနပ်သွားခဲ့၏။

ထိုနေရာတွင် မီးခိုးရောင်ဆံပင်နှင့် မျက်နှာပေါ်တွင် အရေးအကြောင်းမရှိသော တာအိုသခင်တစ်ယောက် ထိုင်နေခဲ့သည်။ သူ့မျက်လုံးများက တစ်ဝက်ပွင့်နေပြီး သူက အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူနေခဲ့၏။ သူက စာအုပ်ထဲကို စိတ်ဝင်စားနေသည့်အလား မုန့်ချီကို မမြင်ချင်ယောင်ဆောင်ထားသည်။

မိုးရေစက်များက ကြမ်းပြင်ပေါ်သို့ တည့်တည့်ကျဆင်းလာနေပြီး အလွန်သိပ်သည်းသော သစ်ရွက်များကို ဖုံးကွယ်ပေးထားသည်။ ညာဘက်အခန်းတွင် ရှိနေသော ပြတင်းပေါက်ကလည်း ဖွင့်နေပြီး ထိုနေရာတွင် အလွန်လှပသော မိန်းမပျိုတစ်ယောက် ပေါ်လာခဲ့သည်။

အလွန်လှပသော သူမ၏ရုပ်ရည်နှင့် ထင်ရှားသော မျက်ခုံး၊ နှာခေါင်းချွန်ချွန်လေးကို ပေါင်းစည်းလိုက်မည်ဆိုလျှင် သူမ၏အလှတရားနှင့် လိုက်ဖက်ညီနေခဲ့သည်။ အနီရောင်ဝတ်စုံကို ဝတ်ထားသော သူမ၏ပုံစံက အလွန်တောက်ပသော်လည်း ရိုင်းစိုင်းမှု မရှိချေ။

သူမ၏ပုံစံက သိုင်းလောကတွင် နာမည်ကျော်ကြားပုံရ၏။ သူမ၏အငွေ့အသက်က ယခုမှ ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိသေးသော်လည်း သူမက တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည့်အလား မျက်လွှာချထားခဲ့သည်။ မုန့်ချီကိုပင် တစ်စက်မျှ လှည့်မကြည့်ခဲ့ပေ။ သူမက မုန့်ချီကိုယ်တိုင်ပင် မသိလိုက်ခင် သတိထားမိပုံရပြီး သူ့ကို စိတ်ဝင်စားပုံ မရချေ။

"လော့ရန်က တကယ်ပဲ ပညာရှင်တွေ အများကြီးကို ဆွဲဆောင်နိုင်တာပဲ။ ဒီလို ခပ်သေးသေး တည်းခိုဆောင်တစ်ခုမှာတောင် ပညာရှင် (၂) ယောက် ပုန်းနေတယ်…"

မုန့်ချီက ထိုပြဿနာမှ ရှောင်ထွက်ချင်နေသည့်အတွက် သူတို့၏ အစစ်အမှန်စွမ်းအားကို စစ်ဆေးလိုခြင်းလည်း မရှိချေ။ သူက တံစက်မြိတ်အောက်သို့ လျှောက်သွားခဲ့ပြီး ထီးပိတ်၍ မိုးရေစက်များကို ခါထုတ်လိုက်၏။

ထို့နောက် အလယ်တွင် ရှိနေသော အခန်းတံခါးကို အေးအေးဆေးဆေး ဖွင့်လိုက်သည်။ သူက ဖယောင်းတိုင် ထွန်းလိုက်ပြီးနောက် တာအိုတိချင်းစာအုပ်ကို ထုတ်ပြီး ဖတ်ကြည့်နေခဲ့၏။ ထိုစာအုပ်က အနည်းငယ် ထူးဆန်းသည်။ လက်ရှိအချိန်တွင် မုန့်ချီက သံသရာအရှင်သခင်ကို အကြွင်းမဲ့ ယုံကြည်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူက ထိုစာအုပ်ကို ယာယီစစ်ဆေးလိုခြင်း မရှိချေ။

အနီဝတ် မိန်းမပျိုနှင့် သစ်သားဆံထိုး တာအိုသခင်တို့က သူတို့၏မူလပုံစံအတိုင်း ဆက်ထိုင်နေကြသည်။ ထိုနေရာတွင် အမှောင်ထဲ၌ မိုးရေစက်သံကိုသာ ကြားနေရ၏။

အပြာရင့်ရောင် မီးအိမ်လေး၏ အလင်းရောင်နှင့် မုန့်ချီက တာအိုတိချင်းစာအုပ်ကို ဖတ်ကြည့်လိုက်သည်။ သူက အနည်းငယ် ခေါင်းခါလိုက်မိပြီး ပြတင်းပေါက် အပြင်ဘက်တွင် ဖြစ်နေသော အရာများကို လျစ်လျူရှုထားခဲ့၏။

နောက်တစ်နေ့နေထွက်လာသည့်အချိန်တွင် လေလှိုင်းများက ငြိမ်သက်သွားပြီး မိုးစက်များလည်း ရပ်တန့်သွားခဲ့သည်။

မုန့်ချီက အဝတ်အစားလဲပြီး တည်းခိုဆောင်ထဲမှ ထွက်လာခဲ့၏။ သူက စုကျိယွဲ့နှင့် ကူချန်းချင်တို့ကို တိတ်တဆိတ် တွေ့ဆုံရန် စဉ်းစားထားသည်။ လက်ရှိလမ်းမပေါ်တွင်တော့ လူပေါင်းများစွာ ပြည့်နေခဲ့၏။

မုန့်ချီက ဖြည်းညင်းစွာ လမ်းလျှောက်သွားခဲ့ပြီး လက်ရှိအခြေအနေကို အလွန်ကျေနပ်နေခဲ့သည်။ သူက စိတ်ထဲတွင် အေးချမ်းနေပြီး လမ်းမပေါ်ကို လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် မတူညီသော လူပေါင်းများစွာကို တွေ့နေရသည်။

ရုတ်တရက်ဆိုသလို အနီရောင် ဝတ်စုံဝတ်ထားသော မိန်းမပျိုက အလျင်အမြန် လျှောက်လာပြီး မုန့်ချီကို ဖြတ်ကျော်၍ လမ်းခွဲတစ်ခုထဲကို ချိုးဝင်သွားခဲ့သည်။ ခဏကြာပြီးနောက် သစ်သားဆံထိုး တာအိုသခင်က သူမ၏နောက်မှ အနည်းငယ် လိုက်သွားခဲ့၏။

သူက မုန့်ချီကိုမြင်သည့်အခါ နှုတ်ဆက်သည့်အနေနှင့် ခေါင်းညိတ်ပြလိုက်ပြီး တခြားလမ်းတစ်ခုထဲကို ချိုးဝင်သွားခဲ့သည်။

"ဒီလမ်းကြောင်းတွေအားလုံးက အန်တိုင်စားသောက်ဆိုင်ကို ရောက်တယ်…"

မုန့်ချီက ပြုံးလိုက်မိပြီး မြို့ထဲကိုသာ ဦးတည်ထွက်သွားခဲ့သည်။

ထိုလမ်းကြားမှ သူ ထွက်သွားပြီး သိပ်မကြာခင် မိန်းမပျိုနှင့် သစ်သားဆံထိုး တာအိုသခင်တို့က တစ်ပြိုင်နက်တည်း ပြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့က မုန့်ချီ ထွက်ခွာသွားသော နေရာကိုကြည့်ပြီး သံသယများ ပျောက်ကွယ်သွားသည့်အလား သက်ပြင်းချလိုက်မိ၏။

အန်တိုင်စားသောက်ဆိုင်နှင့် ဆန့်ကျင်၍ မုန့်ချီက စုမိသားစု စံအိမ်ဆီသို့ ချဉ်းကပ်လာခဲ့သည်။ ထိုအချိန်တွင် သူကတော့ ပို၍ကျေနပ်သွားမိခဲ့၏။ အဘယ်ကြောင့်ဆိုသော် စုကျိယွဲ့က အပြင်ဘက်ကို ထွက်လာခြင်းကြောင့် ဖြစ်သည်။ သူမက အရွယ်ရောက်နေပြီ ဖြစ်သော်လည်း မရင့်ကျက်သေးပေ။ သူမက အစိမ်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားသည့်အတွက် သိမ်မွေ့ညင်သာပြီး ပြောင်းလဲတတ်သည်ဟု သူမ၏ အခြေအနေက ပြောပြနေခဲ့၏။

မုန့်ချီက ညလမ်းမပေါ်တွင် သွားလာနေသော သခင်လေး တစ်ယောက်ပုံစံ ဟန်ဆောင်လိုက်ပြီး စုကျိယွဲ့ဆီကို ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ သူက သူ၏အငွေ့အသက်များကို တိတ်တဆိတ် လှည့်ပတ်ပြီး ဆက်တိုက် သတိထားနေခဲ့၏။

ခြေလှမ်း (၅) လှမ်းပင် မရောက်သေးသောအချိန်တွင် မုန့်ချီ၏ စိတ်ဝိညာဉ်စွမ်းအားက စုကျိယွဲ့ကို စိုက်ကြည့်နေသော လူပေါင်းများစွာနှင့် လမ်းသွားလမ်းလာများကို သတိထားလိုက်မိသည်။

"လူတစ်ယောက်က စောင့်ကြည့်နေတယ်…"

မုန့်ချီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ သူက အပြုံးနှင့် ဆက်ထွက်သွားခဲ့၏။ ထို့ကြောင့် စုကျိယွဲ့က သူ့နောက်တွင် ကျန်နေခဲ့သည်။ သူက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၊ ကမ္ဘာဦးရွှေကြာပန်းနှင့် ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်မှုကဲ့သို့သော စွမ်းရည်များကို တိတ်တဆိတ် အသက်သွင်းကြည့်လိုက်သည်။

လူအုပ်ကြီးက သူ့ကို ဖြတ်ကျော်သွားသလို ထင်မှတ်ရပြီး လေလှိုင်းက ပါးလွှာလာခဲ့သည်။ မုန့်ချီ၏ခေါင်းထဲတွင် တည်နေရာများ ပေါ်လာနေ၏။

"တစ်ယောက် နှစ်ယောက်..."

မုန့်ချီက တိတ်တဆိတ် ရေတွက်ကြည့်နေခဲ့သည်။ အချင်းချင်း မသိကြသော စောင့်ကြည့်သူ (၄) ယောက် ရှိနေ၏။ သူတို့ထဲမှ တချို့က အလွန်အစွမ်းထက်ပြီး မုန့်ချီ ကိုယ်တိုင်ပင် သူတို့၏တည်နေရာ တိတိကျကျကို မသိနိုင်ပေ။ တခြားလူများကတော့ အတော်လေးကို အားနည်းပြီး သူတို့၏ အငွေ့အသက်နှင့် ခြေရာလက်ရာများ ပေါ်နေခဲ့၏။

"စောင့်ကြည့်သူ (၄) ယောက်က လေဟာနယ်မိန်းမပျိုဂိုဏ်း၊ ဖျက်ဆီးရေးဂိုဏ်း၊ ငိုကြွေးခြင်းအကြီးအကဲနှင့် သတ်ဖြတ်ခြင်းရပ်တန့်သူဆီကလား…"

မုန့်ချီက ခနဲ့သလို တွေးလိုက်မိပြီး သူရောက်လာကြောင်း ပေါ်မသွားစေချင်သည့်အတွက် စုမိသားစု စံအိမ်ဆီကို မသွားတော့ပဲ ပြန်ထွက်လာခဲ့သည်။

"ငါက အခုချိန်မှာ ပေါ်သွားဖို့ မလိုသေးဘူး။ နောက်ထပ် (၂) နှစ် (၃)နှစ်လောက် စောင့်ပြီးလို့ ငါက သိုင်းသခင်အဆင့်ကို ရောက်သွားရင် သူတို့ကို တိုက်ခိုက်နိုင်တဲ့ အစွမ်းမျိုး ရှိလာနိုင်တယ်။ ငါက ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ယာယီခုခံရမယ်ဆိုရင်တောင် ကျောင်းထိုင် ကုံဝမ်နဲ့ ဘိုးဘေးလင်းပေါင်တို့ရဲ့ အကူအညီကို တောင်းလို့ရတယ်။ သူတို့ကို တစ်ကြိမ်တည်းနဲ့ ရှင်းပစ်လိုက်လို့ရတယ်။ ငါက လေဟာနယ်မိန်းမပျိုဂိုဏ်းနဲ့ ဖျက်ဆီးရေးဂိုဏ်းတို့လို မကောင်းဆိုးဝါးအဖွဲ့အစည်းတွေကိုတောင် ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်နိုင်လိမ့်မယ်.."

မုန့်ချီဆီတွင် အန္တရာယ် (၄)ခု ရှိနေသည်မှာ သေချာသည်။ သူက ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်ရန် လိုအပ်၏။ သူက အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ထိုအရာက သူ့ရန်သူ၏ အစစ်အမှန် ဖြစ်၏။ သူက အချိန်ဆွဲလေလေ ရန်သူများက ပို၍ရူးသွပ်လာလေလေ ဖြစ်ပါလိမ့်မည်။ ထိုအခါ သူ အဆင့်မတက်နိုင်ခင် ရန်သူများက သူ့ကို သတ်ပစ်ကြလိမ့်မည် ဖြစ်၏။

ထို့ပြင် မုန့်ချီက နောက်ထပ် (၂) နှစ်နီးပါးခန့် လုံခြုံနေမည်ဟု ယုံကြည်သည်။ သို့သော် (၂) နှစ်အတွင်း ပို၍အန္တရာယ်များသော အခြေအနေများလည်း ဖြစ်လာနိုင်၏။ ဥပမာအနေနှင့် ပြောရလျှင် သူ့ဆွေမျိုးများကို ပြန်ပေးဆွဲပြီး သူတို့နှင့်လာတွေ့ရန် တောင်းဆိုခြင်းမျိုး ဖြစ်သည်။

"နောက်ပိုင်း ငါက ယပ်တောင် (၆) လက်ကျောင်းကို သွားတဲ့အချိန်ကျရင် ငါ့မိသားစုကို စာတစ်စောင် ရေးပို့ရမယ်။ ရန်သူတွေက ဘယ်လောက်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းတယ်ဆိုတာကို အသေးစိတ်ပြောပြပြီး ဖြစ်နိုင်သမျှ ဝင်္ကပါတွေကို အသက်သွင်းခိုင်းရမယ်။ ပြီးတော့ ငါ့ရဲ့ညီမလေးက အပူအပင်ကင်းကင်း နေနိုင်ဖို့အတွက် ဦးလေးဝမ်ဆီမှာ အပ်နှံထားဖို့ လိုအပ်တယ်…"

မုန့်ချီက အစီအစဉ်တစ်ခုကို စဉ်းစားလိုက်မိသည်။

လော့ရန်တွင် ပြစ်မှုတစ်ခု ကျူးလွန်ရန် ခက်ခဲသည်။ ထိုကဲ့သို့ အသေးစိတ် အစီအစဉ်များ ရှိနေသည့်အတွက် သူတို့က လုံခြုံနေနိုင်၏။ ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် လူတိုင်းဆီ၌ စွမ်းအားကန့်သတ်ချက် ရှိနေပြီး ခုခံရေး လုပ်ဆောင်လိုက်သည့် အချိန်တွင်လည်း စွမ်းအားများ ပို၍ကုန်ဆုံးတတ်သည်။ ထိုကဲ့သို့ လုံခြုံရေး အဆင့်မျိုးကို ခုခံရန်လည်း အတော်လေး ခက်ခဲသည်။

သို့သော် မုန့်ချီကတော့ စုမိသားစုကို အချိန်အကြာကြီး သည်းခံခိုင်းရန် မလိုအပ်ပေ။ (၃) နှစ်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။ ထိုအရာက ကမ္ဘာလောကတခွင်လုံး နာမည်ကျော်ကြားသော သတ်ဖြတ်ရေးဓား၏ ယုံကြည်မှုလည်း ဖြစ်၏။

အစီအစဉ်များအားလုံး ပြီးဆုံးသွားပြီးနောက် မုန့်ချီက ညရောက်သည့်အချိန်တွင် တည်းခိုဆောင်သို့ အေးအေးဆေးဆေး ပြန်လာခဲ့သည်။ သူက ဖယောင်းတိုင်မီးကို ထွန်းလိုက်ပြီး တာအိုတိချင်းစာအုပ်၏ ထူးခြားမှုများကို ဆက်လက်ရှာဖွေနေခဲ့၏။

တစ်ချိန်တည်းတွင် နောင်တမဲ့ လျှို့ဝှက်တံခါးက မည်မျှ ပြဿနာများကြောင်း စဉ်းစားကြည့်နေမိခဲ့သည်။ သူ့ဆရာက စေတီလေးထဲကို ဝင်ရောက်သွားခဲ့သည်မှာ အချိန်အတော်လေး ကြာနေပြီဖြစ်သော်လည်း နိဗ္ဗာနအဆင့် ဖြတ်ကျော်နိုင်မည့် လက္ခဏာမျိုး ပေါ်မလာသေးပေ။ မုန့်ချီက ဗုဒ္ဓလက်ဝါး လေ့လာနိုင်ရန် သူ့ကို ခေါ်သွားရန်လည်း လုံးဝမဖြစ်နိုင်ပေ။

သူ၏အငွေ့အသက်များကို လုံးဝဖုံးကွယ်ထားနိုင်သော သူ့ဆရာတူ ညီလေးကလည်း အခုအချိန်ထိ အိပ်စက်နေသေး၏။ နီရဲနေသော သူ၏မျက်နှာလေးအရ တိုက်ခိုက်ရေး စွမ်းအားများကို သူ့ခန္ဓာကိုယ်နှင့် သွေးများထဲတွင် ထိန်းသိမ်းထားပုံ ရသည်။

ကျောင်းထိုင် ကုံဝမ်၏ စကားအရ ဆရာတူညီလေး၏ အဆင့်အတန်းကလည်း မဟာပုံရိပ်‌ယောင် ကျမ်းစာထဲရှိ သဘောတရားနှင့် တူညီနေခဲ့သည်။ သို့သော် သူကတော့ ထိုအရာကို လုံးဝမဖတ်ဖူးဘဲ လေ့ကျင့်မှုကိုသာ အထူးအာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။ သူ ရရှိနိုင်သော အကျိုးအမြတ်က ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို အနှစ်ချုပ်ထားသော အရာများ ဖြစ်နိုင်သည်။

ညရောက်သည့်အချိန်တွင် သစ်သားဆံထိုး တာအိုသခင်က အရက်တစ်အိုးနှင့်အတူ ဖြည်းညင်းစွာ ဝင်လာခဲ့သည်။ သူက ပြတင်းပေါက်တွင် မုန့်ချီ၏ အရိပ်ရှိရာကို လှည့်ကြည့်လိုက်ပြီးနောက် သူ့အခန်းထဲကို အပြုံးနှင့် ဝင်သွားခဲ့သည်။

ညမှောင်လာသည့်အချိန်တွင် မုန့်ချီက တာအိုတိချင်းစာအုပ်ကို သိမ်းလိုက်ပြီး အပြာရောင်မီးအိမ်လေးကို မီးမှုတ်လိုက်၏။

"ညရောက်နေပြီ ဖြစ်တဲ့အတွက် မီးသတိထားကြပါ…"

ဖြတ်သွားသော ညစောင့်က အော်ဟစ်လိုက်သည်။

အနီဝတ် မိန်းမပျိုက မြေပြင်ပေါ်တွင် ထိုင်နေပြီး သူမက ဉာဏ်အလင်းပွင့်မှုအဆင့် အစွမ်းကိုသာ ဖော်ပြထားခဲ့သည်။ လော့ရန်၏ ဝင်္ကပါက လှုပ်ရှားမှု အသေးလေးများကိုပင် ဂရုတစိုက် စောင့်ကြည့်နေခဲ့၏။ သူမက ဘယ်ဘက်ခြမ်းတွင် ရှိနေသော အခန်းဆီကို သတိထား၍ လှည့်ကြည့်လိုက်သည်။

တာအိုသခင်က တစ်ယောက်တည်း အရက်သောက်နေပုံ ရ၏။ သူမ၏မျက်လုံးများက တဖြည်းဖြည်း နက်မှောင်လာခဲ့သည်။ သူမက အလယ်အခန်းကို လှည့်ကြည့်လိုက်သည့် အချိန်တွင်တော့ မီးမှိတ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ အခန်းက မည်းမှောင်နေသည့်အတွက် အပြာဝတ်သခင်လေးက အိပ်မောကျနေပုံ ရသည်။ သူမက တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး သူ့အခန်းကို ပြန်ဝင်သွားခဲ့၏။

မုန့်ချီကတော့ လက်နောက်ပစ်ပြီး ပြတင်းပေါက်တွင်ရပ်၍ အမှောင်ထုကို အကာအကွယ်ယူပြီး သူတို့၏အပြုအမူများကို ကြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင်တော့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမရှိဘဲ ငြိမ်းချမ်းနေခဲ့၏။

နောက်တစ်နေ့တွင် အိမ်ရှေ့မင်းသားစံအိမ်ထဲ၌ …

ကျိုးဟမ်က လေ့ကျင့်မှု ပြီးဆုံးသွားခဲ့သည့်အတွက် သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေသော သွေးသွားလူဆိုးထိန်း ယွမ်လိဟောင်ကို နှုတ်ဆက်၍ သူ့အခန်းကို ပြန်လာခဲ့သည်။

သူ့အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် အခန်းကို ကာကွယ်ထားသော အကာအကွယ် မှော်အစွမ်းကို အလိုလို အသက်သွင်းလိုက်သည်။ ထို့နောက် ကျိုးဟမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။

စံအိမ်တစ်ခုလုံးက အလွန်ကြီးမားသော်လည်း သူကတော့ ဤအခန်းငယ်လေးထဲတွင်သာ စိတ်အေးလက်အေး နေနိုင်သည်။ ထိုအခန်းငယ်လေးကသာ သူ့လက်အောက်တွင် ရှိနေသည့်အတွက် တခြားသူများ စစ်ဆေးနိုင်ခြင်း မရှိသလို ခံစားနေရ၏။

မည်သို့ဖြစ်စေကာမူ တော်ဝင်မင်းသားတစ်ယောက်တွင် ကိုယ်ရေးကိုယ်တာ ရှိနိုင်သည်။ သူက ပျော်ပါးနေသည့်အချိန်မျိုးတွင် တခြားသူများ စောင့်ကြည့်မှုကို လက်မခံချင်ခဲ့ပေ။ ထို့ကြောင့် လွှတ်တော်ခန်းမက သူ့ကိုယ်ပိုင်အခန်းထဲတွင် စစ်ဆေးကြည့်၍ မရနိုင်အောင် လုပ်ဆောင်ပေးခဲ့၏။

သူက စိတ်အေးသွားသည့် အခိုက်အတန့်တွင် လူတစ်ယောက်က သူ့ကို စိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ သူက ရုတ်တရက် ပြန်လှည့်လိုက်ရာ အလွန်ကြီးမားသော အနက်ရောင်ဝတ်စုံနှင့် ပြဇာတ်ထဲမှ ကောင်းကင်ဘိုးဘေး မျက်နှာဖုံ ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုလူ၏ လက်ထဲတွင်တော့ အစိမ်းရောင် ရတနာလေးတစ်ခု ရှိနေသည်။ ထိုရတနာ၏ အလယ်တွင်တော့ အနက်ရောင် ကျောက်စိမ်းလေးတစ်ခု ရှိနေ၏။

"ကောင်းကင်ဘိုးဘေးလား။ မင်းက အင်မော်တယ်အဖွဲ့သားတစ်ယောက်လား…"

ကျိုးဟမ်က သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားနေစဉ် မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"အတိအကျပဲ…"

ကျိုးဟမ်က မုန့်ချီ၏အစွမ်းကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။ ထိုလူက လွှတ်တော်ခန်းမ၏ စောင့်ကြည့်မှုအောက်တွင်ပင် မည်သူမျှ သတိမထားမိအောင် သူ့အခန်းထဲသို့ ဝင်လာနိုင်ခဲ့၏။

"မင်းက ဘာလို့ဒီကိုရောက်နေတာလဲ…"

ကျိုးဟမ်၏ တည်ငြိမ်သော အမူအရာနှင့် မေးလိုက်သည်။

"မင်းသားဝေ …

အခု မင်းက ခက်ခဲတဲ့အခြေအနေကို ရောက်နေပြီ။ မင်းက တခြားလူရဲ့ အကူအညီမရှိဘဲ တစ်ယောက်တည်းဖြစ်နေတယ်။ ဒါကြောင့် မင်းက အပြင်ဘက်က အကူအညီကို လိုအပ်မယ်လို့ ခန့်မှန်းမိတယ်…"

မုန့်ချီက မေးလိုက်၏။ သူက သူ့မိတ်ဆွေကို တခြားသော နာမည်တစ်ခုနှင့် ပြောနေရသည့်အချိန်တွင် သူ့ပုံစံက အတော်လေး ကြောင်သလို ခံစားနေရသည်။

ကျိုးဟမ်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး သိပ်မကြာခင် ပုံမှန်ပြန်ဖြစ်သွားခဲ့၏။ သူက မုန့်ချီနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ဒီတော့ မင်းက ငါ့ကို အင်မော်တယ်အဖွဲ့ထဲ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်နေတာလား.."

"ဟုတ်တယ်။ အင်မော်တယ်အဖွဲ့နဲ့ ပူးပေါင်းပြီးသွားရင် မင်းက မတူညီတဲ့ နာမည်အဆင့်အတန်း အလိုက် ကျင့်စဉ်တွေရမယ်။ ပြီးတော့ ဆေးရည်တွေ ၊ ပစ္စည်းတွေကိုလည်း ဈေးပေါပေါနဲ့ ဝယ်နိုင်လိမ့်မယ်။ ပြီးတော့ မင်းက သံသယအရှင်သခင်နဲ့ လဲလှယ်မှုတွေကို လုပ်ဆောင်နိုင်ပြီး လောကတခွင်လုံးမှာ ရှိနေတဲ့ အပေါင်းအဖော်တွေကနေတဆင့် ပစ္စည်းတွေ ၊ သတင်းတွေ လဲလှယ်လို့ရမယ်…”

“ဥပမာအနေနဲ့ပြောရရင် သံသရာတံဆိပ်ဆိုတာ အင်မော်တယ်အဖွဲ့မှာ နှစ်စဉ်နှစ်တိုင်း တာဝန်တစ်ခု ပြီးဆုံးအောင် လုပ်လိုက်တာနဲ့ ရနိုင်တဲ့အရာတစ်ခုပဲ။ အဲဒါက မင်း မိသားစုနဲ့ မင်း ဂရုစိုက်တဲ့သူတွေကို ထိခိုက်စေမှာ မဟုတ်ဘူး။ တကယ်လို့ တခြားအဖွဲ့သားတွေက တာဝန်ကြောင့် ကျိုးမိသားစုကို တိုက်ခိုက်ဖို့ လိုအပ်မယ်ဆိုရင်တောင် သူတို့က မင်းကို အရင်ဆုံးကြိုပြီး သတိပေးကြလိမ့်မယ်…"

မုန့်ချီက အကျိုးအမြတ်များကို ရိုးရှင်းစွာ ရှင်းပြနေခဲ့သည်။

ကျိုးဟမ်က ထိုအရာကို လေးလေးနက်နက် နားထောင်နေခဲ့၏။ သူက ချက်ချင်း အဖြေမပေးခဲ့ပေ။

မုန့်ချီက ထပ်ဖြည့်ပြောလိုက်၏။

"အဲဒီအရာတွေအားလုံးအတွက် လိုအပ်တာက မင်းရဲ့လွတ်လပ်မှုပဲ။ မင်းက အဲဒီအကျိုးအမြတ်တွေရဖို့အတွက် အိမ်ရှေ့မင်းသားဆိုတဲ့ရာထူးကို ယာယီလက်လွှတ်လိုက်ဖို့ မျှော်လင့်တယ်။ တကယ်လို့ နောက်ပိုင်း အခွင့်အရေးတစ်ခု ရလာရင် ငါတို့က မင်းကို ထီးနန်းပေါ် ပြန်တင်ပေးဖို့ အကောင်းဆုံး ကူညီပေးနိုင်တယ်…"

ကျိုးဟမ်က အချိန်တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

"ငါ လေ့ကျင့်နေတာက လူသားစွမ်းရည်နဲ့ ဆက်သွယ်ထားတဲ့ ကမ္ဘာမြေလှုပ်ရှားခြင်းကျင့်စဉ်ပဲ။ ငါက ပိုပြီးတော့ လေးစားခံရလေလေ ငါ့ရဲ့ကျင့်စဉ်တိုးတက်မှုက ပိုပြီးတော့ မြန်လာလေလေပဲ။ အိမ်ရှေ့မင်းသားဆိုတဲ့ ရာထူးသာ မရှိတော့ရင် ငါ့ရဲ့တိုးတက်မှုအရှိန်က နှေးသွားလိမ့်မယ်။ ငါက သံသရာကမ္ဘာထဲမှာ မြန်မြန်သေသွားလိမ့်မယ်။ ဒါပေမဲ့ ငါသာ ထီးနန်းရပြီး အလေးစားရဆုံး ဘုရင်တစ်ယောက် ဖြစ်လာမယ်ဆိုရင် လက်ရှိအတားအဆီးတွေ အားလုံးကို ချက်ချင်း ချိုးဖျက်နိုင်လိမ့်မယ်…"

အဓိကအချက်ကတော့ သူ၏ကျင့်ကြံမှုကို အကူအညီပေးရန် အစစ်အမှန် အင်ပါယာ တံဆိပ်ကဲ့သို့သော အရာများကိုသာ လိုအပ်သည်။ ကျိုးဟမ် ပြောချင်သည့် အဓိပ္ပာယ်က ရှင်းလင်းပြီး နှံ့စပ်၏။ သူက မည်မျှခက်ခဲနေစေကာမူ လက်ရှိရာထူးကို စွန့်လွှတ်နိုင်ခြင်း မရှိချေ။

မုန့်ချီက ကျိုးဟမ်ကို ပထမဆုံးတစ်ကြိမ် တွေ့ခဲ့ရသကဲ့သို့ စိုက်ကြည့်နေမိခဲ့၏။ ကျိုးဟမ်က ရည်မှန်းချက်ကြီးကြောင်း သူသိသည်။ သို့သော် ထိုမျှ ခေါင်းမာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

"သူ့မှာ အတွေးမရှိမှတော့ သူ့ရဲ့အဖော်တစ်ယောက်ချင်းဆီတိုင်းကို ဆန့်ကျင်နေမှာလား…"

မုန့်ချီက သက်ပြင်းချလိုက်မိသည်။

"မင်းက ဘယ်လောက်ကြီးမားတဲ့ အခွင့်အရေးတွေကို လွှတ်လိုက်တယ်ဆိုတာ သိရဲ့လား…"

ကျိုးဟမ်ကတော့ ခေါင်းထဲတွင် အစီအစဉ်တစ်ခု ချမှတ်ထားသည့်အလား ပြုံးပြလိုက်သည်။

"တကယ်လို့ အင်မော်တယ်တွေနဲ့ ပူးပေါင်းလို့ရမယ့် တာဝန်တစ်ခုခုရော ရှိလား။ ငါက ငါ့မိသားစုရဲ့ကျင့်စဉ်တွေကို အမွေဆက်ခံနိုင်တယ်။ ဘာနာမည်မှလည်း မလိုဘူး။ ငါက ပစ္စည်းတွေကိုပဲ လဲလှယ်ချင်တာ...။ ငါက တာဝန်ပြီးဆုံးအောင် မလုပ်နိုင်ပေမယ့် နန်းတွင်းထဲမှာတော့ အကူအညီပေးနိုင်တယ်…"

မုန့်ချီက စဉ်းစားပြီး ငြိမ်းချမ်းစွာ သဘောတူလိုက်သည်။

"ကောင်းပြီလေ…"

သူ့ခြံဝန်းထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် လေလှိုင်းများ တိုက်ခတ်နေခဲ့သည်။ မုန့်ချီက ပြတင်းပေါက်တွင်ထိုင်ပြီး လေးလေးနက်နက် စဉ်းစားနေမိ၏။ အနီဝတ် မိန်းမပျိုနှင့် သစ်သားဆံထိုး တာအိုသခင်တို့ကတော့ ယခုအချိန်ထိ ပြန်ရောက်မလာသေးပေ။

တဖြည်းဖြည်းနှင့် တိတ်ဆိတ်သော ခြံဝန်းထဲတွင် ညအချိန် ရောက်လာခဲ့၏။ ရုတ်တရက်ဆိုသလို လူတစ်ယောက်က ခြံဝန်းထဲကိုဝင်လာပြီး မုန့်ချီ၏ အခန်းထဲသို့ ဝင်လာခဲ့သည်။

အနီဝတ်မိန်းမပျို၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမက အလျင်စလို ပြောလိုက်၏။

"ကျွန်မက စိမ်းပြာလ ဓားဂိုဏ်းက စွန်းယွဲ့ရှိုလို့ ခေါ်တယ်။ ကျွန်မက ချက်ချင်းကုသဖို့ လိုအပ်နေတယ်။ ကျေးဇူးပြုပြီး အပြင်မှာရှိတဲ့ သွေးစီးကြောင်းတွေကို ဖယ်ဖို့ ကူညီပေးပါဦး။ ကျွန်မက မနက်ဖြန်ကျရင် ရှင့်ကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်…"

Translated by Hein Htet.

All Chapters