အခန်း (၆၈၂)
Vol. 46 Ch. 682
အနီဝတ်မိန်းမပျိုက ဆေးလုံးတစ်လုံးကို လျင်မြန်စွာ မျိုချလိုက်ပြီးနောက် မြေပြင်ပေါ်တွင် တင်ပြင်ခွေထိုင်ချလိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင်တော့ ဓားအလင်းတန်းလေးတစ်ခု ပျံဝဲနေသလို ထင်မှတ်ရသည်။ သူမအပေါ် မကောင်းသော စိတ်ဆန္ဒများ ရှိနေမည်ဆိုလျှင် ထိုအလင်းတန်းက ချက်ချင်း တိုက်ခိုက်မည့်ပုံပေါ်၏။
ထိုင်ခုံတွင် ထိုင်နေသော မုန့်ချီက သူမကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ရာ သူမ၏ဒဏ်ရာက ရင်ဘတ်အောက်တွင် စုစည်းနေကြောင်း တွေ့လိုက်ရသည်။ ဒဏ်ရာက သေးသေးကျဉ်းကျဉ်းနှင့် ဖြစ်သော်လည်း ရေလှိုင်းဓားကဲ့သို့သော ပုံမှန်မဟုတ်သည့် လက်နက်များနှင့် တိုက်ခိုက်ခံရသည့်အလား နက်ရှိုင်းလှသည်။ ထိုဓားအလင်းတန်းက သူမ၏သွေးများ စီးထွက်မလာစေရန် ထိန်းသိမ်းပေးထားခြင်း ဖြစ်၏။
"ကောင်းကင်(၉)သွယ် အပျက်အစီးနဲ့ ပတ်သက်တဲ့ သတင်းတွေ ပျံ့နှံလာတဲ့ အချိန်ကတည်းကစပြီး လော့ရန်ရဲ့ဝင်္ကပါက တစ်ဝက်တစ်ပျက် အသက်သွင်းထားတာ။ ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေ လှုပ်ရှားသွားတာနဲ့ ယပ်တောင်(၆)လက်ကျောင်းနဲ့ လွှတ်တော်ခန်းမကလည်း ချက်ချင်း သတိထားမိမှာပဲ…"
မုန့်ချီ၏ခေါင်းထဲတွင် ထိုအတွေးမျိုး ပေါ်လာပြီးနောက် သူက အဖြစ်အပျက်တစ်ခုလုံး၏ အကျိုးအကြောင်း သဘောတရားကို သုံးသပ်မိသွားခဲ့သည်။
"သူလျှိုလုပ်တယ်၊ နောက်ယောင်ခံတယ် ၊ ညအချိန်မှာ လူစိမ်းတွေနဲ့တွေ့တယ်။ လူတစ်ယောက်ချင်းဆီရဲ့ စွမ်းအားတွေကို ဖိနှိပ်ထားတယ်။ ဓားတွေ၊ ပုံမှန်မဟုတ်တဲ့ လက်နက်တွေနဲ့ ရင်ဆိုင်ကြတယ်။ တိုက်ခိုက်ပြီးသွားတော့ စွန်းယွဲ့ရှိုလို့ခေါ်တဲ့ အနီဝတ်မိန်းမပျိုက တိုက်ခိုက်မှုတစ်ခုတည်းနဲ့ ရှုံးနိမ့်သွားခဲ့ပြီး အန္တရာယ်ထဲကနေ ပွတ်ကာသီကာ လွတ်မြောက်လာတယ်…”
“ကြားရတာတော့ ကောင်းကင်(၉)သွယ်အပျက်အစီးရဲ့ဝင်ပေါက်မြေပုံတစ်ဝက်ကို ကိုင်ထားတဲ့သူက ပိုင်လင်လို့ ခေါ်တယ်။ သူက သီးသန့်နေရာတစ်ခုမှာ နေပြီး အိမ်ထဲကနေ အိမ်ပြင်ကိုထွက်တာ ရှားတယ်။ ယပ်တောင်(၆)လက်ကျောင်းက ပညာရှင်တွေက တိတ်တဆိတ် စောင့်ကြည့်နေကြပြီး သူတို့ရဲ့စွမ်းအားတွေကို ပေါင်းစည်းနေကြတယ်။ သူက ဒီလိုအခြေအနေမျိုးမှာ တခြားတစ်ယောက်နဲ့ ဘာကြောင့်တိုက်ခိုက်ခဲ့ရတာလဲ…"
မုန့်ချီက တစ်ယောက်တည်းရယ်လိုက်မိသည်။ သူက ထိုကိစ္စနှင့်ဝေးဝေးနေရန် ဆုံးဖြတ်ထားသည့်အတွက် ထိုအရာများအားလုံးကို ခန့်မှန်းကြည့်နေတော့ရော ဘာများထူးခြားမည်နည်း။
သူက စွန်းယွဲ့ရှို၏ ဂုဏ်သတင်းနှင့် ရင်းနှီးနေသည်။ သူမက စိမ်းပြာလဓားဂိုဏ်း၏ အငယ်ဆုံး ပညာရှင် တစ်ယောက်ဖြစ်ပြီး သူမကလည်း အချစ်ဘုန်းတော်ကြီးနဲ့ မျိုးဆက်တူဖြစ်ကြသည်။ ထို့ကြောင့်လည်း သူမက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသွားပြီဖြစ်၏။
သူက မတ်တပ်ရပ်လိုက်ပြီး ခြံဝန်းထဲတွင် ရှိနေသော အခြေအနေကို စစ်ဆေးရန် အပြင်သို့ ထွက်လိုက်သည်။ အကယ်၍ သူက တတ်နိုင်လျှင်တော့ ကူညီပေးမိမည် ဖြစ်၏။ မည်သို့ဖြစ်စေကာမူ ထိုအရာက သူ့အခန်းထဲသို့ ရောက်လာခြင်းဖြစ်ပြီး သူတို့နှင့် သက်ဆိုင်ခြင်း မရှိချေ။
ခြံဝန်း၏မြေပြင်တွင် သွေးစက်များစွာ စွန်းထင်နေခဲ့သည်။ လေထဲတွင် ပိုးကောင်များ၏ တိတ်တဆိတ် အော်ဟစ်သံများလည်း ထွက်ပေါ်နေသည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ နောက်မှ လိုက်လာသူမရှိကြောင်း တွေ့လိုက်ရ၏။
"ကြည့်ရတာ သူက လိုက်လာသူတွေရဲ့ လက်ထဲကနေ လွတ်လာတယ်ထင်တယ်.။ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည် မရှိခဲ့ဘူး။ သူက သွေးစက်တွေမကျအောင် မတားနိုင်ခဲ့ဘူး။ ဒါကြောင့် သူက ရှာတွေ့သွားမှာကို စိုးရိမ်နေတဲ့အတွက် အကူအညီတောင်းနေခဲ့တာပဲ.."
ထိုအရာက ဖြစ်ခဲ့သည့်အရာများအပေါ် မုန့်ချီ၏ သုံးသပ်ချက်ဖြစ်သည်။ သူက ထိုပြဿနာတွင် ဝင်ပါရန် မလိုအပ်သည့်အတွက် အကူညီပေးလိုက်လျှင်လည်း ပြဿနာမရှိဟု ခံစားမိခဲ့သည်။ သူက လက်ဆေးရေ တစ်ဇလုံ ယူလိုက်ပြီးနောက် မြေပေါ်တွင် လောင်းချလိုက်၏။ ထို့နောက် ရနံ့များကို ဖုံးကွယ်ရန် သဲတချို့ ယူလိုက်သည်။
ဆေးရည်၏ အကာအကွယ် ရှိနေသော စွန်းယွဲ့ရှိုက သူမ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနေခဲ့၏။ သူမက လျှို့ဝှက်တံခါး၊ နှလုံးသား၊ သွေးကြောများနှင့် ချီစွမ်းအင်စီးဆင်းမှုကို လှုံ့ဆော်ပြီး သူမ၏ ဒဏ်ရာများကိုကုသရန် ဆေးရည်များနှင့် ပေါင်းစပ်နေခဲ့သည်။
သူမက တစ်ပိုင်းတစ်စသာ သတိရှိနေသော်လည်း ညက အဖြစ်အပျက်များက သူမ၏ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့၏။ ညဉ့်နက်နေသည့်အချိန်တွင် မိုးရေများက ကျိုးတိုးကျဲတဲသာ ကျနေခဲ့သည်။ သူမက သဲလွန်စများကို ရှာတွေ့ခဲ့ရသည့်အတွက် လူတစ်ယောက်၏နောက်ကို နောက်ယောင်ခံ၍ လိုက်သွားခဲ့သည်။
သူမက လမ်းကြားလေး၏ ထောင့်တစ်နေရာကို ချိုးကွေ့လိုက်သည့်အချိန်တွင် သူမကိုယ်တိုင်ပင် သတိမထားခဲ့မိဘဲ အလင်းရောင်မှိန်မှိန်ထဲသို့ ပြေးဝင်သွားမိခဲ့၏။ ထိုအချိန်တွင် ငရဲပြည်မှ ဖိတ်ခေါ်မှုတစ်ခုကဲ့သို့ တွေ့ကြုံလိုက်ရသည်။ သူမက ပွတ်ကာသီကာ လွတ်မြောက်လာခဲ့သော်လည်း ရန်သူများက သူမကိုလေမုန်တိုင်းများကဲ့သို့ ဆက်တိုက်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် သူမက သူတို့၏တိုက်ခိုက်မှုထဲတွင် အားနည်းချက်တစ်ခု ရှာဖွေရန်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူမ အလွန်ဂုဏ်ယူနေခဲ့ရသော ဓားသိုင်းပညာကပင် တုံ့ပြန်ရန်စွမ်းအားမျိုး မရှိခဲ့ချေ။ သူမ၏ရန်သူများက ပြီးပြည့်စုံစွာ ပေါင်းစပ်တိုက်ခိုက်နိုင်ပြီး သူတို့က ကမ္ဘာမြေကြီး၏အစွမ်းကို မသုံးသော်လည်း သူမကို ခြေလှမ်းတစ်လှမ်းချင်းဆီ နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့သည်။
သူမက စိမ်းပြာလ ကောင်းကင်ဆေးကြောခြင်းသိုင်းကွက်ကို အသုံးပြုခဲ့ပြီး သူတို့ ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် ရန်သူများက ထိုအရာကို ကြိုတင်ခန့်မှန်းမိပုံရပြီး သူမကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
သူမဆီ၌ ထူးခြားသော ကိုယ်ဖော့ပညာ ရှိနေသည်မှာ ကံကောင်းသွားခဲ့၏။ ထို့ကြောင့် သူမက အတွင်းအားများကို အသုံးပြုရန် မလိုဘဲ ခန္ဓာကိုယ်ကို လှည့်ပတ်၍ ထွက်ပြေးနိုင်ခဲ့သည်။ သူမက ရေပြင်ပေါ်ကို ဖြတ်ကျော်ပြီး ကမ်းစပ်သို့ပျံသန်း၍ အလျင်စလို စိုးရိမ်တကြီး ထွက်ပြေးလာခဲ့၏။ သူမက ထွက်ပြေးနေစဉ် ဦးတည်ချက်ပေါင်းများစွာ ပြောင်းလဲနေခဲ့သည်။ သူမက ခြံဝင်းထဲသို့ ရောက်သည့်အချိန်တွင်တော့ လုံးဝကိုပြိုလဲသွားခဲ့ရ၏။
ကြောက်စရာကောင်းသော အလင်းရောင်မှိန်မှိန်၊ ကြမ်းတမ်းရက်စက်သည့် အရှိန်အဝါများ သယ်ဆောင်ထားသော သိုင်းကွက်များ၊ အားနည်းချက်မရှိသော တိုက်ခိုက်များ။ ထိုအရာများအားလုံးက စွန်းယွဲ့ရှို၏ခေါင်းထဲတွင် အကြိမ်ပေါင်းများစွာ ပြန်ပေါ်လာပြီး သူမ၏ညာဘက်ရင်ဘတ်၌ ရေလှိုင်းဓားနှင့် တိုက်ခိုက်ခံရသော မြင်ကွင်းတွင် အဆုံးသတ်သွားခဲ့သည်။ ထို့ကြောင့် သူမဆီမှ သွေးများ စီးကျလာခြင်း ဖြစ်၏။
စွန်းယွဲ့ရှိုက ရုတ်တရက်မျက်လုံး ဖွင့်ကြည့်လိုက်ပြီး လေပူများမှုတ်ထုတ်၍ ကြောက်လန့်မှုများအားလုံးကို ဖြေရှင်းချင်နေခဲ့သည်။
"တော်တော်ကြောက်စရာကောင်းတဲ့ရန်သူတွေပဲ ..."
သူတို့၏အဆင့်ကွာဟချက်က နည်းပါးသော်လည်း ကမ္ဘာမြေကြီး၏စွမ်းအားကို အသုံးပြုခွင့်မရသည်နှင့် ကွာဟချက်က အလွန်ဆိုးရွားနေလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ချေ။ ရန်သူများ၏ကျင့်စဉ်၊ အတွေ့အကြုံနှင့် လှုပ်ရှားမှု၊ အရှိန်နှင့် စွမ်းအားများအပေါ် နားလည်မှုက သိုင်းသခင်ပေါင်းများစွာထက်ပင် ကျော်လွန်နေပုံရသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူမက ပြည့်ပြည့်ဝဝ ပြန်ကောင်းလာပြီး အပြင်ဘက်တွင်လည်း လေနှင့်မိုးများ ရပ်တန့်သွားကြောင်း တွေ့လိုက်ရသည်။ ညက နောက်တစ်ကြိမ် ငြိမ်သက်သွားခဲ့၏။ အစိမ်းဝတ်သခင်လေးကတော့ ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ သူ့ရှေ့တွင် ထီးတစ်ချောင်းနှင့် အထုပ်တစ်ထုပ် ရှိနေသည်။
"စောနတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် တကယ့်ကို တောင်းပန်ပါတယ် သခင်လေး။ ကျွန်မက ဒီကိစ္စတွေမှာ သခင်လေးကိုဝင်ပြီး ပတ်သက်အောင် မလုပ်သင့်ဘူး.."
စွန်းယွဲ့ရှိုက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး ကျေးဇူးတင်သည့်အနေနှင့် အရိုအသေပေးလိုက်သည်။
မုန့်ချီက သူ၏အစွမ်းကို ဖုံးကွယ်ထားသည့်အချိန်တွင် သူ၏ရုပ်ရည်ကို ပြောင်းလဲစရာမလိုဘဲ ခြေရာလက်ရာများကို ပြည့်ပြည့်ဝဝ ဖယ်ရှားနိုင်ခြင်း မရှိခဲ့ချေ။ ထိုအရာကြောင့်လည်း သူမက အကူအညီတောင်းရန် သူ့အခန်းကို တံခါးလာခေါက်ခြင်းဖြစ်ကြောင်း သိနေခဲ့၏။
သူမ၏တလေးတစား အမူအရာကို မြင်သည့်အခါ မုန့်ချီက ပို၍တည်ငြိမ်သွားသလို ခံစားလိုက်ရသည်။ သူက သူမကို စနောက်အပြစ်တင်ရန် စိတ်ကူးမရှိချေ။
"ဘာမှမထိခိုက်ပါဘူး…"
သူက အပြုံးနှင့်ပြောလိုက်၏။
စွန်းယွဲ့ရှိုက (၂)ကြိမ် ချောင်းဆိုးလိုက်သည်။ ကြည်လဲ့နေသော သူမ၏မျက်လုံးထဲတွင် အထီးကျန်မှုများ ပြည့်နှက်နေခဲ့၏။
"ကျွန်မက ရန်သူတွေရဲ့လက်ထဲကနေ လွတ်မြောက်ပြီဆိုတာ သေချာသွားတဲ့အချိန် သူတို့က ဒီနေရာမှာ လာမရှာဘူးဆိုတာ အာမ မခံနိုင်ဘူးလေ။ သခင်လေးကတော့ ကျွန်မကို အသက်စွန့်ပြီး ကူညီပေးခဲ့တာလား…"
မုန့်ချီက အားရပါးရ ရယ်လိုက်သည်။
"ကျင်းအင်ပါယာရဲ့ပိုင်နက်ထဲမှာ ငါကတော့ လရောင်အောက်မှာ ထိုင်နေတဲ့ သာမန်လူတစ်ယောက်ပါပဲ။ လော့ရန်က ဘုရင်ကြီးရဲ့လက်အောက်မှာ ရှိနေပြီး သူ့ရဲ့ကရုဏာတရားတွေက တစ်မြို့လုံးကို လွှမ်းမိုးထားတယ်။ လမ်းပေါ်မှာ ဓားပြတွေနဲ့ တွေ့ရတာ နားလည်ပေးလို့ ရနိုင်ပေမယ့် ဘယ်သူကရော တည်းခိုဆောင်ထဲအထိ အတင်းအကျပ်ဝင်လာပြီး တိုက်ခိုက်ရဲတဲ့ သတ္တိမျိုးရှိမှာလဲ..."
ထိုစကားကြောင့် စွန်းယွဲ့ရှို၏ မျက်နှာအမူအရာက အေးစက်သွားခဲ့သည်။ သူမက ထိုလူငယ်ကို နားမလည်နိုင်သလို ခံစားနေရ၏။ သူမက နန်းတွင်းကို ထိုမျှယုံကြည်နေသော လူတစ်ယောက်ကို လုံးဝမတွေ့ဖူးကြောင်း ယုံကြည်နေခဲ့၏။
သူမက သက်ပြင်းချလိုက်ပြီး ထိုသခင်လေးကို သတိပေးလိုက်သည်။
"လော့ရန်က ဖရိုဖရဲ ဖြစ်နေတယ်။ တကယ်လို့ တစ်ခုခုဖြစ်လာမယ်ဆိုရင် ဒီနေရာမှာ နေတာကလည်း မလုံခြုံဘူး။ အမှန်အတိုင်းပြောရရင် ဒီတည်းခိုဆောင်ကတောင် အန္တရာယ်များတဲ့နေရာတစ်ခု ဖြစ်နေတယ်။ တကယ်လို့ ဒီမှာလုပ်စရာ အရေးကြီးတဲ့ကိစ္စမရှိရင် ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားပါ…"
မုန့်ချီက ပြုံးလိုက်ပြီး စားပွဲပေါ်တွင် ရှိနေသောထီးနှင့် အထုပ်ငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။
"ငါက ဒီနေ့ပဲ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပြီးသွားပြီ။ အရုဏ်တက်ချိန် ထွက်သွားဖို့ စဉ်းစားထားတယ်။ တကယ်လို့ မင်းကသာ နည်းနည်းနောက်ကျမှ အန္တရာယ်တွေ့ရမယ်ဆိုရင် ငါ့ကို အကူအညီတောင်းလို့တောင် ရမှာ မဟုတ်ဘူး.."
"အဲဒီလိုကြားရတာတော့ ဝမ်းသာပါတယ်…"
မုန့်ချီက ထွက်သွားတော့မည်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စွန်းယွဲ့ရှိုက အနည်းငယ် စိတ်အေးသွားခဲ့သည်။
သူမက သူ့ကို တည်ငြိမ်စွာ အရိုအသေပေးလိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။
"သခင်လေးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ခရီးသွားလာဖို့အတွက် ဒီငွေကြေးလေးကို လက်ခံပေးပါ။ တကယ်လို့ နောက်ပိုင်းသခင်လေးက အန္တရာယ်ကြုံတယ်ဆိုရင် မြောက်ပိုင်း ကျိုးအင်ပါယာထဲမှာရှိတဲ့ စိမ်းပြာလတောင်တန်းကို ကျေးဇူးပြုပြီး လာခဲ့ပါ။ ကျွန်မက အစွမ်းရှိသလောက် သခင်လေးကို ကူညီပေးနိုင်ပါတယ် ..."
ဝေ့ကျင်းအဆင့်ပညာရှင် တစ်ယောက်၏ကတိက အတော်လေးကို အဖိုးတန်သည်။
မုန့်ချီကတော့ ပြုံးရုံလေးပြုံးလိုက်ပြီး သူမဆီမှ ရွှေတုံး(၂)ခုကို လက်ခံလိုက်သည်။
ယခုတော့ စွန်းယွဲ့ရှိုက အတော်လေးကို စိတ်အေးသွားခဲ့ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။ သူမက အခန်းထဲသို့ ပြန်သွားခဲ့ပြီး ဒဏ်ရာများကို ဆက်လက်ကုသနေခဲ့၏။
မုန့်ချီက ရွှေတုံးများကို အထုပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် သူ၏ရုပ်ရည်ကို ဆက်လက်ပြင်ဆင်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်၍ အရုဏ်တက်ချိန်ကိုစောင့်နေခဲ့၏။
အချိန်တော်တော်ကြာပြီးနောက် သစ်သားဆံထိုးတာအိုသခင်က ဘယ်ဘက်ခြေထောက်ကို အနည်းငယ်အားစိုက်၍ နင်းလာပြီး ပြန်ရောက်လာကြောင်း တွေ့လိုက်ရသည်။ သူက စွန်းယွဲ့ရှို၏အခန်းကို သတိထား၍ စိုက်ကြည့်နေခဲ့သည်။
"ဒုတ် ဒုတ် ဒုတ် ..."
အဝေးမှနေ၍ သစ်ပြားတစ်ပြား ရိုက်ခတ်နေသည့်အသံကို ကြားနေရသည်။ ထိုအရာက ညစောင့်များ သီချင်းဆိုနေသလို ထင်မှတ်ရ၏။ အပေါ်ယံတွင်တော့ အရာအားလုံးက သာမန်သာ ထင်မှတ်ရသည်။
သစ်သားဆံထိုး တာအိုသခင်က ထိုအသံကို နားထောင်နေသည့်အချိန်တွင် သူလည်း လွဲမှားနေသည့်အရာကို သတိမထားမိခဲ့ပေ။ သူက ထော့နင်းထော့နင်းဖြစ်နေသော ခြေထောက်ကို ဒရွတ်တိုက်ဆွဲလာပြီး သူ့အခန်းဆီသို့ ပြန်လာခဲ့၏။ ထို့နောက် မျက်လုံးမှိတ်၍ ပြန်လည်ကုသနေခဲ့သည်။
မုန့်ချီကတော့ ပြင်ပကိစ္စများကို စိတ်မဝင်စားသယောင် လက်ထဲတွင် ကိုင်ထားသော တာအိုတိချင်းစာအုပ်ကိုသာ သေချာဖတ်နေခဲ့သည်။
"ကောင်းကင်တာအိုက အရမ်းကို များသွားတဲ့အချိန်မှာ လျော့ကျသွားပြီး မလုံလောက်တဲ့အချိန်မှာ ထပ်ဖြည့်ပေးရတယ်။ လူသားတွေရဲ့တာအိုကတော့ ကွဲပြားတယ်။ အဲဒီအရာက မလုံလောက်တဲ့အချိန်မှာ လျော့ကျသွားပြီး အရမ်းများတဲ့အချိန်မှာ ထပ်ပေးတတ်တယ် ..."
မုန့်ချီက ထိုတာအိုကျမ်းစာကို ပထမဆုံးအကြိမ် ဂရုတစိုက်ဖတ်မိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်မှုများအားလုံးကို စဉ်းစားတွေးခေါ်နေမိခဲ့၏။
"ဒုတ် ဒုတ် ဒုတ် ..."
သစ်သားရိုက်သည့်အသံက တဖြည်းဖြည်း ပို၍နီးကပ်လာသည်။
မုန့်ချီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။
"တစ်ခုခုတော့ မဟုတ်တော့ဘူး ..."
အကယ်၍ သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကသာ သတိမထားမိလျှင် ကမ္ဘာမြေကြီး၏စွမ်းအင်ကို ဆက်သွယ်ပြီး အနှစ်သာရများအားလုံးကို စုပ်ယူလိုက်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့က မူမမှန်မှုများအားလုံးကို လွဲချော်သွားနိုင်သည်။
သို့သော် အလွန်ထက်မြက်သော မုန့်ချီ၏အာရုံခံစွမ်းရည်များက ကမ္ဘာမြေကြီးထဲတွင် ပြောင်းလဲမှုများ ရှိလာကြောင်း သတိပေးနေခဲ့၏။ ထို့ပြင် ရွမ်ယုရှု၏မိတ်ဆွေ တစ်ယောက်ဖြစ်သည့်အတွက် သူက ဂီတသံနှင့်ဆိုင်သော အကြောင်းအရာတစ်ခု၊ (၂)ခုကိုတော့ သိနေခဲ့သည်။
"ဒါက ... ဒါက ဒဏ်ရာရနေတဲ့သူတွေရဲ့ ချီနဲ့သွေးကို အထူးလှုံ့ဆော်တဲ့ နတ်ဆိုးအသံပဲ…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
စွန်းယွဲ့ရှိုနှင့် သစ်သားဆံထိုးတာအိုသခင်တို့အပြင် ဤနယ်မြေထဲ၌ ဒဏ်ရာရနေသော သာမန်လူပေါင်းများစွာ ရှိခဲ့သည်။ ထိုနတ်ဆိုးအသံက လူတိုင်းကို ပစ်မှတ်ထားနေခြင်း ဖြစ်၏။
"တော်တော်ကောက်ကျစ်တာပဲ ..."
မုန့်ချီက ကမ္ဘာမြေကြီး၏ စည်းမျဉ်းပြောင်းလဲမှုကို စစ်ဆေးရန် သူ့နား(၂)ဖက်ကို စွင့်လိုက်သည်။ သူက ဘယ်ဘက်လက်တွင် ရှိနေသော လက်ချောင်းလေးများကို ရေတွက်နေပြီး စွမ်းအားများ စုစည်းပြီးနောက် လုပ်ဆောင်ရမည့်အရာများကို စောင့်ဆိုင်းနေခဲ့၏။
"ဒုတ် ဒုတ် ဒုတ် ..."
သစ်သားပြား ရိုက်သည့်အသံက တစ်ပိုင်းတစ်စ ထွက်ပေါ်လာသည့်အချိန်တွင် မုန့်ချီက ချီစွမ်းအင်လှုပ်ရှားမှုအတိုင်း ရွေ့လျား၍ ဘယ်ဘက်လက်ကိုအောက်သို့ ရိုက်လိုက်သည်။
"ဒူ ..."
အသံက တိတ်ဆိတ်သော်လည်း ဖောက်ထွင်းနိုင်စွမ်းရှိသည်။ ထိုအရာက အဝေးသို့ ပျံ့နှံ့သွားသည့်အတွက် သစ်သားပြားရိုက်သံက ချက်ချင်း ရပ်တန့်သွားခဲ့၏။
ထိုအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။ ပြောင်းလဲမှုကို သတိထားမိသည့်အခါ မုန့်ချီက နောက်တစ်ကြိမ် အသံနှင့် ဆက်သွယ်ထားသော အနှစ်သာရများကို အသုံးပြုလိုက်သည်။
"ဒူ ..."
အဝေးတွင် ရှိနေသောလမ်းကြားလေးတစ်ခုထဲတွင် -
နှာခေါင်းချွန်ချွန်နှင့် အဘိုးအိုတစ်ယောက်က အရိပ်ထဲတွင် ရပ်နေခဲ့၏။ သူ့နှာခေါင်းမှနေ၍ သွေးများ စီးကျလာပြီး သူ့လက်ထဲတွင် ကိုင်ထားသော အနက်ရောင်သစ်သားပြားပေါ်တွင် စွန်းထင်းနေခဲ့သည်။
ဆံပင်ဖြူနှင့် အဘိုးအိုက ဖရိုဖရဲဖြစ်နေပြီး သတိထား၍ ပြောလိုက်၏။
"ကိုယု တည်းခိုဆောင်ထဲမှာ ပညာရှင်တစ်ယောက် ပုန်းနေတယ် ... "
သစ်သားပြား၏အသံက ပျောက်ကွယ်သွားခဲ့ပြီး ညက ပြန်လည်တည်ငြိမ်သွားခဲ့သည်။ အသေးအဖွဲ ဒဏ်ရာရနေသော သစ်သားဆံထိုးတာအိုသခင်က မုန့်ချီ၏ အခန်းရှိရာကို စိုက်ကြည့်နေမိပြီး အံ့ဩနေမိခဲ့သည်။
မုန့်ချီကတော့ မျက်လုံးမှိတ်ပြီး အနားယူနေခဲ့သည်။ သူက တာအိုသခင်ကို စိတ်ကြိုက်စစ်ဆေးခွင့်ပေးထားခဲ့၏။ အချိန်အတော်ကြာပြီးနောက် ကောင်းကင်ကြီးပေါ်တွင် ပထမဆုံး အလင်းရောင်ပေါ်လာသည့်အချိန်၌ မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။
သူက စိတ်ဝိညာဉ်စွမ်းအားကိုဖြန့်ကျက်လိုက်ပြီး အခန်းကို ပိတ်လှောင်လိုက်သည်။ သူက အပြင်ဘက်ကမ္ဘာကြီးနှင့် လုံးဝကို သီးခြားခွဲထုတ်လိုက်၏။
"ရောက်လာရမယ့် အရာကတော့ ရောက်လာမှာပဲလေ ... "
မုန့်ချီက သက်ပြင်းချလိုက်ပြီး အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုသုံး၍ လျှို့ဝှက်ဆန်းကြယ်သော အသံကို အာရုံခံကြည့်လိုက်သည်။ ထိုအရာက စာချုပ်၏အစွမ်းလည်း ဖြစ်၏။
အပြာရောင်မီးအိမ်လေးထဲတွင် မီးတောက်များက တငွေ့ငွေ့ လောင်ကျွမ်းနေသည်။ မျက်စိတမှိတ်အတွင်း မီးတောက်က မီးအိမ်ထဲမှ ခုန်ထွက်လာပြီး တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာနေခဲ့၏။
ထိုအချိန်တွင် အလင်းရောင်ထဲ၌ အလွန်လှပပြီး အိပ်မက်ဆန်သော အဖြူဝတ်မိန်းမပျိုတစ်ယောက်၏ ပုံရိပ်ကို မြင်လာရသည်။ သူမက အပြုံးနှင့် လှမ်းကြည့်လိုက်သည့်အချိန်တွင် လူတိုင်း၏နှလုံးသားကို သိမ်းပိုက်နိုင်သလို ထင်မှတ်ရ၏။ ထိုအရာကတော့ တခြားသူမဟုတ်ဘဲ နတ်ဆိုးမကူရှောင်စန်းဖြစ်သည်။
"ငါတို့က အချိန်အကြာကြီးခွဲခွာခဲ့ရပြီး နောက်တစ်ကြိမ် ထပ်တွေ့ရပြန်ပြီ ...။ ငါ့ကိုလွမ်းနေတာလား ယောကျ်ား။ ငါကတော့ နင့်ကိုအရမ်းလွမ်းနေတာဆိုတော့ အိပ်ယာထဲမှာတောင် အိပ်လို့တောင်မပျော်ဘူး ..."
ကူရှောင်စန်းက နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။ သူမ၏အသံထဲတွင် အလွန်နက်ရှိုင်းသော ခံစားချက်များ ပြည့်နှက်နေပုံရ၏။
"နင်က ငါ့ကို ဘယ်လိုထိခိုက်အောင် လုပ်ရမလဲဆိုတာပဲ တွေးနေတာ မဟုတ်ဘူးလား ..."
မုန့်ချီက စိတ်ထဲတွင် ပြန်ပြောလိုက်သည်။
ထို့နောက် သူလည်း ခံစားချက်ကင်းမဲ့စွာ ပြန်မေးလိုက်၏။
"မိန်းကလေးရှောင်စန်း ...
ဒီနေရာကိုကောင်းကင်(၉)သွယ် အပျက်အစီးကြောင့် ရောက်လာတာလား ..."
"ဘာလို့ ငါ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေရတာလဲယောကျ်ား ..."
ကူရှောင်စန်းက မကျေမနပ်ဖြစ်သွားခဲ့ပြီး သိပ်မကြာခင် သူ့ကိုအပြုံးနှင့် ပြောလိုက်သည်။ သူမ၏အလှတရားက ပန်းပွင့်လေးများထက်ပင် ပို၍ချစ်စရာကောင်းနေသေး၏။
"ငါ အခုတော့ နားလည်သွားပါပြီ ။ နင်က ငါ့ကိုဟန်ဆောင်ပြီးတော့ သဘောကျနေတာ။ ငါက တခြားအတွဲတွေလို ပြောကြည့်ရုံပဲလေ။ သူတို့ဆိုရင် အချင်းချင်း အစ်ကိုတွေ ညီမတွေ ပြောနေကြတာ။ တစ်ချို့ဆိုရင် ယောကျာ်းလို့တောင် ပြောကြတယ်လေ။ နင်ကတော့ ငါ့ကို မိန်းကလေးရှောင်စန်းလို့တောင် ခေါ်တယ်ဆိုတော့ ငါကလည်း နင့်ကိုသခင်လေးစုလို့ ပြန်ခေါ်စေချင်နေတာပဲ ...။ ဒါမှမဟုတ် သခင်လေးမုန့်လို့ခေါ်ရမလား။ ဒါမှမဟုတ် အစ်ကိုကြီးကျန်းတင်လို့ခေါ်ရမလား.."
သူမက ထိုစကားကိုပြောလိုက်သည့်အချိန်တွင် မုန့်ချီကပင် တစ်ကိုယ်လုံး လှုပ်ရှားသွားခဲ့သည်။
"လိုရင်းကိုပဲ ပြောတော့…"
"လိုရင်းလား"
ကူရှောင်စန်းက ပါးပေါ်သို့ လက်ညှိုးလေးတင်လိုက်သည်။
"နင်က ရှန့်မြစ်နတ်သမီးရဲ့ စာဖတ်ခန်းထဲကနေ တစ်ခုခု တွေ့သွားတာလား ...။ ငါက နင်နဲ့သတင်းအချက်အလက် လဲချင်တယ်ယောကျ်ား…"
အလွန်နူးညံ့သိမ်မွေ့သော သူမ၏မျက်လုံးများက ဝင်းလက်နေပြီး မုန့်ချီကို စနောက်ကျီစယ်နေသလို ထင်ရသည်။
ထို့နောက် သူမက မျက်နှာတည်သွားပြန်သည်။
"ဒါက ကောင်းကင်(၉)သွယ်အပျက်အစီးကို ရှာဖွေဖို့ အကောင်းဆုံးအခွင့်အရေးပဲ ယောကျာ်း ... နင် ဘယ်မှာလဲ။ ငါ နင့်ဆီ လာခဲ့မယ်…"
"ငါက အခုလော့ရန်မှာ ..."
မုန့်ချီက တည့်တည့်သာ ပြန်ဖြေလိုက်သည်။
ကူရှောင်စန်း၏မျက်နှာလေးက နူးညံ့ပျော့ပျောင်းသွားခဲ့၏။
"ငါတို့မှာ တကယ် ရေစက်ရှိတာပဲ။ ငါလည်း လော့ရန်မှာ ရောက်နေတာ။ ဒါဆိုရင် မနက်ဖြန်ည ရွှေမြစ်ကမ်းတံတား အစပ်မှာ တွေ့ကြတာပေါ့။ မိုးမခပင်ကြီးပေါ် လရောင်ရောက်လာတဲ့အချိန် ငါတို့က အရုဏ်တက်တာနဲ့ ကြိုးစားကြမယ်.."
မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်မိသည်။
"လော့ရန်မှာရှိတဲ့ ကောင်းကင်(၉)သွယ် အပျက်အစီး အကြောင်းကို နင်က တမင်တကာ သတင်းဖြန့်လိုက်တာ မဟုတ်ဘူးလား…"
ကူရှောင်စန်းကတော့ ကျေနပ်စွာ ပြောလိုက်သည်။
"ဒီကိစ္စကို မနက်ဖြန်မှ ပြောကြတာပေါ့ ..."
မီးတောက်များက ငြိမ်းသွားပြီး ပုံရိပ်က ပျောက်ကွယ်သွားသည်။ အရာအားလုံးက ဘာမျှမဖြစ်သည့်အလား ပုံမှန်ပြန် ဖြစ်သွားခဲ့၏။ မုန့်ချီ၏ခေါင်းထဲတွင်တော့ အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။
မနက်စောစောရောက်သည့် အချိန်တွင် အစိမ်းဝတ် မုန့်ချီက အထုပ်ကိုသယ်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက အစိမ်းရောင် ဝတ်ထားသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုမိန်းမပျိုက သာမာန်ရုပ်ရည်သာ ဖြစ်သော်လည်း သူမ၏မျက်လုံးလေးများက အကြောက်တရားများကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သိသာနေသည်။
"သွားတော့မှာလား သခင်လေး ..."
သူမက သူ့ကို အရိုအသေပေးပြီး မေးလိုက်သည်။
"ဟုတ်တယ်…"
မုန့်ချီက အပြုံးနှင့်ခေါင်းညိတ်ပြလိုက်၏။
အစိမ်းဝတ်မိန်းမပျိုက သူ့ကိုပြုံးပြလိုက်သည်။
"ကျွန်မက ယွဲ့ရှိုရဲ့ဂိုဏ်းတူအစ်မပါ။ ကျွန်မက ဒီနေ့မှပဲ ဒီကိုရောက်လာတာ။ သခင်လေးရဲ့အကူအညီအတွက် ကျွန်မတို့ဂိုဏ်းရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ သခင်လေးရဲ့နာမည်ကိုပြောပြပေးပါ ... ကျွန်မတို့မှတ်ထားလို့ရတာပေါ့"
အစိမ်းရောင်ဝတ်ထားသော စွန်းယွဲ့ရှို၏ ဂိုဏ်းတူအစ်မက မည်သူဖြစ်ကြောင်း မုန့်ချီက ချက်ချင်း သိသွားခဲ့သည်။ သူမကတော့ ရန်ကျင်းရှိုဖြစ်၏။
လွန်ခဲ့သော(၁၀)နှစ်ကျော်တွင် သူမက ဓားသိုင်းပညာကြောင့် လောကတစ်ခွင် နာမည်ကျော်ကြားခဲ့သည်။ သူမက လူငယ်မှတ်တမ်း၏ နံပါတ်(၁)နေရာတွင် (၂)နှစ်ကျော်နီးပါး ရောက်နေခဲ့ပြီး ယခုတော့သိုင်းသခင်အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူမက စိမ်းပြာလဓားဂိုဏ်း၏ ရှိုမျိုးဆက်ထဲတွင် ထိပ်တန်းပညာရှင် တစ်ယောက်လည်းဖြစ်၏။
"ကျွန်တော်က အခုအချိန်ထိ နာမည်ကောင်းကောင်းတောင် မရှိသေးပါဘူး ..."
မုန့်ချီကရယ်ပြီး သူတို့ကို အေးအေးဆေးဆေး ဖြတ်ကျော်သွားခဲ့သည်။ သူက တည်းခိုဆောင်ထဲမှ ထွက်သွားပြီးနောက် ယွမ်လိဟောင်ကို သွားရှာရန် ဆန္ဒရှိနေခဲ့သည်။ သူက ကူရှောင်စန်းနှင့်လည်း မဖြစ်မနေ သွားတွေ့ရမည်ဖြစ်၏။
"တကယ်တရားမျှတတဲ့ သခင်လေး တစ်ယောက်ပဲ ..."
ရန်ကျင်းရှိုက သူ့ကိုအံ့ဩမှင်တက်စွာ ကြည့်နေမိခဲ့သည်။
စွန်းယွဲ့ရှိုကတော့ မုန့်ချီ၏နောက်ကျောကိုကြည့်ပြီး ခေါင်းညိတ်လိုက်မိ၏။
"အထွဋ်အထိပ်ကျင့်စဉ်ကို လေ့ကျင့်ဖို့ အကောင်းဆုံးအခွင့်အရေးကို လွဲချော်သွားတာတော့ နှမြောစရာပဲ ..."
Translated by Hein Htet.